အခန်း ၃၀
Vol. 3 Ch. 30
🍅 Chapter 30
အိမ်တော်ထိန်းလျို လက်ကာပြရင်း နှိမ့်ချစွာဆိုလိုက်သည်။
“ကိစ္စသေးသေးလေးပါ၊ သမားတော်ဝူအတွက် သေချာပေါက်စီစဉ်ပေးပါ့မယ်”
စုန့်ကျစ်ရှုမှာ မြင်းလှည်းပေါ်သို့ ပစ်တင်ခံလိုက်ရပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး အားအင်ကုန်ခမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
မိခင်ဖြစ်သူက သူ့ကို အမှန်တကယ် ရောင်းစားရက်လောက်အောင် ရက်စက်လိမ့်မည်ဟု သူ လုံးဝ ယုံကြည်နိုင်ခြင်းမရှိသေးပေ။
ဝူယွီလန် သူပြောခဲ့ဖူးသော စကားများဖြင့်ပင် သူ့ကို ပြန်လည်နှစ်သိမ့်ပေးလိုက်သည်။
“ကျစ်ရှု၊ စိတ်မဆိုးပါနဲ့၊ အိမ်မှာနေရင် ဆန်ကွဲပြုတ်ကျဲကျဲပဲ သောက်ရမှာလေ၊ အမေ မင်းကို လျိုမိသားစုဆီ ရောင်းလိုက်တာ မင်းကို အဲဒီမှာ စားကောင်းသောက်ကောင်းတွေ စားစေချင်လို့ပါ”
သူမ၏လေသံမှာ အလွန်တရာ ရိုးသားပွင့်လင်းဟန်ပေါ်နေပြီး သားဖြစ်သူ အကျိုးကို အမှန်တကယ်လိုလားသော မိခင်ကောင်းတစ်ဦးအလား သရုပ်ဆောင်နေလေသည်။
စုန့်ကျစ်ရှုသည် ကြင်နာယုယဟန်ရှိသော မိခင်ဖြစ်သူ၏မျက်နှာကိုကြည့်ရင်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရလေ၏။
သူ တကယ်ပဲ မှားယွင်းသွားခဲ့ခြင်းလော။
သို့သော် သူ့တူမလေး သူတစ်ပါးအိမ်မှာနေရသည့် ဘဝသည် အစေခံလုပ်ရသည်ထက်ပင် ပိုဆိုးရွားသည်ဟု သူ အမှန်တကယ် ခံစားခဲ့ရသည်လေ။
‘မဟုတ်ဘူး၊ ငါ မမှားဘူး၊ ငါ လုပ်ခဲ့တာတွေက အဲဒီကလေးမလေး ကောင်းစားဖို့အတွက်ပဲ'
သူ့မျက်နှာပေါ်ရှိ အမူအရာကို ကြည့်ရုံဖြင့် သူ ဘာတွေတွေးနေသည်ကို ဝူယွီလန် ကောင်းကောင်းသိရှိလိုက်သည်။ သို့ဖြစ်၍ သူမသည် အဝတ်စတစ်ခုကို ရှာကာ သူ့ ခေါင်းကို စွပ်ထားလိုက်၏။
မျက်စိနောက်သက်သာအောင် ဖုံးကွယ်ထားလိုက်ခြင်းပင်။
လျိုမိသားစုအိမ်တော်သို့ ရောက်သောအခါ ဝူယွီလန်သည် ဖြစ်စဉ်အားလုံးကို သခင်ကြီးလျိုအား ထပ်မံရှင်းပြလိုက်သည်။
အိမ်တော်တွင်း၌ အစေခံ ဒါဇင်ပေါင်းများစွာရှိနေသဖြင့် အစေခံတစ်ယောက်တိုးလာခြင်း၊ လျော့သွားခြင်းက သခင်ကြီးလျိုအတွက် မည်သို့မျှ မကွာခြားလှပေ။
သခင်ကြီးလျိုသည် ဝူယွီလန်အား ကူညီရန် သဘာဝကျစွာပင် ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်သည်။
သေးငယ်သော အကူအညီလေးတစ်ခုဖြင့် သူမ၏ကျေးဇူးကို ရယူနိုင်မည်ဆိုပါက အဘယ်ကြောင့် မလုပ်ဘဲနေမည်နည်း။
သခင်ကြီးလျို ပြုံးရွှင်စွာဖြင့် အာမခံလိုက်လေသည်။
“သမားတော်ဝူ၊ ဒီလိုကိစ္စသေးသေးလေးတွေကို အချိန်မရွေးလာပြောပါ၊ ကျုပ် သေချာပေါက်စီစဉ်ပေးပါ့မယ်”
ဝူယွီလန် ကျေးဇူးတင်စကား ဆိုလိုက်သည်။
“ဒါဆို သခင်ကြီးလျိုကို ကျေးဇူးတင်ပါတယ်ရှင်”
သခင်ကြီးလျိုသည် ဝူယွီလန်အား သခင်မကြီးလျှိုကို ဆေးစစ်ရန်အတွက် သူ့ဇနီး၏အိပ်ခန်းသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါပို့ဆောင်ပေးရင်း ပြောလိုက်သည်။
“ကိစ္စသေးသေးလေးပါဗျာ၊ ကျုပ်ရဲ့ ဇနီးကို သေချာ ပြုစုစောင့်ရှောက်ပေးဖို့ သမားတော်ဝူကိုပဲ အားကိုးရမှာ”
ဝူယွီလန်သည် သခင်မကြီးလျို၏ဒဏ်ရာကို စစ်ဆေးပေးပြီးနောက် ဆေးညွှန်းအချို့ကို ထပ်မံရေးသားပေးလိုက်သည်။
“အတော်လေး သက်သာလာပါပြီ”
သခင်မကြီးလျို၏မျက်နှာမှာ ယနေ့တွင် ပိုလန်းဆန်းနေလေသည်။ အကြိမ်ကြိမ် တွေဝေနေပြီးနောက် အဆုံး၌ သူမ အသိချင်ဆုံးမေးခွန်းကို မေးလိုက်လေ၏။
“သမားတော်ဝူ၊ နောက်ဆိုရင် ကျွန်မရဲ့ဝမ်းဗိုက်ပေါ်မှာ အမာရွတ် ကျန်ခဲ့မှာလားဟင်”
သူမသည် ငယ်စဉ်ကတည်းက ဒဏ်ရာအနည်းငယ်ရလျှင်ပင် ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသောအမာရွတ်များ ကျန်ရစ်လေ့ရှိသူဖြစ်သည်။ ယခုကဲ့သို့ ကြီးမားလှသော ဝမ်းဗိုက်ပေါ်မှ ဒဏ်ရာကြီးက မည်မျှကြောက်မက်ဖွယ်ကောင်းသော အမာရွတ်ကြီးကို ချန်ရစ်ခဲ့မည်ဆိုသည်ကို သူမ တွေးပင်မတွေးဝံ့ချေ။
ဝူယွီလန် နူးညံ့စွာ ရှင်းပြလိုက်သည်။
“သခင်မကြီးလျို၊ ဒီလောက်ကြီးမားတဲ့ ဒဏ်ရာမျိုးကတော့ ပုံမှန်အားဖြင့် အမာရွတ်နည်းနည်းပါးပါးတော့ ကျန်ခဲ့တတ်ပါတယ်၊ ဒါပေမဲ့ သေချာဂရုစိုက်ပြီး ဆင်ခြင်မယ်ဆိုရင်တော့ အမာရွတ်က သိပ်ပြီးထင်ရှားမှာ မဟုတ်ပါဘူး”
ဝူယွီလန်၏စကားကို ကြားသောအခါ သခင်မကြီးလျို မျက်လုံးများ အနည်းငယ် အရောင်လက်သွားပြီး ခင်ပွန်းဖြစ်သူကို လှမ်းကြည့်လိုက်သည်။
သခင်ကြီးလျိုသည် နွေဦးရာသီ၏မြူနှင်းများပမာ စိုစွတ်နေသော ဇနီးဖြစ်သူ မျက်ဝန်းများကို ကြည့်ရင်း ရင်ထဲတွင် ဆို့နင့်သွားရသည်။
သူ ဇနီးဖြစ်သူ၏လက်ကို နှစ်သိမ့်ဟန်ဖြင့် ပုတ်ပေးလိုက်၏။
“သမားတော်ဝူ၊ ကျုပ် လျိုမျိုးရိုးမှာ အပေါဆုံးအရာက ငွေကြေးပါပဲ”
ထိုစကား၏ဆိုလိုရင်းကို ဝူယွီလန် ကောင်းစွာ နားလည်လိုက်သည်။
‘ကျုပ်မှာ ပိုက်ဆံမရှားဘူး၊ ကျုပ်ဇနီးရဲ့ဝမ်းဗိုက်ပေါ်မှာ အမာရွတ်မကျန်အောင် လုပ်ပေးနိုင်သမျှ ငွေဘယ်လောက်ကုန်ကုန် အကုန်ပေးမယ်’ ဟုပင်။
‘ဒါက ချမ်းသာတဲ့သူတွေရဲ့ ယုံကြည်မှုများလား'
နောင်တစ်ချိန် ငွေရှာရန်အတွက် မည်သည့်လမ်းကြောင်းကို အဓိကထားလုပ်ဆောင်ရမည်ဆိုသည်ကို ဝူယွီလန် ချက်ချင်းသဘော ပေါက်သွားရလေသည်။
‘လိမ်းဆေးတွေ ရောင်းရမယ်၊ အမာရွတ်ပျောက်ဆေး၊ ဝက်ခြံပျောက်ဆေး….’
ဤဆေးအားလုံးကို သူမ ဖော်စပ်နိုင်စွမ်းရှိသည်။ သူမ၏နာမည်ဂုဏ်သတင်းသာ ကျော်ကြားလာမည်ဆိုပါက ရောင်းအားအတွက် လုံးဝ ပူစရာမလိုတော့ပေ။
ထိုသို့ တွေးမိသောအခါ ဝူယွီလန်၏ သခင်မကြီးလျိုအပေါ်ကြည့်နေသည့် အကြည့်များမှာ ပိုနူးညံ့သွားလေသည်။
“သခင်မကြီးလျို၊ စိတ်ချလက်ချအနားယူပါ၊ ခန္ဓာကိုယ်ကျန်းမာရေး ပြန်လည်ကောင်းမွန်လာအောင် သေချာအနားယူသင့်တယ်၊
နောက်ပိုင်းကျရင် သခင်မကြီးအတွက် သီးသန့် အမာရွတ်ပျောက်ဆေးတစ်ဘူးဖော်စပ်ပေးပါ့မယ်၊ အချိန်မှန် လိမ်းပေးမယ်ဆိုရင် အမာရွတ်လုံးဝ ကျန်မှာမဟုတ်ပါဘူး”
သခင်မကြီးလျို ဝမ်းသာအားရ ကျေးဇူးတင်စကား ဆိုလိုက်သည်။
“ကျေးဇူးတင်ပါတယ် သမားတော်ဝူ”
အခြားသူတစ်ယောက်ယောက်ကသာ အမာရွတ် လုံးဝပျောက်ကင်းစေနိုင်သည့်ဆေးရှိသည်ဟု ပြောပါက သခင်မကြီးလျို ယုံကြည်မည် မဟုတ်ပေ။
သို့သော် ဝူယွီလန်ကိုယ်တိုင်ပြောလာသောအခါ သူမ ယုံကြည်သွားလေသည်။ သူမ အပြည့်အဝ ယုံကြည်သွားလေ၏။
“ဒုက္ခပေးသလို ဖြစ်သွားရပါပြီ၊ သမားတော်ဝူ”
သခင်ကြီးလျိုကမူ အစေခံတစ်ဦးအား ဆေးကုသခများ ယူဆောင်လာစေသည်။
“ဒါက ဒီနေ့အတွက် ဆေးကုသခပါ၊ မနက်ဖြန်လည်း ထပ်ပြီးဒုက္ခပေးရဦးမှာပဲ”
ဤတစ်ကြိမ်တွင်တော့ ဝူယွီလန် ငြင်းဆန်လိုက်လေသည်။
“သခင်ကြီးလျို၊ ပြီးခဲ့တဲ့တစ်ခေါက်က ပေးတဲ့ ငွေချောင်းတစ်ရာက ကျွန်မရဲ့ ဆေးကုသခပါပဲ၊ နောက်ပိုင်းလာကုပေးတာတွေအတွက် ဆေးကုသခ ထပ်ပြီးပေးစရာမလိုပါဘူး”
“ဒါပေမဲ့ အမာရွတ်ပျောက်ဆေးအတွက်တော့ သီးသန့်ပေးရမှာနော်”
သခင်ကြီးလျို အားရပါးရ ရယ်မောလိုက်သည်။
“ဟားဟားဟား၊ ဒါကတော့ သဘာဝကျပါတယ်ဗျာ၊ ဒါကတော့ သဘာဝကျပါတယ်”
“ဒီလိုဆိုမှတော့ သမားတော်ဝူ၊ ရိုးရိုးရှင်းရှင်း ထမင်းတစ်နပ်လောက် စားသွားပါဦးဗျာ၊ ကျုပ်ရဲ့ ကျေးဇူးတင်တဲ့စိတ်ကို ပြသခွင့်ပြုပါ”
မွှေးကြိုင်လှသော အနံ့အသက်များဖြင့် စိတ်ကိုကြည်နူးစေသည့် ဟင်းလျာမျိုးစုံအား တစ်ပွဲပြီးတစ်ပွဲ ခင်းကျင်းပြင်ဆင်လာကြလေသည်။
ထိုအချိန်တွင် အမျိုးသမီးတစ်ဦး၏ဆဲဆိုသံ ထွက်ပေါ်လာလေ၏။
“ဟဲ့ ကောင်မစုတ်၊ ဟင်းတစ်ပွဲ လာချပေးတာကို ဒီလောက်ကြာအောင် လုပ်နေရလား”
ထိုအသံကို ကြားလိုက်ရသဖြင့် ကောင်မလေးမှာ လည်ပင်းကိုကျုံ့ကာ ခြေလှမ်းများကို ပိုမိုမြန်ဆန်စွာ လျှောက်လှမ်းလာခဲ့၏။
သို့သော် ခြေလှမ်းအနည်းငယ်မျှသာ လျှောက်ရသေးချိန်တွင် ကောင်လေးတစ်ယောက်၏ ရယ်မောသံများကို ကြားလိုက်ရသည်။
သူမ၏ ရင်ထဲတွင် မကောင်းသော ကြိုတင်ခံစားမှုတစ်ခု ဖြစ်ပေါ်လာပြီး သတိထားရန် ကြိုးစားလိုက်သော်လည်း ဆန့်ထုတ်ထားသော တုတ်ခိုင်ခိုင်ခြေထောက်တစ်ချောင်း၏ တားဆီးမှုကြောင့် ခလုတ်တိုက်ကာ လဲကျသွားလေတော့၏။
ခွမ်းခနဲအသံနှင့်အတူ ဟင်းပွဲများ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားလေသည်။
ကောင်မလေး၏မျက်နှာပေါ်တွင် အကြောက်တရားများ လွှမ်းမိုးသွားလေသည်။ နောက်သို့ လှည့်ကြည့်လိုက်သောအခါ ကောင်းလေးတစ် ယောက် အူတက်မတတ် ရယ်မောနေသည်ကို တွေ့လိုက်ရလေ၏။
“ဟားဟားဟား၊ နင့်လို အောက်တန်းစားမက တော်တော်တုံးအတာပဲ၊ လမ်းလျှောက်နေရင်းနဲ့တောင် ခလုတ်တိုက်လဲရတယ်လို့”
ထိုအချိန်မှာပင် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ထွက်လာခဲ့သည်။ မြေပြင်ပေါ်ရှိ ပြန့်ကျဲနေသော ဟင်းပွဲများကို မြင်လိုက်ရသောအခါ သူမသည် ဘေးနားရှိ ခုံတစ်လုံးကို ဆွဲယူကာ ကောင်မလေးထံသို့ ပစ်ပေါက်လိုက်လေ၏။
“ဒီကောင်မစုတ်၊ ငါ့ရဲ့ ဟင်းပွဲတွေကို ပြုတ်ကျအောင်လုပ်ရဲတယ်ပေါ့လေ၊ နင့်ကို ကနေ့ သေအောင်ရိုက်သတ်ပစ်မယ်”
ကောင်မလေးမှာ မြေကြီးပေါ်တွင် လဲကျနေရင်း ခန္ဓာကိုယ်ကျုံ့ကာ မျက်လုံးများကို စုံမှိတ်ထားလိုက်လေသည်။
သို့သော် သူမ မျှော်လင့်ထားသော နာကျင်မှုက ရောက်မလာဘဲ သက်လတ်ပိုင်းအမျိုးသမီး၏ အော်ဟစ်သံကိုသာ ကြားလိုက်ရလေ၏။
“အား….”
အသက်လတ်ပိုင်း အမျိုးသမီးမှာ ပါးကို ဖြတ်ရိုက်ခံလိုက်ရသဖြင့် အံ့အားသင့်သွားလေသည်။
နောက်သို့ လှည့်ကြည့်လိုက်သောအခါ သူမကို ရိုက်သူမှာ အသက်လေးဆယ် ငါးဆယ်အရွယ်ခန့်ရှိသော အဘွားကြီးတစ်ဦးဖြစ်ကြောင်း တွေ့လိုက်ရလေ၏။
သူမသည် ပါးကို လက်ဖြင့်ဖိကာ နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
“ရှင်က ဘယ်သူလဲ၊ ဘာဖြစ်လို့ ကျွန်မကိုလာရိုက်တာလဲ”
ဝူယွီလန်သည် ထိုအမျိုးသမီးအား ရန်ငြိုးကြီးကြီးမားမား ရှိနေသူတစ်ယောက်အလား ဒေါသတကြီးစိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။
“ကောင်မစုတ်၊ ငါ့ယောကျ်ားကိုတောင် မြှူဆွယ်ရဲတယ်ပေါ့လေ၊ နင့်ကို မသေမချင်းရိုက်သတ်ပစ်မယ်”
ထိုသို့ပြောဆိုရင်း ဝူယွီလန်သည် လက်လှမ်းကာ ထိုအမျိုးသမီး၏ဆံပင်များကို ဆွဲကိုင်ပြီး မြေကြီးပေါ်သို့ ပစ်လှဲလိုက်၏။
ထို့နောက် အမျိုးသမီးအပေါ်မှ ခွထိုင်ကာ ပါးနှစ်ဖက်ကို အားကုန်လွှဲရိုက်လေတော့သည်။
သူမ ပါးစပ်မှလည်း အော်ဟစ်ဆဲဆိုနေလေသည်။
“ဒီမိန်းမယုတ်၊ လူတွေကို မြှူဆွယ်ချင်ဦးလေ၊ နင့်ကို သေအောင်ရိုက်သတ်ပစ်မယ်”
သက်လတ်ပိုင်းအမျိုးသမီးမှာ ဝူယွီလန်၏စကားများကြောင့် ကြောင်အသွားပြီး ပြန်လည်ခုခံရန်ပင် အချိန်မရလိုက်ချေ။
“ကယ်ကြပါဦး၊ ကယ်ကြပါဦးရှင်၊ ဒီအရူးမကြီး ဘယ်ကနေရောက်လာတာလဲ”
ဘေးနားရှိ ဝတုတ်လေးမှာ သူ့မိခင် အရိုက်ခံနေရသည်ကို မြင်သောအခါ ချက်ချင်းပြေးလာပြီး ဝူယွီလန်၏အင်္ကျီလက်ကို ဆွဲကိုင်လိုက်လေသည်။
“ဒီအနှောင့်အယှက်ပေးတတ်တဲ့ ကောင်လေး ဘယ်ကလာတာလဲ၊ ငါ့ကိုတောင် လာထိရဲတယ်ပေါ့”
ဝူယွီလန်သည် လက်နောက်ပြန် ဖြတ်ရိုက်လိုက်ရာ ဝ၀ကစ်ကစ်ကလေးလေးမှာ နှစ်ပတ်ခန့် လိမ့်ထွက်သွားလေတော့သည်။
ထိုအချိန်ကျမှပင် ကောင်မလေးသည် သူမကို ကယ်တင်ခဲ့သူ မည်သူဖြစ်ကြောင်း သေချာမြင်တွေ့လိုက်ရလေ၏။
“ဒါ... ဒါ အဘွားပါလား”
‘အဘွားက ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေတာလဲ၊ အဘွား ငါ့ကို လာရွေးပြီး အိမ်ပြန်ခေါ်သွားဖို့ ရောက်လာတာများလား'
‘မဟုတ်သေးဘူး၊ အဘွားကိုယ်တိုင် ငါ့ကိုရောင်းစားခဲ့တာလေ၊ ဘယ်လိုလုပ်ပြီး ပြန်လာရွေးမှာလဲ'