အခန်း ၆၂၄
Vol. 52 Ch. 624
အခန်း(၆၂၄)
[၁၀%... ၂၀%... ၃၀%]
စက္ကန့်ပိုင်းအတွင်းမှာတင် သဟဇာတဘက်ထရီရဲ့ စွမ်းအင်ပမာဏက တစ်ဝက်နီးပါးအထိ တဟုန်ထိုး တက်လာတာကို မြင်လိုက်ရတာမို့ မိုက်ကယ်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားရတယ်။ သူက ရွှေရောင် ရီထရီဗာ ခွေးလေးတစ်ကောင်လို ဖြူစင်ရိုးသားတဲ့ အပြုံးမျိုးနဲ့ ပြုံးပြနေတဲ့ ဘရက်စတန်ကို လှမ်းကြည့်လိုက်မိတယ်။
ဒီကောင်လေးက... သိပ်ကို စိတ်သဘောထားကောင်းလွန်းတာပဲ။
သူ့ဘက်ထရီတွေအတွက် တန်ခိုးစွမ်းအင်တွေ ပိုရဖို့ ဘရက်စတန်ရဲ့ စေတနာကို အခွင့်ကောင်းယူ သုံးချနေရတာမို့ မိုက်ကယ် စိတ်ထဲမှာ မကောင်းသလိုတောင် ခံစားလိုက်ရတယ်။ တစ်မိနစ်တောင် မပြည့်ခင်မှာပဲ ဘက်ထရီက စွမ်းအင် အပြည့် ဖြစ်သွားခဲ့ပြီး ဘရက်စတန်လည်း ထပ်ပြီး စွမ်းအင် သွတ်သွင်းလို့ မရတော့ဘူး။ သူက ဘက်ထရီကို မိုက်ကယ်ဆီ ပြန်ကမ်းပေးရင်း နောက်ထပ် လုပ်ရမယ့် အလုပ်ကို စိတ်အားထက်သန်စွာနဲ့ စောင့်မျှော်နေရှာတယ်။
"ကျေးဇူးပဲကွာ။ တကယ်ကို ကျေးဇူးတင်ပါတယ်" လို့ မိုက်ကယ်က လှိုက်လှိုက်လှဲလှဲ ပြောလိုက်တယ်။
"ဘာမှမဖြစ်ဘူး သူငယ်ချင်းကြီးရဲ့။ ငါ့အချစ်ဆုံးသူငယ်ချင်းအတွက်ပဲဟာကို"
စိတ်ထဲမှာ အပြစ်မကင်းစိတ်တွေ ဝေစီနေတာမို့ မိုက်ကယ်က ပြန်ပေးဆပ်ပါ့မယ်လို့ ကတိပေးလိုက်ရတယ်။ "ဒီအကြွေးကို နောက်တစ်ချိန်ကျရင် ငါ သေချာပေါက် ပြန်ဆပ်ပါ့မယ်"
"အားနာမနေပါနဲ့ကွာ။ ငါ့သူငယ်ချင်းတွေအတွက်ဆိုရင် ငါ ဘာမဆို လုပ်ပေးနိုင်ပါတယ်"
ဒီလို ဖြူစင်တဲ့ ကောင်လေးတစ်ယောက်ကို အခွင့်ကောင်း မယူချင်တာတော့ အမှန်ပဲ။ ဒါပေမဲ့ ဒီနောက်ဆုံးပွဲစဉ်ထဲကို ဝင်မသွားခင်မှာ တန်ခိုးစွမ်းအင်ကို တတ်နိုင်သမျှ အများဆုံး ဖြည့်သွားရမယ်ဆိုတာကိုလည်း သူ ကောင်းကောင်းကြီး သိနေတယ်။ နောင်ကျရင်တော့ ဒီအလုပ်နဲ့ ထိုက်တန်တဲ့ အဖိုးတန်လက်ဆောင်မျိုးကို ပြန်ပေးမှဖြစ်မယ်လို့ သူ ဆုံးဖြတ်ချက်ချလိုက်တယ်။
'ငါ့ရင်ထဲက ဒီလေးလံထိုင်းမှိုင်းနေတဲ့ ခံစားချက်ကြီး ပျောက်သွားအောင် ဒီကောင်လေးအတွက် မီသရယ် မှော်ဝင်ပစ္စည်းတစ်ခုခု ရှာပေးမှ ဖြစ်တော့မယ်'
မိုက်ကယ် ကမ်းပေးလိုက်တဲ့ ဘက်ထရီတွေကို ဘရက်စတန်က ချက်ချင်းပဲ လှမ်းယူလိုက်ပြီး သူ့ရဲ့ တန်ခိုးစွမ်းအင်တွေနဲ့ အားသွင်းပေးပြန်တယ်။ မကြာခင်မှာပဲ သူ့ရဲ့ သိုလှောင်ခန်းထဲမှာ စွမ်းအင်အပြည့်နဲ့ ဘက်ထရီ နှစ်လုံး ရှိလာခဲ့ပြီး စုစုပေါင်း စွမ်းအင်က ၅၀၀% အထိ ရောက်သွားခဲ့ပြီ။
"မင်း မပန်းဘူးလား" လို့ သူက ဘရက်စတန်ကို မေးလိုက်တယ်။
"ဟင့်အင်း" ဘရက်စတန်က နောက်ထပ် ဘက်ထရီတစ်လုံးကို အားသွင်းပေးရင်း ပြန်ဖြေတယ်။ "ဒီပစ္စည်းသေးသေးလေးကို သုံးရတဲ့ စွမ်းအင်က ငါ့ရဲ့ စွမ်းအင်သိုလှောင်မှုနဲ့စာရင် ရေတစ်စက်စာလောက်ပဲ ရှိတာပါ။ တကယ်တော့ ဘာမှ ပြောပလောက်တာ မဟုတ်ပါဘူး"
ဒီစကားကို ကြားရတော့မှပဲ မိုက်ကယ် စိတ်အနည်းငယ် သက်သာရာရသွားတော့တယ်။ သူ့အတွက်တော့ စွမ်းအင် တစ်ရာရာခိုင်နှုန်းဆိုတာ သူ့ရဲ့ ပင်ကိုယ်တန်ခိုးစွမ်းအင် သိုလှောင်မှုထက် ဆယ်ဆမက ပိုများတဲ့ ပမာဏကြီး ဖြစ်နေတာပါ။ ဒါပေမဲ့ ကိုယ်ခန္ဓာဖွဲ့စည်းခြင်းအဆင့် ၉ ရဲ့ ထိပ်ဆုံးအဆင့်ကို ရောက်နေတဲ့ ဘရက်စတန်လို လူမျိုးအတွက်တော့ တစ်ရာရာခိုင်နှုန်းဆိုတာ အိုင်ကြီးတစ်အိုင်ထဲက ရေတစ်ဇွန်းစာလောက်ပဲ ရှိတာ ဖြစ်လိမ့်မယ်။
"ရော့... သူငယ်ချင်းကြီး"
သူက တတိယမြောက် စွမ်းအင်အပြည့် ဘက်ထရီကို လှမ်းယူလိုက်တယ်။ အခုဆိုရင် စုစုပေါင်း ၆ လုံး ရှိသွားပြီဖြစ်လို့ ကွမ်တမ် ဓားချက် နှစ်ကြိမ် သုံးဖို့ လုံလောက်သွားပြီ ဖြစ်တယ်။ သူက ဘရက်စတန်ဆီ နောက်ထပ် ဘက်ထရီတစ်လုံး ထပ်ပေးလိုက်ပြန်ပြီး ဘရက်စတန်ကလည်း ခါတိုင်းလိုပဲ တန်ခိုးစွမ်းအင်တွေ သွတ်သွင်းပေးနေတယ်။
ဒါပေမဲ့ ဒီအချိန်မှာပဲ မိုက်ကယ်ဟာ သူ့ပတ်ပတ်လည်က မှော်စွမ်းအင်တွေ လှုပ်ခတ်လာတာကို ရုတ်တရက် ခံစားလိုက်ရတယ်။
"သခင်မိုက်ကယ်... ကျွန်တော်တို့ မှော်ကမ္ဘာငယ်လေးရဲ့ ဗဟိုချက်နဲ့ နီးတဲ့နေရာကို ရောက်လာပါပြီ။ ဝိညာဉ်ဆီတွေကို လှမ်းမြင်နေရပြီခင်ဗျာ"
သူ့ခြေထောက်အောက်က အရိပ်ထဲကနေ ၀၀၃ ရဲ့ အသံက ဟိန်းထွက်လာတယ်။ ဝိညာဉ်ဆီတွေ ရှိနေတဲ့ စင်မြင့်ကို သူတို့ အောင်မြင်စွာ ရှာဖွေတွေ့ရှိသွားကြပြီ ထင်ပါရဲ့။ ဒီအသိကြောင့် သူ့သွေးတွေ ဆူပွက်လာပြီး စိတ်လှုပ်ရှားသွားရတယ်။
"အဲဒီနားမှာ တခြားကစားသမားတွေ ရှိသေးလား" လို့ သူက လှမ်းမေးလိုက်တယ်။
"ရှိပါတယ် သခင်မိုက်ကယ်။ တခြားကစားသမား အနည်းငယ်လည်း တစ်ယောက်နဲ့တစ်ယောက် ရင်ဆိုင်နေကြပါတယ်။ ကျွန်တော်တို့ကတော့ လောလောဆယ် ဖုံးကွယ်ထားတုန်းပဲ။ ဒါပေမဲ့ အဲဒီစင်မြင့်နားကို တိုးသွားတာနဲ့ ချက်ချင်း ဝိုင်းအုံတိုက်ခိုက်ခံရမှာ သေချာပါတယ်" လို့ ၀၀၄ က အစီရင်ခံတယ်။
အခြေအနေကို ကြည့်ရသလောက်တော့ စင်မြင့်ဆီကို ရောက်နှင့်နေတဲ့ လူအချို့ ရှိနေပုံရတယ်။ ဒါပေမဲ့ သူတို့အားလုံးက ချောင်းမြောင်းနေတဲ့ တခြားကစားသမားတွေရဲ့ တိုက်ခိုက်မှုကို ကြောက်ရွံ့နေကြတာမို့ စင်မြင့်နားကို မကပ်ရဲဘဲ ဖြစ်နေကြတာပါ။
"ကောင်းပြီ... ငါ အခုပဲ လာခဲ့မယ်" လို့ သူက ပြန်ပြောလိုက်တယ်။
ပွဲစဉ်က အဆုံးအဖြတ်ပေးရမယ့် အရေးကြီးတဲ့ အချိန်ကို ရောက်နေပြီမို့ မိုက်ကယ် ထပ်ပြီး မဆိုင်းမတွနိုင်တော့ဘူး။ အခုချက်ချင်း သွားမှဖြစ်မယ်။ မဟုတ်ရင် တခြားလူတစ်ယောက်ယောက်က ဝိညာဉ်ဆီကို အရင်ဆုံး လုယူသွားနိုင်တဲ့ အန္တရာယ် ရှိနေတယ်။ ဒါကြောင့် ဘက်ထရီတွေကို ထပ်ပြီး အားသွင်းချင်သေးပေမဲ့လည်း သူ သွားမှဖြစ်တော့မယ်။
"စိတ်မရှိပါနဲ့ ဘရက်စတန်ရာ။ ဒါပေမဲ့ ငါ သွားရတော့မယ်" လို့ သူက ဘက်ထရီကို ပြန်ယူရင်း ပြောလိုက်တယ်။
ဘက်ထရီက ၆၀ ရာခိုင်နှုန်းလောက်ပဲ အားဝင်ရသေးပေမဲ့ သူလိုအပ်တဲ့နေရာမှာ သုံးဖို့အတွက်တော့ လုံလောက်တာထက်ကို ပိုနေပါပြီ။ ပြီးတော့ သူက ဘာမှ ထပ်မပြောတော့ဘဲ အရိပ်ရွှေ့ပြောင်းခြင်း မန္တန်ကို ထုတ်သုံးလိုက်တယ်။ သူ့ခြေထောက်အောက်က မည်းမှောင်နေတဲ့ အရိပ်က အပြင်ဘက်ကို ကျယ်ပြန့်သွားပြီး သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားကာ လျှို့ဝှက်ထောက်လှမ်းရေးသမားတွေနဲ့အတူ ထားခဲ့တဲ့ အရိပ်ခွဲတွေ ရှိရာဆီကို ချက်ချင်း နေရာချင်း လဲလှယ်လိုက်တော့တယ်။
မိုက်ကယ် ထွက်ခွာသွားတာကို ကြည့်ပြီး ဘရက်စတန်ကတော့ လက်ယမ်းပြီး နှုတ်ဆက်ကျန်ရစ်ခဲ့တယ်။
"ကံကောင်းပါစေဗျာ"
* * * * * * * *
မိုက်ကယ် မျက်လုံးတွေကို ဖွင့်လိုက်တဲ့အခါမှာတော့ သစ်ပင်တစ်ပင်ရဲ့ ထူထဲတဲ့ သစ်ကိုင်းကြီးတစ်ခုပေါ်မှာ ရောက်နေတာကို တွေ့လိုက်ရတယ်။ သူ့ဘေးနားမှာတော့ ကျောက်တုံးကြီးတွေလို ငြိမ်သက်ပြီး ဘာအသံမှ မထွက်အောင် နေနေကြတဲ့ ၀၀၃ နဲ့ ၀၀၄ တို့ ရှိနေကြတယ်။ တကယ်လို့ သူတို့ဆီကို တည့်တည့်မကြည့်မိဘူးဆိုရင် သစ်ရွက်တွေကြားထဲမှာ သစ်ပင်ရဲ့ အစိတ်အပိုင်းတစ်ခုလိုမျိုး တစ်သားတည်း ရောနှောနေမှာ ဖြစ်တယ်။
သူတို့နှစ်ယောက်စလုံးက မိုက်ကယ်ကို အသံတိုးတိုးလုပ်ဖို့ အချက်ပြတာမို့ သူက ခေါင်းငြိမ့်ပြလိုက်ပြီး လက်ဟန်ခြေဟန်နဲ့ပဲ ဆက်သွယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ၀၀၃ က သူတို့နဲ့ မီတာ ၂၀ လောက် ဝေးတဲ့နေရာက သာမန် ချုံပုတ်တစ်ခုဆီကို ညွှန်ပြတယ်။
(ဟိုမှာ ပုန်းနေတဲ့လူ နှစ်ယောက် ရှိတယ်) လို့ ၀၀၃ က တိုးတိုးလေး ကပ်ပြောတယ်။ (ပြီးတော့ သူတို့နဲ့ မျက်နှာချင်းဆိုင်မှာ ပုန်းနေတဲ့လူ သုံးယောက် ရှိသေးတယ်)
၀၀၄ ကလည်း တောအုပ်ရဲ့ ခပ်လှမ်းလှမ်း နေရာတစ်ခုဆီကို ညွှန်ပြပြီး အဲလ်ရစ်ရဲ့ အသင်းဖော်တစ်ယောက်နဲ့ မှော်ဆရာတစ်ယောက်တို့ တိုက်ခိုက်နေတာကို မိုက်ကယ်ကို ပြတယ်။
ပြီးတော့ သူတို့ မြောက်ဘက်ကို မညွှန်ပြရင်တောင်မှ တောအုပ်ရဲ့ အလယ်ဗဟိုတည့်တည့်မှာ ရှိနေတဲ့ စင်မြင့်ကို မိုက်ကယ် သတိထားမိပြီးသားပါ။ ကွင်းပြင်ရဲ့ အလယ်တည့်တည့်မှာ မြေပြင်ကနေ နှစ်လက်မလောက် မြင့်တဲ့ အနီရောင်စင်မြင့်တစ်ခု ရှိနေတယ်။ အဲဒီစင်မြင့်ကို ပတ်ပတ်လည်မှာ ညီတူညီမျှ ခွာထားတဲ့ ကျောက်တိုင် ဆယ့်ငါးတိုင်က ဝန်းရံထားတယ်။
မိုက်ကယ်က သူနဲ့ အနီးဆုံးမှာ ရှိနေတဲ့ ဝိညာဉ်ဆီပုလင်းကို လှမ်းမြင်လိုက်ရပြီး ဘယ်သူမှ မရိပ်မိခင်မှာပဲ ချက်ချင်း ပြေးဝင်လုယူချင်စိတ်တွေ တားမရဆီးမရ ဖြစ်လာရတယ်။ သူ့ရဲ့ ကွမ်တမ်ခြေလှမ်း နဲ့ဆိုရင် ဒါက ဖြစ်နိုင်ခြေထက်ကို ပိုပါတယ်။
ဒါပေမဲ့ ပြဿနာက အဲဒီနောက်ပိုင်း ဖြစ်လာမယ့် အရာတွေပါပဲ။ သူ စွမ်းရည်ထုတ်သုံးလိုက်ရင် ချောင်းမြောင်းနေတဲ့ လူအားလုံးက မြင်သွားကြလိမ့်မယ်။ ရုတ်တရက် အလစ်အငိုက်တိုက်ခိုက်နိုင်တဲ့ အားသာချက်က သူ့ဘက်မှာ ရှိတော့မှာ မဟုတ်သလို ကစားသမား အားလုံးရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံရပြီး ပွဲကနေ အလွယ်တကူ ထွက်သွားရနိုင်တယ်။
'တခြားလူတစ်ယောက်ယောက် ဝင်လုတဲ့အထိ ငါ အခြေအနေကို စောင့်ကြည့်ရမယ်'
ဒါက တခြားလူတွေလည်း ကြံစည်ထားတဲ့ အကွက်ပဲ ဖြစ်တယ်။ တိတ်ဆိတ်ငြိမ်သက်ပြီး အသက်ရှူသံတွေ၊ ရင်ခုန်သံတွေကိုတောင် ထိန်းထားကြတဲ့ အချိန်မှာပဲ တောအုပ်ထဲမှာ လေးလံတဲ့ ခြေသံကြီးတွေ ရုတ်တရက် ဟိန်းထွက်လာတယ်။ ခြေသံက သိပ်ကို ကျယ်လွန်းလှတယ်။ လမ်းလျှောက်လာတဲ့လူက သူ့ရဲ့ ရှိနေမှုကို လုံးဝ ဖုံးကွယ်ထားဖို့ စိတ်ကူးမရှိပုံပဲ။
အားလုံးက လှမ်းကြည့်လိုက်ကြတဲ့အခါမှာတော့ အဲဒီလူရဲ့ ယုံကြည်ချက်ကို သူတို့ သဘောပေါက်သွားကြတော့တယ်။ အဲဒါက အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး ကိုယ်လုံးကိုယ်ပေါက်နဲ့ ဘုန်းကြီးတစ်ပါးလို ကတုံးတုံးထားတဲ့ လူတစ်ယောက် ဖြစ်ပြီး ချပ်ဝတ်တန်ဆာကို ခပ်ပါးပါးပဲ ဝတ်ဆင်ထားကာ ကျောပြင်မှာတော့ စိမ်းပြာရောင် ပုဆိန်ကြီးတစ်လက်ကို လွယ်ထားတယ်။
သူကတော့ ပေါ့တ်ဘိုးလ်ပဲ ဖြစ်တယ်။
သူက စင်မြင့်ဆီကို အေးအေးလူလူ လမ်းလျှောက်သွားပြီး ဘယ်သူ့ထက်မဆို ဝိညာဉ်ဆီတွေနဲ့ ပိုနီးတဲ့နေရာကို ရောက်သွားခဲ့ပြီ။ အားလုံးကတော့ အထူးသတိထားနေကြတယ်။ ပေါ့တ်ဘိုးလ်က မက်ထရိုပိုလစ်ရဲ့ အသန်မာဆုံး စစ်သည်တော်တွေထဲက တစ်ယောက် ဖြစ်နေတာမို့ ဘယ်သူကမှ သူ့ကို အရင်ဆုံး စတင် မတိုက်ခိုက်ချင်ကြဘူး။
ဒါပေမဲ့ အားလုံးက ကြောက်ရွံ့နေကြတာမို့ ပေါ့တ်ဘိုးလ်အတွက် ဝိညာဉ်ဆီတွေဆီ တိုးသွားဖို့ အချိန်ပိုရသွားစေတယ်။ နောက်ဆုံးမှာတော့ ပေါ့တ်ဘိုးလ်က အနီရောင်စင်မြင့်ရဲ့ အနားသတ်ကို ရောက်သွားခဲ့ပြီ။ နောက်ထပ် တစ်လှမ်းတင်ပဲ... ဝိညာဉ်ဆီတွေကို သူ လှမ်းကိုင်နိုင်တော့မယ်။
သူ ခြေလှမ်းလှမ်းလိုက်တာနဲ့ ချက်ချင်းပဲ ပုန်းကွယ်နေတဲ့ လူအချို့က ဝုန်းခနဲ ပြေးထွက်လာပြီး ပေါ့တ်ဘိုးလ်ဆီကို တဟုန်ထိုး တိုက်ခိုက်ကြတော့တယ်။ ပေါ့တ်ဘိုးလ်ရဲ့ အသင်းဖော်တစ်ယောက်ကလည်း ရန်သူအချို့ကို ချက်ချင်း ဝင်ရောက် တားဆီးလိုက်တာမို့ အရှိန်ရပ်သွားကြရတယ်။
မျက်တောင်တခတ်အတွင်းမှာပဲ ပေါ့တ်ဘိုးလ်ဟာ သူ့ကို လက်နက်တွေနဲ့ ချိန်ရွယ်ထားတဲ့ အဆင့် ၈ မက်ဂ်နက်တစ် သုံးယောက်နဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်ရတော့တယ်။ ဒါပေမဲ့ ကစားသမား အားလုံးက ပေါ့တ်ဘိုးလ်ကိုပဲ ဦးတည်တိုက်ခိုက်ကြတာ မဟုတ်ဘူး။ သူတို့က ပါးနပ်ကြတယ်။ ဒီလို ရှုပ်ထွေးပွေလီနေတဲ့ အခွင့်အရေးကို သုံးပြီး ဝိညာဉ်ဆီတွေကိုပဲ လုယူဖို့ ဦးတည်လိုက်ကြတယ်။
မိုက်ကယ်ကလည်း အဲဒီလူတွေထဲက တစ်ယောက်ပဲ ဖြစ်နေတော့တယ်။
* * * * * * * *