အခန်း ၂၃
Vol. 3 Ch. 23
🍅 Chapter 23
အခြားသမားတော်များကလည်း ဝိုင်းအုံကာ ထောက်ခံကြလေသည်။
“ဒါက ဝမ်းဗိုက်ကို ခွဲစိတ်မွေးဖွားတာနော်၊ သာမန် ပွန်းပဲ့ဒဏ်ရာလေးမဟုတ်ဘူး”
ထိုစကားများကို ကြားသောအခါ သမားတော်ကျန်းမှာ ဆက်၍ မချေပနိုင်တော့ဘဲ ငြိမ်သက်သွားရလေ၏။
ထိုစဉ်မှာပင် အခန်းတွင်းမှ မွေးကင်းစကလေးငယ်၏အသံလေး ပေါ်ထွက်လာလေသည်။
ကလေးငယ်၏ငိုသံမှာ အခန်းပြင်သို့တိုင် လျှံထွက်လာသည်။
“ဝဲ.... ဝဲ....”
သခင်ကြီးလျိုမှာ မျှော်လင့်ချက်များ အပြည့်ဖြင့် တံခါးဝသို့ ကမန်းကတန်း ပြေးသွားလေသည်။
“မွေးပြီ၊ မွေးလာပြီဟေ့”
ထိုအသံကို ကြားလိုက်ရသောအခါ သမားတော်အားလုံး မျက်ခုံးများ ကြုံ့သွားကြလေသည်။
နှစ်ပေါင်းများစွာ ဆေးကုသမှုအတွေ့အကြုံရှိခဲ့သော သူတို့အနေဖြင့် ကန့်လန့်ခံနေသောကလေးကို မွေးဖွားရန် မည်မျှခက်ခဲကြောင်း ကောင်းကောင်း နားလည်ထားကြသည်။
ထို့အပြင် အထဲမှ တောသူမသည် ခွဲစိတ်မွေးဖွားခြင်းကို ပြုလုပ်နေသည်မဟုတ်ပါလား။
၎င်းတို့၏ဆေးပညာအတွေ့အကြုံများအရ တွေးကြည့်မည်ဆိုလျှင် ကလေးကို ခွဲထုတ်လိုက်ခြင်းဖြစ်နိုင်ပြီး ဝမ်းဗိုက်ကိုခွဲထားရသည့် မိခင်ဖြစ်သူမှာ အသက်ရှင်နိုင်ရန် အကြောင်းမရှိတော့ပေ။
ထိုသို့တွေးမိသောအခါ သမားတော်များအားလုံးသည် သခင်ကြီးလျိုအား သနားကြင်နာသော အကြည့်များဖြင့် ကြည့်လိုက်ကြလေသည်။
သမားတော်တစ်ဦး သက်ပြင်းချရင်း ဆိုလေသည်။
“သူဌေးလျို၊ ကလေးကိုတော့ ကယ်နိုင်လိုက်တဲ့ပုံပါပဲ”
အခြားတစ်ဦးကလည်း နှစ်သိမ့်စကား ဆိုလာသည်။
“ဟုတ်ပါတယ်၊ ဘာပဲဖြစ်ဖြစ် တစ်ယောက်ကို ကယ်နိုင်လိုက်တာကိုပဲ ကောင်းတယ်လို့ မှတ်ရမှာပါပဲ၊ စိတ်မကောင်းမဖြစ်ပါနဲ့ဗျာ”
ကျန်သူများလည်း ခေါင်းညိတ်ကာ ထောက်ခံကြ၏။
“ဟူး.... စိတ်မကောင်းပါဘူးဗျာ”
ထိုစကားများက သခင်ကြီးလျို၏ခေါင်းပေါ်သို့ ရေခဲရေတစ်ပုံး လောင်းချလိုက်သကဲ့သို့ ဖြစ်သွားစေပြီး သူ့မျက်နှာပေါ်ရှိ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမှုများမှာ ချက်ချင်းပျောက်ကွယ်သွားရလေသည်။
သမားတော်များ၏ စကားကို ကြားလိုက်ရသော်လည်း သူ့ ရင်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်လေးတစ်မျှင် ကျန်ရစ်နေသေး၏။
“အစ်မကြီးဝူက စောစောက ပြောခဲ့တယ်လေ၊ သားအမိနှစ်ယောက်လုံး ဘေးကင်းဖို့ ခုနစ်ဆယ်ရာခိုင်နှုန်း သေချာတယ်ဆိုတော့၊ တကယ်လို့များ…..”
သမားတော်ကြီးတစ်ဦးက စိတ်ပျက်လက်ပျက်ဖြင့် ဟန့်တားလိုက်သည်။
“သူဌေးလျို၊ သူက သာမန် တောသူမတစ်ယောက်ပါ၊ ခင်ဗျားက သူ့ကို တကယ်ယုံနေတာလား”
အခြားသမားတော်များကလည်း ဒေါသတကြီး ထောက်ခံလာကြပြန်သည်။
“ဟုတ်ပါ့ဗျာ၊ ကျုပ်တို့သမားတော်တွေအားလုံးက ဆယ်စုနှစ်ချီတဲ့ အတွေ့အကြုံရှိသူတွေပါ၊ ခင်ဗျားက ကျုပ်တို့လို ဝါရင့်သမားတော်တွေကို မယုံဘဲ တောသူမတစ်ယောက်ကို ယုံကြည်နေတာလား”
သမားတော်ကျန်းက တိုးတိုးလေး ရေရွတ်လိုက်မိသည်။
“မဟုတ်ဘူး၊ အစ်မကြီးဝူက သာမန် တောသူမတစ်ယောက်မဟုတ်ဘူး”
ထိုသို့ ပြောလိုက်ပြီးနောက်တွင် သမားတော်ကျန်းကိုယ်တိုင်ပင် ယုံကြည်ချက် ပျောက်ဆုံးနေမိလေ၏။
သမားတော်တစ်ဦးက လှောင်ပြောင်လိုက်သည်။
“တောကြိုအုံကြားက အဘွားကြီးတစ်ယောက်ကို တောသူမမဟုတ်လို့ ဘာလို့ခေါ်ရမှာလဲ၊ ဒါ့အပြင် သူက ဆေးပညာကို သင်ယူခဲ့ဖူးတာလည်း မဟုတ်ဘူး၊
ဘာဆေးကုသမှုအတွေ့အကြုံမှလည်း မရှိဘူး၊ သူ့ရဲ့ ဆေးပညာစွမ်းရည်က ဆယ်စုနှစ်ချီပြီးကုသလာတဲ့ ကျုပ်တို့သမားတော်တွေထက် ပိုကောင်းနေနိုင်လို့လား”
ကျန်သူများလည်း သမားတော်ကျန်းကို ဝိုင်း၀န်းအပြစ်တင်ကြလေသည်။
“ဟုတ်ပါ့ဗျာ သမားတော်ကျန်း၊ ဒီကိစ္စမှာ ခင်ဗျားမှားတာပဲ၊ အကယ်၍ ခင်ဗျားသာ အဲ့ဒီတောသူမကို သူဌေးလျိုအိမ် ခေါ်မလာခဲ့ဘူးဆိုရင်၊ သခင်မကြီးလျိုလည်း အခုလိုမျိုး….”
လှောင်ပြောင်သံများ ထပ်မံ၍ထွက်ပေါ်လာပြန်သည်။
“ဟုတ်ပါ့၊ သမားတော်ကျန်း၊ ဆေးပညာလိုက်စားသူတစ်ယောက်က စိတ်ထားဖြူစင်ဖို့လိုတယ်ဗျ၊ ကုသခလေး နည်းနည်းပါးပါးရဖို့အတွက်နဲ့ တောသူမတွေ ခေါ်လာပြီး လူတွေကို ဒုက္ခမပေးပါနဲ့ဗျာ”
ဝိုင်းဝန်းအပြစ်တင်သံများကြားတွင် သမားတော်ကျန်းမှာ အသက်ရှူပင် ကျပ်လာရသည်။
အားလုံး၏ အပြစ်တင်ဝေဖန်မှုများကို ရင်ဆိုင်ရချိန်တွင် သမားတော်ကျန်းမှာ လေးလံလှသောတောင်ကြီးတစ်လုံး သူ့ပခုံးပေါ်သို့ ဖိချထားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ရင်ဘတ်ကို ဖိထားရင်း အသက်ရှူရခက်ခဲလာလေ၏။
“ကျုပ်.... ကျုပ်....”
အခြေအနေက အလွန်အရေးပေါ်ဖြစ်နေသဖြင့် သူသည် လူနာကို အမြန်ကယ်တင်လိုရုံသာ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဝူယွီလန်ကို ခေါ်လာခဲ့သူမှာ အမှန်တကယ်ပင် သူကိုယ်တိုင် ဖြစ်နေခဲ့သည်။
ဤအခိုက်အတန့်တွင် သမားတော်ကျန်းမှာ အလွန်တရာ ခါးသီးနာကျင်မှုကို ခံစားနေရပြီး မည်သို့ရှင်းပြရမည်ကိုပင် မသိတော့ချေ။
သခင်ကြီးလျို၏ မျက်လုံးများမှာ နီရဲနေပြီး သူ့ဇနီးသည်ရှိရာ အိပ်ခန်းတံခါးကို စိုက်ကြည့်ရင်း မျက်ရည်များ ကျဆင်းလာလေတော့သည်။
သမားတော်တစ်ဦးက လေးနက်သောအသံဖြင့် အကြံပေးလိုက်သည်။
“သူဌေးလျို၊ အခု အကောင်းဆုံး အစီအစဉ်က အဲဒီတောသူမကို ချက်ချင်းထွက်လာခိုင်းဖို့ပဲ၊ သခင်မကြီးလျိုကို ဆက်ပြီးနှိပ်စက်ခွင့် မပေးပါနဲ့တော့”
အခြားတစ်ဦးကလည်း သနားစဖွယ်ဟန်ဖြင့် ဝင်ပြောလေသည်။
“မှန်လိုက်လေဗျာ၊ သေဆုံးသွားတဲ့သူတွေကို ရိုသေလေးစားရမယ်၊ သူ့ကို ဆက်ပြီး ဒုက္ခမပေးပါနဲ့တော့၊ အေးအေးချမ်းချမ်း ထွက်သွားခွင့် ပေးလိုက်ပါတော့”
သခင်ကြီးလျို၏ လက်နှစ်ဖက်မှာ ဘေးတစ်ဖက်တစ်ချက်တွင် ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလျက်သား ဖြစ်နေလေ၏။
ဝူယွီလန်၏ မည်သူမည်ဝါဖြစ်ကြောင်းကို သေချာသိရှိသွားပြီးနောက်တွင် သူသည် ခါးသီးလှသော လက်တွေ့အခြေအနေကို နာကျင်စွာဖြင့် လက်ခံလိုက်ရတော့သည်။
တကယ်တမ်းတွင် ဝူယွီလန်သည် သမားတော်တစ်ဦးမဟုတ်ဘဲ ကလေးဖွားတတ်ရုံမျှသာရှိသော အဘွားကြီးတစ်ယောက်သာ ဖြစ်သည်။
သူမအနေဖြင့် မည်သည့်အရာကို အသုံးပြု၍ သူ့ဇနီးကို ကယ်တင်နိုင်မည်နည်း။
သူသည် သမားတော်ကျန်းထံသို့ ကြည့်လိုက်ပြီး လေးလံသောအသံဖြင့် ပြောလိုက်သည်။
“သမားတော်ကျန်း၊ ဖယ်ပေးလိုက်ပါ၊ ခင်ဗျားတို့အားလုံးကို ကျုပ် အပြစ်မတင်ပါဘူး”
သမားတော်ကျန်းမှာ အနည်းငယ် ယိမ်းယိုင်သွားသော်လည်း ဝူယွီလန်၏ စောစောကမှာကြားချက်ကို ရုတ်တရက်သတိရသွားကာ အမြန်ဟန့်တားလိုက်သည်။
“သူဌေးလျို၊ ဘာပဲဖြစ်ဖြစ် အစ်မကြီးဝူ ထွက်လာတဲ့အထိ စောင့်ပြီးမှ တခြားကိစ္စတွေကို ဆက်ပြောကြတာပေါ့ဗျာ”
သမားတော်ကြီးတစ်ဦးက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်လေ၏။
“သမားတော်ကျန်း၊ ခင်ဗျားက ဘာလို့ ဒီလောက်ခေါင်းမာနေရတာလဲ၊ ခွဲစိတ်မွေးဖွားတာကို အသက်ရှင်နိုင်တယ်လို့ ခင်ဗျား တကယ်ယုံနေတာလား”
သမားတော်ကျန်း၏အကြည့်များမှာ ပြတ်သားနေလေသည်။
“အစ်မကြီးဝူကို တံခါးစောင့်ပေးမယ်လို့ ကျုပ်ကတိပေးထားပြီးပြီ၊ သူ မထွက်လာမချင်း ခင်ဗျားတို့ကို တစ်ယောက်မှ အထဲဝင်ခွင့်မပြုနိုင်ဘူး”
ကျန်သမားတော်များမှာ မယုံနိုင်အောင် ဖြစ်သွားကြသည်။
“ခင်ဗျား တကယ်ပြောနေတာလား သမားတော်ကျန်း၊ ခင်ဗျားက ဆယ်စုနှစ်ချီပြီး ဆေးကုလာတဲ့ သမားတော်တစ်ယောက်လေ၊ အဲဒီတောသူမက ကယ်တင်နိုင်မယ်လို့ တကယ်ပဲ ယုံကြည်နေတာလား”
အခြားတစ်ဦးကလည်း ဆက်လက်ခြိမ်းခြောက်လေသည်။
“မြန်မြန်ဖယ်စမ်းပါဗျာ၊ အဲဒီတောသူမကိုသာ ဖြစ်ကတတ်ဆန်း လုပ်ခိုင်းနေမယ်ဆိုရင် သခင်မကြီးလျို ဘာတွေဆက်ဖြစ်လာဦးမလဲ ဘယ်သူမှမသိနိုင်ဘူး”
သို့တိုင်အောင် သမားတော်ကျန်းမှာ တံခါးဝတွင် ခေါင်းမာစွာ ဆက်လက်ပိတ်ရပ်ထားဆဲပင်။
ထိုမြင်ကွင်းကို မြင်သောအခါ သမားတော်များအားလုံး၏အကြည့်မှာ သခင်ကြီးလျိုထံသို့ ရောက်ရှိသွားကြလေသည်။
သေဆုံးသွားပြီးသည့်တိုင်အောင် သူ့ဇနီးမှာ ဝမ်းဗိုက်ကို ခွဲစိတ်ခံရကာ အနှောင့်အယှက်ပေးခံနေရမည်ကို တွေးမိသောအခါ… သခင်ကြီးလျိုမှာ သဘာဝကျစွာပင် သည်းမခံနိုင်တော့ပေ။
“သမားတော်ကျန်း၊ ဖယ်ပေးလိုက်စမ်းပါ”
သမားတော်ကျန်းမှာ တုပ်တုပ်မျှမလှုပ်ဘဲ ပြန်လည်ချေပလိုက်၏။
“သူဌေးလျို၊ ခင်ဗျား စိုးရိမ်ပူပန်နေတယ်ဆိုတာ ကျုပ် နားလည်ပါတယ်၊ ဒါပေမဲ့ အစ်မကြီးဝူ ထွက်လာတဲ့အထိစောင့်ပြီးမှ တခြားကိစ္စတွေကို ဆက်ပြောကြရအောင်လား”
သူ သခင်ကြီးလျို၏ကတိစကားကို ပြန်လည်အမှတ်ရစေရန် သတိပေးလိုက်သည်။
“ခင်ဗျား မေ့သွားပြီလား၊ အစ်မကြီးဝူ အထဲမဝင်ခင်က ခင်ဗျားကိုယ်တိုင် သူလုပ်သမျှကို ပူးပေါင်းပါ၀င်ပါ့မယ်လို့ ကတိပေးထားခဲ့တယ်လေ”
သခင်ကြီးလျိုသည် ဝူယွီလန်၏စကားများကို ပြန်လည်အမှတ်ရသွားကာ ခဏမျှ တွေဝေသွားသော်လည်း ဘေးနားရှိ သမားတော်များက အတင်းအကျပ် တိုက်တွန်းနေကြပြန်သည်။
သူ့ဇနီးအတွက် စိုးရိမ်ပူပန်မှုများက အဆုံး၌ သူ့အား စိုးရိမ်သောကများဖြင့်သာ လွှမ်းမိုးသွားစေတော့သည်။
သူသည် အနီးနားရှိ အစေခံအချို့ကို အေးစက်စက်မျက်နှာထားဖြင့် အမိန့်ပေးလိုက်၏။
“မင်းတို့ကောင်တွေ၊ သူ့ကို ဆွဲဖယ်လိုက်ကြစမ်း”
အစေခံများသည် ရှေ့သို့ တိုးလာကြပြီး သမားတော်ကျန်း၏လက်မောင်းများကို ကိုင်ဆွဲကာ အတင်းအဓမ္မ ဆွဲဖယ်ကြလေတော့သည်။
ထိုအချိန်မှာပင် တံခါးမှာ ပွင့်ဟလာလေသည်။
တံခါးပွင့်သံက တအိအိဖြင့် ထွက်ပေါ်လာ၏။
“ကျွီ......”
အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပုံရသော ဝူယွီလန်သည် ကလေးငယ်ကိုပွေ့ချီကာ အပြင်သို့ ထွက်လာရင်း အေးစက်စက် ပြောလိုက်လေသည်။
“သူဌေးလျို၊ ရှင်က အတော်လေး တည်ငြိမ်မှုအားနည်းတာပဲ”
ဝူယွီလန်ကိုမြင်သည်နှင့် သခင်ကြီးလျိုသည် ရှေ့သို့ အပြေးအလွှားသွားကာ မေးလိုက်သည်။
“အစ်မကြီးဝူ၊ ကျုပ်ရဲ့ ချစ်ဇနီးလေးရော၊ သူက....”
ဝူယွီလန်က မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး သူဆက်ပြောမည့်စကားကို စောင့်ဆိုင်းနေလိုက်၏။
“သူက ဘာဖြစ်လဲ”
အခန်းတွင်းမှ ပြင်းထန်လှသော သွေးညှီနံ့ကြီးကို ရလိုက်သောအခါ သခင်ကြီးလျိုမှာ ရုတ်တရက် မြေပြင်ပေါ်သို့ ပစ်ကျသွားကာ ငိုကြွေးလိုက်လေသည်။
“ကျုပ်ရဲ့ ချစ်ဇနီးလေးက၊ သူ.... အသက်မရှင်နိုင်တော့ဘူးလား”
ဝူယွီလန်သည် အနီးတွင်စောင့်နေသော အဘွားကြီးတစ်ဦးထံသို့ ကလေးငယ်ကို လွှဲပြောင်းပေးလိုက်ရင်း ပြတ်ပြတ်သားသား ဆိုလိုက်သည်။
“အထဲဝင်ပြီး ကိုယ့်ဘာသာ ကိုယ် သွားကြည့်လိုက်ပါ”
သူမက ချက်ချင်းပင် ထပ်မံ၍သတိပေးလိုက်သည်။
“ဒါပေမဲ့ မှတ်ထားပါ၊ အပြင်ခန်း အဝေးကနေပဲ ကြည့်ရမယ်”
သခင်မကြီးလျို ခွဲစိတ်မှု ပြုလုပ်ထားသည်မှာ မကြာသေးသဖြင့် အလွန်အမင်းအားနည်းနေသေးသည်။ မည်သည့် ဘက်တီးရီးယားပိုးမွှားကမဆို သူမ၏အသက်ကို အလွယ်တကူ နှုတ်ယူသွားနိုင်ချေရှိရ။ ဝူယွီလန်အနေဖြင့် အလွန်သတိထားနေရလေ၏။
သခင်ကြီးလျိုသည် တံခါးဘောင်ကိုကိုင်ကာ မတ်တတ်ရပ်လိုက်သည်။ သူ့လက်များနှင့် ခြေထောက်များမှာ အားအင်ကုန်ခမ်းနေသဖြင့် အခန်းတွင်းသို့ ခြေတရွတ်တိုက်ကာသာ ဝင်သွားနိုင်လေတော့သည်။
မကြာမီမှာပင် အခန်းတွင်းမှ ကြိတ်၍ငိုကြွေးနေသောအသံများ ထွက်ပေါ်လာလေသည်။