← Chapters

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄

Vol. 3 Ch. 24

🍅 Chapter 24

ထိုအသံကို ကြားလိုက်ရသောအခါ သမားတော်များက သခင်မကြီးလျို သေဆုံးသွားပြီဟု ထင်မှတ်ကာ ဝူယွီလန်အား ပြင်းပြင်းထန်ထန် စတင်ဆဲဆိုကြလေတော့သည်။

သမားတော်ကြီးတစ်ဦးက ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။

“ဟမ့်၊ ဒီတောသူမက ဘယ်ကနေ ရောက်လာတာလဲ၊ ဘာတစ်ခုမှလည်း နားမလည်ဘဲနဲ့ ငွေလိမ်ယူဖို့အတွက် လူတွေကို ဒုက္ခပေးရဲတယ်ပေါ့လေ”

ဝူယွီလန်သည် မုတ်ဆိတ်ဖြူနှင့် သမားတော်အိုကြီးအား အေးစက်စွာ စိုက်ကြည့်လိုက်ရင်း ပြန်လည်မေးခွန်းထုတ်လိုက်သည်။

“ဩော်.... ဒီသမားတော်ကြီးရဲ့ ဆေးပညာစွမ်းရည်က တော်တော်လေး ကောင်းမွန်တဲ့ပုံပဲနော်”

သူမ ခပ်ထေ့ထေ့ ပြုံးလိုက်ပြီး ဆက်ပြောလိုက်၏။

“ဒါဆို ရှင့်ကို မေးပါရစေ၊ ရှင်သာ ကလေးကန့်လန့်ခံနေတဲ့အခြေအနေမျိုးနဲ့ ကြုံခဲ့မယ်ဆိုရင်၊ အဲဒါ… ရှင်ဆိုရင် ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ”

သမားတော်အိုကြီးသည် သူ၏မုတ်ဆိတ်ဖြူကို သပ်ကာ အလွန်နက်နဲသူတစ်ဦးအလား ဟန်ဆောင်ရင်း ပြန်ဖြေလေသည်။

“ကျုပ်သာ အဲဒီလို အခြေအနေမျိုးနဲ့ ကြုံခဲ့ရင်၊ သေချာပေါက် အထူးသတိထားပြီး ကိုင်တွယ်မှာပေါ့”

ဝူယွီလန် အလျှော့မပေးဘဲ ဆက်တိုက်မေးခွန်းထုတ်လိုက်၏။

“အထူးသတိထားပြီး ကိုင်တွယ်မယ်ဆိုတာ အတိအကျ ဘယ်လိုလုပ်မှာလဲ၊ မိခင်ကို ကယ်မှာလား၊ ကလေးကို ကယ်မှာလား၊ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးသေသွားတာကို ထိုင်ကြည့်နေမှာလား၊ အသက်နှစ်ချောင်း အလဟဿ ဆုံးရှုံးခံမှာလား”

ဝူယွီလန်၏ထက်မြက်လှသော မေးခွန်းများကြောင့် သမားတော်အိုကြီး၏မျက်ခုံးများ တွန့်ချိုးသွားကာ ခေတ္တမျှ ဆွံ့အသွားရလေသည်။

သူက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်လည်ချေပလိုက်၏။

“ဘာပဲဖြစ်ဖြစ်လေ.... ကျုပ်ကတော့.... ကုသခလေး ရဖို့အတွက်နဲ့ ခွဲစိတ်မွေးဖွားပြီးရင် မိခင်အသက်ရှင်နိုင်တယ်ဆိုပြီး လူတွေကိုမလိမ်ဘူး”

ဝူယွီလန် လှောင်ပြုံးပြုံးရင်း တည်ငြိမ်စွာပြန်မေးလိုက်သည်။

“ကျွန်မက လူတွေကို လိမ်နေတယ်ဆိုတာ ရှင် ဘယ်လိုလုပ်သိနိုင်တာလဲ”

သမားတော်အိုကြီး စကားမဟနိုင်မီမှာပင် အနီးအနားရှိ အခြားသမားတော်များက အလုအယက် ဝင်ရောက်စွက်ဖက်လာကြလေ၏။

“ဒါက လိမ်တာမဟုတ်ရင် တကယ်ဖြစ်နိုင်လို့လား”

“ဟုတ်ပါ့ဗျာ၊ ဒီလို အဓိပ္ပာယ်မရှိတာတွေကို လျှောက်ပြောနေတာ၊ သူလိမ်ထားတာတွေ ပေါ်သွားမှာကို မကြောက်ဘူးလားမသိဘူး”

“ဘာမှနားမလည်တဲ့တောသူမကများ လူတွေကို လာလိမ်ရဲသေးတယ်၊ မင်းကို အာဏာပိုင်တွေဆီ တိုင်တန်းပြီး ထောင်ထဲထည့်ပစ်မယ်ဆိုတာ ယုံလား”

ဝူယွီလန် အသာအယာ လက်ပိုက်လိုက်ရင်း လှောင်ပြုံးတစ်ခု ပြုံးပြလိုက်သည်။

“ရှင့်တို့ကိုယ် ရှင့်တို့ အသိပညာကြွယ်ဝပြီး အတွေ့အကြုံများတဲ့သူတွေလို့ ကြွားလုံးထုတ်နေကြပေမယ့် ကိုယ်ဝန်ဆောင်ကို ခွဲစိတ်မွေးဖွားတာ မျိုးကိုတောင် မမြင်ဖူးကြဘူးပဲ၊ ရှင်တို့တွေက ဆေးပညာလောကအတွက် တကယ့်ကို အရှက်ရစရာတွေပါလား”

သမားတော်တစ်ဦး ဒေါသတကြီး လက်ညှိုးထိုးလာ၏။

“ဘာမှမသိတဲ့ အရူးမ၊ မင်းက ခွဲစိတ်မွေးဖွားတာကို တကယ်လုပ်တတ်တယ်လို့ ပြောချင်နေတာလား”

သမားတော်အိုကြီးကလည်း ခေါင်းခါယမ်းကာ အထင်အမြင်သေးစွာ ကြည့်လိုက်လေသည်။

“ခွဲစိတ်မွေးဖွားပြီး အသက်ရှင်တယ်ဆိုတာက တကယ့်ကို စိတ်ကူးယဉ်ပုံပြင်တစ်ခုပဲ၊ မိန်းကလေး၊ မင်းက လူ့အသက်ကို ကယ်ချင်ဇောနဲ့ လုပ်မိတာကိုထောက်ထားပြီး၊ ကိုယ့်အမှားကို သေချာဝန်ခံလိုက်ပါ၊

ဒါဆိုရင် ငါတို့က မင်းအတွက် အကူအညီဖြစ်စေမယ့် စကားတစ်ခွန်းလောက်တော့ ပြောပေးနိုင်သေးတယ်”

ဝူယွီလန်က ဂုဏ်ယူဝင့်ကြွားစွာ စကားတစ်ခွန်းဖြင့် ပြန်လည်ချေပလိုက်၏။

“ရှင်တို့ မမြင်ဖူးတာနဲ့ပဲ အဲဒီအရာက မရှိဘူးလို့ ပြောလို့မရဘူးလေ”

ထိုသို့ပြောဆိုပြီးနောက် ဝူယွီလန်သည် အစေခံမလေးက သခင်ကြီးလျိုအတွက် ပြင်ဆင်ပေးထားသော ကုလားထိုင်ပေါ်သို့ ထိုင်ချလိုက်လေသည်။

သူမ၏ဟန်ပန်မှာ အလွန်တရာ အေးဆေးတည်ငြိမ်နေပြီး မည်သည့်အရာကိုမျှ ဂရုမစိုက်သည့်အလား ရှိနေ၏။

ဝူယွီလန်၏မောက်မာဝင့်ကြွားသောဟန်ပန်ကို မြင်လိုက်ရသောအခါ သမားတော်များအားလုံး မျက်မှောင်ကြုတ်ကာ ခေါင်းခါလိုက်ကြလေသည်။

သူတို့က ဝူယွီလန်အား မာနကို ခဝါချကာ အမှားဝန်ခံရန် တိုက်တွန်းတော့မည့် ဆဲဆဲတွင် သခင်ကြီးလျိုက အခန်းတံခါးဖွင့်ကာ အပြင်သို့ ထွက်လာခဲ့လေသည်။

သူ့ ရင်ဘတ်အင်္ကျီစတစ်ပြင်လုံးမှာ စိုရွှဲနေပြီး ပြင်းပြင်းထန်ထန် ငိုကြွေးထားကြောင်း သိသာထင်ရှားနေလေ၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သမားတော်ကျန်းမှာ သခင်မကြီးလျို သေဆုံးသွားပြီဟု ထင်မှတ်လိုက်လေသည်။

သူ့ လည်ချောင်းထဲတွင် ခါးသီးသောအရသာကို ခံစားလိုက်ရပြီး တောင်းပန်စကား ဆိုလိုက်သည်။

“သူဌေးလျို၊ ခင်ဗျား တစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင် ကျုပ်ကိုပဲ အပြစ်တင်ပါဗျာ၊ အစ်မကြီးဝူကိုတော့ အပြစ်မတင်ပါနဲ့”

သခင်ကြီးလျိုသည် သမားတော်ကျန်းအား စူးစူးရဲရဲ စိုက်ကြည့်နေလေ၏။ သမားတော်ကျန်းမှာ သူ့ကို အပြစ်အရေးယူတော့မည်ဟု ထင်မှတ်နေစဉ်မှာပင် သခင်ကြီးလျိုက သူ့ပခုံးနှစ်ဖက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်သည်။

“သမားတော်ကျန်း၊ ကျုပ် ခင်ဗျားကို အပြစ်မတင်တဲ့အပြင်၊ သေချာပေါက် ကျေးဇူးတင်ရဦးမှာပါဗျာ”

ထိုစကားကို ကြားလိုက်ရသူအားလုံး နားရှုပ်သွားကြပြီး သမားတော်ကျန်းကိုယ်တိုင်လည်း ဇဝေဇဝါ ဖြစ်သွားရလေသည်။

သမားတော်ကျန်း မယုံကြည်နိုင်စွာဖြင့် မေးလိုက်လေ၏။

“သူဌေးလျို၊ ခင်ဗျား….”

‘သူ အရမ်း၀မ်းနည်းပူဆွေးလွန်းတာကြောင့် စိတ်တွေလွတ်ထွက်ပြီး လျှောက်ပြောနေတာများလား'

သခင်ကြီးလျို ပြုံးရွှင်စွာဖြင့် ရှင်းပြလေသည်။

“သမားတော်ကျန်း၊ တကယ်လို့ ခင်ဗျားသာ အစ်မကြီးဝူကို အချိန်မီ မပင့်လာခဲ့ဘူးဆိုရင်၊ ကျုပ်ရဲ့ ချစ်ဇနီးနဲ့ သားလေး သေချာပေါက် အန္တရာယ်ကြုံရတော့မှာ”

သမားတော်ကျန်း ဝမ်းသာအားရဖြင့် ပြန်လည်မေးမြန်းလိုက်လေ၏။

“သူဌေးလျို၊ ဒါဆို ခင်ဗျားဆိုလိုတာက….”

သခင်ကြီးလျို သမားတော်ကျန်း၏ပခုံးကို ပုတ်လိုက်ပြီး အိမ်တော်ထိန်းလျိုဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်သည်။

“မင်းက ဘာရပ်လုပ်နေတာလဲ၊ မြန်မြန်သွားပြီး အစ်မကြီးဝူအတွက် လက်ဖက်ရည်သွားငှဲ့ပေးလေ၊ ပြီးတော့ မီးဖိုချောင်ကိုလည်း အစ်မကြီးဝူအားပြန်ဖြည့်နိုင်အောင် အစားအသောက်တွေ ပြင်ဆင်ခိုင်းလိုက်ဦး”

အိမ်တော်ထိန်းလျိုမှာ သခင်ကြီးလျို၏အနီးတွင် နှစ်ပေါင်းများစွာ ခစားလာခဲ့သူဖြစ်သဖြင့် ထိုစကားကိုကြားသည်နှင့် ရလဒ်ကို အလိုအလျောက် ခန့်မှန်းမိသွားကာ ဝမ်းသာအားရဖြင့် စီစဉ်ရန် ထွက်သွားလေတော့သည်။

ဝူယွီလန်နှင့် သမားတော်ကျန်းအပေါ်ထားရှိသော သခင်ကြီးလျို၏ဆက်ဆံရေးကို မြင်လိုက်ရသောအခါ ကျန်သမားတော်များမှာ ချက်ချင်းပင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာမှင်တက်သွားကြလေသည်။

သမားတော်အိုကြီးက မယုံကြည်နိုင်စွာဖြင့် မေးမြန်းလိုက်၏။

“သူဌေးလျို၊ ဒါဆို.... သခင်မကြီးလျို အသက်ရှင်နေသေးတယ်ဆိုတဲ့ သဘောလား”

သခင်ကြီးလျိုသည် ထိုသမားတော်တစ်သိုက်ကို ကြည့်ကာ မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်သည်။ ဤအယောင်ဆောင် သမားတော်များကြောင့် သူ စောစောက အနည်းငယ် လမ်းမှားရောက်လုနီးပါး ဖြစ်ခဲ့ရ၏။

အကယ်၍ သူသာ ထိုသူများ၏ စကားကိုနားထောင်ပြီး အခန်းတံခါးကို အတင်းတွန်းဖွင့်ကာ ဝူယွီလန်အား အနှောင့်အယှက်ပေးခဲ့မည်ဆိုလျှင် သူ့ဇနီးနှင့် ကလေးငယ်မှာ သေချာပေါက် အသက်အန္တရာယ်နှင့် ကြုံတွေ့ရမည်ဖြစ်သည်။

ထိုအကြောင်းကို တွေးမိသောအခါ သခင်ကြီးလျို၏လေသံမှာ အေးစက်သွားလေတော့သည်။

“ခင်ဗျားတို့အားလုံးရဲ့ စိုးရိမ်ပူပန်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ အစ်မကြီးဝူရဲ့ ဆေးပညာစွမ်းရည်က အံ့မခန်းပါပဲ၊ သူက ကျုပ်ရဲ့ ဇနီးရော ကလေးကိုပါ ကယ်တင်ပေးလိုက်နိုင်ပြီ”

ထိုစကားကို ကြားသောအခါ သမားတော်များအားလုံး အံ့ဩမှင်တက်သွားကြလေ၏။

သမားတော်တစ်ဦး အထိတ်တလန့်ဖြင့် မေးမြန်းလာလေသည်။

“သူဌေးလျို၊ ဝမ်းဗိုက်ကို ခွဲစိတ်မွေးဖွားတာလို့ မပြောခဲ့ဘူးလား၊ သခင်မကြီးလျိုက တကယ်ကြီး အသက်ရှင်နေသေးတာလား”

အခြားတစ်ဦးကလည်း မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။

“ဒါက.... ဒါက တကယ်ကိုမယုံနိုင်စရာပဲ”

တတိယမြောက်သမားတော်က အံ့ဩတကြီး ပြောလာလေသည်။

“ဒီလောကကြီးမှာ ဒီလိုသဘာဝကိုလွန်ဆန်တဲ့ နည်းပညာမျိုး တကယ်ရှိနေတာလား”

နောက်တစ်ဦးကလည်း ခေါင်းခါယမ်းရင်း ငြင်းဆန်လိုက်လေ၏။

“မဟုတ်ဘူး၊ ဒါမဖြစ်နိုင်ဘူး၊ ဝမ်းဗိုက်ကို ခွဲထားတာတောင် လူက ဘယ်လိုလုပ် အသက်ရှင်နေနိုင်မှာလဲ”

သခင်ကြီးလျို ထိုသမားတော်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

“သမားတော်လီ၊ ကိုယ့်ထက်သာတဲ့သူဆိုတာ အမြဲတမ်းရှိစမြဲပါပဲ၊ ခင်ဗျား မလုပ်နိုင်တာနဲ့ပဲ တခြားသူတွေ မလုပ်နိုင်ဘူးလို့ မှတ်မထားပါနဲ့”

သူ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆက်ပြောလိုက်၏။

“အစ်မကြီးဝူက ကျုပ်ရဲ့ချစ်ဇနီးလေးကို တကယ်ပဲ ခွဲစိတ်မွေးဖွားပေးခဲ့တာပါ၊ အခု ကျုပ်ဇနီးက သတိရလာပြီ၊ ကျုပ်တို့ရဲ့ သားငယ်လေးလည်း ကျန်းကျန်းမာမာနဲ့ ဘေးကင်းသွားပါပြီ”

သခင်ကြီးလျိုကိုယ်တိုင် ဝန်ခံလိုက်ပြီဖြစ်ရာ သမားတော်လီအနေဖြင့် သံသယဝင်စရာ အကြောင်းမရှိတော့ပေ။

ဝမ်းဗိုက်ခွဲစိတ်မွေးဖွားခြင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပြီဟု တွေးမိသောအခါ သူသည် အလွန်အမင်း တုန်လှုပ်သွားပြီး စိတ်မငြိမ်သက်နိုင်အောင် ဖြစ်သွားရလေသည်။

ဤအခိုက်အတန့်တွင် သူသည် ဝူယွီလန်နှင့် စကားပြောကာ မည်သို့မည်ပုံပြုလုပ်ခဲ့သနည်းဟု အလွန်အမင်း မေးမြန်းချင်နေမိ၏။

သို့သော် သူ၏ စောစောက စွပ်စွဲမှု၊ မေးခွန်းထုတ်မှုများကို ပြန်လည်သတိရမိသောအခါ သူ့ပါးစပ်မှာ ကော်ဖြင့် ကပ်ထားခံရသကဲ့သို့ဖြစ်သွားပြီး စကားတစ်ခွန်းမျှ မဟနိုင်တော့ချေ။

သခင်ကြီးလျိုသည် ကြောင်တောင်တောင် ရပ်နေကြသော သမားတော်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူတို့ကို လျစ်လျူရှုလိုက်လေသည်။

သခင်ကြီးလျိုက သမားတော်ကျန်းအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ဆိုလိုက်၏။

“သမားတော်ကျန်း၊ ကျုပ်ကို အစ်မကြီးဝူနဲ့ မိတ်ဆက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ”

ယခုအချိန်တွင် သမားတော်ကျန်းမှာလည်း ကုလားထိုင်ပေါ်တွင် ထိုင်ခွင့်ရနေပြီဖြစ်သည်။ သခင်ကြီးလျိုထံမှ ဤမျှယဉ်ကျေးပျူငှာသော ဆက်ဆံရေးမျိုးကိုရရှိနေခြင်းမှာ ဝူယွီလန်ကြောင့်သာဖြစ်ကြောင်း သူ ကောင်းကောင်းကြီး နားလည်ထားပေ၏။

သမားတော်ကျန်း နှိမ့်ချစွာဖြင့် ပြန်လည်ဖြေကြားလိုက်လေသည်။

“သူဌေးလျို၊ ကျုပ်က မိတ်ဆက်ပေးရုံသက်သက်ပါ၊ တကယ်တမ်း ခင်ဗျား ကျေးဇူးတင်ရမှာက အစ်မကြီးဝူကိုပါ၊

ပြီးတော့ ခင်ဗျားရဲ့ သတ္တိကိုလည်း ခင်ဗျား ကျေးဇူးတင်ရမှာပါ”

All Chapters