← Chapters

အခန်း ၆၂၃

Vol. 52 Ch. 623

အခန်း ၆၂၃

Vol. 52 Ch. 623

အခန်း(၆၂၃)

ဘရက်စတန်ကတော့ တကယ်ကို ဆွံ့အသွားခဲ့ရပြီ။ သူ စကားတစ်ခွန်းလောက် ပြောဖို့ ကြိုးစားကြည့်ပေမဲ့ လည်ချောင်းထဲကနေ အဓိပ္ပာယ်မရှိတဲ့ ဝူးဝူးဝါးဝါး အသံတွေပဲ ထွက်လာတော့တယ်။

မိုက်ကယ်မှာ ဒြပ်စင်လေးခုလုံးကို လွှမ်းမိုးနိုင်စွမ်းရှိနေတာကို အံ့ဩရမလို၊ ဒါမှမဟုတ် အဲဒီထပ်ဆင့်မှော်ကျင့်စဉ်ကို တစ်ခါရုံပဲ မြင်ဖူးရသေးတာတောင် ချက်ချင်းလုပ်ပြနိုင်တာကို အံ့ဩရမလို သူ ဝေခွဲမရဖြစ်နေခဲ့တာ။

"ဘယ်... ဘယ်လိုလုပ်... ဒါက... ဟင်"

ဘရက်စတန်ကို မှော်ပညာရပ်မှာ အနှစ်တစ်ထောင်မှတစ်ယောက် ပေါ်ထွန်းတဲ့ ပါရမီရှင်လို့ ချီးမွမ်းကြပေမဲ့ အဲဒီ မှော်စက်ဝန်းတွေ ထပ်ဆင့်တဲ့နည်းလမ်းကို တတ်မြောက်ဖို့ သူ နှစ်ချီပြီး အချိန်ယူခဲ့ရတာပါ။ ဒါတောင်မှ သူက အဲဒီအတတ်ပညာကို အမြန်ဆုံး သင်ယူနိုင်ခဲ့တဲ့ လူအနည်းငယ်ထဲမှာ ပါဝင်နေသေးတယ်။

ဒါပေမဲ့ အခုတော့ သူ့ထက် သုံးနှစ်လောက် ငယ်တဲ့ ကောင်လေးတစ်ယောက်က သူ နှစ်ပေါင်းများစွာ အချိန်ပေးကျင့်ကြံခဲ့ရတဲ့ မှော်ကျင့်စဉ်ကို မျက်စိရှေ့တင် သုံးပြနေတာကို စိုက်ကြည့်နေရပြီ။

မိုက်ကယ်အနေနဲ့ ဒီမတိုင်ခင်က ဒါကို သင်ယူထားနိုင်စရာ အကြောင်း လုံးဝမရှိပါဘူး။ အဲဒီမှော်ကျင့်စဉ်ကို သူတို့ရဲ့ ဘဏ္ဍာတိုက်ထဲမှာ သော့ခတ်သိမ်းဆည်းထားတာ ဖြစ်ပြီး မှော်ပညာရှင်အစည်းအရုံးမှာ ပညာသင်ကြားဖို့ မှော်ဆရာကြီးတစ်ဦးရဲ့ ထောက်ခံချက်ရမှသာ ဒါကို လေ့လာခွင့်ရှိတာ ဖြစ်တယ်။

ဒီမှာတင် မိုက်ကယ် ထပ်ဆင့်ထားတဲ့ မှော်စက်ဝန်းတွေက မတည်မငြိမ်နဲ့ တုန်ခါလာပါတော့တယ်။

ဘရက်စတန်က ဒါမျိုးဖြစ်လာလိမ့်မယ်ဆိုတာ ကြိုသိနေခဲ့သားပဲ။ ဘာပဲဖြစ်ဖြစ် မိုက်ကယ်ဟာ ပြဋ္ဌာန်းစာအုပ်တွေကို တစ်နှစ်လောက် အချိန်ပေးမလေ့လာဘဲနဲ့တော့ ဒီမှော်သီအိုရီကို နားလည်နိုင်စရာ အကြောင်းမရှိဘူးလေ။

ဒါတောင်မှ မှော်စက်ဝန်းတွေကို တစ်ခုနဲ့တစ်ခု ထပ်ဆင့်နိုင်ခဲ့တာကတင် တကယ့်ကို အထင်ကြီးစရာ ကောင်းလှပါပြီ။

သို့ပေမဲ့ စက္ကန့်အနည်းငယ်မျှ ကြာပြီးတဲ့နောက်မှာတော့ အဲဒီမှော်စက်ဝန်းတွေက ပတ်ဝန်းကျင်မှာရှိတဲ့ မှော်စွမ်းအင်တွေကို စုပ်ယူပြီး သူ့ရဲ့တည်ဆောက်ပုံကို ပြန်လည်တည်ငြိမ်အောင် လုပ်ဆောင်လာတာကို တွေ့လိုက်ရတယ်။

မကြာခင်မှာပဲ မှော်စက်ဝန်းထဲက မှော်စွမ်းအင်တွေက ဝက်တစ်ကောင်ရဲ့ ပုံသဏ္ဌာန်အဖြစ် စုစည်းပေါ်ထွက်လာခဲ့ပါတော့တယ်။ အဲဒီဝက်ရဲ့ ခန္ဓာကိုယ်က မြေဒြပ်စင်နဲ့ ဖွဲ့စည်းထားပြီး အရေပြားကတော့ ရေဒြပ်စင်နဲ့ ဖြစ်ကာ ဘေးပတ်ပတ်လည်မှာလည်း မီးတောက်မီးလျှံတွေ တဟုန်းဟုန်း တောက်လောင်နေပြီး လေထဲမှာ ပျံဝဲလို့နေတယ်။

ဘရက်စတန်တစ်ယောက် နောက်တစ်ကြိမ် ဆွံ့အမှင်တက်သွားရပြန်တယ်။

သူ တကယ်လုပ်နိုင်သွားပြီ။

မိုက်ကယ်က ဒီမှော်ကျင့်စဉ်ကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ခဲ့ရုံတင်မကဘဲ အခက်ခဲဆုံးနည်းလမ်းနဲ့ပါ လုပ်ပြသွားခဲ့တာ။

အခြေခံဒြပ်စင်လေးခုဖြစ်တဲ့ မြေ၊ ရေ၊ မီး၊ လေ တို့ကို ပေါင်းစည်းလိုက်ရင် အမြဲတမ်း ပြင်းထန်လှတဲ့ မှော်စွမ်းအင် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်တတ်စမြဲပါ။ ဒါကြောင့်လည်း အဲဒီမှော်စွမ်းအင်တွေနဲ့ ဒီမှော်ကျင့်စဉ်ကို ဖော်ဆောင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ကို ခက်ခဲလွန်းပြီး စာအုပ်ထဲက သီအိုရီအဆင့်မှာပဲ ရှိနေခဲ့တာ ဖြစ်တယ်။

"ဝိုး…ဝိုး… ဝိုး"

ဘရက်စတန်က သူ့ရှေ့က ထူးဆန်းအံ့ဩဖွယ်ကောင်းလှတဲ့ ဝက်ကြီးကို မျက်လုံးအစုံ ပြူးပြီး စိုက်ကြည့်နေမိတယ်။ သူ အဲဒီမြင်ကွင်းထဲမှာ လုံးဝ စီးမျောသွားခဲ့ရပြီ။

"မင်း... မင်းမှာ ဒြပ်စင်လေးခုတောင်"

ဘရက်စတန်က မိုက်ကယ်ရဲ့ မှော်စွမ်းအား ပါရမီအကြောင်းကို မေးမြန်းဖို့ အလှည့်မှာပဲ မိုက်ကယ်က လေထုထဲမှာ မှော်စက်ဝန်းအသစ်တွေကို ထပ်မံဖန်တီးနေတာကို မြင်လိုက်ရပြန်တယ်။

ပြီးတော့ ဒီတစ်ကြိမ်မှာ ပေါ်လာတဲ့ အရောင်အသွေးတွေက အရင်က အရောင်တွေနဲ့ လုံးဝကို ကွဲပြားခြားနားလို့နေတယ်။

မိုက်ကယ်က ကျန်ရှိနေတဲ့ တခြားဒြပ်စင်လေးခုဖြစ်တဲ့ အလင်း၊ အမှောင်၊ အဆိပ်နဲ့ မိုးကြိုးတို့ကို ထပ်မံပေါင်းစည်းဖို့ ကြိုးစားနေတာပါ။

"ဒြပ်စင်ရှစ်ခုလုံးကို လွှမ်းမိုးနိုင်တာလား"

ဘရက်စတန်က သူ့ရဲ့ အံ့ဩတုန်လှုပ်မှုကို မထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်မိတော့တယ်။

မိုက်ကယ်က သူ့ကို ဂရုမစိုက်ဘဲ ဝက်အသစ်တစ်ကောင်ကို ထပ်မံဆင့်ခေါ်လိုက်ရာ အဲဒီဝက်က သူပထမဆုံး ဖန်တီးခဲ့တဲ့ ဝက်နဲ့ လုံးဝဆန့်ကျင်ဘက် ဖြစ်နေခဲ့တယ်။ သူအသုံးပြုခဲ့တဲ့ ဒြပ်စင်တွေအားလုံးက မှော်စွမ်းအင်တွေရဲ့ အဖျက်သဘောဆောင်တဲ့ တုံ့ပြန်မှုမျိုး လုံးဝမရှိဘဲ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့တာပါ။

'အခုဆို ငါ ဒီနည်းလမ်းနဲ့ ဒြပ်စင်လေးခုကို အတူတူ ပေါင်းစည်းနိုင်ပြီပဲ။ ဒါပေမဲ့ ရှစ်ခုလုံးကို သုံးပြီး ဒြပ်စင်ရှစ်ခု ပေါင်းစပ်ဖို့ကတော့ အခုလောလောဆယ် ရှုပ်ထွေးလွန်းသေးတယ်။'

သူကတော့ မှော်ပညာရှင်အစည်းအရုံးကနေ ဒီနည်းစနစ်ကို သင်ယူရမလို ဖြစ်နေပြီ၊ ဒါမှမဟုတ် ဘရက်စတန်ကိုပဲ သူ သိမလားလို့ မေးကြည့်ရမယ်။

"ဟေး... ငါတို့ တိုက်ပွဲအလယ် ရောက်နေတာ သိပါတယ်"

သူက ဘရက်စတန်ကို လှမ်းပြောလိုက်တဲ့အချိန်မှာတင် အဲဒီလူက ရုတ်တရက် ဒြပ်စင်ဝက်နှစ်ကောင်ဆီကို ခုန်ဝင်သွားပြီး ဖက်ထားလိုက်ပါတော့တယ်။

ဒါကို မြင်လိုက်ရတဲ့ မိုက်ကယ်ကတော့ ဆက်ဖြစ်လာမယ့် အကျိုးဆက်ကို ကြိုသိနေတာကြောင့် မျက်နှာလွှဲလိုက်မိတယ်။

ဘရက်စတန်က ဝက်ကလေးနှစ်ကောင်ကို ဖက်ထားလိုက်တဲ့အချိန်မှာပဲ ဒြပ်စင်ရှစ်ခုရဲ့ စွမ်းအင်တွေက သူ့ခန္ဓာကိုယ်ကို ရိုက်ခတ်သွားပြီး လျှပ်စစ်အချေရှော့ခ်မိသွားသလို သူ့ဆံပင်တွေအကုန် ထောင်ထသွားခဲ့ရပြီ။

စွမ်းအင်တွေရဲ့ ဒဏ်ကို အပြည့်အဝ ခံစားနေရပေမဲ့ ဘရက်စတန်ကတော့ သူ့ကိုယ်သူ ဒဏ်ရာရနေတာကိုတောင် ဂရုမစိုက်ဘဲ အဲဒီဝက်တွေကို ဆက်ပြီး ဖက်ထားတုန်းပါပဲ။

စွမ်းအင်တွေ ကုန်ဆုံးသွားတဲ့အခါ ဝက်တွေက ပျောက်ကွယ်သွားပြီး ဘရက်စတန်ကတော့ မီးလောင်ကျွမ်းခံထားရလို့ ခန္ဓာကိုယ်ကနေ မီးခိုးတွေ တလူလူထွက်ရင်း မြေကြီးပေါ်သို့ မျက်နှာနဲ့မှောက် လဲကျသွားတော့တယ်။

"...တန်ပါတယ်"

'ဒီလူကတော့ တကယ့်အရူးပဲ' လို့ မိုက်ကယ်က ခေါင်းခါရင်း စိတ်ထဲကနေ တွေးလိုက်မိတယ်။

စက္ကန့်ပိုင်းမျှအကြာမှာပဲ ဘရက်စတန်က အားအင်အသစ်တွေ ပြည့်ဖြိုးလာသလို မြေကြီးပေါ်ကနေ ဝုန်းခနဲ ထရပ်လိုက်ပြန်တယ်။ သူက မိုက်ကယ်ကို ကြည့်ပြီး မျက်နှာတစ်ခုလုံး ပြုံးဖြန်းလို့နေတာပါ။

ပြီးတော့ ဘရက်စတန်က လက်နှစ်ဖက်ကို ဆန့်တန်းပြီး မိုက်ကယ်ကို သေလုမတတ် ဖက်ပစ်တော့မယ့်အတိုင်း အရှိန်ပြင်းပြင်းနဲ့ ပြေးဝင်လာပါတော့တယ်။

မိုက်ကယ်လည်း ချက်ချင်းပဲ အဝေးကို ခုန်ရှောင်လိုက်ရတယ်။

"မပြေးပါနဲ့ကွာ…"

ဒါကတော့ မိုက်ကယ်အတွက် ပိုပြီး အဝေးကို ပြေးဖို့ အချက်ပေးလိုက်သလိုပါပဲ။

ဘရက်စတန်က မန္တန်တစ်ခုကို ရွတ်ဆိုပြီး မိုက်ကယ် မပြေးနိုင်အောင် ရေနဲ့လုပ်ထားတဲ့ ကြိုးကွင်းတစ်ခုကို ဖန်တီးပြီး ဖမ်းဖို့ လုပ်တယ်။

မိုက်ကယ်က လက်ကိုမြှောက်ပြီး ဘရက်စတန်ရဲ့ ကြိုးကွင်းကို ထိန်းချုပ်ဖို့ ကြိုးစားလိုက်တယ်။

အဲဒီ ရေကြိုးကွင်းက မိုက်ကယ်ကို ပတ်မိတော့မယ့်အချိန်မှာတင် ရုတ်တရက် လမ်းခုလတ်မှာ တန့်သွားခဲ့ပါတယ်။ ခဏမျှ တုန်ခါသွားပြီးတဲ့နောက်မှာတော့ လမ်းကြောင်းပြောင်းသွားပြီး ဘရက်စတန်ရဲ့ ကိုယ်ပေါ်ကိုပဲ ပြန်ပတ်မိသွားတာကြောင့် ဘရက်စတန်တစ်ယောက် ခြေခေါက်ပြီး ဟန်ချက်ပျက်သွားရရှာတယ်။

"မင်းက ငါ့ရဲ့ ကိုယ်ပိုင်မှော်စွမ်းအင်ကိုတောင် ထိန်းချုပ်နိုင်တာလား" ဘရက်စတန်က စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ်လိုက်တယ်။ "မင်းက ငါ့ဘဝမှာ တွေ့ဖူးသမျှ လူတွေထဲမှာ စိတ်ဝင်စားဖို့ အကောင်းဆုံးပဲ"

ဘရက်စတန်က သူ့ရဲ့ ကြိုးကွင်းထဲကနေ ရုန်းထွက်ပြီး မိုက်ကယ်ဆီကို ထပ်ပြီး ပြေးလာပြန်တယ်။

"ကျေးဇူးပြုပြီး ငါ့သူငယ်ချင်း လုပ်ပေးပါ…."

မိုက်ကယ်က ခြေလှမ်းတွေကို ရပ်လိုက်ပြီး ဇဝေဇဝါဖြစ်နေတဲ့ မျက်နှာပေးနဲ့ လှည့်ကြည့်ကာ

"ဘာလဲ"

"ကျေးဇူးပြုပြီး ငါ့သူငယ်ချင်း လုပ်ပေးပါဦးလို့" ဘရက်စတန်က တောင်းပန်တိုးလျှိုးလာတယ်။

တိုက်ခိုက်ရမယ့် ဂိမ်းတစ်ခုထဲမှာ တစ်ယောက်ယောက်က မင်းနဲ့ သူငယ်ချင်းဖြစ်ချင်ပါတယ်လို့ ပြောလာတာကို ကြားရတာ တကယ့်ကို ထူးထူးဆန်းဆန်းကြီးပါ။

"ဘာဖြစ်လို့လဲ"

"ဘာလို့လဲဆိုတော့ မင်းက ငါ့ကို နားလည်နိုင်လို့လေ ငါ့ထက် ပါရမီပါတဲ့လူဆိုလို့ တစ်ယောက်မှ မရှိဖူးဘူး၊ အဲဒါကြောင့် ငါတို့ သူငယ်ချင်း ဖြစ်လို့ရတယ်"

ခဏမျှအတွင်း မိုက်ကယ်ဟာ ဘရက်စတန်ရဲ့ မျက်ဝန်းတွေထဲမှာ နာကျင်မှုရိပ်ယောင်တစ်ခု ဖြတ်ပြေးသွားတာကို မြင်လိုက်ရတယ်။ သူ့ရဲ့ အကြည့်တွေထဲမှာ အထီးကျန်ဆန်မှုတွေ ရှိနေခဲ့တာပါ။ အဲဒီအထီးကျန်ဆန်မှုကို မိုက်ကယ်က သူ့ရဲ့ ပြီးခဲ့တဲ့ ဘဝတုန်းက မှန်ထဲမှာ ခဏခဏ မြင်ဖူးနေကျ ဖြစ်တယ်။

သူ တိတ်ဆိတ်သွားမိတယ်။

လူတွေမှာ သူ့ထက် မတူညီတဲ့ ကြီးပြင်းလာရပုံတွေ ရှိကြတယ်ဆိုတာကို သူ လုံးဝ မေ့သွားခဲ့တာပဲ။ သူကတော့ သူ့ရဲ့ ပါရမီတွေကို ထုတ်ပြတဲ့အခါ ပတ်ဝန်းကျင်က လူအားလုံးက သူ့ကို ချီးမွမ်းပြီး အပြည့်အဝ ထောက်ခံပေးခဲ့ကြတာလေ။ ပြီးတော့ သူ့ရဲ့ ပင်ကိုယ်ပုံစံအတိုင်း လက်ခံပေးမယ့် သူငယ်ချင်းတွေနဲ့ ရဲဘော်ရဲဘက်တွေကိုလည်း ရှာဖွေတွေ့ရှိခဲ့သေးတယ်။

ဒါပေမဲ့ ဘရက်စတန်ကတော့ လုံးဝ ကွဲပြားခြားနားတဲ့ ဘဝမျိုးကို ဖြတ်သန်းခဲ့ရပုံပါပဲ။

သူက မှော်ပညာရပ်မှာ ပါရမီထူးချွန်လွန်းတာကြောင့် အများရဲ့ ဖယ်ကြဉ်ခြင်းကို ခံခဲ့ရတာ ဖြစ်နိုင်ပါတယ်။ တခြားသူတွေထက် ခေါင်းတစ်လုံး ပိုမြင့်နေတာကြောင့် အနိုင်ကျင့်ခံရတာ၊ ဝိုင်းပယ်ခံရတာတွေ ရှိခဲ့ပြီး အထီးကျန်မှုကို ခံစားခဲ့ရတာ ဖြစ်နိုင်တယ်လေ။

ဒါကြောင့် ဘရက်စတန်ရဲ့ စိတ်ထဲမှာတော့ သူ့ထက် ပိုပြီး ပါရမီထူးချွန်တဲ့ လူတစ်ယောက်နဲ့မှသာ စစ်မှန်တဲ့ သူငယ်ချင်း ဖြစ်နိုင်လိမ့်မယ်လို့ တွေးထားပုံရတယ်၊ ဒါမှသာ ဘယ်သူမှ မနာလိုဖြစ်ပြီး ခင်မင်မှုကို ဖျက်ဆီးမှာမဟုတ်ဘူးလို့ ယူဆထားတာ။

ဒါက တကယ်ကို ဝမ်းနည်းစရာ ကောင်းလှပါတယ်။

"အင်း... မင်းရဲ့ သူငယ်ချင်း လုပ်ပေးလို့ ရပါတယ်လေ။"

ဘရက်စတန်တစ်ယောက် ချက်ချင်း မျက်နှာပွင့်လန်းသွားပြီး "တကယ်လား" လို့ မေးရင်း မိုက်ကယ်ကို ဖက်ဖို့ အရှိန်နဲ့ ပြေးဝင်လာပြန်တယ်။

"ဝိုး... ခဏနေဦးလေ ဘော်ဒါကြီး…"

ဒါပေမဲ့ နောက်ကျသွားခဲ့ပါပြီ။ သူကတော့ လူကောင်ထွားထွား ဘရက်စတန်ရဲ့ ဝက်ဝံရုပ်ကြီးအတိုင်း အတင်း ဖက်ခြင်းကို ခံလိုက်ရပြီ။

"ဟို... အခုတော့ ငါ့ကို လွှတ်ပေးလို့ ရပြီလား"

ဘရက်စတန်က နောက်ဆုံးတော့ ဖယ်ပေးလိုက်ပေမဲ့ မျက်နှာပေါ်မှာတော့ ဧရာမ အပြုံးကြီး ရှိနေတုန်းပါပဲ။ "ဟီးဟီး... အခုတော့ ငါ့မှာ သူငယ်ချင်းတစ်ယောက် ရှိသွားပြီ"

မိုက်ကယ်က နည်းနည်းတော့ အနေခက်သလို ခံစားရပေမဲ့ ခပ်တိုးတိုး ရယ်မောလိုက်မိတယ်။ ဘရက်စတန်ကလည်း ပြောသလောက်ကြီး ဆိုးဝါးတဲ့ လူစားမျိုးတော့ မဟုတ်ပါဘူး။ ဒီလူက ဖက်လဲတကဲ နေတတ်ရုံလေးတင်ပါ။

"အဟမ်း... ဒါဆို ငါ အလယ်ဗဟိုကို သွားလို့ရပြီလား။ အဲဒီက ကျလာမယ့် ပစ္စည်းတွေကို ငါ တကယ် လိုချင်နေသေးလို့။"

ဘရက်စတန်က ချက်ချင်း ခေါင်းညိတ်ပြပြီး "ရတာပေါ့၊ ရတာပေါ့ လေလံပွဲပြီးရင်လည်း ငါတို့က အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်နေဖို့ပဲ လိုတာ"

အရင်းနှီးဆုံး သူငယ်ချင်းတွေလား။

"ကောင်းပြီ၊ ကျေးဇူးပဲ။"

ဒါပေမဲ့ အဲဒီအချိန်မှာပဲ သူ့ခေါင်းထဲကို အတွေးတစ်ခု ဝင်လာတယ်။ တကယ်လို့ သူ ဘရက်စတန်ဆီကနေ အကူအညီအသေးအမွှားလေးတစ်ခုလောက် တောင်းရင်ကော။

သူက သူ့အိတ်ကပ်ထဲကနေ ဘက်ထရီတစ်ခုကို ထုတ်ပြီး ဘရက်စတန်ရဲ့ ရှေ့ကို ကမ်းပေးလိုက်တယ်။

"မင်း ဒါကို ယူပြီး မင်းရဲ့ တန်ခိုးစွမ်းရည် နည်းနည်းလောက် ထည့်ပေးလို့ ရမလား"

ဘရက်စတန်က ဘက်ထရီကို ယူလိုက်ပြီး ဘာမေးခွန်းမှ မမေး၊ တုံ့ဆိုင်းခြင်းလည်းမရှိဘဲ စွမ်းအင်တွေကို ချက်ချင်း ထည့်ပေးလိုက်ပါတော့တယ်။

"ရတာပေါ့၊ အချစ်ဆုံးသူငယ်ချင်းကြီးရေ"

* * * * * * * *

စာစဉ်(၅၂)

All Chapters