← Chapters

အခန်း ၆၃၂

Vol. 53 Ch. 632

အခန်း ၆၃၂

Vol. 53 Ch. 632

အခန်း(၆၃၂)

ဆရီနာရဲ့ ကြေညာချက်ကြောင့် လူအများကြီးက အစီအစဉ်တွေ စတင်ဆွဲကြတော့တယ်။ တကယ်လို့ သူတို့သာ ရေလူသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရင် အလဲအလှယ်အနေနဲ့ သဲဒင်္ဂါးတွေကို ရနိုင်မှာ ဖြစ်လို့ပါပဲ။

ပြီးတော့ အဲဒီသဲဒင်္ဂါးတွေ ရှိရင် သူတို့လိုအပ်သမျှ ဝိညာဉ်ဆီ အစက်အပြောက်တွေကို အားရပါးရ ဝယ်ယူနိုင်ကြလိမ့်မယ်။

ဒါက ဝိညာဉ်ဆီတွေကို အထူးတလည် မလိုအပ်တဲ့ ကုမ္ပဏီတွေအပါအဝင် ကုမ္ပဏီအားလုံးနဲ့ သက်ဆိုင်နေတာပေါ့။ နောက်ဆုံးတော့ သူတို့က သဲဒင်္ဂါးတွေ ဒါမှမဟုတ် ဝိညာဉ်ဆီတွေကို လိုချင်နေတဲ့ တခြားကုမ္ပဏီတွေဆီ ပြန်လည်လဲလှယ်ပြီး သူတို့လိုအပ်တဲ့ ပစ္စည်းတစ်ခုခုနဲ့ အလဲအလှယ် လုပ်လို့ရတာပဲဟာ။

လူအတော်များများကတော့ သဲဒင်္ဂါးတွေဟာ မက်ထရိုပိုလစ်ရဲ့ ကုန်သွယ်မှုအသစ် ဖြစ်လာလိမ့်မယ်လို့ ကြိုတင်မျှော်လင့်ထားကြတယ်။

ပြီးတော့ အဲဒီသဲဒင်္ဂါးတွေကို ရရှိနိုင်မယ့် အကောင်းဆုံးအခွင့်အရေးကလည်း မကြာခင်မှာ ရောက်လာတော့မှာပါ။

ခရီးသွားဧည့်သည်အားလုံးကို ကြိုဆိုမယ့် စီတန်းလှည့်လည်ပွဲက ရေလူသားတွေကို ဆွဲဆောင်ပြီး သူတို့ရဲ့ သဲဒင်္ဂါးတွေကို မိမိတို့ဆိုင်မှာ အသုံးပြုလာအောင် လုပ်ဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်လာလိမ့်မယ်။

* * * * * * * *

ပါတီပွဲအပြီးမှာတော့ ဆရီနာနဲ့ သူမရဲ့ ရေလူသားတွေကို လေလံအိမ်ထဲကနေ လိုက်လံပို့ဆောင်ပေးခဲ့ပြီး မက်ထရိုပိုလစ်နဲ့ ခပ်လှမ်းလှမ်းမှာရှိတဲ့ သူတို့ရဲ့ ယာယီတည်းခိုဆောင်ဆီ ပြန်ပို့ပေးလိုက်ကြတယ်။ သူတို့က ညဘက်မှာ ကောင်းကောင်းမွန်မွန် အိပ်စက်အနားယူဖို့အတွက် ပင်လယ်ရေ လိုအပ်တာကြောင့်ပါ။

မြို့စားကတော်ကလည်း ဒါကို သိနေတာမို့ ကုန်းပေါ်က ကမ္ဘာမှာ သူတို့ စိတ်ကြိုက် လည်ပတ်သွားလာနိုင်ဖို့ မြင်းရထားတစ်စီး စီစဉ်ပေးထားတယ်။

"သခင်မ ဆရီနာ... ကြည့်ရတာ သခင်မရဲ့ အစီအစဉ်တွေက အောင်မြင်သွားတဲ့ပုံပဲနော်" လို့ သူမရဲ့ အစေခံတစ်ယောက်က ပြောလိုက်တယ်။

"ဟုတ်တယ်" ဆရီနာက သက်ပြင်းချရင်း "ဒါပေမဲ့ ဒါက သူတို့အတွက်တော့ ရှည်လျားပြီး ပင်ပန်းခက်ခဲတဲ့ လမ်းခရီး ဖြစ်လိမ့်မယ်။ ရေလူသားတစ်ယောက်ရဲ့ လိုအင်ဆန္ဒတွေနဲ့ လိုအပ်ချက်တွေကို အလွယ်တကူ လိုက်လျောညီထွေဖြစ်အောင် လုပ်ဖို့က သူတို့အတွက် မလွယ်ကူလှဘူး။ သူတို့ထဲက တစ်ယောက်ယောက်က ဝိညာဉ်ဆီ တစ်စက်စာ ဝယ်နိုင်ဖို့ သဲဒင်္ဂါးအလုံအလောက် ရဖို့ဆိုရင် အနည်းဆုံး လအနည်းငယ်လောက်တော့ ကြာလိမ့်မယ်လို့ ငါ ထင်တာပဲ"

သူမက မိုက်ကယ်နဲ့ တကယ်ကို တွေ့ဆုံချင်နေရှာတာပါ။ ဒါပေမဲ့ သူမရဲ့ တာဝန်တွေအားလုံးကို မပြီးဆုံးသေးမချင်းတော့ ဒါက ဖြစ်လာနိုင်ဦးမှာ မဟုတ်သေးပါဘူး။

"ကုန်းပေါ်မှာသာ နတ်သူငယ်တွေ ဒီလောက်အထိ ရှားမနေရင် ရေလူသားတွေရဲ့ အာရုံစိုက်မှုကို ဒီထက်မက ပိုပြီး စောစောစီးစီး ရနိုင်ကောင်း ရနိုင်လိမ့်မယ်" လို့ သူမက တိုးတိုးလေး ရေရွတ်မိတယ်။ "ဒီအလုပ်ကို ပိုပြီး မြန်ဆန်စေချင်ရင်တော့ ပစ်ဇီဘုရင်မနဲ့ ငါတို့ သေချာပေါက် တွေ့ဆုံဖို့ လိုအပ်လိမ့်မယ်"

* * * * * * * *

နောက်တစ်နေ့ နံနက်အစောပိုင်း နေမထွက်ခင်အချိန်မှာပဲ ဒေးလီးမက်ထရို သတင်းစာတိုက်ထဲမှာတော့ ဒီနေ့ထုတ် သတင်းစာတွေထဲက စာသားတွေကို ဒေါသတကြီးနဲ့ အထပ်ထပ်အခါခါ ပြန်လည်စစ်ဆေးနေတဲ့ လူတစ်ယောက် ရှိနေတယ်။

ဒီသတင်းစာရဲ့ အဓိက အယ်ဒီတာတစ်ဦး ဖြစ်တဲ့ ခရွန့်ခ်ဟာ ပုံနှိပ်ထုတ်ဝေခြင်း မပြုခင် နောက်ဆုံးအဆင့်အနေနဲ့ စစ်ဆေးလိုက်တာပေါ့။

"ဒါက ငါ့ဘဝတစ်ခုလုံးမှာ အကြီးမားဆုံး သတင်းပဲ" လို့ ခရွန့်ခ်က သူ့မျက်လုံးအောက်က ကွင်းကြီးတွေကို ပြရင်း မောပန်းနွမ်းနယ်စွာနဲ့ ပြောလိုက်တယ်။ "ဒါက လုံးဝ ပြီးပြည့်စုံနေမှ ဖြစ်မယ်"

သူက နောက်ဆုံးပွဲစဉ် ပြီးဆုံးသွားတာနဲ့ လေလံအိမ်ထဲကနေ ချက်ချင်း ပြေးထွက်လာခဲ့တာ ဖြစ်ပြီး ညစာပါတီပွဲကိုတောင် မပါဝင်ဖို့ ရွေးချယ်ခဲ့တာပါ။

ပုံမှန်ဆိုရင်တော့ ဒါက အဓိကဂိုဏ်းကြီးတွေရဲ့ ခေါင်းဆောင်တွေလို သိပ်ကို အရေးပါတဲ့ ပုဂ္ဂိုလ်ကြီးတွေနဲ့ တွေ့ဆုံဖို့နဲ့ လေလံပွဲအပေါ် သူတို့ရဲ့ သဘောထားအမြင်တွေကို အင်တာဗျူးဖို့ အကောင်းဆုံး အခွင့်အရေးကြီး ဖြစ်နေတာပေါ့။

မြို့စားကတော်၊ အဲလ်ရစ် ဂိုးလ်စတုန်းနဲ့ မျှော်စင်သခင် တို့လို လူမျိုးတွေနဲ့ တစ်ယောက်ချင်း အင်တာဗျူးဖို့ ဆိုတာက ပုံမှန်နေ့ရက်တွေမှာ ချိန်းဆိုဖို့ သိပ်ကို ခက်ခဲလွန်းလှတာပါ။ ပြီးတော့ လေလံပွဲရဲ့ ညစာပါတီကသာ သူတို့အားလုံးကို တစ်နေရာတည်းမှာ ဆုံတွေ့နိုင်မယ့် တစ်ခုတည်းသော နေရာ ဖြစ်ခဲ့တာပါ။

ဒါပေမဲ့လည်း သူက ဒါတွေကို လုံးဝ ဂရုမစိုက်ဘဲ လေလံပွဲအတွင်း ဖြစ်ပျက်ခဲ့သမျှတွေကို ရေးသားဖို့ ဒေးလီးမက်ထရို သတင်းစာတိုက်ဆီကို တန်းတန်းမတ်မတ် ပြန်လာခဲ့တော့တယ်။

မက်ထရိုပိုလစ်က လူတွေ နိုးထလာတဲ့အခါ မနေ့က ပွဲစဉ်မှာ ဂုဏ်သိက္ခာတွေ ရရှိသွားတာက အဓိကဂိုဏ်းကြီးတွေထဲက တစ်ခုမဟုတ်ဘူးဆိုတာကို တွေ့ရှိသွားကြလိမ့်မယ်။ ရိုင်းဇင်းဆစ်ထဲက တစ်ယောက်တောင် မဟုတ်ဘူးဆိုတာကိုပေါ့။

အဲဒါက ရီနေးတားကုမ္ပဏီရဲ့ ပိုင်ရှင် မိုက်ကယ် ဗန်ဒါဘစ်ပဲ ဖြစ်နေလို့ပါ။

သူ လေလံပွဲတွေမှာ လုပ်ဆောင်ခဲ့တဲ့ အောင်မြင်မှုတွေကတော့ ဒဏ္ဍာရီဆန်လွန်းလှတယ်။ တစ်ခါမှ မကြားဖူးခဲ့တဲ့ အရာမျိုးပေါ့။ ဒါကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတဲ့ လူတွေတောင်မှ သူတို့မြင်လိုက်ရတဲ့ အရာကို မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရတာ ဖြစ်တယ်။

ပွဲစဉ်တွေအတွင်း မိုက်ကယ် လုပ်ဆောင်သွားခဲ့တဲ့ အရာတွေကတော့ ခရွန့်ခ်အနေနဲ့ သူ့အကြောင်းကို မျက်နှာဖုံးသတင်းအဖြစ် အပြည့်အစုံ ရေးသားဖို့ လုံလောက်တာထက်ကို ပိုနေပါပြီ။

ဒါပေမဲ့ ဒါက ရေခဲတောင်ရဲ့ ထိပ်ဖျားလေးပဲ ရှိပါသေးတယ်။ မက်ထရိုပိုလစ်ရဲ့ အပြင်ဘက်မှာ ရှိတဲ့ ရီနေးတားကုမ္ပဏီရဲ့ စွမ်းဆောင်ချက်တွေကို ဘယ်သူမှ မသိကြသေးဘူး။ ကွင်းစ်နယ်မြေရဲ့ အောက်ခြေပိုင်းမှာတင်မကဘဲ ကင်းစ်နယ်မြေမှာပါ သူတို့ ဘယ်လောက်အထိ ကြီးမားကျယ်ပြန့်နေသလဲဆိုတာကို ဘယ်သူမှ မသိကြဘူးလေ။

ဒါတွေကို မျက်နှာဖုံးစာမျက်နှာ တစ်မျက်နှာတည်းပေါ်မှာ တင်ပြဖို့က မလုံလောက်နိုင်ပါဘူး။ သူက မိုက်ကယ် ဗန်ဒါဘစ်နဲ့ ရီနေးတားကုမ္ပဏီအတွက် သီးသန့်ရည်ရွယ်တဲ့ သတင်းစာ ဂျာနယ်တစ်စောင်လုံးကို ရေးသားရမှာ ဖြစ်တယ်။

ဒါကြောင့်မို့လည်း သူက တစ်ညလုံး မအိပ်ဘဲ အချက်အလက်တွေကို ချရေးနေခဲ့တာပေါ့။

မက်ထရိုပိုလစ်အနေနဲ့ မိုက်ကယ်အကြောင်းကို သေချာပေါက် သိရလိမ့်မယ်။ ဒီလူငယ်လေးမှာ ရှိနေတဲ့ ပါရမီနဲ့ ထူးခြားဆန်းပြားတဲ့ ဆုလာဘ်တွေကို သူတို့ သဘောပေါက်နားလည်ဖို့က မဖြစ်မနေ လိုအပ်တာမို့လို့ပါ။ မဟုတ်ရင်တော့ ဒါက ကံကြမ္မာရဲ့ အဆိုးဝါးဆုံး ပြက်လုံးတစ်ခု ဖြစ်လာလိမ့်မယ်။

ဒီအချိန်မှာပဲ သူ့ရဲ့ အတွင်းရေးမှူးက တံခါးဝကနေ လှမ်းကြည့်လိုက်တယ်။

"ဆရာ ခရွန့်ခ်... အားလုံး အဆင်သင့် ဖြစ်ပါပြီ။ ကျွန်တော်တို့ အခု သတင်းစာတွေကို ကူးယူနေကြပါပြီ"

ခရွန့်ခ်က သူ့ရုံးခန်းထဲကနေ ချက်ချင်း ထွက်လာခဲ့ပြီး ဒေးလီးမက်ထရိုရဲ့ ပုံနှိပ်ဌာနဆီကို ဆင်းလာခဲ့တယ်။ အဆင့်မြင့် မှော်ဆရာ ရာနဲ့ချီက သူတို့ရဲ့ မှော်ပညာတွေကို ထုတ်သုံးပြီး သတင်းစာတွေကို တစ်စောင်ချင်း တစ်စောင်ချင်း ပွားယူနေကြတာပေါ့။

ဒီနေ့ မိုးလင်းတာနဲ့ မက်ထရိုပိုလစ်ရဲ့ နေရာအနှံ့အပြားမှာ ရောင်းချဖို့အတွက် သတင်းစာစောင်ရေ သောင်းနဲ့ချီပြီး အဆင်သင့် ဖြစ်နေတော့မှာ ဖြစ်တယ်။

* * * * * * * *

နာရီအနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ သတင်းစာရောင်းတဲ့ ကောင်လေးတွေဟာ သတင်းစာထုတ်တွေ အပြည့်ထည့်ထားတဲ့ ခြင်းတောင်းတွေကို သယ်ဆောင်ပြီး ဒေးလီးမက်ထရို သတင်းစာတိုက်ထဲကနေ ဝုန်းခနဲ ပြေးထွက်လာကြတော့တယ်။

"ထူးခြားသတင်း... ထူးခြားသတင်း။ မနေ့က လေလံပွဲအကြောင်း အားလုံးကို ဟောဒီ ဒေးလီးမက်ထရို သတင်းစာမှာ ဖတ်ရှုနိုင်ပါပြီဗျာ"

သူတို့က တံခါးတွေကို လိုက်ခေါက်ကြတယ်၊ လမ်းမတွေပေါ်မှာ အော်ဟစ်ကြတယ်၊ ပြီးတော့ မက်ထရိုပိုလစ်မှာ ရှိတဲ့ လူတိုင်းရဲ့ အာရုံစိုက်မှုကို ရဖို့ သူတို့ တတ်နိုင်သမျှ အကုန်လုံးကို လုပ်ဆောင်ကြတာပေါ့။

လူအတော်များများက မနေ့က လေလံပွဲရဲ့ ရလဒ်တွေကို စိတ်ဝင်စားနေကြတာမို့ သတင်းစာတစ်စောင်ကို အမြန်ဝယ်ယူပြီး အကြောင်းအရာတွေကို ဖတ်ရှုကြတော့တယ်။

ချက်ချင်းဆိုသလိုပဲ သူတို့ရဲ့ မျက်လုံးတွေက ပထမဆုံး စာမျက်နှာပေါ်ကို ကျရောက်သွားကြတယ်။

အဲဒီ သတင်းရဲ့ ဗဟိုချက်တည့်တည့်မှာ ရွှေရောင်ဆံပင်နဲ့ လူငယ်လေးတစ်ယောက်ရဲ့ သိပ်ကို အသက်ဝင်လှတဲ့ ပုံတူပန်းချီကားတစ်ချပ် ရှိနေတယ်။ သူ့မျက်နှာက စာမျက်နှာရဲ့ တစ်ဝက်နီးပါးလောက်ကို နေရာယူထားတာ ဖြစ်တယ်။

"ဟင်... ဒီကောင်လေးက ဘယ်သူလဲ"

သူတို့ ခေါင်းစဉ်ကိုထက် ပိုပြီး ကြည့်စရာမလိုတော့ပါဘူး။

{မိုက်ကယ် ဗန်ဒါဘစ်... အံ့မခန်း ပါရမီရှင်}

သတင်းစာထဲက အကြောင်းအရာတွေကို ဖတ်ရှုနေကြရင်းနဲ့ သူတို့ဟာ ခရွန့်ခ် ပုံဖော်ပေးထားတဲ့ ဇာတ်ကြောင်းထဲမှာ မသိမသာ စီးမျောသွားကြရတော့တယ်။

ဒါက လေလံပွဲစဉ်တွေကို ပရိသတ်တွေရဲ့ အမြင်ကနေ ဖြစ်ပျက်ခဲ့တဲ့အတိုင်း ပုံဖော်ပေးထားတာ ဖြစ်တယ်။

ခရွန့်ခ်ဟာ သူကိုယ်တိုင် ခံစားခဲ့ရတဲ့ တုန်လှုပ်ချောက်ချားမှုနဲ့ အံ့ဩမှုတွေကို စာသားတွေအဖြစ် ဖမ်းဆွဲနိုင်ခဲ့တာမို့ စာဖတ်သူတွေအနေနဲ့ မနေ့က သူတို့ ခံစားခဲ့ရတဲ့ ခံစားချက်မျိုးကို ထပ်တူ ခံစားရစေတာပေါ့။

သူ ဘိုးကို အနိုင်ယူလိုက်တဲ့ အပိုင်းကို ရောက်တဲ့အခါမှာတော့ သူတို့ လုံးဝ မယုံကြည်နိုင် ဖြစ်သွားကြရတယ်။ သူတို့ ဖတ်နေရတာက တကယ့်အဖြစ်အပျက် သတင်းဆောင်းပါးတစ်ခု ဟုတ်မဟုတ်ကိုတောင် သံသယ ဝင်မိမတတ်ပါပဲ။

ဒါပေမဲ့ သူ အဓိကဂိုဏ်းကြီးတွေကို အန်တုပြီး လွတ်မြောက်ခဲ့ရုံတင်မကဘဲ သူတို့နဲ့ ယှဉ်ပြိုင်တဲ့ ပွဲစဉ်တစ်ခုမှာပါ အနိုင်ရရှိခဲ့တယ်ဆိုတာကို တွေ့လိုက်ရတဲ့အခါမှာတော့ သူတို့ဟာ စာသားတွေကို လန့်ဖျပ်စွာနဲ့ ငေးကြည့်နေမိကြတော့တယ်။

လမ်းလျှောက်နေတဲ့ လူတွေက ခြေလှမ်းရပ်သွားကြတာမို့ သူတို့နောက်မှာ လူစုလူဝေးကြီး ဖြစ်သွားရတယ်။ မြင်းစီးလာတဲ့လူတွေကလည်း အာရုံလွင့်သွားကြတာမို့ လမ်းချော်ပြီး မျက်နှာချင်းဆိုင်က လာနေတဲ့ လူအုပ်ထဲကို တိုးဝင်ကုန်ကြတယ်။ နောက်ဆုံး မိမိတို့အိမ်ရဲ့ သက်တောင့်သက်သာရှိတဲ့ နေရာမှာ သတင်းစာဖတ်နေကြတဲ့ သာမန်ပြည်သူတွေတောင်မှ ရလဒ်တွေကို ဖတ်ပြီးတဲ့နောက် နှလုံးရပ်မတတ် ဖြစ်သွားကြရရှာတယ်။

"မိုက်ကယ် ဗန်ဒါဘစ် ဟုတ်လား။ ဗန်ဒါဘစ် မိသားစုက မက်ထရိုပိုလစ်မှာ သွားပြီလို့ ငါ ထင်ထားတာ"

"သူက အသက် တစ်ဆယ့်သုံးနှစ်အရွယ် ကောင်လေးတင် ရှိသေးတာကို ပွဲစဉ်ထဲမှာ အဲလ်ရစ်ကို အနိုင်ယူလိုက်တယ် ဟုတ်လား။ ဒါက မဖြစ်နိုင်တာကြီးပဲ"

"အဲဒီ ကြောက်စရာကောင်းတဲ့ သံမဏိယာဉ်တွေကို တီထွင်တဲ့လူက သူပေါ့လေ"

သတင်းတွေ စတင်ပျံ့နှံ့သွားတာနဲ့အမျှ မက်ထရိုပိုလစ်ရဲ့ သတင်းစာခုံတိုင်းမှာ သတင်းစာတွေ ဝယ်ယူဖို့ လူတွေ ဝိုင်းအုံလာကြတာမို့ သိပ်မကြာလိုက်ပါဘူး။

ဒေးလီးမက်ထရို သတင်းစာတိုက်မှာလည်း သတင်းစာကို ကိုယ်တိုင် ဝယ်ယူချင်ကြတဲ့ လူအုပ်ကြီးနဲ့ ပြည့်နှက်သွားခဲ့ရတယ်။

ပြီးတော့ ဒါက ခရွန့်ခ်ကိုယ်တိုင် ရေးသားထားတာ ဖြစ်လို့ သတင်းရဲ့ မှန်ကန်မှုကိုတော့ ဘယ်သူမှ သံသယ မဝင်ကြပါဘူး။

မကြာခင်မှာပဲ မက်ထရိုပိုလစ် တစ်ခုလုံးက မိုက်ကယ် ဗန်ဒါဘစ် ဆိုတဲ့ နာမည်ကို သိရှိသွားကြတော့တယ်။

သတင်းစာတွေ ထွက်လာပြီး တစ်နာရီတောင် မပြည့်ခင်မှာပဲ အပ်ပါးဝုဒ်နယ်မြေရဲ့ လမ်းမကြီးပေါ်မှာရှိတဲ့ ရီနေးတားကုမ္ပဏီရဲ့ ရုံးချုပ်နဲ့ အရောင်းဌာနဆီကို မိုက်ကယ်ကို ကိုယ်တိုင် မြင်တွေ့ချင်ကြတဲ့ လူပေါင်း ထောင်နဲ့ချီပြီး တဟုန်ထိုး ရောက်ရှိလာကြတော့တယ်။

* * * * * * * *

စာစဉ်(၅၃)

All Chapters