← Chapters

အခန်း ၆၂၅

Vol. 53 Ch. 625

အခန်း ၆၂၅

Vol. 53 Ch. 625

အခန်း(၆၂၅)

မိုက်ကယ်က သစ်ရွက်တွေကြားထဲကနေ ဝုန်းခနဲ ပြေးထွက်လိုက်တယ်။ သူ့ရဲ့ ပစ်မှတ်ကတော့ သူနဲ့ အနီးဆုံးမှာ ရှိနေတဲ့ ကျောက်တိုင်ပဲ ဖြစ်တယ်။ ဒါက ဝိညာဉ်ဆီ တစ်စက်ကို ရယူဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းဖြစ်သလို ပေါ့တ်ဘိုးလ် တိုက်ခိုက်နေတဲ့ နေရာနဲ့ ဆန့်ကျင်ဘက် အရပ်မှာလည်း ရှိနေတာပါ။

သူ့ရဲ့ ဝဲယာဘက်ကို လှမ်းကြည့်လိုက်တဲ့အခါမှာတော့ အဲရစ်နဲ့ ဘော်ဘီတို့ကလည်း သူဦးတည်နေတဲ့ ဝိညာဉ်ဆီ ကျောက်တိုင်ဆီကိုပဲ တပြိုင်နက်တည်း ပြေးဝင်နေကြတာကို မြင်လိုက်ရတယ်။

'ငါ အခု ကွမ်တမ်ခြေလှမ်းကို ထုတ်သုံးလိုက်လို့ ရတယ်'

အဲရစ်၊ ဘော်ဘီနဲ့ တခြားကစားသမား အနည်းငယ်က သူ့ရဲ့ ရှိနေမှုကို သတိပြုမိသွားကြတယ်။ ဒါပေမဲ့ သူ့အတွက် ကံကောင်းသွားတာက သူတို့အားလုံးရဲ့ အာရုံက တစ်ယောက်နဲ့တစ်ယောက်ဆီမှာပဲ ရှိနေကြလို့ပါ။

အဲရစ်နဲ့ ဘော်ဘီတို့က ကိုယ်ခန္ဓာဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၉ မှာ ရှိနေကြတာမို့ အသန်မာဆုံး မက်ဂ်နက်တစ်တွေထဲက တစ်ဦးအပါအဝင်လို့ သတ်မှတ်လို့ရတယ်။

သူတို့နဲ့ နှိုင်းယှဉ်ရင် မိုက်ကယ်က အဆင့် ၄ မှာပဲ ရှိပါသေးတယ်။ သူ့ရဲ့ အရှိန်နဲ့ အန္တရာယ်ပြုနိုင်စွမ်းက သူတို့နဲ့ယှဉ်ရင် ဘာမှ ပြောပလောက်တာ မဟုတ်ပါဘူး။ သူတို့ မျက်စိထဲမှာတော့ မိုက်ကယ်က သိပ်နီးနီးကပ်ကပ် ရောက်လာတာနဲ့ အလွယ်တကူပဲ အနိုင်ယူပစ်လို့ ရမယ့်လူစားမျိုးပေါ့။

ဒါကြောင့် ကစားသမားတွေက အဲရစ်နဲ့ ဘော်ဘီတို့ ကျောက်တိုင်တွေနားကို သိပ်နီးကပ်သွားရင် ဝိညာဉ်ဆီကို သေချာပေါက် ရသွားကြလိမ့်မယ်ဆိုတာကို သိနေကြတာမို့ သူတို့နှစ်ယောက်ကိုပဲ ဝိုင်းအုံတိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

ဒါကပဲ မိုက်ကယ်အတွက် လူအုပ်ထဲကနေ ရုန်းထွက်ခွင့် ရသွားစေခဲ့တာပါ။

အဲရစ်နဲ့ ဘော်ဘီတို့ တခြားကစားသမားတွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကို ခံနေရတဲ့အချိန်မှာ သူကတော့ ရှေ့ကို တဟုန်ထိုး ပြေးထွက်သွားလိုက်တယ်။

အနီရောင်စင်မြင့်က သူနဲ့ ခြေလှမ်းအနည်းငယ်အကွာတင် ရှိတော့တယ်။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ သူ့ရဲ့ ဂုတ်ပိုးနားမှာ စိမ့်ခနဲ ဖြစ်သွားတဲ့ ခံစားချက်ကို ခံစားလိုက်ရတယ်။

သူ နောက်လှည့်ကြည့်လိုက်တော့ လူတစ်ယောက်က ဓားတစ်လက်နဲ့ သူ့ဆီကို ပြေးဝင်လာတာကို မြင်လိုက်ရတယ်။ အဲဒီလူ့ရဲ့ လက်နက်ဆီက ထွက်ပေါ်နေတဲ့ အလင်းရောင်နဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေဆီက ထွက်နေတဲ့ အပူလှိုင်းပုံရိပ်တွေအရ သူက ကိုယ်ခန္ဓာဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၈ မှာ ရှိနေတယ်ဆိုတာ အထင်အရှားပါပဲ။

အကျဉ်းချုပ်ပြောရရင်တော့ ဒီလူက စွမ်းရည်ကို ထုတ်မသုံးရင်တောင်မှ တိုက်ခိုက်မှု တစ်ချက်တည်းနဲ့တင် သူ့ကို အပြတ်အသတ် အနိုင်ယူနိုင်တဲ့ လူမျိုး ဖြစ်တယ်။

အဲဒီလူက သူ့ရဲ့ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်နဲ့ ပင်ကိုယ်ခွန်အား သက်သက်ကိုပဲ သုံးပြီး မိုက်ကယ်ဆီကို လွှဲခုတ်လိုက်တယ်။

ဒါက သာမန် အဆင့် ၄ မက်ဂ်နက်တစ် တစ်ယောက်ကို အနိုင်ယူဖို့ လုံလောက်ပေမဲ့ မိုက်ကယ်အတွက်တော့ ရှောင်ထွက်သွားဖို့ အခွင့်အရေး ဖြစ်သွားစေခဲ့တယ်။

မိုက်ကယ်ရဲ့ လက်ကောက်ဝတ်က သူ့ပတ်ပတ်လည်က လေဟာနယ်ရဲ့ တည်ဆောက်ပုံကို စတင် တွန့်လိမ်သွားစေပြီး သူ့လက်တွေရဲ့ အနီးတစ်ဝိုက်မှာ တွင်းနက်ကြီးတစ်ခုလို ပုံရိပ်မျိုး ဖြစ်ပေါ်လာစေတယ်။

သူ့ရဲ့ ရင်ဘတ်မှာ တပ်ဆင်ထားတဲ့ ဘက်ထရီ ခုနစ်လုံးထဲက တစ်လုံးကနေ ထူထဲတဲ့ တန်ခိုးစွမ်းရည် အလင်းတန်းတစ်ခုက သူ့လက်တွေဆီကို တဟုန်ထိုး စီးဆင်းသွားပြီး လေဟာနယ်ကို ဖြတ်ကျော်ဖို့ လုံလောက်တဲ့ စွမ်းအင်တွေကို ဖြည့်တင်းပေးလိုက်တယ်။

ဓားချက်က မိုက်ကယ်ရဲ့ ပုခုံးကို ဖြတ်ခုတ်မိဖို့ တစ်လက်မတောင် မလိုတော့တဲ့ အချိန်မှာပဲ မိုက်ကယ်က အဲဒီလူရဲ့ မျက်စိရှေ့ကနေ ရုတ်တရက် ပျောက်ကွယ်သွားခဲ့တော့တယ်။

အထိန်းအကွပ်မဲ့ပြီး အံ့အားသင့်သွားရတာမို့ အဲဒီလူက ဟန်ချက်ပျက်သွားပြီး ဓားက မြေကြီးထဲ စိုက်ဝင်သွားကာ မြေပြင်ပေါ်မှာ ဒူးထောက်လျက်သား ဖြစ်ကျန်ခဲ့ရရှာတယ်။

"ဘာ..."

အဲဒီအချိန်မှာပဲ ကောင်းကင်ထက်ကနေ တောက်ပတဲ့ အလင်းတန်းတစ်ခု ကျဆင်းလာပြီး စင်မြင့်ပေါ်ကို ဖြာကျသွားခဲ့တယ်။

တိတိကျကျ ပြောရရင်တော့ ဝိညာဉ်ဆီ တစ်စက် ရှိနေတဲ့ ကျောက်တိုင်တွေထဲက တစ်တိုင်ဆီကိုပေါ့။

မိုက်ကယ်က ဆေးပုလင်းငယ်လေးတွေထဲက တစ်လုံးကို လှမ်းကိုင်လိုက်တာကို မြင်လိုက်ရတဲ့အခါမှာတော့ အားလုံးက ချက်ချင်းပဲ လှည့်ကြည့်လိုက်ကြပြီး သူတို့ရဲ့ မျက်နှာတွေမှာ အံ့ဩတုန်လှုပ်မှုနဲ့ ဇဝေဇဝါ ဖြစ်မှုတွေ ထင်ဟပ်သွားကြတော့တယ်။

ဒီလို ရှုပ်ထွေးပွေလီနေတဲ့ ကြားထဲကနေ ပွဲစဉ်တစ်ခုလုံးမှာ အားအနည်းဆုံးလို့ ပြောလို့ရမယ့် ကစားသမားက ဝိညာဉ်ဆီကို ပထမဆုံး ရယူသွားနိုင်ခဲ့တာပါ။

ဒါကို ဘယ်သူမှ မယုံနိုင်ကြဘူး။ သူက အားနည်းလွန်းလို့ပဲ ဘယ်သူကမှ ဂရုမစိုက်မိဘဲ စင်မြင့်ပေါ်ကို အေးအေးလူလူ လမ်းလျှောက်ဝင်သွားနိုင်ခဲ့တာများလား။

ဒါက သိပ်ကို အံ့အားသင့်စရာ ကောင်းလွန်းတာမို့ ကစားသမား အားလုံးနီးပါး တိုက်ခိုက်နေတာကို ရပ်လိုက်ကြပြီး မိုက်ကယ်ကို ခဏလောက် ငေးကြည့်နေမိကြတယ်။ သူ ဘယ်လိုလုပ်လိုက်လဲဆိုတာကို သူတို့ မသိကြဘူး။

ဒါပေမဲ့ အပေါ်ကနေ စောင့်ကြည့်နေကြတဲ့ ပရိသတ်တွေအတွက်တော့ အရာအားလုံးက ထင်းထင်းကြီး ရှင်းလင်းနေခဲ့ပါတယ်။

မိုက်ကယ်က လူတွေကို ခိုးကြောင်ခိုးဝှက် ကျော်ဖြတ်သွားခဲ့တာ မဟုတ်ဘူး။

အဆင့် ၈ မက်ဂ်နက်တစ် တစ်ယောက်က နောက်ကနေ လိုက်လံတိုက်ခိုက်နေတာကိုတောင် သူက တခြားလူတွေအားလုံးရဲ့ ရှေ့ကနေ ဦးအောင် ပြေးထွက်သွားခဲ့တာပါ။

"သူ ဘယ်လိုလုပ်လိုက်တာလဲ"

"သူ ပျောက်သွားတာပဲ။ သိပ်မြန်တာပဲ"

"ဒါ မဖြစ်နိုင်တာ။ အဆင့် ၄ မက်ဂ်နက်တစ် တစ်ယောက်က ဒီလိုမျိုး မလုပ်နိုင်ရဘူးလေ"

မိုက်ကယ် ပြသလိုက်တဲ့ အရှိန်အဟုန်က သူ့ရဲ့ အဆင့်အတန်းနဲ့ဆိုရင် မဖြစ်နိုင်လောက်တဲ့ ပမာဏကို ကျော်လွန်နေခဲ့ပြီ။

သူက အဆင့် ၈ မက်ဂ်နက်တစ် တစ်ယောက်ကိုတောင် အရှိန်နဲ့ ကျော်ဖြတ်သွားခဲ့တာလေ။

အခုဆိုရင်တော့ လူတွေအားလုံးဟာ အရင်က သူ ကံကောင်းခဲ့တဲ့ အဖြစ်အပျက်တွေက ကံသက်သက်ကြောင့် မဟုတ်ဘူးဆိုတာကို စတင် ရိပ်မိလာကြပြီ။ ဒါတွေက သူ တမင်တကာ လုပ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ စွမ်းရည်တွေကို ပြသလိုက်တာပဲ ဖြစ်တယ်။

ဒါပေမဲ့ လူတွေအားလုံး ဒီလို မထင်မှတ်ထားတဲ့ ရလဒ်ကြောင့် အံ့ဩနေကြတုန်းမှာပဲ မိုက်ကယ်ကတော့ သူ့ရဲ့ အာရုံကို လုံးဝ မပြတ်စေခဲ့ဘူး။ အခုဆိုရင် အားလုံးက သူ့ရဲ့ ကွမ်တမ်ခြေလှမ်းကို မြင်သွားကြပြီဖြစ်လို့ သူတို့တွေ အံ့ဩရာကနေ သတိမဝင်လာခင်အထိ သူ့မှာ အချိန်အနည်းငယ်ပဲ ရတော့မှာ ဖြစ်တယ်။

ဆေးပုလင်းက သူ့လက်ထဲကနေ ပျောက်ကွယ်သွားတာနဲ့ ဒါက ဝိညာဉ်ဆီ တစ်စက်ကို သူ ပိုင်ဆိုင်သွားပြီဆိုတဲ့ အချက်ပြမှုပဲ ဖြစ်တယ်။

သူက နောက်ထပ် ပစ်မှတ်ဆီကို ချက်ချင်းပဲ အကြည့်ရွှေ့လိုက်တယ်။

သူက ဘေးဘက်ကို လှည့်ပြီး သူနဲ့ မီတာအနည်းငယ်အကွာမှာ ရှိနေတဲ့ ကျောက်တိုင်ကို လှမ်းကြည့်လိုက်တယ်။

သူ့ရင်ဘတ်က ဘက်ထရီတွေထဲမှာ တန်ခိုးစွမ်းရည်တွေ အပြည့်ရှိနေတာမို့ စင်မြင့်ပေါ်က ဝိညာဉ်ဆီတွေအားလုံးကို ကွမ်တမ်ခြေလှမ်းကို ဆက်တိုက်သုံးပြီး သိမ်းကျုံးယူဖို့ လုံအပ်တဲ့ စွမ်းအင်တွေ အပြည့်အဝ ရှိနေတာပါ။

ဒါပေမဲ့ သူ့ရဲ့ လက်တွေက လေဟာနယ်ကို တွန့်လိမ်အောင် စတင် ပုံဖော်လိုက်တဲ့ အချိန်မှာပဲ သူ့မျက်လုံးထောင့်ကနေ တစ်စုံတစ်ခု လှုပ်ရှားလာတာကို ရုတ်တရက် မြင်လိုက်ရတယ်။

သူ့ရဲ့ ပင်ကိုယ်ဗီဇ စိတ်အာရုံ သက်သက်ကိုပဲ အခြေခံပြီး ကွမ်တမ်ခြေလှမ်းရဲ့ ဦးတည်ချက်ကို ချက်ချင်း ပြောင်းလဲလိုက်ရတယ်။

သူ နေရာအသစ်ကို ရောက်သွားတာနဲ့ ချက်ချင်း နောက်လှည့်ကြည့်လိုက်တဲ့အခါမှာတော့ ပေါ့တ်ဘိုးလ်က သူ နေရာရွှေ့ပြောင်းမယ့် နေရာဆီကို သူ့ရဲ့ စစ်ပုဆိန်ကြီးနဲ့ လွှဲခုတ်လိုက်တာကို မြင်လိုက်ရတယ်။

ပေါ့တ်ဘိုးလ်ရဲ့ မျက်နှာမှာ အံ့ဩမှုနဲ့ ဇဝေဇဝါ ဖြစ်မှုတွေ ထင်ဟပ်သွားတယ်။ သူက မိုက်ကယ်ကို လှမ်းကြည့်လိုက်ပြီး သူ့ရဲ့ အရှိန်ကိုတောင် ကျော်လွန်သွားနိုင်တဲ့ ဆန်းပြားပြီး အစွမ်းထက်တဲ့ နည်းစနစ်ကို စိတ်ဝင်တစား ဖြစ်သွားပုံရတယ်။

'တောက်... ငါတော့ ငါးကြီးတစ်ကောင်ကို ဆွဲမိပြီ ထင်တယ်'

ဒီလူက စင်မြင့်ပေါ်က ဝိညာဉ်ဆီတွေအားလုံးကို ရယူဖို့အတွက် သူ့မှာ ရှိနေတဲ့ တစ်ခုတည်းသော အတားအဆီး ဖြစ်တယ်။ တကယ်လို့ သူသာ ဒီလူ့ကို ကျောပေးလိုက်ရင် သူ့ကျောပြင်ထဲကို ပုဆိန်တစ်လက် စိုက်ဝင်လာမှာ သေချာသလောက်ပဲလို့ သူ ယုံကြည်နေမိတယ်။

'ငါ သူ့ကို အနိုင်တိုက်မှ ဖြစ်မယ်'

ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုပေမဲ့လည်း လက်ရှိ အခြေအနေရဲ့ စိတ်လှုပ်ရှားမှုတွေကြောင့် မိုက်ကယ်က မလိုအပ်တဲ့ အတွေးတွေကို ခေါင်းထဲကနေ ထုတ်ပစ်လိုက်တယ်။ သူ့ရဲ့ ပစ်မှတ်က ဝိညာဉ်ဆီတွေ ဖြစ်ပြီး ပေါ့တ်ဘိုးလ်ကတော့ အတားအဆီး သက်သက်ပဲ ဖြစ်တယ်။

သူက အိတ်ကပ်ထဲကို လက်နှိုက်ပြီး သဟဇာတဓါးရဲ့ ခလုတ်ကို ထုတ်ယူလိုက်တယ်။

"ကလစ်" ဆိုတဲ့ အသံနဲ့အတူ သူ့ရဲ့ လက်နက်က အသက်ဝင်လာခဲ့ပြီ။

သူ့ထက် အဆင့် ငါးဆင့်လောက် နိမ့်တဲ့ လူတစ်ယောက်က လက်နက်တွေကို သုံးပြီး တစ်ယောက်ချင်း ရင်ဆိုင်တိုက်ခိုက်ဖို့ ဘယ်လိုများ သတ္တိတွေ ရှိနေတာလဲဆိုတာကို ပေါ့တ်ဘိုးလ်က စိတ်ဝင်တစားနဲ့ ကြည့်နေတယ်။

ပေါ့တ်ဘိုးလ်က မိုက်ကယ်ရဲ့ စိန်ခေါ်မှုကို လက်ခံတဲ့အနေနဲ့ ခေါင်းကို အသာအယာ ငြိမ့်ပြလိုက်တယ်။

မိုးနဲ့မြေလို ကွာခြားလွန်းတဲ့ စိန်ခေါ်တိုက်ခိုက်ပွဲကြီးကို အပေါ်က ပရိသတ်တွေက ရင်တမမနဲ့ စိုးရိမ်တကြီး စောင့်ကြည့်နေကြစဉ်မှာပဲ မိုက်ကယ်က သူ့ရဲ့ သဟဇာတဓါးကို မြှောက်လိုက်ပြီး တိုက်ခိုက်ဖို့ အသင့်ပြင်လိုက်တယ်။

ပေါ့တ်ဘိုးလ်ရဲ့ မျက်စိထဲမှာတော့ မိုက်ကယ်ရဲ့ လှုပ်ရှားမှုတွေက နှေးကွေးလွန်းနေပြီး သူ့ရဲ့ အနေအထားမှာ ဟာကွက်တွေနဲ့ အားနည်းချက်တွေ အပြည့် ရှိနေတာပါ။

ဒါပေမဲ့ မိုက်ကယ်ရဲ့ လက်ထဲမှာ လေဟာနယ်ကို တွန့်လိမ်စေနိုင်တဲ့ လျှို့ဝှက်အရှိန်အဟုန်တစ်ခု ရှိနေတယ်ဆိုတာကို ပေါ့တ်ဘိုးလ် ကောင်းကောင်းကြီး သိထားတယ်။

မိုက်ကယ်က သဟဇာတဓါးကို လက်နှစ်ဖက်နဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး သူ့ရဲ့ ဘက်ထရီတွေထဲကနေ စွမ်းအင်တွေကို ထုတ်ယူကာ လက်ကောက်ဝတ်ဆီမှာ အားစုလိုက်တယ်။

မိုက်ကယ်ရဲ့ လက်ကောက်ဝတ် အနီးတစ်ဝိုက်မှာ လေဟာနယ် တည်ဆောက်ပုံတွေ တွန့်လိမ်လာတာကို ပေါ့တ်ဘိုးလ် မြင်လိုက်ရပြီး... နောက်တစ်စက္ကန့်မှာပဲ မိုက်ကယ်က ပျောက်ကွယ်သွားခဲ့တော့တယ်။ မိုက်ကယ် ဘယ်ကို ပျောက်သွားလဲဆိုတာကို လုံးဝ ရှာမတွေ့တော့တာမို့ ပေါ့တ်ဘိုးလ်ရဲ့ မျက်လုံးတွေက တုန်လှုပ်မှု၊ အံ့ဩမှုတွေနဲ့အတူ ပြူးကျယ်သွားရတယ်။

သူ့ရဲ့ နောက်ကျောဘက်မှာ မိုက်ကယ် ပြန်လည်ပေါ်လာခဲ့ပြီး သူ့ရဲ့ သဟဇာတဓါးကို လက်နှစ်ဖက်နဲ့ လွှဲခုတ်ချလိုက်တယ်။

ဒါတင် မဟုတ်သေးဘူး။

သူ့ရင်ဘတ်က စွမ်းအင်အပြည့် ရှိနေတဲ့ ဘက်ထရီ သုံးလုံးက သိုလှောင်ထားတဲ့ စွမ်းအင်တွေကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်တာမို့ တန်ခိုးစွမ်းရည်တွေ ဝုန်းခနဲ ပေါက်ကွဲထွက်လာခဲ့တယ်။

ဒီ တန်ခိုးစွမ်းရည် အလင်းတန်း သုံးခုက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး ပိုမိုထူထဲတဲ့ အလင်းတန်းကြီးအဖြစ် ပြောင်းလဲကာ မိုက်ကယ်ရဲ့ လက်တွေဆီကို ဧရာမ စွမ်းအင်လှိုင်းကြီးတစ်ခုအနေနဲ့ စီးဆင်းသွားတော့တယ်။

သူက ကွမ်တမ် ဓားချက်ကို ထုတ်သုံးလိုက်တာ ဖြစ်တယ်။

ပေါ့တ်ဘိုးလ်အနေနဲ့ သူ့ရဲ့ ရှိနေမှုကို သတိပြုမိဖို့ စက္ကန့်ပိုင်းလောက် လိုနေသေးတာမို့ ဒါက အကောင်းဆုံး အချိန်အခါပဲ ဖြစ်တယ်။

သဟဇာတဓါးရဲ့ ပတ်ပတ်လည်က လေဟာနယ်က ကွမ်တမ်ခြေလှမ်းတွေထက် ပိုမိုပြင်းထန်တဲ့ အရှိန်အဟုန်နဲ့ စတင် တွန့်လိမ်လာခဲ့တယ်။

လေဟာနယ်ရဲ့ တည်ဆောက်ပုံကြီး ဆုတ်ဖြဲခံလိုက်ရပြီး လက်တွေ့ကမ္ဘာမှာ အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာကာ ဓါးဦးအရှေ့မှာ အပူချိန်လွန်ကဲတဲ့ ပလာစမာတွေနဲ့ ဖွဲ့စည်းထားတဲ့ တောက်ပတဲ့ လိမ္မော်ရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့တော့တယ်။

* * * * * * * *

စာစဉ်(၅၃)

All Chapters