အခန်း ၃၁၁
Vol. 32 Ch. 311
အခန်း (၃၁၁)
သိပ်မကြာခင်မှာတော့ ကျွန်တော်တို့ OTK Company ရဲ့ ရှယ်ယာရှင်များအစည်းအဝေးကို ကျင်းပခဲ့တယ်။
စီအီးအို၊ စီအိုအို၊ ရှယ်ယာအများဆုံးပိုင်ရှင် (၈၀ ရာခိုင်နှုန်း) နဲ့ ဒုတိယရှယ်ယာအများဆုံးပိုင်ရှင် (၁၇ ရာခိုင်နှုန်း) တို့ တစ်နေရာထဲမှာ ဆုံကြတာပါ။ လျှို့ဝှက်ချက်ပေါက်ကြားမှာ စိုးရိမ်ရတဲ့အတွက် ရှယ်ယာအနည်းငယ်ပဲပိုင်တဲ့ တတိယရှယ်ယာရှင် (၃ ရာခိုင်နှုန်း) ကိုတော့ မဖိတ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ရှင်းရှင်းပြောရရင် တက်ဂယူနဲ့ ကျွန်တော်ပဲ စကားပြောကြတာပါ။
ကျွန်တော် ဆွေးနွေးမယ့်အကြောင်းအရာကို စကားပျိုးလိုက်တယ်။
"ငါတို့က ဘာလို့ တိုယိုတာရှယ်ယာတွေကို ဝယ်ရမှာလဲ"
"ပူးပေါင်းဆောင်ရွက်ဖို့များလား။ ကျိုးမော်တာက Daimler AG ရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ဝယ်လိုက်သလိုမျိုးလေ"
"ငါတို့နဲ့ တိုယိုတာနဲ့ပူးပေါင်းရမှာလား"
တခြားကားကုမ္ပဏီတွေဆိုရင်တော့ ဟုတ်ကောင်းဟုတ်နိုင်ပေမယ့် တိုယိုတာနဲ့ ပူးပေါင်းဖို့ဆိုတာကတော့ ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။
CarOS က သူ့ရဲ့နည်းပညာကို ချပြပြီးတဲ့နောက်မှာ ပြိုင်ဘက်ကားကုမ္ပဏီတွေဟာ လက်တွဲခဲ့ကြတယ်။ ဂျပန်အစိုးရ ဦးဆောင်မှုနဲ့ Auto Alliance ကို တည်ထောင်ခဲ့ကြတာပါ။ တိုယိုတာ၊ ဟွန်ဒါ၊ Softbox၊ ဆိုနီနဲ့ တိုရှီဘာတို့အပါအဝင် ဂျပန်ကုမ္ပဏီတွေ အားလုံး တစ်စုတစ်စည်းထဲ ဖြစ်သွားကြတာလေ။ ဒီမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်က တိုယိုတာပါပဲ။
ဒါကြောင့် CarOS အနေနဲ့ တိုယိုတာနဲ့ လက်တွဲဖို့ဆိုတာ မရှိသလောက်ပဲလို့ ပြောလို့ရပါတယ်။ တကယ်လို့ လက်တွဲတယ်ပဲ ထားဦးတော့...
"ရှယ်ယာ ၁၄.၉၇ သန်းကို ယန်း ၁၄.၉၇ သန်းဆိုတော့ တစ်ရှယ်ယာကို ၁ ယန်းနှုန်းပဲ ရှိတာလေ။ အဲဒါက ဖြစ်နိုင်ပါ့မလား"
"တိုယိုတာ ဒေဝါလီခံလိုက်ရလို့ ဖြစ်မှာပေါ့"
တချို့ ဒေဝါလီခံရခါနီး ကုမ္ပဏီတွေကို ၁ ဒေါ်လာထဲနဲ့ ရောင်းချတဲ့ ဖြစ်ရပ်မျိုးတွေ တစ်ခါတရံ ရှိတတ်ပါတယ်။ ဒါပေမဲ့ အဲ့လိုဖြစ်ရပ်မျိုးက ပုံမှန်မဟုတ်ဘဲ ကုမ္ပဏီရဲ့ များပြားလှတဲ့ အကြွေးတွေကို တာဝန်ယူရမယ်ဆိုတဲ့ အချက်နဲ့ တန်ဖိုးမရှိသလောက် ဈေးနဲ့ လွှဲပြောင်းယူတာမျိုးပါ။
"ဒါပေမဲ့ တိုယိုတာရဲ့ ပိုင်ဆိုင်မှုတွေကို တွေးကြည့်ဦးဟ။ အားလုံးပေါင်းလိုက်ရင် ယန်း သိန်းပေါင်း ၁၀ ကုဋေထက် မနည်းကျော်မှာ"
ပထမဆုံးအနေနဲ့ ဂျပန်အစိုးရက တိုယိုတာလို ကုမ္ပဏီမျိုး ပြိုလဲသွားမှာကို ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ပါဘူး။ ပြီးတော့ ဂျပန်က လူဦးရေ သန်း ၁၂၀ ရှိပြီး တစ်ဦးချင်းဝင်ငွေ ဒေါ်လာ ၄၀,၀၀၀ ရှိတဲ့ ပြည်တွင်းဈေးကွက် အကြီးကြီး ရှိတဲ့နိုင်ငံပါ။
ပြည်တွင်းဈေးကွက်ကို ထိန်းထားနိုင်ရုံနဲ့တင် ဒီလောက်အထိ ထိုးဆင်းသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
"တကယ်လို့ ငလျင်အကြီးကြီးလှုပ်ပြီး ဂျပန်ကျွန်းကြီး နစ်မြုပ်သွားရင်ကော"
"အဲဒါက ရယ်စရာကြီးကွ။ ဒါပေမဲ့ အဲလိုဖြစ်ခဲ့ရင်တောင် တိုယိုတာမှာ ဂျပန်ထက် ပြည်ပက ကုန်ထုတ်လုပ်မှုအခြေစိုက်စခန်းတွေ ပိုများတယ်။ ဂျပန်နစ်သွားရင်တောင် ရှယ်ယာဈေးက အဲလောက်အထိ ထိုးကျမသွားနိုင်ဘူး"
ဒါဆို ဘာဖြစ်နိုင်ဦးမလဲ။
"ပစ္စည်းတွေ အကြီးအကျယ် ပြန်သိမ်းရတဲ့ Recall ပြဿနာကြောင့်လား"
"အရင်ကလည်း အဲလိုဖြစ်ဖူးတာပဲ၊ ဒေဝါလီမခံရပါဘူး"
"ဂျပန်ပြည်တွင်းစစ်ကြောင့်လား"
"ဘာပြည်တွင်းစစ်လဲ။ ကန်တိုနဲ့ ကန်ဆိုင်းကြားမှာလား"
"ဥက္ကာခဲကြီး ကျလာမှာများလား"
"အဲလိုဆိုရင် ကိုရီးယားကျွန်းဆွယ်ပါ ဘေးမကင်းနိုင်ဘူးကွ"
တွေးဆချက်အမျိုးမျိုး လုပ်ကြည့်ပေမယ့် ဘယ်အရာကမှ အဖြေအမှန်လို့ ယူဆလို့မရခဲ့ဘူး။
ကျွန်တော် သက်ပြင်းတွေ တရစပ်ချနေမိတုန်း တက်ဂယူက ပြောလာတယ်။
"အဲလောက်အထိ လျှောက်မတွေးဘဲနဲ့... အမှားတစ်ခုခု ဖြစ်သွားတာကော မဖြစ်နိုင်ဘူးလား"
"နတ်မျက်စိရဲ့ ဟောကိန်းက မှားနေတယ်လို့ ပြောချင်တာလား"
ကျွန်တော့်အသံက အလိုအလျောက် တည်တံ့သွားမိတယ်။
တကယ်တော့ ကျွန်တော်လည်း အဲဒီဖြစ်နိုင်ခြေကို အရင်ဆုံး တွေးမိခဲ့တာပါ။ ဒါပေမဲ့ အဲဒါသာ အမှန်ဆိုရင် ကျွန်တော်တို့ရဲ့ အခြေခံအချက်အလက်တွေ အားလုံး ပြိုလဲသွားမှာမလို့ ထုတ်မပြောခဲ့တာလေ။
အခုအချိန်ထိတော့ နတ်မျက်စိရဲ့ ဟောကိန်းတွေက တစ်ခါမှ မမှားဖူးသေးပါဘူး။ ဖြစ်မယ်ဆိုတဲ့အရာတွေ ဖြစ်လာခဲ့ပြီး၊ ဖြစ်နိုင်ခြေရှိတဲ့အရာတွေကိုလည်း ကျွန်တော်တို့ ဖြစ်အောင် လုပ်ခဲ့ကြတယ်။
တကယ်လို့ နတ်မျက်စိသာ မှားသွားခဲ့ရင် ကျွန်တော်တို့တွေ နောက်နောင် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဆုံးဖြတ်ချက်တွေအတွက် နတ်မျက်စိကိုပဲ အားကိုးလို့ ရတော့မှာ မဟုတ်ပါဘူး။
တက်ဂယူက ခေါင်းခါလိုက်ပြီး ပြောတယ်။
"မဟုတ်ဘူးလေ။ နတ်မျက်စိက မှားတာမဟုတ်ဘဲ လူက မှားတာကို ပြောတာ။ နတ်မျက်စိက မမှားနိုင်ပေမယ့် လူကတော့ မှားနိုင်တယ်မလား။ တစ်ယောက်ယောက်က စာချုပ်ပေါ်မှာ မှားပြီး ၁ ယန်းလို့ ရေးမိတာမျိုးကော မဖြစ်နိုင်ဘူးလား"
"......ဘာဖြစ်တယ်"
အဲဒီအချိန်မှာပဲ ကျွန်တော့်ခေါင်းထဲကို အလင်းတစ်ခု ဖြတ်ခနဲ ဝင်လာတယ်။
ကျွန်တော် ဝုန်းခနဲ ထရပ်လိုက်ပြီး အော်မိလိုက်တယ်။
"Fat finger (လက်ချောင်းအမှား) ပဲ"
"ဘာကို ပြောတာလဲ။ Fat finger ဆိုတာ လက်ချောင်းကြီးတာကို ပြောတာလား"
"အတိအကျပဲ။ လက်ချောင်းကြီးတဲ့သူက ကီးဘုတ်ကို ရိုက်မိရင် ဘာဖြစ်မလဲ"
တက်ဂယူက ဇဝေဇဝါနဲ့ပဲ ပြန်ဖြေတယ်။
"စာလုံးအမှားတွေ ရိုက်မိမှာပေါ့"
ကျွန်တော် လက်ဖျောက်တစ်ချက် တီးလိုက်တယ်။
"အဲဒါပဲလေ"
Fat finger။
ငွေကြေးလောကမှာတော့ ဒါက အော်ဒါမှာယူမှု အမှားအယွင်းတွေကို ခေါ်တဲ့ အသုံးအနှုန်းတစ်ခု ဖြစ်ပါတယ်။
ငွေကြေးလောကဆိုတာ ကိန်းဂဏန်းတွေနဲ့ လည်ပတ်နေတာပါ။ သုညတစ်လုံး မှားရိုက်မိရုံနဲ့တင် ငွေပမာဏရဲ့ ယူနစ်က ပြောင်းလဲသွားနိုင်ပါတယ်။ ဒါကြောင့် အမှားသေးသေးလေး တစ်ခုကနေ သေလုမျောပါး ဖြစ်ရပ်တွေ ဖြစ်သွားစေနိုင်ပါတယ်။
ကျွန်တော့်ရဲ့ ရှင်းပြချက်ကို ကြားပြီးနောက် တက်ဂယူက မျက်တောင်တခတ်ခတ်နဲ့ ပြောတယ်။
"ဒါဆို မင်းပြောချင်တာက တစ်ယောက်ယောက်က တိုယိုတာရှယ်ယာ ၁၄.၉၇ သန်းကို ၁ ယန်းနှုန်းနဲ့ မှားရောင်းမိပြီး၊ အဲဒါကို မင်းက ယန်း ၁၄.၉၇ သန်းထဲနဲ့ ဝယ်ခွင့်ရမှာပေါ့လေ"
"အတိအကျပဲ"
ဒါဆိုရင်တော့ အားလုံးက ကွက်တိဖြစ်သွားပါပြီ။
တက်ဂယူက မယုံနိုင်သလိုနဲ့ ရေရွတ်တယ်။
"အဲဒါက ဖြစ်နိုင်ပါ့မလား"
အံ့ဩဖို့ကောင်းတာက ဖြစ်နိုင်ပါတယ်။
"ဒီလိုမျိုးတွေက တစ်ကြိမ်ထက်မက ဖြစ်ဖူးတယ်"
၂၀၁၀ ခုနှစ်တုန်းက အမေရိကန် စတော့ပွဲစားကုမ္ပဏီတစ်ခုက ဝန်ထမ်းတစ်ယောက်ဟာ သန်းဂဏန်း အော်ဒါနေရာမှာ သန်းထောင်ဂဏန်းအထိ မှားရိုက်မိခဲ့လို့ Downjones စတော့အညွှန်းကိန်းဟာ ၁၅ မိနစ်အတွင်း ၁၀ ရာခိုင်နှုန်းနီးပါး ထိုးကျသွားခဲ့ဖူးတယ်။
၂၀၁၅ ခုနှစ်တုန်းကလည်း ဂျပန်စတော့ပွဲစားကုမ္ပဏီတစ်ခုက ၁ ရှယ်ယာကို ယန်း ၆၃၀,၀၀၀ နဲ့ ရောင်းမယ့်အစား ရှယ်ယာ ၆၃၀,၀၀၀ ကို ၁ ယန်းနှုန်းနဲ့ မှားပြီး အရောင်းတင်မိခဲ့တယ်။ သူတို့ ချက်ချင်း ပြန်ဖျက်ခဲ့ပေမယ့် အရောင်းအဝယ်က ပြီးသွားခဲ့လို့ ယန်း သန်း ၄ထောင်လောက် ဆုံးရှုံးခဲ့ရတယ်။
ဒါတွေအပြင် ဝယ်မယ့်အစား ရောင်းမိတာ၊ ယူနစ်မှားထည့်တာ၊ ဂဏန်းတွေ မှားတာ စတဲ့ အော်ဒါအမှားတွေက မရေမတွက်နိုင်အောင် ရှိခဲ့ဖူးပါတယ်။
စတော့ပွဲစားကုမ္ပဏီတွေနဲ့ စတော့အိတ်ချိန်းတွေမှာ ဒီလိုအမှားတွေကို ကာကွယ်ဖို့ နည်းလမ်းမျိုးစုံ ရှိပေမယ့် လူတွေလုပ်နေသရွေ့တော့ အမှားဆိုတာ ရှိနေဦးမှာပါပဲ။
မေ့မေ့ပျောက်ပျောက် ဖြစ်ခါနီးတိုင်း အဲလိုအမှားတွေက ပုံမှန်လိုမျိုးကို ပြန်ပြန်ဖြစ်တတ်တယ်။
တက်ဂယူက တစ်ခုခုကို သတိရသွားပုံနဲ့ ပြောတယ်။
"အာ... အရင်က ဆိုဆောင်း အီလက်ထရောနစ် ရဲ့ ရှယ်ယာအမှားထုတ်ပေးမိတဲ့ ဖြစ်ရပ်လည်း ရှိသေးတယ်မလား"
"ဟုတ်တယ်"
အဲ့ဒါက မကြာသေးခင်ကမှ ဖြစ်ခဲ့တာပါ။
ဆိုဆောင်း အီလက်ထရောနစ်က ဝန်ထမ်းတွေပိုင်တဲ့ ရှယ်ယာ ၂.၈ သန်းအတွက် ၁ ရှယ်ယာကို ၁,၀၀၀ ဝမ်နှုန်းနဲ့ အမြတ်ဝေစုပေးဖို့ လုပ်ခဲ့တာပါ။ ဒါပေမဲ့ မှားယွင်းပြီး ၁ ရှယ်ယာကို စတော့ရှယ်ယာ ၁,၀၀၀ နှုန်းနဲ့ ထုတ်ပေးမိလိုက်တာလေ။
ဝမ် သန်း ၂၈၀၀ ဝင်ရမယ့်အစား ဝမ် သိန်းပေါင်း ၁၁၀ ကုဋေဖိုးရှိတဲ့ စတော့တွေ ရောက်သွားခဲ့တာပါ။ ဆိုဆောင်း အီလက်ထရောနစ်မှာ အဲလောက်အထိ ရှယ်ယာအများကြီး မရှိတာတောင် (စုစုပေါင်း ဈေးကွက်တန်ဖိုးက ဝမ်သိန်းပေါင်း ၄ ကုဋေပဲ ရှိတာပါ) အဲလို ဖြစ်သွားခဲ့တာပါ။
ဆိုဆောင်းက ချက်ချင်း ပြန်သိမ်းဖို့ ကြိုးစားခဲ့ပေမယ့် တချို့ဝန်ထမ်းတွေက အမြတ်ရဖို့ အမြန်ပြန်ရောင်းချလိုက်ကြလို့ အဲဒီနေ့မှာပဲ ရှယ်ယာဈေးက ၁၅ ရာခိုင်နှုန်းကျော် ထိုးကျသွားခဲ့တယ်။
ကံကောင်းတာက ဒါက ကုမ္ပဏီတွင်းကိစ္စဖြစ်လို့ ထုတ်ပေးမိတဲ့ ရှယ်ယာတွေကို ပြန်ဖျက်သိမ်းပြီး ပြန်ယူနိုင်ခဲ့လို့ အကြီးအကျယ် မဆုံးရှုံးခဲ့တာပါ။ ဒါပေမဲ့ ပြည်ပစတော့ပွဲစားကုမ္ပဏီတစ်ခုဆီသာ ရောက်သွားခဲ့ရင်တော့ ဒေဝါလီခံရမှာသေချာသလောက်ပါပဲ။
"ဟန်ဆု စတော့ပွဲစားကုမ္ပဏီ ဒေဝါလီခံလိုက်ရတဲ့ အမှုအကြောင်း မင်းသိလား"
"ငါ သိမယ် ထင်လို့ မေးနေတာလား"
"မဟုတ်ပါဘူး၊ မေးကြည့်တာ"
ဟန်ဆု စတော့ပွဲစားကုမ္ပဏီဆိုတာ ဈေးကွက်တန်ဖိုး ဝမ် သန်း ၃သိန်းရှိတဲ့ အလတ်စား ကုမ္ပဏီတစ်ခုပါ။
ဒါပေမဲ့ ဝန်ထမ်းတစ်ယောက်က Call Option နဲ့ Put Option ကို မှားပြီး လဲလှယ်မိကာ ဈေးကွက်ထဲကို အော်ဒါအမြောက်အမြား တင်မိခဲ့တယ်။ အဲဒီအမှားကြောင့် ဝယ်ပြီး ချက်ချင်း ပြန်ရောင်းရုံနဲ့တင် အဆ ၁၀၀ ကျော် အမြတ်ထွက်နိုင်တဲ့ အခြေအနေ ဖြစ်သွားခဲ့တာပါ။
ဒီအော်ဒါအမှားကြောင့် ဈေးကွက်ထဲမှာ ကမောက်ကမတွေ ဖြစ်သွားခဲ့တယ်။ အဲဒီအချိန်တုန်းက မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးက အလွန်တင်းမာနေချိန် ဖြစ်တာမလို့ ပြည်ပရင်းနှီးမြှုပ်နှံသူတွေက ဒါကို မြောက်ကိုရီးယားက စစ်ပွဲစတင်လိုက်ပြီလို့ အထင်မှားပြီး ရှယ်ယာတွေကို အလုအယက် ပြန်ရောင်းချခဲ့ကြလို့ KOSPI နဲ့ KOSDAQ အညွှန်းကိန်းတွေ ချက်ချင်း ထိုးကျသွားခဲ့တယ်။
ဟန်ဆု စတော့ပွဲစားကုမ္ပဏီက အမှားကို သိသိချင်း ပြန်ဖျက်ဖို့ ကြိုးစားခဲ့ပေမယ့် အရောင်းအဝယ်တွေက ပြီးဆုံးသွားခဲ့ပါပြီ။
ပြည်တွင်းအဖွဲ့အစည်းတွေဆီက ဝယ်ထားတဲ့ ရှယ်ယာတွေကိုတော့ အသနားခံပြီး ပြန်တောင်းနိုင်ခဲ့ပေမယ့် ပြည်ပစတော့ပွဲစားတွေဆီက ရှယ်ယာတွေကိုတော့ ပြန်မရခဲ့ပါဘူး။
အဲဒီရှယ်ယာတွေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို ဂျပန်စတော့ပွဲစားကုမ္ပဏီတွေက ရရှိသွားခဲ့တာပါ။ ဟန်ဆုက တိုကျိုစတော့အိတ်ချိန်းနဲ့ သက်ဆိုင်ရာ စတော့ပွဲစားကုမ္ပဏီတွေကို အရောင်းအဝယ် ဖျက်သိမ်းပေးဖို့ ချက်ချင်း တောင်းဆိုခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရတယ်။
ဟန်ဆု စတော့ပွဲစားကုမ္ပဏီရဲ့ ကိုယ်စားလှယ်တွေနဲ့ ရှယ်ယာရှင်တွေက ဂျပန်တရားရုံးမှာ တရားစွဲခဲ့ကြတယ်။
"ရလဒ်က ဘာဖြစ်သွားလဲ"
"ဂျပန်တရားလွှတ်တော်ချုပ်အထိ တက်ခဲ့ပေမယ့် အမှုရှုံးသွားခဲ့တယ်"
ပြီးခဲ့တဲ့လကမှ အပြီးသတ် စီရင်ချက် ထွက်လာတာပါ။
အကြောင်းပြချက်ကတော့ အရောင်းအဝယ်က ပုံမှန်အတိုင်း ပြီးဆုံးသွားခဲ့တာဖြစ်လို့ ရှယ်ယာတွေကို ပြန်ပေးရမယ့် တာဝန်မရှိပါဘူးတဲ့လေ။ အော်ဒါအမှားက သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ တာဝန်သာဖြစ်ပြီး အမှားအယွင်းအော်ဒါနဲ့ ပုံမှန်အော်ဒါကို ခွဲခြားဖို့ ရှင်းလင်းတဲ့ အထောက်အထားမရှိသလို၊ လက်တွေ့မှာလည်း အဲဒီရှယ်ယာတွေက နောက်ထပ်တစ်ဆင့် ပြန်လည်အရောင်းအဝယ် ဖြစ်သွားနိုင်တာကြောင့် ဖျက်သိမ်းဖို့ ခက်ခဲတယ်လို့ ဆုံးဖြတ်ခဲ့တာပါ။
ကိုရီးယား လွှတ်တော်အမတ်တွေက တရားရုံးစီရင်ချက်က အတည်ဖြစ်ရင်တောင် လူမှုရေးအရ တချို့ရှယ်ယာတွေကို ပြန်ပေးသင့်တယ်လို့ ကန့်ကွက်တဲ့အခါမှာတော့ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ရှင်ဂျီ ဟာယာရှီက မကျေမနပ်နဲ့ ဒီလို ပြောခဲ့ဖူးတယ်။
'ဒါက အရှက်မရှိတဲ့ လုပ်ရပ်ပဲ။ ကိုယ့်ရဲ့ အမှားအတွက် အရှက်မရှိကြဘူး၊ ကတိတည်ရမှန်း မသိကြဘူး၊ ဥပဒေကို လိုက်နာရမှန်း မသိကြဘူး။ ကိုရီးယားအနေနဲ့ ဂျပန်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လေးစားရမယ်'
နောက်ဆုံးတော့ ဟန်ဆု စတော့ပွဲစားကုမ္ပဏီဟာ ဒေဝါလီခံလိုက်ရတယ်။ စတော့စာရင်းကနေ ပယ်ဖျက်ခံရပြီး၊ ဝန်ထမ်းတွေ အလုပ်ပြုတ်ကုန်ကာ ရှယ်ယာရှင်တွေ မျက်ရည်ကျခဲ့ရတာပေါ့။
ဒါတွေအားလုံးက အမှားတစ်ခုထဲကြောင့် ဖြစ်သွားခဲ့တာပါ။
ဒါကို ပြန်တွေးကြည့်ရအောင်။
နတ်မျက်စိက OTK Company အနေနဲ့ တိုယိုတာရှယ်ယာတွေကို ရရှိလိမ့်မယ်လို့ ဟောကိန်းထုတ်ထားတယ်။ ဒါက အရောင်းအဝယ် တကယ် ဖြစ်လာလိမ့်မယ်လို့ ဆိုလိုတာပဲ။
အဲဒီလို အော်ဒါအမှားမျိုးက နှစ်ကြိမ်၊ သုံးကြိမ် ဖြစ်လာစရာ အကြောင်းမရှိဘူးဆိုတော့ တစ်ကြိမ်ထဲနဲ့တင် ဖြစ်သွားလိမ့်မယ်လို့ ယူဆရမှာပါ။
ရှယ်ယာတွေကို ရောင်းဖို့ဆိုရင် အရင်ဆုံး အဲဒီရှယ်ယာတွေကို ပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် ကမ္ဘာပေါ်မှာ ဘယ်သူက တိုယိုတာရှယ်ယာတွေကို ဒီလောက်အများကြီး ပိုင်ဆိုင်ထားမှာလဲ။
လိုက်ရှာနေစရာတောင် မလိုပါဘူး၊ တစ်နေရာထဲပဲ ရှိတာပါ။
အဲဒါကတော့...
"ဂျပန်အစိုးရ ပင်စင်ရန်ပုံငွေ အဖွဲ့ပဲ"
ဂျပန်အစိုးရ ပင်စင်ရန်ပုံငွေ အဖွဲ့ (GPIF)ဆိုတာက ကိုရီးယားရဲ့ အမျိုးသားပင်စင်အဖွဲ့ (NPS) လိုမျိုးပဲ ဂျပန်ပြည်သူတွေရဲ့ ပင်စင်ရန်ပုံငွေတွေကို ရင်းနှီးမြှုပ်နှံပြီး စီမံခန့်ခွဲပေးတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။
"အခု လက်ရှိ စီမံခန့်ခွဲနေတဲ့ ပိုင်ဆိုင်မှုက ယန်း သိန်းပေါင်း ၁၅၀ ကုဋေ ရှိတယ်"
တက်ဂယူက အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့တယ်။
"အဲဒီပမာဏက ဝမ် သိန်းပေါင်း ၁,၆၀၀ ကုဋေကျော်တယ်မလား"
"အဲ့ဒီအဖွဲ့က ကမ္ဘာပေါ်မှာ အကြီးဆုံး ရန်ပုံငွေအဖွဲ့တွေထဲက တစ်ခုပဲ"
ဂျပန်က နိုင်ငံတကာ ငွေကြေးဗဟိုချက် မဟုတ်ပေမယ့် စီးပွားရေးက အလွန်ကြီးမားတာကြောင့် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ် (IB) အများကြီး ရှိပါတယ်။
အဲဒီထဲမှာ အကျော်ကြားဆုံးကတော့ နိုမူရာ စတော့ပွဲစားကုမ္ပဏီ (RCK Bros ရဲ့ ဒုဥက္ကဋ္ဌ ရှင်ဗြောင်ဒူလည်း အဲဒီမှာ အလုပ်လုပ်ခဲ့ဖူးပါတယ်) ပါပဲ။
ကျွန်တော် သက်ဆိုင်ရာ အချက်အလက်တွေကို ရှာဖွေကြည့်လိုက်တယ်။
ပင်စင်ရန်ပုံငွေတွေက အလွန်ကြီးမားတာကြောင့် ဆုံးရှုံးနိုင်ခြေကို လျှော့ချဖို့ ကမ္ဘာတစ်ဝှမ်းက ပိုင်ဆိုင်မှုတွေမှာ ခွဲဝေရင်းနှီးမြှုပ်နှံကြတာပါ။ GPIF ကလည်း ဂျပန်စတော့တွေ၊ စာချုပ်တွေနဲ့ အိမ်ခြံမြေတွေအပါအဝင် ကမ္ဘာအနှံ့မှာ ရင်းနှီးမြှုပ်နှံထားပါတယ်။
ပင်စင်ရန်ပုံငွေတွေက ရင်းနှီးမြှုပ်နှံတဲ့အခါမှာတော့ လေလံစနစ်က တစ်ဆင့် အဖွဲ့အစည်းအမြောက်အမြားကို ခွဲဝေပြီး စီမံခန့်ခွဲခွင့် ပေးလေ့ရှိတယ်။
"GPIF ရဲ့ စတော့ရင်းနှီးမြှုပ်နှံမှုတွေကို မူလက နိုမူရာ စတော့ပွဲစားကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၅ ခု ဒါမှမဟုတ် ၆ ခုလောက်က စီမံခန့်ခွဲခဲ့တာ။ ဒါပေမဲ့ ဝန်ကြီးချုပ် အိုကာဇာကီ တက်လာပြီးတဲ့နောက်မှာတော့ နီရှီဒါ စတော့ပွဲစားကုမ္ပဏီ တစ်ခုထဲကိုပဲ အကုန်လုံး စုစည်းပြီး လွှဲပေးလိုက်တယ်"
ဒါက ကမ္ဘာ့အကြီးဆုံး ပင်စင်ရန်ပုံငွေအဖွဲ့ ဖြစ်တာကြောင့် စီမံခန့်ခွဲခွင့်ကရမယ့် အကျိုးအမြတ်က မတရားကို များပြားလှပါတယ်။
ဒီအချက်ကြောင့် အမြဲတမ်း အဆင့် ၄ နေရာမှာပဲ ရှိနေခဲ့တဲ့ နီရှီဒါ စတော့ပွဲစားကုမ္ပဏီဟာ စျေးကွက်မှာ အဆင့် ၂ အထိ တက်လှမ်းလာနိုင်ခဲ့ပြီး နိုမူရာ စတော့ပွဲစားကုမ္ပဏီကိုပါ ခြိမ်းခြောက်နိုင်တဲ့အထိ ကြီးထွားလာခဲ့တယ်။
"စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်က နီရှီဒါ စတော့ပွဲစားကုမ္ပဏီရဲ့ အဓိက ရှယ်ယာရှင်က အန်ဒိုမိုရီ ဆိုတဲ့ ကုမ္ပဏီ ဖြစ်နေတာပဲ"
ဂျပန်က ဥရောပနိုင်ငံအများစုထက် အရင် စက်မှုတော်လှန်ရေးကို ဆင်နွှဲပြီး ခေတ်မီအောင် လုပ်နိုင်ခဲ့တာပါ။ ဒါကြောင့် အရင်းရှင်တွေက အစောကြီးကတည်းက ပေါ်ပေါက်ခဲ့ပြီး ဒုတိယကမ္ဘာစစ်နဲ့ စစ်ပြီးခေတ် ပြန်လည်ထူထောင်ရေးတွေကတစ်ဆင့် အုပ်စုကြီး (ဇိုင်ဘဆွတ်) တွေအဖြစ် ကြီးထွားလာခဲ့ကြတယ်။
တက်ဂယူက ခေါင်းညိတ်ပြီး ပြောတယ်။
"အာ... ဂျပန်ဇန်ဘဆွတ် ပေါ့လေ"
ကျွန်တော် အံ့ဩသွားပြီး မေးလိုက်တယ်။
"မင်းက ဘယ်လိုသိတာလဲ"
ကိုရီးယားက လုပ်ငန်းစုကြီးတွေကို နိုင်ငံတကာမှာ 'ချေဘာ' လို့ ခေါ်သလိုမျိုးပဲ၊ ဂျပန်က လုပ်ငန်းစုကြီးတွေကိုတော့ 'ဇိုင်ဘဆွတ်' လို့ ခေါ်ကြပါတယ်။
"အန်နီမေးတွေ ဒါမှမဟုတ် Light Novelတွေထဲမှာ ခဏခဏ ပါတတ်တယ်လေ"
"......."
ဪ... ဟုတ်သားပဲ။
ဘာပဲဖြစ်ဖြစ် အန်ဒိုအုပ်စုက ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ထောက်ပံ့ပေးပြီး ကြီးပွားလာခဲ့တဲ့ စစ်နိုင်လုပ်ငန်းစုတစ်ခု ဖြစ်ပါတယ်။ စစ်ပြီးနောက်မှာတော့ ဖျက်သိမ်းခံခဲ့ရပေမယ့် အုပ်စုရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ အန်ဒို အထွေထွေကုန်သွယ်ရေးကတော့ နာမည်ကို အန်ဒိုမိုရီလို့ ပြောင်းလဲပြီး ရှင်သန်ကျန်ရစ်ခဲ့တာပါ။
"ဝန်ကြီးချုပ် အိုကာဇာကီရဲ့ ဇနီးက အိုကာဇာကီ အာအိုကို တဲ့။ အာအိုကိုရဲ့ မူရင်းနာမည်က မူဆာကာ အာအိုကို လို့ ခေါ်တယ်"
"ဂျပန်မှာက အိမ်ထောင်ပြုပြီးရင် အမျိုးသမီးတွေက ခင်ပွန်းရဲ့ မျိုးရိုးနာမည်ကို ပြောင်းသုံးကြတာ များတယ်မလား"
"ဟုတ်တယ်။ အာအိုကိုရဲ့ အမေဘက်က အဖိုးက အန်ဒိုမိုရီရဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ အန်ဒို တက်ဆူရို လေ။ အခု အာအိုကိုရဲ့ မောင်ဖြစ်သူ... ဝန်ကြီးချုပ် အိုကာဇာကီရဲ့ ယောက်ဖက အဲဒီမှာ ဒါရိုက်တာ လုပ်နေတာပေါ့"
ကိုရီးယားလို ပြောရရင်တော့ အမျိုးသားပင်စင်အဖွဲ့ရဲ့ ပြည်တွင်းစတော့ ရင်းနှီးမြှုပ်နှံမှုတွေကို သမ္မတကတော်ရဲ့ မိသားစုနဲ့ နီးစပ်တဲ့ စတော့ပွဲစားကုမ္ပဏီတစ်ခုဆီ လွှဲပေးလိုက်သလိုမျိုးပါပဲ။
"အဲလိုလုပ်ပိုင်ခွင့်ပေးတာက ပြဿနာ မတက်ဘူးလား"
"တက်တာပေါ့"
ဒီအချက်ကို သိသွားတဲ့အခါ အတိုက်အခံပါတီတွေက LDP (ဒီမိုကရက်တစ် လစ်ဘရယ်ပါတီ) ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတယ်။ ဒါက ဗြောင်ကျကျ မျက်နှာလိုက်မှုပဲလို့ စွပ်စွဲခဲ့ကြတာပါ။
ဝန်ကြီးချုပ် အိုကာဇာကီက ဒီလို ဆင်ခြေပေးခဲ့ဖူးတယ်။
'နီရှီဒါ စတော့ပွဲစားကုမ္ပဏီအပေါ် မျက်နှာလိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေက မမှန်ပါဘူး။ ပြည်သူ့ပင်စင်ရန်ပုံငွေကို အရင်က ပေါ့လျော့စွာ စီမံခန့်ခွဲခဲ့ကြတာပါ။ အမြတ်ရသည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ စီမံခန့်ခွဲခ အလကားပေးနေရတာမျိုးတွေနဲ့ ဆုံးရှုံးမှုအတွက် ဘယ်သူမှ တာဝန်မယူတာမျိုးတွေလိုမျိုး အကျိုးမရှိတဲ့ လုပ်ထုံးလုပ်နည်းတွေ အများကြီး ရှိခဲ့တယ်။ ဒါက ကုန်ကျစရိတ်ကို လျှော့ချပြီး လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ဖို့အတွက် မလွှဲမရှောင်သာ လုပ်ဆောင်ခဲ့ရတာပါ။ နားလည်ပေးကြပါ'
ဒါပေမဲ့ သူက သူ့ဇနီးရဲ့ မိသားစုနဲ့ နီရှီဒါ စတော့ပွဲစားကုမ္ပဏီကြားက ဆက်ဆံရေးကိုတော့ တိုက်ရိုက်ဖြေကြားဖို့ ရှောင်လွှဲခဲ့တယ်။
အတိုက်အခံတွေက စာရင်းစစ်ဆေးမှုတွေလုပ်မယ်၊ သက်ဆိုင်သူအားလုံးကို ဆင့်ခေါ်ပြီး သေချာစုံစမ်းစစ်ဆေးမယ်လို့ ခြိမ်းခြောက်ခဲ့ကြတယ်။ တိုက်စစ်က ပြင်းထန်လာတဲ့အခါမှာတော့ ဝန်ကြီးချုပ် အိုကာဇာကီက ရှင်းပြမယ့်အစား ဆွေးနွေးမှုရဲ့ လမ်းကြောင်းကို ပြောင်းလဲပြီး ပြန်လည်တိုက်စစ်ဆင်ခဲ့တယ်။
'နီရှီဒါ စတော့ပွဲစားကုမ္ပဏီကို လွှဲပေးပြီးကတည်းက ပြည်သူ့ပင်စင်ရန်ပုံငွေရဲ့ ပြည်တွင်းစတော့ ရင်းနှီးမြှုပ်နှံမှု အကျိုးအမြတ်က စံချိန်တင် မြင့်မားလာခဲ့ပြီး ပြည်သူတွေရဲ့ ပင်စင်ပိုင်ဆိုင်မှုတွေ တိုးပွားလာခဲ့တယ်။ အဲဒါက ဘာပြဿနာရှိလို့လဲ။ တကယ်လို့ တခြားနေရာကို လွှဲပေးလို့ အကျိုးအမြတ်နှုန်း ကျသွားရင် အတိုက်အခံ အမတ်တွေက တာဝန်ယူမှာလား'
ဝန်ကြီးချုပ် အိုကာဇာကီ ရာထူးတက်လာပြီးနောက်မှာတော့ LPDက ရင်းနှီးမြှုပ်နှံမှုတွေကို လှုံ့ဆော်ဖို့အတွက် ပင်စင်ရန်ပုံငွေရဲ့ ပြည်တွင်းစတော့ ပိုင်ဆိုင်မှုအချိုးကို အကြီးအကျယ် တိုးမြှင့်ဖို့ စည်းမျဉ်းတွေကို ပြင်ဆင်ခဲ့တယ်။ ကော်ပိုရိတ်အခွန်တွေကိုလည်း လျှော့ချပေးပြီး စတော့ဈေးကွက် မြှင့်တင်ဖို့အတွက် ဘဏ္ဍာရေးရန်ပုံငွေတွေကို ထည့်သွင်းပေးခဲ့တယ်။
ယန်းငွေတန်ဖိုး ကျဆင်းမှုနဲ့အတူ ယန်း ၁၀,၀၀၀ ဝန်းကျင်မှာ ရှိနေခဲ့တဲ့ Nikkeiအညွှန်းကိန်းက ယန်း ၂၀,၀၀၀ ကို ကျော်လွန်သွားခဲ့တယ်။ အလိုအလျောက်ပဲ အကျိုးအမြတ်နှုန်းက နှစ်ဆကျော် တိုးလာခဲ့တာပေါ့။
လုပ်ငန်းစဉ်က ဘယ်လိုပဲဖြစ်ဖြစ် ငွေရတာကို မုန်းတဲ့သူကတော့ အနည်းငယ်ပဲ ရှိတာပါ။ ဂျပန်ပြည်သူတွေရဲ့ သဘောထားက ဝန်ကြီးချုပ် အိုကာဇာကီဘက်ကို ယိမ်းသွားခဲ့ပြီး၊ တိုက်ခိုက်ခဲ့တဲ့ အတိုက်အခံပါတီကတော့ ဘာမှမရဘဲ နောက်ဆုတ်သွားခဲ့ရတယ်။
ပြည်တွင်းစတော့ ပိုင်ဆိုင်မှုအချိုးကို တိုးမြှင့်တဲ့ လုပ်ငန်းစဉ်အတွင်းမှာ GPIF က တိုယိုတာရှယ်ယာတွေကို အမြောက်အမြား ဝယ်ယူခဲ့တယ်။ ယန်းငွေတန်ဖိုး ကျဆင်းမှုကြောင့် ကုမ္ပဏီရဲ့ အမြတ်အစွန်းက ပိုကောင်းလာခဲ့ပြီး Nikkeiအညွှန်းကိန်းမှာလည်း ဈေးကွက်တန်ဖိုး အမြင့်ဆုံး အဆင့် ၁ ကုမ္ပဏီ ဖြစ်နေတာကြာင့်ပါ။
အဖွဲ့အစည်းတွေက ပုံမှန်အားဖြင့် တည်ငြိမ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုပဲ ဦးတည်ကြပြီး ကုမ္ပဏီကြီးတွေကို ပိုနှစ်သက်ကြတယ်။ ကိုရီးယားရဲ့ အမျိုးသားပင်စင်အဖွဲ့ကလည်း ပြည်တွင်းစတော့တွေထဲမှာ ဆိုဆောင်း အီလက်ထရောနစ်ကို အများဆုံး ပိုင်ဆိုင်ထားသလိုမျိုးပေါ့။
GPIF ရဲ့ တိုယိုတာရှယ်ယာ ပိုင်ဆိုင်မှုက ၁၀ ရာခိုင်နှုန်းကျော် ရှိပြီး ရှယ်ယာပေါင်း ၁၅.၂ သန်းအထိ ရှိတယ်လို့ သိရပါတယ်။ အဲဒီရှယ်ယာတွေကို ၁ ရှယ်ယာကို ၁ ယန်းနှုန်းနဲ့ မှားပြီး ရောင်းမိမယ့် အခြေအနေမျိုး ဖြစ်လာနိုင်ပါ့မလား။
ဈေးကျသွားခဲ့ရင်တောင် တိုယိုတာရဲ့ လက်ရှိ ဈေးကွက်တန်ဖိုးက ယန်း သိန်းပေါင်း ၂၃ ကုဋေလောက် ရှိတာပါ။
အမှားတစ်ခုထဲနဲ့တင် ဂျပန်ပြည်သူတွေရဲ့ ပင်စင်ရန်ပုံငွေ ယန်း သိန်းပေါင်း ၂.၃ ကုဋေလောက် ပျောက်ဆုံးသွားမှာ ဖြစ်ပါတယ်။
" ငါတို့က ဝမ် သိန်းပေါင်း ၂၅ ကုဋေလောက် မြတ်တော့မှာကွ"
တက်ဂယူက အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသား ပြန်ဖြစ်သွားပြန်တယ်။
"အဲဒါက မတရား များတာပဲ"
(securities ကို ရှေ့အခန်းတွေမှာ အာမခံလို့ပြန်မိထားပါတယ်။ အခုနောက်ပိုင်းလိုက်ရှာဖတ်ကြည့်တော့ စတော့ပွဲစားကုမ္ပဏီလို့ ဘာသာပြန်တာပိုနီးစပ်တာကိုတွေ့ရတဲ့အတွက် အခုအခန်းကစပြီး စတော့ပွဲစားကုမ္ပဏီလို့ ပြောင်းသုံးပါမယ်ရှင်)