← Chapters

အခန်း ၆၃၅

Vol. 53 Ch. 635

အခန်း ၆၃၅

Vol. 53 Ch. 635

အခန်း(၆၃၅)

နိုဗာရဲ့ အကြံဉာဏ်က သိပ်ကို တည်ငြိမ်ပြီး စဉ်းစားချင့်ချိန်ဉာဏ် ရှိလွန်းလှတယ်။ သူမက မိုက်ကယ် တစ်ယောက်တည်းအတွက်တင် မဟုတ်ဘဲ ရီနေးတား ကုမ္ပဏီတစ်ခုလုံးအတွက်ပါ ထည့်တွက်စဉ်းစားပေးရှာတာပါ။

မှော်ကမ္ဘာငယ်လေးနဲ့ ဖျောက်ကွယ်ခြင်း စွမ်းရည်တွေကို တွဲဖက်သုံးမယ့် အကွက်က ရီနေးတား ကုမ္ပဏီတစ်ခုလုံးရဲ့ ဘေးကင်းလုံခြုံရေးအတွက် တကယ်ကို အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့တယ်။

ဒါပေမဲ့ မျှော်လင့်ထားတဲ့အတိုင်းပဲ ဟာဘင်ဂျာကတော့ မိုက်ကယ် ပိုပြီး တိုးတက်လာဖို့အတွက် ပိုသန်မာတဲ့ ပြိုင်ဘက်တွေနဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်စေချင်တာကိုပဲ အဓိက ဦးစားပေးနေဆဲပါ။

စိတ်မရှိပါနဲ့ ဟာဘင်ဂျာရာ... နိုဗာ ပြောတာကမှ တကယ် မှန်တာပါ။

အခုအချိန်မှာတော့ ဟာဘင်ဂျာရဲ့ နည်းလမ်းကလည်း တစ်ဖက်တစ်လမ်းကနေ အကျိုးကျေးဇူး ရှိခဲ့တာကိုတော့ သွားပြီး အပြစ်ပြောလို့ မရဘူးပေါ့။ လေလံပွဲတုန်းက အခြေအနေတွေရယ်၊ ပြီးတော့ ရှုံးနိမ့်ခါနီး အစွန်းနားအထိ အမြဲတမ်း တွန်းပို့ခံခဲ့ရတာတွေက မိုက်ကယ်ကို သူ့ရဲ့ ပုံမှန်အတားအဆီးတွေကို ကျော်ဖြတ်ပြီး မက်ထရိုပိုလစ်မှာ အသန်မာဆုံးလို့ သတ်မှတ်ထားကြတဲ့ မက်ဂ်နက်တစ်တွေကိုတောင် ခဏတာပဲဖြစ်ဖြစ် အနိုင်ယူနိုင်ခဲ့စေတာကို သူ သက်သေပြခဲ့ပြီးသားလေ။

ဒါက ကောင်းမွန်တဲ့ ရလဒ်တွေ သယ်ဆောင်လာပေးခဲ့တာ မှန်ပေမဲ့လည်း သူကတော့ သွေးဆာနေတဲ့ အရူးတစ်ယောက်လိုမျိုး နောက်ထပ် ပြိုင်ဘက်ကြီးတွေကိုပဲ အချိန်ပြည့် လိုက်ရှာနေရင်းနဲ့ ဘဝကို မကုန်လွန်စေချင်ဘူး။

ပြီးတော့ လေလံပွဲမှာ ဖြစ်ပျက်ခဲ့တာတွေ ပြီးတဲ့နောက်မှာတော့ ခဏတဖြုတ်လောက် အေးအေးဆေးဆေး ဖြည်းဖြည်းချင်း သွားရတာကိုပဲ သူ သဘောကျမိတယ်။

| ချီးပဲ... ဒီအောင်ပွဲကို အလကားရခဲ့တယ်လို့ မမှတ်လိုက်နဲ့ | လို့ ဟာဘင်ဂျာက တောက်ခေါက်လိုက်ပြီး တိုးတိုးလေး ညည်းတွားလိုက်တယ်။

[ဟဲဟဲ... ကျွန်မအတွက် တစ်မှတ်၊ ရှင်ကတော့ သုညပဲ]

| ဆရာမကြီး လာမလုပ်နဲ့ ကောင်မလေး |

ဟာဘင်ဂျာနဲ့ နိုဗာတို့ တစ်ယောက်နဲ့တစ်ယောက် ကလေးကုလား အပြန်အလှန် အော်ဟစ်ငြင်းခုံနေကြတဲ့ စကားတွေကို မိုက်ကယ်က ချက်ချင်းပဲ နားထဲကနေ ဖျောက်ဖျက်ပစ်လိုက်တယ်။ သူတို့တွေ ပြုမူနေပုံက ကလေးတွေကျနေတာပဲ။

ဟင်း... ဘယ်တစ်ခုကို ရွေးရမလဲ။

ထုံးစံအတိုင်းပဲ သူ့မှာ ရွေးချယ်စရာတွေ အများကြီး ရှိနေတာမို့ ခေါင်းခဲနေရပြန်ပြီ။ သူ အဆင့်မြှင့်တင်လို့ရမယ့် အရာတွေ အများကြီး ရှိနေပေမဲ့ အကုန်လုံးကို မရမချင်းတော့ စိတ်ကျေနပ်နိုင်ဦးမှာ မဟုတ်ဘူး။

အခုချက်ချင်းကြီးတော့ ရွေးစရာ မလိုသေးပါဘူးလေ။ အလောတကြီး လုပ်စရာမှ မလိုဘဲ။

နောက်ဆုံးအချိန်ကျမှ ဆုံးဖြတ်ချက်ချတာက သူ့အတွက် ပိုပြီး အကျိုးရှိတတ်တယ်ဆိုတာ သူ သိထားတယ်။ အဆင့်မြှင့်တင်မှု တစ်ခုချင်းစီက မတူညီတဲ့ အခြေအနေတွေနဲ့ ကိုက်ညီတာမို့ အနာဂတ်မှာ ဘယ်လို အခြေအနေမျိုးနဲ့ ရင်ဆိုင်ရမလဲဆိုတာ သူ ကြိုတင်ပြီး မခန့်မှန်းနိုင်ဘူးလေ။ ဒါကြောင့် ဆုံးဖြတ်ချက်ကို တကယ် လိုအပ်တဲ့အချိန်ကျမှပဲ ချလိုက်တာက အကောင်းဆုံး ဖြစ်လိမ့်မယ်။

ဒါဆိုရင်တော့ ငါ ဝိညာဉ်ဆီတွေ ပိုပြီး ရအောင် ရှာရတော့မှာပေါ့။

ဒါပေမဲ့ အဲဒီပစ္စည်းတွေကို ဘယ်လိုနည်းနဲ့ ထပ်ရအောင် ယူရမလဲဆိုတာကိုတော့ သူ သေချာ မသိသေးဘူး။ သူ သိသလောက်ဆိုရင်တော့ အဲဒီပစ္စည်းတွေကို ပင်လယ်ရေအောက် အနက်ဆုံးနေရာတွေမှာပဲ ရနိုင်တာလေ။ ပြီးတော့ အဲဒီပစ္စည်းတွေရဲ့ အရောင်းအဝယ် ဈေးကွက်ကိုလည်း ပင်လယ်ဧကရာဇ်က တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာ ဖြစ်တယ်။

ဘာပဲဖြစ်ဖြစ် ဟို ရေလူသားတွေဆီမှာတော့ အဲဒီဝိညာဉ်ဆီတွေ အများကြီး ရှိပုံရတာပဲ။ သူတို့ဆီကနေ အကြံဉာဏ် အချို့လောက် တောင်းကြည့်ရင် ကောင်းမလား။

သူတို့က လေလံပွဲတုန်းက ဝိညာဉ်ဆီ ၁၅ စက်ကို အေးအေးဆေးဆေးပဲ ထုတ်ရောင်းသွားခဲ့တာလေ။ သူတို့ရဲ့ သိုလှောင်ခန်းထဲမှာ အများကြီး ကျန်ပါသေးတယ်လို့ အလွယ်တကူပဲ ခန့်မှန်းလို့ ရတာပေါ့။

ဒီအချိန်မှာပဲ အခန်းတံခါးကို လာခေါက်တဲ့အသံကို သူ ကြားလိုက်ရတယ်။

"သားရေ... သားဆီကို ဧည့်သည်တွေ ရောက်နေတယ်နော်"

သူ ချက်ချင်းပဲ မျက်မှောင်ကြုတ်လိုက်မိတယ်။ သူ့အမေရဲ့ အသံက သိပ်ကို စိတ်လှုပ်ရှားနေပြီး တခစ်ခစ် ရယ်ချင်နေတဲ့ လေသံမျိုး ဖြစ်နေလို့ပဲ။

ဒါက ဘယ်တုန်းကမှ နိမိတ်မကောင်းတဲ့ အခင်းအကျင်းမျိုး။

သူက အနားယူချင်လို့ပါဆိုပြီး ဆင်ခြေမပေးနိုင်ခင်မှာပဲ လီလီယာက တံခါးကို ဖွင့်ပြီး လူအများကြီးကို အခန်းထဲ ခေါ်သွင်းလာခဲ့ပြီ။

ရိုင်းဇင်းဆစ် အဖွဲ့ဝင်အားလုံးက 'ကျန်းမာရေး အမြန်ပြန်ကောင်းပါစေ' လို့ ရေးထားတဲ့ ပန်းစည်းတွေ၊ လက်ဆောင်ခြင်းတွေကို ကိုင်ဆောင်ပြီး သူ့အခန်းထဲ ဝင်လာကြတာကို မြင်လိုက်ရတာမို့ မိုက်ကယ် အံ့ဩသွားရတယ်။

ဘိုး၊ ရိန်နာ၊ ရက်ပ်တာ၊ အာလော့စ်၊ ဖင်းမ်နဲ့ တန်ဇင်းတို့က မျက်နှာပေါ်မှာ အပြုံးကိုယ်စီနဲ့ အခန်းထဲကို အိုးတိုးအမ်းတမ်း ဝင်လာကြတယ်။

"မိုက်ကယ်... မင်းမှာ ဒီလို သူငယ်ချင်းကောင်းတွေ ရှိနေတာ ငါ့ကို တစ်ခွန်းမှ မပြောခဲ့ဘူးနော်..."

သူမ စကားကို သူ အဖက်မလုပ်ဘဲ ကျော်လိုက်တယ်။

"လာကြတာ ကျေးဇူးပဲကွာ" လို့ သူက သူတို့အားလုံးကို နှုတ်ဆက်လိုက်တယ်။

"ရပါတယ် သူငယ်ချင်းရာ။ မင်းက ငါတို့ကို အနိုင်တိုက်သွားလို့ ငါတို့က မခံချင်စိတ်နဲ့ အရှုံးမပေးနိုင်ဘဲ ဖြစ်နေမယ်လို့ ထင်နေတာလား။ ဟားဟား။ လုံးဝ မဟုတ်ပါဘူးကွာ" လို့ ရက်ပ်တာက သူ့ရဲ့ ခြေချင်းဝတ်က သံဆူးတွေရဲ့ တချွင်ချွင် အသံနဲ့အတူ ဟိန်းထွက်အောင် ရယ်မောရင်း ပြောလိုက်တယ်။

"အထူးသဖြင့် မင်း လေလံပွဲတုန်းက ပြသသွားတဲ့ အစွမ်းတွေ ပြီးတဲ့နောက်မှာပေါ့။ မင်းက အဲဒီ အင်အားကြီး အုပ်စုတွေကို ဘယ်သူက တကယ့် ဆရာကြီးလဲဆိုတာ သေချာပေါက် ပြသလိုက်တာပဲ" လို့ အာလော့စ်က လေးစားတဲ့ အရိပ်အယောင်နဲ့ ခေါင်းငြိမ့်ရင်း ပြောတယ်။

ပြီးတော့ သူနဲ့ တစ်ကြိမ်ပဲ ဆုံဖူးသေးတဲ့ ဖင်းမ်နဲ့ တန်ဇင်းတို့ကလည်း လေလံပွဲတုန်းက မိုက်ကယ်ရဲ့ စွမ်းဆောင်ရည်တွေကို အမွှမ်းတင်ပြီး ချီးကျူးစကား ဆိုကြပြန်တယ်။

"မင်း အဲဒါကို ဘယ်လိုလုပ်လိုက်တာလဲဆိုတာ ငါ ခုထိ စဉ်းစားလို့ မရသေးဘူး။ ဒါက တကယ်တော့ မဖြစ်နိုင်ရမယ့် အရာကြီးလေ" လို့ ဖင်းမ်က ချီးကျူးလိုက်တယ်။

"လျှို့ဝှက်ချက် ရှိတယ်မလား။ လာပါ... ငါတို့ကိုလည်း ပြောပြပါဦး" တန်ဇင်းရဲ့ စကားတွေက တစ်ဝက်က နောက်ပြောင်နေတာဖြစ်ပြီး ကျန်တဲ့ တစ်ဝက်ကတော့ တကယ် သိချင်နေတာပါ။

သူကတော့ အိုးတိုးအမ်းတမ်းပဲ ရယ်မောလိုက်ပြီး သူတို့ရဲ့ လှည့်ပတ်စုံစမ်းနေတဲ့ မေးခွန်းတွေကို စကားလွှဲပစ်လိုက်တယ်။ သူ့ရဲ့ ဒီဗာက သူ့ကို စကားလှမ်းပြောပြီး 'အဆင့်မြင့်ဝိညာဉ်' ကျင့်ကြံသူတွေပဲ ထုတ်သုံးနိုင်တဲ့ နည်းစနစ်ကို ဘယ်လို ထုတ်သုံးရမလဲဆိုတာ သင်ပေးခဲ့တာပါလို့ သူတို့ဆီ သေချာပေါက် သွားပြောလို့ မရဘူးလေ။ သူ ပြောရင်တောင် သူတို့က ယုံကြမှာ မဟုတ်ဘူး။

"မေးခွန်းတွေ တော်လောက်ပြီကွာ။ သူ အနားယူနေတာကို မမြင်ကြဘူးလား" လို့ ဘိုးက သူတို့ကို ငေါက်ငေါက်ငမ်းငမ်း တားမြစ်လိုက်တယ်။ "မင်း အမြန်နေကောင်းလာအောင်လို့ ငါ ဒီကိတ်မုန့်လေးကို ကိုယ်တိုင် လုပ်ပေးခဲ့တာ"

ဘိုးက စတော်ဘယ်ရီသီးတွေနဲ့ အနီရောင် ဂျယ်လီတွေနဲ့ အလှဆင်ထားတဲ့ အဝိုင်းပုံစံ ကိတ်မုန့်လေးကို ထုတ်ပြလိုက်တယ်။

သူမက ကိတ်မုန့်ပေါ်မှာ 'အမြန် နေကောင်းပါစေ <3' လို့ ရေးထားတာပါ။

ဒါကမှ မသိသာသေးဘူးဆိုရင်တောင် ကိတ်မုန့်တစ်ခုလုံးက နှလုံးသားပုံစံ ဖြစ်နေခဲ့ပြီ။

သူမ ဒီလို လာလည်ရတဲ့ ရည်ရွယ်ချက်က သေချာပေါက် အလုပ်ကိစ္စအတွက်တော့ မဟုတ်တာ အမှန်ပဲ။

"ငါ... ငါလည်း မင်းအတွက် ယူလာခဲ့တယ်" လို့ ရိန်နာက အလန့်တကြားနဲ့ ဖြတ်ပြောလိုက်တယ်။ "ငါ မင်းအတွက် ကွတ်ကီးအချို့ ယူလာပေးတာ"

သူမက စက္ကူနဲ့ ထုပ်ထားတဲ့ အဝိုင်းပုံစံ ကွတ်ကီး အကြမ်းထည်လေး အချို့ကို သူ့ဆီ ကမ်းပေးလိုက်တယ်။ အဲဒီ မုန့်တွေက ဘိုးရဲ့ ကိတ်မုန့်လောက် မလှပတာ အမှန်ပေမဲ့ သူမ အဲဒီကွတ်ကီးတွေအပေါ်မှာ ထားတဲ့ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုတွေကတော့ အပြည့်အဝ ရှိနေတာ ထင်ရှားပါတယ်။

သူမရဲ့ အင်္ကျီပေါ်မှာ ကျန်နေသေးတဲ့ ဂျုံမှုန့်တွေရယ်၊ ပြီးတော့ လက်ပေါ်မှာ ပတ်တီး စည်းထားရတဲ့ အပူလောင်ဒဏ်ရာတွေကို ကြည့်ရုံနဲ့တင် သူမက ဒီမုန့်ဖုတ်ပညာမှာ မကျွမ်းကျင်ပေမဲ့လည်း ဒီကွတ်ကီးတွေကို ဖြစ်မြောက်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်ပေးခဲ့တာကို သိနိုင်တာပေါ့။

"ကျေးဇူးပါပဲ အားလုံးရာ။ တကယ်ကို ကျေးဇူးတင်ပါတယ်"

ဒီအတောအတွင်းမှာပဲ လီလီယာက ရိန်နာနဲ့ ဘိုးတို့ကို စိတ်ဝင်တစားရှိလှတဲ့ မျက်လုံးမျိုးနဲ့ လှမ်းကြည့်နေတယ်။ သူမ ပြသနေတဲ့ မျက်နှာအမူအရာက ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာကို ကောင်းကောင်းကြီး ရိပ်မိနေတဲ့ ပုံစံမျိုးပဲ။

"ခစ် ခစ် ခစ်... ငါ့သားက မိန်းကလေးတွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်တာကတော့ သဘာဝကျပါတယ်လေ" လို့ သူမက ကိုယ့်ဘာကိုယ် တိုးတိုးလေး ကပ်ပြောနေရှာတယ်။

မိုက်ကယ်ကတော့ သူမကို လုံးဝ အဖက်မလုပ်ဘဲ နေလိုက်တယ်။

"ဒါနဲ့ မိုက်ကယ်... သတင်းထဲက အကြောင်းအရာတွေက အကုန် အမှန်တွေပဲလား။ မင်းမှာ တကယ်ပဲ ကင်းစ်နယ်မြေထဲမှာ ကိုယ်ပိုင်နိုင်ငံတစ်ခု ရှိတာလား" လို့ ရက်ပ်တာက လှမ်းမေးတယ်။

"အင်း... အမှန်ပဲလေ"

သူတို့အားလုံး အံ့ဩတုန်လှုပ်စွာနဲ့ စကားလုံးတွေကို မျိုချလိုက်မိကြတယ်။ သူတို့မှာလည်း ကိုယ်ပိုင်နယ်မြေတွေ ရှိကြတာ မှန်ပေမဲ့ ကိုယ်ပိုင်နိုင်ငံလို့ ခေါ်နိုင်လောက်တဲ့အထိတော့ မကြီးမားကြဘူးလေ။

"ညဘက်ကျရင် အဲဒီနိုင်ငံပေါ်ကို ကြယ်တာရာတွေက အလင်းတန်းတွေ ဖြာကျနေတာလို့ ငါ ကြားဖူးတယ်"

"သူတို့ ပြောကြတာတော့ အဲဒီမှာ လူတစ်ပိုင်းသတ္တဝါ မျိုးစုံနဲ့ ပြည့်နှက်နေတာတဲ့"

"ပြီးတော့ မင်းမှာ မက်ထရိုပိုလစ်ရဲ့ မြို့ရိုးတွေထက်တောင် မြင့်တဲ့ အဆောက်အအုံတွေ ရှိတာ ဟုတ်လား"

သူတို့က မိုက်ကယ်ကို မေးခွန်းတွေ တရစပ် ဝိုင်းမေးကြတာမို့ သူ စိတ်ရှုပ်ထွေးပြီး မွန်းကြပ်လာရတယ်။

"မင်းတို့လည်း အားရင် ကိုယ်တိုင် သွားလည်ကြည့်ကြပါလား"

သူတို့အားလုံးက အဲဒီအစီအစဉ်ကို သိပ်ပြီး စိတ်ဝင်စားသွားကြပုံပဲ။

"ငါလည်း တစ်ချိန်ချိန်ကျရင် သွားလည်ရမယ်။ ငါ့ကုမ္ပဏီက အလုပ်အချို့ကို အရင် ရှင်းရဦးမယ်၊ ဒါမှ ခြောက်လလောက် ခွင့်ယူပြီး အပန်းဖြေလို့ ရမှာ"

"ငါလည်း အတူတူပဲ။ ကင်းစ်နယ်မြေဆီကို ခရီးသွားရတာက အနည်းဆုံး သုံးလလောက် ကြာမှာလေ"

ဒါပေမဲ့ သူတို့ စိုးရိမ်နေတဲ့အချက်တွေကို အလွယ်တကူပဲ ဖြေရှင်းပေးလို့ ရပါတယ်။

"စိတ်မပူပါနဲ့။ ငါ့ရဲ့ ရွှေလမ်းမကြီးကို မက်ထရိုပိုလစ်နဲ့ ချိတ်ဆက်ဖို့ ခွင့်ပြုချက် ရတာနဲ့ ချက်ချင်းပဲ အများပြည်သူသုံး ဈေးကွက်ထဲကို ငါ့ရဲ့ ကားတွေကို ထုတ်ရောင်းပေးတော့မှာပါ"

သူ အဲဒီစကားကို ပြောလိုက်တာနဲ့ ချက်ချင်းပဲ သူတို့ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားကြတော့တယ်။ မိုက်ကယ်မှာ ကားတွေ ရှိတယ်ဆိုတာကို သူတို့ ကြိုသိထားကြပေမဲ့လည်း မကြာခင် အနာဂတ်မှာ ဈေးကွက်ထဲအထိ ကားတွေကို ထုတ်ရောင်းပေးမယ်လို့ ကတိပေးလိုက်တာက သူတို့ရဲ့ စိတ်ကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့တာပေါ့။

"မိုက်လိုက်တာကွာ... မင်းက မက်ထရိုပိုလစ် အပြင်ဘက်မှာ တကယ့် ဆရာကြီးတစ်ယောက်ပဲကိုး"

"ဝေါင်... အဲဒီလိုသာ ဖြစ်လာရင် ငါက ပထမဆုံး ဝယ်မယ့်လူ ဖြစ်ရမယ်"

"ပြီးတော့ မင်း ရွှေလမ်းမကြီးလို့ ပြောလိုက်တာလား။ မျှော်လင့်ထားတဲ့အတိုင်းပဲ။ မင်းက ဗန်ဒါဘစ် မျိုးနွယ်စုဝင် တစ်ယောက်ပဲကိုး။ မင်းလည်း တခြား အမွေဆက်ခံမယ့်သူတွေနဲ့ ပြိုင်ဆိုင်နေတာပေါ့"

လျှို့ဝှက်ချက်က အပြင်ကို ပေါက်ကြားသွားပြီဆိုတာ မိုက်ကယ် ကောင်းကောင်းကြီး သိလိုက်ပြီ။ သူက ဗန်ဒါဘစ် မျိုးနွယ်စုဝင် တစ်ယောက်လေ။ တကယ်တော့ လူတွေ ဒါကို သိသွားတာကို သူ ဂရုမစိုက်ပါဘူး။ သူ ဖြစ်ချင်တာကတော့ လူတွေက သူ့ကို သူ့ရဲ့ ကိုယ်ပိုင် အရည်အချင်းထက် ဗန်ဒါဘစ် မျိုးနွယ်စုဝင် တစ်ယောက်အနေနဲ့ အရင်ဆုံး သတ်မှတ်ဆက်ဆံမှာကိုပဲ မလိုလားတာပါ။

ကံကောင်းထောက်မစွာနဲ့ပဲ လူတွေ သူ့ရဲ့ မျိုးရိုးအကြောင်းကို မသိခင်မှာတင် လေလံပွဲတုန်းက သူက စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပြီးသား။

"မင်း အမြန် နေကောင်းအောင် လုပ်ပါ မိုက်ကယ်ရာ။ ငါတို့အားလုံးထဲမှာ မင်းက အင်အားကြီး အုပ်စုတွေဆီကို ရောက်ဖို့ အခွင့်အရေး အရှိဆုံးလူပဲ"

"မင်းရဲ့ အရောင်းဆိုင်တွေမှာ လူတွေ တန်းစီနေကြတာကို ငါ မြင်ခဲ့တယ်။ လူတန်းကြီးက ရှည်ရွတ်နေတာပဲ"

"ဒါက တကယ်ကို ကံကောင်းတာပဲကွာ။ မကြာခင်မှာ ပွဲတော်လည်း လာတော့မှာဆိုတော့ ခရီးသွားဧည့်သည်တွေဆီကနေ သဲဒင်္ဂါးတွေ ရှာဖို့ အခွင့်အရေး ရဦးမှာပေါ့"

* * * * * * * *

စာစဉ်(၅၃)

All Chapters