← Chapters

အခန်း ၆၃၀

Vol. 53 Ch. 630

အခန်း ၆၃၀

Vol. 53 Ch. 630

အခန်း(၆၃၀)

အဲလ်ရစ် ဟာ ကိုယ်ကိုလှုပ်လို့တောင် မရတော့တဲ့ အခြေအနေကို ရောက်သွားရရှာတယ်။ သူ့ခန္ဓာကိုယ်က လှုပ်ရှားဖို့ ငြင်းဆန်နေခဲ့ပြီလေ။ သူ့ရင်ထဲက ဒီဗာ ဟာလည်း ကြောက်လန့်တကြားနဲ့ တုန်ရီနေတာကို သူ ခံစားနေရပြီး မိုက်ကယ် ရဲ့ အသံကို ကြားရရုံနဲ့တင် လန့်ဖျပ်ပြီး နောက်ဆုတ်သွားသလိုပါပဲ။

မိုက်ကယ် က ဝိညာဉ်ဆီ ပုလင်းတွေဆီကိုပဲ သူ့ရဲ့ အာရုံကို ပြန်လှည့်လိုက်တယ်။

သူက အနီရောင်စင်မြင့်ပေါ်က ကျောက်တိုင်တွေကို တစ်တိုင်ပြီးတစ်တိုင် လိုက်လံထိတွေ့လိုက်တယ်။

သူ့အတွက် ပဉ္စမမြောက်၊ ဆဋ္ဌမမြောက်၊ သတ္တမမြောက် ဝိညာဉ်ဆီတွေကို ရရှိသွားခဲ့ပြီး ဆက်တိုက်ဆိုသလို ယူနေခဲ့တော့တယ်။

စင်မြင့်ပေါ်မှာ ကျန်ရှိနေသေးတဲ့ ဝိညာဉ်ဆီ တစ်စက်မကျန်ကို မိုက်ကယ် တစ်ယောက်တည်း အပိုင်ရယူနေတာကို အဲလ်ရစ် ဟာ ဘာမှမတတ်နိုင်ဘဲ ဒီအတိုင်း ငေးကြည့်နေရုံကလွဲလို့ ဘာမှမလုပ်နိုင်ရှာဘူး။

မိုက်ကယ် က နောက်ဆုံး ဝိညာဉ်ဆီပုလင်းကို ထိလိုက်တဲ့အချိန်မှာပဲ ကောင်းကင်ယံအထက်ဆီကနေ နောက်ဆုံး အလင်းတန်းတစ်ခုက ဖြာကျလာပြီး သူ့လက်ထဲက ဝိညာဉ်ဆီ စက်ကလေးကို လင်းထိန်သွားစေခဲ့တယ်။

သူ လုပ်နိုင်သွားခဲ့ပြီ။

နောက်ဆုံးတော့ ဆယ်စက်စလုံးကို သူ အပြည့်အစုံ ရသွားခဲ့ပြီလေ။

အလုပ်ပြီးမြောက်သွားတာနဲ့အမျှ မိုက်ကယ် ရဲ့ ရင်ဘတ်ထဲက နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေရဲ့ လည်ပတ်မှုက နှေးကွေးသွားတော့တယ်။ သူ့လက်မောင်းတွေ ပတ်ပတ်လည်က စက်မှုချပ်ဝတ်တန်ဆာတွေကလည်း တဖြည်းဖြည်း ပုံရိပ်ယောင်တွေအဖြစ် ပြောင်းလဲသွားပြီး လေထဲမှာ ပျောက်ကွယ်သွားခဲ့ရပြီ။

သူ့ခန္ဓာကိုယ်ကလည်း အရှိန်အဟုန်နဲ့ အေးစက်လာပြီး တစ်ကိုယ်လုံးက အရေပြားတွေပေါ်မှာ နှင်းခဲတွေ ဖုံးလွှမ်းလာခဲ့တယ်။

သူ့ရဲ့ ကြွက်သားတွေက ကျုံ့ဝင်သွားပြီး အရိုးတွေကလည်း ပမာဏသေးငယ်သွားကာ အသစ်ပြန်လည် ဖြစ်တည်လာခဲ့တဲ့ ဆဲလ်အမြောက်အမြားကလည်း တစ်ခုချင်းစီ မူလအခြေအနေကို ပြန်ရောက်သွားကြတော့တယ်။

စက္ကန့်ပိုင်းအတွင်းမှာပဲ သူ့ခန္ဓာကိုယ်က အသက် ၁၃ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ ဆယ်ကျော်သက်အရွယ်အစားကို ပြန်ပြောင်းသွားခဲ့ရပြီ။

သူ့ကိုယ်သူ အနာဂတ်အခြေအနေအထိ တွန်းပို့ခဲ့ရတာမို့ သူ့ရဲ့ ခန္ဓာကိုယ်၊ စိတ်နဲ့ ဝိညာဉ်တို့အပေါ်မှာ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်သွားစေခဲ့တယ်။

သူ ခြေထောက်တွေ မခိုင်တော့ဘဲ ဒူးထောက်ကျသွားပြီး မြေပြင်ပေါ်ကို လဲပြိုသွားခဲ့ရတော့တယ်။

နောက်ဆုံးတော့ လေလံပွဲက ပြီးဆုံးသွားခဲ့ပြီ။

ဂိမ်းပွဲစဉ်ကြီး ပြီးဆုံးသွားခဲ့တာတောင်မှ ဘယ်သူကမှ မလှုပ်ရှားရဲကြသေးဘူး။ သူတို့အားလုံးက မိုက်ကယ် ဆီကိုပဲ အာရုံစိုက်ပြီး ငေးမောကြည့်နေကြတုန်းပဲ။

သူတို့ မြင်လိုက်ရတဲ့အရာက နားလည်ရခက်လွန်းလှတယ်။ အဲဒါက လက်တွေ့ကမ္ဘာမှာတင်မကဘဲ စိတ်ကူးစိတ်သန်းထဲမှာတောင် ရှိမနေနိုင်တဲ့ အရာမျိုးလေ။

တကယ်လို့ မနေ့ကသာ တစ်ယောက်ယောက်က အဆင့် ၄ ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ် က မက်ဂ်နက်တစ် ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့ ဒီဗာ နဲ့ ပေါင်းစည်းပြီး ပွဲမှာ အနိုင်ရလိမ့်မယ်လို့ လာပြောရင် သူတို့ ဂရုစိုက်ကြမှာ မဟုတ်သလို စိတ်ကူးထဲတောင် ထည့်ကြမှာ မဟုတ်ပါဘူး။

ပွဲကနေ စောစောစီးစီး ထွက်သွားခဲ့ရတဲ့ အဲရစ် ၊ ဘော်ဘီ နဲ့ ပေါ့တ်ဘိုးလ် တို့ဟာလည်း ထိတ်လန့်တုန်လှုပ်စွာနဲ့ မိုက်ကယ် ကို လှမ်းကြည့်နေကြတယ်။ သူတို့က ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၉ ကို ရောက်နေကြပြီဆိုပေမဲ့ သူတို့ရဲ့ ဒီဗာ တွေနဲ့ ပေါင်းစည်းဖို့ဆိုတာ အဝေးကြီး လိုပါသေးတယ်ဆိုတာကို ကောင်းကောင်းကြီး သိနေကြလို့ပဲ။

ဒါပေမဲ့ သူကတော့ လုပ်ပြသွားနိုင်ခဲ့ပြီ။ မပြည့်စုံသေးဘူးဆိုရင်တောင် သူ တကယ် လုပ်ပြသွားခဲ့တာ။

ဒီဗာကျင့်စဉ် နဲ့ စွမ်းရည် ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေလို့ ဆိုကြတဲ့လူတွေတောင်မှ သူတို့ အခုလေးတင် မြင်လိုက်ရတဲ့ အရာအတွက် ဘာအဖြေမှ မပေးနိုင်ကြတော့ဘူး။ ဒါက မဖြစ်နိုင်ဘူးလို့ သတ်မှတ်ထားရမယ့် အရာမျိုးလေ။

မိုက်ကယ် ရဲ့ ပျံသန်းနိုင်တဲ့ မီသရယ် မှော်ဝင်ပစ္စည်း လက်နက်တွေကနေစလို့ လက်တွေ့ကမ္ဘာရဲ့ နိယာမတွေကို ဆန့်ကျင်နေတဲ့ တန်ခိုးစွမ်းအားတွေအထိ မိုက်ကယ် ပတ်ပတ်လည်က အရာအားလုံးက မဖြစ်နိုင်တာတွေချည်းပါပဲ။

ဘာနာဘီ ကိုယ်တိုင်လည်း မိုက်ကယ် လုပ်ပြသွားတဲ့ အရာကြောင့် အကြီးအကျယ် ဆွံ့အလို့ နေတုန်းပဲ။ တခြားလူတွေလိုပဲ သူလည်း မှော်ကမ္ဘာငယ်လေး ကို ကြည့်ပြီး အူကြောင်ကြောင် ဖြစ်နေခဲ့တာ၊ ပွဲက တရားဝင် ပြီးဆုံးသွားခဲ့ပြီဆိုတာ သိနေရင်တောင် ဘာဆက်လုပ်ရမှန်း မသိဘဲ ဖြစ်နေရှာတယ်။

"လူကြီးမင်းအပေါင်းတို့... ပွဲစဉ်ကတော့... ပြီးဆုံးသွားခဲ့ပါပြီ" လို့ သူက မယုံနိုင်သေးတဲ့ လေသံနဲ့ တိုးတိုးလေး ရေရွတ်လိုက်မိတယ်။

မိုက်ကယ် နဲ့ အဲလ်ရစ် နှစ်ယောက်စလုံး မှော်ကမ္ဘာငယ်လေး ထဲကနေ အပြင်ကို တယ်လီပို့နဲ့ ရောက်လာကြတော့မှပဲ ဘာနာဘီ တစ်ယောက် လက်တွေ့အခြေအနေကို သဘောပေါက်သွားတော့တယ်။

မိုက်ကယ် နိုင်သွားပြီ။ သူက အဲလ်ရစ် ကိုရော၊ မက်ထရိုပိုလစ် ရဲ့ တခြား အင်အားကြီးအဖွဲ့အစည်းတွေ အားလုံးကိုပါ အနိုင်ယူသွားခဲ့တာ။

သူက ၁၅ စက်ထဲကနေ ၁၀ စက်အထိ ရရှိသွားခဲ့တာဖြစ်ပြီး သူ့အသင်းမှာ သူတစ်ယောက်တည်းပဲ ရှိခဲ့တာလေ။ ပြီးတော့ သူက ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၄ မှာပဲ ရှိသေးတယ်ဆိုတာကိုလည်း ထည့်ပြောရဦးမယ်။

သူက ချက်ချင်းပဲ သူ့ရဲ့ အတော်ဆုံး ဆရာဝန်တွေနဲ့ မှော်ဆေးပညာရှင်တွေကို မိုက်ကယ် ရဲ့ ပြန်လည်ကုသရေးအပိုင်းကို ကြည့်ရှုစောင့်ရှောက်ဖို့ စေလွှတ်လိုက်တယ်။

ကောင်လေးက အသက်ရှူမှန်နေသေးတာမို့ တိုက်ပွဲကြောင့် လုံးဝ ခြေကုန်လက်ပန်းကျသွားတာပဲ ဖြစ်လိမ့်မယ်။ သူ ရရှိခဲ့တဲ့ အောင်မြင်မှုကို ရဖို့အတွက် သူ့ကိုယ်သူ ဘယ်လောက်တောင် အတင်းအကျပ် တွန်းအားပေးခဲ့ရမလဲဆိုတာ စဉ်းစားကြည့်ရင် ဒါဟာ အံ့ဖွယ်အမှုတစ်ခုပဲလို့ ဘာနာဘီ က သတ်မှတ်လိုက်တယ်။

"ဒီညရဲ့ ဝိညာဉ်ဆီ ပုလင်းတွေအတွက် ဂိမ်းပွဲစဉ်ရဲ့ ရလဒ်ကတော့ ထွက်ပေါ်လာခဲ့ပါပြီ။ စုစုပေါင်း ဝိညာဉ်ဆီ ငါးစက်ကို ရရှိသွားခဲ့တဲ့ အဲလ်ရစ် နဲ့ ဂီလ်ဒါရန် ကုမ္ပဏီကို လက်ခုပ်တီးပေးလိုက်ကြပါဦး။ ဒါက လေလံပွဲကို မစတင်ခင်ကတည်းက ကျွန်တော်တို့ မျှော်လင့်ထားခဲ့တဲ့ ရလဒ်ပါပဲ။

ဒါပေမဲ့ ဒီညရဲ့ လေလံပြိုင်ပွဲမှာ အားလုံးကို အနိုင်ရရှိသွားတဲ့ အလုံးစုံသော အောင်နိုင်သူကတော့ ဒီလေလံပွဲမတိုင်ခင်အထိ ခင်ဗျားတို့တစ်ခါမှ မကြားဖူးလောက်သေးတဲ့ လူတစ်ယောက်ဖြစ်မယ်လို့ ကျွန်တော် လောင်းကြေးထပ်ရဲပါတယ်။ သူကတော့ မှော်ပညာ၊ ကျင့်စဉ်ပိုင်း၊ ပြီးတော့ တီထွင်ဆန်းသစ်မှုပိုင်းမှာပါ ထူးခြားလှတဲ့ ပါရမီကို ပြသသွားခဲ့သူ ဖြစ်ပါတယ်။

အမျိုးသမီးများနှင့် အမျိုးသားအပေါင်းတို့... ရီနေးတား ကုမ္ပဏီရဲ့ ပိုင်ရှင်၊ မော်တော်ကားတွေကို တီထွင်ဆန်းသစ်ခဲ့သူ၊ ပြီးတော့ မက်ထရိုပိုလစ် တစ်မြို့လုံးရဲ့ လတ်တလော စိတ်ဝင်စားမှုကို ခံနေရတဲ့သူကို အားလုံးပဲ လက်ခုပ်တီးပြီး ကြိုဆိုပေးလိုက်ကြပါဦး… မိုက်ကယ် ဗန်ဒါဘစ် ပါ"

ဘာနာဘီ ရဲ့ ကြေညာချက်က နောက်ဆုံးတော့ အားလုံးရဲ့ မှင်တက်နေမှုကို ရိုက်ခွဲလိုက်သလို ဖြစ်သွားပြီး လေလံပွဲဆီကို အာရုံပြန်ရောက်လာစေခဲ့တယ်။

သူ့ရဲ့ မိန့်ခွန်းထဲက အချက်အချို့က သူတို့ရဲ့ နားထဲမှာ ကန့်လန့်ကြီး ဖြစ်သွားစေခဲ့တာပေါ့။

"ငါ ကြားလိုက်တာ မှန်ရဲ့လား။ သူ... သူက မော်တော်ကားတွေကို တီထွင်ခဲ့တဲ့လူ ဟုတ်လား"

ဒီအချက်က ပရိသတ်တွေကြားထဲမှာ စကားပြောစရာတွေနဲ့ အခြေအတင် ဆွေးနွေးမှုတွေကို တော်တော်လေး ဖြစ်ပွားစေခဲ့တယ်။

အခုအချိန်မှာ အားလုံးက သယ်ယူပို့ဆောင်ရေးရဲ့ အနာဂတ်လို့ သတ်မှတ်ထားကြတဲ့ မော်တော်ကားတွေကို မိုက်ကယ် နဲ့ ရီနေးတား ကုမ္ပဏီက တီထွင်ခဲ့တာ ဖြစ်နေလို့ပဲလေ။

"ဒါကြောင့်မို့လည်း သူက ဒီလောက် ငွေတွေ အများကြီး ရှိနေတာကိုး"

အင်အားကြီးအဖွဲ့အစည်းတွေကိုတောင် ယှဉ်နိုင်တဲ့ မိုက်ကယ် ရဲ့ ချမ်းသာကြွယ်ဝမှုက လူတွေကြားထဲမှာ အတော်လေး ငြင်းခုံစရာ ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ အခုတော့ အမှန်တရားက ထွက်ပေါ်လာခဲ့ပြီလေ။

မကြာခင်မှာပဲ အကြောင်းအရာတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်မိသွားကြတော့တယ်။

သူက မော်တော်ကားတွေကို ပိုင်ဆိုင်ထားတာမို့ မြို့စားကတော် က သူ့ကို သဘောကျလွန်းလို့ သူမရဲ့ အနက်ရောင် မက်ဒယ်လီယွန် ကိုတောင် ပေးခဲ့တာ ဖြစ်လိမ့်မယ်။

သူက မော်တော်ကားတွေကို ပိုင်ဆိုင်ထားတာမို့ ဘာနာဘီ ကလည်း လေလံပွဲမှာ သူ့ကို ဗွီအိုင်ပီ သီးသန့်ခန်းတွေထဲက တစ်ခန်း ပေးခဲ့တာ ဖြစ်မှာပေါ့။

"တကယ်လို့ သူတို့သာ မက်ထရိုပိုလစ် မှာ မော်တော်ကားတွေကို စတင်ရောင်းချလာရင်... အနာဂတ်မှာ ရီနေးတား ကုမ္ပဏီဟာ အင်အားကြီးအဖွဲ့အစည်းတွေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ ငါ တကယ် ထင်တယ်"

မိုက်ကယ် ဟာ အဆင့်သတ်မှတ်ချက်တွေထဲက ထိပ်တန်းနေရာတစ်ခုနဲ့ ထိုက်တန်တဲ့ ခွန်အားနဲ့ တန်ခိုးကို ပြသသွားခဲ့ပြီ။ သူက ဘိုး နဲ့ ရိုင်းဇင်းဆစ် ကို အနိုင်ယူခဲ့တာမို့ ထိပ်ဆုံးနေရာမှာ သူမရဲ့နေရာကို သူ အစားထိုးရမှာ ဖြစ်တယ်။

အဆင့်သတ်မှတ်ချက်တစ်ခုမှာ ခွန်အားတစ်ခုတည်းကပဲ အဆုံးအဖြတ်ပေးတာ မဟုတ်တာမို့ သူက အဲဒီနေရာနဲ့ ထိုက်တန်ရဲ့လားဆိုတာကို သံသယဝင်နေကြသူတွေ ရှိနေသေးပေမဲ့ ဒီအချက်ကို သိလိုက်ရတဲ့အခါမှာတော့ အားလုံး ပြောင်းလဲသွားခဲ့ရပြီ။

သူက အဲဒီအဆင့်သတ်မှတ်ချက်နဲ့ ထိုက်တန်ပါတယ်၊ အထူးသဖြင့် ဒီပွဲစဉ်မှာ သူ ပြသသွားခဲ့တဲ့ အရာတွေနဲ့ဆိုရင် ပိုလို့တောင် ထိုက်တန်သေးတာပေါ့။

ပြီးတော့ မိုက်ကယ် ရဲ့ မျိုးရိုးနာမည်ကို အားလုံး သိလိုက်ရတဲ့အခါမှာတော့ အင်အားကြီးအဖွဲ့အစည်းတွေထဲက သူတို့ရဲ့ ကံကြမ္မာက ပိုပြီးတော့တောင် အံဝင်ခွင်ကျ ဖြစ်သွားသလိုပါပဲ။

"သူက ဗန်ဒါဘစ် တစ်ယောက်ပဲ..."

မကောင်းတဲ့ အခြေအနေတွေကြောင့် ဗန်ဒါဘစ် ဆိုတဲ့ နာမည်က မက်ထရိုပိုလစ် မှာ သိက္ခာကျခဲ့ရတာပါ။ အရင်တုန်းကလို ဂုဏ်သိက္ခာရှိတဲ့ အခေါ်အဝေါ်မျိုး မဟုတ်တော့ဘဲ ခြင်္သေ့ကြီး အိုင်းဇ် ဗန်ဒါဘစ် ရဲ့ ပါရမီတွေက သူ့ရဲ့ မျိုးဆက်တွေဆီ စီးဆင်းမလာခဲ့ဘူးလို့ လူအများက ထင်နေကြတာ။

ဒါပေမဲ့ မိုက်ကယ် ရဲ့ တည်ရှိမှုက အဲဒီအချက်ကို မှားယွင်းကြောင်း သက်သေပြလိုက်ပြီလေ။

ဒီလောက် ငယ်ရွယ်တဲ့ အသက်အရွယ်နဲ့ ထူးချွန်လှတဲ့ ပါရမီတွေ ရှိနေတာမို့ သူဟာ ဗန်ဒါဘစ် နာမည်ကို ထိပ်ဆုံးကို ပြန်လည် ပို့ဆောင်ပေးမယ့် ကံကြမ္မာ ပါလာခဲ့ပုံပါပဲ။

* * * * * * * *

တစ်ဖက်မှာတော့ ရေလူသား တွေရဲ့ ဗွီအိုင်ပီ သီးသန့်ခန်းထဲမှာတော့ ဆံပင်အနီရောင်နဲ့ ရေလူသား မလေးဟာ မှန်ကနေတစ်ဆင့် လှမ်းကြည့်ရင်း မိုက်ကယ် ကို နောက်ကွယ်က စင်မြင့်ဆီ ခေါ်ဆောင်သွားတာကို စောင့်ကြည့်နေခဲ့တယ်။

သူမရဲ့ မျက်လုံးတွေထဲမှာ စိတ်လှုပ်ရှားမှုတွေနဲ့ အားကျမြတ်နိုးမှုတွေ ပြည့်နှက်နေခဲ့တာပေါ့။

"ငါ သူနဲ့ တွေ့ရမယ်" လို့ သူမက အော်လိုက်မိတယ်။

သူမဘေးနားက ရေလူသား တွေကတော့ သူမရဲ့ ဆုံးဖြတ်ချက်ကို ချက်ချင်းပဲ ငြင်းဆန်ကြတယ်။

"သခင်မလေး... ကျွန်တော်တို့မှာ ဒီလို အရေးမပါတဲ့ ကိစ္စတွေအတွက် အချိန်မရှိပါဘူးဗျာ"

ရေလူသား မလေးက ချက်ချင်းပဲ ပြန်လည် ကန့်ကွက်လိုက်တယ်။ "နင်တို့ နားမလည်ပါဘူး။ ဒီလူက ထူးခြားတယ်။ သူက တခြားလူတွေနဲ့ မတူဘူး"

သူမရဲ့ ရေလူသား အစေခံတွေဟာ သူတို့အခုလေးတင် မြင်လိုက်ရတဲ့ အရာကို ဘာမှ သဘောမပေါက်ဘဲ အူကြောင်ကြောင် ဖြစ်နေကြတာကို မြင်တော့ သူမ ပိုပြီး စိတ်တိုလာရတယ်။

သူတို့က လူသားတွေရဲ့ ကျင့်စဉ်ပိုင်းကို လုံးဝ နားမလည်ကြတာမို့ မိုက်ကယ် လုပ်ပြသွားခဲ့တဲ့ အရာရဲ့ အရေးပါမှုကို မသိကြတာလည်း ဖြစ်ပါတယ်။

"သခင်မလေးရဲ့ ဖခင်က ဒီမစ်ရှင်ကို အပ်နှံထားတယ်ဆိုတာကို ကျွန်တော် သတိပေးပါရစေခင်ဗျာ။ ကျွန်တော်တို့ ပစ်ဇီ ဘုရင်မကို ရှာရပါမယ်။ အချိန်ထပ်ပြီး မဖြုန်းနိုင်တော့ပါဘူး"

ရေလူသား မလေးက သူမရဲ့ စိတ်ပျက်မှုတွေကို မထိန်းနိုင်ဘဲ နှုတ်ခမ်းကို ကိုက်လိုက်မိတယ်။ ကုန်းပေါ်ကကမ္ဘာမှာ သူမရဲ့ မစ်ရှင်က သိပ်ကို အရေးကြီးတဲ့ အချိန်ကို ရောက်နေတဲ့အချိန်နဲ့ မိုက်ကယ် ကို တွေ့ရတဲ့အချိန်က တိုက်ဆိုင်နေရတာမို့ သူမရဲ့ ကံကြမ္မာကိုသာ စိတ်ထဲကနေ ကျိန်ဆဲနေမိတော့တယ်။

* * * * * * * *

စာစဉ်(၅၃)

All Chapters