← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

🍅 Chapter 29

“အား.... အမေ၊ မလုပ်ပါနဲ့၊ မျက်နှာကိုတော့မရိုက်ပါနဲ့၊ သားက နောင်တစ်ချိန် တော်ဝင်စာမေးပွဲဖြေပြီး ထိပ်တန်းပညာရှိကြီး ဖြစ်လာမယ့်သူပါ၊

အမေသာ သားမျက်နှာကို ဖျက်ဆီးလိုက်ရင် သား စာမေးပွဲဘယ်လိုဖြေပြီး အမေ့ကို ဘယ်လို ဂုဏ်ပြုပေးနိုင်တော့မှာလဲ”

စုန့်ကျစ်ရှုသည် သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် ကာကွယ်ရင်း နာကျင်လွန်းသဖြင့် တဆတ်ဆတ် ခုန်ပေါက်နေလေသည်။

“ထိပ်တန်းပညာရှိကြီး ဖြစ်ချင်သေးတယ်ပေါ့လေ၊ ကိုယ့် တူမအရင်းတွေကိုတောင် ငွေရမက်နဲ့ရောင်းစားရက်တဲ့ကောင်၊ ဒီလို ယုတ်မာမည်း ညစ်တဲ့ စိတ်နှလုံးရှိတဲ့ကောင်က ထိပ်တန်းပညာရှိဖြစ်ဖို့နေနေသာသာ၊ တော်ဝင်စာမေးပွဲ ဖြေဆိုခွင့်တောင်မရှိဘူး၊ ဆက်ပြီးသာ အိပ်မက်မက် နေလိုက်စမ်း”

ဝူယွီလန်သည် ရိုက်နှက်ရုံဖြင့် သူမ၏ဒေါသများ မပြေနိုင်သေးသဖြင့် ခြေထောက်ကိုမြှောက်ကာ စုန့်ကျစ်ရှု၏တင်ပါးကို အားကုန် ကန်ချလိုက်လေသည်။

ဤမိသားစုကို ပြန်လည်တည်ဆောက်ရန် သူမ ရည်မှန်းချက်ထဲတွင် ဤအမှိုက်ကောင်အတွက် နေရာမရှိတော့ပေ။

“အား....”

စုန့်ကျစ်ရှုမှာ မြေကြီးပေါ်တွင် လိမ့်ကျသွားပြီး ဘေးနားရှိ ရေမြောင်းငယ်လေးထဲသို့ ထိုးကျသွားလေတော့၏။

ရေမြောင်းထဲမှ ခက်ခဲစွာတက်လာပြီးနောက် သူသည်လည်း ဒေါသများ ပေါက်ကွဲလာလေတော့သည်။

“အမေ၊ ဘာတွေ လုပ်နေတာလဲ၊ သူတို့က မိန်းကလေးပေါက်စလေးတွေပဲလေ၊ ကျွန်တော် ရောင်းချင်ရင် ရောင်းလို့ရတာပေါ့”

“ဒါ့အပြင် ကျွန်တော် သူတို့ကိုရောင်းလိုက်တာ သူတို့ကောင်းစားဖို့အတွက်ပါ၊ အိမ်မှာ နေ့တိုင်း ဆန်ကွဲပြုတ်သောက်နေရမယ့်အစား၊

ချမ်းသာတဲ့ မိသားစုဆီသွားပြီး သခင်မလေးတွေနဲ့အတူ စားကောင်းသောက်ဖွယ်တွေ စားရတာ ပိုမကောင်းဘူးလား”

ဝူယွီလန်မှာ ဒေါသထွက်လွန်းသဖြင့် ရယ်ပင် ရယ်ချင်သွားလေသည်။

ခန္ဓာကိုယ်ပိုင်ရှင်ဟောင်းသည် တကယ့်ကို အသုံးမကျလှသော အမှိုက်ကောင်ကြီးကို မွေးမြူထားခဲ့ခြင်းပင်။

“စားကောင်းသောက်ဖွယ်တွေ စားရတယ်ပေါ့လေ၊ ဟက်”

“ဒါဆို မင်းပြောချင်တာက မင်း လုပ်ရပ်က သူတို့ကောင်းစားဖို့အတွက် လုပ်ပေးခဲ့တာပေါ့၊ ဟုတ်လား”

စုန့်ကျစ်ရှုက မိမိကိုယ်ကို မှန်ကန်လှပြီဟူသော ဟန်ပန်ဖြင့် ခေါင်းကို မတ်မတ်ထားကာ တုံ့ပြန်လိုက်လေသည်။

“ဒါကတော့ ပြောစရာတောင်မလိုပါဘူး”

“ဘာပဲဖြစ်ဖြစ် ကျွန်တော်က သူတို့ရဲ့ ဦးလေး၊ သူတို့ထက် အကြီးပဲလေ၊ သူတို့ ကောင်းစားဖို့ကို ကျွန်တော်က ဘယ်လိုလုပ် မလိုလားဘဲနေပါ့မလဲ”

“ဩော်.... ဒါဆို လူကြီးတွေက မိသားစုထဲက ကလေးတွေကို ကိုယ့်သဘောနဲ့ကိုယ် အချိန်မရွေး ရောင်းစားလို့ရတယ်ပေါ့လေ”

စုန့်ကျစ်ရှုသည် ဝူယွီလန်၏စကားများထဲတွင် လျှို့ဝှက်အဓိပ္ပာယ်တစ်ခုခု ပါဝင်နေကြောင်း ခံစားလိုက်ရသည်။

သို့သော် သူကိုယ်တိုင် ပြောခဲ့ပြီးသောစကားကို ပြန်လည်မရုပ်သိမ်းလိုသဖြင့် ခေါင်းကိုသာ ညိတ်ပြလိုက်လေသည်။

“ဟုတ်တယ်လေ”

ဝူယွီလန် ဟက်ခနဲ လှောင်ပြုံးပြုံးလိုက်၏။

“အကြီးမ၊ ငါ့အတွက် ကြိုးတစ်ချောင်း သွားရှာခဲ့စမ်း”

အခေါ်ခံရသော ဝမ်ကွေ့ချင်မှာ တစ်စက္ကန့်မျှပင် အချိန်မဆွဲရဲတော့ဘဲ ထင်းတဲဆီသို့ အပြေးအလွှားသွားကာ လျှော်ကြိုးတစ်ချောင်းကို ချက်ချင်း ယူဆောင်လာခဲ့လေသည်။

ဝူယွီလန်သည် လျှော်ကြိုးကို လှမ်းယူလိုက်ပြီး စုန့်ကျစ်ရှုအား ကိုယ်တိုင်ကိုယ်ကျ တင်းကြပ်စွာ တုပ်နှောင်လိုက်လေတော့၏။

“မင်းက ကိုယ့်တူမတွေကို ရောင်းစားရတာ ကြိုက်တယ်ပေါ့လေ၊ သူတစ်ပါးရဲ့ အမိုးအောက်မှာ နေရတာကို သဘောကျတယ်ပေါ့လေ၊ ဟုတ်လား၊ ဒီနေ့ မင်းအမေက မင်းကို သူတစ်ပါးဆီမှာ ကျွန်ခံရတာ ဘယ်လိုအရသာလဲဆိုတာ မြည်းစမ်းခိုင်းရသေးတာပေါ့”

ချွမ်းနီ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်သည်။

“အဘွား၊ အဘွားက ဦးလေးကို ရောင်းစားတော့မလို့လားဟင်”

ဝူယွီလန်သည် ကြိုးတုပ်ခြင်းကို အဆုံးသတ်လိုက်ပြီး သူ့ကိုမြေကြီးပေါ်သို့ အကြမ်းပတမ်း တွန်းလှဲလိုက်လေသည်။

“ရောင်းရမှာပေါ့၊ ဒီလိုမျိုး စိတ်ဓာတ် ယုတ်မာမည်းညစ်တဲ့ကောင်ကိုသာ မရောင်းပစ်ရင် ငါတို့မိသားစုထဲက ကလေးတွေ အနှေးနဲ့အမြန် သူ့လက်ချက်နဲ့ တစ်ယောက်ပြီးတစ်ယောက် အရောင်းခံရတော့မှာ”

ထိုစကားကို ကြားသောအခါ စုန့်ကျစ်ရှုကမူ မိမိကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် အကြောက်အလန့်မရှိ ရယ်မောလိုက်လေ၏။

“အမေ၊ ကျွန်တော်က လာမယ့်လမှာ ပညာတတ်စာမေးပွဲ ဖြေဆိုရတော့မှာ၊ တကယ်လို့ ကျွန်တော်သာ ကျွန်အဖြစ် စာရင်းသွင်းခံရရင် တော်ဝင်စာမေးပွဲတွေကို ဘယ်တော့မှဖြေဆိုခွင့်ရတော့မှာမဟုတ်ဘူး”

“တော်ဝင်စာမေးပွဲ ဟုတ်လား”

ဝူယွီလန်သည် ခြံဝင်းအတွင်းသို့ ခပ်သုတ်သုတ် ပြန်ဝင်သွားပြီး ခဏအကြာတွင် စာရေးကျင့်ထားသော စာရွက်တစ်ထပ်ကို ယူဆောင်လာခဲ့လေသည်။

“မင်း ရေးထားတဲ့ ဒီအရာတွေကို သေချာကြည့်စမ်း၊ ခရုတစ်ကောင်ကိုဖမ်းပြီး စာရွက်ပေါ် လျှောက်သွားခိုင်းရင်တောင် မင်းရေးတာထက် ပိုကြည့်ကောင်းဦးမယ်”

“ထိပ်တန်းပညာရှိကြီး ဖြစ်ချင်သေးတယ်ပေါ့လေ၊ မင်းက ကန်စွန်းဥဖုတ်ဖို့တောင် အရည်အချင်းမမီတဲ့ကောင်ပဲ”

စုန့်ကျစ်ရှုသည် သူ၏ကိုယ်ပိုင်အရည်အချင်းကို ကောင်းကောင်း သိထားသူ ဖြစ်သည်။

ဝူယွီလန်၏ပြတ်သားလှသော ထောက်ပြမှုကြောင့် သူ့မျက်နှာမှာ စိမ်းလိုက် ဖြူလိုက် ဖြစ်သွားရလေတော့သသည်။

သူသည် အချိန်အတော်ကြာ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေပြီးမှ ဆင်ခြေတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။

“အမေ.... အမေက ဘာနားလည်လို့လဲ၊ ဒါက.... ဒါက အနုပညာမြောက်တဲ့ လက်ရေးတွေဗျ”

ဝူယွီလန်သည် သူပြောသော ထိုအနုပညာမြောက် လက်ရေးလှစာရွက်များကို စုန့်ကျစ်ရှု၏ပါးစပ်ထဲသို့ အတင်း ထိုးသိပ်ထည့်လိုက်လေ၏။

“မင်းရဲ့ ပညာရေးကို ထောက်ပံ့ဖို့အတွက်၊ မင်းရဲ့ အစ်ကိုအကြီးဆုံးက ဆောင်းတွင်းကြီး အမဲလိုက်ရင်း ခြေထောက်ကျိုးခဲ့ရတယ်၊ မင်းရဲ့ အစ်ကိုလတ်က မြစ်ထဲမှာ အလုပ်ကြမ်းလုပ်ရင်း သေလုမတတ် ပင်ပန်းခဲ့ရတယ်၊ မင်းရဲ့ တတိယအစ်ကိုက နယ်စပ်စစ်မြေပြင်ကိုသွားပြီး အသက်ရှင်သလား သေပြီလားတောင် မသိရဘဲ အသက်စွန့်ခဲ့ရတယ်၊ ပြီးတော့ မင်းရဲ့ တူမလေးနှစ်ယောက်ကိုတောင် ရောင်းစားပြီး မင်းရဲ့ကျောင်းလခကို စုဆောင်းပေးခဲ့ရတာ၊ အဲဒါ မင်းက ဘာတွေများ တတ်မြောက်လာခဲ့လဲ”

“မိသားစုရဲ့ ထောက်ပံ့မှုကို ခံယူဖို့ အကျင့်ပါနေပြီဆိုရင် အဲဒါနဲ့ ထိုက်တန်တဲ့ တာဝန်ယူမှုကိုလည်း မင်း ပြရမယ်၊ မိသားစုရဲ့ သွေးကိုစုပ်ပြီး ဒီလိုအသုံးမကျတဲ့ အမှိုက်ကောင်ဖြစ်ဖို့ ပညာသင်တာဆိုရင်၊ လုံးဝမသင်တာကမှ ပိုကောင်းဦးမယ်”

“မင်းက ပညာကို သေချာမသင်ဘူးဆိုမှတော့၊ ဒီနှစ်တွေတစ်လျှောက်လုံး မိသားစုက မင်းကိုထောက်ပံ့ခဲ့သမျှ အရာအားလုံးကို ပြန်ပေးဆပ်ရမယ်”

“မင်းက တူမလေးတွေကို ရောင်းရတာ သဘောကျတယ် မဟုတ်လား၊ ဒီနေ့ ငါ မင်းကိုလည်း ရောင်းပစ်မယ်၊ မင်း သူဌေးကြီးလျိုအိမ်ကိုသွားပြီး ဒီအဘွားကြီး မင်းအတွက် သုံးခဲ့သမျှ ငွေတွေအားလုံး ကျေတဲ့အထိ အလုပ်ကြမ်းသွားလုပ်ပေးရမယ်”

စုန့်ကျစ်ရှုသည် သူ့ပါးစပ်ထဲမှ စာရွက်များကို ထွေးထုတ်လိုက်ပြီး ဒေါသကြောင့် သွေးကြောများထောင်နေသော မျက်လုံးများဖြင့် အော်ဟစ်လိုက်လေသည်။

“အမေက ဘာကိစ္စနဲ့ ကျွန်တော့်ကိုရောင်းစားမှာလဲ”

…….

ဝူယွီလန် မထီမဲ့မြင်ဟန်ဖြင့် ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

“ငါက မင်းရဲ့ အမေ၊ မင်းထက် အကြီးမို့လို့ပဲ၊ မင်းက ငါ့ဝမ်းဗိုက်ထဲက ထွက်လာတာလေ၊ ဒါကြောင့် ငါ မင်းကို ရောင်းချင်တယ်ဆိုရင် သေချာပေါက် ရောင်းပစ်လို့ရတာပေါ့”

စုန့်ကျစ်ရှုသည် ဝူယွီလန်၏အေးစက်စက် မျက်နှာထားကိုကြည့်ရင်း ခေတ္တမျှ အလွန်တရာ သူစိမ်းဆန်ပြီး ထူးဆန်းနေသည်ဟု ခံစားလိုက်ရလေ၏။

သူ ကြောက်လန့်တကြား အော်ဟစ်ငြင်းဆန်လာလေသည်။

“မဟုတ်ဘူး၊ အမေက ကျွန်တော့်အမေ မဟုတ်ဘူး၊ ကျွန်တော့်အမေက ကျွန်တော့်ကို ဘယ်တော့မှ ရောင်းစားမှာမဟုတ်ဘူး”

စုန့်ကျစ်ရှုသည် မြေကြီးပေါ်တွင် ခြေထောက်ကို ဆက်တိုက်ဆောင့်ကန်ကာ ဝူယွီလန်နှင့် အဝေးသို့ရောက်စေရန် အသည်းအသန် ကြိုးစားနေလေသည်။

“ကျွန်တော့်အမေက ကျွန်တော့်ကို အမြဲတမ်းအလိုလိုက်ခဲ့တာ၊ အမေ မဟုတ်ဘူး... ခင်ဗျားက ကျွန်တော့်အမေမဟုတ်ဘူး”

ဝူယွီလန် ဒေါသတကြီးဖြင့် သူ့မျက်နှာကို အားကုန် ဖြတ်ရိုက်လိုက်သည်။

“မင်းလို တိရစ္ဆာန်ကောင်မျိုးကို မွေးလာမိတာ တကယ်ကို နောင်တရစရာပဲ”

သူမ မျက်နှာကို တင်းမာစွာထားရင်း ဆက်ပြောလိုက်သည်။

“သတိကပ်စမ်း၊ မင်းက တူမလေးတွေကို ရောင်းစားရတာ သဘောကျတယ်ဆိုမှတော့… ကိုယ်တိုင် အစေခံဖြစ်ရတဲ့အရသာက ဘယ်လိုမျိုးလဲဆိုတာ သွားပြီး မြည်းစမ်းကြည့်လိုက်စမ်း”

လျိုအိမ်တော်မှ မြင်းလှည်းရောက်ရှိလာသည်ကိုမြင်သောအခါ ဝူယွီလန်က ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလေ၏။

ဝူယွီလန် အမှန်တကယ်လုပ်ဆောင်နေကြောင်း သိလိုက်ရသောအခါ စုန့်ကျစ်ရှုမှာ အကြောက်အလန့်ဖြင့် အော်ဟစ်တောင်းပန်လေတော့သည်။

“အမေ၊ သားမှားမှန်းသိပါပြီ၊ ကျေးဇူးပြုပြီး သားကိုမရောင်းပါနဲ့”

“သား နောက်နောင် စာကြိုးစားပါ့မယ်၊ အမေ့ကို နောက်ထပ် ဘယ်တော့မှ စိတ်မဆိုးစေရပါဘူး”

ဝူယွီလန်မှာ သူ့အသံများကြောင့် နားညီးလာသဖြင့် ဝမ်ကွေ့ချင်အား မျက်ရိပ်ပြလိုက်သည်။

“ချွေးမကြီး၊ သူ့ဖိနပ်ကိုချွတ်ပြီး သူ့ပါးစပ်ကို ပြန်ပိတ်ထားလိုက်စမ်း”

ဝမ်ကွေ့ချင်သည် စုန့်ကျစ်ရှု၏ဖိနပ်ကို ချွတ်လိုက်ပြီးနောက် တစ်ခဏမျှ တွေဝေသွားသော်လည်း စုန့်ကျစ်ရှု ပါးစပ်ထဲသို့ အတင်းထိုး သိပ်ထည့်လိုက်လေ၏။

ယောက္ခမကြီး၏စကားကို နားထောင်ခြင်းသည် ဘယ်သောအခါမှ အမှားမရှိနိုင်ပေ။

ဝူယွီလန်ထံမှ ကျေနပ်အားရသောအကြည့်ကို မြင်လိုက်ရသောအခါ ဝမ်ကွေ့ချင်မှာ စိတ်သက်သာရာ ရသွားလေသည်။

သူမ ထင်သည့်အတိုင်းပင် ယောက္ခမကြီး၏စကားကို နားထောင်ခြင်းသည် မှန်ကန်ကြောင်း သက်သေပြနေပြီမဟုတ်ပါလား။

ဝူယွီလန်က အိမ်တော်ထိန်းလျိုဘက်လှည့်ကာ ယဉ်ကျေးစွာ အကူအညီတောင်းလိုက်သည်။

“အိမ်တော်ထိန်းလျို၊ ကျွန်မ သူဌေးကြီးလျိုကို အကူအညီတောင်းစရာလေးတစ်ခုရှိတယ်”

အိမ်တော်ထိန်းလျို ယဉ်ကျေးစွာဖြင့် လက်ချင်းယှက်ကာ နှုတ်ဆက်လိုက်သည်။

“သမားတော်ဝူ၊ ပြောသာပြောပါ၊ ကိစ္စသေးသေးလေးဆိုရင် ကျွန်တော် ကိုယ်တိုင်စီစဉ်ပေးပါ့မယ်”

“ဒီလိုပါ၊ ကျွန်မရဲ့ အငယ်ဆုံးသားက နည်းနည်းဆိုးသွမ်းနေလို့လေ၊ သူ့ရဲ့ စရိုက်ကို ပြုပြင်ပေးပြီး အစေခံဖြစ်ရတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူးဆိုတာကို သူ သိအောင်လုပ်ပေးချင်လို့ပါ”

အိမ်တော်ထိန်းလျို လက်ကို အသာအယာ ဝှေ့ယမ်းပြလိုက်သည်။

“ဒီလောက်လေးပဲလား၊ လွယ်လွယ်လေးပါ”

“သမားတော်ဝူ၊ သူ့ကို ဘယ်လိုမျိုး ပုံသွင်းပေးချင်လဲဆိုတာကိုသာ ပြောပြပါ၊ ကျွန်တော် အကောင်းဆုံးဖြစ်အောင် သေချာပေါက် စီစဉ်ပေးပါ့မယ်”

ထိုစကားကို ကြားသောအခါ ဝူယွီလန်၏အပြုံးများမှာ ပိုတောက်ပလာလေ၏။

“ဒါဆိုရင် သူဌေးကြီးလျိုနဲ့ အိမ်တော်ထိန်းလျိုကို ကျေးဇူးတင်ရမှာပေါ့”

All Chapters