အခန်း ၃၁၃
Vol. 32 Ch. 313
အခန်း (၃၁၃)
အတွေးအခေါ်များ၏ တိုက်ပွဲ၊ တည်ဆောက်ခြင်းနှင့် ဖျက်ဆီးခြင်း
"မင်းက သဘောမတူဘူးပေါ့..."
ယဇ်ပုရောဟိတ်ကြီးသည် ကလေးငယ်တစ်ဦး၏ အပြစ်ကင်းစင်သော စကားများကို ကြားလိုက်ရသကဲ့သို့ သူ၏ တွန့်လိမ်နေသော မျက်နှာပေါ်တွင် လှောင်ပြောင်မှုနှင့် ရွံရှာမှုတို့ ပြည့်နှက်သွားခဲ့လေ၏။
"မင်းက ဘယ်လိုလုပ် သဘောမတူနိုင်ရမှာလဲ... မင်း ယူလာတဲ့ သနားစရာကောင်းတဲ့ ယမ်းမှုန့်လက်နက်တွေနဲ့ လား... ဒါမှမဟုတ် မင်းရဲ့ အပြစ်အနာအဆာတွေ ပြည့်နေတဲ့ စနစ်သစ်ဆိုတာကြီးနဲ့လား..."
သူသည် သူ၏လက်ကို ဖြည်းညင်းစွာ ဝှေ့ယမ်းလိုက်ရာ ပတ်ပတ်လည် နံရံများပေါ်ရှိ ပုံရိပ်များမှာ ထပ်မံ ပြောင်းလဲသွားခဲ့ပြန်လေသည်။
အလွန်ဆိုးရွားလှသော ရှေးဟောင်းစစ်ပွဲ မြင်ကွင်းများ ထွက်ပေါ်လာခဲ့လေ၏။ ငတ်မွတ်ခေါင်းပါးနေသော လူ များက ကလေးငယ်များကို လဲလှယ်စားသောက်နေကြခြင်း၊ ကပ်ရောဂါကြောင့် ပျက်စီးနေသော ရွာများ၊ အလောင်းများဖြင့် ပြည့်နှက်နေသော စစ်မြေပြင်များ၊ နန်းတော်အတွင်း အကွက်ဆင်နေကြသော သစ္စာဖောက် အမတ်များ၊ မိန်းမဆောင်အတွင်း ကာမဂုဏ်၌ နစ်မွန်းနေကြသော ဧကရာဇ်များ စသည့် မြင်ကွင်းများပင် ဖြစ် လေသည်။
"ဒါက မင်း ကာကွယ်ချင်တယ်ဆိုတဲ့ ကမ္ဘာကြီးလား..."
ယဇ်ပုရောဟိတ်ကြီး၏ အသံမှာ လေးလံသော တူကြီးတစ်လက်ကဲ့သို့ အားလုံး၏ နှလုံးသားများကို ရိုက်ခတ် သွားခဲ့လေ၏။
"ဒီလူသားတွေရဲ့ အရုပ်ဆိုးအကျည်းတန်မှုကို ကြည့်စမ်း... ငါ သူတို့ကို နှစ်ထောင်ပေါင်းများစွာ အချိန်ပေးခဲ့တယ် ... ဒါပေမဲ့ သူတို့ ပေးလာတဲ့ အဖြေက ဒီအရာတွေပဲ... ဒါတွေဟာ အဆုံးအစမရှိသလို ဘယ်တော့မှလည်း ပြောင်းလဲသွားမှာ မဟုတ်တဲ့ သံသရာတစ်ခုပဲ..."
ထို့နောက် ချက်ချင်းပင် မျက်နှာပြင်မှာ ခေတ်သစ်လူ့အဖွဲ့အစည်း၏ အမှောင်ဘက်ခြမ်းသို့ ပြောင်းလဲသွားခဲ့ လေသည်။
အင်တာနက်ပေါ်ရှိ အဆုံးအစမရှိသော ကျိန်ဆဲမှုများနှင့် အကြမ်းဖက်မှုများ၊ မရေမတွက်နိုင်သော လူများ၏ စည်းစိမ်ဥစ္စာများကို ဝါးမျိုနေသည့် ဘဏ္ဍာရေးဈေးကွက်မှ အေးစက်စက် ဂဏန်းများ၊ ညစ်ညမ်းနေသော သမုဒ္ဒ ရာများထဲတွင် ပေါ်လောပေါနေသည့် ငါးသေများ၊ အရည်ပျော်နေသော ရေခဲမြစ်များနှင့် မီးလောင်နေသော သစ်တောကြီးများပင် ဖြစ်လေ၏။
"မင်းရဲ့ ကမ္ဘာကြီးကို ပြန်ကြည့်လိုက်စမ်း..."
ယဇ်ပုရောဟိတ်ကြီး၏ အသံမှာ ပို၍ ပြင်းထန်လာခဲ့လေသည်။
"မင်းတို့ကိုယ်မင်းတို့ ယဉ်ကျေးတယ်လို့ ခေါ်နေကြပေမယ့် မင်းတို့ဟာ ဘယ်ခေတ်ကထက်မဆို ပိုပြီး လောဘ ကြီးကြတယ်... မင်းတို့က အရင်ကမရှိခဲ့ဖူးတဲ့ စည်းစိမ်ဥစ္စာတွေကို ဖန်တီးခဲ့သလို အရင်ကမရှိခဲ့ဖူးတဲ့ အမှိုက် တွေကိုလည်း ဖန်တီးခဲ့ကြတယ်... မင်းတို့ရဲ့ နည်းပညာတွေ တိုးတက်လာလေလေ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီး နိုင်စွမ်း ပိုကြီးမားလာလေလေပဲ... ငါ့ကို ပြောစမ်းပါ... ဒီလိုမျိုး ကမ္ဘာမျိုးမှာ မြတ်နိုးစရာ ဘာရှိလို့လဲ..."
သူ၏ စကားများတွင် ဖြားယောင်းသွေးဆောင်နိုင်သော စွမ်းအားများ ပြည့်နှက်နေပြီး တစ္ဆေအစွယ် အဖွဲ့ဝင်များ ၏ မျက်လုံးများထဲတွင် သံသယအရိပ်အယောင်များ ပေါ်ထွက်လာစေခဲ့လေ၏။
အမှန်တကယ်ပင် သူတို့ မြင်တွေ့ကြားသိခဲ့ရသမျှ အရာအားလုံးမှာ ထိုမိစ္ဆာအိုကြီး၏ စကားများကို အတည် ပြုပေးနေသကဲ့သို့ ရှိချေသည်။
သို့သော် ဖန်းဟန်၏ မျက်လုံးများမှာမူ ယခင်ကကဲ့သို့ပင် ကြည်လင်နေပြီး သံမဏိကဲ့သို့ ခိုင်မာနေခဲ့လေသည်။
သူသည် ထိုပုံရိပ်များကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့ပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်လေရာ သူ၏ အသံမှာ မကျယ်လောင်သော်လည်း ယဇ်ပုရောဟိတ်ကြီး၏ သွေးထိုးလှုံ့ဆော်မှုများကို ရှင်းလင်းစွာ ဖုံးလွှမ်းသွား ခဲ့လေ၏။
"မင်းပြောခဲ့တာတွေ အားလုံး မှန်တယ်..."
ဤစကားလုံးများကြောင့် ယဇ်ပုရောဟိတ်ကြီးမှာ အနည်းငယ် တုံ့ဆိုင်းသွားခဲ့ရလေသည်။
"ဒီကမ္ဘာရော ငါ့ကမ္ဘာမှာပါ အပြစ်အနာအဆာတွေ ပြည့်နှက်နေတယ်ဆိုတာကို ငါ ဝန်ခံပါတယ်..."
ဖန်းဟန်၏ အကြည့်များက မှောင်မိုက်သော ပုံရိပ်များပေါ်သို့ ဝေ့ဝဲသွားကာ ပွင့်လင်းစွာ ဝန်ခံလိုက်လေသည်။
"စစ်ပွဲတွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေ၊ လောဘတွေနဲ့ အရုပ်ဆိုးအကျည်းတန်မှုတွေ ရှိတယ်... လူသားတွေမှာ တောက်ပတဲ့ အခြမ်းရှိသလို သဘာဝအရ အမှောင်ဘက်ခြမ်းလည်း ရှိတယ်... ဒီအရာကို ငါ ဘယ်တော့မှ မငြင်း ဆိုဘူး..."
"ဒါပေမဲ့..."
သူ၏ လေသံမှာ ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏ မျက်လုံးများမှာလည်း ဓားသွားကဲ့သို့ ထက်မြက်လာခဲ့ လေ၏။
"မင်းက နေရာအနှံ့ ပြန့်ကျဲနေတဲ့ အလောင်းတွေကို မြင်ပေမယ့် ငါကတော့ အပျက်အစီးတွေပေါ်မှာ အိမ်တွေကို ပြန်လည်တည်ဆောက်နေတဲ့ လက်တွေကို မြင်တယ်..."
"မင်းက လူတွေ ကလေးတွေကို လဲလှယ်စားသောက်နေကြတာကို မြင်ပေမယ့် ငါကတော့ အခက်ခဲဆုံးအချိန် တွေမှာတောင် သူမရဲ့ နောက်ဆုံးကျန်တဲ့ အစားအစာကို အိမ်နီးချင်းကို မျှဝေပေးလိုတဲ့ ငါ့ဇနီး ပိုင်ကျီရိုရဲ့ ကြင် နာမှုကို မြင်တယ်..."
"မင်းက အာဏာကြောင့် ပျက်စီးသွားတဲ့ နှလုံးသားတွေကို မြင်ပေမယ့် ငါကတော့ သာမန်ပြည်သူတွေရဲ့ ကောင်း ကျိုးအတွက် ကိုယ်တိုင် ကျေမွခံမယ့် ငါ့ယောက္ခမ ရှန့်ကွမ်းရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုကို မြင်တယ်..."
"မင်းက ထုံထိုင်းမှုနဲ့ ဟာလာဟင်းလင်းဖြစ်မှုတွေကို မြင်ပေမယ့် ငါကတော့ ပိုင်ရွှီကျန်းရဲ့ မျက်နှာပေါ်က အပြစ် ကင်းစင်ပြီး တက်ကြွတဲ့ အပြုံးကို မြင်တယ်၊ ဒီမိသားစုအတွက် လျူရူမေရဲ့ နူးညံ့သိမ်မွေ့တဲ့ ပေးဆပ်မှုကို ငါမြင် တယ်၊ ပြီးတော့ စိတ်ပျက်အားငယ်မှုတွေထဲကနေ ဘဝသစ်တစ်ခုကို ရှာဖွေနိုင်ခဲ့တဲ့ နန်ကုန်းယွင်ရှုရဲ့ ကြံ့ခိုင်မှုကို ငါ မြင်တယ်..."
ဖန်းဟန်၏ အသံမှာ ပို၍ ကျယ်လောင်လာပြီး ပိုမို အင်အားပါလာခဲ့လေသည်။ သူ၏ စိတ်ထဲတွင် ရှင်သန်နေ သော မျက်နှာများ ပေါ်လာခဲ့လေ၏။
နျူအာနှင့် မာပေါင်ကော်တို့ကဲ့သို့သော သစ္စာရှိသည့် လက်အောက်ငယ်သားများ ရှိလေသည်။ သူတို့သည် ပညာ တတ်များ မဟုတ်သော်လည်း အရှင်းလင်းဆုံးသော ကျေးဇူးတရားကို နားလည်ကြပေသည်။
မျှော်လင့်ချက်မဲ့နေသော အခြေအနေများတွင်ပင် သူတို့၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြဆဲ ဖြစ်သော လော့ကျင်း၏ တပ်စွဲစစ်သူကြီးကဲ့သို့သော စစ်သည်တော်များလည်း ရှိပေသည်။
အသိပညာသစ်များအတွက် အစားမေ့ အိပ်မေ့ဖြစ်နေကြကာ သူတို့၏ မျက်လုံးများထဲတွင် အနာဂတ်အတွက် တောင့်တမှုများ တောက်ပနေသည့် စုမေနျန်ကဲ့သို့သော သုတေသန ရူးသွပ်သူများလည်း ရှိလေသည်။
ထို့ပြင် မရေမတွက်နိုင်သော သာမန်ပြည်သူများလည်း ရှိသေး၏။ သူတို့တွင် အသေးအဖွဲ အပြစ်အနာအဆာ အမျိုးမျိုး ရှိနိုင်သော်လည်း အားလုံးမှာ အသက်ရှင်သန်ရန် ကြိုးစားရုန်းကန်နေကြပြီး တည်ငြိမ်သော နေ့ရက် များကို မျှော်လင့်ကာ သူတို့၏ သားသမီးများ ဝဝလင်လင် စားရပြီး နွေးနွေးထွေးထွေး ဝတ်ဆင်နိုင်ရန် မျှော် လင့်နေကြသူများ ဖြစ်ပေသည်။
"မင်းက ကမ္ဘာကြီးရဲ့ အရိပ်တွေကိုပဲ မြင်ပြီး နေရောင်ခြည်ကို တမင်သက်သက် လျစ်လျူရှုထားခဲ့တာပဲ..."
ဖန်းဟန်သည် ရှေ့သို့ တစ်လှမ်း တိုးသွားလိုက်ရာ သူ၏ ပြင်ပအရိုးစုချပ်ဝတ်တန်ဆာမှ လေးလံသော အသံတစ်ခု ထွက်ပေါ်လာပြီး ကြီးမားလှသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်လေ၏။
"ကမ္ဘာကြီး ဖျားနာနေတယ်ဆိုတာကို ငါ ဝန်ခံတယ်... ဒါပေမဲ့ ငါ့ရဲ့ ရွေးချယ်မှုက လူနာကို သတ်ပစ်ဖို့ မဟုတ်ဘဲ သူ့ကို ကုသပေးဖို့ပဲ..."
"လူတွေ ငတ်မွတ်ပြီး မအေးခဲစေဖို့အတွက် စက်မှုလုပ်ငန်းကို ငါ ဖွံ့ဖြိုးတိုးတက်စေတယ်... ငါတို့ရဲ့ အိမ်တွေကို ကာကွယ်ဖို့နဲ့ စစ်ပွဲတွေ ကင်းဝေးစေဖို့အတွက် တပ်မတော်သစ်တစ်ခုကို ငါ တည်ထောင်တယ်... ကျိန်စာသင့်နေ တဲ့ မင်းဆက်သံသရာကို ချိုးဖျက်ဖို့နဲ့ အာဏာဆိုတာ ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် အမှန်တကယ် အစေ ခံဖို့အတွက် စနစ်သစ်တစ်ခုကို ငါ အကောင်အထည်ဖော်တယ်..."
"ငါ့ရဲ့ လမ်းစဉ်က ဖျက်ဆီးခြင်း မဟုတ်ဘူး... ကာကွယ်ခြင်းနဲ့ တည်ဆောက်ခြင်းပဲ..."
သူ၏ အသံမှာ ခန်းမထဲတွင် ပြင်းပြင်းထန်ထန် ပဲ့တင်ထပ်သွားခဲ့ပြီး စကားလုံးတိုင်းမှာ ငြင်းဆန်၍မရသော ယုံ ကြည်ချက်များဖြင့် ပြည့်နှက်နေလျက်ရှိလေသည်။ ယိမ်းယိုင်နေခဲ့သော တစ္ဆေအစွယ်အဖွဲ့ဝင်များမှာ ချက်ချင်း ပင် သူတို့၏ ခိုင်မာသော အကြည့်များကို ပြန်လည်ရရှိသွားခဲ့ကြပြီး သူတို့၏ ရင်ဘတ်ထဲတွင် ပူနွေးသော သွေး များ ဆူပွက်လာခဲ့လေ၏။
လျိုရှီးရွာရှိ နေ့စဉ်ပြောင်းလဲမှုများ၊ သူတို့ မိသားစုများ၏ မျက်နှာပေါ်မှ တိုးပွားလာသော အပြုံးများနှင့် တစ်ချိန် က ဖန်းဟန်၏ စကားများထဲတွင်သာ တည်ရှိခဲ့သော်လည်း တဖြည်းဖြည်း အမှန်တကယ် ဖြစ်လာနေသည့် လှပ သော ဘဝများကို သူတို့ ပြန်လည်သတိရသွားကြလေသည်။
ဤသည်မှာ သူတို့ သေသည်အထိ တိုက်ပွဲဝင်ရန် ဆန္ဒရှိနေကြသည့် အကြောင်းရင်းပင် ဖြစ်ပေတော့သည်။
ယဇ်ပုရောဟိတ်ကြီး၏ မျက်နှာပေါ်ရှိ လှောင်ပြောင်နေသော အမူအရာမှာ တဖြည်းဖြည်း ခဲအေးသွားခဲ့လေ၏။
သူသည် ဖန်းဟန်ကို စူးစိုက်ကြည့်လိုက်ရာ တစ်ဖက်လူ၏ မျက်လုံးများထဲတွင် သူ ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့ သလို နားလည်း မလည်နိုင်သော အရာတစ်ခုကို မြင်လိုက်ရလေသည်။ ၎င်းမှာ အနာဂတ်တွင် ပိုမိုကောင်းမွန်လာ မည်ဟူသော တက်ကြွပြီး ပြတ်သားကာ အစွမ်းထက်လှသည့် ယုံကြည်ချက်တစ်ခုပင် ဖြစ်လေ၏။
ဤယုံကြည်ချက်က သူ၏ ဟောင်းနွမ်းပြီး မျှော်လင့်ချက်မဲ့နေသော ကမ္ဘာကြီးကို ဖျက်ဆီးမည့် သီအိုရီနှင့် အလွန် ပင် ဆန့်ကျင်ဘက် ဖြစ်နေခဲ့ပေသည်။
"ရိုးအလွန်းတယ်... မိုက်မဲလွန်းတယ်..."
ယဇ်ပုရောဟိတ်ကြီးက အံများကို ကြိတ်ကာ စကားအချို့ကို ညှစ်ထုတ်လိုက်လေရာ သူ၏ မျက်လုံးများထဲရှိ ရူးသွပ်မှုများမှာ အေးစက်သော သတ်ဖြတ်လိုစိတ်ဖြင့် အစားထိုးခံလိုက်ရလေတော့သည်။
"မင်းရဲ့ မိန်းမဆန်တဲ့ ကရုဏာတရားက ဒီကမ္ဘာကြီး ပျက်စီးရခြင်းရဲ့ အဓိက အကြောင်းရင်းပဲ... မင်းက ဒီလောက် ခေါင်းမာနေမှတော့ မင်း ကာကွယ်ထားသမျှ အရာအားလုံး မင်းနဲ့အတူ ပြာကျသွားပါစေတော့..."
“ဘုန်း...”
သူ၏ စကားဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူ၏ အောက်ရှိ ပလ္လင်တော်မှ မျက်စိကျိန်းမတတ် ပြာလဲ့သော လျှပ်စစ်မီးရောင်များ ပေါက်ကွဲထွက်ပေါ်လာခဲ့လေတော့သည်။
မရေမတွက်နိုင်သော ပိုက်များအတွင်းမှ စွမ်းအင်အရည်များ အရူးအမူး စီးဆင်းသွားခဲ့ပြီး ပလ္လင်တော်တစ်ခုလုံး အသက်ဝင်လာသကဲ့သို့ ဖြစ်သွားကာ ပြာလဲ့သော စွမ်းအင်လျှပ်စီးကြောင်းများက ယဇ်ပုရောဟိတ်ကြီး၏ တွန့် လိမ်နေသော ခန္ဓာကိုယ်ကို အဆိပ်ပြင်းမြွေများကဲ့သို့ ရစ်ပတ်သွားခဲ့လေသည်။
သူ၏ မျက်လုံးများမှာ သန့်စင်သော အပြာရောင်အလင်းလုံးများအဖြစ် လုံးဝ ပြောင်းလဲသွားခဲ့ပြီး ကြောက်မက် ဖွယ်ကောင်းသော စွမ်းအင်ဖိအားတစ်ခုက ခန်းမတစ်ခုလုံးကို ဆူနာမီလှိုင်းကြီးတစ်ခုကဲ့သို့ တိုက်ခတ်သွားခဲ့ လေ၏။
အတွေးအခေါ်များ၏ အခြေခံကျသော ပဋိပက္ခက စကားလုံးများအားလုံးကို အရောင်အသွေးကင်းမဲ့ပြီး အင်အား နည်းပါးသွားစေခဲ့လေသည်။
ကျန်ရှိနေသည်မှာ တိုက်ပွဲသာ ဖြစ်ပေတော့သည်။
"ဒါဆိုရင်လည်း... မင်းရဲ့ ကလေးဆန်တဲ့ အိပ်မက်ကို ငါ ကိုယ်တိုင် အဆုံးသတ်ပေးမယ်..."
ယဇ်ပုရောဟိတ်ကြီး၏ အသံမှာ လူသားတစ်ဦး၏ အသံမဟုတ်တော့ဘဲ သတ္တုသံကဲ့သို့ ဟိန်းဟောက်သံ အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီဖြစ်ချေ၏။
နောက်ဆုံး အဆုံးအဖြတ်တိုက်ပွဲကြီးမှာ နီးကပ်လာခဲ့လေပြီဖြစ်တော့သည်။