အခန်း ၃၁၂
Vol. 32 Ch. 312
အခန်း (၃၁၂)
ကျွန်တော် စဉ်းစားခန်း ဝင်နေမိတာ အတော်ကြာသွားတယ်။
"ဒီကိစ္စကို ဘယ်လိုလုပ်ကြမလဲ"
"ဘာတွေ ဝေခွဲမရဖြစ်နေတာလဲ။ တရားမဝင်တာမှ မဟုတ်ဘဲ"
"အဲဒါကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့..."
အော်ဒါအမှားတစ်ခုကို အခွင့်ကောင်းယူပြီး ရှယ်ယာတွေ ဝယ်ယူတာက တရားမဝင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာအရတော့ မေးခွန်းထုတ်စရာ ဖြစ်နေတာ အမှန်ပဲလေ။
ကျွန်တော် တိုးတိုးလေး ရေရွတ်မိလိုက်တယ်။
"သူတစ်ပါး ဒုက္ခရောက်နေတာကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်တာက လူသားတစ်ယောက်အနေနဲ့ မလုပ်သင့်တဲ့အရာပဲ"
ကျွန်တော့်စကားကြောင့် တက်ဂယူက မယုံနိုင်သလို မျက်နှာပေးနဲ့ ကြည့်လာတယ်။
"ဝိုး... Brexit တုန်းက ယူကေကို အကြီးအကျယ် အမြတ်ထုတ်ခဲ့တဲ့ လူကြီးမင်းက အခုမှ လာပြီးတော့ ဘာတွေဖြစ်နေတာလဲ"
"......အဲဒါလည်း ဟုတ်တာပဲ"
အဲဒီတုန်းက ဂျပန်နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်ကိုပါ ကျွန်တော် ဝင်မွှေခဲ့တာလေ။ ယန်းငွေတန်ဖိုး တက်လာမယ့်အပေါ် လောင်းကြေးထပ်ပြီး အမြတ်အစွန်းတွေ အများကြီး ရခဲ့တာပါ။ အဲဒီအချက်ကြောင့်ပဲ ဂျပန်မှာ ကျွန်တော့်ရဲ့ပုံရိပ်က သိပ်မကောင်းလှပါဘူး။ Lost Fantasy ဂီတပွဲလိုမျိုး အနုပညာပွဲတွေကိုတော့ ဂျပန်တွေ ကြိုက်ကြပုံရပေမယ့်ပေါ့လေ။
ကျွန်တော့်ကို စိတ်မသက်မသာ ဖြစ်စေတဲ့အချက်က ဒီငွေတွေဟာ ဂျပန်ပြည်သူတွေရဲ့ အနာဂတ် ပင်စင်ရန်ပုံငွေတွေ ဖြစ်နေလို့ပါ။ ဒီငွေပမာဏအပြင် နောက်ဆက်တွဲအနေနဲ့ ဘယ်လို သက်ရောက်မှုတွေ ရှိလာမလဲဆိုတာကို တွေးပူမိတာလေ။
"ဘာပဲဖြစ်ဖြစ် အဲဒီအော်ဒါအမှား ဖြစ်လာတဲ့အချိန်မှာ ငါတို့မဝယ်ရင်လည်း တခြားတစ်ယောက်ယောက်က ဝယ်သွားမှာပဲမလား"
"အဲဒါလည်း ဟုတ်ပါတယ်"
အဲဒီအချိန်မှာပဲ အသံပိတ်ထားတဲ့ တီဗီစခရင်ပေါ်မှာ သတင်းထူးတစ်ပုဒ် ဖြတ်ပြေးသွားတယ်။
[(သတင်းထူး) တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး တာနိုကူရာ မတ်ဆူဟီရို နဲ့ ဘူဆန်မြို့ဆိုင်ရာ ကောင်စစ်ဝန်ချုပ် မိုရီမိုတို နာရူရှီ တို့ကို ဂျပန်နိုင်ငံသို့ ယာယီပြန်လည်ဆင့်ခေါ်]
"ခဏလေး"
ကျွန်တော် ရီမုဒ်နဲ့ တီဗီအသံကို ချဲ့လိုက်တယ်။
Comfort Women သဘောတူညီချက်ကို ပြန်လည်ညှိနှိုင်းဖို့ ကိစ္စနဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှုအပေါ် တရားရုံးရဲ့ စီရင်ချက်တွေကို ကန့်ကွက်တဲ့အနေနဲ့ ဂျပန်အစိုးရက သံအမတ်ကြီးနဲ့ ကောင်စစ်ဝန်ချုပ်တို့ကို ပြန်ခေါ်လိုက်တာပါ။
နိုင်ငံခြားရေးဝန်ကြီး အိုကာမိုတို တာကီအို က ကိုရီးယားအစိုးရဘက်က သင့်တော်တဲ့ အရေးယူဆောင်ရွက်မှုတွေ မလုပ်မချင်း သံအမတ်ကြီး ပြန်လာမှာမဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောကြားခဲ့တယ်။
အဲဒါတင်မကဘဲ အစိုးရအဖွဲ့ ဝန်ကြီးတွေနဲ့ LDP အမတ်တွေဆီကနေ ရန်စတဲ့ စကားလုံးတွေ တရစပ် ထွက်ပေါ်လာခဲ့တယ်။
"ငါတို့ ဒီကိစ္စကို အပြည်ပြည်ဆိုင်ရာ ခုံသမာဓိရုံးအထိ ချက်ချင်း တက်ရမယ်။ ကိုရီးယားကို ကမ္ဘာ့အလယ်မှာ အရှက်ခွဲရမယ်"
"အခုသာ သူတို့ကို လျော်ကြေးပေးလိုက်ရင် နောက်ကျရင် ပိုပြီးတော့ တောင်းလာကြမှာပဲ"
"ကိုရီးယားကို ဘယ်လိုမျက်နှာသာပေးမှုမျိုးမှ မလုပ်သင့်ဘူး"
"Comfort Womenတွေဆိုတာ ပရော်ဖက်ရှင်နယ် ပြည့်တန်ဆာတွေပဲ။ သူတို့ ဝမ်းရေးအတွက် ကိုယ့်ဆန္ဒအလျောက် ကိုယ်ခန္ဓာကို ရောင်းစားခဲ့ကြတာ။ တချို့ဆို စစ်ဗိုလ်ချုပ်တွေ ထက်တောင် ဝင်ငွေ ပိုကောင်းခဲ့ကြသေးတယ်။ ဒီအချက်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက သိအောင် ရှင်းရှင်းလင်းလင်း ချပြရမယ်"
"တစ်ယန်းတောင် ပေးစရာမလိုဘူး"
ဒီအခွင့်အရေးကို အသုံးချပြီး ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်ဖို့အထိပါ စကားသံတွေ ထွက်လာခဲ့တာပါ။
နောက်တော့ ဝန်ကြီးချုပ် အိုကာဇာကီ ဖန်သားပြင်ပေါ် ရောက်လာပြီး ပိုပြီးတော့ ပြင်းထန်တဲ့ လေသံနဲ့ ပြောလာတယ်။
"Comfort Womenများ သဘောတူညီချက်နဲ့ ကိုရီးယား-ဂျပန် တောင်းဆိုမှုဆိုင်ရာ သဘောတူညီချက်တွေကို ချိုးဖောက်တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်လို့ ဂျပန်အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ဒါကို နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းပြီး ဖြေရှင်းသွားမှာပါ"
စခရင်က ထပ်ပြောင်းသွားပြီး ရှင်အိုကူဘို လမ်းမတွေပေါ်မှာ ဂျပန်အစွန်းရောက်အဖွဲ့ (ဇိုင်တိုကုကိုင်) တွေ နေဝန်းနီအလံတွေကို ဝှေ့ယမ်းပြီး ချီတက်ဆန္ဒပြနေတဲ့ ပုံရိပ်တွေကို ပြသနေပါတယ်။
သူတို့ ကိုင်ထားတဲ့ ဆိုင်းဘုတ်တွေထဲမှာ တရုတ်စာလုံးတွေနဲ့ ရေးထားတဲ့ ကျွန်တော့်နာမည်ကို အလွယ်တကူ မြင်လိုက်ရတယ်။
"အဲဒါ ဘာတွေ ရေးထားတာလဲ"
တက်ဂယူက လှမ်းကြည့်ပြီး ပြောတယ်။
"‘ကန်ဂျင်ဟူ က လူသတ်သမား။ မာဆာအိုကို ပြန်ပေး။ ဂျိုဆွန်းဂျင်တွေ ထွက်သွား။ Comfort Womenတွေက ပြည့်တန်ဆာတွေ…’ ချီးပဲ... ဒီခွေးမသားတွေကတော့ကွာ"
(ဂျိုဆွန်းဂျင်ဆိုတာ ကိုရီးယားလူမျိုးတွေကို နာမ်နှိမ်တဲ့ စကားလုံးမျိုးပါ။ မြန်မာတွေ ထိုင်းကို ယိုးဒယားလို့ခေါ်သလိုမျိုးပေါ့)
တက်ဂယူက ဒေါသတကြီးနဲ့ပဲ ဆက်ပြောတယ်။
"ဒီကောင်တွေ အဲလိုလုပ်နေတာကို မြင်တာတောင် မင်းက ဝေခွဲမရ ဖြစ်နေဦးမှာလား"
ပြိုင်ဘက်က နိုင်ငံငယ်လေးတစ်ခုဆိုရင်တော့ ဟုတ်ကောင်း ဟုတ်နိုင်ပေမယ့် ဂျပန်က ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံပါ။ သူတို့ဆီကနေ အနည်းငယ် ယူလိုက်ရုံနဲ့တင် သူတို့အတွက် ဘာမှ ထိခိုက်သွားမှာ မဟုတ်ပါဘူး။ တကယ်တော့ ကိုရီးယားအပေါ် သူတို့လုပ်ခဲ့တာတွေနဲ့ ယှဉ်ရင် ဒါက ဘာမှမဟုတ်သေးပါဘူး။
ကြောင်ကို စိုးရိမ်ပေးနေတဲ့ ကြွက်ကတော့ ဘယ်တော့မှ ကျေးဇူးတင်ခံရမှာ မဟုတ်ဘူးလေ။
အခွင့်အရေး ရလာတဲ့အချိန်မှာ မိမိရရ ဆုပ်ကိုင်ရမယ်။ ဈေးပေါပေါနဲ့ ဝယ်ပြီး ဈေးကြီးကြီးနဲ့ ပြန်ရောင်းတာက စီးပွားရေးရဲ့ အခြေခံအချက်ပဲလေ။
ငွေမှာ သွေးလည်းမရှိ၊ မျက်ရည်လည်းမရှိဘူး။ အကောင်းအဆိုးလည်း မရှိဘူး။ ငွေက ငွေပဲ။
နတ်မျက်စိရဲ့ ဟောကိန်း ပေါ်လာကတည်းက ကျွန်တော်တို့ သွားရမယ့်လမ်းကြောင်းက သတ်မှတ်ပြီးသားပါ။
စခရင်ပေါ်က ဝန်ကြီးချုပ် အိုကာဇာကီကို ကြည့်ရင်း ကျွန်တော် ပြောလိုက်တယ်။
"သူတို့က ဈေးပေါပေါနဲ့ ရောင်းနေမှတော့ ငါတို့က ဝယ်ရမှာပေါ့"
ကျွန်တော်တို့ အစီအစဉ်ကို အလေးအနက် စတင်ရေးဆွဲခဲ့တယ်။
နတ်မျက်စိကြောင့် အော်ဒါအမှား ဖြစ်လာလိမ့်မယ်ဆိုတာကို သိထားပေမယ့် အရေးကြီးဆုံးက အချိန်ကိုက်ဖြစ်ဖို့ပါပဲ။ ဒါဆို အချိန်ကိုက်က ဘယ်အချိန်မှာ ဖြစ်လာမှာလဲ။
တက်ဂယူက ပြောတယ်။
"ငါတို့ ကြိုပြီး အော်ဒါတင်ထားလို့ မရဘူးလား"
တိုယိုတာရှယ်ယာ ၁၄.၉၇ သန်းကို ၁ ယန်းနှုန်းနဲ့ ကြိုတင်ဝယ်ယူဖို့ အော်ဒါတင်ထားမလို့လား။
တကယ်တော့ ကျွန်တော်လည်း အဲဒီအချက်ကို ခဏလောက် တွေးမိခဲ့ပါသေးတယ်။ ဒါပေမဲ့ ပြဿနာတစ်ခု ရှိနေပါတယ်။
"ငါတို့မှာ အနာဂတ်ကို ကြိုမြင်နိုင်တဲ့ စွမ်းအားရှိပါတယ်လို့ လူသိရှင်ကြား ကြေညာချင်လို့လား"
တက်ဂယူက နားလည်သွားတဲ့ပုံနဲ့ ခေါင်းညိတ်တယ်။
"ဟုတ်သားပဲ။ အော်ဒါအမှား ဖြစ်လာတော့မယ်ဆိုတာကို ငါတို့ ကြိုသိနေသလိုမျိုး ဖြစ်သွားမှာပေါ့"
"ဒီလိုအခြေအနေမျိုးမှာတော့ အနာဂတ်ကို ကြိုမြင်တယ်လို့ ထင်မယ့်အစား အတွင်းလူတစ်ယောက်ယောက်နဲ့ ပူးပေါင်းကြံစည် တယ်လို့ ပိုသံသယဝင်ကြလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ရှောင်တာ ပိုကောင်းတယ်"
ဘယ်လိုပဲဖြစ်ဖြစ် သံသယဖြစ်စရာ အခြေအနေတွေကို တတ်နိုင်သမျှ ရှောင်ရှားရပါမယ်။ ဒါကြောင့် ကြိုတင်အော်ဒါတင်ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
"ငါတို့ တကယ့်လက်တွေ့အချိန်မှာပဲ အချိန်ကိုက်တုံ့ပြန်ရမယ်"
"အဲလိုလုပ်ဖို့ဆိုရင် အနည်းဆုံးတော့ ဖြစ်လာမယ့် အချိန်အနီးစပ်ဆုံးကို သိထားဖို့ လိုတာမလား"
အဲဒါကပဲ ပြဿနာပါ။
သစ်ပင်အောက်မှာ ထိုင်ပြီး သစ်သီးကြွေကျလာမှာကို ဒီအတိုင်း စောင့်နေလို့ မရပါဘူး။ မော်နီတာကို တစ်နေကုန် ထိုင်ကြည့်ရင်း ရက်ပေါင်းများစွာ ဒါမှမဟုတ် လပေါင်းများစွာ စောင့်နေဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။
တခြားတစ်ယောက်ယောက်ကို လွှဲပေးဖို့ကလည်း မဖြစ်နိုင်ပြန်ဘူး။
‘မကြာခင်မှာ အော်ဒါအမှားတစ်ခု ဖြစ်လာတော့မှာမလို့ တိုယိုတာရှယ်ယာ ၁၄.၉၇ သန်းကို ၁ ယန်းနှုန်းနဲ့ ဝယ်ဖို့ အဆင်သင့်ပြင်ထားပါ’ လို့ ဘယ်သူ့ကို သွားပြောလို့ ရမှာလဲ။
"မင်းမှာ အကြံရှိလား"
"ငါ အခု အချက်အလက်တွေကို ရှာကြည့်လိုက်မယ်"
ဂျပန်နိုင်ငံရဲ့ GPIF ရဲ့ ပြည်တွင်းစတော့ ရင်းနှီးမြှုပ်နှံမှု အချက်အလက်တွေကို ကျွန်တော် ရှာဖွေကြည့်လိုက်တယ်။ ဂျပန်မှာလည်း သတ်မှတ်ထားတဲ့ ပမာဏထက်ကျော်လွန်ပြီး ရှယ်ယာတွေ ပိုင်ဆိုင်လာရင် လူသိရှင်ကြား ထုတ်ပြန်ရမယ်ဆိုတဲ့ ဥပဒေရှိပါတယ်။
သူတို့ရဲ့ ဝဘ်ဆိုက်ကို ဝင်ကြည့်လိုက်ရုံနဲ့တင် GPIF က ဘယ်စတော့တွေကို ဘယ်လောက် ပမာဏ ပိုင်ဆိုင်ထားလဲဆိုတာကို အလွယ်တကူ အတည်ပြုနိုင်ပါတယ်။ လက်ရှိမှာ သူတို့ရဲ့ တိုယိုတာရှယ်ယာ ပိုင်ဆိုင်မှုက ၁၅.၂၁ သန်း ရှိနေတာပါ။
"အဲဒီထဲကမှ ရှယ်ယာ ၁၄.၉၇ သန်းကို တစ်ပြိုင်ထဲ ရောင်းချမှာလား"
အချက်အလက်တွေကို ကြည့်ရင်း ကျွန်တော် စဉ်းစားနေမိတယ်။
"သူတို့က ရူးမနေရင်... မဟုတ်သေးဘူး။ အမှားတစ်ခုခု မဟုတ်ရင်တော့ ရှယ်ယာ ၁၄.၉၇ သန်းကို တစ်ပြိုင်ထဲ ထုတ်ရောင်းဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး"
GPIF အနေနဲ့ သူတို့ပိုင်တဲ့ တိုယိုတာရှယ်ယာ အားလုံးကို ရောင်းချမှာမဟုတ်သလို ရောင်းမယ်ဆိုရင်တောင် တစ်ခါထဲနဲ့ အကုန်ပုံအောပြီး ရောင်းမှာမဟုတ်ပါဘူး။ ယန်း သိန်းပေါင်း ၂.၃ ကုဋေဖိုးရှိတဲ့ စတော့တွေကို ရှယ်ယာဈေး ထိုးမကျသွားစေဘဲ ရောင်းချဖို့ဆိုရင် အနည်းဆုံး လအတော်ကြာအောင် ခွဲပြီး ရောင်းချရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် Block deal (အဖွဲ့အစည်းအချင်းချင်း တိုက်ရိုက်လွှဲပြောင်းမှု) အနေနဲ့ လုပ်ရမှာပါ။
တစ်နည်းအားဖြင့် ပြောရရင် သူတို့က သူတို့ပိုင်ဆိုင်သမျှ ရှယ်ယာအားလုံးကို မှားယွင်းပြီး တစ်ပြိုင်ထဲ အရောင်းတင်မိတာလို့ ယူဆရမှာပါ။ ၁ ယန်းဆိုတဲ့ ဈေးနှုန်းကော၊ ရှယ်ယာ ၁၄.၉၇ သန်းဆိုတဲ့ ပမာဏကောက အဲဒီအမှားကနေ မြစ်ဖျားခံလာတာပဲ ဖြစ်ရမယ်။
"တကယ်လို့ သူတို့တွေ လက်ရှိပိုင်ဆိုင်ထားတဲ့ ရှယ်ယာအားလုံးကို မှားရောင်းတာဆိုရင် ငါတို့က ရှယ်ယာ ၁၅.၂ သန်းကျော်အထိ ဝယ်လို့ ရရမှာလေ။ ဒါဆို ဘာလို့ ဟောကိန်းမှာ ၁၄.၉၇ သန်းလို့ပဲ အတိအကျ ပြနေရတာလဲ။ ပိုဝယ်လို့ရရင် ငါတို့က ပိုဝယ်မှာပဲကို"
တက်ဂယူက ချက်ချင်း သဘောပေါက်သွားတယ်။
"ဒါဆို မင်းပြောချင်တာက အဲဒီအော်ဒါအမှား ဖြစ်လာမယ့် အနာဂတ်အချိန်မှာ သူတို့ပိုင်ဆိုင်ထားတဲ့ စုစုပေါင်း ရှယ်ယာပမာဏက ၁၄.၉၇ သန်းဝန်းကျင် ဖြစ်နေမှာမလို့လား"
"အတိအကျပဲ။ အဲဒီအချိန်ကျရင် GPIF ရဲ့ တိုယိုတာရှယ်ယာ ပိုင်ဆိုင်မှုက ၁၅ သန်းအောက်ကို ရောက်နေရမှာပဲ"
ဆိုလိုတာက GPIF ရဲ့ ထုတ်ပြန်ချက်တွေနဲ့ နီရှီဒါ စတော့ပွဲစားကုမ္ပဏီရဲ့ အရောင်းပမာဏကို စောင့်ကြည့်နေရုံနဲ့တင် အဲဒီအမှားဖြစ်လာမယ့် အချိန်အနီးစပ်ဆုံးကို ခန့်မှန်းနိုင်မှာပါ။
"အဲဒီအချိန်ဝန်းကျင်ကျမှ ငါတို့ လှုပ်ရှားရင် ရပြီမလား"
ဒီဇင်ဘာ ၃၁ ရက်။
CarOS ရဲ့ ပထမဆုံး လျှပ်စစ်ကားတွေဖြစ်တဲ့ AD3 နဲ့ AD4 တို့ကို စတင် အပ်နှံခဲ့ကြတယ်။ အဲဒီကားတွေက လက်ရှိ ဈေးကွက်ထဲမှာ အဆင့်မြင့်ဆုံး အလိုအလျောက်မောင်းနှင်မှုနည်းပညာနဲ့ အဝေးဆုံး မောင်းနှင်နိုင်တဲ့ မိုင်နှုန်းပါဝင်တဲ့ လျှပ်စစ်ကားတွေပါ။
ဝယ်ယူသူတွေက အလွန် စိတ်ကျေနပ်မှု ရှိကြပါတယ်။
ဂျပန်ဘက်ကတော့ ယိုရှီဇာဝါ မာဆာအို သေဆုံးမှုနဲ့ ပတ်သက်ပြီး အမှန်တရားကို ဖော်ထုတ်ပေးဖို့ ဆက်ပြီး ဆူဆူညံညံ လုပ်နေတုန်းပဲ ဖြစ်ပေမယ့် အမေရိကန်က အရောင်းအဝယ်တွေအပေါ် သက်ရောက်မှု မရှိခဲ့သလို အော်ဒါပယ်ဖျက်တာမျိုးလည်း မရှိခဲ့ဘူး။ အခုဆိုရင် ကားသစ်အတွက် စောင့်ဆိုင်းရမယ့်အချိန်က အနည်းဆုံး ၆ လလောက်အထိ ရှိနေပါပြီ။
တစ်ရက်အကြာမှာတော့ ပြက္ခဒိန်စာမျက်နှာဟာ အသစ်ဖြစ်သွားခဲ့ပြီး မျှော်လင့်ချက်တွေ ပြည့်နှက်နေတဲ့ နှစ်သစ်ကို ကူးပြောင်းလာခဲ့တယ်။
စီးပွားရေး အကြပ်အတည်းတွေ ရှိနေပေမယ့်လည်း လူတွေက နှစ်သစ်မှာ ကောင်းမွန်တဲ့အရာတွေ ဖြစ်လာဖို့ မျှော်လင့်တတ်ကြစမြဲပါ။ ကျွန်တော်တို့လည်း ကုမ္ပဏီရဲ့ နှစ်သစ်အစ အစည်းအဝေးကို ကျင်းပပြီး လုပ်ငန်းတွေကို စတင်ခဲ့ကြတယ်။
တောင်ကိုရီးယားနဲ့ ဂျပန်ကြား ဆက်ဆံရေးကတော့ ရေခဲမှတ်အောက်မှာပဲ ဆက်ရှိနေတုန်းပါပဲ။ အဆင့်မြင့် စီးပွားရေးဆွေးနွေးပွဲတွေကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြပြီး အရပ်ဘက် ကူးလူးဆက်ဆံရေး ပွဲလမ်းသဘင်တွေကိုလည်း ရပ်ဆိုင်းထားခဲ့ကြတယ်။ ဂျပန်ကို ပြန်သွားခဲ့တဲ့ သံအမတ်ကြီးနဲ့ ကောင်စစ်ဝန်ချုပ်တို့လည်း ကိုရီးယားကို ပြန်မလာသေးပါဘူး။
ဂျပန်က ကိုရီးယားအစိုးရအပေါ် နေ့စဉ်နဲ့အမျှ ဖိအားတွေ ပြင်းပြင်းထန်ထန် ပေးနေခဲ့တယ်။
"ဂျပန်က ဘာလို့ ဒီလောက်အထိ အော်ဟစ်နေရတာလဲ"
"ကိုရီးယားရဲ့ သြဇာအာဏာက အော်ဟစ်ရလောက်တဲ့အထိ ကြီးထွားလာလို့ပေါ့"
တကယ်လို့ ကျွန်တော်တို့က သူတို့တွေ ဂရုစိုက်စရာမလိုတဲ့ နိုင်ငံမျိုးဆိုရင် သူတို့တွေဟာ ဒီအတိုင်း လျစ်လျူရှုထားမှာပါပဲ။ ဒီလောက်အထိ ပြင်းပြင်းထန်ထန် တုံ့ပြန်နေတယ်ဆိုကတည်းက သူတို့တွေဟာ အလေးအနက် သဘောထားနေလို့ ဖြစ်ကြောင်း သိသာပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းဆိုတာ လူမိုက်ကမ္ဘာလိုမျိုးပါပဲ။ အင်အားရှိမှ လျော်ကြေးတောင်းလို့ ရတာပါ။ စစ်ရာဇဝတ်မှုတွေအတွက် နောင်တရပါတယ်လို့ စံပြအဖြစ် ပြောလေ့ရှိကြတဲ့ ဂျာမနီကိုပဲ ကြည့်ပါ။ သူတို့က ဂျူးလူမျိုးတွေအပေါ် လုပ်ခဲ့တဲ့ Holocaust အတွက် အစ္စရေးကို အပြည့်အဝ လျော်ကြေးပေးပြီး တောင်းပန်ခဲ့ကြပေမယ့် ရိုမာနီ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီးတော့ နှုတ်ဆိတ်နေခဲ့ကြတာပါ။ နမီးဘီးယားက သူတို့ရဲ့ ကိုလိုနီအုပ်ချုပ်မှုနဲ့ ပတ်သက်ပြီးတော့လည်း ဒီအတိုင်းပါပဲ။
အဓိကအနေနဲ့ ဂျပန်နိုင်ငံရေးသမားတွေကို ပိုပြီး ရဲတင်းလာစေတာက လူထုထောက်ခံမှုနှုန်းကြောင့်ပါ။
ဒီပြဿနာ ပေါ်ပေါက်လာကတည်းက တခြားသော အရှုပ်တော်ပုံတွေ အားလုံးက အလိုအလျောက် ပျောက်ကွယ်သွားခဲ့ပြီး ဝန်ကြီးချုပ် အိုကာဇာကီရဲ့ ထောက်ခံမှုနှုန်းက ၁၀ ရာခိုင်နှုန်းကျော်အထိ ခုန်တက်သွားခဲ့တယ်။
နှစ်သစ်ကူးအတွက် ကျွန်တော် အစ်မ ဟျွန်းဂျူး အိမ်မှာ ညစာစားဖို့ စီစဉ်ခဲ့တယ်။ အယ်လီလည်း ကျွန်တော်တို့နဲ့အတူ ပါဝင်ပြီး ဝိုင်ခွက်ချင်း တိုက်ခဲ့ကြတယ်။ ညစာစားလို့ ပြီးခါနီးအချိန်မှာ ကျွန်တော် အမှတ်မထင် စကားစလိုက်တယ်။
"ကျွန်တော် တိုယိုတာစတော့တချို့ ဝယ်မလို့ စဉ်းစားနေတယ်"
အစ်မ ဟျွန်းဂျူးက မျက်မှန်ကို ပင့်တင်ရင်း မေးတယ်။
"ဘယ်လောက်ဖိုးလဲ"
"လောလောဆယ်တော့ ၃ ရာခိုင်နှုန်းလောက်ပေါ့။ ပိုလည်း ပိုနိုင်တယ်"
"စီမံခန့်ခွဲမှုအာဏာကို စိန်ခေါ်မလို့လား"
ကိုရီးယား ချေဘောအုပ်စုတွေရဲ့ ရှုပ်ထွေးလှတဲ့ အပြန်အလှန် ရှယ်ယာပိုင်ဆိုင်မှု စနစ်တွေနဲ့မတူဘဲ တိုယိုတာရဲ့ စီမံခန့်ခွဲမှုပုံစံကတော့ အတော်လေး ရှင်းလင်းပါတယ်။
ကျွန်တော်တို့ ကြိုတင်စီစဉ်ထားတဲ့အတိုင်း တက်ဂယူက ဝေဝေဝါးဝါးပဲ ပြန်ဖြေလိုက်တယ်။
"Auto Alliance ကို နည်းနည်း သွားလှုပ်ခတ်မလို့ပါ။ သူတို့က ဒီဘက်ကို လာပြီး ပြဿနာရှာနေတာကို ကျွန်တော်တို့က ဒီအတိုင်း ထိုင်ကြည့်နေလို့ မရဘူးလေ"
ဝန်ကြီးချုပ် အိုကာဇာကီ ရာထူးတက်လာပြီးနောက်မှာတော့ GPIF ရဲ့ ရင်းနှီးမြှုပ်နှံမှု အရာရှိချုပ် (CIO) နေရာမှာ နာမီကီ ကိုဂျီ နဲ့ အစားထိုးခဲ့တယ်။
ဘဏ္ဍာရေး လှုံ့ဆော်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရေး ဆိုတဲ့ အိုကာဇာကီရဲ့ မူဝါဒတွေနဲ့အညီ သူက ရန်ပုံငွေတွေကို ပိုမိုပြင်းထန်တဲ့ ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာတွေဘက်ကို ဦးတည်စေခဲ့တယ်။
တစ်ဦးချင်း ရင်းနှီးမြှုပ်နှံသူတစ်ယောက်အနေနဲ့ကတော့ တက်မယ့်စတော့လို့ ထင်ရင် ကြိုက်သလို ဝယ်လို့ရပြီး စတော့တစ်ခုထဲမှာပဲ ပုံအောထားလို့ ရပါတယ်။ ဒါပေမဲ့ ရန်ပုံငွေအဖွဲ့ကြီးတွေနဲ့ ပင်စင်အဖွဲ့တွေကတော့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်းပဲ ရင်းနှီးမြှုပ်နှံရတာပါ။ ဘယ်လောက်ပဲ စတော့ဈေး တက်တော့မယ်လို့ ထင်နေပါစေ သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းထက် ပိုပြီး ပိုင်ဆိုင်ထားခွင့် မရှိပါဘူး။
လက်ရှိမှာတော့ GPIF ရဲ့ ပြည်တွင်းစတော့ ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ မော်တော်ကားကဏ္ဍက အချိုးအစား အများဆုံးဖြစ်ပြီး အဲဒီကဏ္ဍထဲမှာလည်း တိုယိုတာက ရင်းနှီးမြုတ်နှံဖို့ အလေးသာမှု အရှိဆုံး ဖြစ်နေတာပါ။
ဈေးကွက်တန်ဖိုး အမြင့်ဆုံးကုမ္ပဏီ ဖြစ်တာကြောင့် ရင်းနှီးမြုတ်နှံကြတာက မျှော်လင့်ထားနိုင်တဲ့ အချက်ဖြစ်ပေမယ့် အခုအချိန်မှာတော့ သတ်မှတ်ထားတဲ့ စည်းမျဉ်းကန့်သတ်ချက်ထက် ကျော်လွန်နေပါပြီ။ စတော့ဈေး တက်နေတဲ့အချိန်မှာတော့ ဒါကို မျက်ကွယ်ပြုထားလို့ ရနိုင်ပေမယ့် တကယ်လို့ ဈေးကျလာခဲ့ရင်တော့ ကန့်သတ်ချက်ထက် ကျော်လွန်နေတာက ကြီးမားတဲ့ ပြဿနာ ဖြစ်လာမှာပါ။
CarOS ရဲ့ ကားအသစ်တွေ အပြင်းအထန် ရောင်းချနေရတာကြောင့် အမေရိကန်ဈေးကွက်မှာ တိုယိုတာနဲ့ ဟွန်ဒါတို့ရဲ့ အရောင်းပမာဏက ကျဆင်းနေခဲ့တယ်။ ဒါက စတော့ရှယ်ယာဈေးနှုန်းတွေအပေါ် မလွဲမသွေ သက်ရောက်မှု ရှိလာမှာ ဖြစ်ပါတယ်။ ပထမသုံးလပတ် အရောင်းအချက်အလက်တွေ မထွက်လာခင်မှာ သူတို့အနေနဲ့ တိုယိုတာရှယ်ယာ ပိုင်ဆိုင်မှုတွေကို လျှော့ချဖို့ ကြိုးစားကြမှာ သေချာပါတယ်။
ကျွန်တော်တို့ မျှော်လင့်ထားတဲ့အတိုင်းပဲ GPIF က တိုယိုတာရှယ်ယာတွေကို စတင်ထုတ်ရောင်းခဲ့တယ်။ နီရှီဒါ စတော့ပွဲစားကုမ္ပဏီကတစ်ဆင့် အရောင်းအော်ဒါတွေက ပုံမှန် ထွက်ပေါ်လာခဲ့တယ်။
နောက်ဆုံးမှာတော့ GPIF ရဲ့ တိုယိုတာရှယ်ယာ ပိုင်ဆိုင်မှုက သန်း ၁၅ သန်းအောက်ကို ကျဆင်းသွားခဲ့တယ်။
"လှုပ်ရှားဖို့ အချိန်တန်ပြီ"
ကျွန်တော် ရှိသမျှ ချိန်းဆိုမှုတွေ အားလုံးကို ဖျက်သိမ်းလိုက်ပြီး ရုံးကို စောစောသွားကာ ဈေးကွက်ဖွင့်ချိန်ကို စောင့်ဆိုင်းခဲ့တယ်။ ဈေးကွက်ပိတ်တဲ့အထိ စီအီးအိုရုံးခန်းထဲကနေ အပြင်ကို တစ်ချက်မှ မထွက်ခဲ့ပါဘူး။
အရေးကြီးတဲ့ အစည်းအဝေးတွေ အားလုံးကိုတော့ စီနီယာ ဆန်းယော့ဆီ လွှဲပေးထားခဲ့တာပေါ့။
ကျွန်တော် အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားပြီး ကိန်းဂဏန်းတွေကို ရိုက်ထည့်ကာ ခလုတ်တစ်ချက် နှိပ်လိုက်ရုံနဲ့တင် အော်ဒါတင်နိုင်အောင် လုပ်ထားခဲ့တယ်။ အဲဒီအချိန်ကိုက် အခွင့်အရေးကို တစ်စက္ကန့်လေးတောင် အလွတ်မခံနိုင်လို့ပါ။
ကိုရီးယား စတော့ဈေးကွက်က မနက် ၉:၀၀ နာရီမှာ ဖွင့်ပြီး ညနေ ၃:၃၀ နာရီမှာ ပိတ်ကာ စဉ်ဆက်မပြတ် အရောင်းအဝယ် ဖြစ်တာပါ။ ဒါပေမဲ့ ဂျပန်ဈေးကွက်ကတော့ နေ့လည်စာစားချိန်မှာ တစ်နာရီကြာ ပိတ်လေ့ရှိပါတယ်။ မနက်ပိုင်းအပိုင်းက မနက် ၉:၀၀ နာရီကနေ ၁၁:၃၀ နာရီအထိဖြစ်ပြီး၊ နေ့လည်ပိုင်းအပိုင်းကတော့ နေ့လည် ၁၂:၃၀ နာရီကနေ ညနေ ၃:၀၀ နာရီအထိ ဖြစ်ပါတယ်။
နာရီက မနက် ၁၁:၃၀ ကို ပြသွားတဲ့အခါမှာတော့ မနက်ပိုင်းအပိုင်းက ပိတ်သွားခဲ့ပါပြီ။ ကျွန်တော် သက်ပြင်းတစ်ချက် ချလိုက်ပြီး မတ်တတ်ထရပ်လိုက်တယ်။ စားပွဲပေါ်မှာတော့ တက်ဂယူ မှာထားတဲ့ ပဲခေါက်ဆွဲ နဲ့ ကျန်ပုန်းခေါက်ဆွဲပြုတ်တို့ ရောက်နေပါပြီ။
အနည်းဆုံး တစ်နာရီလောက်တော့ အနားယူဖို့ အချိန်ရသွားတာက စိတ်သက်သာရာရစရာပါပဲ။
ကျွန်တော် ဆိုဖာပေါ်မှာ ထိုင်ပြီး ပဲခေါက်ဆွဲကို စားလိုက်တယ်။ မနက်ခင်းတစ်ခုလုံး မော်နီတာကိုပဲ စိုက်ကြည့်နေခဲ့ရလို့ မျက်လုံးတွေ ညောင်းညာနေပါပြီ။
"ရေသောက်လိုက်ဦး"
"ရတယ်။ မသောက်တော့ဘူး။ ခဏနေရင် သန့်စင်ခန်းဆီ ခဏခဏ မသွားချင်လို့"
တက်ဂယူက ခေါင်းညိတ်ရင်း ပြောတယ်။
"ဟား... ရေဓာတ်ပြည့်ဝနေတာက ခန္ဓာကိုယ်ကို လေးလံစေရုံပဲ ရှိတာပေါ့"
"......"
ဒါက ဘာပေါက်ကရ စကားလဲ။
တစ်ပတ် ကုန်လွန်သွားခဲ့တယ်။
မနေ့ကအထိ ထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ GPIF ရဲ့ တိုယိုတာရှယ်ယာ ပိုင်ဆိုင်မှုက ၁၄.၉၈ သန်းအထိ ကျဆင်းသွားခဲ့ပါပြီ။ ဒီနှုန်းအတိုင်းဆိုရင် နောက်ထပ် တစ်ရက် ဒါမှမဟုတ် နှစ်ရက်အတွင်းမှာ ၁၄.၉၇ သန်းအောက်ကို ရောက်သွားတော့မှာ ဖြစ်ပါတယ်။
ဒါမှမဟုတ် သူတို့က ပြန်ပြီး ဝယ်ယူကြဦးမလား။ အော်ဒါအမှားက ဘယ်အချိန်မှာ အတိအကျ ဖြစ်လာမှာလဲ။ ကျွန်တော် တစ်ခုခုကို လွတ်သွားခဲ့တာများ ရှိလား။
"ဂျင်ဟူ"
ခေါ်သံကြောင့် ကျွန်တော် အတွေးထဲကနေ ရုန်းထွက်လိုက်တဲ့ အခါမှာတော့ ကျွန်တော့်ကို ညိုမှောင်တဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေတဲ့ အယ်လီကို မြင်လိုက်ရတယ်။
အယ်လီက ကျွန်တော့်မျက်နှာကို သေချာ စိုက်ကြည့်နေတာပါ။
"ငါပြောတာကို နားထောင်နေရဲ့လား"
"ဟင်... ဆောရီး။ နင် ဘာပြောလိုက်တာလဲ"
ကျွန်တော့်အဖြေကြောင့် အယ်လီက နှုတ်ခမ်းဆူသွားတယ်။
"ဒီရက်ပိုင်း နင် ဘာဖြစ်နေတာလဲ။ ခဏခဏ ငေးငေးငေါင်ငေါင် ဖြစ်နေရင် ငါ တကယ် စိတ်ဆိုးမှာနော်"
"အာ... တောင်းပန်ပါတယ်"
ကျွန်တော် ရှယ်ယာကိစ္စကိုပဲ အာရုံရောက်နေခဲ့လို့ ရက်ပေါင်းများစွာ အိပ်ရေးမဝ ဖြစ်နေခဲ့တာပါ။ အခွင့်အရေး ရောက်လာတဲ့အချိန်မှာ တစ်ခုခု မှားယွင်းသွားမှာကို အရမ်း စိုးရိမ်နေမိလို့လေ။
"ဂျပန်ကိစ္စကြောင့် စိတ်ပူနေလို့လား"
အယ်လီရဲ့ စကားကြောင့် ကျွန်တော် လန့်သွားမိတယ်။
"ဟင်"
ကျွန်တော် ကိုယ့်ဘက်ကနေ ဟောကိန်းအကြောင်းကို မသိစိတ်ကနေ ထုတ်ပြောမိလိုက်လို့လား။
ကျွန်တော် တွေးတောနေတုန်းမှာပဲ အယ်လီက ဆက်ပြောတယ်။
"ဂျပန်နိုင်ငံရေးသမားတွေက CarOS ဆီကနေ အချက်အလက်တွေ တရားဝင် တောင်းဆိုထားတယ်လို့ ကြားတယ်။ မာဆာအို သေဆုံးမှုရဲ့ အမှန်တရားကို ဖော်ထုတ်ဖို့အတွက် ဆိုလားပဲ"
"အာ..."
"အဲဒါကို အရမ်း စိတ်မပူပါနဲ့။ အဲဒီမတော်တဆမှုက ဂျင်ဟူ ရဲ့ အပြစ်မှ မဟုတ်တာ"
"အဲ... ဒါပေါ့"
အယ်လီက ကျွန်တော့်မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်ပြီး သူ့ရဲ့ မျက်နှာကို နီးကပ်အောင် တိုးလာခဲ့တယ်။
"ကိုယ့်ကိုကိုယ် အရမ်း ဖိအားမပေးပါနဲ့။ ကျန်းမာရေးက နံပါတ်တစ်ပဲ။ ဟုတ်ပြီလား"
ကျွန်တော် အားယူပြီး ပြုံးပြလိုက်တယ်။
"အင်းပါ"