အခန်း ၆၂၆
Vol. 53 Ch. 626
အခန်း(၆၂၆)
မိုက်ကယ်ရဲ့ တိုက်ခိုက်မှုက အချိန်ကိုက် တိကျလွန်းလှတယ်။
သူက ပေါ့တ်ဘိုးလ်ဆီကို သဟဇာတဓါး လွှဲခုတ်လိုက်ပြီး လေဟာနယ်ကို ဆုတ်ဖြဲနိုင်တဲ့ လခြမ်းပုံသဏ္ဍာန် ဓားချက်ကို ထုတ်လွှတ်လိုက်တယ်။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ ပေါ့တ်ဘိုးလ်က မျက်လုံးတွေကို မှိတ်လိုက်ပြီး သူ့ခေါင်းပေါ်မှာ ဒီဗာကို ဆင့်ခေါ်လိုက်တယ်။
ကြီးမားတဲ့ အမြစ်တွေနဲ့ ထူထဲတဲ့ ပင်စည်တွေ ရှိတဲ့ နှစ်တစ်ထောင်သစ်ပင်ရဲ့ ပုံရိပ်က ပေါ့တ်ဘိုးလ်အတွက် လိုအပ်တဲ့ တည်ငြိမ်အေးချမ်းမှုကို ပေးစွမ်းနိုင်ခဲ့တယ်။
ရုတ်တရက်ဆိုသလို ပေါ့တ်ဘိုးလ်ရဲ့ အရေပြားက ဘုရားရုပ်တုလိုမျိုး ရွှေရောင်တွေ တောက်ပလာတယ်။ သူ့ရဲ့ စွမ်းရည် ပွင့်သွားတာမို့ သူ့တစ်ကိုယ်လုံးက ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို လုံးဝ ခံနိုင်ရည်ရှိသွားခဲ့ပြီ။
ပေါ့တ်ဘိုးလ်က မိုက်ကယ်ကို အချိန်မီ မမြင်လိုက်ရပေမဲ့ သူ့ရဲ့ တိုက်ပွဲအာရုံနဲ့ ပင်ကိုယ်ဗီဇ သက်သက်ကြောင့် နောက်ကျောကနေ တိုက်ခိုက်ခံရတော့မယ်ဆိုတာကို ကြိုတင် ရိပ်မိလိုက်တယ်။
ဒါကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ မိုက်ကယ် ထုတ်သုံးမယ့် ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို ပျယ်ပြယ်သွားအောင် သူ့ရဲ့ စွမ်းရည်ကို ချက်ချင်း ထုတ်သုံးလိုက်တာပါ။
အဲဒီအချိန်မှာပဲ လေဟာနယ်ကို ဆုတ်ဖြဲနိုင်တဲ့ လခြမ်းပုံသဏ္ဍာန် ဓားချက်က သူ့နောက်ကျောကို ထိမှန်သွားခဲ့ပြီး သူ့ခေါင်းပေါ်က နှစ်တစ်ထောင်သစ်ပင်ကလည်း အဲဒီတိုက်ခိုက်မှုကို ခုခံဖို့အတွက် အလင်းရောင်တွေကို ဖြာကျပေးနေတယ်။
မိမိကိုယ်ကို ခုခံနိုင်စွမ်းကို ယုံကြည်ချက်အပြည့် ရှိနေတဲ့ ပေါ့တ်ဘိုးလ်က စစ်ပုဆိန်ကြီးကို ခပ်သွက်သွက် မြှောက်လိုက်ပြီး ပြန်လည်တိုက်ခိုက်ဖို့ ပြင်လိုက်တယ်။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ သူ့နောက်ကျောဆီကနေ စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ရတယ်။
သူ့ကျောပြင်ကနေ သွေးတွေ စီးကျလာခဲ့တယ်။
သူ နောက်ကို လှည့်ကြည့်လိုက်တဲ့အခါမှာတော့ လခြမ်းပုံသဏ္ဍာန် ဓားချက်က နှစ်တစ်ထောင်သစ်ပင်ရဲ့ အကာအကွယ် ပတ်ပတ်လည်က လေဟာနယ် တည်ဆောက်ပုံကြီးကို ဆုတ်ဖြဲနေတာကို မြင်လိုက်ရတယ်။
အဲဒီဓားချက်က ဘယ်အရာကမှ မဖောက်ထွင်းနိုင်တဲ့ သူ့ရဲ့ အကာအကွယ်ကို ဖြတ်ခုတ်သွားပြီး ညာဘက်ပုခုံးကနေ ဘယ်ဘက်ခါးအထိ နက်ရှိုင်းတဲ့ ဒဏ်ရာကြီး ဖြစ်သွားစေခဲ့တယ်။
ပေါ့တ်ဘိုးလ် ငုံ့ကြည့်လိုက်မိတယ်။ မိမိရဲ့ သွေးတွေ မြေကြီးပေါ်ကို တစ်စက်စက် ကျနေတာကို မြင်လိုက်ရတာမို့ သူ့မျက်နှာမှာ ထိတ်လန့်တုန်လှုပ်မှုတွေ ထင်ဟပ်သွားရတယ်။
သူ ဒဏ်ရာရသွားခဲ့ပြီ။
ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို လုံးဝ ခံနိုင်ရည်ရှိစေတဲ့ အဆင့် ၉ စွမ်းရည်ကို သုံးထားတာတောင်မှ သူ့ကျောပြင်မှာ ဧရာမ ဒဏ်ရာကြီးတစ်ခု ရသွားခဲ့တာပါ။
သူ ခံစားနေရတဲ့ နာကျင်မှုက သူ့ရဲ့ သိက္ခာနဲ့ မာန တရားတွေ ထိခိုက်ပျက်စီးသွားရမှုနဲ့စာရင် ဘာမှ မဟုတ်တော့ပါဘူး။
အဆင့် ၄ မက်ဂ်နက်တစ် တစ်ယောက်ရဲ့ တိုက်ခိုက်မှုကို သူ့ရဲ့ စွမ်းရည်က ဘာကြောင့် မတောင့်ခံနိုင်ခဲ့ရတာလဲဆိုတာကို သူ ဘယ်လိုမှ နားမလည်နိုင် ဖြစ်နေရတယ်။
ဘယ်သူမှလည်း နားမလည်နိုင်ကြပါဘူး။
ပွဲစဉ်ထဲမှာ ယှဉ်ပြိုင်နေကြတဲ့ အဲရစ်၊ ဘော်ဘီနဲ့ တခြားကစားသမား အားလုံးက တိုက်ခိုက်နေတာကို ရပ်ပြီး မိုက်ကယ်ကို ငေးကြည့်နေမိကြတယ်။ အထူးသဖြင့် ပေါ့တ်ဘိုးလ်က သူ့ရဲ့ စွမ်းရည်ကို ဖွင့်ထားတဲ့အချိန်မှာ ပုံမှန်အတိုင်းဆိုရင် သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်မယ်လို့ သူတို့ကိုယ်တိုင်လည်း ယုံကြည်ချက် မရှိကြလို့ပါ။
ဒါပေမဲ့ မိုက်ကယ်ကတော့ ဘယ်လိုနည်းနဲ့မဆို လုပ်ပြသွားနိုင်ခဲ့ပြီ။
အပေါ်ကနေ စောင့်ကြည့်နေကြတဲ့ ပရိသတ်တွေပါ လုံးဝ ဆွံ့အ သွားရတယ်။
သူတို့ မြင်လိုက်ရတာ မှန်ရဲ့လားဆိုတာကို သေချာအောင် မတ်တပ်ရပ်ပြီး မျက်လုံးတွေကို ပွတ်သပ်ကြည့်နေကြတယ်။
"မဖြစ်နိုင်တာ... ဒါ မဖြစ်နိုင်ဘူး။ ပေါ့တ်ဘိုးလ်က သူ့ရဲ့ စွမ်းရည်ကို ဖွင့်ထားတာတောင် ဘယ်လိုဖြစ်ပြီး ဒဏ်ရာရသွားရတာလဲ"
"မိုက်ကယ်ရဲ့ စွမ်းအားက ဘာလဲဟ။ ပထမတစ်ခုက အဆင့် ၉ မက်ဂ်နက်တစ်တွေကိုတောင် ကျော်လွန်နိုင်တဲ့ အရှိန်ရှိတယ်၊ ဒုတိယတစ်ခုက ဘယ်သူမှ မယှဉ်နိုင်တဲ့ လူမျိုးကိုတောင် ဒဏ်ရာရစေနိုင်တဲ့ စွမ်းအား ရှိနေတာလား"
တစ်ဖက်မှာလည်း လူသားတွေရဲ့ ပင်ကိုယ်သဘာဝတွေကို သဘောမကျတတ်တဲ့ ရေလူသားတွေဟာ မိုက်ကယ်ရဲ့ ပါရမီကို မချီးကျူးဘဲ မနေနိုင် ဖြစ်သွားကြရတယ်။
"ဒီကောင်လေးကတော့ ငါ အထက်ကမ္ဘာမှာ မြင်ဖူးသမျှထဲမှာ ပထမဆုံးသော တကယ့် ပါရမီရှင်ပဲ" လို့ ရေလူသား တစ်ယောက်က မှတ်ချက်ချလိုက်တယ်။
"သိပ်လည်း ငယ်သေးတယ်။ တကယ်လို့ သူသာ လူသားတစ်ယောက် မဟုတ်ဘူးဆိုရင် ငါတို့အဖွဲ့ထဲကို သိမ်းသွင်းချင်မိမှာ သေချာတယ်"
"သခင်မကြီးကော ဘယ်လိုထင်လဲခင်ဗျာ"
သူတို့အားလုံးက ပင်လယ်ရေမှော်တွေလို တွန့်လိမ်နေပြီး ဝင်လုဆဲဆဲ နေမင်းကြီးလို လိမ္မော်ရောင် ဆံနွယ်တွေ ရှိတဲ့ အမြင့်ဆုံး ထိုင်ခုံပေါ်က အမျိုးသမီးဆီကို လှည့်ကြည့်လိုက်ကြတယ်။
"သိပ်စိတ်ဝင်စားဖို့ ကောင်းတာပဲ" လို့ သူက တိုးတိုးလေး ရေရွတ်လိုက်တယ်။
သူ့ရဲ့ စကားသံအရ သူက အသက်အရွယ် နုပျိုသေးပြီး မိုက်ကယ်ထက် အနည်းငယ်ပဲ ကြီးဦးမယ့်ပုံပါပဲ။
"သူက ဒီလောက် ကျင့်စဉ် အဆင့်နိမ့်နေတာတောင် ဒါကို ထုတ်သုံးနိုင်တာလား။ ဒါမျိုး ဖြစ်နိုင်တယ်လို့ ငါ တောင် မသိခဲ့ဘူး" လို့ သူက တိုးတိုးလေး ပြောရှာတယ်။
ရေလူသား တစ်ယောက်က မနေနိုင်ဘဲ ဝင်မေးလိုက်တယ်။ "ဘာကို ဆိုလိုတာလဲ သခင်မကြီး"
သူနဲ့ မတူတာကတော့ ဒီနေရာမှာ ရှိနေတဲ့ ရေလူသား အများစုက လူသားတွေရဲ့ ကျင့်စဉ် အဆင့်အတန်းတွေကို လုံးဝ နားမလည်ကြလို့ပါ။
အဲဒီအမျိုးသမီးက ရှင်းပြဖို့ ပါးစပ်ဟလိုက်စဉ်မှာပဲ သူ့ရဲ့ အာရုံက မှော်ကမ္ဘာငယ်လေးဆီကို ရုတ်တရက် ဆွဲခေါ်ခြင်း ခံလိုက်ရတယ်။
သူ့မျက်လုံးထောင့်ကနေ တစ်စုံတစ်ခုကို သတိပြုမိသွားတာပါ။
သိပ်ကို မြန်ဆန်လှတဲ့ အရိပ်တစ်ခုက ဝိညာဉ်ဆီတွေ ရှိနေတဲ့ စင်မြင့်ကို ဦးတည်ပြီး ဗဟိုချက်ဆီကို တဟုန်ထိုး ပြေးဝင်နေခဲ့တယ်။
"မကြာခင်မှာ ငါတို့ တွေ့ရတော့မယ့်ပုံပဲ" လို့ သူက စိတ်ဝင်တစား ပြုံးရင်း ပြောလိုက်တယ်။
* * * * * * * *
ပေါ့တ်ဘိုးလ်က မိမိရဲ့ သွေးတွေ မြေကြီးပေါ် စက်ခနဲ ကျနေတာကို ကြည့်ပြီး အံ့ဩတုန်လှုပ်နေတုန်းမှာပဲ မိုက်ကယ်က ဒီအခွင့်အရေးကို အသုံးချပြီး နောက်ထပ် ဝိညာဉ်ဆီ တစ်စက်ဆီကို ပြေးဝင်လိုက်တယ်။
သူ လက်ကို ဆန့်ထုတ်ပြီး ကျောက်တိုင်ထိပ်က ဆေးပုလင်းကို လှမ်းကိုင်လိုက်တယ်။
ချက်ချင်းပဲ ကောင်းကင်ထက်ကနေ နောက်ထပ် အလင်းတန်းတစ်ခု ကျရောက်လာပြီး ဒီဝိညာဉ်ဆီကို သူ ပိုင်ဆိုင်သွားပြီဆိုတာကို တရားဝင် အချက်ပြလိုက်တော့တယ်။
နှစ်စက် ရသွားပြီ။
ဒါ ငါ့အတွက် အခွင့်အရေးပဲ။
လောလောဆယ် ပေါ့တ်ဘိုးလ်က ပြတ်ကျန်နေတာမို့ ကျန်ရှိနေတဲ့ ၁၀ စက်သော ဝိညာဉ်ဆီတွေဆီ ကွမ်တမ်ခြေလှမ်း ဆက်တိုက်လှမ်းဖို့ သူ့ရဲ့ ဘက်ထရီ စွမ်းအင် ၃၀၀% ကို သုံးတာကို တားဆီးမယ့်သူ မရှိတော့ပါဘူး။
သူ့လက်တွေက လေဟာနယ်ကို စတင် တွန့်လိမ်စေပြီး အာကာသ တည်ဆောက်ပုံကို ပြောင်းလဲလိုက်တဲ့ အချိန်မှာပဲ ရုတ်တရက် သူ့ပတ်ပတ်လည်က လေထုကြီး လေးလံသွားတာကို ခံစားလိုက်ရတယ်။
|ကုကုကုကု... နောက်ဆုံးတော့လည်း ကောင်းကောင်းကြီး ယှဉ်ပြိုင်လို့ရမယ့် ပြိုင်ဘက်တစ်ယောက် ပေါ်လာခဲ့ပြီပေါ့|
လေထု အပြောင်းအလဲကို ခံစားလိုက်ရတဲ့ အချိန်မှာပဲ ဟာဘင်ဂျာ နိုးထလာတာကို သူ ခံစားလိုက်ရပြီး သူ့သွေးတွေက စိတ်လှုပ်ရှားမှုကြောင့် ဆူပွက်လာသလိုပါပဲ။
အဲဒီအချိန်မှာပဲ ရုတ်တရက် ပေါက်ကွဲသံတစ်ခုကြောင့် သူ ခေါင်းလှည့်ကြည့်လိုက်မိတယ်။
ပေါက်ကွဲမှုရဲ့ တုန်ခါမှုကြောင့် ကစားသမား နှစ်ဦး လွင့်ထွက်သွားတာကို သူ မြင်လိုက်ရပြီး သူတို့ရဲ့ ခန္ဓာကိုယ်တွေက လေထဲမှာတင် နေရာရွှေ့ပြောင်းသွားကြတယ်။ ဒါက အဲဒီပေါက်ကွဲမှု တစ်ချက်တည်းနဲ့တင် သူတို့တွေ အလဲထိုးခံလိုက်ရပြီး ပွဲကနေ ထွက်သွားရပြီဆိုတဲ့ အဓိပ္ပာယ်ပါ။
ပေါက်ကွဲမှုဖြစ်ပွားရာ နေရာကနေ မြန်ဆန်တဲ့ အရိပ်တစ်ခုက ဝုန်းခနဲ ပြေးထွက်လာပြီး နောက်ထပ် ကစားသမား အုပ်စုဆီကို တဟုန်ထိုး ဝင်ရောက်သွားကာ အရှိန်အဟုန် တစ်ချက်တည်းနဲ့တင် သူတို့ကိုပါ ပွဲကနေ ဖယ်ရှားပစ်လိုက်ပြန်တယ်။
တစ်ယောက်ပြီးတစ်ယောက် ကစားသမားတွေက ယင်ကောင်တွေလို တလိပ်လိပ် ကျရှုံးနေကြရတယ်။
အဲရစ်နဲ့ ဘော်ဘီတို့ နှစ်ယောက်စလုံး ခြေလှမ်းတွေ ရပ်သွားကြပြီး ဒီအရိပ်ကို လှမ်းကြည့်ရင်း သူတို့မျက်လုံးတွေမှာ အံ့ဩတုန်လှုပ်မှုတွေ ထင်ဟပ်နေကြတယ်။
"တောက်... ဒီကောင် လုပ်လိုက်ပြန်ပြီ" လို့ အဲရစ်က တောက်ခေါက်ရင်း ပြောလိုက်တယ်။
"သူ ငါတို့ကို နောက်တစ်ကြိမ် ဖြတ်ကျော်သွားပြန်ပြီ" လို့ ဘော်ဘီက တိုးတိုးလေး ရေရွတ်တယ်။
အဲဒီအချိန်မှာပဲ အဲဒီအရိပ်က သူတို့ဆီကို တဟုန်ထိုး ပြေးဝင်လာခဲ့တယ်။
အဲရစ်က သူ့ရဲ့ ဧရာမ အပ်ကြီးကို ဓားတစ်လက်လို မြှောက်ပြီး တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်တယ်။ ဘော်ဘီကလည်း သူ့ရဲ့ တူကို အသင့်ကိုင်ပြီး ခုခံဖို့ သက်သက်ပဲ ပြင်လိုက်တယ်။
အဲဒီအရိပ်က သူတို့ဆီကို ပြေးဝင် ဆောင့်မိတဲ့ အချိန်မှာပဲ အပြင်ဘက်ကို ပေါက်ကွဲမှုကြီး ဖြစ်ပွားသွားခဲ့ပြီး မြေကြီးပေါ်က ဖုန်မှုန့်တွေနဲ့ သဲတွေကို လွင့်စင်သွားစေမယ့် လေလှိုင်းတစ်ခု ဖြစ်ပေါ်လာစေခဲ့တယ်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ဖုန်မှုန့်တွေ ငြိမ်သက်သွားတော့မှပဲ အားလုံးက ဒီမြန်ဆန်လှတဲ့ သတ္တဝါကို အသည်းအသန် လှမ်းမြင်လိုက်ရတော့တယ်။
အဲရစ်နဲ့ ဘော်ဘီတို့ကတော့ မတ်တပ်ရပ်နေဆဲ ဖြစ်ပေမဲ့ သူတို့ကို ဖိနှိပ်ထားတဲ့ ဧရာမ အင်အားကြီးကြောင့် သူတို့ရဲ့ လက်တွေနဲ့ ခန္ဓာကိုယ်တွေ တုန်ရင်နေကြရတယ်။ သူတို့ရဲ့ အဆင့် ၉ ကျင့်စဉ် အဆင့်အတန်းကတောင် ဒီအတိုင်း ကြံ့ကြံ့ခံရပ်တည်ဖို့ မလုံလောက်တော့တဲ့ပုံပါပဲ။
သူတို့အရှေ့မှာ ရှိနေတဲ့သူကတော့ အားလုံး ရင်းနှီးပြီးသား လူတစ်ယောက် ဖြစ်နေတယ်။
သူကတော့ မက်ထရိုပိုလစ် တစ်ခုလုံးမှာ အသန်မာဆုံး မက်ဂ်နက်တစ်လို့ ကျော်ကြားတဲ့ အဲလ်ရစ် ဇိုင်ယွန် ပဲ ဖြစ်တယ်။
ဒါပေမဲ့ သူ့ရဲ့ အင်အားက သူ့ကို ပိတ်ဆို့ထားတဲ့ အဆင့် ၉ မက်ဂ်နက်တစ် နှစ်ယောက်ရဲ့ အင်အားထက် မသာလွန်သင့်ပါဘူး။
ဒါတောင်မှ သူက အဲရစ်နဲ့ ဘော်ဘီတို့ကို ဒူးထောက်သွားအောင် ဖိနှိပ်ထားနိုင်ဆဲပါပဲ။
"တစ်စုံတစ်ခု... သူ့ဆီမှာ တစ်ခုခု ထူးခြားနေတယ်"
"သူ ဘာတွေ ဝတ်ထားတာလဲ"
"ငါ သိတယ်လေ။ အဲဒါ... အဲဒါက..."
အဲလ်ရစ်ရဲ့ တစ်ကိုယ်လုံးကို မီးတောင်မှန်ကျောက်နဲ့ ပြုလုပ်ထားပုံရတဲ့ အနက်ရောင် ချပ်ဝတ်တန်ဆာကြီးနဲ့ ဖုံးလွှမ်းထားတယ်။
သူ့ခေါင်းကိုလည်း အကာအကွယ် ဦးထုပ်တစ်ခုနဲ့ ဆောင်းထားပြီး သူ့မျက်လုံး ပတ်ပတ်လည်မှာတော့ မျက်နှာပြင်ပေါ်မှာ သန်းပေါင်းများစွာသော အစက်အပြောက်ငယ်လေးတွေ ရှိနေတဲ့ ဧရာမ မျက်မှန်အဝိုင်းကြီး တပ်ဆင်ထားတယ်။
သူ့နဖူးပေါ်မှာတော့ နယ်မြေတစ်ခုလုံးကို စကင်ဖတ် နေသလိုမျိုး အသာအယာ လှုပ်ရှားနေတဲ့ အနက်ရောင် အာရုံခံ အင်တင်နာ နှစ်ခု ရှိနေတယ်။
ပြီးတော့ သူ့ရဲ့ ဝတ်စုံအသစ်မှာ အထင်ရှားဆုံးနဲ့ အစွဲမက်ဆုံး အစိတ်အပိုင်းကတော့ သူ့ကျောပြင်က အမည်းရောင်နဲ့ အဖြူရောင် တောင်ပံတစ်စုံပဲ ဖြစ်လိမ့်မယ်။
သူ့ရဲ့ တောင်ပံတွေက သူ့လက်မောင်းတွေထက် ပိုမိုကြီးမားနေတာမို့ တောင်ပံပေါ်က မျက်လုံးပုံသဏ္ဍာန် ဒီဇိုင်းက သူ့ကို စိုက်ကြည့်မိတဲ့ ဘယ်သူ့ကိုမဆို ပိုပြီးတော့ ကြောက်ရွံ့ တုန်လှုပ်သွားစေတယ်။
တစ်ဖက်မှာလည်း လေလံပွဲရဲ့ အထက်မှာတော့ သခင်မကြီးလို့ ခေါ်ဝေါ်ကြတဲ့ အမျိုးသမီးက အဲလ်ရစ်ရဲ့ ပုံစံအသစ်ကို စိုက်ကြည့်ရင်း ပြုံးလိုက်တယ်။ "အခု မြင်နေရတဲ့အရာကတော့ ငါ့ရဲ့ ချစ်လှစွာသော ညီအစ်ကိုတို့ရေ... လူသားတွေဆီမှာ ရှိတဲ့ ဒီဗာ ကျင့်စဉ်ရဲ့ နောက်ထပ် အဆင့်တစ်ခုပဲ ဖြစ်တယ်။ အဲဒါကို သန္ဓေဝိညာဉ် အဆင့်လို့ ခေါ်တယ်"
* * * * * * * *
စာစဉ်(၅၃)