← Chapters

အခန်း ၃၂၄

Vol. 33 Ch. 324

အခန်း ၃၂၄

Vol. 33 Ch. 324

အခန်း (၃၂၄) ခင်ဗျားက ကျွန်တော့်ကို ရေသယ်ကူပေး၊ ကျွန်တော်က ခင်ဗျားကို ဝတ္ထုဖတ်ပြမယ်၊ ဒါက တရားမျှတတယ် မဟုတ်လား

လီလန်သည် ရေပုံးများကို ထမ်းကာ ရေမြောင်းဆီသို့ လျှောက်သွားလိုက်သည်။

ရုတ်တရက် သူ၏နောက်ကျောဘက်မှ အတောင်ပံခတ်သံကို ကြားလိုက်ရပြီးနောက် သူ၏ပခုံးမှာ အောက်သို့ ကျသွားတော့သည်။

သူ နောက်သို့လှည့်ကြည့်လိုက်ရာ ထမ်းပိုးပေါ်တွင် ရပ်နေသော သားရဲငှက်တစ်ကောင်ကို တွေ့လိုက်ရ၏။

လင်းယုန်ငှက်နှင့်တူသော ဤသားရဲငှက်၏ ကိုယ်လုံးပေါ်တွင် အနက်ရောင်အမွေးအတောင်များ ဖုံးလွှမ်းနေပြီး ၎င်း၏ နှုတ်သီးမှာ လခြမ်းကွေးကဲ့သို့ အလွန် ထက်မြက်လှသည်။

ဤအကောင်မှာ မိုးပျံနဂါးပင် ဖြစ်သည်။

"ရှောင်ကျင်း... မင်းက ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ..."

လီလန်က အံ့သြစွာဖြင့် မေးလိုက်သည်။

ရှောင်ကျင်းသည် သူအသုံးပြုနေသော ထမ်းပိုးပေါ်သို့ အမှန်တကယ်ပင် ဆင်းသက်လာခဲ့လေသည်။

ရှောင်ကျင်းကို ပုံမှန်အားဖြင့် ဒုတိယညီမ လီထျန်းကသာ စောင့်ရှောက်လေ့ရှိပြီး သူမနှင့် ပိုမိုရင်းနှီးလေသည်။ ၎င်းသည် မိသားစုထဲမှ အခြားမည်သူ့ကိုမျှ အဖတ်လုပ်လေ့မရှိဘဲ သူ၏အဖေကိုပင် ဂရုမစိုက်ပေ။

ဟေးလုံနှင့် ပိုင်လုံတို့ကိုသာ အသိအမှတ်ပြုပြီး တစ်ခါတစ်ရံ သူတို့၏ ကျောပေါ်တွင် နားလေ့ရှိသည်။

ဤငှက်က အလွန်မာနကြီးလှပေသည်။

လီလန် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ရှောင်ကျင်းသည် အတောင်ပံများကို ခတ်ကာ ကောင်းကင်ပေါ်သို့ ပြန်လည်ပျံသန်းသွားပြီး မကြာမီမှာပင် ပျောက်ကွယ်သွားတော့သည်။

လီလန်…

တကယ့်ကို မာနကြီးလှသော ငှက်ပင် ဖြစ်သည်။

လီလန်သည် မကျေမနပ်ဖြင့် ညည်းညူလိုက်၏။

"အနှေးနဲ့အမြန် ဒီငှက်ကို ငါယဉ်ပါးအောင်လုပ်ပြီး ငါ့အတွက် သားကောင်တွေ ဖမ်းခိုင်းပစ်မယ်..."

မိမိ၏ နွေးထွေးသော မျက်နှာက အေးစက်သော ဖင်တစ်လုံးကို သွားတိုက်မိလျှင် မည်သူက ဒေါသမထွက်ဘဲ နေမည်နည်း။ ထို့အပြင် ၎င်းမှာ ငှက်တစ်ကောင်၏ ဖင်ဖြစ်နေလေသည်။

"ဟူး... လျှို့ဝှက်သေတ္တာထဲကနေ နောက်ထပ် စာချုပ်ကတ်တစ်ခုလောက်သာ ထပ်ရခဲ့ရင် ကောင်းမှာပဲ..."

လီလန်က ညည်းတွားလိုက်သည်။

လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက သူသည် လျှို့ဝှက်သေတ္တာများ ဖွင့်ရန် အစီအစဉ်မရှိခဲ့ပေ။ သူ၏ အာကာသလက်စွပ်ကို အဆင့်မြှင့်တင်ရန်အတွက် အမှတ်တစ်သိန်း ရည်မှန်းကာ စုဆောင်းနေခြင်း ဖြစ်သည်။

အာကာသလက်စွပ်ကို အဆင့်မြှင့်တင်ရေးမှာ ယခုအချိန်တွင် အဓိကလုပ်ငန်းစဉ်ပင် ဖြစ်လေသည်။

"အမှတ်တစ်သိန်းဆိုတော့ အဝေးကြီး လိုနေသေးတာပဲ..."

လီလန်သည် သူ၏ နှစ်သက်ခြင်းအမှတ်များကို စစ်ဆေးကြည့်လိုက်သည်။

လက်ရှိ နှစ်သက်ခြင်းအမှတ်များမှာ ၃၄,၈၉၀ မှတ် ဖြစ်သည်။

အမှတ်တစ်သိန်း ပြည့်ရန်အတွက် ၆၅,၁၁၀ မှတ် လိုအပ်နေသေး၏။

အမှတ်များစွာ လိုအပ်နေသေးသဖြင့် လမ်းခရီးမှာ ဝေးကွာနေဆဲပင်။

တွေးနေ၍လည်း အသုံးမဝင်ပေ။ သူသည် ဖြည်းဖြည်းချင်းသာ စုဆောင်းသွားရမည် ဖြစ်သည်။

လီလန်သည် စိတ်ထဲရှိ ရှုပ်ထွေးနေသော အတွေးများကို ဖယ်ရှားလိုက်ပြီး ရေပုံးများကို ထမ်းကာ ရေမြောင်းဆီသို့ ဆက်လက် လျှောက်သွားလေသည်။

ဆယ်မိနစ်ခန့် လမ်းလျှောက်ပြီးနောက် ရေမြောင်းဆီသို့ ရောက်ရှိသွားသည်။

ရေမြောင်းမှာ မကြီးမားဘဲ အကျယ် မီတာဝက်ခန့်သာ ရှိသော်လည်း ရေမှာ အလွန် ကြည်လင်နေပြီး ငါးများ အစုံလိုက် အုပ်စုလိုက် ကူးခတ်နေသည်ကို သူ မြင်တွေ့နိုင်ပေသည်။

အများစုမှာ ငါးသလဲထိုးလေးများနှင့် မြက်ငါးကြင်းအချို့ဖြစ်ကြပြီး တစ်ခါတစ်ရံတွင် ကျိယွီငါးကြင်းငယ်လေးများလည်း ပါဝင်လေသည်။

ဤရေမြောင်း၏ အထက်ပိုင်းမှာ လုံမင်မြစ်ဖြစ်ပြီး ဤငါးငယ်လေးများမှာ လုံမင်မြစ်မှတစ်ဆင့် စီးဆင်းလာခြင်း ဖြစ်သည်။

"အိုး... ငါးလေးတွေ အတော်များသားပဲ..."

ရေမြောင်းထဲတွင် ပျော်ရွှင်စွာ ကူးခတ်နေကြသော ငါးငယ်လေးများကို ကြည့်ရင်း လီလန်၏ ရင်ထဲတွင် လှုပ်ရှားသွားတော့သည်။

"အိမ်မှာ ဝက်ဆီတွေ ရှိတယ်၊ ဒီငါးလေးတွေကိုသာ ဖမ်းနိုင်ရင်..."

ငါးကလေးကြော်မှာ မွှေးပျံ့ကာ ကြွပ်ရွနေပြီး အလွန်အရသာရှိလှပေသည်။

သို့သော်လည်း ဤငါးငယ်လေးများကို ဖမ်းယူရန်မှာ မလွယ်ကူလှပေ။

"အရင်ဆုံး ရေပုံးတွေထဲ ရေဖြည့်လိုက်မယ်၊ ပြီးမှ ထုံးစံအတိုင်း ငါးဖမ်းမြုံးတစ်ခု လုပ်ရမယ်..."

ငါးဖမ်းမြုံးကို ဝါးဖြင့် ပြုလုပ်ထားပြီး ဝင်ပေါက်တစ်ခုတည်းသာရှိကာ ပြောင်းပြန်လှန်ထားသော ကတော့ပုံစံ ရှိလေသည်။

ငါးဖမ်းမြုံးထဲသို့ တီကောင်အချို့ ထည့်ထားလိုက်လျှင် ငါးငယ်လေးများမှာ တစ်ခုတည်းသော ဝင်ပေါက်မှ ဝင်ရောက်လာကြပြီး တစ်ကြိမ် ဝင်သွားသည်နှင့် ပြန်ထွက်၍ မရနိုင်တော့ပေ။

သို့သော်လည်း လီလန်၏ မိသားစုတွင် ငါးဖမ်းမြုံးမရှိပေ။ ထို့ကြောင့် တစ်ယောက်ယောက်ကို လုပ်ခိုင်းရမည် ဖြစ်သော်လည်း အဖွဲ့ခေါင်းဆောင်ကျန်းက ယက်လုပ်တတ်ကြောင်း သူ သိထားသည်။ ထို့ကြောင့် နောက်ပိုင်းတွင် အဖွဲ့ခေါင်းဆောင်ကျန်းထံမှ သင်ယူပြီး အနည်းငယ် ပြုလုပ်ရပေမည်။

လီလန်သည် သစ်သားရေပုံးများကို ဖြုတ်လိုက်ပြီး ရေမြောင်းဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ သစ်သားရေပုံးတစ်လုံးကို ရေမြောင်းထဲသို့ အရင်နှစ်လိုက်ပြီး ရေတစ်ဝက်ခန့် ခပ်ယူလိုက်သည်။

ထို့နောက် ဒုတိယ သစ်သားရေပုံးဖြင့်လည်း ရေတစ်ဝက်ခန့် ထပ်မံခပ်ယူလိုက်၏။

ချက်ချင်းပင် သူသည် ဘူးသီးရေမှုတ်ကို ယူကာ သစ်သားရေပုံးများထဲသို့ ရေခပ်ထည့်လိုက်လေသည်။

ဤသစ်သားရေပုံးများကို အပြည့်ဖြည့်ရမည် ဖြစ်သည်။ သို့မဟုတ်ပါက အသွားအပြန် လုပ်ရသည်မှာ ပင်ပန်းပေလိမ့်မည်။

ရေမှုတ်ကို ဘူးသီးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

ပြုလုပ်နည်းမှာ ရိုးရှင်းလှသည်။ ဘူးသီးကို ရေနွေးဖြင့်ပြုတ်ကာ ထက်ခြမ်းခွဲပြီး အလယ်မှ အူတိုင်များကို ဖယ်ရှားကာ နေလှန်းထားရုံသာ ဖြစ်လေသည်။

လဝက်ခန့် နေလှန်းပြီးနောက် ရေစိုခံနိုင်သော ရေမှုတ်တစ်ခု အဆင်သင့် ဖြစ်သွားပေလိမ့်မည်။

ရေမှုတ်ကို ရေခပ်ရန်၊ အပင်ရေလောင်းရန်၊ ဆန်ခပ်ရန်၊ မျိုးစေ့များ ထည့်ရန် စသည်ဖြင့် ဘက်စုံ အသုံးပြုနိုင်ပေသည်။

လီလန်သည် မြစ်ရေကို ရေမှုတ်ဖြင့် အကြိမ်အနည်းငယ် ခပ်ထည့်လိုက်ရာ သစ်သားရေပုံး နှစ်လုံးစလုံး လျှင်မြန်စွာ ပြည့်သွားတော့သည်။

သူသည် ရေပုံးများကို လက်ကိုင်ချိတ်များတွင် ပြန်လည်ချိတ်ဆွဲလိုက်ပြီး ထမ်းပိုးကို ပခုံးပေါ် တင်ကာ ခါးကိုင်း၍ ရေပုံးနှစ်လုံးကို မ,တင်လိုက်ရန် ပြင်လိုက်လေသည်။

"ဟေး... အဖွဲ့ခေါင်းဆောင်လီ ရေသယ်နေတာလား..."

ရုတ်တရက် သူ့ကို ခေါ်လိုက်သော အသံတစ်သံကို ကြားလိုက်ရသည်။

လီလန် နောက်သို့လှည့်ကြည့်လိုက်ရာ စာအုပ်ပိုးကောင် ကျန်းချောင်ရင်သည် စာအုပ်တစ်အုပ်ကို ကိုင်ထားရင်း သူ့ထံသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရ၏။

ရဲဘော်ကျန်းချောင်ရင်လည်း ရေမြောင်းဆီသို့ ရောက်လာသည်ကို မြင်လိုက်ရသောအခါ လီလန်သည် သူ၏ခြေရင်းရှိ ရေပုံးနှစ်လုံးကို ငုံ့ကြည့်လိုက်သည်။

ရေပုံးထဲရှိ မြစ်ရေများမှာ လှိုင်းထနေပြီး လီလန်၏ စိတ်ထဲတွင် အကြံကောင်းတစ်ခု ပေါ်လာတော့သည်။

"အဖွဲ့ခေါင်းဆောင်လီ... ရေသယ်နေတာလား..."

ကျန်းချောင်ရင်က စာအုပ်ကို ပိတ်ကာ ပြုံးလျက် မေးလိုက်သည်။

"ဟုတ်တယ်... အိမ်က ရေစည်ကြီးထဲမှာ ရေကုန်နေလို့..."

လီလန်က ခေါင်းညိတ်လိုက်သည်။

သူသည် ရဲဘော်ကျန်းချောင်ရင်၏ လက်ထဲရှိ စာအုပ်ကို သိချင်စိတ်ဖြင့် တစ်ချက်ကြည့်လိုက်၏။

"ရဲဘော်ကျန်း... မကြာသေးခင်က ဘာဝတ္ထုတွေ ဖတ်နေလဲ..."

"အိုး... ဒါက..."

"စာရေးဆရာ ပါကျင်းရဲ့ မိသားစုလေ..."

ကျန်းချောင်ရင်က ရှင်းပြလိုက်သည်။

"အဖွဲ့ခေါင်းဆောင်လီ... ခင်ဗျား ဖတ်ချင်လို့လား..."

ကျန်းချောင်ရင်က စာအုပ်ကို လှမ်းပေးလိုက်သည်။

လီလန်က ခေါင်းခါပြလိုက်၏။

"ကျွန်တော် အလုပ်များနေတယ်၊ စာဖတ်ဖို့ အချိန်မရှိဘူး..."

ကျန်းချောင်ရင်သည် "အိုး" ဟုသာ တုံ့ပြန်လိုက်ပြီး တိတ်ဆိတ်သွားတော့သည်။

ခဏအကြာတွင် သူသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပုံပေါ်ပြီး လီလန်ကို မျှော်လင့်တကြီး ကြည့်ကာ မေးလိုက်သည်။

"အဖွဲ့ခေါင်းဆောင်လီ... ခင်ဗျားရဲ့ ဝတ္ထုကို ရေးလို့ပြီးသွားပြီလား..."

သို့သော် ထိုစကားကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် ကျန်းချောင်ရင်သည် နောင်တရသွားကာ သူ၏ခေါင်းကို ရိုက်လိုက်၏။

"အိုး... ငါ့မှတ်ဉာဏ်ကတော့ကွာ... မနေ့ကမှ မဂ္ဂဇင်းတိုက်ရဲ့ လိပ်စာကို ပေးထားတာ၊ ဒီနေ့မှ ဝတ္ထုရေးပြီးပြီလားလို့ သွားမေးနေမိတယ်။ ငါ ဝတ္ထုတွေ အရမ်းဖတ်လွန်းလို့ တကယ့်ကို ရှုပ်ထွေးနေပြီ၊ ခေါင်းတွေတောင် မူးနေပြီ..."

သို့သော် ရဲဘော် ကျန်းချောင်ရင်ကို အံ့သြသွားစေသည်မှာ လီလန်က ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်ခြင်းပင်ဖြစ်သည်။

"ကျွန်တော် တစ်ပုဒ်တော့ ရေးပြီးသွားပြီ..."

"ဟင်... ခင်ဗျား ဝတ္ထုတစ်ပုဒ် ရေးပြီးသွားပြီလား..."

ကျန်းချောင်ရင်က အလွန်အံ့သြသွားတော့သည်။

"ဟုတ်တယ်... မနေ့က မွန်းလွဲပိုင်းမှာ ရေးလို့ပြီးသွားတာ..."

လီလန်က တည်ငြိမ်စွာ ပြောလိုက်သည်။

ကျန်းချောင်ရင်…

*မဖြစ်နိုင်တာ အဖွဲ့ခေါင်းဆောင်လီရာ... ခင်ဗျားက အဲဒီလောက်တောင် လက်မြန်တာလား…*

*ဒီအလုပ်က ဝတ္ထုရေးတာလေ... အမဲလိုက်တာ၊ လယ်လုပ်တာမှ မဟုတ်တာ…*

*ဘယ်လိုလုပ်ပြီး ဒီလောက်မြန်နိုင်မှာလဲ…*

*မွန်းလွဲပိုင်း တစ်ပိုင်းတည်းနဲ့...ဝတ္ထုတစ်ပုဒ်ကို စဉ်းစားဖန်တီးပြီး စာရွက်ပေါ်မှာ ရေးချဖို့ဆိုတာ…*

*ဒီအရှိန်အဟုန်က အရမ်းမြန်လွန်းနေပြီ…*

"အဖွဲ့ခေါင်းဆောင်လီ... နောက်မနေပါနဲ့ဗျာ။ ဝတ္ထုရေးတယ်ဆိုတာ အဲဒီလောက် မလွယ်ပါဘူး..နေ့လယ်ခင်းတစ်ခုတည်းနဲ့ တစ်ပုဒ်ပြီးသွားတာက ထမင်းစားရေသောက်သလို လွယ်လွယ်လေး ဖြစ်မနေဘူးလား..."

ကျန်းချောင်ရင်သည် လီလန်၏ စကားကို လုံးဝမယုံကြည်ဘဲ သံသယဝင်စွာဖြင့် ပြောလိုက်သည်။

"ခက်လို့လား..."

လီလန်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်၏။

ထိပ်တန်း စာပေဆရာသခင်တစ်ဦး၏ အရည်အချင်းများကို စုပ်ယူထားသော သူ့အတွက် ဝတ္ထုတစ်ပုဒ်ကို ဖန်တီးရန်မှာ မခက်ခဲလှပေ။ စိတ်ကူးဉာဏ်ရှိနေသရွေ့ သူ၏ စာပေအတွေးအမြင်များမှာ စမ်းပေါက်တစ်ခုကဲ့သို့ စီးဆင်းနေမည်သာ ဖြစ်သည်။

မနေ့ကမှ ပညာတတ်လူငယ်မလေး ကျိုးချွန်းယန် သူ့ကို လာရောက်သွေးဆောင်ခဲ့သည် မဟုတ်ပါလား။

ထိုအရာကပင် သူ့အတွက် စိတ်ကူးဉာဏ်များကို ယူဆောင်လာပေးခြင်း ဖြစ်လေသည်။

စိတ်ကူးဉာဏ်ရလာသည်နှင့် တစ်ပြိုင်နက် စာပေအတွေးအမြင်များမှာ ရေတွင်းမှ ရေများပွက်ထွက်လာသကဲ့သို့ အဆက်မပြတ် စီးဆင်းလာတော့သည်။

ထိုအချိန်တွင် စာရွက်ကို ထုတ်ယူကာ အပြင်းအထန် ရေးချလိုက်ရုံဖြင့် လက်ရာမြောက် ဝတ္ထုတစ်ပုဒ်ကို ဖန်တီးနိုင်ပြီ ဖြစ်သည်။

"ရဲဘော်ကျန်း... ခင်ဗျား ကျွန်တော့်ကို မယုံသေးဘူးလား..."

တွေဝေနေသော ရဲဘော် ကျန်းချောင်ရင်ကို ကြည့်ကာ လီလန် ပြုံးလျက် မေးလိုက်သည်။

"ကျွန်တော်... ကျွန်တော်..."

စာအုပ်ပိုးကောင် ကျန်းချောင်ရင် တုံ့ဆိုင်းသွား၏။

"ဒီလိုလုပ်... ခင်ဗျား ကျွန်တော်နဲ့ လိုက်ခဲ့၊ မနေ့က ကျွန်တော်ရေးထားတဲ့ လက်ရေးစာမူကို ပြမယ်..."

လီလန်က သဘောထားကြီးစွာဖြင့် ပြောလိုက်သည်။

"အဖွဲ့ခေါင်းဆောင်လီ... တကယ်လား... တကယ်ပြမှာလား..."

ကျန်းချောင်ရင်၏ မျက်နှာမှာ လင်းလက်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

"ဘာလို့မရရမှာလဲ... ဘာပဲဖြစ်ဖြစ် ဒါက လက်ရေးစာမူတစ်ခုပဲလေ၊ မဂ္ဂဇင်းတိုက်ကို ပို့မလို့ပဲဟာကို.. ပြီးတော့ ခင်ဗျားက ဝတ္ထုဖတ်ရတာ ကြိုက်တယ်ဆိုတော့ ကျွန်တော့် လက်ရေးစာမူရဲ့ ပထမဆုံး စာဖတ်သူပေါ့..."

"ကောင်းပြီလေ အဖွဲ့ခေါင်းဆောင်လီ... ကျွန်တော် ခင်ဗျားနဲ့ လိုက်ခဲ့မယ်..."

ဝတ္ထုဖတ်ရသည်ကို နှစ်သက်သော စာအုပ်ပိုးကောင် ကျန်းချောင်ရင်က ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်လိုက်သည်။

"ဒါဆို သွားကြစို့..."

လီလန်သည် ထမ်းပိုးကို ချလိုက်ပြီး သူ၏ပခုံးများကို ဖြေလျှော့လိုက်၏။

ထို့နောက် သူသည် နောက်သို့ လှည့်မကြည့်ဘဲ ရှေ့သို့ လျှောက်သွားလေသည်။

"အဖွဲ့ခေါင်းဆောင်လီ... ခင်ဗျားရဲ့ ရေပုံးတွေ..."

"ဘာလို့ ရပ်နေသေးတာလဲ... အိမ်အထိ ကူထမ်းပေးလေ…တစ်လှည့်စီ ကူညီရတာပဲ မဟုတ်လား… ကျွန်တော်က ခင်ဗျားကို ဝတ္ထုပြမယ်၊ ခင်ဗျားက ကျွန်တော့်ကို ရေသယ်ကူပေးမယ်… ဒီလောက်ဆို တရားမျှတတယ် မဟုတ်လား..."

ကျန်းချောင်ရင်…

All Chapters