အခန်း ၂၅
Vol. 3 Ch. 25
🍅 Chapter 25
ဝူယွီလန် ခေါင်းကို အသာအယာညိတ်ပြလိုက်ရင်း ထောက်ခံလိုက်သည်။
“ဟုတ်တယ် သူဌေးလျို၊ ရှင်ရဲ့သတ္တိက ရှင့်ဇနီးနဲ့ ကလေးကို ကယ်တင်လိုက်တာပဲ”
ထိုစကားကို ကြားသောအခါ သခင်ကြီးလျိုမှာ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရ၏။
အစောပိုင်းက သူသည် ထိုသမားတော်များ၏စကားကို နားယောင်ပြီး ဝူယွီလန်အပေါ် သံသယဝင်ခဲ့မိသည်မဟုတ်ပါလား။
သို့သော် ဝူယွီလန်က သူ့အပေါ် အငြိုးမထားသည့်အပြင် သူ့သတ္တိကိုပင် ချီးကျူးလိုက်သေးရာ သူဌေးလျှိုကို ပို၍ပင် ရှက်ရွံ့သွားစေလေသည်။
သူသည် ဝူယွီလန်အား ထိုက်ထိုက်တန်တန် ပြန်လည်ပေးဆပ်ရမည်ဟု စိတ်ထဲတွင် တိတ်တဆိတ် ဆုံးဖြတ်လိုက်လေ၏။
သခင်ကြီးလျို လေးနက်သောလေသံဖြင့် ကတိပေးလိုက်သည်။
“အစ်မကြီးဝူ၊ ဒီကျေးဇူးကို ကျုပ် အမြဲမှတ်ထားပါ့မယ်၊ နောက်နောင် ဖျန်းကျန်းမြို့မှာ အခက်အခဲတစ်စုံတစ်ရာ ရှိလာခဲ့ရင် ကျုပ်ဆီကို အချိန်မရွေးလာခဲ့ပါ”
ဝူယွီလန်၏မျက်နှာပေါ်ရှိ အပြုံးမှာ အနည်းငယ် ပိုပီပြင်လာကာ လက်ခံလိုက်သည်။
“ဒါဆိုရင်လည်း ကျွန်မကပဲ သူဌေးလျိုကို ကြိုပြီးကျေးဇူးတင်ထားပါရစေရှင်”
သခင်ကြီးလျို ခေါင်းအသာညိတ်ပြကာ ဂရုတစိုက် ပြောဆိုလေ၏။
“အစ်မကြီးဝူ၊ အရင်ဆုံး အနားယူလိုက်ပါဦး၊ ထမင်းစားသောက်ပြီးရင် အစ်မကြီးကို ပြန်ပို့ဖို့ ကျုပ် လူလွှတ်ပေးပါ့မယ်”
ထိုသို့ပြောလာသဖြင့် ဝူယွီလန်မှာ ငြင်းဆန်စရာ အကြောင်းမရှိတော့ဘဲ သခင်မကြီးလျို၏အထိန်းတော်ကို ခွဲစိတ်ပြီးနောက်ပိုင်း ပြုစုစောင့်ရှောက်ရမည့် အချက်များကို သေချာမှာကြားခဲ့ပြီးနောက် အနားယူရန် အစေခံမလေးနောက်သို့ လိုက်သွားလေတော့သည်။
ဝူယွီလန် ထွက်သွားသည်ကို မြင်သောအခါ သမားတော်တစ်သိုက်မှာ အနောက်မှ အတင်းလိုက်သွားချင်နေကြသော်လည်း သခင်ကြီးလျိုက အစေခံများအား မျက်ရိပ်ပြလိုက်ရာ အစေခံများက သူတို့ကို ချက်ချင်း ဟန့်တားလိုက်လေ၏။
အစေခံတစ်ဦးက တင်းမာပြတ်သားသောလေသံဖြင့် ပြောလိုက်သည်။
“လူကြီးမင်းတို့၊ အဝေးကြီးကနေ လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ခင်ဗျားတို့ရဲ့ ကုသခတွေကို ရှင်းပြီးတာနဲ့ ကိုယ့်လမ်းကိုယ် သွားကြပါတော့”
သမားတော်များမှာ မည်သို့လုပ်ပြီး ပြန်သွားချင်ကြမည်နည်း။
သခင်မကြီးလျို တကယ်ပဲ အသက်ရှင်နေသေးသလားဆိုသည်ကို သူတို့ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြည့်ချင်နေကြပြီး သူမ၏ ဝမ်းဗိုက်ပေါ်မှဒဏ်ရာကို မည်သို့ ချုပ်ထားသနည်း ဆိုသည်ကိုလည်း သိချင်နေကြလေ၏။
သေချာသည်ကတော့ သူတို့သည် ဤဝမ်းဗိုက်ခွဲစိတ်မွေးဖွားခြင်းကို အမှန်တကယ် မည်သို့လုပ်ဆောင်ခဲ့သနည်းဆိုသည့် ဝူယွီလန်၏ ရှင်းပြချက်ကို အဓိက ကြားချင်နေကြခြင်းဖြစ်သည်။
သဘာဝကို လွန်ဆန်သည့် မြင့်မြတ်လှသော နည်းပညာတစ်ခု၊ ငရဲမင်း၏လက်ထဲမှ လူတစ်ဦးကို လုယူကယ်တင်နိုင်ခဲ့ခြင်း…..
ဤအရာကို တွေ့လိုက်ရခြင်းကပင် သူတို့၏တစ်သက်တာလုံး ကြွားဝါရန်အတွက် လုံလောက်နေပြီမဟုတ်ပါလား။
သခင်ကြီးလျိုမှာ သူတို့နှင့် အချိန်ဖြုန်းနေရန် အချိန်မရှိပေ။ ဆေးကုသခများကို ရှင်းပေးပြီးနောက် ထိုသမားတော်တစ်သိုက်ကို ဧည့်ခန်းဆီသို့ မောင်းထုတ်လိုက်လေတော့၏။
အချိန်အနည်းငယ် ကြာပြီးနောက် သခင်ကြီးလျိုသည် ဝူယွီလန်ထံသို့ ရောက်လာကာ လေးစားစွာဖြင့် ပြောလာလေသည်။
“အစ်မကြီးဝူ၊ ဒါ ဆေးကုသခပါ၊ ကျေးဇူးပြုပြီး လက်ခံပေးပါ”
သခင်ကြီးလျိုသည် သေတ္တာတစ်လုံးကိုကိုင်ကာ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်လေ၏။
ငွေကြေး အရေးတကြီးလိုအပ်နေသောကြောင့် ဝူယွီလန်သည်လည်း အားနာမနေတော့ပေ။
သူမသည် သေတ္တာကို လှမ်းယူလိုက်ရာ အတော်လေး လေးလံနေကြောင်း ခံစားလိုက်ရပြီး ဖွင့်ကြည့်လိုက်သောအခါ သူမ၏မျက်ခုံးများပင် ပင့်တက်သွားရလေတော့သည်။
သေတ္တာငယ်လေးအတွင်း၌ တစ်တုံးလျှင် ငွေဆယ်ချောင်း အတိအကျရှိသော ငွေတုံးဆယ်တုံးက ငြိမ်သက်စွာ ပါရှိနေလေသည်။
ငွေတုံးဆယ်တုံး၊ စုစုပေါင်း ငွေချောင်းတစ်ရာ အတိအကျပင်။
ဝူယွီလန် အံ့ဩတကြီး ရေရွတ်လိုက်၏။
“သူဌေးလျှို၊ ဒါက.... တကယ်ကို များလွန်းနေပါပြီ”
သူမ ငွေကြေးကိုမက်မောသည်မှာ မှန်သော်လည်း သူမ၏မှတ်ဉာဏ်များအရ သာမန်သမားတော်တစ်ဦး၏ တစ်ခေါက်စာ ဆေးကုသခမှာ အများဆုံး ငွေချောင်းအနည်းငယ်မျှသာ ရှိကြောင်း ကောင်းစွာသိထားပေသည်။
သေချာသည်ကတော့ သူမသည် သာမန်သမားတော်တစ်ဦး မဟုတ်ပေ။
သို့တိုင်အောင် ယဉ်ကျေးမှုအရနှိမ့်ချဟန်ပြရန်တော့ လိုအပ်သေးသည်မဟုတ်လော။
သူဌေးလျှို လေးစားသမှုဖြင့် ပြန်လည်တုံ့ပြန်လေသည်။
“အစ်မကြီးဝူ၊ အို မဟုတ်သေးပါဘူး၊ သမားတော်ဝူလို့ လေးလေးစားစား ခေါ်မှ သင့်တော်လိမ့်မယ်၊
သမားတော်ဝူက ကျုပ်ရဲ့ ဇနီးနဲ့ကလေးကို ငရဲမင်းရဲ့ လက်ထဲကနေ ဆွဲထုတ်ကယ်တင်ပေးခဲ့တာ၊ ဒီငွေချောင်းတစ်ရာလောက်က တကယ်တော့ အတော်လေး နည်းလွန်းပါတယ်”
သူ ဆက်လက်၍ တောင်းဆိုလိုက်သည်။
“ဒါ့အပြင် ကျုပ်ရဲ့ ဇနီးနဲ့ ကလေးက နောက်ထပ်အချိန်အတိုင်းအတာ တစ်ခုအထိ သမားတော်ဝူရဲ့ ပြုစုစောင့်ရှောက်မှုကို လိုအပ်နေဦးမှာပါ၊
ဒီဆေးကုသခက ကျုပ်ရဲ့ ကျေးဇူးတင်တဲ့စိတ်ကို အနည်းငယ် ဖော်ပြရုံသက်သက်မို့လို့ သမားတော်ဝူအနေနဲ့ မငြင်းပါနဲ့လား”
သူဌေးလျှို၏ အမူအရာမှာ အလွန်တရာ ရိုးသားပွင့်လင်းလှ၏။ သဘာဝလွန် ဆေးပညာစွမ်းရည်များကို ပိုင်ဆိုင်ထားသော ဤအဘွားကြီး စိတ်ခုသွားစေမည်ကို သူ တကယ်ပင် စိုးရိမ်နေမိသည်။
လူတစ်ယောက်သည် မည်မျှပင် ချမ်းသာကြွယ်ဝနေပါစေ တစ်နေ့နေ့ တစ်ချိန်ချိန်တွင်တော့ ရောဂါတစ်မျိုးမျိုးနှင့်ရင်ဆိုင်ရမည်သာ။
နတ်သမားတော်တစ်ဦးနှင့် ပြဿနာဖြစ်ခြင်းက သူ့အနာဂတ်အတွက် မည်သည့် အကျိုးအမြတ်မှ ရှိမည်မဟုတ်ကြောင်း သူ ကောင်းကောင်းကြီး နားလည်ထားပေ၏။
ဝူယွီလန် နားလည်သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ဒီလိုဆိုမှတော့လည်း ကျွန်မ မငြင်းတော့ပါဘူး၊ သူဌေးလျှိုအတွက် အဆင်ပြေမယ်ဆိုရင် ဒီငွေတုံးတွေကို ငွေစက္ကူအဖြစ် ပြောင်းပေးလို့ရ မလားရှင့်၊ ဒီလောက်များပြားတဲ့ ငွေတုံးတွေ ယူသွားဖို့က နည်းနည်း မျက်စိကျစရာဖြစ်နေလို့ပါ”
သူဌေးလျှို သူ့နဖူးသူ ပြန်ရိုက်ကာ ရယ်မောလိုက်သည်၊
“ဟာ… ဟုတ်သား၊ ကျုပ် ဒီကိစ္စကို လုံးဝမေ့သွားခဲ့တာပဲ”
သူ လက်တစ်ချက်ဝှေ့ယမ်းပြလိုက်ရာ အိမ်တော်ထိန်းလျိုသည် ငွေတုံးများကို ချက်ချင်းယူဆောင်သွားပြီးနောက် ငွေစက္ကူဆယ်ရွက်ဖြင့် ပြန်လည်ရောက်ရှိလာခဲ့လေသည်။
ဝူယွီလန်သည် ငွေစက္ကူများကို အပြုံးဖြင့် လက်ခံယူလိုက်ပြီးနောက် စက္ကူနှင့် စုတ်တံကိုရှာကာ ဆေးညွှန်းအချို့ကို ရေးသားပေးလိုက်၏။
ထို့နောက် သူဌေးလျှို ငှားရမ်းထားသော အိမ်တွင်းသမားတော်ကို သခင်မကြီးလျိုအား မည်သို့မည်ပုံ ပြုစုစောင့်ရှောက်ရမည်ကို ဂရုတစိုက် သေချာမှာကြားခဲ့လေသည်။
အထူးသဖြင့် နောင်အနာဂတ်တွင် နောက်ထပ်ကလေးယူလိုပါက အနည်းဆုံး နှစ်နှစ်ခန့်အချိန်ယူစောင့်ဆိုင်းရမည်ဖြစ်ကြောင်းကို သူမက ထပ်ခါတလဲလဲ အလေးအနက်ထား၍ သတိပေးခဲ့သည်။
သူမ နေရာမှထရင်း နှုတ်ဆက်စကားဆိုလိုက်၏။
“ဒါဆိုရင် ကျွန်မ ပြန်လိုက်ပါဦးမယ်၊ သခင်မကြီးလျိုရဲ့ ကျန်းမာရေးအခြေအနေ တိုးတက်မှုကိုကြည့်ဖို့ မနက်ဖြန်တစ်ခေါက် ပြန်လာခဲ့ပါ့မယ်”
သူမက ထပ်မံ၍ သတိပေးလိုက်သေးသည်။
“ဒီကြားထဲ သခင်မကြီးလျို တစ်ခုခု နေရထိုင်ရ အဆင်မပြေတာမျိုးရှိရင် ကျွန်မဆီကို လူတစ်ယောက် ချက်ချင်းလွှတ်လိုက်ပါ”
သူဌေးလျှို မြင်းလှည်းစီစဉ်ပေးရန် ကိုယ်တိုင်သွားရောက်ရင်း လှိုက်လှဲစွာ ပြန်လည်တုံ့ပြန်လေ၏။
“ကျေးဇူးတင်ပါတယ် သမားတော်ဝူ၊ သမားတော်ဝူကို ပြန်ပို့ပေးဖို့ ကျုပ် လူတစ်ယောက်စီစဉ်ပေးပါ့မယ်”
ဝူယွီလန်သည် အနားယူရန် ကုလားထိုင်ပေါ်တွင် ထိုင်လိုက်စဉ်မှာပင် သူမနှင့် ရင်းနှီးကျွမ်းဝင်နေသော စက်ရုပ်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရလေသည်။
စက်ရုပ်သံက ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာလေ၏။
[ဒင်၊ Hostသည် သူဌေးလျှို၏ဇနီးအား ခွဲစိတ်မွေးဖွားပေးခဲ့ပြီး သူဌေးလျှို၏ဇနီးနှင့် ကလေးကို ကယ်တင်နိုင်ခဲ့ကြောင်း ထောက်လှမ်းသိရှိရပါသည်၊ ဆုလာဘ်အဖြစ် ကုန်တိုက်သုံးငွေကြေး ခြောက်ထောင်ကို ချီးမြှင့်လိုက်ပါသည်၊ ကျေးဇူးပြု၍ Host အကောင့်ကို စစ်ဆေးကြည့်ပါ]
ဝူယွီလန်မှာ အနည်းငယ် အံ့အားသင့်သွားရသည်။
အရင်တစ်ကြိမ်က ချွေးမဖြစ်သူကို ကလေးမွေးဖွားပေးပြီး ချွေးမနှင့် မြေးမလေးနှစ်ဦးလုံး၏အသက်ကို ကယ်တင်ပေးခဲ့စဉ်က ကုန်တိုက်သုံးငွေကြေး နှစ်ထောင်သာ ဆုချီးမြှင့်ခံခဲ့ရကြောင်း သူမ ကောင်းကောင်း မှတ်မိနေသေး၏။
သူမက စိတ်ထဲမှနေ၍ သိချင်စိတ်ဖြင့် မေးမြန်းလိုက်မိသည်။
“စနစ်ရေ၊ ဒီတစ်ခေါက် ကုန်တိုက်သုံးငွေကြေး ဆုလာဘ်က ဘာဖြစ်လို့ ဒီလောက်များနေရတာလဲလို့ မေးလို့ရမလား”
စနစ်က တည်ငြိမ်စွာဖြင့် ပြန်လည်ဖြေကြားလာ၏။
[သူဌေးလျှို၏ဇနီးသည် နူးညံ့သိမ်မွေ့ပြီး သဘောထားပြည့်ဝသူ ဖြစ်ပါသည်။ ဆင်းရဲနွမ်းပါးသူများကို ဆန်ပြုတ်တိုက်ကျွေးရန် တဲအုံများ မကြာခဏ ဆောက်လုပ်လှူဒါန်းလေ့ရှိပါသည်။ ထို့ကြောင့် ထပ်ဆောင်း ကုန်တိုက်သုံးငွေကြေး ငါးထောင်ကို ချီးမြှင့်ပေးခြင်းဖြစ်ပါသည်]
ဝူယွီလန် နားလည်သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ဪ၊ ဒီလိုကိုး”
သူမ၏ နည်းပါးလှသော ကုန်တိုက်သုံးငွေကြေးမှာ ရုတ်တရက် ခြောက်ထောင်ကျော်အထိ တိုးပွားလာသည်ကိုကြည့်ရင်း ဤတစ်ခေါက် ခရီးစဉ်မှာ တကယ်ကို တန်ဖိုးရှိလှကြောင်း စိတ်ထဲမှနေ၍ ကျေနပ်စွာ သက်ပြင်းချလိုက်မိလေသည်။
မိမိ၏ ရည်မှန်းချက်ဖြစ်သော မြေးမလေးများကို ပြန်လည်ရွေးယူရန်အတွက် လိုအပ်နေသော ငွေကြေးနှင့် အရင်းအနှီးများ တဖြည်းဖြည်း ပြည့်စုံလာပြီဖြစ်ရာ သူမ၏နှလုံးသားထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ ပိုမိုတောက်ပလာခဲ့လေ၏။
သူဌေးလျှိုသည် ဝူယွီလန်အတွက် မြင်းလှည်းကို စီစဉ်ပေးရုံသာမက မုန့်များနှင့် အစားအစာများကိုပါ အထုပ်တစ်ထုပ်ဖြင့် ပြင်ဆင်ပေးခဲ့ပြီး ဝူယွီလန်အား ခြံတံခါးမကြီးအထိ ကိုယ်တိုင်ကိုယ်ကျ လိုက်လံပို့ဆောင်ပေးခဲ့လေသည်။
ဝူယွီလန် မြင်းလှည်းပေါ်သို့ တက်တော့မည့်ဆဲဆဲတွင် သူမ အနောက်သို့ အပြေးအလွှား လိုက်လာကြသော သမားတော်များ၏ ဝိုင်းအုံခြင်းကို ခံလိုက်ရလေသည်။
သမားတော်တစ်ဦးက အလောတကြီး အော်ဟစ်လိုက်၏။
“သမားတော်ဝူ၊ ကျေးဇူးပြုပြီး ခဏလောက်ရပ်ပါဦး”
အခြားတစ်ဦးကလည်း ဆက်လက် တားဆီးလာလေသည်။
“သမားတော်ဝူ၊ ကျေးဇူးပြုပြီး ခဏလောက်ရပ်ပေးပါ”
ဝူယွီလန် မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး သူမကိုယ် သူမ လက်ညှိုးထိုးပြကာ မေးလိုက်သည်။
“ရှင်တို့ ကျွန်မကို ခေါ်နေကြတာလား”
သမားတော်လီ ရှက်ရွံ့စွာဖြင့် ပြုံးပြရင်း ဦးညွှတ်တောင်းပန်လေ၏။
“သမားတော်ဝူ၊ ကျုပ်တို့ စောစောက စော်ကားမိတာတွေကို ခွင့်လွှတ်ပေးပါဗျာ”