← Chapters

အခန်း ၆၂၈

Vol. 53 Ch. 628

အခန်း ၆၂၈

Vol. 53 Ch. 628

အခန်း(၆၂၈)

အဲလ်ရစ်ရဲ့ သန္ဓေဝိညာဉ်အဆင့် ကျင့်ကြံခြင်းစွမ်းအားနဲ့ဆိုရင်တော့ သူ့ရဲ့ ခွန်အားနဲ့ အရှိန်ကို ယှဉ်နိုင်မယ့်သူ ဘယ်သူမှ မရှိပါဘူး။

ဝိညာဉ်ဆီပုလင်းတွေကလည်း ဟိုဘက်ဒီဘက်မှာ အလုခံနေရပြီး သူ့ကို တားဆီးနိုင်မယ့်သူတစ်ယောက်မှ မရှိတော့ဘူး။

ပွဲကြည့်ပရိသတ်တွေရော... ဘာနာဘီ ကိုယ်တိုင်ပါ ဒီလေလံပွဲရဲ့ မလွှဲမရှောင်သာတဲ့ အဆုံးသတ်အတွက် ကြေညာချက်ထုတ်ဖို့ ပြင်ဆင်နေကြပါပြီ။

လိမ္မော်ရောင်ဆံပင်နဲ့ ရေလူသားမလေးတောင် စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချလိုက်မိတယ်။

"အာ... ငါကတော့ ဒီကောင်လေးကို တကယ်အားပေးခဲ့တာပါ။ ဒါပေမဲ့ လေလံပွဲကတော့ တကယ်ပဲ ပြီးဆုံးသွားခဲ့ပြီထင်ပါရဲ့။ သွားကြစို့" လို့ သူမက ပြောလိုက်တယ်။

သူမရဲ့ အချက်ပေးမှုနဲ့အတူ ရေလူသားတွေလည်း ဗွီအိုင်ပီအခန်းတွေထဲကနေ ထွက်ခွာဖို့ ပြင်ဆင်ကြတော့တယ်။

* * * * * * * *

ပါးစပ်ကနေ သွေးတွေ စီးကျနေပြီး ခြေထောက်တွေကလည်း တုန်ရီလို့ မတ်တပ်တောင် မရပ်နိုင်တော့တာမို့ မိုက်ကယ် ကိုယ်တိုင်လည်း ကျန်တဲ့ဝိညာဉ်ဆီပုလင်းတွေကို ဆုံးရှုံးရတော့မယ်ဆိုတာကို လက်ခံဖို့ ပြင်ဆင်နေရပါပြီ။

ဘာပဲဖြစ်ဖြစ် သူက သုံးပုလင်းတောင် ရထားခဲ့တာပဲဟာ။ ဒါက သူရဖို့တောင် မရည်ရွယ်ထားတဲ့ ဆုလာဘ်တစ်ခုပဲလေ။ သူက ဒီဝိညာဉ်ဆီပုလင်းတွေကို လုဖို့ နောက်ဆုံးမှ အခွင့်အရေးရတဲ့သူ ဖြစ်ပေမဲ့ လမ်းမှာ အခက်အခဲတွေ အများကြီးရှိနေတဲ့ကြားက သုံးပုလင်းတောင် ရခဲ့တာပဲ။

သူ ဒီလောက်နဲ့တင် ကျေနပ်သင့်လှပါပြီ။

ဒါပေမဲ့ သူ့ရင်ထဲက အရာတစ်ခုကတော့ အရှုံးမပေးချင်သေးဘူး။ အဲဒါက သူ့ခန္ဓာကိုယ်ကို လှုပ်ရှားဖို့နဲ့ သူ တကယ်ပဲ ရထိုက်တဲ့ အဲဒီဝိညာဉ်ဆီပုလင်းတွေကို သွားယူဖို့ ရင်ထဲကနေ တဒိန်းဒိန်း တွန်းအားပေးနေတုန်းပဲ။

| ငှဲ..ငှဲ..ငှဲ..ငှဲ…ငှဲ…. ဟုတ်တယ် မိုက်ကယ်။ လှုပ်ရှားစမ်း |

သူ့ရဲ့ စိတ်ကူးအာရုံကမ္ဘာထဲကို နစ်ဝင်သွားတဲ့အချိန်မှာပဲ... မည်းမှောင်နေတဲ့ အရိပ်တိမ်တိုက်တွေနဲ့ ဖုံးလွှမ်းနေတုန်းဖြစ်တဲ့ ဟာဘင်ဂျာရဲ့ ဧရာမပုံရိပ်ကြီးကို လှမ်းကြည့်လိုက်မိပြီး အချိန်တွေတောင် ရပ်တန့်သွားသလို ခံစားလိုက်ရတယ်။

| ဒါ မင်းရဲ့ အကန့်အသတ်ပဲလား။ မင်းထက် သန်မာတဲ့လူတစ်ယောက်ရဲ့ ရှေ့မှောက်မှာ အရှုံးကို ဒီအတိုင်းပဲ လက်ခံလိုက်တော့မှာလား |

သူတို့နှစ်ယောက်ကြားက ခွန်အားကွာခြားချက်က သိပ်ကို ကြီးမားလွန်းတာမို့ သူ လက်လျှော့လိုက်မယ်ဆိုရင်တောင် ဘယ်သူကမှ သူ့ရဲ့ ဆုံးဖြတ်ချက်ကို အပြစ်ပြောကြမှာ မဟုတ်ပါဘူး။ အဲလ်ရစ်ရဲ့ သန္ဓေဝိညာဉ်အဆင့် ကျင့်ကြံခြင်းဆိုတာက... တခြားလူတွေထက် အားသာချက်တွေ အများကြီး ရှိနေတဲ့ မိုက်ကယ်အတွက်တောင် ဖြတ်ကျော်ဖို့ မဖြစ်နိုင်တဲ့ အရာတစ်ခု ဖြစ်နေလို့ပါ။

သူ့ရဲ့ ကွမ်တမ်ခြေလှမ်း က အဲလ်ရစ်ရဲ့ ရှေ့မှာတော့ အေးအေးလူလူ လမ်းလျှောက်နေသလိုပဲ ဖြစ်နေပြီး သူ့ရဲ့ ကွမ်တမ်ဓားချက် ကလည်း ဘာမှမဟုတ်တဲ့ ကုတ်ခြစ်ရာလေးတစ်ခုလို ဖြစ်နေခဲ့တာပေါ့။

သူတို့ကြားက ကွာခြားချက်က သိသိသာသာကြီးကို ထင်ရှားလွန်းနေတယ်။

ဒါပေမဲ့လည်း မိုက်ကယ်ကတော့ အရှုံးမပေးချင်သေးဘူး။

သူ တိုက်ချင်သေးတယ်။ အဲဒီဝိညာဉ်ဆီပုလင်းတွေကိုလည်း ရအောင် ယူချင်သေးတယ်။

'ငါ့ကို ခွန်အားပေးပါ ဟာဘင်ဂျာ' လို့ သူက ရင်ထဲကနေ တောင်းပန်တိုးလျှိုးလိုက်မိတယ်။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဟာဘင်ဂျာက တိတ်ဆိတ်နေခဲ့တယ်။ သူက သာမန်ရုပ်ထုတစ်ခုလိုပဲ တည်ငြိမ်တဲ့ မျက်နှာထားနဲ့ မိုက်ကယ်ကို ငေးကြည့်နေရှာတယ်။

ဒီဗာတွေဆိုတာ လက်ညှိုးတစ်ချက် တောက်လိုက်ရုံနဲ့ အံ့ဖွယ်အမှုတွေကို ဖန်တီးပေးနိုင်တဲ့ အရာတွေ မဟုတ်ဘူးဆိုတာကို သိနေတာမို့ မိုက်ကယ် သက်ပြင်းပဲ ချလိုက်မိတော့တယ်။

သူ မျက်လုံးတွေကို ဖွင့်လိုက်တဲ့အခါမှာတော့ အဲလ်ရစ်က နောက်ထပ် ဝိညာဉ်ဆီတစ်ပုလင်းကို ထပ်ရသွားပြီး စုစုပေါင်း လေးပုလင်း ဖြစ်သွားတာကို မြင်လိုက်ရတယ်။

သူ့ရင်ထဲ အေးခနဲ ဖြစ်သွားပြီး အစကတည်းက သူပိုင်ဆိုင်တာမဟုတ်တဲ့ အရာတစ်ခုအပေါ်မှာ မနာလိုစိတ်တွေ တားမရဆီးမရ ဖြစ်လာရတယ်။

အဲဒီအချိန်မှာပဲ သူ့ခေါင်းထဲကို အတွေးတစ်ခု လျှပ်ခနဲ ဖြတ်ပြေးသွားခဲ့တယ်။

သူ့ရဲ့ ကွမ်တမ်ဓားချက် ကို အဲလ်ရစ်က လက်ဗလာနဲ့ ဖမ်းဆွဲလိုက်တုန်းက... သူနဲ့ အဲလ်ရစ်တို့ မျက်နှာချင်းဆိုင် ရင်ဆိုင်ခဲ့ရတဲ့ အချိန်ကို သွားသတိရမိလိုက်တာပါ။

အဲလ်ရစ်နဲ့ သိပ်ကို နီးကပ်တဲ့နေရာမှာ ရှိနေခဲ့တာမို့ အဲလ်ရစ်ရဲ့ ခန္ဓာကိုယ်ကနေ စီးထွက်လာတဲ့ တန်ခိုးစွမ်းရည်တွေကို သူ ခံစားမိခဲ့တာ ဖြစ်တယ်။

အဲဒီတုန်းက စိတ်လှုပ်ရှားစရာ အခြေအနေကြီးထဲမှာတင်... ဒီတန်ခိုးစွမ်းရည်တွေက အရင်က တစ်နေရာရာမှာ မြင်ဖူးသလိုလိုနဲ့ ထူးထူးဆန်းဆန်း ရင်းနှီးနေသလို သူ ခံစားခဲ့ရတယ်။

ဒါပေမဲ့ အခုအချိန်ကျမှပဲ အစအနတွေအားလုံး ဆက်စပ်မိသွားပြီး အမှန်တရားကို သူ သဘောပေါက်သွားခဲ့ပြီ။

သူ့ရဲ့ လက်ကောက်ဝတ်တွေကို သူ ပြန်ကြည့်လိုက်မိရင်း... သူကိုယ်တိုင်လည်း အဲ့ဒါကိုပဲ လုပ်နေခဲ့တာပဲဆိုတာ ရိပ်မိသွားတယ်။

အဲလ်ရစ်က သူ့ရဲ့ တန်ခိုးစွမ်းရည်ကို သုံးပြီး သူ့ရဲ့ ခန္ဓာကိုယ်ခွန်အားကို သာမန်လူသားတွေထက် ကျော်လွန်အောင် မြှင့်တင်နေခဲ့တာ ဖြစ်တယ်။

သူ့ရဲ့ ကွမ်တမ်ခြေလှမ်း နဲ့ ကွမ်တမ်ဓားချက် ကလည်း လောကအရှိတရားကို ပြောင်းလဲပစ်တာ မဟုတ်ဘဲ သူ့ခန္ဓာကိုယ်ရဲ့ အရှိတရားကို ပြောင်းလဲပစ်တာမို့ ကွက်တိပဲ တူညီနေခဲ့တာပေါ့။

ဟာဘင်ဂျာ သူ့ကို သင်ပေးခဲ့တဲ့ စွမ်းရည်တွေက... သန္ဓေဝိညာဉ်အဆင့် ကျင့်ကြံသူတွေသာ ထုတ်သုံးနိုင်တဲ့ အရာတွေပဲ ဖြစ်နေတယ်။

| ငှဲ..ငှဲ..ငှဲ..ငှဲ…ငှဲ…. မင်း နောက်ဆုံးတော့ သဘောပေါက်သွားပြီပေါ့။ တော်တော်လေးတော့ အချိန်ယူလိုက်ရတယ် |

သူ့ခေါင်းထဲမှာ ရှင်းခနဲ ဖြစ်သွားရတယ်။ ဒါကြောင့်မို့လည်း ဒီစွမ်းရည်တွေက တန်ခိုးစွမ်းရည်တွေ အများကြီး ကုန်ဆုံးရတာကိုး။ ဒါတွေက သူ နောက်ထပ် ဒီဗာကျင့်ကြံခြင်းရဲ့ နယ်ပယ်အသစ်ကို ရောက်တဲ့အခါမှ သုံးရမယ့် စွမ်းရည်တွေ ဖြစ်နေတာပဲ။

'မင်းက ငါ့နယ်ပယ်ထက် ကျော်လွန်တဲ့ အရာတွေကို သင်ပေးနေခဲ့တာလား။ ဒီလိုမျိုး လုပ်လို့ရလို့လား'

| ငါ မင်းကို ပြောဖူးသားပဲ။ ဒါက တခြား စိတ်ဝိညာဉ်မရှိတဲ့ ဒီဗာတွေအပေါ်မှာ ငါတို့ ရထားတဲ့ အားသာချက်ပဲလေ။ သူတို့က လမ်းကို ကိုယ်တိုင် ထိုးထွင်းရှာဖွေနေရတဲ့အချိန်မှာ... ငါက မင်းကို လမ်းပြပေးနေတာ။ ဒါပေမဲ့ မင်း ဒီစွမ်းရည်တွေကို ထုတ်သုံးနိုင်တာက ငါ့ကြောင့်ချည်းပဲတော့ မဟုတ်ပါဘူး။ ဒီစွမ်းရည်တွေကို ထုတ်သုံးဖို့ စွမ်းအင်တွေကို ဘယ်လို စုဆောင်းရမလဲဆိုတာကိုတော့ ငါ မင်းကို မသင်ပေးခဲ့ဘူး။ မင်းဘာသာမင်းပဲ ရှာဖွေတွေ့ရှိခဲ့တာ |

ဟာဘင်ဂျာရဲ့ သွန်သင်မှုတွေ ရှိနေရင်တောင်မှ... တန်ခိုးစွမ်းရည်ဘက်ထရီကို ဘယ်လို ဖန်တီးရမလဲဆိုတာကို သူသာ သဘောမပေါက်ခဲ့ရင် အရာအားလုံးက အလကား ဖြစ်သွားမှာပါ။

| မင်းက ခွန်အားကို လိုချင်တယ်ဆိုရင်... မင်းဘာသာမင်းပဲ ရအောင်ယူစမ်းပါ။ စဉ်းစားစမ်းပါ မိုက်ကယ်။ ဒီလိုမျိုး ဆန်းသစ်တီထွင်မှုတွေ၊ အောင်မြင်မှုတွေက... ဘယ်လိုအချိန်မျိုးမှာ ဖြစ်လာတတ်တာလဲ |

ဟာဘင်ဂျာရဲ့ စကားတွေကြောင့်... သူ့ရဲ့ တန်ခိုးစွမ်းရည်တွေ စတင် နိုးထလာခဲ့တဲ့ အချိန်တွေကို သူ ပြန်ပြီး အမှတ်ရမိသွားတယ်။

ခလုတ်စွမ်းရည်အတွက်ဆိုရင်... ဘလေဇဲလ်နဲ့ တိုက်ခိုက်တုန်းက အကျပ်အတည်းထဲ ရောက်သွားတဲ့ အချိန်ကျမှပဲ သူ့ရဲ့ ပထမဆုံးစွမ်းရည်က နိုးထလာခဲ့တာပါ။

ပြီးတော့ လေလံပွဲအတွင်းမှာလည်း... သူ့ရဲ့ ခလုတ်စွမ်းရည်ကို သုံးပြီး သဟဇာတဓား နဲ့ သဟဇာတလှောင်အိမ် တို့ကို ဘယ်လို ဖန်တီးရမလဲဆိုတာကို လေ့လာခဲ့ရပြန်တယ်။

ဘိုးနဲ့ တိုက်ခိုက်ပြီး သူမကို ရှုံးနိမ့်ခဲ့ရတာကလည်း... သူ့ရဲ့ ဒုတိယမြောက် တန်ခိုးစွမ်းရည်ဖြစ်တဲ့ နောက်ပြန်ရစ်တဲ့ခဲမဖြူတုံးကို နိုးထလာအောင် တွန်းအားပေးခဲ့တာ ဖြစ်တယ်။

ပြီးတော့ ဒီနောက်ဆုံး ပွဲစဉ်နှစ်ခုမှာလည်း... သူ့ထက် သုံး လေးဆင့်မက မြင့်တဲ့ မက်ဂ်နက်တစ်တွေကို ရင်ဆိုင်ခဲ့ရတာမို့ အသက်ရှင်ချင်ရင် အခြေအနေပေါ်မူတည်ပြီး စွမ်းရည်အသစ်တွေကို မဖြစ်ဖြစ်အောင် တီထွင်ပြီး လေ့လာခဲ့ရတာပါ။

ဒီအခြေအနေတွေအားလုံးရဲ့ တူညီတဲ့အချက်ကတော့... သူဟာ ထွက်ပေါက်မရှိတော့တဲ့ အရှုံးရဲ့ အစွန်းပဲ့ကြီးဆီကို တွန်းပို့ခံခဲ့ရတာပဲ ဖြစ်တယ်။ တကယ်လို့ သူ ပိုပြီး မသန်မာလာဘူးဆိုရင် ရှုံးနိမ့်သွားရုံတင်မကဘဲ အသက်အန္တရာယ်ပါ စိုးရိမ်ရမယ့် အချိန်မျိုးတွေပေါ့။

'လိုအပ်ချက်က ဆန်းသစ်တီထွင်မှုရဲ့ မိခင်ပဲ' လို့ သူ သဘောပေါက်သွားခဲ့ပြီ။

မည်းမှောင်နေတဲ့ မြူခိုးတွေရဲ့ အောက်က ဟာဘင်ဂျာရဲ့ နှုတ်ခမ်းတွေက တောက်ပတဲ့ အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့ရဲ့ မျက်နှာကို ခဏတာလောက် လင်းထိန်သွားစေတယ်။

| ကွက်တိပဲ။ မင်းကိုယ်မင်း ဒီမေးခွန်းကို ပြန်မေးကြည့်စမ်း။ လူသားတွေက ဘာဖြစ်လို့ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး မျိုးနွယ်စု ဖြစ်လာခဲ့တာလဲ |

| အဲဒါက သူတို့က တိုးတက်လာပြီး အခြေအနေနဲ့အညီ ပြောင်းလဲနိုင်ခဲ့ကြလို့ပဲ။ |

| လူသားတွေ တောရိုင်းထဲမှာ အသက်ရှင်ဖို့ အစားအစာ လိုအပ်လာတဲ့အခါ... လယ်ယာစိုက်ပျိုးရေးနဲ့ အစားအစာတွေကို ကိုယ်တိုင် ထုတ်လုပ်နိုင်မယ့် နည်းလမ်းကို ရှာဖွေခဲ့ကြတယ်။ |

| သဘာဝတရားကြီးက နေထိုင်ရ ခက်ခဲလာတဲ့အခါ... တောင်တွေကို ဖြိုပြီး မြို့ပြတွေ တည်ဆောက်ခဲ့ကြတယ်၊ ကောင်းကင်အထိ ရောက်နိုင်မယ့် အဆောက်အအုံတွေကို ဆောက်ခဲ့ကြတယ်။ သူတို့က လူ့အဖွဲ့အစည်းတွေကို တည်ထောင်ခဲ့ကြတာ။ |

| ပြီးတော့ သူတို့ရဲ့ နယ်မြေတွေက လူဦးရေ သိပ်ထူထပ်လာတဲ့အခါမှာလည်း... ခက်ခဲကြမ်းတမ်းတဲ့ ပင်လယ်ပြင်တွေကို ဖြတ်ကျော်ပြီး နယ်မြေအသစ်တွေကို သိမ်းပိုက်ခဲ့ကြပြန်တယ်။ |

| အဲဒီလောက်နဲ့တင် မလုံလောက်သေးတဲ့အခါကျတော့... စကြဝဠာထဲကို ခြေဆန့်ပြီး သူတို့ရဲ့ သေမျိုးကံကြမ္မာကိုပါ ကျော်လွန်သွားခဲ့ကြပြီ။ |

| အဲဒါက အနာဂတ်ရဲ့ အနှစ်သာရပဲ မိုက်ကယ်။ |

| ငါတို့ရဲ့ စွမ်းအားတွေက မလုံလောက်တော့တဲ့အခါ... ငါတို့ဘက်က အခြေအနေနဲ့အညီ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲရမယ်။ ငါတို့ ပြောင်းလဲရမယ်။ ပိုပြီး တော်လာရမယ်။ |

| ငါတို့က အနာဂတ်ရဲ့ နိမိတ်ဖတ်ကြားသူတွေပဲ။ |

မိုက်ကယ် မျက်လုံးတွေကို ဖွင့်လိုက်တဲ့အခါမှာတော့ သူ့ရဲ့ မျက်ဝန်းတွေထဲမှာ ရှင်းလင်းပြတ်သားပြီး သဘောပေါက်သွားတဲ့ အရိပ်အယောင်တွေ ပြည့်နှက်နေခဲ့ပါပြီ။

နောက်ဆုံးတော့ ဟာဘင်ဂျာက သူ့ထက် သိပ်ကို သန်မာတဲ့ မက်ဂ်နက်တစ်တွေနဲ့ ဘာဖြစ်လို့ ခဏခဏ တိုက်ခိုက်ခိုင်းနေခဲ့လဲဆိုတာကို သူ နားလည်သွားခဲ့ပြီ။ အဲဒါက သူ့ကို ပိုပြီး တော်လာအောင် တွန်းအားပေးနိုင်လိမ့်မယ်ဆိုတာကို ဟာဘင်ဂျာ သိနေခဲ့လို့ပဲ။ ပြီးတော့ သူလည်း တကယ်ပဲ ပိုတော်လာခဲ့တာပဲဟာ။

အခုအခြေအနေကလည်း ထပ်တူပါပဲ။

သူ မော့ကြည့်လိုက်တဲ့အခါမှာတော့ အဲလ်ရစ်က သူ့ရဲ့ နောက်ထပ် ပစ်မှတ်ဆီကို ရွှေ့လျားနေတာကို မြင်လိုက်ရတယ်။ သူက ငါးပုလင်းမြောက် ဝိညာဉ်ဆီပုလင်းကို ရသွားခဲ့ပြီဖြစ်ပြီး ခြောက်ပုလင်းမြောက်ကို ထပ်ယူဖို့ ပြင်နေတာပါ။

သူ့ရဲ့ လက်ရှိကျင့်ကြံခြင်း အဆင့်နဲ့ဆိုရင်တော့ အဲလ်ရစ်ကို ဘယ်လိုနည်းနဲ့မှ အနိုင်ယူနိုင်မယ့် လမ်း မမြင်ပါဘူး။

အရှိန်၊ ခွန်အား၊ စွမ်းရည်... ဘယ်အရာကိုမှ သူ မကျော်လွှားနိုင်ဘူး။

လောလောဆယ်မှာတော့ သူက ဘယ်လိုနည်းနဲ့မဆို အဘက်ဘက်ကနေ အပြတ်အသတ် အရေးနိမ့်နေတာ ဖြစ်တယ်။

ဒါပေမဲ့ အနာဂတ်မှာကော

သူက သူ့ရဲ့ အိတ်ကပ်ထဲကို လက်နှိုက်လိုက်ပြီး သိုလှောင်ခန်းထဲကနေ နောက်ပြန်ရစ်တဲ့ခဲမဖြူတုံးကို ထုတ်ယူလိုက်တယ်။

သူက ဘယ်ဘက်မှာ ကက်ဆက်တစ်ခုနဲ့ ညာဘက်မှာ တစ်ခု ပါရှိတဲ့ အဲဒီပစ္စည်းရဲ့ တည်ဆောက်ပုံကို ငေးကြည့်လိုက်မိတယ်။

ဘယ်ဘက်နေရာရဲ့ အပေါ်မှာတော့ သူ့ရဲ့ ပြောင်းပြန်စွမ်းရည်အတွက် ခလုတ်တစ်ခု ရှိနေခဲ့တာပေါ့။

ပြီးတော့ ညာဘက်ခွေလိပ်ရဲ့ အပေါ်မှာတော့... လုံးဝကို ဗလာဖြစ်နေခဲ့တာပါ။

အခုအချိန်အထိပေါ့။

လုံးဝ ခဲမဖြူနဲ့ သီးသန့်ပြုလုပ်ထားတဲ့ ခလုတ်အသစ်တစ်ခုက ဝုန်းခနဲ ပေါ်ထွက်လာခဲ့ပြီ။

သူက သွက်လက်တဲ့ လှုပ်ရှားမှုတစ်ခုနဲ့အတူ အဲဒီခလုတ်ကို ဖိနှိပ်လိုက်တော့တယ်။

ဂျောက်

* * * * * * * *

စာစဉ်(၅၃)

All Chapters