← Chapters

အခန်း ၆၂၉

Vol. 53 Ch. 629

အခန်း ၆၂၉

Vol. 53 Ch. 629

အခန်း(၆၂၉)

ခလုတ်ကို နှိပ်လိုက်တာနဲ့ တစ်ပြိုင်နက် သူ့နှလုံးခုန်နှုန်းက တစ်စက္ကန့်ကို အချက်တစ်ထောင်လောက်အထိ တိုးလာသလိုမျိုး ခံစားလိုက်ရတယ်။ သူ့ရဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေက အရှိန်မြှင့်အလုပ်လုပ်ပြီး အရင်ကထက် ပိုမိုပူပြင်းတောက်လောင်လို့ လာခဲ့ပြီ။

သူ့နှလုံးသားက အင်ဂျင်တစ်လုံးလို အလွန်အမင်း အလုပ်လုပ်နေတာမို့ မသက်မသာဖြစ်မှုကို ခံစားရင်း သူ့ရင်ဘတ်ကို သူ ဆုပ်ကိုင်ထားမိတယ်။

သူ့သွေးကြောတွေထဲမှာ ချော်ရည်တွေ စီးဆင်းနေသလိုမျိုး တစ်ကိုယ်လုံး ပူလောင်လာခဲ့တယ်။

သူ့ခန္ဓာကိုယ်ပတ်ပတ်လည်မှာ ရှိတဲ့ ရေမော်လီကျူးတွေက ချက်ချင်းပဲ အငွေ့ပျံပြီး ပွက်ပွက်ဆူလာတာမို့ သူ့အရေပြားကနေ ရေနွေးငွေ့တွေ ထွက်လာတော့တယ်။

သူ့ရဲ့ နုပျိုတဲ့ခန္ဓာကိုယ်က နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေကနေ ထွက်ပေါ်လာတဲ့ တန်ခိုးစွမ်းရည်ကို မခံနိုင်တော့ဘဲ ခန္ဓာကိုယ်ကို စတင်ဖျက်ဆီးလာနေပြီ။

ဒါကြောင့် သူ အသားကျအောင် လုပ်ရမယ်။

သူ့ခန္ဓာကိုယ်ထဲမှာ သွေးတွေက တစ်စက္ကန့်ကို အချက်တစ်ထောင်နှုန်းနဲ့ လှည့်ပတ်စီးဆင်းနေတာမို့ ဆဲလ်တွေကလည်း အရှိန်အဟုန်နဲ့ ထပ်ပွားလာကြတယ်။

သူ့ရဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေကနေ ထွက်လာတဲ့ တန်ခိုးစွမ်းရည်နဲ့ ပြင်းထန်တဲ့ ဖိအားတွေကြောင့် သူ့အရိုးတွေမှာ အသေးစိတ် အက်ကြောင်းလေးတွေ ဖြစ်ပေါ်လာခဲ့တယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ထဲက အရှိန်အဟုန်နဲ့ ထပ်ပွားနေတဲ့ ဆဲလ်တွေက အဲဒီအက်ကြောင်းတွေကို ချက်ချင်း ပြန်လည်ကုသပေးပြီး ပိုမိုသန်မာ၊ ပိုမိုကြီးမားကာ ပိုမိုကောင်းမွန်အောင် လုပ်ပေးလိုက်တယ်။

ဒီဖြစ်စဉ်က သူ့ရဲ့ အင်္ဂါအစိတ်အပိုင်း အားလုံးနဲ့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ တစ်ခုလုံးမှာ ဖြစ်ပျက်ခဲ့ပြီး အဟောင်းတွေကို ဖျက်ဆီးကာ ပိုမိုအဆင့်မြင့်တဲ့ ခန္ဓာကိုယ်အဖြစ် ကြီးထွားလာစေခဲ့တယ်။

ခဏအတွင်းမှာပဲ ခန္ဓာကိုယ်က အရှိန်အဟုန်နဲ့ ကြီးထွားမှုကို ခံစားလိုက်ရပြီး သူ့ရဲ့အရပ်ကလည်း တစ်လက်မချင်းစီ မြင့်တက်လာခဲ့တယ်။

သူ့မေးရိုးတွေက ပိုပြီး ပြတ်သားလာတယ်။ သူ့ရဲ့ ရွှေရောင်ဆံပင်တွေက နားရွက်ကို ကျော်လွန်ပြီး ရှည်ထွက်လာခဲ့သလို နုပျိုတဲ့ ကြွက်သားတွေကလည်း ရင့်ကျက်လာပြီး လူကြီးတစ်ယောက်ရဲ့ ပုံစံမျိုး ဖြစ်တည်လာခဲ့ပြီ။

သူ့ခန္ဓာကိုယ်က မျက်တောင်တခတ်အတွင်းမှာပဲ ငါးနှစ်လောက် အသက်ကြီးသွားပြီး အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့တယ်။

ရင့်ကျက်သွားတဲ့ ခန္ဓာကိုယ်နဲ့ဆိုရင်တော့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေက ဖန်တီးပေးတဲ့ တန်ခိုးစွမ်းရည် ဒဏ်ကို သူ နောက်ဆုံးမှာ ထိန်းချုပ်နိုင်ပြီပေါ့။

အပေါ်ကနေ ဒါကို လှမ်းကြည့်နေတဲ့လူတိုင်းက သူတို့မျက်စိရှေ့မှောက်မှာတင် မဖြစ်နိုင်တဲ့ အသွင်ပြောင်းလဲမှုကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရတာမို့ အံ့ဩတုန်လှုပ်ပြီး အသက်ရှူဖို့တောင် မေ့သွားကြရှာတယ်။

မိုက်ကယ်ရဲ့ ခန္ဓာကိုယ်ပတ်ပတ်လည်က ရေနွေးငွေ့တွေ လွင့်ပြယ်သွားတဲ့အခါမှာတော့ သူတို့အားလုံးရဲ့ အကြည့်က မိုက်ကယ်ဆီကို ရောက်သွားကြတော့တယ်။

သူတို့ သေချာသိကျွမ်းတဲ့ ကလေးဆန်ပြီး ချစ်စရာကောင်းတဲ့ မိုက်ကယ်လေးက အခုတော့ ကြွက်သားတွေနဲ့ ကျပ်ထုတ်နေတဲ့ အဝတ်အစားတွေကြားမှာ အရမ်းကို ဆွဲဆောင်မှုရှိတဲ့ ခန့်ချောကြီးတစ်ယောက် ဖြစ်နေခဲ့ပြီ။

သူတို့နဲ့ သက်တူရွယ်တူ ဖြစ်သွားတဲ့ မိုက်ကယ်ကို မြင်လိုက်ရတော့ ရိန်နာနဲ့ ဘိုးတို့ရဲ့ ပါးပြင်လေးတွေက ရှက်သွေးဖြာပြီး နီမြန်းသွားကြတယ်။

သူက... သူက အရမ်းချောတာပဲ။

ဒီအချိန်မှာပဲ မိုက်ကယ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရွှေရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး သူ့နှလုံးသားဆီကနေ တိုက်ရိုက်ထွက်ပေါ်လာတဲ့ စစ်မှန်တဲ့ တန်ခိုးစွမ်းရည်တွေနဲ့ ဖုံးလွှမ်းသွားခဲ့တယ်။

ဒီအချိန်မှာပဲ ဟာဘင်ဂျာရဲ့ လက်တွေက သူ့အပေါ်မှာ ပေါ်ထွက်လာခဲ့တာပါ။

ပြီးတော့ သူ့ရဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေက တန်ခိုးစွမ်းရည်တွေကို ပိုပြီး သွတ်သွင်းပေးလာတဲ့အခါ သူ့ခန္ဓာကိုယ်က ငြင်းပယ်ခြင်း မရှိတော့ဘူး။ ရေစုပ်ဂွမ်းလိုမျိုး အားလုံးကို စုပ်ယူလိုက်ပြီး ထွက်ပေါ်လာသမျှ စွမ်းအင်အားလုံးကို ထိန်းသိမ်းထားတာမို့ သူ့ရဲ့ ဒီဗာ ပုံရိပ်က ပိုပြီး ထင်ရှားလာကာ လက်တွေ့ဘဝထဲကို ပေါင်းစည်းလာသလိုမျိုး ဖြစ်လာခဲ့တယ်။

သူက လက်တွေကို မြှောက်လိုက်ပြီး ဟာဘင်ဂျာရဲ့ လက်တံတွေဆီကို ရွှေ့လိုက်တယ်။

စက်ရုပ်လက်မောင်းတွေက သူ့ခန္ဓာကိုယ်ဆီကို ဖြည်းဖြည်းချင်း ဆင်းသက်လာပြီး သူ့ရဲ့ လက်မောင်းတွေနဲ့ အံဝင်ခွင်ကျ ဖြစ်သွားတဲ့အထိ ဖောက်ထွက် ပေါင်းစည်းသွားခဲ့တယ်။

စတီးလ်သတ္တု ပခုံးစွပ်ကြီးတွေက သူ့အရေပြားပေါ်မှာ ကပ်ညှိသွားပြီး သူ့ခန္ဓာကိုယ်နဲ့ ထိတွေ့မိတာနဲ့ လက်တွေ့ပစ္စည်းတစ်ခုအနေနဲ့ အသွင်ပြောင်းလဲမှုကို အဆုံးသတ်လိုက်တယ်။

ဓာတုမျှင်တွေက သူ့ရဲ့ လက်မောင်းအထက်ပိုင်းမှာ ရက်လုပ်သွားပြီး လက်မောင်းရှေ့ကြွက်သားနဲ့ နောက်ကြွက်သားတွေကို ပုံဖော်ပေးလိုက်တယ်။

တောက်ပနေတဲ့ အဖြူရောင်အလင်းတန်းတွေက သူ့အရေပြားပေါ်မှာ လှုပ်ခတ်နေပြီး သူ့သွေးကြောတွေထဲမှာ ရှုပ်ထွေးပွေလီတဲ့ ပတ်လမ်းတွေ ရှိနေတာကို ဖျတ်ခနဲ မြင်တွေ့လိုက်ရတယ်။

အဲဒီနောက်မှာတော့ ရာဘာလို ရုန်းဆန့်နိုင်ပြီး သံမဏိလို မာကျောတဲ့ အမည်မသိသတ္တုတစ်ခုက သူ့တံတောင်ဆစ်အဆစ်တွေရဲ့ ပတ်ပတ်လည်မှာ ပုံပေါ်လာပြီး စက်ယန္တရားတွေကိုတော့ အောက်ထဲမှာ ဖုံးကွယ်ထားခဲ့တယ်။

ပြီးတော့ ပြောင်လက်နေတဲ့ သတ္တုကာကွယ်ရေးပစ္စည်းတွေက သူ့လက်ဖျံမှာ ကပ်ညှိသွားပြီး မျက်နှာပြင်ပေါ်မှာတော့ အမည်မသိ သင်္ကေတတွေက စခရင်တစ်ခုလို ဖျတ်ခနဲ ပေါ်လာတယ်။

နောက်ဆုံးမှာတော့ သူက စက်ရုပ်လက်တွေကို ဆုပ်ကိုင်လိုက်ပြီး လက်အိတ်တစ်ခုလိုမျိုး သူ့ပတ်ပတ်လည်မှာ ပုံပေါ်လာခဲ့တယ်။

သူ့လက်မောင်းရဲ့ လက်မတင်ရုံ နေရာတိုင်းက သတ္တုတစ်မျိုးမျိုးနဲ့ ဖုံးလွှမ်းသွားခဲ့ပြီး ချပ်ဝတ်တန်ဆာရဲ့ အောက်ဘက်မှာတော့ ဖျတ်ခနဲ လင်းလက်နေတဲ့ အလင်းတန်းတွေနဲ့ ရှုပ်ထွေးပွေလီတဲ့ စက်ယန္တရားတွေက တဝီဝီနဲ့ အလုပ်လုပ်နေကြတယ်။

နောက်ဆုံးတော့ သူက သူ့ရဲ့ ဒီဗာနဲ့ ပေါင်းစည်းသွားခဲ့ပြီ။

သူက မဖြစ်နိုင်တဲ့ အရာတစ်ခုကို အောင်မြင်အောင် လုပ်နိုင်ခဲ့တာပါ။ ဒါက သူ့ရဲ့ ကျင့်စဉ်လမ်းမှာ နောက်ထပ် အများကြီးကြာမှ ဖြစ်လာရမယ့်အရာ ဖြစ်တယ်။ သူက သူ့ဘဝရဲ့ အနာဂတ်အချိန်ကို အမြန်နှုန်းနဲ့ ကျော်ဖြတ်ပြီး သန္ဓေဝိညာဉ်အဆင့် ကျင့်စဉ်ကို ရရှိသွားတဲ့ အချိန်အထိ ရောက်သွားခဲ့တာပေါ့။

ပြီးတော့ သူ့ရဲ့ ဒီဗာနဲ့ ပေါင်းစည်းခြင်း ပြီးဆုံးသွားတဲ့အခါ သူ့ပတ်ပတ်လည်က ရွှေရောင်အလင်းတန်းက အပြင်ဘက်ကို ပေါက်ကွဲထွက်သွားပြီး ဗုံးတစ်လုံးလို ပြင်းထန်တဲ့ ရိုက်ခတ်မှုလှိုင်းကို ဖန်တီးလိုက်တယ်။

သူ့ခြေထောက်အောက်က မြေပြင်က ပြိုပျက်သွားပြီး လေထဲမှာ ဖုန်မှုန့်တွေအဖြစ် ပြောင်းလဲသွားခဲ့ရတယ်။

သူ့ပတ်ပတ်လည်က သစ်ပင်တွေကလည်း အမြစ်ကနေ ကျိုးပြတ်ကုန်ပြီး အပိုင်းအစပေါင်း ရာနဲ့ချီကာ လွင့်စင်သွားခဲ့တယ်။

လေထုက ပြင်းထန်တဲ့ လေမုန်တိုင်းတစ်ခုကို ဖန်တီးလိုက်တာမို့ အဲလ်ရစ်တောင်မှ လမ်းလျှောက်နေရင်းကနေ ရပ်တန့်သွားပြီး မိုက်ကယ်ဆီကို လှည့်ကြည့်လိုက်ရတယ်။

အဲလ်ရစ်ရဲ့ ပေါင်းစပ်လိပ်ပြာမျက်လုံးတွေက မိုက်ကယ်ဆီကို အာရုံစိုက်လိုက်ပြီး ဓာတ်မှန်ရိုက်သလိုမျိုး သူ့ခန္ဓာကိုယ်ကို ဖောက်ထွင်းကြည့်ကာ သူ့ရဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေထဲက ပုံမှန်မဟုတ်တဲ့ အခြေအနေကို မြင်သွားခဲ့တယ်။

အဲဒါက သူကိုယ်တိုင်မှာ ရှိတဲ့ စွမ်းအားမျိုးအတိုင်း ပြင်းထန်တဲ့ စွမ်းအားတွေကို ထုတ်လွှတ်နေတာပါ။

ရင့်ကျက်သွားတဲ့ မိုက်ကယ်ရဲ့ ခန္ဓာကိုယ်ကြောင့် အဲလ်ရစ်က အစပိုင်းမှာ စိတ်ရှုပ်ထွေးသွားပြီး တခြားလူတစ်ယောက်လို့ ထင်မှတ်နေခဲ့တာ။ ဒါပေမဲ့ သူ့ခေါင်းပေါ်က ရွှေရောင်ဆံပင်တွေကတော့ သူ့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို သေချာပေါက် သက်သေပြနေတယ်။

ဒါပေမဲ့ အဲဒါက သူ့ကို အံ့ဩစေတဲ့အရာ မဟုတ်ပါဘူး။

အဲလ်ရစ်ရဲ့ မျက်လုံးတွေက မိုက်ကယ်ရဲ့ ခန္ဓာကိုယ်ထဲမှာ တန်ခိုးစွမ်းရည်တွေ အများဆုံး စုစည်းနေတဲ့ နေရာဆီကို ရွှေ့ကြည့်လိုက်မိတယ်။

သူက မိုက်ကယ်ရဲ့ ပတ်ပတ်လည်မှာ ရှိတဲ့ စက်ရုပ်လက်မောင်းတွေကို သတိထားမိသွားပြီး သူ မြင်နေရတဲ့အရာကို သဘောပေါက်သွားတဲ့အခါ သူ့မျက်နှာက အံ့ဩတုန်လှုပ်မှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေအဖြစ် ပြောင်းလဲသွားတော့တယ်။

သူက သူ့ရဲ့ ဒီဗာနဲ့ ပေါင်းစည်းသွားတာပဲ။ ဒါက မပြည့်စုံသေးဘဲ လက်မောင်းတွေပဲ အပြည့်အဝ ပေါင်းစည်းရသေးတာပါ။ ဒါပေမဲ့ ဒါက မိုက်ကယ် အစောပိုင်းက ထုတ်ဖော်ပြသခဲ့တဲ့ ဒီဗာနဲ့ တစ်ပုံစံတည်း တူညီနေတာကတော့ လုံးဝ သံသယဖြစ်စရာ မရှိပါဘူး။

"မဖြစ်နိုင်တာ..." လို့ အဲလ်ရစ်က တိုးတိုးလေး ရေရွတ်လိုက်မိတယ်။

လေလံပွဲကနေ ကြည့်နေတဲ့ လူအုပ်ကြီးတောင်မှ သူတို့မျက်စိနဲ့ မြင်နေရတဲ့အရာကို မယုံကြည်နိုင်ဘဲ ဖြစ်နေကြတယ်။ ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၄ ပဲ ရှိသေးတဲ့ ကောင်လေး မိုက်ကယ်က အခုတော့ သူ့ရဲ့ ဒီဗာနဲ့ ပေါင်းစည်းနိုင်တဲ့ အပြည့်အဝ ရင့်ကျက်တဲ့ လူတစ်ယောက် ဖြစ်သွားခဲ့ပြီ။

လူတိုင်းက ဆွံ့အပြီး စကားမပြောနိုင်ကြတော့ဘူး။ ရေလူသား အမျိုးသမီးကြီးတောင်မှ သူမ မြင်နေရတဲ့အရာက အစစ်အမှန် ဟုတ်မဟုတ် သေချာအောင် နေရာကနေ ထရပ်ပြီး ကြည့်လိုက်ရတဲ့အထိပါပဲ။

"ဒါ မဖြစ်နိုင်ဘူး" လို့ အဲလ်ရစ်က မယုံကြည်နိုင်တဲ့ လေသံနဲ့ ရေရွတ်နေမိတယ်။

ဒီအချိန်မှာပဲ မိုက်ကယ်က မျက်လုံးတွေကို ဖွင့်လိုက်ပြီး တောက်ပတဲ့ အလင်းရောင်ကို ပြသလိုက်တယ်။

သူက အနည်းငယ် မာနဝင့်ကြွားပြီး ယုံကြည်ချက်အပြည့်နဲ့ ပြုံးလိုက်တယ်။

"ငါ့အတွက်တော့ ဘာမှ မဖြစ်နိုင်တာ မရှိဘူး"

| ငါ့အတွက်တော့ ဘာမှ မဖြစ်နိုင်တာ မရှိဘူး |

မိုက်ကယ်နဲ့ ဟာဘင်ဂျာတို့ရဲ့ အသံတွေက ပေါင်းစပ်သွားပြီး ပဲ့တင်ထပ်သံလိုမျိုး အသံနှစ်ထပ် ထွက်ပေါ်လာခဲ့တယ်။

အဲလ်ရစ်က အဲဒီအသံကို ကြားလိုက်ရတာနဲ့ တစ်ပြိုင်နက် သူ့ခေါင်းပေါ်က အာရုံခံအင်တင်နာ နှစ်ခုက မသက်မသာနဲ့ လှုပ်ခတ်သွားခဲ့တယ်။ ရှေ့မှာ အန္တရာယ် ရောက်လာတော့မယ်ဆိုတာကို သူ ခံစားလိုက်ရပြီ။

ရုတ်တရက် မိုက်ကယ်ရဲ့ စက်ရုပ်လက်တွေက လှုပ်ရှားမှုတွေနဲ့အတူ လှိုင်းထလာခဲ့တယ်။

တံတောင်ဆစ်တွေကို ဝန်းရံထားတဲ့ သတ္တုတွေက ပုံစံပြောင်းလဲသွားပြီး နာနိုမှုန်တွေက ဒုံးပျံတစ်ခုရဲ့ ခေါင်းဝပုံစံမျိုး ဖြစ်အောင် ပြန်လည်ဖွဲ့စည်းလိုက်ကြတယ်။

တံတောင်ဆစ်တွေက လိမ္မော်ရောင်အလင်းတန်းတွေနဲ့ တောက်ပလာပြီး ခေါင်းဝကနေ လေမှုတ်ထုတ်သံတွေ ထွက်ပေါ်လာကာ သူ့လက်မောင်းပတ်ပတ်လည်မှာ ပြင်းထန်တဲ့ အားလှိုင်းတစ်ခုကို ဖန်တီးလိုက်တာမို့ လေဟာနယ်ရဲ့ တည်ဆောက်ပုံကိုတောင် ကွေးညွတ်သွားစေခဲ့တယ်။

ဒါကတော့ ကွမ်တမ်ခြေလှမ်း ပဲ ဖြစ်တယ်။

မျက်တောင်တခတ်အတွင်းမှာပဲ မိုက်ကယ်က အဲလ်ရစ်ရဲ့ ပေါင်းစပ်မျက်လုံးတွေထဲကနေ ပျောက်ကွယ်သွားတာမို့ သူ့ကို အံ့ဩသွားစေခဲ့တယ်။ သူက စိတ်လှုပ်ရှားစွာနဲ့ ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုပြီးမှ အနီရောင်စင်မြင့်ပေါ်မှာ မိုက်ကယ်ကို ရှာတွေ့သွားခဲ့ပြီး မိုက်ကယ်ကတော့ လက်ထဲမှာ ဝိညာဉ်ဆီ ပုလင်းလေးတစ်လုံးကို ကိုင်ထားကာ သူ့ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်လိုက်ပြီ။

"ဒါနဲ့ဆို လေးလုံးရှိပြီ"

| ဒါနဲ့ဆို လေးလုံးရှိပြီ |

အဲလ်ရစ်ရဲ့ တောင်ပံတွေက ခတ်ခတ်လိုက်တာမို့ သူ့ပတ်ပတ်လည်မှာ လေပြင်းအနည်းငယ် ဖြစ်ပေါ်လာပြီး အဲဒါက ကြီးထွားလာကာ နောက်ဆုံးမှာတော့ စစ်မှန်တဲ့ တန်ခိုးစွမ်းရည်တွေ ပါဝင်နေတဲ့ ဧရာမ လေဆင်နှာမောင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့တယ်။

ခေါင်းပေါ်မှာ တိမ်တိုက်တွေက အုံ့မှိုင်းလာပြီး မိုးကြိုးတွေ ပစ်ခတ်ကာ လျှပ်စီးတွေက လေဆင်နှာမောင်းကို ထိမှန်ပြီး လျှပ်စစ်စွမ်းအင်တွေ ပိုမို အားဖြည့်ပေးလိုက်တယ်။

တောင်ပံကို တစ်ချက်တည်း ခတ်လိုက်ရုံနဲ့ အဲလ်ရစ်က ကြောက်မက်ဖွယ် ကပ်ဘေးတစ်ခုကို ဖန်တီးနိုင်ခဲ့တာပါ။ ဒါက သူ့ရဲ့ စွမ်းရည်ဖြစ်တဲ့ လိပ်ပြာအကျိုးသက်ရောက်မှု ပဲ ဖြစ်တယ်။

အဲလ်ရစ်က လေဆင်နှာမောင်းဆီကို ခုန်ဝင်လိုက်ပြီး သဘာဝဖြစ်စဉ်တွေရဲ့ ရှုပ်ထွေးမှုတွေနဲ့ စွမ်းအားတွေကို သူ့တစ်ကိုယ်လုံးမှာ အားဖြည့်လိုက်တယ်။

လက်ထဲမှာ ကြီးမားတဲ့ စွမ်းအားတွေကို ကိုင်စွဲပြီး အဲလ်ရစ်က မိုက်ကယ်ဆီကို ချက်ချင်းနီးပါး အရှိန်အဟုန်နဲ့ ပြေးဝင်တိုက်ခိုက်လိုက်တော့တယ်။

လက်ထဲက ဝိညာဉ်ဆီ ပုလင်းလေးကို ငေးကြည့်ပြီးတဲ့နောက် မိုက်ကယ်က သူ့မျက်နှာပေါ်မှာ မာနတက်နေတဲ့ အပြုံးတစ်ခုနဲ့ အဲလ်ရစ်ဆီကို အေးအေးလူလူ လှည့်ကြည့်လိုက်တယ်။

သူက သူ့ရဲ့ ညာဘက်လက်ကို ပေါ့ပေါ့ပါးပါးပဲ မြှောက်လိုက်တယ်။

"ရပ်လိုက်စမ်း"

| ရပ်လိုက်စမ်း |

ရုတ်တရက် အဲလ်ရစ်က နေရာတင်တင် ရပ်တန့်သွားခဲ့ပြီး သူ့ရဲ့ ပုံစံက လက်သီးနဲ့ ထိုးမယ့်ဟန်ပြင်နေဆဲ အနေအထား ဖြစ်ကာ သူ့လက်သီးက မိုက်ကယ်ရဲ့ မျက်နှာနဲ့ လက်မအနည်းငယ်အကွာတင် ရှိနေတော့တယ်။

* * * * * * * *

စာစဉ်(၅၃)

All Chapters