အခန်း ၆၃၆
Vol. 53 Ch. 636
အခန်း(၆၃၆)
"မင်း ဘာကို ဆိုလိုတာလဲ"
တော်သေးတာပေါ့ ရက်ပ်တာနဲ့ တခြားလူတွေက လေလံပွဲအပြီး ပါတီမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို စေတနာရှေ့ထားပြီး ပြောပြပေးကြလို့ပဲ။
"တကယ်ကြီးလား... သူက ဝိညာဉ်ဆီ တစ်စက်ကို သဲဒင်္ဂါး ၁၀၀၀၀ နဲ့ ဝယ်ဖို့ ကမ်းလှမ်းနေတာပေါ့"
ဒါက တကယ့် သတင်းထူးကြီးပဲ။ အထူးသဖြင့် သူ အခုလေးတင် လုပ်နိုင်မယ့် အဆင့်မြှင့်တင်မှု အလားအလာတွေကို မြင်ပြီးခါစဆိုတော့ ပိုတောင် ဟုတ်နေသေးတယ်။ ပုံမှန်ဆိုရင် ရေလူသားတွေနဲ့ အဆက်အသွယ်မရှိဘဲနဲ့ ဝိညာဉ်ဆီတစ်စက်ကို ဝယ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာလေ။ ဒါပေမဲ့ အခုတော့ သူတို့မှာ ဝိညာဉ်ဆီတွေကို စိတ်ချလက်ချ ရနိုင်မယ့် လမ်းစကို ရသွားကြပြီ ဖြစ်တယ်။
ပွဲတော်အတွက် ဦးစားပေးအဆင့်က ချက်ချင်းဆိုသလို စာရင်းရဲ့ ထိပ်ဆုံးကို ရောက်သွားခဲ့ပြီ။
မက်ထရိုပိုလစ်ဆီကို ခရီးသွားဧည့်သည်တွေ မကြာခင် ရောက်လာတော့မှာမို့ ဒီလူသစ်တွေကို ဘယ်လို ပြုစုပျိုးထောင်ရမလဲဆိုတာက သိပ်ကို အရေးကြီးကြောင်း ပိုပြီး ထင်ရှားလာတယ်။
တကယ်လို့ သူသာ သူ့ရဲ့ ရီနေးတား ထုတ်ကုန်တွေကို ရေလူသားတွေဆီ ရောင်းနိုင်မယ်ဆိုရင် သဲဒင်္ဂါးတွေကို အဆက်မပြတ် ဝင်အောင် လုပ်နိုင်တော့မှာပေါ့။
"ချက်ချင်းကြီးတော့ စိတ်မလှုပ်ရှားလိုက်ပါနဲ့ဦး မိုက်ကယ်ရဲ့။ အဲဒီ ခရီးသွားဧည့်သည်တွေက စိတ်ကျေနပ်အောင် ထားရ သိပ်ခက်တယ်လို့ နာမည်ကြီးတယ်" လို့ ဘိုးက သတိပေးလိုက်တယ်။ "ငါတို့နဲ့ သူတို့ကြားမှာ တူညီတဲ့အချက် တစ်ခုမှ မရှိဘူးလေ။ သူတို့ လိုချင်တဲ့အရာက ငါတို့ဆီမှာ ရှိတာတွေနဲ့ လုံးဝကို ကွဲပြားခြားနားတယ်"
"တကယ်တော့ အဲဒါက အခုလောလောဆယ် ကုမ္ပဏီအားလုံး ရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲက တစ်ခုပဲ" လို့ အာလော့စ်က ပြောတယ်။ "ငါတို့ထဲက လူအတော်များများဟာ ရေလူသားတွေအကြောင်း သိသင့်သမျှ အကုန်လုံးကို သင်ကြားပေးနိုင်မယ့် ရေလူသား ကျွမ်းကျင်သူတွေကို ငှားရမ်းဖို့ ရွှေဒင်္ဂါး သန်းနဲ့ချီ သုံးစွဲနေကြတာ။ ဒါပေမဲ့လည်း ကုန်းပေါ်မှာ သူတို့ လိုချင်မယ့်အရာ တစ်ခုမှ ရှာမတွေ့သေးဘူး ဖြစ်နေတယ်"
"ငါတို့က သမုဒ္ဒရာကြီးကို မက်ထရိုပိုလစ်ဆီ ယူမလာနိုင်သရွေ့တော့ သူတို့က ငါတို့ ထုတ်ကုန်တွေအတွက် သဲဒင်္ဂါး အများကြီး အကုန်အကျခံပြီး ဝယ်လိမ့်မယ်လို့ ငါတော့ မထင်ဘူး" လို့ ဖင်းမ်က ညည်းတွားရှာတယ်။
မိုက်ကယ်က ခေါင်းငြိမ့်ပြရင်း သူတို့ရဲ့ ပြဿနာကို နားလည်ပေးလိုက်တယ်။ သူကိုယ်တိုင်လည်း ပင်လယ်ဧကရာဇ်က သူတို့မျိုးနွယ်စုကို အုပ်ချုပ်တယ်ဆိုတဲ့ အချက်ကလွဲလို့ ရေလူသားတွေအကြောင်း ဘာမှ မသိတာတော့ အမှန်ပဲ။
"အင်အားကြီး ဂိုဏ်းတွေကတော့ ငါတို့ထက် ပိုပြီး အခွင့်အရေး သာလိမ့်မယ်" လို့ ရိန်နာက ပြောလိုက်တယ်။
"မင်းက ဘာလို့ အဲလို ပြောတာလဲ" လို့ သူက မေးလိုက်တယ်။
ရိန်နာက ပါးပြင်လေးတွေ ရဲတက်လာရင်း သူ့အကြည့်ကို ချက်ချင်း လွှဲဖယ်သွားတယ်။ "အို... ဟို... အဲဒါက သူတို့ လေလံပွဲတုန်းက ရခဲ့တဲ့ ပစ်ဇီမှုန့်တွေကြောင့်လေ။ တစ်ခုခုကြောင့် ရေလူသားတွေက နတ်သူငယ်တွေကို ရှာချင်နေကြပုံရတယ်။ အဲဒါကို အခု လုပ်နိုင်တာက အင်အားကြီး ဂိုဏ်းတွေ ဖြစ်နေလို့လေ"
"သူတို့ ဆောက်သ်တစ်ပ် တောအုပ်ရဲ့ အနီးအနားမှာ သွားရှာဖို့အတွက် စုံစမ်းရေးအဖွဲ့တစ်ဖွဲ့ တောင် စေလွှတ်လိုက်ပြီလို့ ငါ ကြားတယ်။ အဲဒီနားမှာ ရှိနေတယ်လို့ သတင်းထွက်နေတာကိုး" လို့ တန်ဇင်းက ထပ်လောင်းပြောပြတယ်။
ဒါပေမဲ့ ဘယ်လောက်ပဲ ကြိုးစားပြီး ရှာရှာ သူတို့ ဘယ်တော့မှ တွေ့မှာမဟုတ်တာတော့ အမှန်ပဲ။ ဘာလို့လဲဆိုတော့ နတ်သူငယ်တွေ အားလုံးက ရီနေးတား နိုင်ငံတော်ဆီကို ပြောင်းရွှေ့သွားကြပြီဖြစ်ပြီး အခုဆိုရင် ရိုလာကိုစတာကို သူတို့ ကိုယ်ပိုင်နယ်မြေလိုမျိုး စောင့်ရှောက်နေကြလို့ပဲ။
'ဟူး... ဒီ မင်းသမီး ဆရီနာက နတ်သူငယ်တွေနဲ့ ဘာလုပ်ချင်လို့ပါလိမ့်'
တကယ်လို့ သူသာ ဒီမေးခွန်းကို အဖြေရှာနိုင်ရင် ဝိညာဉ်ဆီတွေ ဝယ်ဖို့အတွက် လိုအပ်နေတဲ့ သဲဒင်္ဂါးတွေကို ရနိုင်မယ့် လမ်းစကို ရှာတွေ့နိုင်ကောင်းရဲ့။
'မြို့စားကတော်ကတော့ သူတို့နဲ့ မိတ်ဆက်ပေးမယ်လို့ ပြောထားတာပဲ။ ငါ အဲဒီ အခွင့်အရေးကို အသုံးချရမယ် ထင်တယ်'
ရိုင်းဇင်းဆစ် အဖွဲ့နဲ့ ပေါ့ပေါ့ပါးပါး စကားစမြည် ပြောပြီးတဲ့နောက်မှာတော့ သူ အနားယူနိုင်အောင် သူတို့အားလုံး နှုတ်ဆက်ပြီး ထွက်သွားကြတော့တယ်။
ဘိုးက ထွက်သွားခါနီးမှာပဲ လှည့်ကြည့်ပြီး မိုက်ကယ်ကို တစ်ခုခု ပြောဖို့ သတိရသွားပုံရတယ်။
"ငါ တကယ်တော့ မင်းကို ပြောပြစရာ သတင်းတစ်ခု ရှိသေးတယ်။ မပြောသင့်ဘူးဆိုတာ သိပေမဲ့လည်း ပြောပြလိုက်တော့မယ်"
ဘိုးက သူ့ဆီကို တိုးကပ်လာပြီး တိုးတိုးလေး ကပ်ပြောရှာတယ်။
"မက်ထရိုပိုလစ်ဆီကို ရေလူသား အဖွဲ့တစ်ဖွဲ့ မကြာခင် လာလည်တော့မယ်လို့ ငါ ကြားတယ်။ သူတို့က သဲဒင်္ဂါးတွေ အများကြီး အကုန်အကျခံမယ့် ပင်လယ်နက်က ကုန်သည်တွေလို့ ပြောကြတာပဲ"
သူက ဒီလို အရေးကြီးတဲ့ သတင်းကို သူ့ကို ပြောပြလာတာမို့ အံ့ဩသွားပြီး ပြန်ကြည့်လိုက်မိတယ်။
"ဒါကို ငါ့ကို ဘာလို့ ပြောတာလဲ။ မင်းဘာမင်း လျှို့ဝှက်ထားပြီး အကျိုးအမြတ်တွေ အကုန်ယူလိုက်ရင် ပိုမကောင်းဘူးလား"
သူမက ပြုံးပြပြီး မျက်စိတစ်ချက် မှိတ်ပြလိုက်တယ်။ "အဲဒါကတော့... ငါက... မင်းကို... သဘောကျလို့... လေ..."
ဒါက သူ့ခေါင်းကို လုံးဝကို ခြောက်ခြားသွားစေတယ်။ "ဘာလို့လဲ"
ဘိုးက လက်နှစ်ဖက်ကို ပူးယှက်ပြီး မျက်နှာကြက်ကို မော့ကြည့်လိုက်တယ်။ သူ့ရဲ့ မှတ်ဉာဏ်ထဲက တစ်ခုခုကို လွမ်းဆွတ်နေတဲ့ ပုံစံမျိုးနဲ့ပေါ့။
"မင်း ငါ့ကို နံရံမှာ ကပ်တွန်းပြီး လက်နှစ်ဖက်ကို ချုပ်ထားခဲ့တဲ့ အချိန်ကို ငါ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ ငါတို့ သိပ်ကို နီးကပ်ခဲ့ကြတာ ဖူးဖူး။ မင်းရဲ့ အသက်ရှူသံတွေကို ငါ့လည်ပင်းမှာ ခံစားခဲ့ရပြီး ငါ့ရဲ့ သွေးခုန်နှုန်းတွေ မြန်လာတာကိုလည်း မင်း ခံစားမိမှာပါ။ ငါတို့ တိုက်ခိုက်ခဲ့စဉ်ကတည်းက အဲဒီအချိန်လေးကို ငါ တန်ဖိုးထားနေခဲ့တာ"
သူက ချက်ချင်းပဲ ခေါင်းခါလိုက်တယ်။ "အဲလိုမျိုး မဖြစ်ခဲ့ပါဘူး"
သူ သူမကို အနိုင်ယူခဲ့တာတော့ ဟုတ်ပေမဲ့ နံရံမှာ ကပ်ပြီးတော့တော့ မချုပ်ခဲ့ပါဘူး။
ဒါပေမဲ့ ဘိုးကတော့ သူ့ရဲ့ ကိုယ်ပိုင် စိတ်ကူးယဉ် ကမ္ဘာထဲမှာ အဝေးကြီးကို ရောက်နေပုံရလို့ အမှန်တရားကို နားထောင်မယ့် ပုံမပေါ်တော့ဘူး။ ဖြစ်ပျက်ခဲ့သမျှကို သူ့ရဲ့ ကိုယ်ပိုင် စိတ်ကူးယဉ် ဝတ္ထုတစ်ပုဒ်လို ဖြစ်အောင် ဇာတ်လမ်းပြန်ဆင်နေတာပဲ။
"တာတာ့နော်..."
သူမက သူတို့ရဲ့ အမှတ်တရတွေကို လွမ်းဆွတ်နေတုန်းပဲ ရှိသေးပြီး ထွက်ခွာသွားခဲ့ပြီ။
ဒီမိန်းကလေးကတော့ ထူးဆန်းတာပဲ... ဒါပေမဲ့ သူ့ကျေးဇူးကြောင့် မက်ထရိုပိုလစ်ထဲကို ရေလူသား ကုန်သည်တချို့ ဝင်လာတော့မယ်ဆိုတာ သူ သိလိုက်ရပြီ ဖြစ်တယ်။ မင်းသမီး ဆရီနာနဲ့ တွေ့ပြီး သူတို့ ဘာလို့ နတ်သူငယ်တွေကို တွေ့ချင်နေရလဲဆိုတာကို အဖြေရှာဖို့ပဲ လိုတော့တယ်။
သူ တွေးတောလို့ ကောင်းနေတုန်းမှာပဲ သူ့အမေက သူ့ကို စိုက်ကြည့်နေပြီး စိတ်အာရုံ ထွေပြားအောင် လုပ်နေပြန်တယ်။
"ဘာဖြစ်လို့လဲ အမေရဲ့"
"အို... ဘာမှမဟုတ်ပါဘူး။ ငါ့သားက မိန်းကလေးတွေကြားမှာ ဒီလောက် ရေပန်းစားလိမ့်မယ်လို့ မထင်ထားမိလို့ပါ။ မင်းအနားမှာ မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေတာပဲ"
သူက အဲဒီ စွပ်စွဲချက်ကို ချက်ချင်း ငြင်းဆိုလိုက်တယ်။ "ဘာလဲ အမေရဲ့... သူတို့က ငါ့သူငယ်ချင်းတွေတင်ပါ။ ပြီးတော့ တွေ့ရတာတောင် သိပ်မကြာသေးဘူး"
လီလီယာက လက်နှစ်ဖက်ကို မြှောက်ပြလိုက်တယ်။ "ဟေး... ငါ ဘာမှ မပြောပါဘူး။ ဒါပေမဲ့လည်း နေ့ရက်တွေရဲ့ အဆုံးသတ်မှာတော့ မင်းက မင်းရဲ့ အခု လက်ရှိ ရည်းစားအပေါ်မှာပဲ သစ္စာရှိသင့်တယ်မလား"
"ရည်းစား ဟုတ်လား... ယူနာကို ပြောတာလား"
သူမက ခေါင်းငြိမ့်ပြတယ်။ "အင်းပေါ့... မင်းကို မိန်းမတွေအများကြီးနဲ့သာ မြင်ရင် သူ ဘယ်လို ခံစားရမလဲ"
"ဘာ..."
သူ စကားလုံးတွေ ပျောက်ရှသွားရတယ်။ ပထမဆုံးအချက်အနေနဲ့ ယူနာက သူ့ရည်းစား လုံးဝ မဟုတ်ပါဘူး။ ပြီးတော့ ဒုတိယအချက်က သူ့မှာ မိန်းမတွေအများကြီး ဝိုင်းနေတာလည်း မဟုတ်ဘူးလေ။
ဒီအချိန်မှာပဲ တံခါးက ဝုန်းခနဲ ပွင့်သွားပြီး လူတစ်ယောက်က အထဲကို ပြေးဝင်လာကာ မိုက်ကယ်ကို ဖက်လိုက်တော့တယ်။
"သူငယ်ချင်းကြီး... မင်း ဘာမှမဖြစ်လို့ တော်သေးတာပေါ့"
ဘရက်စတန်က ရှိုက်ကြီးတငင် ငိုနေရှာတယ်။ "မင်း သေသွားပြီလို့ ငါ ထင်နေတာ။ မင်းပုံစံက ကွယ်လွန်သွားတဲ့ ငါ့ရဲ့ ဝက်ကလေးတွေထဲက တစ်ကောင်လို ဖြစ်နေတာကိုး"
ဒါကို မြင်တော့ လီလီယာက ခေါင်းခါလိုက်မိတယ်။ "ယောက်ျားချင်း ချစ်တဲ့ အချစ်ကိုတော့ ငါ ဘာမှမပြောပါဘူး။ ဒါပေမဲ့ မင်းရဲ့ မိန်းမတွေထဲကို နောက်ထပ် ယောက်ျားတစ်ယောက် ထပ်တိုးတာကတော့ နည်းနည်း..."
မိုက်ကယ်က ဘရက်စတန်ကို သူ့အနားကနေ ချက်ချင်း တွန်းထုတ်လိုက်တယ်။ "အဲလို မဟုတ်ပါဘူး။ ပြီးတော့ ငါ့မှာ အဲလိုမျိုးတွေ မရှိပါဘူး"
* * * * * * * *
ဧည့်သည်တွေနဲ့ ရှုပ်ရှုပ်ယှက်ယှက် ဖြစ်ပြီးတဲ့နောက်မှာတော့ မိုက်ကယ်ဟာ နောက်ဆုံးတော့ သူကိုယ်တိုင်အတွက် အချိန်အနည်းငယ် ရသွားတော့တယ်။
'ဒါနဲ့ နိုဗာ... ငါ မင်းကို မေးဖို့ လုံးဝ မေ့သွားတယ်။ မင်းရဲ့ အဆင့်မြှင့်တင်မှု အသစ်က ဘာလဲ'
နိုဗာမှာ အခု ဘယ်လို အရာမျိုးတွေ ရှိနေပြီလဲဆိုတာကို သူ သိပ်ကို သိချင်နေမိတယ်။ သူမရဲ့ နောက်ဆုံး အဆင့်မြှင့်တင်မှုပြီးကတည်းက အချိန်အတော်ကြာသွားပြီဖြစ်လို့ သူမရဲ့ လူသားဆန်တဲ့ ပင်ကိုယ်စရိုက်အပြင် ဆော့ဝဲလ်မှာ ဘာတွေ ပြောင်းလဲသွားလဲဆိုတာကို သူ တကယ်ကို စိတ်ဝင်စားနေတာပါ။
[ကျွန်မရဲ့ ဆော့ဝဲလ်အသစ်ကတော့ ကျွန်မ ကုဒ်တွေ ဖြည်နိုင်ခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စာအုပ်ကြီးထဲက သတင်းအချက်အလက်တွေပေါ်မှာ အခြေခံထားတာပါ]
'အဲဒါက ဘာလဲ'
[အကျဉ်းချုပ်ပြောရရင်တော့ အဲဒါက ဒီဗာတွေကြားထဲက မမြင်နိုင်တဲ့ ဆက်နွှယ်မှုအကြောင်း ကျမ်းတစ်စောင်ပါပဲ။ ကျွန်မက ဒီကမ္ဘာကြီးအကြောင်း သိထားပြီးသားအရာတွေကို အသုံးချပြီး အဲဒီစာအုပ်ထဲက အသိပညာတွေကို ပေါင်းစပ်ကာ မင်းနဲ့ တခြားလူတွေအတွက် အကျိုးရှိမယ့် စွမ်းရည်အသစ်တစ်ခုကို ဖန်တီးနိုင်ခဲ့တာပါ]
'ငါနဲ့ တခြားလူတွေ ဟုတ်လား'
[ဟုတ်ပါတယ်။ မင်းက အခုဆိုရင် မင်းရဲ့ ဆုလာဘ်တွေ အပ်နှင်းထားတဲ့ တခြားလူတွေကို စနစ်ရဲ့ အကျိုးကျေးဇူးအချို့ကို တစ်စိတ်တစ်ပိုင်း မျှဝေပေးလို့ ရနေပါပြီ]
'နေဦး... ဒါဆို ငါ မင်းကို ငါ့ရဲ့ ရီနေးတား ပြည်သူတွေကို ငှားပေးလို့ ရတယ်လို့ ဆိုလိုတာလား'
[အဲဒီ ဆက်နွှယ်မှုက ကိုယ်ပိုင် ဒီဗာ ရှိတဲ့သူတွေအတွက်ပဲ ကန့်သတ်ထားတာပါ။ သူတို့ မက်ဂ်နက်တစ် ဖြစ်လာတာနဲ့အမျှ ဒီဗာတွေကြားက ဆက်နွှယ်မှုကတစ်ဆင့် ကျွန်မတို့ရဲ့ ဆော့ဝဲလ်ကို ချိတ်ဆက်နိုင်မှာဖြစ်ပြီး မင်း ခံစားနေရတဲ့ အကျိုးကျေးဇူးအချို့ကို အတိုင်းအတာတစ်ခုအထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ မီသရယ် မှော်ဝင်ပစ္စည်းတွေကို စိတ်ကြိုက်ပြင်ဆင်တာ၊ ရှာဖွေမှုတွေ ပြုလုပ်တာနဲ့ တခြားအရာများစွာ ပါဝင်ပါတယ်]
နိုဗာရဲ့ အဆင့်မြှင့်တင်မှုက သူ့ကို တိုက်ရိုက် အကျိုးမပြုပေမဲ့ နောင်တစ်ချိန်မှာ သူ့အတွက် တကယ့်ကို ဧရာမ အထောက်အကူကြီး ဖြစ်လာမှာ သေချာတယ်။
သူက သူ့ရဲ့ ဒရာဂွန်ဘွန်းတွေကို မက်ဂ်နက်တစ်တွေအဖြစ် လုပ်ဖို့ စီစဉ်နေတာဖြစ်လို့ ဒါက အဲဒီလို လုပ်ဖို့အတွက် အကောင်းဆုံး အချိန်ပဲ ဖြစ်လိမ့်မယ်။
* * * * * * * *