← Chapters

အခန်း ၂၈

Vol. 3 Ch. 28

အခန်း ၂၈

Vol. 3 Ch. 28

🍅 Chapter 28

ယောက္ခမကြီးက သူတို့ကို တကယ်ကြီး ငွေကြေးများ ခွဲဝေပေးခဲ့ပြီဖြစ်သည်။

လူကြီးများကိုသာမက မွေးကင်းစ မြေးမလေးကိုပင် ကြေးပြားငါးပြား ပေးခဲ့သေးသည်။

ကလေးများမှာ သူတို့၏ကြေးပြားများအား မည်သို့သုံးစွဲမည်ဆိုသည့်အကြောင်း ရေပက်မဝင်အောင် စကားပြောနေကြပြီဖြစ်သည်။

ဝူယွီလန်တစ်ယောက် တံခါးဝတွင် ရပ်နေရင်း ကလေးများအနေဖြင့် ဤကြေးပြားများကို သကြားလုံး သို့မဟုတ် အခြားသရေစာများ ဝယ်စားကြလိမ့်မည်ဟုသာ မျှော်လင့်ထားခဲ့၏။

သို့သော် သူတို့၏အစီအစဉ်က သူမ ထင်မှတ်မထားသည့်အရာ ဖြစ်နေခဲ့သည်။

“ငါတို့ ဒီကြေးပြားလေးတွေကို စုထားကြမယ်၊ ပိုက်ဆံတွေအများကြီး ရလာတဲ့အခါ ညီမလေး ကျင်းဟွာနဲ့ ထုန်ဟွာကို ပြန်သွားရွေးကြမယ်”

စုန့်တာ့လန် ပြတ်သားသောအသံဖြင့် ဦးဆောင်ပြောလိုက်ခြင်းဖြစ်သည်။

ထိုစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် အခြားကလေးများကလည်း တစ်ယောက်တစ်ပေါက် ထောက်ခံကြလေတော့သည်။

စုန့်အာ့လန် ခေါင်းကို တက်ကြွစွာညိတ်ပြလိုက်၏။

“ဒါ အကြံကောင်းပဲ၊ ငါတို့ ပိုက်ဆံတွေစုကြမယ်၊ ငွေလုံလောက်ပြီဆိုတာနဲ့ သူတို့နှစ်ယောက်ကို ပြန်သွားရွေးကြမယ်”

ထိုစကားများကို ကြားလိုက်ရသောအခါ ဝမ်ကွေ့ချင်၏ရင်ထဲတွင် နွေးထွေးမှုတစ်ခု ဖြတ်ပြေးသွားလေသည်။

“ဟုတ်တယ်၊ ငါတို့ စုကြမယ်၊ စုကြမယ်၊ ပြီးရင် ကျင်းဟွာနဲ့ ထုန်ဟွာကို အိမ်ပြန်ခေါ်လာကြမယ်”

ကျောက်လီကျွမ်မှာမူ စကားတစ်ခွန်းမျှမဟနိုင်ဘဲ လက်ထဲရှိ ကြေးပြားလေးများကိုသာ တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။

ယခင်က သူမတွင် ငွေကြေးတစ်ပြားတစ်ချပ်မှမရှိခဲ့သဖြင့် သမီးဖြစ်သူကို အိမ်ပြန်ခေါ်လာရန်ဆိုသည်မှာ အိပ်မက်တစ်ခုမျှသာ ဖြစ်ခဲ့၏။

ယခုမူ.......

ထိုအကြောင်းကို ကြားလိုက်ရသောအခါ လီရှို့ယွင်သည် သမီးဖြစ်သူ ချွမ်းနီအား သူမ၏ငွေကြေးများကို ယူဆောင်လာစေ၏။

ထို့နောက် နှစ်ပုံခွဲကာ ဝမ်ကွေ့ချင်နှင့် ကျောက်လီကျွမ်တို့အား ကလေးများရွေးယူရန်အတွက် စုဆောင်းပေးလိုက်သည်။

သူတို့နှစ်ဦးက လက်မခံဘဲ လီရှို့ယွင်ကိုသာ သိမ်းထားရန်နှင့် ငွေလုံလောက်သည့်အချိန်ကျမှ သူမထံမှ တောင်းယူမည်ဖြစ်ကြောင်းပြောကာ ငြင်းဆန်ခဲ့ကြသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝူယွီလန်သည် ခန္ဓာကိုယ်ပိုင်ရှင်ဟောင်းအား စိတ်ထဲမှနေ၍ ထပ်မံကျိန်ဆဲလိုက်မိပြန်သည်။ ကိုယ့်မြေးအရင်းများကို ပြန်လည်ရောင်းစားရက်သူမှာ တကယ်ကိုလူမဆန်လှပေ။

ဤသားများနှင့် မြေးများက သူမ၏သွေးသားအရင်းများ မဟုတ်ဘဲ စတုတ္ထသား စုန့်ကျစ်ရှုတစ်ယောက်တည်းသာ သူမ၏သားအရင်းများ လားဟုပင် သံသယဝင်စရာကောင်းလှသည်။

စုန့်ကျစ်ရှုအကြောင်း တွေးမိမှ သူမ သူ့ကိုမတွေ့ရသည်မှာ ရက်အတော်ကြာပြီဖြစ်ကြောင်း သတိထားမိလိုက်၏။

‘ထားလိုက်ပါတော့၊ ဒီလို သားမိုက်မျိုး သေသေ၊ ရှင်ရှင် ငါ ဂရုစိုက်နေစရာ အကြောင်းမရှိဘူး'

ဝူယွီလန် အင်္ကျီလက်များကို ခေါက်တင်ကာ ညစာချက်ရန် ပြင်ဆင်လိုက်သည်။

သူမ၏ရည်မှန်းချက်မှာ ဤမိသားစုကို ကြွယ်ဝချမ်းသာလာစေရန်နှင့် ကွဲကွာနေသော မြေးမလေးများကို ပြန်လည်စုစည်းပေးရန်သာဖြစ်၏။

သူဌေးကြီးလျိုက သူမအတွက် ကြက်ကင်တစ်ကောင် ထည့်ပေးလိုက်သည်။

ဝူယွီလန် ကလေးများကို ဂျူးမြစ်များ ခုတ်ခိုင်းပြီး တရုတ်မုန်လာထုပ်တစ်ထုပ်ကို နှုတ်ယူစေခဲ့၏။

ညစာအတွက် ဂျူးမြစ်ကြက်ဥကြော်နှင့် မုန်လာထုပ်ကြော်ကို ပြင်ဆင်လိုက်သည်။ ကြက်ကင်ထဲမှ ပေါင်တစ်ဖက်နှင့် အတောင်ပံတစ်ဖက်ကို ဖယ်ချန်ထားခဲ့ပြီး ကျန်သည်များကို အတုံးသေးသေးလေးများ တုံးလိုက်၏။

ပူနွေးပြီး မွှေးကြိုင်လှသော ကြက်ကင်ရနံ့က တစ်အိမ်လုံးသို့ ပျံ့နှံ့သွားလေသည်။

“ထမင်းစားကြမယ်”

ဝူယွီလန် အော်ခေါ်လိုက်ပြီးနောက် လီရှို့ယွင်အတွက် ပြင်ဆင်ထားသော အစားအစာများကို ယူဆောင်ကာ တံခါးခေါက်ပြီး အခန်းထဲသို့ ဝင်သွားလေသည်။

“အမေ”

ဝူယွီလန်ကို မြင်သည်နှင့် လီရှို့ယွင်သည် သူမ ချုပ်နေသော ဖိနပ်အောက်ခံပြားကို အမြန်သိမ်းဆည်းလိုက်၏။

“အရင်ဆုံး စားလိုက်ဦး”

“အိုးထဲမှာ ဒေါနရွက်တွေ ပြုတ်ထားတယ်၊ ခဏနေရင် နင့်ကို ခေါင်းလျှော်ပေးဖို့ ချွေးမအကြီးကို ယူလာခဲ့ခိုင်းမယ်”

လီရှို့ယွင်သည် သူမ၏ခြောက်သွေ့ကြမ်းတမ်းနေသော ဆံပင်များကို ကိုင်ကြည့်ရင်း နှာခေါင်းထဲတွင် စူးရှရှဖြစ်သွားကာ မျက်ရည်လည် လာလေ၏။

“ကျေးဇူးတင်ပါတယ်၊ အမေ”

“သေချာ အနားယူပါ၊ ဟိုဟိုဒီဒီ အလုပ်တွေ လျှောက်မလုပ်နေနဲ့၊ နင့်ရဲ့ကျန်းမာရေးက အရေးကြီးဆုံးပဲ”

နောက်ဆုံးအမှာစကား ပြောကြားပြီးနောက် ဝူယွီလန်သည် ညစာစားရန် ထွက်လာခဲ့လေသည်။

အလုပ်များလှသော နေ့တစ်နေ့ ကုန်ဆုံးသွားပြီးနောက် ဝူယွီလန်သည် ကုတင်ပေါ်တွင် မောပန်းစွာ လှဲလျောင်းနေလေ၏။

သူမသည် မနက်ဖြန် လုပ်ဆောင်ရမည့်အရာများကို စိတ်ထဲတွင် စီစဉ်နေမိသည်။

ပထမအချက်အနေဖြင့် သခင်မကြီးလျို၏ ကျန်းမာရေးကို သွားရောက်ကြည့်ရှုရန်၊ ဒုတိယအချက်အနေဖြင့် ရောင်းစားခံထားရသော မြေးမလေးနှစ်ဦး၏သတင်းကို စုံစမ်းပြီး ပြန်လည်ရွေးယူရန် ဖြစ်သည်။

လုပ်ဆောင်ရမည့်တာဝန်များကို စိတ်ထဲတွင် ချမှတ်ပြီးနောက် သူမ လက်ရှိပိုင်ဆိုင်မှုများကို ရေတွက်ရင်း နှစ်ခြိုက်စွာ အိပ်ပျော်သွားလေ တော့၏။

နောက်တစ်နေ့ နံနက်စောစော ဝူယွီလန်နိုးလာချိန်တွင် ဝမ်ကွေ့ချင်သည် သူမ၏အမှာစကားအတိုင်း အရွက်ဆန်ပြုတ်ကို ပြင်ဆင်ပြီးနေပြီဖြစ်သည်။

ဆန်ပြုတ်ကို ဟင်းသီးဟင်းရွက်၊ ချဉ်ဖတ်လေးများနှင့် တွဲဖက်စားသောက်ရသည်မှာ အတော်လေး ခံတွင်းတွေ့စရာ ကောင်းလှ၏။

မိသားစုဝင်များ ဆန်ပြုတ်သောက်နေကြစဉ်မှာပင် ခြံတံခါးဝမှ အော်ခေါ်သံတစ်ခု ထွက်ပေါ်လာလေသည်။

“ဘယ်သူလဲ မသိဘူး၊ မနက်စောစောစီးစီး”

ဝမ်ကွေ့ချင် နားမလည်နိုင်စွာဖြင့် အပြင်သို့ ထွက်ကြည့်လိုက်လေ၏။

“အမေ၊ သားမှားမှန်းသိပါပြီ၊ ကျေးဇူးပြုပြီး တံခါးလေး ဖွင့်ပေးပါဦး”

အပြင်ဘက်မှ ထွက်ပေါ်လာသော အသနားခံ ငိုယိုသံကိုကြားလိုက်ရသော်လည်း ဝူယွီလန်မှာ စကားတစ်ခွန်းမျှ ပြန်မပြောဘဲ တံခါးထောင့်တွင် ထောင်ထားသော ဝါးတံမြက်စည်းကိုသာ ဆတ်ခနဲ ကောက်ယူလိုက်လေသည်။

ဝူယွီလန် ဒေါသတကြီး ထွက်သွားသည်ကို မြင်သောအခါ စုန့်အာ့လန်သည် သူ့ထမင်းပန်းကန်ကို ပိုက်ကာ နောက်မှ အပြေးအလွှား လိုက်သွားရင်း စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်၏။

“အယ်၊ အဘွားက ဦးလေးကို တကယ်ကြီး ရိုက်တော့မလို့လား”

ထိုစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် ကျန်မိသားစုဝင်အားလုံးမှာလည်း တူများကို အမြန်ချထားခဲ့ပြီး နောက်မှ လိုက်သွားကြလေတော့သည်။

စုန့်ချန်းဟွာသည် ပန်းကန်ကို ကိုင်ထားရင်း တံခါးခုံပေါ်တွင် ဝင်ထိုင်ကာ ခေါင်းခါပြလိုက်၏။

“ဒီနှစ်တွေတစ်လျှောက်လုံး အဘွားက ဦးလေးကို ဆူတောင်မဆူရက်ခဲ့တာ၊ ဘယ်လိုလုပ် ရိုက်ရက်မှာလဲ”

“လောင်းမလား”

စုန့်အာ့လန်၏မျက်လုံးများမှာ အရောင်လက်သွားပြီး ဝူယွီလန်၏လက်ထဲရှိ ဝါးတံမြက်စည်းကြီးကို စူးစိုက်ကြည့်နေလေသည်။

ဤတစ်ကြိမ်တွင်တော့ အဘွားဖြစ်သူက ဦးလေးကို အသေအလဲ ရိုက်နှက်တော့မည်ဟု သူ့စိတ်ထဲတွင် ကြိုတင်ခံစားသိရှိနေပေသည်။

“လောင်းမယ်လေ၊ မနက်ဖြန် ဝက်စာနဲ့ ကြက်စာ ဘယ်သူကျွေးရမလဲဆိုတာ လောင်းကြေးထပ်မယ်”

စုန့်ချန်းဟွာသည် ခါးထောက်ကာ မတ်တတ်ရပ်လိုက်ပြီး သူမကိုယ် သူမ အနိုင်ရပြီးသူတစ်ယောက်အလား ဟန်ရေးပြနေလေသည်။

သူတို့နှစ်ဦးသည် ခြံတံခါးဝသို့ လိုက်သွားကြပြီး တံခါးကြားမှနေ၍ အပြင်ဘက်သို့ ချောင်းကြည့်လိုက်ကြ၏။

သူတို့ ချောင်းကြည့်လိုက်သောအခါ….

အပြင်ဘက်ရှိလူကို သူတို့ လုံးဝ မှတ်မိနိုင်ခြင်းမရှိတော့ချေ။

အပြင်ဘက်တွင် ညစ်ပတ်ပေရေပြီး စုတ်ပြတ်သတ်နေသောအဝတ်အစားများကို ဝတ်ဆင်ထားကာ မျက်နှာတစ်ခုလုံး ဖူးယောင်ညိုမည်းနေသည့် လူတစ်ယောက်မှာ မြေကြီးပေါ်တွင် သေလုမျောပါးလဲကျနေပြီး အလွန်တရာ သနားစဖွယ်အခြေအနေသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရလေသည်။

“အဘွား.... ဒီလူက တကယ်ပဲ ဦးလေးဟုတ်ရဲ့လား၊ လူမှားမနေနဲ့ဦးနော်”

စုန့်အာ့လန်သည် လည်တဆန့်ဆန့်ဖြင့် ကြည့်ရင်း ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသဖြင့် ပါးစပ်ကို လက်ဖြင့်ပိတ်ထားလိုက်ရသည်။

အတိတ်ကာလများတွင် စုန့်ကျစ်ရှုသည် စုန့်မိသားစုအိမ်၌ အမြဲတမ်း အလိုလိုက်ခံခဲ့ရသူဖြစ်သည်။

သူ့အဝတ်အစားများပေါ်တွင် ဖုန်တစ်စက်မျှပင် တင်ခွင့်မရှိခဲ့ချေ။

ယခုကဲ့သို့ စုတ်ပြတ်သတ်နေသော အသွင်အပြင်မျိုးကို မြင်တွေ့ရသည်မှာ ပထမဆုံးအကြိမ်ပင်။

အထူးသဖြင့် ဤမျှသနားစဖွယ် အခြေအနေမျိုးတွင် တူတော်မောင်၏လှောင်ပြောင်မှုကို ခံလိုက်ရသောအခါ စုန့်ကျစ်ရှုမှာ ဒေါသအမျက်ချောင်း ချောင်း ထွက်သွားလေတော့သည်။

“မင်းလို ကလေးပေါက်စကများ ငါ့ကို လှောင်ရဲတယ်ပေါ့လေ၊ မင်း သေချင်နေတာလား”

သူသည် ဘေးနားရှိ သစ်ကိုင်းခြောက်တစ်ချောင်းကို ကောက်ကိုင်ကာ ကမန်းကတန်း ထရပ်လိုက်ပြီး စုန့်အာ့လန်အား လိုက်လံရိုက်နှက်ရန် ပြင်ဆင်လိုက်၏။

သို့သော် ကလေးအနားသို့ မရောက်မီမှာပင် ကြီးမားလှသော တံမြက်စည်းကြီးတစ်ခုက သူ့ခေါင်းပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ကျဆင်းလာလေတော့သည်။

“အား....”

စုန့်ကျစ်ရှုသည် သူ့ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ နာကျင်စွာ အော်ဟစ်လိုက်လေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ စုန့်အာ့လန်၏မျက်လုံးများမှာ ဝမ်းသာအားရ အရောင်လက်သွားသည်။

သူသည် စုန့်ယင်ဟွာ၏နားအနီးသို့ ကပ်ကာ တီးတိုးကြွားဝါလိုက်သည်။

“တွေ့လား၊ ငါ နိုင်သွားပြီ”

ဝူယွီလန်မှာ လှုပ်ရှားမှုကို လုံးဝရပ်တန့်ခြင်းမရှိဘဲ စုန့်ကျစ်ရှုအား တံမြက်စည်းကြီးဖြင့် တစ်ချက်ပြီးတစ်ချက် ဆက်တိုက်ရိုက်နှက်နေလေရာ စုန့်ယင်ဟွာမှာ ပါးစပ်အဟောင်းသားဖြင့် မှင်တက်သွားရလေတော့၏။

ဝမ်ကွေ့ချင်နှင့် အခြားသူများမှာလည်း ထိုမြင်ကွင်းကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြပြီး အားလုံးမှာ ပါးစပ်အဟောင်းသားဖြင့် ကြက်သေ သေနေကြလေသည်။

သူတို့ ကောင်းကောင်းသိထားသည်မှာ စုန့်ကျစ်ရှုသည် ယောက္ခမကြီး၏ အချစ်ဆုံးနှင့် အလိုအလိုက်ခံရဆုံး အငယ်ဆုံးသား ဖြစ်သည် မဟုတ်ပါလား။

ပုံမှန်အချိန်များတွင် ရိုက်နှက်ရန် နေနေသာသာ၊ အနည်းငယ် ဆူပူကြိမ်းမောင်းမိလျှင်ပင် သူ့အား အချိန်အကြာကြီး ပြန်လည်ချော့မော့ရ သည်အထိ အလိုလိုက်ထားခဲ့ခြင်းဖြစ်၏။

စုန့်ကျစ်ရှုမှာ အသိစိတ်လွတ်မတတ် အရိုက်ခံရပြီးနောက် သနားစဖွယ်အော်ဟစ်တောင်းပန်လေတော့သည်။

“အမေ၊ မရိုက်ပါနဲ့တော့၊ မရိုက်ပါနဲ့တော့ဗျာ၊ သား မှားမှန်းသိပါပြီ၊ သား မှားမှန်းသိပါပြီ”

“ဘယ်သူက မင်း အမေလဲ၊ ယုတ်မာကောက်ကျစ်တဲ့ ခွေးသူတောင်းစား၊ ငါနဲ့လာပြီး ဆွေမျိုးစပ်မနေနဲ့”

ဝူယွီလန်သည် တံမြက်စည်းကြီးဖြင့် သူ့မျက်နှာကို အားကုန်လွှဲရိုက်လိုက်လေသည်။

All Chapters