အခန်း ၂၁
Vol. 3 Ch. 21
🍅 Chapter 21
“အဘွားဝူ ဒီမှာရှိလား”
ခြံဝမှ ကျယ်လောင်သော ခေါ်သံကြောင့် လီရှို့ယွင်သည် ချီထားသော ကလေးငယ်ကို အသာချထားခဲ့ကာ ခြံတံခါးဆီသို့ လျှောက်လာခဲ့လေသည်။
ခြံတံခါးကြားမှ ချောင်းကြည့်လိုက်သောအခါ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသဖြင့် လီရှို့ယွင်က လှမ်းမေးလိုက်၏။
“အဘွားဝူကို ဘာကိစ္စရှိလို့များ ရှာနေတာလဲရှင့်”
တံခါးအပြင်ဘက်ရှိ သက်လတ်ပိုင်းအမျိုးသားမှာ စိုးရိမ်တကြီးဖြင့် ချွေးသီးချွေးပေါက်များ ကျဆင်းနေလေသည်။
“မိန်းကလေး၊ ကျုပ်က သူဌေးလျိုအိမ်တော်က အိမ်တော်ထိန်းလျိုပါ၊ ကိစ္စက ဒီလိုဗျ၊ ကျုပ်တို့ရဲ့ သခင်မလေးက မီးဖွားတော့မှာမို့၊ ဒါပေမဲ့ ကလေးက ကန့်လန့်ခံနေတယ်လို့ သမားတော်ကျန်းက ပြောတယ်၊ အဲဒါကြောင့် စုန့်မိသားစုရွာအစွန်မှာရှိတဲ့ အဘွားဝူကို ပင့်ခိုင်းလိုက်လို့ ရောက်လာရတာပါ”
“ဪ၊ သမားတော်ကျန်း လွှတ်လိုက်တာကိုး”
ဤသို့ကြားလိုက်ရချိန်တွင် လီရှို့ယွင်မှာ အချိန်မဆွဲရဲတော့ဘဲ ခြံတံခါးကို အမြန်ဖွင့်ကာ မြစ်ဆိပ်ဘက်သို့ လမ်းညွှန်ခေါ်ဆောင်သွားရန် ပြင်ဆင်လိုက်လေသည်။
“ယောက္ခမကြီးက မြစ်ဆိပ်မှာ ငါးသွားမျှားနေတယ်၊ ကျွန်မ နောက်က လိုက်ခဲ့ပါရှင့်”
မီးဖွားထားသည်မှာ မကြာသေးသောကြောင့် လီရှို့ယွင်မှာ သွက်သွက်လက်လက် မလျှောက်နိုင်ရှာပေ။ အိမ်တော်ထိန်းလျိုတစ်ယောက် ခြေမြှောက်ခြေခွာဖြင့် အပူတပြင်းဖြစ်နေသည်ကို မြင်သောအခါ သူမက မြစ်ဆိပ်ဘက်သို့ လက်ညှိုးထိုးပြလိုက်၏။
“ဦးလေးက ခြေလှမ်းသွက်တယ်ဆိုတော့ ကိုယ့် ဘာသာပဲ သွားလိုက်ပါတော့၊ အမေက ဟိုဘက်နားမှာပါ”
“ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ် မိန်းကလေး”
အိမ်တော်ထိန်းသည် နဖူးမှ ချွေးများကို သုတ်ပစ်လိုက်ပြီး မြစ်ဆိပ်ဆီသို့ အရူးတစ်ပိုင်း ပြေးသွားလေတော့သည်။
ပြေးလွှားသွားရင်း သူက အော်ဟစ်ရှာဖွေနေလေ၏။
“အဘွားဝူ၊ အဘွားဝူ ဘယ်မှာလဲဗျ”
ဝူယွီလန်မှာ တစ်စုံတစ်ယောက်က သူမကို လာရောက်ရှာဖွေမည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။ ထို့ကြောင့် တစ်စုံတစ်ဦးက အဘွားဝူဟု အော်ခေါ်နေသံကို ကြားရသော်လည်း သူမနှင့် မသက်ဆိုင်သကဲ့သို့ အေးအေးလူလူပင် ဆက်၍ ငါးမျှားနေလေသည်။
အိမ်တော်ထိန်းလျို သူမအနီးသို့ ကမန်းကတန်း ပြေးဝင်လာကာ မေးမြန်းလိုက်၏။
“တစ်ဆိတ်လောက်ဗျာ၊ ခင်ဗျားက အဘွားဝူများလား”
ဝူယွီလန် မျက်တောင်တစ်ချက်ခတ်လိုက်ပြီး တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
“ငါ့မျိုးရိုးနာမည်က ဝူဆိုတာတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ရှင် ရှာနေတဲ့သူ ဟုတ်ချင်မှ ဟုတ်မှာ”
“အဘွားဝူ၊ ခင်ဗျားက ကျုပ်ရှာနေတဲ့သူ အတိအကျပါပဲ၊ သမားတော်ကျန်းက ခင်ဗျားကို သွားရှာခိုင်းလိုက်တာပါ”
“ကျုပ်တို့သခင်မလေးရဲ့ ကလေးက ကန့်လန့်ခံနေလို့ ခင်ဗျားကို ပင့်ခဲ့ပါလို့ သမားတော်ကျန်းက ပြောလိုက်ပါတယ်၊ ကျေးဇူးပြုပြီး ကျုပ်နဲ့အတူ လိုက်ခဲ့ပေးပါဗျာ”
“သမားတော်ကျန်းလား”
ထိုအမည်ကို ကြားလိုက်ရချိန်တွင် ဝူယွီလန်မျက်နှာအမူအရာမှာ ချက်ချင်းလေးနက်တည်ကြည်သွားလေသည်။
လူနာတစ်ဦး၏ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း ခေတ်သစ်ဆရာဝန်မလေး၏ပင်ကိုယ်အသိစိတ်က သတိပေးလိုက်လေ၏။
“ဘယ်နေရာမှာလဲ၊ ငါ့ကို မြန်မြန်ခေါ်သွားစမ်းပါ”
“တာ့လန်၊ အာ့လန်၊ ခဏလောက်ဆက်မျှားပြီးရင် အိမ်ပြန်ကြတော့နော်၊ မြစ်ကမ်းဘေးမှာ သတိထားကြဦး”
မြေးဖြစ်သူများကို သေချာမှာကြားခဲ့ပြီးနောက် ဝူယွီလန်သည် အိမ်တော်ထိန်းလျိုနှင့်အတူ အိမ်ဘက်သို့ ခပ်သုတ်သုတ် ပြေးသွားလေတော့သည်။
သာမန်ရွာသားတစ်ဦး၏ မိသားစုဖြစ်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း သက်လတ်ပိုင်းအမျိုးသားက သူမကို မြင်းလှည်းတစ်စီးအနီးသို့ ခေါ်ဆောင်သွားသောအခါ ဝူယွီလန်မှာ အနည်းငယ် အံ့ဩသွားလေသည်။
“ရှင်က ဘယ်အိမ်တော်ကလို့ ပြောလိုက်တာလဲ”
သက်လတ်ပိုင်းအမျိုးသားသည် မြင်းလှည်းကို မောင်းနှင်ရင်း သူ့အကြောင်းကို မိတ်ဆက်လေသည်
“အဘွားကြီး၊ ကျုပ်က မြို့အနောက်ဘက်က သူဌေးလျိုအိမ်တော်က အိမ်တော်ထိန်းဗျ၊ ကျုပ်နာမည်က လျိုဆန်းလို့ ခေါ်ပါတယ်”
ထိုစကားကို ကြားသောအခါ ဝူယွီလန်မှာ ပိုနားရှုပ်သွားရသည်။ သူမ၏ မှတ်ဉာဏ်များအရဆိုလျှင် ဤသူဌေးလျိုဆိုသူမှာ ဖျန်းကျန်းမြို့တွင် အချမ်းသာဆုံး မိသားစုကြီးတစ်ခုဖြစ်ကြောင်း သိထားပေ၏။
“သူဌေးလျိုအိမ်တော်လောက် ကြီးကျယ်ခမ်းနားတာကို၊ ဘာဖြစ်လို့ ရပ်ရွာကသမားတော်လေး သမားတော်ကျန်းကို ဆေးကုသခိုင်းရတာလဲ”
“အဘွားဝူက မသိသေးလို့ပါ၊ သမားတော်ကျန်းက သာမန်ရွာသမားတော် မဟုတ်ဘူး၊ အမျိုးသမီးရောဂါတွေ ကုသတဲ့နေရာမှာ၊ အထူးသဖြင့် ကလေးမီးဖွားတဲ့နေရာမှာဆိုရင် ကျုပ်တို့ ဖျန်းကျန်းမြို့မှာ သူ့ကိုယှဉ်နိုင်တဲ့သူ အတော်လေး ရှားပါတယ်”
“ဒီလိုကိုး”
လူ့အသက်တစ်ချောင်း သေရေးရှင်ရေးဖြစ်နေသဖြင့် ဝူယွီလန်သည် အချိန်ထပ်မဆွဲရဲတော့ဘဲ မြင်းလှည်းပေါ်သို့ အမြန်တက်ကာ ထိုင်လိုက်လေသည်။
“အဘွားဝူ၊ သေချာထိုင်ပါဗျ”
သတိပေးစကားဆိုပြီးနောက် အိမ်တော်ထိန်းလျိုသည် သူ့လက်ထဲမှ မြင်းကြာပွတ်ကို ရိုက်ချလိုက်လေသည်။
“ဟေ့... သွားစမ်း”
နာရီဝက်ခန့် ကြာမြင့်ပြီးနောက်တွင် မြင်းလှည်းသည် ခြံဝင်းသုံးထပ်ပါဝင်သော ကြီးမားခမ်းနားသည့် အိမ်တော်ကြီးတစ်ခုရှေ့၌ ရပ်တန့်သွားလေ၏။
ဝူယွီလန် မော့ကြည့်လိုက်သောအခါ ခြံတံခါးမကြီးအထက်ရှိ ဆိုင်းဘုတ်ပေါ်တွင် ‘လျိုအိမ်တော်’ ဟူသော စာတန်းကို ထင်ရှားစွာ တွေ့လိုက်ရသည်။
“အဘွားဝူ၊ ဒီနေရာပါပဲ”
အိမ်တော်ထိန်းလျိုသည် မြင်းဇက်ကြိုးကို တံခါးဝတွင်စောင့်နေသော အစေခံတစ်ဦးထံ ပစ်ပေးလိုက်ပြီး ဝူယွီလန်ကို အိမ်တော်တွင်းသို့ ခပ်သုတ်သုတ် ခေါ်ဆောင်သွားလေသည်။
သေးငယ်သော ပန်းခြံလေးများကို ဖြတ်သန်းကာ ဝင်္ကပါသဖွယ် ကွေ့ကောက်နေသော စင်္ကြံလမ်းများကို ဖြတ်ကျော်ပြီးနောက်တွင် သူတို့သည် လိုရာခရီးသို့ ဆိုက်ရောက်သွားလေတော့၏။
“အစ်မကြီးဝူ၊ ရောက်လာပြီကိုး”
ဝူယွီလန်ကို မြင်လိုက်ရသည်နှင့် သမားတော်ကျန်း၏မျက်လုံးများ အရောင်လက်သွားကာ သူမအနားသို့ ပြေးလာလေသည်။
ဝူယွီလန်သည် အမောဖြေရင်း အခြေအနေကို အကဲခတ်လိုက်သည်။
“အခု အခြေအနေက ဘယ်လိုရှိနေပြီလဲ”
“သခင်မကြီးလျိုအတွက် ဒါ ပထမဆုံးကိုယ်ဝန်ပါ၊ အသက်သုံးဆယ့်ငါးနှစ်မှ ကလေးမွေးရတာမို့ အန္တရာယ်များနေတဲ့ကြားထဲ ကလေးကပါ ကန့်လန့်ဖြစ်နေတာဗျာ၊
ကျုပ်လည်း တကယ်ကိုအကြံအိုက်နေပါပြီ၊ အစ်မကြီးဝူမှာများ နည်းလမ်းတစ်ခုခု ရှိလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ခေါ်ခိုင်းလိုက်ရတာပဲ”
ဘေးတွင် ရပ်နေသော သခင်ကြီးလျိုသည် ဝူယွီလန်ရှေ့သို့ ကမန်းကတန်း လျှောက်လာကာ အရိုအသေပေးလိုက်၏။
“အစ်မကြီးဝူရယ်၊ ကျုပ်ရဲ့ ချစ်ဇနီးလေး အသက်ကို ကယ်တင်ပေးဖို့တောင်းပန်ပါတယ်ဗျာ”
“ကျုပ်ဇနီးရဲ့ အသက်ကိုသာ ကယ်တင်ပေးနိုင်မယ်ဆိုရင် ကျုပ် လျိုမျိုးရိုးက ဆုလာဘ်ကြီးကြီးမားမား ချီးမြှင့်ပါ့မယ်”
‘ဆုလာဘ်ကြီးကြီးမားမားလား’
ဤစကားလုံးများက ဝူယွီလန်၏နှလုံးသားကို ဆွဲဆောင်သွားလေသည်။ သူမ ရင်ထဲတွင် မြေးမလေးနှစ်ယောက်ကို ပြန်လည်ရွေးယူရန် ကြီးမားသောရည်မှန်းချက်တစ်ခုရှိနေပြီး ငွေကြေးသည် သူမအတွက် အလွန်အမင်းလိုအပ်နေသော အရာဖြစ်နေသည်မဟုတ်ပါလား။
သို့သော်လည်း လူနာ၏အခြေအနေကို တိတိကျကျ မသိရသေးဘဲနှင့် လူနာရှင်အား အသက်ကယ်နိုင်မည်ဟု ဝူယွီလန် လွယ်လွယ်ကူကူ အာမမခံရဲပေ။
“သူဌေးလျို၊ ကျွန်မ ဝူယွီလန်ဆိုတာက သားဖွားပညာ နည်းနည်းပါးပါးတတ်တဲ့ သာမန်ရွာသူတစ်ယောက်ပါ၊ အစွမ်းကုန် ကြိုးစားပေးမယ်လို့ပဲ ကတိပေးနိုင်ပါတယ်၊ အသက်ရှင်အောင် ကယ်နိုင်မယ်လို့တော့ အာမမခံရဲဘူး၊ ကုသနေရင်း တစ်ခုခုမှားယွင်းသွားခဲ့ရင်လည်း...”
သခင်ကြီးလျို နားလည်သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်ပြလေသည်။
“အစ်မကြီးဝူသာ စိတ်ချလက်ချကုသပေးပါဗျာ၊ အကျိုးဆက်အားလုံးကို ကျုပ်ကပဲ တာဝန်ယူပါတယ်၊ အစ်မကြီးကို လုံးဝအပြစ်မတင်ပါဘူး”
ဝူယွီလန် ခေါင်းညိတ်ပြလိုက်ပြီး ၀မ်းဆွဲသည်နောက်မှ အခန်းထဲသို့ ဝင်သွားလေသည်။ အခန်းတွင်းသို့ ဝင်လိုက်သည်နှင့် ပြင်းထန်လှသော သွေးညှီနံ့များက သူမ နှာခေါင်းထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာလေ၏။
ခုတင်ပေါ်သို့ လှမ်းကြည့်လိုက်သောအခါ ဖြူလျော့နေသော မျက်နှာနှင့် ခပ်မျှင်းမျှင်းသာ အသက်ရှူနိုင်တော့သည့် သက်လတ်ပိုင်းအမျိုးသမီး တစ်ဦးကို တွေ့လိုက်ရလေသည်။
အမျိုးသမီး၏ခန္ဓာကိုယ်အောက်မှ စီးကျနေသော သွေးများကိုကြည့်ရင်း အနီးတွင် စောင့်ကြပ်နေသည့် ၀မ်းဆွဲသည်မမှာ စိုးရိမ်တကြီးဖြင့် ချွေးသီးချွေးပေါက်များ ကျဆင်းနေလေသည်။
ဝူယွီလန်သည် လူနာ၏သွေးခုန်နှုန်းကို အရင်ဆုံး စမ်းသပ်ကြည့်လိုက်ရာ အမျိုးသမီးမှာ အလွန်အမင်း အင်အားဆုတ်ယုတ်နေပြီး သွေးထွက်လွန်နေသည့် လက္ခဏာများ ပြသနေသည်ကို တွေ့ရှိလိုက်ရသည်။
သူမ ဝမ်းဗိုက်အတွင်းရှိ သန္ဓေသားမှာ တကယ်ပင် ကန့်လန့်ခံနေလေ၏။ အမျိုးသမီး၏ လက်ရှိကျန်းမာရေးအခြေအနေအရ သဘာဝအတိုင်း ရိုးရိုးမွေးဖွားရန်မှာ လုံးဝမဖြစ်နိုင်တော့ပေ။
အခြေအနေအရပ်ရပ်ကို ခြုံငုံသုံးသပ်ကြည့်ပြီးနောက် သူမတွင် ရွေးချယ်စရာ နည်းလမ်းတစ်ခုသာ ကျန်တော့ကြောင်း ဝူယွီလန် နားလည်လိုက်သည်။ ထိုနည်းလမ်းမှာ ခွဲစိတ်ရန်ပင်။
ဝူယွီလန်သည် တုံ့ဆိုင်းမနေတော့ဘဲ သခင်ကြီးလျိုနှင့်တိုင်ပင်ရန် အခန်းပြင်သို့ ချက်ချင်းပြန်ထွက်လာခဲ့လေသည်။
“သခင်ကြီးလျို၊ သခင်ကြီးရဲ့ဇနီးက သွေးထွက်လွန်နေပြီ၊ ကလေးကလည်း ကန့်လန့်ဖြစ်နေတယ်၊ ဒီအခြေအနေမှာ ကျွန်မလည်း ဘာလုပ်ရမှန်း မသိတော့ဘူး”
“အခြေအနေက... တကယ်ပဲ အဲဒီလောက်တောင် ဆိုးရွားနေပြီလား”
သခင်ကြီးလျို၏မျက်နှာပေါ်ရှိ အရွယ်လွန်တွန့်ခေါက်နေသော အရေးအကြောင်းများမှာ ပို၍နက်ရှိုင်းသွားသကဲ့သို့ ထင်ရလေသည်။
“အစ်မကြီးဝူရယ်၊ သမားတော်ကျန်း၊ တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလားဗျာ”
သမားတော်ကျန်းက ခေါင်းခါရမ်းလိုက်ရင်း သက်ပြင်းချလေသည်။
“ဒုက္ခပါပဲဗျာ၊ ကျုပ်ရဲ့ ဆေးပညာစွမ်းရည်က တိမ်ကောလွန်းနေလို့ပါ”
“ကျွန်မဆီမှာ နည်းလမ်းတစ်ခုတော့ ရှိတယ်”
ထိုစကားလည်း ထွက်လာသည်နှင့်တစ်ပြိုင်နက် အမျိုးသားနှစ်ဦးလုံး၏အကြည့်များက ဝူယွီလန်ထံသို့ စူးစိုက်ကျရောက်လာလေသည်။
ဝူယွီလန် တွေဝေနေသောဟန်ပန်ကို မြင်လိုက်ရသဖြင့် ဤနည်းလမ်းသည် အလွန်တရာအန္တရာယ်ကြီးမားကြောင်း သခင်ကြီးလျို ရိပ်မိလိုက်လေသည်။
“အစ်မကြီးဝူ၊ အဲဒီနည်းလမ်းက ဘာများလဲဗျ၊ ကျုပ်တို့ကို ပြောပြလို့ရနိုင်မလား”
ဝူယွီလန်သည် အနီးအနားတွင် စောင့်နေကြသော အစေခံများနှင့် အလုပ်သမားများကို အကဲခတ်ကြည့်လိုက်၏။
သခင်ကြီးလျိုသည် သူမ၏ဆိုလိုရင်းကို နားလည်သဘောပေါက်သွားကာ အစေခံများအားလုံးကို လက်ကာပြ၍ ထွက်သွားစေရန် အချက်ပြလိုက်လေသည်။