အခန်း ၆၃၁
Vol. 53 Ch. 631
အခန်း(၆၃၁)
နောက်ဆုံးပွဲစဉ်ကြီး ပြီးဆုံးသွားတာနဲ့တစ်ပြိုင်နက် လေလံပွဲရဲ့ ညစာစားပွဲနဲ့ ပါတီအစီအစဉ်ကို မကြာခင်မှာ စတင်တော့မယ်လို့ ဘာနာဘီစတင်ဆင်က ကြေညာလိုက်တော့တယ်။
အောင်မြင်ကျော်ကြားတဲ့ လေလံပွဲတွေ ပြီးဆုံးသွားတိုင်းမှာ ကုမ္ပဏီတွေနဲ့ လူအုပ်ကြီးကြားထဲ အချင်းချင်း ရင်းနှီးပွင့်လင်းစွာ ပေါင်းသင်းဆက်ဆံဖို့၊ အောင်ပွဲတွေကို အတူတူ ဆင်နွှဲဖို့ ဒါမှမဟုတ် စီးပွားရေးအခွင့်အလမ်းတွေကို ဆွေးနွေးတိုင်ပင်နိုင်ဖို့အတွက် နှစ်စဉ်နှစ်တိုင်း ဒီလိုပါတီမျိုးကို ကျင်းပလေ့ ရှိတာပဲ။
တကယ်တော့လည်း ဒီပြိုင်ပွဲတွေ ကျင်းပရတဲ့ ရည်ရွယ်ချက်ထဲကတစ်ခုက အလားအလာရှိတဲ့ ဖောက်သည်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ကိုယ့်ရဲ့ အရည်အချင်းနဲ့ စွမ်းဆောင်ရည်ကို ထုတ်ပြဖို့အတွက် ဖြစ်တာကိုး။ ဒါကြောင့်မို့လို့လည်း တက်သစ်စ ကုမ္ပဏီတော်တော်များများက သူတို့ရဲ့ တန်ဖိုးကို သက်သေပြဖို့အတွက် အားခဲထားကြတာပေါ့။
ပါတီပွဲထဲမှာ မြို့စားကတော် ရီဂျီနာနဲ့ တော်ဝင်မိသားစုဝင်တွေအပြင်၊ မှော်မျှော်စင်သခင်နဲ့ ပေါ့တ်ဘိုးလ်ကို ခုလို သားရဲတစ်ကောင်လို သန်မာလာအောင် လေ့ကျင့်ပေးခဲ့တဲ့ ကောင်းကင်ဘုံစစ်သည်တော် ခရူဂါ အစရှိတဲ့ တခြားအရေးပါတဲ့ လူကူးလူသန်း အထက်တန်းလွှာတွေလည်း အစုံအလင် တက်ရောက်နေကြတယ်။
ဒါပေမဲ့ ဒီလို အရေးကြီးပုဂ္ဂိုလ်တွေ စုံစုံလင်လင် ရှိနေတဲ့ ပါတီပွဲကြီးထဲမှာ တစ်ဦးတည်းသော ပျောက်ဆုံးနေတဲ့ လူတစ်ယောက် ရှိနေခဲ့တယ်။
အဲဒါကတော့ မိုက်ကယ် ဗန်ဒါဘစ်ပဲ။
သူ ရှိမနေတာက တကယ့်ကို သိသာလွန်းလှပြီး ကုမ္ပဏီအများစုနဲ့ လူတော်တော်များများကလည်း မက်ထရိုပိုလစ်ရဲ့ တက်သစ်စကြယ်ပွင့်လေးနဲ့ မိတ်မဆက်လိုက်ရတာမို့ စိတ်ပျက်လက်ပျက် ဖြစ်နေကြရှာတယ်။
အထူးသဖြင့် မိုက်ကယ် ဗန်ဒါဘစ်ဟာ ကားတွေကို တီထွင်ခဲ့တဲ့သူ ဖြစ်တယ်ဆိုတာကို လူသိရှင်ကြား ချပြပြီးတဲ့နောက်မှာတော့ သူ့ရဲ့ နာမည်က အရှိန်အဟုန်နဲ့ လူပြောအများဆုံး ဖြစ်နေခဲ့တာပေါ့။
ဒီလူတွေအားလုံးက ဘာဖြစ်လို့ မိုက်ကယ်နဲ့ အဆက်အသွယ်ရဖို့ လိုလားနေကြလဲဆိုတာကို ခန့်မှန်းရတာ မခက်ပါဘူး။
ဒါပေမဲ့ မိုက်ကယ်အပါအဝင် ရီနေးတား ကုမ္ပဏီတစ်ခုလုံးကတော့ လေလံပွဲကနေ လုံးဝ ပျောက်ကွယ်သွားခဲ့ပါပြီ။
ပင်ပန်းနွမ်းနယ်ပြီး သတိလစ်လဲကျသွားပြီးတဲ့နောက်မှာတော့ အဲရစ်ကိုယ်တိုင် စီမံခန့်ခွဲတဲ့ အကောင်းဆုံး ကုသရေးဌာနဆီကို မိုက်ကယ်ကို အလျင်အမြန် ခေါ်ဆောင်သွားခဲ့ကြတယ်။ သူတို့ရဲ့ ဆင်ကလဲယား ဆေးဝါးလုပ်ငန်းစု ခွဲကတော့ လောလောဆယ်မှာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်နေတာကိုး။
ဒါကြောင့်လည်း သူ့ရဲ့ အသင်းဖော်တွေနဲ့ မိသားစုဝင်တွေအားလုံးက စိုးရိမ်တကြီးနဲ့ သူ့ဘေးနားကို ပြေးသွားကြတာမို့ ဒီညရဲ့ လူစုလူဝေးထဲမှာ သူတို့တစ်တွေ မရှိနေကြတာ ဖြစ်တယ်။
ဒါပေမဲ့ ပါတီပွဲကြီးက ငြိမ်သက်ပျင်းရိစရာကြီးတော့ ဖြစ်မနေပါဘူး။
အဲ့ဒီည ပါတီပွဲထဲမှာ လူတိုင်းရဲ့ အာရုံစိုက်မှုကို တရိပ်ရိပ် ဆွဲဆောင်နေတဲ့ လူတစ်ယောက် ရှိနေသေးတယ်လေ။
သူမရဲ့ ကောက်ကွေးနေတဲ့ လိမ္မော်ရောင် ဆံပင်တွေ၊ ဖြူဖွေးနုပျိုတဲ့ အသားအရေနဲ့ ထင်ရှားပေါ်လွင်တဲ့ ပြာလဲ့လဲ့ မျက်ဝန်းတွေက ဘယ်သူ့ကိုမဆို ဖမ်းစားနိုင်လောက်တဲ့ အလှတရားတွေအဖြစ် ပေါင်းစပ်နေတာပေါ့။
ဒါပေမဲ့ လူတွေက သူမရဲ့ မျက်နှာလေးတစ်ခုတည်းကိုပဲ စိုက်ကြည့်နေကြတာ မဟုတ်ပါဘူး။ သူမရဲ့ မျက်နှာပတ်ပတ်လည်မှာ ရှိနေတဲ့ ပြာနက်ရောင်နဲ့ ခရမ်းရောင် အကြေးခွံတွေက သူမကို လူသားမဟုတ်ဘူးဆိုတာ ချက်ချင်း သက်သေပြနေတယ်။ သူမဟာ ရေလူသား မင်းသမီးတစ်ပါး ဖြစ်ပုံရပြီး မြင့်မြတ်တဲ့ မျိုးရိုးက လာတာလည်း သိသာလှတယ်။
သူမရဲ့ ဘေးပတ်ပတ်လည်က တခြား ရေလူသားတွေနဲ့ ယှဉ်လိုက်ရင် ဒီရေလူသားမင်းသမီးက ထူးခြားဆန်းပြားပြီး အဖိုးတန်လှတဲ့ ပုလဲကုံးတွေကို ဆွဲကြိုးအဖြစ် ဆင်မြန်းထားပြီး တောက်ပတဲ့ ပုလဲနက်စေ့လေးတွေကို နားကပ်အဖြစ် ပန်ဆင်ထားတယ်။
ရေလူသားတွေရဲ့ ယဉ်ကျေးမှုနဲ့ ပင်လယ်နက်အကြောင်း ကောင်းကောင်းသိတဲ့လူတွေကတော့ ဒီပုလဲတွေဟာ ရိုးရိုးပုံမှန် ကုန်းကတ္တီပါ ကောင်တွေဆီက ရတာမဟုတ်ဘူးဆိုတာ ကောင်းကောင်းကြီး သိကြတာပေါ့။ အဲဒါတွေက ရေမျက်နှာပြင်အောက် ပေပေါင်း သောင်းနဲ့ချီတဲ့ ပင်လယ်ရေနက်ပိုင်းမှာ နေထိုင်ကြတဲ့ ရှေးဟောင်း မိစ္ဆာတွေဆီကရတဲ့ အရာတွေ ဖြစ်နေလို့ပဲ။
ဘယ်လူသားနဲ့ ဘယ်လို ရိုးရိုးရေလူသားမှ ဒီလို မိစ္ဆာတွေနဲ့ ရင်ဆိုင်ရရင် အသက်ရှင်ဖို့ မလွယ်တာမို့ အဲဒီ ထူးခြားတဲ့ ပုလဲတွေက အတ္တလန်တစ်မှာတော့ အာဏာနဲ့ ဩဇာတိက္ကမရဲ့ ပြယုဂ်တစ်ခု ဖြစ်နေခဲ့တယ်။
"ငါ အမြဲ ကြားဖူးနေတဲ့ ရေလူသားတွေဆိုတာ သူတို့ပဲပေါ့။ တစ်ခါမှ မမြင်ဖူးဘူး။"
"သူတို့က ရုပ်ပိုင်းဆိုင်ရာ ကွဲပြားတာတွေကလွဲရင် သာမန်လူတွေနဲ့ အတူတူပါပဲလား။ နှာခေါင်းနဲ့တောင် အသက်ရှူနေကြသေးတယ်။ ငါကတော့ ပါးဟက်တွေပဲ ရှိမယ် ထင်နေတာ။"
"ဒါက သူတို့ ကုန်းပေါ်မှာ ရှိနေလို့လေ။ ရေထဲ ရောက်သွားရင်တော့ ကြမ်းတမ်းတဲ့ ပင်လယ်ပြင်မှာ နေထိုင်နိုင်ဖို့ သူတို့ရဲ့ ခန္ဓာကိုယ်တွေက အနည်းငယ် ပြောင်းလဲသွားတာ။ ရေထဲမှာ ပိုပြီး လွယ်လွယ်ကူကူ လှုပ်ရှားနိုင်အောင် လည်ပင်းမှာ ပါးဟက်တွေ ထွက်လာပြီး လက်တွေမှာလည်း အရေပြားအမြှေးပါးတွေ ထွက်လာကြတာပေါ့။"
လူတော်တော်များများက အဲဒီ လိမ္မော်ရောင်ဆံပင်နဲ့ ရေလူသားမင်းသမီးနားကို ချဉ်းကပ်ချင်ကြပေမဲ့ သူမရဲ့ ဘေးက ရေလူသားတွေရဲ့ မှုန်ကုပ်ကုပ် မျက်နှာပေးတွေကြောင့် အဝေးကပဲ စောင့်ကြည့်နေရရော့တယ်။
သူမနားကို ချဉ်းကပ်နိုင်တဲ့ လူဆိုလို့ မြို့စားကတော် ရီဂျီနာ တစ်ယောက်ပဲ ရှိတယ်။ သူမက ရေလူသားတွေကို အရင်ကတည်းက တွေ့ဖူးတာကိုး။ တကယ်တော့ သူတို့ကို မက်ထရိုပိုလစ်ဆီ ဖိတ်ခေါ်ခဲ့တာလည်း သူမကိုယ်တိုင်ပဲလေ။
"မင်းသမီး ဆီရီနာ... ဒီညရဲ့ လေလံပွဲကို သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ မြို့စားကတော်က ခေါင်းလေး အနည်းငယ်ညွတ်ပြီး နှုတ်ဆက်လိုက်တယ်။
ဆီရီနာကလည်း ပြုံးပြပြီး ပြန်လည် ခေါင်းညွတ် နှုတ်ဆက်လိုက်တာပေါ့။ "ကျွန်မ ဝန်ခံရပါမယ် မြို့စားကတော်။ ကုန်းပေါ်ကို လာရတဲ့ ခရီးစဉ်က ခုလို စိတ်လှုပ်ရှားဖို့ ကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"
ချက်ချင်းပဲ မြို့စားကတော်ဟာ သူမ ဘာအကြောင်းကို ပြောနေလဲ၊ ဒါမှမဟုတ် ဘယ်သူ့အကြောင်းကို ပြောနေလဲဆိုတာ သဘောပေါက်သွားတော့တယ်။
"ဟုတ်ပါတယ်။ ကျွန်မတို့အားလုံး ဒီညမှာ တကယ့်ကို အံ့ဩခဲ့ရတာ။ ကျွန်မကိုယ်တိုင်လည်း အဲဒီကောင်လေးက ဒီလောက်အထိ သန်မာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ သူက တကယ်ကို ထူးခြားတဲ့လူပဲ။"
မြို့စားကတော်ရဲ့ ချီးမွမ်းစကားက ရင်ထဲကလာတာ ဖြစ်ပြီး ဆီရီနာကလည်း အဲဒီစကားကို သဘောကျနှစ်ခြိုက်စွာ တုံ့ပြန်တာကို မြင်လိုက်ရတယ်။
"ဟုတ်တယ်မလား" လို့ ဆီရီနာက စိတ်လှုပ်ရှားစွာနဲ့ ပြန်ပြောလိုက်တယ်။
ဒါကို သတိပြုမိသွားတဲ့ မြို့စားကတော်က သူတို့နှစ်ယောက် တွေ့ဆုံနိုင်ဖို့အတွက် ကြားခံကူညီပေးမယ်လို့ ကမ်းလှမ်းလိုက်တာပေါ့။ "တကယ်လို့ မင်းသမီး အလိုရှိရင် ကျွန်မ မိတ်ဆက်ပေးနိုင်ပါတယ်"
"တကယ်လား..."
သူမက မိုက်ကယ်အကြောင်းကို မြို့စားကတော်နဲ့ ဆက်ပြီး စကားလက်ဆုံကျမလို့ လုပ်နေတုန်းမှာပဲ သူမရဲ့ နောက်က ခြံရံလိုက်ပါလာတဲ့ အစေခံတွေက ချောင်းဟန့်လိုက်ကြတာမို့ မူလအကြောင်းအရာဆီ ပြန်လှည့်ဖို့ သတိပေးလိုက်သလို ဖြစ်သွားရတယ်။
ဆီရီနာက နှုတ်ခမ်းလေးဆူပြီး သက်ပြင်းချလိုက်တယ်။ "ရပါတယ်လေ။ ကျွန်မ လုပ်စရာ တခြားကိစ္စတွေ ရှိသေးလို့ပါ။"
"တစ်ခုခု အဆင်မပြေတာ ရှိလို့လား မင်းသမီး" လို့ မြို့စားကတော်က သူမရဲ့ စိတ်မရှည်တဲ့ မျက်နှာပေးကို ကြည့်ပြီး မေးလိုက်တယ်။ "တကယ်လို့ ကျွန်မရဲ့ အရည်အချင်းနဲ့ မက်ထရိုပိုလစ် တစ်ခုလုံးရဲ့ အင်အားနဲ့ ကူညီပေးနိုင်မယ့် ကိစ္စမျိုးဆိုရင် ကူညီပေးပါရစေ။"
"မြို့စားကတော် သိတဲ့အတိုင်းပဲ၊ ကျွန်မတို့ ကုန်းပေါ်ကို လာရတဲ့ မစ်ရှင်က ကျွန်မတို့ ရေနက်ပိုင်းသားတွေနဲ့ နဂါးမျိုးနွယ်ဝင်တွေကြားထဲက ပူးပေါင်းဆောင်ရွက်မှုတွေ ချောချောမွေ့မွေ့ ဖြစ်သွားအောင် လုပ်ဖို့ပါပဲ။
ကျွန်မရဲ့ ခမည်းတော်က ဒီအချိန်ကစပြီး တိုက်ကြီးတွေကြားထဲက ဆက်ဆံရေးကို ဆက်လက် တည်တံ့နေစေချင်တာ။ အခု စမ်းသပ်လုပ်ဆောင်ချက်က အဲဒီ အစီအစဉ်တွေ အောင်မြင်မလား၊ ပျက်စီးမလားဆိုတာကို အဆုံးအဖြတ်ပေးမှာ ဖြစ်တယ်။"
မြို့စားကတော်က နားလည်ကြောင်း ခေါင်းညွတ်ပြလိုက်တယ်။ မြို့တော်ကို အုပ်ချုပ်နေတဲ့ တော်ဝင်မျိုးနွယ်တစ်ဦးအနေနဲ့ ပင်လယ်ဧကရာဇ်နဲ့ နဂါးဘုရင်မတို့ကြားထဲက သဘောတူညီချက်တွေရဲ့ နောက်ကွယ်က နိုင်ငံရေးအခြေအနေတွေကို သူမ ကောင်းကောင်းကြီး သိနေတာကိုး။ နှစ်ဖက်စလုံးက ဒီလုပ်ငန်းကနေ အကျိုးအမြတ်တွေ အများကြီး ရနိုင်တာမို့ ဘာမှ အမှားအယွင်း မရှိစေဖို့ သူတို့ သေချာ ဂရုစိုက်ရမှာ ဖြစ်တယ်။
"ကျွန်မ လုပ်ရမယ့် အလုပ်တွေထဲကတစ်ခုက ကျွန်မတို့ရဲ့ ယဉ်ကျေးမှုကို ရှင့်တို့ဆီမှာ ပေါင်းစပ်နိုင်မယ့် နည်းလမ်းကို ရှာဖို့ပါပဲ။ ရေလူသားတွေအနေနဲ့ ကုန်းပေါ်ကိုလာဖို့ ခက်ခဲရတာက ကျွန်မတို့ရဲ့ လိုအပ်ချက်တွေက လူသားတွေနဲ့ လုံးဝ ကွဲပြားနေပြီး လူသားတွေဘက်ကလည်း ထို့အတူပဲ ဖြစ်နေလို့ပါ။ ဒါက ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှု နှစ်ခုကြားထဲမှာ သဟဇာတမဖြစ်တဲ့ ပေါင်းစည်းမှုကြီး ဖြစ်နေစေတယ်။
အဲဒါကို ကုစားဖို့အတွက် ကျွန်မမှာ ရိုးရှင်းတဲ့ အဖြေတစ်ခု ရှိပါတယ်။
ကျွန်မ မင်းသမီး ဆီရီနာအနေနဲ့ မက်ထရိုပိုလစ်ရဲ့ နိုင်ငံသားတွေကို အချိန်အကန့်အသတ်ရှိတဲ့ အရောင်းအဝယ်တစ်ခု ကမ်းလှမ်းချင်တယ်လို့ တရားဝင် ကြေညာချင်ပါတယ်။
တကယ်လို့ ရှင်တို့ဘက်က သဲဒင်္ဂါး ၁၀,၀၀၀ ကို ရအောင် ရှာနိုင်မယ်ဆိုရင် ရှေးဟောင်း ဝိညာဉ်ဆီ တစ်စက်ကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။"
ဆီရီနာက နောက်ဆုံး စာသားကို ပြောတဲ့အခါမှာတော့ ပါတီပွဲတစ်ခုလုံး ကြားနိုင်လောက်အောင် အသံကို မြှင့်ပြီး ပြောလိုက်တာ ဖြစ်တယ်။
ဒီသတင်း စကားကြောင့် ရှိနေတဲ့ ကုမ္ပဏီအားလုံး အံ့ဩတုန်လှုပ်သွားကြရတယ်။
"သူမ အတည်ပြောနေတာလား။ သူတို့က ကျွန်တော်တို့ကို ဝိညာဉ်ဆီ အစက်တွေ ဝယ်ခွင့်ပေးမလို့တဲ့လား။"
"မဖြစ်နိုင်တာ။ ပြီးတော့ ဒါက အကြီးအကျယ် လျှော့ပေးထားတဲ့ ဈေးနှုန်းပဲ။ ဝိညာဉ်ဆီ တစ်စက်ကို ရဖို့အတွက် သဲဒင်္ဂါး ၁၀,၀၀၀ ပဲ ပေးရမယ်တဲ့။"
"ဒါဆိုရင် ကျွန်တော်တို့လို သာမန်လူတွေတောင် ဝိညာဉ်ဆီ အစက်တွေ အများကြီး ရနိုင်မယ့် အခွင့်အရေး ရှိလာပြီပေါ့။"
မြို့စားကတော်လည်း ဒါကို ကြားတော့ အံ့ဩသွားရတယ်။ ဒီအချိန်အထိတော့ ပင်လယ်ဧကရာဇ်က ဝိညာဉ်ဆီ အစက်တွေ ရောင်းချမှုကို သေချာ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားခဲ့တာကိုး။ တစ်ခါတရံမှာ ပိုက်ဆံတွေ အများကြီး ရှိနေရင်တောင်မှ အဲဒါတွေကို ဝယ်လို့မရနိုင်ပါဘူး။
ဒါပေမဲ့ အခုတော့ သူက လူသားတွေကို ဝိညာဉ်ဆီ အစက်တွေရဲ့ အရင်းအမြစ်ဆီ တိုက်ရိုက် လမ်းဖွင့်ပေးလိုက်ပြီ ဖြစ်တယ်။ ဒါက တစ်ခါမှ မရှိဖူးသေးတဲ့ အရာပဲ။
"နေဦး... သဲဒင်္ဂါးလား။ အဲဒါက ရေလူသားတွေ သုံးတဲ့ ငွေကြေး မဟုတ်ဘူးလား။ အဲဒါကို ကျွန်တော်တို့က ဘယ်လိုလုပ် ရမှာလဲ။"
လူတော်တော်များများရဲ့ စိတ်လှုပ်ရှားမှုတွေက ဝိညာဉ်ဆီ အစက်တွေကို ရဖို့အတွက် အရင်အတိုင်း ခက်ခဲနေဦးမယ်ဆိုတာကို သဘောပေါက်သွားပြီးတဲ့နောက်မှာတော့ ပြန်ပြီး အေးချမ်းသွားကြရပြန်တယ်။
ဘာလို့လဲဆိုတော့ ရေလူသားတွေအနေနဲ့ သူတို့ရဲ့ သဲဒင်္ဂါးတွေကို ကုန်းပေါ်မှာ သုံးစွဲဖို့ အကြောင်းပြချက် မရှိလို့ပဲ။ သူတို့ကို သဲဒင်္ဂါး တစ်ပြားအတွက် ရွှေဒင်္ဂါး ဘီလီယံ ၁၀၀ နဲ့ လဲမယ်ဆိုရင်တောင် သူတို့ ယူကြမှာ မဟုတ်ပါဘူး။ သူတို့အတွက် လူသားတွေရဲ့ ငွေကြေးက မလိုအပ်တာကိုး။
မြို့စားကတော်ကတော့ နောက်ဆုံးမှာ ဆီရီနာ ဘာကို ကြံစည်နေလဲဆိုတာ သဘောပေါက်သွားတော့တယ်။ "မင်းသမီးက လူသားတွေဘက်ကနေ ရေလူသားတွေကို ကျွန်မတို့ရဲ့ လူ့အဖွဲ့အစည်းထဲ ပေါင်းထည့်လာအောင် ဆွဲဆောင်နေတာပဲ။"
ဝိညာဉ်ဆီ အစက်တွေကို ဝယ်ယူနိုင်ပြီဆိုတာနဲ့ လူသားတွေဟာ သဲဒင်္ဂါးတွေကို ပြန်ရဖို့အတွက် ရေလူသားတွေရဲ့ လိုအပ်ချက်တွေကို ပိုပြီး လိုလိုလားလား ဖြည့်ဆည်းပေးကြတော့မှာ သေချာနေတာပေါ့။
* * * * * * * *
စာစဉ်(၅၃)