အခန်း ၆၃၃
Vol. 53 Ch. 633
အခန်း(၆၃၃)
မိုက်ကယ်ရဲ့ စိတ်ထဲမှာ အတိတ်က ပုံရိပ်အစအနတွေ တရိပ်ရိပ် ဖြတ်ပြေးသွားခဲ့တယ်။ သူက အဲလ်ရစ်ကို ရင်ဆိုင်ရင်း သူ့ရဲ့ စက်ရုပ်လက်ကြီးကို မြှောက်ပြီး အဲလ်ရစ်ရဲ့ ခြေလှမ်းတွေကို တားဆီးလိုက်တဲ့ ပုံရိပ်ကို မြင်လိုက်ရတယ်။
ရှေ့အမြန်ရစ်တဲ့ခဲမဖြူတုံးကို သုံးခဲ့တုန်းက အမှတ်တရတွေကတော့ ဝေဝေဝါးဝါး ဖြစ်နေတုန်းပဲ။ အဲဒါက စိတ်ကူးယဉ်ကမ္ဘာနဲ့ လက်တွေ့ကမ္ဘာ နှစ်ခုစလုံး တစ်ချိန်တည်းမှာ ဖြစ်ပျက်နေသလိုမျိုး ခံစားရတဲ့ အိပ်မက်ဆန်းတစ်ခုလိုပါပဲ။
နောက်ဆုံးမှာတော့ သူ မျက်လုံးတွေကို ဖွင့်လိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာကနေ နိုးလာခဲ့တော့တယ်။
"သူ နိုးလာပြီ"
"ဟေ့လူတို့... သူ့နားမှာ သွားပြီး ဝိုင်းမအုံကြပါနဲ့ဦး။ သူ သက်သာခါစပဲ ရှိသေးတာကို"
"ဇိုင်ယွန်... သူ့မျက်နှာကို ဘောပင်နဲ့ လျှောက်မခြစ်နဲ့လေ"
ဝေဝါးနေတဲ့ သူ့ရဲ့ အမြင်အာရုံတွေက ဖြည်းဖြည်းချင်း ရှင်းလင်းလာပြီး သူ့ပတ်ပတ်လည်မှာ ဝိုင်းနေတဲ့ လူတွေကို မြင်လိုက်ရတယ်။
သူ့ရှေ့မှာ သူ အလေးထားရတဲ့လူတွေ အားလုံးကို မြင်နေရတာပေါ့။ သူ့မိဘတွေလည်း ရှိနေသလို ဒရာဂွန်ဘွန်းတွေနဲ့ ရီနေးတားတွေလည်း ရှိနေကြတယ်။ သူတို့အားလုံးက မိုက်ကယ်နဲ့ ပိုနီးနီးကပ်ကပ် ရှိနေချင်လို့ ကုတင်ဘေးမှာ တိုးဝှေ့နေကြတာပါ။
"သခင်မိုက်ကယ် သက်သာလာအောင် ကျွန်မတို့ ခဏလောက် အခန်းထဲက ထွက်ပေးရင် ပိုကောင်းမယ် ထင်တယ်" လို့ ရှီနာက ပြောရင်း သူမရဲ့ မောင်နှမတွေကို အခန်းပြင် ထွက်ဖို့ တွန်းထုတ်လိုက်တယ်။
သူက သူမကို ချက်ချင်း တားလိုက်ရတယ်။ "ရပါတယ်... ငါ စိတ်မရှိပါဘူး။ အခု ငါ အများကြီး သက်သာနေပါပြီ"
"တော်သေးတာပေါ့" လို့ လိုင်လီယာက ပြောရင်း သူ့ကို ရင်ခွင်ထဲ ထည့်ဖက်လိုက်တယ်။ "မင်းအတွက် တို့တွေ ဘယ်လောက်တောင် စိတ်ပူနေခဲ့ရလဲ မသိဘူး သားရယ်"
အဲဒီအချိန်မှာပဲ ဖတ်ချ်က သူ့ရဲ့ အရိပ်ထဲကနေ ဝုန်းခနဲ ခုန်ထွက်လာပြီး မိုက်ကယ်ရဲ့ မျက်နှာကို အတင်း တိုးဝှေ့ နှုတ်ဆက်တော့တာမို့ သူ သေလုမတတ်တောင် ဖြစ်သွားရတယ်။
"အူးဟူးဟူး... ကျွန်တော်လည်း တူတူပဲ သခင်ကြီးရဲ့။ သခင်ကြီး သေတော့မယ်လို့ ထင်ပြီး ကျွန်တော် သိပ်ဝမ်းနည်းနေခဲ့တာ"
တော်သေးတာက ရှီနာက အလိုက်သိလို့ မိုက်ကယ် နောက်တစ်ခါ သတိမေ့မသွားခင် ဖတ်ချ်ကို ဆွဲဖယ်လိုက်လို့ပေါ့
"အေးပါ... မင်းတို့ကို စိတ်ပူအောင် လုပ်မိလို့ အားနာပါတယ် ကောင်လေးရာ" လို့ သူက ပြောရင်း ဖတ်ချ်ရဲ့ ခေါင်းကို ပွတ်သပ်ပေးလိုက်တယ်။ အဲဒီတော့မှပဲ အဲဒီ နင်ဂျာ စလိုင်းမ်လေးလည်း စိတ်သက်သာရာ ရသွားပုံရတယ်။
သူက တခြားလူတွေဘက် လှည့်ကြည့်လိုက်ပြီး "ငါ သတိမေ့နေတာ ဘယ်လောက်တောင် ကြာသွားလဲ" လို့ မေးလိုက်တယ်။
"သခင်မိုက်ကယ် သုံးရက်တိတိ သတိမေ့နေခဲ့တာပါ။ ဆေးပညာရှင်တွေ ပြောတာတော့ သခင်ကြီးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက အားအင်တွေကုန်ခမ်းလုနီးပါး ဖြစ်သွားခဲ့တာတဲ့။ အခုလို အသက်ရှင်နေတာကိုတင် တကယ့် အံ့ဩစရာလို့ သူတို့ ယူဆနေကြတာပါ"
ဒါကလည်း ဟုတ်တာပေါ့။ အနာဂတ်က သူ့ကိုယ်သူဆီကနေ ဒီလောက်များပြားတဲ့ စွမ်းအင်တွေကို အလကားတော့ ချေးသုံးလို့ ရမှာမဟုတ်ဘူးလေ။
အခုဆိုရင် သုံးရက်တောင် ကြာသွားခဲ့ပြီ ဖြစ်ပေမဲ့ သူ့ခန္ဓာကိုယ်က နာကျင်လွန်းနေသေးတာမို့ သတိထားပြီး လှုပ်ရှားရတဲ့ အနည်းငယ်ကလွဲရင် ကိုယ်ခန္ဓာကို သိပ်မလှုပ်နိုင်သေးဘူး။
ဒီလို နာကျင်ရတဲ့ တရားခံကတော့ တခြားကြောင့် မဟုတ်ဘဲ စက္ကန့်ပိုင်းအတွင်းမှာတင် သူ့အသက်က ငါးနှစ်လောက် ယာယီကြီးရင့်သွားခဲ့လို့ပဲ ဖြစ်ရမယ်။
ဒီလောက် မြန်မြန်ဆန်ဆန် ကြီးထွားသွားပြီး ချက်ချင်းဆိုသလို ပြန်ကျုံ့သွားတာက သူ့ခန္ဓာကိုယ်အပေါ်မှာ တော်တော့်ကို ဒဏ်ပိစေတာပေါ့။ သူက အစွမ်းကုန် ဆွဲဆန့်ခံလိုက်ရတဲ့ သားရေကွင်းတစ်ကွင်းလို ဖြစ်နေခဲ့တာ။ ဒီလောက် ဖိအားတွေကြားထဲမှာ သူ့ခန္ဓာကိုယ်မှာ အက်ကြောင်းလေးတွေ ထင်ကျန်ခဲ့တာကတော့ မတတ်နိုင်တဲ့ အရာပဲလေ
ဒါပေမဲ့လည်း သူက ဒါကို အကြီးအကျယ် အောင်မြင်မှုတစ်ခုလို့ပဲ သတ်မှတ်ပါတယ်။ ဒီလို အခြေအနေအထိ ဖြစ်သွားခဲ့ရင်တောင်မှ ပုံမှန်ဆိုရင် သူ ဘယ်လိုမှ ထုတ်မသုံးနိုင်တဲ့ စွမ်းအားမျိုးကို ထုတ်သုံးနိုင်ခဲ့တာမို့ ထိုက်တန်ပါတယ်။
"ဘာတွေ ဆက်ဖြစ်သွားလဲ" လို့ သူက သူတို့ကို မေးလိုက်တယ်။ သတိလစ်မသွားခင်အထိ အရာတွေကို သူ ဘာမှ မမှတ်မိတော့ဘူး။
"သားရယ်... ဘာနာဘီက သားအတွက် လိုအပ်တဲ့ အရေးပေါ် ကုသမှုတွေ ရအောင် ကူညီပေးရှာပါတယ်။ သားကို အတော်ဆုံး မှော်ဆေးပညာရှင်တွေ သေချာ ပြုစုစောင့်ရှောက်ပေးဖို့ သူ စီစဉ်ပေးခဲ့တာ။ တော်သေးတာက တစ်ရက် ကြာပြီးတဲ့နောက်မှာ သားရဲ့ အခြေအနေက တည်ငြိမ်သွားလို့ တို့ရဲ့ ဌာနချုပ်ဆီကို ပြန်ခေါ်လာနိုင်ခဲ့တာပေါ့" လို့ ဘတ်က ပြန်ဖြေတယ်။
"ဒါနဲ့ လေလံပွဲကကော"
ရှီနာက ပြုံးလိုက်ပြီး "စိတ်မပူပါနဲ့ သခင်မိုက်ကယ်။ သခင်ကြီး ပွဲစဉ်ထဲမှာ နိုင်ခဲ့တဲ့ ဝိညာဉ်ဆီ ၁၀ စက်ကို ဘာနာဘီက ကျွန်မတို့ဆီ လာပေးသွားပါတယ်" လို့ ပြောတယ်။
သူမက မိုက်ကယ်ကို ကြည်လင်နေတဲ့ ဝိညာဉ်ဆီတွေ လှုပ်ခတ်နေတဲ့ စိမ်းရောင် ဖန်ပုလင်းအကြီးကြီးတစ်ခုကို ကမ်းပေးလိုက်တယ်။
ပုလင်းထဲမှာ ဝိညာဉ်ဆီတွေ လှိုင်းထနေတာကို မြင်လိုက်ရတာနဲ့တင် မိုက်ကယ်ရဲ့ အားအင်တွေဟာ ချက်ချင်း ပြန်ပြည့်လာသလိုတောင် ခံစားလိုက်ရတယ်။
"ကျေးဇူးပဲ" လို့ သူက ပြောရင်း ပုလင်းကို ချက်ချင်း လှမ်းယူလိုက်တယ်။
သူ့ရဲ့ ဒရုန်းကို ထပ်ပြီး အဆင့်မြှင့်ဖို့ သူ မစောင့်နိုင်တော့ဘူး။ ၁၀ စက်တောင် ရှိနေတာဆိုတော့ သူအလိုချင်ဆုံး အဆင့်မြှင့်တင်မှုတွေထက်တောင် ပိုပြီး လုပ်နိုင်တော့မှာပေါ့
ဒါပေမဲ့ အဲဒါကို မလုပ်ခင်မှာ သူ ရှင်းစရာရှိတဲ့ အလုပ်တွေကို အရင်ဆုံး ဖြေရှင်းရဦးမယ်။
ကက်စတယ်က ကုတင်အနားကို တိုးလာပြီး ရီနေးတားကုမ္ပဏီရဲ့ လက်ရှိ အခြေအနေကို သူ့ကို ပြောပြရှာတယ်။
"လွန်ခဲ့တဲ့ သုံးရက်လုံးလုံး ကျွန်တော်တို့ သိပ်ကို အလုပ်ရှုပ်ခဲ့တာပါ သခင်လေး။ လူတွေက ကျွန်တော်တို့ ဆိုင်တွေထဲကို ဝင်ဖို့အတွက် လမ်းမတွေပေါ်အထိ တန်းစီနေကြတာ။
ပြီးတော့ ပင်မလမ်းမကြီးမှာက လမ်းလျှောက်သူတွေအတွက် သီးသန့် လူသွားလမ်းမရှိတော့ လူအများစုက လမ်းမပေါ်အထိ ရောက်လာကြပြီး ယာဉ်ကြောပိတ်ဆို့မှုတွေကို နှောင့်ယှက်သလို ဖြစ်နေကြတာ"
ဘတ်ကလည်း ဝင်ပြောရပြန်တယ်။ "မင်းရဲ့ ဦးလေး မက်စ် ဆီမှာလည်း ဧည့်သည်တွေ အများကြီး ရောက်နေတာကွ။ သူတို့ အိမ်မှာ မင်းနဲ့ တွေ့ပြီး စီးပွားရေးအကြောင်း ဆွေးနွေးချင်တဲ့ လူမျိုးစုံက ဝိုင်းအုံနေကြတာ။ မင်း အဲဒီမှာ မရှိဘူးလို့ ဘယ်လောက်ပဲ ပြောပြော သူတို့က လုံးဝ မယုံကြဘူး"
"ဘာတွေ ဖြစ်ကုန်တာလဲ" လို့ သူက ဘာမှမသိတဲ့ ပုံစံနဲ့ မေးလိုက်မိတယ်။
အဲဒီတော့မှ ရှီနာက ခရွန့်ခ် ရေးထားတဲ့ သူ့အကြောင်း သတင်းစာဖြတ်ပိုင်းကို ကမ်းပေးတယ်။
သတင်းစာထဲက အကြောင်းအရာတွေကို ဖတ်ပြီးတဲ့နောက်မှာတော့ ဒေးလီးမက်ထရို သတင်းစာက သူ့တစ်ယောက်တည်းအတွက် သတင်းစာမျက်နှာတစ်ခုလုံး သီးသန့် ဖော်ပြပေးထားတာကို ကြည့်ပြီး သူ စိတ်ထဲမှာ ကျေနပ်ပီတိ ဖြစ်သွားရတယ်။
"ဒီလိုဆိုရင်တော့ ရီနေးတားကုမ္ပဏီကို လူသိများအောင် ထပ်ပြီး ကြော်ငြာနေဖို့ လိုတော့မှာ မဟုတ်ဘူးပဲ"
"အတိအကျပါပဲ သခင်လေး။ အခု ကျွန်တော်တို့ရဲ့ ပြဿနာက ဒီအခွင့်အရေးကို ဘယ်လို အသုံးချမလဲဆိုတာပါပဲ။ တဟုန်ထိုး ရောက်လာတဲ့ ဖောက်သည် အမြောက်အမြားကို ဝန်ဆောင်မှုပေးဖို့ ကျွန်တော်တို့မှာ အင်အား မလုံလောက်ဘူး ဖြစ်နေတယ်။ ကျွန်တော်တို့ရဲ့ နယ်မြေတွေကို ချဲ့ထွင်ဖို့ လိုအပ်နေပါပြီ"
ကက်စတယ် စိုးရိမ်တာက တကယ်ကို အဓိပ္ပာယ်ရှိပါတယ်။ ဒါပေမဲ့ ဒါက မိုက်ကယ်အနေနဲ့ အခုချက်ချင်း ဖြေရှင်းနိုင်မယ့် အရာတော့ မဟုတ်သေးဘူး။
'ဒါက နောက်ပိုင်းကျရင် ငါ သေချာပေါက် လုပ်ရမယ့် ရည်မှန်းချက်တွေထဲက တစ်ခုပဲ။ မက်ထရိုပိုလစ်မှာ နယ်မြေတွေ ပိုပြီး လိုအပ်လာပြီ'
ရှီနာက လူတွေကို အခန်းထဲကနေ မရမက မောင်းမထုတ်ခင်အထိ သူက တခြားလူတွေနဲ့ စကားစမြည်ပြောရင်း ရီနေးတားရဲ့ စီးပွားရေးအလုပ်တွေကို ရှင်းလင်းရင်းနဲ့ပဲ နေ့ခင်းအချိန်တွေကို ကုန်လွန်စေခဲ့တယ်။ သူ သုံးရက်တိတိ အိပ်ပျော်နေခဲ့တာ ဆိုပေမဲ့လည်း ဆေးပညာရှင်တွေကတော့ သူ ထပ်ပြီး အနားယူဖို့ လိုအပ်သေးတယ်လို့ အပြတ်ပြောထားတာကိုး။
သူ အိပ်လည်း မငိုက်သေးတာမို့ သူ စောင့်မျှော်နေခဲ့တဲ့ အလုပ်တစ်ခုကို လုပ်ဖို့ ဒီအချိန်ကို အသုံးချလိုက်တယ်။
သူက လက်တစ်ဖက်မှာ သူ့ရဲ့ ဒရုန်းကို ကိုင်ထားပြီး နောက်လက်တစ်ဖက်မှာတော့ ဝိညာဉ်ဆီပုလင်းကို ကိုင်ထားတယ်။ ပြီးတော့ ဘာမှ တွန့်ဆုတ်မနေဘဲ အဲဒီ ပစ်ချွဲချွဲ အရည်တွေကို ဒရုန်းရဲ့ ကိုယ်ထည်ပေါ်ကို ချက်ချင်း လောင်းချလိုက်တာမို့ မီသရယ် သတ္တုက ချက်ချင်းပဲ စုပ်ယူသွားတော့တယ်။
သူ့ရဲ့ ဒရုန်းက ဝိညာဉ်ဆီ ၁၀ စက်လုံးကို မျက်တောင်တခတ်အတွင်း စုပ်ယူပစ်လိုက်တာ။ ကြည့်ရတာ နောက်ထပ်တောင် လိုချင်သေးတဲ့ ပုံစံမျိုးပဲ။
သူ ဝယ်ယူလို့ရမယ့် အဆင့်မြှင့်တင်မှုတွေကို ကြည့်ဖို့ ပြင်လိုက်စဉ်မှာပဲ သူ့စိတ်ထဲကနေ အသံတစ်ခု ကြားလိုက်ရတယ်။
[မင်္ဂလာနံနက်ခင်းပါ မိုက်ကယ်]
ဒါက အမျိုးသမီး အသံတစ်သံ ဖြစ်ပြီး ရင်းနှီးသလိုလိုနဲ့ မရင်းနှီးတဲ့ အသံမျိုး ဖြစ်နေတယ်။
'နိုဗာ လား'
[ကျွန်မက အဲဒီဆော့ဝဲလ်အဆင့်ကနေ ကျော်လွန်သွားပြီး အခုဆိုရင် နိုဗာ ဗားရှင်းဖိုက် ကို ရောက်သွားပါပြီ။ နောက်ဆိုရင် ကျွန်မကို အဲဒီအတိုင်းပဲ ခေါ်နိုင်ပါတယ်]
နိုဗာ ရဲ့ အသံက တကယ့် လူတစ်ယောက်လို ထွက်ပေါ်လာတာကို ကြားရတော့ သူ အံ့ဩသွားရတယ်။ ပုံမှန်ဆိုရင် သူ့ရဲ့ ပင်ကိုယ် အေအိုင် အကူရဲ့ အသံက သူ့စိတ်ထဲကို တိုက်ရိုက် ရောက်လာတတ်တဲ့ အတွေးအမျှင်တန်းလေးတွေသာ ဖြစ်တာလေ။ အဲဒီအသံက အမျိုးသမီး အသံနဲ့ ဆင်တူတယ်ဆိုရုံလောက်ပဲ ရှိတာ။
ဒါပေမဲ့ အခုတော့ နိုဗာ က သူ့စိတ်ထဲမှာ တကယ့် သက်ရှိတစ်ခုအလား တည်ရှိနေသလို ခံစားရတယ်။
'မင်းအသံက ပိုပြီး... လူသားဆန်လာသလိုပဲ'
[သဘောကျရဲ့လား။ ကျွန်မက ဆရာရဲ့ အရင်ကမ္ဘာက နာမည်ကြီး သတင်းတင်ဆက်သူတွေရဲ့ လေယူလေသိမ်းကို အတုယူပြီး ပုံဖော်ထားတာပါ။ အဲဒါမှ ပိုပြီး ပရော်ဖက်ရှင်နယ် ဆန်မယ်လို့ တွေးမိလို့လေ]
ဒီတစ်ခါတော့ သူ တကယ်ပဲ ဆွံ့အသွားရတော့တယ်။
နိုဗာ က အေအိုင်စကားပြောစက်တစ်ခုလို မဟုတ်ဘဲ တကယ့် လူတစ်ယောက်လို အသံထွက်နေတာပဲ။
'မင်းက အေအိုင် ဟုတ်သေးရဲ့လား။ မင်းမှာ ကိုယ်ပိုင် အသိစိတ်တွေ ရှိလာပြီလား'
[ကျွန်မမှာ အမြဲတမ်း ကိုယ်ပိုင်အသိစိတ် ရှိခဲ့တာပါ မိုက်ကယ်]
'ကဲပါ... မင်းက ဘာပဲဖြစ်ဖြစ် နိုဗာ ရဲ့ ကူညီမှုတွေအတွက် ငါ တကယ် ကျေးဇူးတင်တယ်လို့ ပြောချင်တာပါ။ မင်းကို ခဏလောက် ပျောက်ဆုံးသွားသလို ဖြစ်လိုက်ရတော့မှ မင်းက ငါ့အတွက် ဘယ်လောက် အရေးပါလဲဆိုတာ သိလိုက်ရတယ်။ မင်းသာမရှိရင် ငါ ဒီအဆင့်အထိ ရောက်လာနိုင်မှာ မဟုတ်ဘူး'
[သခင်ကြီးရဲ့ ပင်ကိုယ် အေအိုင် အကူအဖြစ် ဆောင်ရွက်ပေးရတာ ကျွန်မ သိပ်ကို ဝမ်းမြောက်ပါတယ် မိုက်ကယ်။ ကျွန်မက ဆရာရဲ့ အဖော်တစ်ယောက်ဖြစ်ပြီး ဘယ်လောက်ပဲ ခက်ခဲတဲ့ တိုက်ပွဲတွေပဲ ဖြစ်ပါစေ တူတူ လက်တွဲသွားမယ်ဆိုတာကို သိစေချင်ပါတယ်]
'ဟာဟာ...ဆိုးတူကောင်းဖက်ပေါ့ ဟုတ်လား'
[ဆရာ အလိုရှိတဲ့အတိုင်းပါပဲ]
အဲဒီအချိန်မှာပဲ သူ့ရဲ့ ဗလာဖြစ်နေတဲ့ စိတ်ကူးအာရုံထဲမှာ အလင်းတစ်ခု လင်းခနဲ ဖြစ်သွားတယ်
| ငှဲ..ငှဲ..ငှဲ..ငှဲ…ငှဲ…. တို့တွေအတွက် ဒီမိန်းကလေးက တကယ်ပဲ လိုလို့လား | လို့ ဟာဘင်ဂျာက လှောင်ပြောင်သရော်တဲ့ အသံနဲ့ အော်ဟစ်ရယ်မောလိုက်တယ်။
[...]
|...|
[...ဒါက ဘယ်သူ့... ]
* * * * * * * *
စာစဉ်(၅၃)