အခန်း ၂၇
Vol. 3 Ch. 27
🍅 Chapter 27
ဝမ်ကွေ့ချင်က ရိုသေကျိုးနွံစွာ နှုတ်ဆက်လိုက်၏။
“အမေ၊ ပြန်ရောက်လာပြီပေါ့”
ဝူယွီလန် ဝမ်ကွေ့ချင်အား ခပ်တည်တည်ဖြင့်ကြည့်ကာ အမိန့်ပေးလိုက်သည်။
“အင်း၊ အိမ်ပြန်ကြရအောင်၊ နောက်နောင် ဒီကလေးနှစ်ယောက်ကို မြို့ထဲကို ကိုယ့်ဘာသာကို မလွှတ်နဲ့၊ လူကြီးတစ်ယောက်ယောက် အတူတူလိုက်သွားပေးရမယ်”
ဝူယွီလန်၏မျက်နှာပေါ်တွင် သူမအား အပြစ်တင်မည့်အရိပ်အယောင်များ မတွေ့ရသဖြင့် ဝမ်ကွေ့ချင်မှာ စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်နိုင်လေသည်။
သူမ အမြန်ခေါင်းညိတ်ကာ ပြန်လည်ဖြေကြားလိုက်လေ၏။
“ဟုတ်ကဲ့ပါ အမေ၊ ကျွန်မ နားလည်ပါပြီ”
အိမ်ပြန်ရောက်သောအခါ ဆာလောင်မှုကို ဖြေဖျောက်ပေးမည့် ဆန်ပြုတ်အိုးမှာ မီးဖိုပေါ်တွင် တည်ထားပြီးဖြစ်သည်။
အသက်ဆယ့်နှစ်နှစ်အရွယ် စုန့်ချန်းဟွာက မီးဖိုရှေ့တွင် ဆောင့်ကြောင့်ထိုင်ရင်း မီးစောင့်နေသည်ကို ဝူယွီလန် တွေ့လိုက်ရလေ၏။
သူမက အိုးအဖုံးကို အသာဖွင့်ကြည့်ရင်း မေးလိုက်သည်။
“ဒီဆန်ကို ဘယ်သူထည့်လိုက်တာလဲ”
ဝမ်ကွေ့ချင် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် လက်ကို အသာမြှောက်လိုက်သည်။
“အမေ၊ ကျွန်မ ထည့်လိုက်တာပါ၊ လွန်ခဲ့တဲ့ရက်တွေတုန်းက အမေ ချက်ခဲ့တဲ့ ဆန်ပမာဏအတိုင်း အတိအကျထည့်လိုက်တာပါ”
သူမသည် သူမ၏အင်္ကျီစွန်းကို လက်ဖြင့်ဖိကာ စိုးရိမ်တကြီးဖြင့် လိမ်ကျစ်နေရင်း မေးလိုက်၏။
“ကျွန်မ ဆန်တွေ အများကြီး ထည့်လိုက်မိလို့လားဟင်”
ထိုစဉ် ဝူယွီလန်က သူမ၏လက်ကို ရုတ်တရက် မြှောက်လိုက်လေ၏။ ဝမ်ကွေ့ချင်မှာ သူမ ထပ်မံ၍ ရိုက်နှက်ခံရတော့မည်ဟု ထင်မှတ်ကာ ကြောက်လန့်တကြား တွန့်ဆုတ်သွားပြီး မျက်လုံးများကို စုံမှိတ်ထားလိုက်လေတော့သည်။
သို့သော် သူမ မျှော်လင့်ထားသော ပြင်းထန်သည့် ရိုက်ချက်ကြီးအစား ပခုံးပေါ်သို့ ခပ်ဖွဖွပုတ်လိုက်သော အထိအတွေ့ကိုသာ ခံစားလိုက်ရ၏။
“အကြီးမ၊ နင် တော်တော်လုပ်တတ်လာပြီပဲ၊ နောက်ဆို ဆန်ပြုတ်ပြုတ်ရင် ဒီပမာဏအတိုင်းပဲ အတိအကျထည့်တော့”
ဝမ်ကွေ့ချင် မျက်လုံးများကို အသာဖွင့်ကြည့်လိုက်သောအခါ သူမ ယောက္ခမမျက်နှာပေါ်တွင် နူးညံ့သောအမူအရာနှင့်အတူ နှုတ်ခမ်းထောင့်၌ ခပ်ရေးရေးအပြုံးတစ်ခုကိုပါ အံ့ဩဖွယ်ရာ တွေ့လိုက်ရသည်။
ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ချီးကျူးခံလိုက်ရသဖြင့် ဝမ်ကွေ့ချင်၏နှလုံးသားလေးမှာ ဝမ်းသာအားရ ခုန်ပေါက်သွားလေတော့၏။
သူမက ခေါင်းကုတ်ရင်း ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောလိုက်သည်။
“ဟီးဟီး၊ အမေ ဘာပြောပြော ကျွန်မနားထောင်ပါ့မယ်ရှင်”
ဝူယွီလန်သည် ဧည့်ခန်းဆောင်သို့ ဝင်သွားကာ သူဌေးလျို ပေးလိုက်သော အထုပ်ကို ဖြေကြည့်လိုက်သည်။
အထုပ်အတွင်း၌ ချိုမြိန်မွှေးကြိုင်လှသော အနံ့အသက်များ ထွက်ပေါ်နေသည့် တန်ဖိုးကြီးမုန့်မျိုးစုံနှင့် သရေစာများကို တွေ့လိုက်ရ၏။
ဤမျှ အဖိုးတန်လှသော မုန့်များကိုမြင်လိုက်ရသောအခါ ဝမ်ကွေ့ချင်မှာ ခေါင်းပင်မမော့ရဲတော့ချေ။ သူမ ပါးစပ်မှသွားရည်တမျှမျှကျနေကာ တံတွေးမျိုချချင်စိတ် ပေါက်နေသော်လည်း ယောက္ခမကြီးက သူမအား မက်မောနေသည်ဟု ထင်မြင်သွားမည်ကို အလွန်အမင်း ကြောက်ရွံ့နေမိသည်။
“ဂလု...”
တံတွေးမျိုချသံ ကြားလိုက်ရသဖြင့် ဝူယွီလန် လှည့်ကြည့်လိုက်သောအခါ မျက်နှာတစ်ခုလုံး နီရဲနေသော ဝမ်ကွေ့ချင်ကို တွေ့လိုက်ရ၏။
“အမေ... ကျွန်မ... ကျွန်မ စားချင်လို့မဟုတ်ပါဘူး”
“ပါးစပ်ဟထားစမ်း”
ဝမ်ကွေ့ချင် ပါးစပ်ကို ကြောင်တောင်တောင်ဖြင့် ဟလိုက်ချိန်တွင် သူမ ပါးစပ်ထဲသို့ မုန့်တစ်ဖဲ့ အတင်းထိုးထည့်ခံလိုက်ရမှသာ ၎င်းမှာ အိပ်မက်မဟုတ်ကြောင်း သတိထားမိတော့သည်။ ယောက္ခမကြီးက သူမကို မုန့်ခွံ့ကျွေးလိုက်ခြင်းပင်။
ရွာသူကြီးအိမ်တွင် ဤကဲ့သို့သောမုန့်မျိုးကို သူမ တစ်ခါမျှမြင်ဖူးခဲ့သည်။ အပေါစားမုန့်များပင်လျှင် ကြေးပြားအတော်များများ ပေးရပြီး အဖိုးတန်မုန့်များဆိုလျှင် ကြေးပြားဆယ်ဂဏန်းမှ ရာဂဏန်းအထိပင် ပေးရကြောင်း သူမ ကြားဖူးထားသည်။
ယခု ယောက္ခမကြီး သူမအား ဤမျှအဖိုးတန်လှသောမုန့်ကို ခွံ့ကျွေးလိုက်သည်မှာ ယုံနိုင်စရာပင်မရှိချေ။
‘ဒါဆို အမေက ငါ့ကို အချစ်ဆုံးဆိုတဲ့ သဘောများလား'
“ဘာ ရပ်လုပ်နေတာလဲ၊ အားလုံးကို သွားခေါ်ချေ၊ နင်တစ်ယောက်တည်း အကုန်စားမလို့လား”
ကြောင်တောင်တောင်ရပ်နေသော ဝမ်ကွေ့ချင်အား ဝူယွီလန်က ခြေထောက်ဖြင့် ခပ်ဖွဖွလေး ဟန်ဆောင်ကန်လိုက်သည်။ ဤချွေးမအကြီးမမှာ ခိုင်းရလွယ်ကူသော်လည်း အနည်းငယ် ထုံအအနိုင်လှ၏။
ဝမ်ကွေ့ချင် သတိဝင်လာပြီး တစ်မိသားစုလုံးကို ဧည့်ခန်းဆောင်သို့ အမြန်ပြေးခေါ်လေတော့သည်။
ဝူယွီလန်သည် မုန့်များကို လူဦးရေအလိုက် အတိအကျ ခွဲဝေပေးပြီး မွေးကင်းစမြေးမလေးအတွက်ပါ တစ်ပုံဖယ်ထားပေးလိုက်သည်။
“တစ်ယောက်ကို တစ်ပုံစီပဲ၊ ကိုယ့်ဘာသာ ကိုယ် ယူစားကြ၊ အခုပဲ စားစား၊ သိမ်းပဲထားထား မင်းတို့သဘောပဲ”
“ဒါပေမဲ့ မသိုးသွားစေနဲ့၊ အစားအသောက်ကို နှမြောစရာဖြစ်အောင် လုပ်လို့ကတော့ ငါကိုယ်တိုင် ရိုက်တာခံရမယ်မှတ်”
ကလေးများသည် မုန့်များကို ကိုင်ထားရင်း သတိထားကာ နမ်းရှူကြည့်ကြ၏။ နှာခေါင်းထဲသို့ တိုးဝင်လာသော မွှေးကြိုင်လှသည့် အနံ့လေးများကြောင့် သူတို့၏မျက်ခုံးလေးများ ပင့်တက်သွားကာ ပျော်ရွှင်သွားကြလေသည်။
မုန့်များ ခွဲဝေပေးပြီးနောက် ဝူယွီလန်သည် ငါးရောင်းရငွေများကို ထုတ်ယူလိုက်သည်။
ကြေးပြားများ အချင်းချင်းရိုက်ခတ်သံက သစ်သားစားပွဲပေါ်တွင် ရှင်းလင်းစွာ ထွက်ပေါ်လာ၏။
“ဒီနေ့ တာ့လန်နဲ့ အာ့လန်ကမြစ်ထဲမှာ ငါးသွားမျှားပြီး ပိုက်ဆံရအောင် ရောင်းလာခဲ့တယ်၊ မင်းတို့အားလုံးလည်း ဒီရက်ပိုင်း ပင်ပန်းနေကြ ပြီဆိုတော့ ဒီငွေတွေကို မင်းတို့အတွက် ခွဲပေးမယ်”
ဝူယွီလန် ပြောပြောဆိုဆိုပင် ကြေးပြား နှစ်ရာ့သုံးဆယ်ကို စားပွဲပေါ်သို့ ပုံချလိုက်သည်။
သူမသည် ကြေးပြားသုံးဆယ်ကို ဦးစွာဖယ်ထုတ်လိုက်ပြီး အိမ်ရှိ ကလေးခြောက်ယောက်ကို တစ်ယောက်လျှင် ငါးပြားစီ ခွဲဝေပေးရန် ရည်ရွယ်လိုက်၏။
ကျန်ရှိသော ကြေးပြား နှစ်ရာထဲမှ တစ်အိမ်ထောင်လျှင် ခြောက်ဆယ့်ခြောက်ပြားစီ ခွဲဝေပေးကာ ကျန်သော နှစ်ပြားကိုသာ သူမအတွက် သိမ်းဆည်းထားလိုက်သည်။
“မင်းတို့ သုံးအိမ်ထောင်က တစ်အိမ်ကိုခြောက်ဆယ့်ခြောက်ပြားစီ ယူကြ၊ ကလေးတွေကတော့ မုန့်ဖိုးအဖြစ် ငါးပြားစီယူကြ”
ဝူယွီလန် စကားဆုံးသည်နှင့်တစ်ပြိုင်နက် တစ်မိသားစုလုံးမှာ ကြမ်းပြင်ပေါ်သို့ ဒုတ်ခနဲ မြည်သံများနှင့်အတူ ဒူးထောက်ချလိုက်ကြလေသည်။
“အမေ၊ အိမ်ခွဲတာမျိုးတော့ မလုပ်ပါနဲ့”
စုန့်ကျစ်ယုံ ကျောကိုမတ်မတ်ထားကာ မျက်ဝန်းများတွင် ပြတ်သားမှုများအပြည့်ဖြင့် တောင်းပန်လိုက်သည်။ အိမ်ထောင်စု ခွဲထုတ်ခြင်းသည် ရှေးခေတ်ကာလတွင် အလွန်ကြီးမားသော အပြစ်တစ်ခုအဖြစ် သတ်မှတ်ထားကြပေ၏။
“ကျွန်တော်တို့ တစ်ခုခုမှားသွားခဲ့ရင် ပြောပါ၊ မိသားစုကိုတော့ အကွဲမခံနိုင်ပါဘူး”
ဝမ်ကွေ့ချင်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။ လွန်ခဲ့သော ခဏလေးကတင် ယောက္ခမကြီးက သူမကို မုန့်ခွံ့ကျွေးခဲ့သေးသည် မဟုတ်ပါလား။
ယခု အဘယ်ကြောင့် အိမ်ခွဲမည့်အကြောင်း ပြောနေရသနည်း။
ချွေးမလတ် ကျောက်လီကျွမ်လည်း ငိုယိုကာ တောင်းပန်ရှာသည်။
“အမေ၊ ကျွန်မတို့ တစ်ခုခုမှားခဲ့ရင် ပြောပါ၊ ဒီချွေးမက အခုထက်ပိုပြီးကောင်းအောင် နေပါ့မယ်”
ဝူယွီလန် သက်ပြင်းချလိုက်ပြီး ခွေးခြေခုံပေါ်တွင် မောပန်းစွာထိုင်ချလိုက်သည်။
စုန့်အာ့လန်က မျက်လုံးကိုကလော်ကာ ဝူယွီလန်၏နောက်ကျောဘက်သို့ လျှောက်သွားပြီး ကျောကို ခပ်ဖွဖွထုပေးလိုက်၏။
“အဘွား၊ စိတ်ဆိုးပြေပါတော့နော်”
ဝူယွီလန် နဖူးကို လက်ဖြင့်ဖိရင်း ပြန်မေးလိုက်သည်။
“ဘယ်သူက အိမ်ခွဲမယ်လို့ပြောလို့လဲ”
“မင်းတို့တွေ ဒီနှစ်တွေထဲမှာ အရမ်းဆင်းရဲပင်ပန်းခဲ့ရတယ်၊ လက်ထဲမှာ ပိုက်ဆံလေးမှမရှိရင် အဆင်မပြေဖြစ်မှာစိုးလို့ အိမ်ထောင်စုတစ်ခုကို နည်းနည်းစီ ခွဲပေးတာပါ”
ကျောက်လီကျွမ်နှင့် ဝမ်ကွေ့ချင်တို့ နှစ်ဦးသား အကြည့်ချင်းဖလှယ်လိုက်ကြရာ သူတို့နှစ်ဦးလုံး၏မျက်ဝန်းများတွင် အံ့အားသင့်မှုများကို မြင်လိုက်ကြရသည်။
ယောက္ခမကြီးသည် ဤနှစ်များတစ်လျှောက်လုံး ကြေးပြားတစ်ပြားမကျန် အကုန်သိမ်းဆည်းထားခဲ့သူ ဖြစ်၏။
ယခု သူတို့လက်ထဲသို့ ငွေကြေးများ ထည့်ပေးနေခြင်းမှာ တကယ်ပဲ အစစ်အမှန်ဖြစ်နိုင်ပါမည်လော။ အိမ်မက်မက်နေခြင်းလော။
ဝမ်ကွေ့ချင် ကိုယ့်အသားကို ကိုယ် ပြန်လိမ်ဆွဲကြည့်လိုက်ရာ နာကျင်လွန်းသဖြင့် အာ့ခနဲ အသံထွက်သွားလေသည်။
“အမေ၊ ဒါ တကယ်ပြောနေတာလား၊ ဒီကြေးပြားတွေကို ကျွန်မတို့ကို တကယ်ပေးတာလားဟင်”
ကျောက်လီကျွမ်က ဝမ်ကွေ့ချင်၏အင်္ကျီလက်ကို အသာဆွဲလိုက်သည်။
ယောက္ခမကြီး၏စရိုက်ကို နှစ်ပေါင်းများစွာ သိလာခဲ့သည့် သူမ အတွေ့အကြုံအရ ဤငွေကြေးများသည် စမ်းသပ်မှုတစ်ခုသာသက်သက် ဖြစ်ရပေမည်။
အကယ်၍ သူတို့သာ တကယ်ယူလိုက်မိပါက အရေခွံဆုတ်ခံရလောက်အောင် အရိုက်ခံရမည်မှာ သေချာလှသည်။
“ပေးမယ်လို့ပြောမှတော့ တကယ်ပေးတာမို့လို့ပေါ့”
ဝူယွီလန် ကြေးပြားများကို သူတို့ရှေ့သို့ တွန်းပို့ပေးလိုက်သည်။
ကျောက်လီကျွမ်က ဝမ်ကွေ့ချင်အား မျက်နှာရိပ်မျက်နှာကဲဖြင့် အတင်းတားဆီးရန် ကြိုးစားသော်လည်း ဝမ်ကွေ့ချင်မှာ ကြေးပြားများကို မြင်သည်နှင့် မျက်စိများ မှိတ်ကျသွားသည်အထိ ဝမ်းသာသွားကာ ထုံအအဖြင့် လှမ်းယူလိုက်လေတော့၏။
“ဒါဆို... ဒါဆိုလည်း ကျွန်မ ယူလိုက်မယ်နော်”
ဝမ်ကွေ့ချင် ကြေးပြားတွဲ သူမ ရင်ဘတ်ထဲသို့ ကောက်ထည့်လိုက်သည်ကို မြင်သောအခါ ကျောက်လီကျွမ်မှာ ချက်ချင်းပင် ချွေးအေးများ ပျံကျလာလေတော့သည်။
ယောက္ခမကြီး၏ရက်စက်လှသော ရိုက်နှက်သည့်မြင်ကွင်းကို မကြည့်ရက်တော့သဖြင့် သူမ မျက်လုံးများကို စုံမှိတ်ထားလိုက်၏။
သို့သော် အချိန်အတော်ကြာ စောင့်နေသည့်တိုင်အောင် ဝမ်ကွေ့ချင်၏နာကျင်စွာအော်ဟစ်သံကို မကြားရဘဲ ကလေးများ၏ ပျော်ရွှင်စွာရယ်မောသံများကိုသာ ကြားလိုက်ရလေသည်။
ဝမ်ကွေ့ချင် ငွေယူလိုက်ရုံသာမက ကလေးများကလည်း သူတို့၏မုန့်ဖိုးများကို ယူလိုက်ကြလေ၏။
ဒေါသထွက်ရမည့် ယောက္ခမကြီးမှာ ဂရုစိုက်ပုံမပေါ်ဘဲ သူမ၏ ကိုယ်ပိုင်အလုပ်များကိုသာ ဆက်လက်လုပ်ဆောင်နေလေသည်။
ကျောက်လီကျွမ်တစ်ယောက် မှင်တက်သွားရလေသည်။
‘ငါ အိပ်မက်မက်နေတာများလား
“ယောင်းမ၊ ကျွန်မ ပြောသားပဲ၊ အမေ တကယ်ကို ပြောင်းလဲသွားပြီလို့”
ဝမ်ကွေ့ချင်က ငွေကြေးများကို ဆုပ်ကိုင်ထားရင်း ပါးစပ်အဟောင်းသားဖြင့် ရယ်မောနေလေသည်။
ကျောက်လီကျွမ် ကြေးပြားများ မယူသေးသည်ကို မြင်သောအခါ ဝမ်ကွေ့ချင် ကြေးပြားများအား ကောက်ယူကာ သူမလက်ထဲသို့ အတင်းထည့်ပေးလိုက်၏။
“အမေ ပေးတာပဲဟာကို၊ ယူထားလိုက်ပါ၊ အမေ့စကားကို နားထောင်ကြတာပေါ့”
ကျောက်လီကျွမ်သည် အေးစက်နေသော ကြေးပြားလေးများ၏အထိအတွေ့ကို ခံစားလိုက်ရသော်လည်း ယုံကြည်ရန် ခက်ခဲနေဆဲပင်။