အခန်း ၆၁၆
Vol. 52 Ch. 616
အခန်း(၆၁၆)
ဒီကိန်းဂဏန်းကို ကြားလိုက်ရတော့ မိုက်ကယ့်မျက်နှာကို ရေအေးနဲ့ ပက်လိုက်သလိုမျိုး ထုံကျင်သွားတော့တာပဲ။
"အားအပြည့်သွင်းထားတဲ့ ဘက်ထရီ သုံးလုံးတောင်လား။ တစ်လုံးပြည့်အောင်တောင် မနည်းဖြည့်ထားရတာကို"
သူ့စိတ်ပျက်လက်ပျက် ရေရွတ်သံကို ကြားတော့ အနားကနေ လှောင်သံတစ်ခု ထွက်လာတယ်။
| မင်းက ဘာတွေ ညည်းညူနေတာလဲ။ စွမ်းအင် ပိုလိုလေ ကောင်းလေပဲ မဟုတ်လား။ ဒါက ဒီကျင့်စဉ်က ပိုပြီးတော့တောင် အစွမ်းထက်တယ်ဆိုတဲ့ သဘောပဲဥစ္စာ |
"ဒါကတော့ ဟုတ်ပါတယ်... ဒါပေမဲ့ အစကတည်းက အသုံးမပြုနိုင်ရင် ဘာမှ အဓိပ္ပာယ်မရှိတော့ဘူးလေ။ ဒါက ကွမ်တမ်ခြေလှမ်း ဆယ်လှမ်းစာနဲ့ ညီမျှနေတာကြီးကို"
| ငှဲ...ငှဲ...ငှဲ...ငှဲ...ငှဲ... ငါ မင်းကို ဒီကျင့်စဉ်ကို အခုမှ သင်ပေးရတဲ့ အကြောင်းရင်း ရှိတာပေါ့ကွ။ ဒီလို အခြေအနေမျိုးမှာပဲ အားအပြည့်သွင်းထားတဲ့ ဘက်ထရီ သုံးလုံးကို မြန်မြန်ဆန်ဆန် ရနိုင်မှာ |
မိုက်ကယ် မျက်လုံး ဖွင့်ကြည့်လိုက်တဲ့အခါ အဲလ်ရစ်နဲ့ ပေါ့တ်ဘိုးလ်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် အကြိတ်အနယ် ယှဉ်ပြိုင်တိုက်ခိုက်နေကြတုန်းပဲ။
သူတို့ရဲ့ လှုပ်ရှားမှုတွေက မြန်လွန်းလို့ ဝေဝါးနေတဲ့ ပုံရိပ်တွေကိုပဲ မြင်ရတော့တယ်။ တစ်စက္ကန့်အတွင်းမှာပဲ လက်နက်ချင်း ရိုက်ခတ်သံတွေ ထပ်ခါတလဲလဲ ပဲ့တင်ထွက်လာပြီး၊ ပတ်ပတ်လည်မှာ မီးရှူးမီးပန်းတွေလို မီးပွားတွေ တဖျတ်ဖျတ် ပေါက်ကွဲထွက်နေလို့သာ လက်နက်ချင်း အပြန်အလှန် တိုက်နေကြမှန်း သိသာနေတာ။
သူတို့ တစ်ချက်ချင်း တိုက်ခိုက်မိတိုင်း ပြင်းထန်တဲ့ လေပြင်းတွေနဲ့အတူ တန်ခိုးစွမ်းရည်တွေက အပြင်ဘက်ကို အဟုန်ပြင်းစွာ ပေါက်ကွဲထွက်လာကြတယ်။
| ငှဲ...ငှဲ...ငှဲ...ငှဲ...ငှဲ... အဲဒါ အားအပြည့်သွင်းထားတဲ့ ဘက်ထရီ သုံးလုံး ရမယ့်နည်းပဲ | ဟာဘင်ဂျာ က အားရပါးရ ရယ်မောလိုက်တယ်။
အသေအချာ ပြန်စဉ်းစားကြည့်တော့ ဟာဘင်ဂျာ ပြောတာက အတော်လေး ယုတ္တိရှိနေတာပဲ။
အဲလ်ရစ်နဲ့ ပေါ့တ်ဘိုးလ်က ကျင့်စဉ်ရဲ့ ထိပ်ဆုံးအဆင့်ကို ရောက်နေတဲ့သူတွေလေ။ မက်ထရိုပိုလစ်မှာ အသန်မာဆုံး မက်ဂ်နက်တစ်တွေအဖြစ် သတ်မှတ်ခံထားရသူတွေဆိုတော့... သူနဲ့ တွေ့ဆုံဖူးသမျှထဲမှာ အကောင်းဆုံး စွမ်းရည်ပင်မ အရင်းအမြစ်တွေလို့ ပြောလို့ရတယ်။
'တကယ်လို့ သူတို့ရဲ့ စွမ်းရည်တွေကို အနည်းငယ်လောက်ပဲ ခိုးယူနိုင်မယ်ဆိုရင်တောင်... ဘက်ထရီ အားသွင်းရတာက ဖန်ခွက်ထဲ ရေလောင်းထည့်သလို လွယ်သွားမှာပဲ'
ဒါပေမဲ့... ပြောရတာက လုပ်ရတာထက် ပိုလွယ်တာပေါ့။
သူ့ပြဿနာက ဒီလောက်ပြင်းထန်တဲ့ တိုက်ပွဲကြားထဲကို သူ့ဒရုန်းတွေကို မသိမသာ ထည့်သွင်းနိုင်ပါ့မလား ဆိုတာ မသေချာတာပဲ။
သူတို့ရဲ့ လှုပ်ရှားမှုနှုန်းက မြန်လွန်းလို့ သူ့တုံ့ပြန်မှုနှုန်းရဲ့ အကန့်အသတ် အစွန်းနားအထိ ရောက်နေပြီ။ ခါတိုင်းလို ဒရုန်းတွေကို ကျွမ်းကျင်စွာ ထိန်းကျောင်းနိုင်ပါ့မလား သူ မသေချာတော့ဘူး။ ဘေးပတ်ပတ်လည် တိုက်ခိုက်မှုဇုန်ရဲ့ အစွန်းနားမှာ မရှိဘဲ၊ မတော်တဆ တိုက်ပွဲအလယ်တည့်တည့်ကို ဒရုန်းတွေ ရောက်သွားပြီး ကြားညှပ်ပျက်စီးသွားနိုင်ခြေက ပိုများနေတယ်။
သူ့ဒရုန်းတွေက ဒဏ်ခံနိုင်တယ်ဆိုပေမယ့်၊ အဲဒီအချိန်ကျရင် သူတို့နှစ်ယောက်က ဒရုန်းတွေကို ရိပ်မိသွားလိမ့်မယ်လို့ သူ အသေအချာ တွေးမိတယ်။
'စွန့်စားရကျိုး တော့ နပ်ပါတယ်လေ' သူ စိတ်ထဲကနေ တွက်ချက်လိုက်တယ်။ 'ဒါပေမယ့် ပထမဆုံးအနေနဲ့ သူတို့ရဲ့ စွမ်းရည် ကို ငါ နားလည်ဖို့ လိုမယ်'
သူတို့ရဲ့ စွမ်းအားတွေကို ပိုပြီး သဘောပေါက်မှသာ သူ လှုပ်ရှားလို့ရမှာ။ ဒါကြောင့် သူက အသေးစိတ်အချက်အလက် တစ်ခုမှ လွတ်မသွားစေဖို့ သူ့ မျက်လုံးသုံးစုံစလုံးကို ထိုတိုက်ပွဲဆီပဲ အာရုံစိုက်ထားလိုက်တော့တယ်။
အဲလ်ရစ်နဲ့ ပေါ့တ်ဘိုးလ်တို့ ထပ်မံ တိုက်ခိုက်မိကြပြန်တော့ နှစ်ယောက်စလုံးကို နောက်ကို လွင့်စင်သွားစေတဲ့ ဧရာမ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်သွားတယ်။
အဲ့အချိန်မှာပဲ အဲလ်ရစ်ရဲ့ အင်္ကျီလက်ထဲကနေ သံကြိုးတစ်ချောင်း ဆန့်ထွက်လာပြီး ကျည်ဆန်လို မြန်တဲ့အရှိန်နဲ့ ပေါ့တ်ဘိုးလ်ဆီ ပြေးဝင်သွားတော့တယ်။
ပေါ့တ်ဘိုးလ်က ဒါကို ကြိုတင်ရိပ်မိပုံရပြီး သံကြိုးကို သူ့ကိုယ်နဲ့ လွတ်အောင် စစ်ပုဆိန်နဲ့ လွှဲရိုက်လိုက်ရာ သံကြိုးက ဘေးက သစ်ပင်တစ်ပင်ကို ဖောက်ဝင်သွားတော့တယ်။
တစ်ချိန်တည်းမှာပဲ သံကြိုးက သုံးစားမရတော့မှန်း သိလိုက်တာနဲ့ ပေါ့တ်ဘိုးလ်က ထိုအခွင့်အရေးကို အရယူပြီး အဲလ်ရစ်ဆီ ပြေးဝင်သွားတယ်။ သူက ပုဆိန်ကို မြှောက်ပြီး အရှိန်ပြင်းပြင်းနဲ့ လွှဲခုတ်လိုက်တယ်။
အဲ့အချိန်မှာ အဲလ်ရစ်ရဲ့ လိပ်ပြာနက် ဒီဗာက အတောင်ပံတွေကို ခတ်လိုက်ရာ သေးငယ်လှတဲ့ လေပြင်းတစ်ချက် ထွက်ပေါ်လာတယ်။
ပေါ့တ်ဘိုးလ်ဟာ သူ့ဘေးနားက သစ်သားကျိုးအက်သံကို ရုတ်တရက် ကြားလိုက်ရတယ်။ သူ လှည့်ကြည့်လိုက်တဲ့အခါ သစ်ပင်တစ်ပင်က သူ့ဘက်ကို လဲကျလာနေတာကို မြင်လိုက်ရတာပဲ။
သူက နဝမအဆင့် မက်ဂ်နက်တစ်တစ်ယောက် ဖြစ်ပေမယ့်၊ ပေါ့တ်ဘိုးလ်က ထိုသစ်ပင်ကို အတော်လေး သံသယဝင်မိပုံရတယ်။ သူက သစ်ပင်ကို ရိုက်ထုတ်ပစ်ဖို့ သူ့ပုဆိန်လွှဲခုတ်မယ့် လမ်းကြောင်းကို ချက်ချင်း ပြောင်းလဲလိုက်တယ်။
သို့သော် သူ့ပုဆိန်သွားက သစ်ခေါက်နဲ့ ထိမှန်မိတဲ့အခါ ထိခတ်မိတဲ့ နေရာကနေ မီးပွားတွေ ရုတ်တရက် လွင့်စင်ထွက်လာတယ်။
ဘယ်လိုကြောင့်လဲမသိ၊ ထိုသစ်ပင်က ပေါ့တ်ဘိုးလ်ရဲ့ စစ်ပုဆိန်စွမ်းအားကို ကြံ့ကြံ့ခံနိုင်နေတာပဲ။
သူက သစ်ပင်ကို တွန်းထုတ်ဖို့ ရုန်းကန်နေရတုန်းမှာပဲ အဲလ်ရစ်ရဲ့ သံကြိုးက နောက်ဘက်ကနေ ရုတ်တရက် ရောက်လာပြီး သူ့ကိုယ်ဆီ ပြေးဝင်လာပြန်တယ်။
ပေါ့တ်ဘိုးလ်မှာ သူ့လက်နက်ကို ပြန်ရုပ်သိမ်းပြီး ဘေးကင်းရာကို အမြန် ခုန်ရှောင်လိုက်ရတော့တယ်။
ဒီဖြစ်ရပ်အားလုံးကို စောင့်ကြည့်နေရင်း မိုက်ကယ်က သူ့မျက်လုံးကိုယ်သူ တကယ်ပင် မယုံနိုင်အောင် ဖြစ်နေရတယ်။
'ဒါက... ဒါက အဲလ်ရစ်ရဲ့ စွမ်းရည် လား'
သူတို့ ပထမဆုံး အကြိမ် တိုက်ခိုက်မိတုန်းက ပေါ့တ်ဘိုးလ်က သံကြိုးကို လွှဲရိုက်လိုက်လို့ သစ်ပင်ထဲ ဖောက်ဝင်သွားချိန်မှာ လူအများစုက အဲလ်ရစ် လွဲချော်သွားတာသက်သက်လို့ပဲ ထင်ကြလိမ့်မယ်။
သို့သော် ဒရုမ်းမြင်ကွင်း ရဲ့ အကူအညီနဲ့ မိုက်ကယ် မြင်လိုက်ရတာက လုံးဝ ခြားနားနေတယ်။
သံကြိုးက သစ်ပင်ကို ဖောက်ဝင်သွားတဲ့ အခိုက်အတန့်မှာ အဲလ်ရစ်ရဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေက သံကြိုးကတစ်ဆင့် သစ်ပင်ထဲကို တန်ခိုးစွမ်းရည်တွေကို အလုံးအရင်းနဲ့ စီးဆင်းစေခဲ့တယ်။ ထိုသစ်ပင်ထဲမှာ ကြီးမားလှတဲ့ တန်ခိုးစွမ်းရည်တွေ လွှမ်းခြုံသွားရတယ်။
ဒါတင်မကသေးဘူး... သံကြိုး ဖောက်ဝင်သွားတာကြောင့် သစ်ပင်က ဘေးကို လဲကျသွားပြီး သူ့ဘေးနားက အခြားသစ်ပင်တစ်ပင်ကို သွားရိုက်မိတယ်။
ထိခတ်မိတဲ့ အခိုက်အတန့်မှာ လဲကျနေတဲ့ သစ်ပင်ထဲက တန်ခိုးစွမ်းရည်တွေက ဘေးက သစ်ပင်ဆီ ကူးပြောင်းသွားပြန်တယ်။ အရှိန်အဟုန်အတိုင်းပဲ ဒီသစ်ပင်အသစ်ရဲ့ ပင်စည်ဟာလည်း တစ်ဝက်စီ အက်ကွဲသွားပြီး ဘေးကို လဲကျသွားရပြန်တယ်။
သစ်ပင်တွေက ဒိုမီနိုကွက်တွေလို ဆက်တိုက် လဲကျသွားကြပြီး၊ အကြိမ်တိုင်းမှာ တန်ခိုးစွမ်းရည်တွေက နောက်ဆုံးအတန်းထဲက သစ်ပင်ဆီ ကူးပြောင်းသွားခဲ့တာ။
နောက်ဆုံးမှာတော့ ပေါ့တ်ဘိုးလ်က အဲလ်ရစ်ကို တိုက်ခိုက်တော့မယ့် အခိုက်အတန့်တည့်တည့်မှာ နောက်ဆုံးသစ်ပင်က ပေါ့တ်ဘိုးလ်ဆီ လဲကျလာပြီး သူ့ကို လမ်းကြောင်းကနေ ဖယ်ရှားပေးလိုက်သလို ဖြစ်သွားစေတယ်။
ဒါက တိုက်ဆိုင်မှုတစ်ခုထက် ပိုနေတာကတော့ အသေအချာပဲ။ သစ်ပင်တစ်ပင် လဲကျရုံမျှနဲ့ နောက်ဆုံးမှာ အဲလ်ရစ်အတွက် အကျိုးရှိသွားစေမည့် ဒိုမီနိုသက်ရောက်မှုမျိုး ဖြစ်လာစရာ အကြောင်းမရှိဘူး။
'ဒါက သူ့ရဲ့ စွမ်းရည် ပဲ' မိုက်ကယ် သဘောပေါက်သွားတယ်။ 'သူ့ရဲ့ စွမ်းရည် က ကွင်းဆက်တုံ့ပြန်မှုပဲ'
သူ့ဘေးနားက ဒစ်ကီကလည်း အဲလ်ရစ်ရဲ့ အစွမ်းထက်လှတဲ့ စွမ်းရည် ကို ကြည့်ပြီး မနာလို မရှုစိမ့် ဖြစ်နေရတယ်။
"သူ့ရဲ့ စွမ်းအားက တကယ်ကို ဒုက္ခပေးလွန်းတယ်။ ဘယ်ကနေ ရောက်လာမလဲဆိုတာ ဘယ်တော့မှ ကြိုမသိနိုင်ဘူး။ တစ်ခါတလေ ကျောက်ခဲလေးတစ်လုံးကိုပဲ သူ တောက်လိုက်တာ၊ ဒါပေမယ့် စက္ကန့်အနည်းငယ် ကြာတဲ့အခါကျရင် ဧရာမ ကျောက်တုံးကြီးက မင်းဆီ ပြေးဝင်လာတတ်တယ်"
ဒီနည်းနဲ့ အဲလ်ရစ်ဟာ မက်ထရိုပိုလစ်မှာ အသန်မာဆုံး မက်ဂ်နက်တစ်တစ်ယောက် ဒါမှမဟုတ် အသန်မာဆုံးလို့ ဆိုနိုင်တဲ့ ဘွဲ့အမည်ကို ရခဲ့တာ ဖြစ်တယ်။ သူ့လှုပ်ရှားမှုတိုင်းက သူ့အတွက် အမြဲတမ်း အကျိုးရှိစေတယ်။
မဖြစ်နိုင်ဘူးလို့ ထင်ရရင်တောင် ကမ္ဘာကြီးကိုယ်တိုင်က ဖြစ်နိုင်အောင် ပြောင်းလဲပေးလိမ့်မယ်။ ဒါက သူ့ရဲ့ စွမ်းရည် ပဲ။ သူက ကွင်းဆက်တုံ့ပြန်မှုကို စတင်လိုက်ရုံနဲ့ သူ အလိုရှိသလို ဆက်လက် ဖြစ်ပျက်နေတော့တာ။
ဒါက အပြည့်စုံဆုံး တိုက်စစ်ဆင်မှုပဲ။
"ဒါပေမယ့် ပေါ့တ်ဘိုးလ်ကလည်း လွယ်လွယ်နဲ့ အလျှော့ပေးမယ့်လူ မဟုတ်ဘူး။ သူက အဲလ်ရစ်ရဲ့ တိုက်စစ်ကို ခုခံနိုင်တဲ့ လူနည်းစုထဲက တစ်ယောက်ပဲ"
အဲလ်ရစ်က သူ့သံကြိုးကို ပေါ့တ်ဘိုးလ်ဆီ ပစ်လွှတ်လိုက်ပြန်ရာ စစ်ပုဆိန်နဲ့ ထပ်မံ လွှဲရိုက်တာ ခံလိုက်ရပြန်တယ်။ သံကြိုးက မြေကြီးပေါ်က ကျောက်တုံးပုံကို ထိမှန်သွားလို့ ကျောက်တုံးတွေက အပြင်ဘက်ကို ပေါက်ကွဲထွက်သွားတယ်။
ကျောက်ခဲတစ်လုံးက လေထဲကို လွင့်ပျံသွားပြီး အဲရစ်၊ ဘော်ဘီနဲ့ ကျန်ရှိနေတဲ့ စစ်သည်တော်တွေ၊ မှော်ဆရာတွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲဆီ ဦးတည်သွားတော့တယ်။
မှော်ဆရာတစ်ယောက်က အဲရစ်ကို ရည်ရွယ်ပြီး မိုးကြိုးမြှားတစ်စင်း ပစ်လွှတ်လိုက်တာ။ သို့သော် ထိုကျောက်ခဲက ဘေးကနေ ဝင်တိုက်မိတာကြောင့် လမ်းကြောင်း ပြောင်းလဲသွားပြီး ပေါ့တ်ဘိုးလ်ရဲ့ ခေါင်းတည့်တည့်ဆီ ပြေးဝင်လာတော့တယ်။
ဒါတင်မကသေးဘူး... အဲလ်ရစ်က ကျောက်ခဲထဲကို ထည့်သွင်းပေးလိုက်တဲ့ တန်ခိုးစွမ်းရည်တွေ ကူးပြောင်းသွားတာကြောင့် နဝမအဆင့် စွမ်းရည်နဲ့ တူညီတဲ့ စွမ်းအားမျိုး ဖြစ်ပေါ်နေတယ်။
မိုးကြိုးမြှားက သူ့ဆီကို မျက်တောင်တစ်ခတ်အတွင်း ပြေးဝင်လာနေလို့ ပေါ့တ်ဘိုးလ်က မျက်လုံးတွေကို မှိတ်လိုက်ပြီး သူ့ဒီဗာကို ထုတ်ဖော်လိုက်တော့တယ်။
ဧရာမ သစ်ပင်ကြီးက သူ့ခေါင်းပေါ်မှာ ကြံ့ကြံ့ခံပြီး မြင့်မားစွာ မတ်တပ်ရပ်နေတယ်။အချိန်ကာလတွေ ဘယ်လောက်ပဲ ကုန်လွန်ပါစေ၊ ဒီသစ်ပင်ကြီးကတော့ ဘယ်လိုမှ ရွေ့လျားသွားမှာ မဟုတ်သလို တုန်လှုပ်သွားမယ့် ပုံလည်း မပေါ်ဘူး။
ဒီအချိန်မှာပဲ မိုးကြိုးမြားက သူ့ဦးခေါင်းဆီကို နောက်ဆုံးတော့ တည့်တည့်မတ်မတ် ထိမှန်သွားခဲ့ပြီ။
ဒါပေမဲ့ မြားက သူ့ခေါင်းကို ဖောက်ဝင်သွားမယ့်အစား ဖျတ်ခနဲ ပြန်ကန်ထွက်သွားပြီး မြေပြင်ပေါ်ကို ဘုန်းခနဲ ကျသွားတော့တယ်။
* * * * * * * *
စာစဉ်(၅၂)