← Chapters

အခန်း ၃၁၄

Vol. 32 Ch. 314

အခန်း ၃၁၄

Vol. 32 Ch. 314

အခန်း (၃၁၄)

ဝန်ကြီးဌာနအသီးသီးက ဝန်ကြီးတွေဟာ ဝန်ကြီးချုပ်ရဲ့ တရားဝင်နေအိမ်ဆီကို အလောတကြီး ရောက်လာကြတယ်။ သူတို့ထဲမှာ ပြည်သူ့ပင်စင်ရန်ပုံငွေရဲ့ ရင်းနှီးမြှုပ်နှံမှုအကြီးအကဲ နာမီကီ ကိုဂျီ လည်း ပါတာပေါ့။

ဝန်ကြီးချုပ် အိုကာဇာကီက အော်ဟစ်ပြီး မေးလိုက်တယ်။

"ဘယ်လိုတွေဖြစ်ကုန်တာလဲ။ ဆုံးရှုံးမှုပမာဏက ဘယ်လောက်လဲ"

"အခု ဈေးကွက်ပိတ်တဲ့အချိန်ပေါက်ဈေးအရဆိုရင် ယန်း သိန်းပေါင်း ၂.၁ ကုဋေပါ"

အခန်းထဲမှာ ရုတ်တရက် တိတ်ဆိတ်သွားတယ်။

ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေဟာ ဂျပန်နိုင်ငံရဲ့ ကြီးမားလှတဲ့ ဘတ်ဂျက်ကြီးကို ကိုင်တွယ်နေရသူတွေဖြစ်ပေမဲ့ ယန်း သိန်းပေါင်း ၂ ကုဋေဆိုတာ သူတို့အတွက်တောင် တုန်လှုပ်စရာ ပမာဏကြီးပါပဲ။

ဒါက Hackခံရတာ ဒါမှမဟုတ် အကြမ်းဖက်ခံရတာမျိုး မဟုတ်ဘဲ အမှာစာမှားပြီး နှိပ်မိလို့ဖြစ်ရတဲ့ မတော်တဆမှုပါ။

ဘဏ္ဍာရေးဝန်ကြီး မတ်ဆူကာတာ ရူတာရိုက မေးတယ်။

"ပုံမှန်မဟုတ်တဲ့ အမှာစာတွေကို ထောက်လှမ်းတဲ့ စနစ်မျိုး မရှိဘူးလား"

" ဆာဗာပိုင်း ပြုပြင်ထိန်းသိမ်းမှု လုပ်နေတုန်း အမှားအယွင်းတွေ ဖြစ်မှာစိုးလို့ အဲဒီစနစ်ကို ခေတ္တပိတ်ထားခဲ့မိလို့ပါ..."

"ဆာဗာ ပြုပြင်ထိန်းသိမ်းတာ ပြီးခဲ့တဲ့လကလေ"

"အဲဒါကို ပြန်ဖွင့်ဖို့ မေ့သွားကြတယ်လို့ ပြောပါတယ်"

"ဒါဆို ခွင့်ပြုချက်အဆင့်ဆင့်မှာကော မစစ်ဆေးဘူးလား။ ဝန်ထမ်းတစ်ယောက်က မှားခဲ့ရင်တောင် အထက်လူကြီးတွေက စစ်ဆေးပြီး တားဆီးရမှာမဟုတ်ဘူးလား"

"အဲဒါကတော့..."

ဒီစနစ်က အရောင်းအဝယ်တစ်ခု မှတ်ပုံတင်လိုက်ရင် အရောင်းအဝယ် တကယ်မဖြစ်ခင် အထက်လူကြီးတွေဆီက ခွင့်ပြုချက် အဆင့်ဆင့်ကို ဖြတ်ကျော်ရအောင် လုပ်ထားတာပါ။

မူလက ငါးဆင့်ရှိတာကို ဈေးကွက်အပြောင်းအလဲတွေကို မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်အောင်ဆိုပြီး သုံးဆင့်အထိ လျှော့ချထားခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီသုံးဆင့်ကလည်း သေချာအလုပ်မလုပ်ခဲ့ပါဘူး။

ဒါက လူတစ်ယောက်လောက်ကသာ သေသေချာချာ စစ်ဆေးခဲ့ရင် ဘယ်တော့မှ မဖြစ်လာနိုင်တဲ့ မတော်တဆမှုမျိုးပါပဲ။

"အဲဒီစတော့ရှယ်ယာတွေကို ဘယ်သူတွေက ဝယ်သွားတာလဲ"

"Golden Gate က ဝယ်သွားတာကိုတော့ အတည်ပြုထားပြီးပါပြီ။ အခု ထပ်ပြီး စုံစမ်းနေပါတယ်"

ချက်ချင်းပဲ လူတိုင်း ခေါင်းထဲမှာ အတွေးတစ်ခုစီ ဝင်လာကြတယ်။

တကယ်လို့ ဂျပန်နိုင်ငံတွင်းမှာပဲ အရောင်းအဝယ်ဖြစ်ခဲ့တာဆိုရင် အဲဒီရှယ်ယာတွေကို ပြန်ဖျက်သိမ်းတာ ဒါမှမဟုတ် ပြန်ရအောင်လုပ်ဖို့ နည်းလမ်းရှိကောင်းရှိနိုင်ပေမဲ့ နိုင်ငံခြားက အခွင့်အရေးသမားတွေရဲ့ အရင်းအနှီးနဲ့ ဝယ်သွားတာဆိုရင်တော့ အခြေအနေက ထိန်းမနိုင်သိမ်းမရ ရှုပ်ထွေးကုန်တော့မှာပါ။

ကလင်။ ကလင်

နာမီကီရဲ့ ဖုန်းမြည်လာတယ်။ နိုင်ငံခြားရေးဝန်ကြီး အိုကာမိုတိုက အော်ငေါက်လိုက်တယ်။

"အစည်းအဝေးလုပ်နေတုန်း ဖုန်းကို ဘာလို့ဖွင့်ထားတာလဲ"

" နီရှီဒါ စတော့ပွဲစားကုမ္ပဏီက ဆက်တာပါ"

ဘဏ္ဍာရေးဝန်ကြီး မတ်ဆူကာတာက ပြောတယ်။

"မြန်မြန်ကိုင်လိုက်"

"ဟုတ်ကဲ့ "

နာမီကီက ဖုန်းထုတ်ပြီး ခလုတ်နှိပ်လိုက်တယ်။

"ဘာ။ အဲဒါ တကယ်ပဲလား"

သူ့မျက်နှာ ချက်ချင်း ဖြူလျော်သွားတော့တယ်။

အစိုးရအဖွဲ့အတွင်းရေးမှူးချုပ် ဟာယာရှီက အရေးတကြီးမေးတယ်။

"သူတို့ ဘာပြောလို့လဲ"

"အမှာစာက Golden Gate ရဲ့ ကိုရီးယားရုံးခွဲကနေ လာတာဖြစ်ပြီး OTK Company က ဝယ်သွားတာလို့ သိရပါတယ်"

"ဘာ။ OTK Company က ရှယ်ယာ ၁၄.၉၇ သန်းလုံးကို ယူသွားတာ ဟုတ်လား"

"ဟုတ်ပါတယ် "

လူတိုင်း မျက်နှာ ပျက်ကုန်ကြတယ်။

ဝန်ကြီးချုပ် အိုကာဇာကီဟာ ခေါင်းကို အင်မတန်ပြင်းထန်တဲ့ အရာတစ်ခုခုနဲ့ အရိုက်ခံလိုက်ရသလိုမျိုး ဆွံ့အသွားမိတယ်။

'OTK Company ဟုတ်လား။ အဲဒီ ကန်ဂျင်ဟူ လား'

ဝန်ကြီးချုပ် အိုကာဇာကီဟာ လီရွှဲ့ဝေ နဲ့ စောနလေးတင်က ပြောခဲ့တဲ့ စကားတွေကို ပြန်တွေးမိသွားတယ်။ ကန်ဂျင်ဟူနဲ့ သွားပတ်သက်ရင် ကောင်းကျိုးရှိမှာမဟုတ်ဘူးလို့ လီရွှဲ့ဝေက ပြောခဲ့တာလေ။

မကြာသေးခင်ကပဲ ဂျပန်နိုင်ငံဟာ ယိုရှီဇာဝါ မာဆာအို သေဆုံးမှုနဲ့ ပတ်သက်ပြီး ပြဿနာရှာနေခဲ့တာဖြစ်ပြီး နိုင်ငံရေးလောကကတောင် CarOS နဲ့ ကန်ဂျင်ဟူ ကို ဝေဖန် ပြစ်တင်နေခဲ့ကြတာပါ။

ဒီလိုအချိန်မျိုးမှာမှ ဒီလို ကိစ္စကြီးက ရုတ်တရက် ပေါက်ကွဲထွက်လာရစရာလား။

'ကုမ္ပဏီတွေအများကြီးထဲကမှ ဘာလို့ OTK Company ဖြစ်နေရတာလဲ'

ဂျပန်မှာ လုပ်ငန်းလည်ပတ်နေတဲ့ ကုမ္ပဏီတွေ ဒါမှမဟုတ် ဂျပန်ကုမ္ပဏီတွေနဲ့ အကြီးအကျယ် အရောင်းအဝယ်လုပ်နေတဲ့ ကုမ္ပဏီတွေဆိုရင်တော့ ဂျပန်အစိုးရရဲ့ အလိုကျအတိုင်း လိုက်လုပ်ပေးရုံကလွဲလို့ တခြားရွေးချယ်စရာ မရှိပါဘူး။

ဒါပေမဲ့ OTK Company က ဂျပန်နဲ့ ပတ်သက်မှု အလွန်နည်းပါတယ်။ ပတ်သက်တယ်လို့ ပြောနိုင်တာဆိုလို့ Faceit က ဂျပန်မှာ တရားဝင် ဝန်ဆောင်မှု ပေးနေတာပဲ ရှိတာပါ။

ဒါတင်မကသေးဘူး။ ကန်ဂျင်ဟူရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ဝါရှင်တန်နိုင်ငံရေးလောက(အမေရိကန်နိုင်ငံရေးလောက)အပေါ် သူ့ရဲ့ သြဇာလွှမ်းမိုးမှုကို ထည့်တွက်ရင် သူက ဂျပန်အစိုးရအနေနဲ့ လွယ်လွယ်နဲ့ ထိန်းချုပ်လို့ရမယ့် လူစားမျိုး မဟုတ်ပါဘူး။

ဒါက တကယ့်ကို အဆိုးရွားဆုံး အခြေအနေပါပဲ။

"Golden Gate ရဲ့ ကိုရီးယားရုံးခွဲကို ဆက်သွယ်ပြီးပြီလား"

"သူတို့က ဖောက်သည်ရဲ့ အချက်အလက်တွေကို ထုတ်ဖော်ပြောပိုင်ခွင့် မရှိဘူးလို့ ပြောပါတယ်။ ပြီးတော့ စနစ်တကျ ဖြစ်သွားတဲ့ အရောင်းအဝယ်တစ်ခုအပေါ် ကြားဝင်စွက်ဖက်ဖို့ သူတို့မှာ လုပ်ပိုင်ခွင့်မရှိဘူးလို့လည်း ဆိုပါတယ်"

"OTK Company ကကော ဘာပြောလဲ"

"ဆက်သွယ်လို့ မရပါဘူး"

သူတို့တွေ တမင်တကာ အဆက်အသွယ်မလုပ်ချင်လို့ ရှောင်နေကြတာလား။ ကန်ဂျင်ဟူက အဲဒီရှယ်ယာတွေကို ဘာလုပ်မှာပါလိမ့်။

အဲဒီရှယ်ယာတွေ တခြားနေရာကို ရောက်မသွားအောင် ဘယ်လိုနည်းနဲ့မဆို တားဆီးရပါမယ်။

ဘဏ္ဍာရေးဝန်ကြီး မတ်ဆူကာတာက မေးတယ်။

"စတော့ရှယ်ယာ အရောင်းအဝယ်ကို ခဏရပ်ဆိုင်းထားဖို့ နည်းလမ်းရှိလား"

"အဲဒါအတွက် ဥပဒေကြောင်းအရ လုပ်လို့ရတာ ဘာမှမရှိပါဘူး"

ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဖွံ့ဖြိုးပြီးနိုင်ငံတွေထက် ပိုပြီး ကြီးထွားလာနိုင်တဲ့ အလားအလာရှိသလို စတော့ရှယ်ယာကနေ ပြန်ရမယ့် အမြတ်အစွန်းကလည်း ပိုများပါတယ်။

ဒီလိုကြည့်ရင် အရင်းအနှီးတွေအားလုံးက ဖွံ့ဖြိုးဆဲနိုင်ငံတွေဆီပဲ စီးဆင်းရမှာဖြစ်ပေမဲ့ တကယ်တမ်းမှာတော့ ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်က ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ စတော့ဈေးကွက်ထဲမှာပဲ ရှိနေတာပါ။

ဘာလို့လဲဆိုတော့ ရင်းနှီးမယ့်သူတွေက အမြတ်အစွန်းထက် တည်ငြိမ်မှုကို ပိုပြီး တန်ဖိုးထားလို့လေ။ ဘာအကြောင်းပြချက်မှ မရှိဘဲ ယာယီအစီအမံတွေ လုပ်လိုက်မယ်ဆိုရင် ဂျပန်နိုင်ငံရဲ့ ငွေကြေးစနစ်တစ်ခုလုံးအပေါ် ယုံကြည်စိတ်ချရမှု ကျဆင်းသွားမှာပါ။

"Golden Gate က ကိုရီးယားကုမ္ပဏီ မဟုတ်ဘဲ အမေရိကန် ရင်းနှီးမြှုပ်နှံမှုဘဏ်ပါ။ ကျွန်တော်တို့သာ ခဏရပ်ဆိုင်းတာမျိုး လုပ်လိုက်ရင် အမေရိကန်က ကန့်ကွက်လာနိုင်တယ်"

Golden Gate က ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြုပ်နှံမှုဘဏ် ဖြစ်ပြီး အမေရိကန်ရဲ့ ငွေကြေးကုမ္ပဏီတစ်ခုပါ။ အပြည်ပြည်ဆိုင်ရာ ငွေကြေးလောကနဲ့ အမေရိကန် နိုင်ငံရေးလောကမှာ သြဇာအာဏာ အင်မတန်ကြီးမားပါတယ်။

ဒါ့အပြင် အရောင်းအဝယ်ကို ရပ်ဆိုင်းလိုက်ရင်တောင် အကောင့်ပိုင်ဆိုင်မှုကို တခြားတစ်ယောက်ဆီ လွှဲပြောင်း လိုက်တာမျိုးနဲ့ ဆင်တူတဲ့ နည်းလမ်းတွေ သုံးသွားရင် တုံ့ပြန်ဖို့ နည်းလမ်းရှိမှာမဟုတ်ပါဘူး။

နာမီကီက သတိထားပြီး ပြောလိုက်တယ်။

"မှားရောင်းလိုက်တဲ့ ရှယ်ယာတွေက ဘယ်လိုပဲဖြစ်ဖြစ် ဈေးကွက်ထဲ ပြန်ရောင်းနိုင်မယ့် ပမာဏ မဟုတ်ဘူး။ ကန်ဂျင်ဟူသာ ဆင်ခြင်တုံတရားရှိရှိ စဉ်းစားမယ်ဆိုရင် ဒါတွေကို ရမ်းသန်းပြီး ထုတ်ရောင်းရဲမှာ မဟုတ်ပါဘူး"

အခြေအနေရဲ့ ပြင်းထန်မှုကို လူတိုင်း ခံစားမိနေကြပါပြီ။ ဒီကိစ္စကို သေချာမကိုင်တွယ်နိုင်ရင် သူတို့အားလုံး ရာထူးကနေ ပြုတ်ကုန်ကြမှာပါ။

ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အဲဒီရှယ်ယာတွေကို ပြန်ရအောင် လုပ်ရပါမယ်။

ဝန်ကြီးချုပ် အိုကာဇာကီက တစ်ယောက်ထဲ ရေရွတ်သလိုမျိုး ပြောတယ်။

"အမှာစာမှားတာ ထားပါဦး။ ဘာလို့ အဲဒီလောက် အချိန်ကိုက်ကြီး ဝယ်သွားနိုင်ရတာလဲ"

'ဒါက ဒီလိုဖြစ်တော့မယ်ဆိုတာကို ကြိုတင်သိနေသလိုမျိုးပဲ'

ဘဏ္ဍာရေးဝန်ကြီး မတ်ဆူကာတာက ပြောတယ်။

"ပထမဆုံးအနေနဲ့ အရောင်းအဝယ် မှတ်တမ်းကို အရင်စုံစမ်းပါ့မယ်။ ပြီးတော့ ကိုရီးယားအစိုးရဆီကနေ ပူးပေါင်းဆောင်ရွက်ပေးဖို့ တောင်းဆိုဖို့လည်း လိုပါတယ်"

ဝန်ကြီးချုပ် အိုကာဇာကီက ခေါင်းညိတ်ပြီး အမိန့်ပေးလိုက်တယ်။

"ချက်ချင်းပဲ ကိုရီးယားနိုင်ငံဆိုင်ရာ သံအမတ်ကို သမ္မတအိမ်တော်ဆီ လွှတ်လိုက်ပါ"

"သံအမတ်က လက်ရှိ ကိုရီးယားမှာ မရှိပါဘူး"

နိုင်ငံခြားရေးဝန်ကြီး အိုကာမိုတိုရဲ့ အဖြေကြောင့် ဝန်ကြီးချုပ် အိုကာဇာကီက အော်ဟစ်လိုက်တော့တယ်။

"ကိုရီးယားနိုင်ငံဆိုင်ရာ သံအမတ်က ကိုရီးယားမှာမရှိရင် ကမ္ဘာကြီးရဲ့ ဘယ်နေရာကို ရောက်နေလို့လဲ"

သူက ထစ်ထစ်အအနဲ့ ပြန်ပြောရှာတယ်။

"တိုကျိုမှာပါ။ ဝန်ကြီးချုပ်ကိုယ်တိုင်ပဲ ကိုရီးယားကို ကန့်ကွက်တဲ့အနေနဲ့ သူ့ကို နိုင်ငံထဲ ပြန်လာဖို့ အမိန့်ပေးထားခဲ့တာ မဟုတ်လား"

"……."

အမှာစာ အမှားအယွင်းကြောင့် ဖြစ်သွားတဲ့ ရှယ်ယာအားလုံး အရောင်းအဝယ် ပြီးဆုံးသွားတဲ့အခါ တိုယိုတာ စတော့ရှယ်ယာဟာ ယန်း ၁၄၅,၀၀၀ ဝန်းကျင်မှာ ပြန်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဈေးပိတ်ချိန်မှာတော့ ယန်း ၁၄၁,၀၀၀ ဖြစ်သွားခဲ့တယ်။

Nikkeiအညွှန်းကိန်းဟာ ၁.၂၄ ရာခိုင်နှုန်း ကျဆင်းပြီး ပိတ်သွားခဲ့တယ်။ ဈေးကွက်ကတော့ ပိတ်သွားပြီဖြစ်ပေမဲ့ ပရမ်းပတာ ဖြစ်မှုတွေကတော့ အခုမှ စတော့တာပဲ။ ဥရောပ စတော့ဈေးကွက်တွေလည်း ချက်ချင်း ရိုက်ခတ်မှု ရှိလာခဲ့တယ်။

အင်တာနက်နဲ့ တီဗီတွေမှာ သတင်းထူးတွေ ချက်ချင်း တက်လာတော့တာပေါ့။

[Nikkeiအညွှန်းကိန်း ထိုးဆင်းသွားပြီ။ အကြောင်းရင်းက ဘာလဲ]

[နီရှီဒါ စတော့ပွဲစားကုမ္ပဏီမှာ အမှာစာ အမှားအယွင်း ဖြစ်ပွား]

[(သတင်းထူး) တိုယိုတာ ရှယ်ယာ ၁၅ သန်းနီးပါးကို ၁ ယန်းနဲ့ အရောင်းအဝယ်ဖြစ်သွား]

[ပြည်သူ့ပင်စင်ရန်ပုံငွေက တိုယိုတာ စတော့ရှယ်ယာ ပိုင်ဆိုင်မှုအားလုံးကို မှားပြီး ထုတ်ရောင်းမိ]

[ခန့်မှန်းခြေ ဆုံးရှုံးမှု ယန်း သိန်းပေါင်း ၂.၃ ကုဋေ]

[လက်ချောင်းအမှားကြောင့် ဖြစ်ရတဲ့ အဆိုးရွားဆုံး ဘဏ္ဍာရေး မတော်တဆမှု]

[ပြည်သူ့ပင်စင်ရန်ပုံငွေနဲ့ နီရှီဒါ စတော့ပွဲစားကုမ္ပဏီ နှစ်ဖက်စလုံးက အခုထိ ကြေညာချက် ထုတ်ပြန်ခြင်း မရှိသေး]

[ဘယ်သူ့မှာ တာဝန်ရှိသလဲ]

ဂျပန်နိုင်ငံတစ်ခုလုံး အကြီးအကျယ် တုန်လှုပ်သွားခဲ့ရတယ်။

ပြည်သူ့ပင်စင်ရန်ပုံငွေဆိုတာ ဘာလဲ။ အဲဒါက ဂျပန်တစ်နိုင်ငံလုံးက အလုပ်သမားတွေ ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းပေးသွင်းထားတဲ့ ငွေတွေကို စီမံခန့်ခွဲပေးတဲ့ ပြည်သူ့အဖွဲ့အစည်းကြီးလေ။ အခုတော့ အဲဒီနေရာမှာ မတော်တဆမှုကြီး ဖြစ်သွားပါပြီ။

ပမာဏကလည်း နင်းကန်ကိုများပြားတဲ့ ယန်း သိန်းပေါင်း ၂.၃ ကုဋေကြီးတောင်ပါ။

ဒါက အခွန်ထမ်းငွေတောင် မဟုတ်ဘဲ ပြည်သူတွေရဲ့ အငြိမ်းစားယူရင် သုံးမယ့် ရန်ပုံငွေတွေလေ။ အဲဒီလောက် များပြားလှတဲ့ ငွေပမာဏကြီးက စက္ကန့်ပိုင်းအတွင်းမှာတင် ပျောက်ကွယ်သွားခဲ့ရပါပြီ။

ကိုရီးယားမှာလည်း အလားတူပဲ အံ့အားသင့်ကုန်ကြတယ်။

– ဝိုး... ရူးစရာကြီးပဲ။

– ယန်း သိန်းပေါင်း ၂.၃ ကုဋေ အမှာစာမှားတယ် ဟုတ်လား။ အဲဒါ ဖြစ်နိုင်လို့လား။

– ဘာလို့မဖြစ်နိုင်ရမှာလဲ။ ဆိုဆောင်း အီလက်ထရောနစ် တောင် မရှိတဲ့ရှယ်ယာတွေကို ဝမ် သိန်းပေါင်း ၁၁၀ ကုဋေဖိုး ထုတ်ရောင်းခဲ့သေးတာပဲ။

– အဲဒါက တကယ်မရှိတဲ့ ရှယ်ယာတွေလေ။ ဒါက တကယ်ရှိတဲ့ ရှယ်ယာတွေကို အရောင်းအဝယ် လုပ်လိုက်တာ။

– ပထမဆုံးအနေနဲ့ ဂျပန်ပြည်သူ့ပင်စင်ရန်ပုံငွေကတော့ နစ်နာကြေး တောင်းဆိုမှာ သေချာတယ်။ ယန်း သိန်းပေါင်း ၂.၃ ကုဋေ တောင်းမှာ။

– နီရှီဒါ စတော့ပွဲစားကုမ္ပဏီမှာ အဲဒီလောက် ငွေရှိလို့လား။

– မပေးနိုင်ရင်တော့ ဒေဝါလီခံရုံပဲပေါ့။

– ဟားဟား။ သူတို့ ဘာလုပ်ကြမလဲ ကြည့်ရသေးတာပေါ့။

– ဒါနဲ့ ရှယ်ယာတွေကို ဘယ်သူ ဝယ်သွားတာလဲ။

– ပြန်တောင်းလို့ ရနိုင်ပါ့မလား။

– ဥပဒေကြောင်းအရတော့ မလွယ်ဘူး။ များသောအားဖြင့် ဒီလိုအခြေအနေမျိုးမှာ ဝယ်တဲ့သူနဲ့ ညှိနှိုင်းပြီး ပြန်တောင်းရတာလေ။

– တကယ်လို့ Albert Management လိုမျိုး အခွင့်အရေးသမား ရန်ပုံငွေအဖွဲ့တွေ ဒါမှမဟုတ် hedge fundတွေက ဝယ်သွားတာဆိုရင်တော့ မျှော်လင့်ချက် မရှိတော့ဘူး။

– ဒါက တကယ့်ကို ရယ်စရာကြီးပဲ။

ဂျပန်ဈေးကွက်ပိတ်ပြီး နာရီအနည်းငယ်အကြာ။

ကျွန်တော်တို့အားလုံး Golden Gate ကိုရီးယားရုံးခွဲက မန်နေဂျာရဲ့ အခန်းထဲကို ဆင့်ခေါ်ခြင်း ခံလိုက်ရတယ်။

ဝန်ထမ်းတွေကတော့ အိမ်ပြန်ဖို့တောင်မစဉ်းစားနိုင်ဘဲ ပျာပျာသလဲ လှုပ်ရှားနေကြတာပေါ့။ အစ်မ အိုဟျွန်းဂျူးကတော့ ပင်ပန်းနွမ်းနယ်နေတဲ့ ပုံစံနဲ့ မျက်မှောင်ကြီး ကြုတ်ထားတယ်။

အစ်မပါးစပ်ထဲမှာ စီးကရက်တစ်လိပ် ခဲထားပြီး လက်ထဲမှာတော့ မီးခြစ်တစ်လုံး ကိုင်ထားပါတယ်။ တော်သေးတာက မီးတော့ မညှိရသေးပါဘူး။

အခန်းထဲမှာ တင်းမာတဲ့ အငွေ့အသက်တွေ လွှမ်းမိုးနေပါတယ်။ တက်ဂယူက သတိထားပြီး ပြောလိုက်တယ်။

"တစ်ဆင့်ခံ ဆေးလိပ်ငွေ့က ကျွန်တော်တို့ ဂွန်နီ အတွက် မကောင်းဘူးနော်။ မမ"

"ပါးစပ်ပိတ်ထားစမ်း"

"ဟုတ်ကဲ့ "

အယ်လီက သူ့ကို နီကိုတင်း ပီကေပြားလေး သေသေချာချာ ကမ်းပေးလိုက်တယ်။

အစ်မ အိုဟျွန်းဂျူးက စီးကရက်ကို ထွေးထုတ်လိုက်ပြီး ပီကေကို ပါးစပ်ထဲ ထည့်လိုက်တယ်။ နှစ်သစ်ကူးမှာ ဆေးလိပ်ဖြတ်မယ်ဆိုတဲ့ သူ့ရဲ့ ဆုံးဖြတ်ချက် ပျက်ပြားမသွားတာ တော်သေးတာပေါ့။

"ဒါကို ငါနားလည်အောင် ရှင်းပြစမ်းပါဦး"

"အဲဒါက ဘယ်လိုဖြစ်တာလဲဆိုတော့..."

တက်ဂယူက ဆင်ခြေပေးသလိုမျိုးနဲ့ အခြေအနေကို ရှင်းပြလိုက်တယ်။

သူ ပြောပြီးသွားတဲ့အခါ အစ်မ အိုဟျွန်းဂျူးက စိတ်ညစ်ညူးတဲ့ ပုံစံနဲ့ နဖူးကို လက်ညှိုးနဲ့ ဖိထားမိတယ်။

"ဒါဆို ဂျင်ဟူ သန့်စင်ခန်းသွားတုန်း နင်က ဝယ်ဖို့အတွက် တိုယိုတာ စတော့ရှယ်ယာကို ကြည့်နေရင်း အဲဒါ တက်လာတာနဲ့ ချက်ချင်း နှိပ်လိုက်လို့ ဒီအခြေအနေ ဖြစ်သွားတာပေါ့ ဟုတ်လား"

"ဟုတ်တယ်။ အတိအကျပဲ။ မမက တကယ့်ကို ချက်ဆို နားခွက်မီးတောက်သားပဲ"

အစ်မ အိုဟျွန်းဂျူးက ပေါက်ကွဲထွက်သွားတော့တယ်။

"အဲဒါက ဖြစ်ကောဖြစ်နိုင်လို့လား"

တက်ဂယူက အမြဲတမ်း သူပဲ မတရားခံရသလို မျက်နှာပေးမျိုးနဲ့ မကျေမချမ်း ရေရွတ်တယ်။

"အဲဒါက ဖြစ်နိုင်သည်ဖြစ်စေ မဖြစ်နိုင်သည်ဖြစ်စေ အရောင်းအဝယ်က ဖြစ်သွားပြီလေ။ ကျွန်တော့်ကို ဘာလုပ်စေချင်လို့လဲ။ အမှာစာမှားတာက သူတို့လေ။ ဘာလို့ ကျွန်တော့်ကို လာအော်နေတာလဲ"

အယ်လီက ဇဝေဇဝါဖြစ်တဲ့ ပုံစံနဲ့ ပြောတယ်။

" ထူးဆန်းတယ်။ အမှာစာ အမှားအယွင်းတွေကို တားဆီးဖို့အတွက် ဘေးကင်းလုံခြုံရေး အစီအမံတွေ အများကြီး ရှိရမှာလေ"

"အဲဒါတွေက သေချာ အလုပ်မလုပ်ခဲ့ဘူးလေ။ စည်းမျဉ်းစည်းကမ်းတွေနဲ့ မူဝါဒတွေကိုသာ လိုက်နာခဲ့ရင် မတော်တဆမှုက ဘာလို့ ဖြစ်လာရမှာလဲ"

သူ ပြောတာလည်း ဟုတ်တာပဲ။

ရုတ်တရက် ကျွန်တော် စာအုပ်တစ်အုပ်ထဲမှာ ဖတ်ခဲ့ဖူးတဲ့ စကားတစ်ခွန်းကို သတိရမိသွားတယ်။

"လူတွေက မသိနားမလည်လို့ ပြဿနာဖြစ်တာမဟုတ်ဘဲ သူတို့ မသိတဲ့အရာတစ်ခုကို သိတယ်လို့ အသေအချာ ယုံကြည်နေကြလို့သာ ပြဿနာဖြစ်ရတာ"

အဲဒါကို ဘယ်သူပြောခဲ့တာပါလိမ့်။

အယ်လီ့မျက်နှာ ဝင်းပသွားပြီး ပြောတယ်။

"အား... မတ်တွန်း မဟုတ်လား။ ငါ အဲဒီစာရေးဆရာကို ကြိုက်တယ်"

ကျွန်တော် ငယ်ငယ်တုန်းက တွမ်ဆောယာရဲ့ စွန့်စားခန်းတွေနဲ့ ဟပ်ကယ်ဘယ်ရီဖင်ရဲ့ စွန့်စားခန်းတွေ ဖတ်ခဲ့ဖူးတာ သတိရမိတယ်။ ဒါနဲ့ စကားမစပ် အဲဒီစာရေးဆရာက ရွှေတွင်းတွေမှာ ရင်းနှီးမြှုပ်နှံခဲ့ဖူးပြီး ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးကာ အကြွေးတွေ အများကြီး တင်ခဲ့ဖူးတာပါ။ အဲဒီအကြွေးတွေကို ဆပ်ဖို့အတွက် စာတွေ ပြန်ရေးခဲ့ရတာလေ။

ငွေကြေးဆိုတာ တီထွင်ဖန်တီးမှုအတွက် အရေးကြီးတဲ့ မောင်းနှင်အားတစ်ခုပါပဲ။

အစ်မ အိုဟျွန်းဂျူးက ခေါင်းခါရင်း ပြောတယ်။

"ဒီလို တိုက်ဆိုင်မှုမျိုး ဘယ်လိုဖြစ်နိုင်မှာလဲ"

ကျွန်တော်က တက်ဂယူ့ပုခုံးကို ပုတ်ပေးရင်း ပြောလိုက်တယ်။

"သူ့ကံကိုက ထူးထူးခြားခြား ကောင်းလွန်းလို့ပါ"

ကျွန်တော်က ကြိုတင်နိမိတ်ကို မြင်ခဲ့တာဖြစ်ပေမဲ့ တက်ဂယူ ကံကောင်းခဲ့တာလည်း အမှန်ပါပဲ။

တန်တန်လေး ရောင်းနေတာကို ဘယ်သူက မဝယ်ဘဲ နေမှာလဲ။ တိုယိုတာ စတော့ရှယ်ယာက ၁ ယန်းနဲ့ တက်လာတဲ့အချိန်မှာ အဖွဲ့အစည်းတွေအားလုံး အမှာစာ တင်ဖို့ အလုအယက် ဖြစ်ခဲ့ကြတာပါ။

တချို့က သုညတွေ အများကြီး နှိပ်နေမိလို့ နှေးသွားခဲ့ကြပြီး တချို့ကတော့ ရှယ်ယာ ၁၀၀ ဒါမှမဟုတ် ၂၀၀ လောက် ရသွားခဲ့ကြတယ်။

အမှာစာတွေကိုတော့ ရောက်လာတဲ့ အစီအစဉ်အတိုင်း လုပ်ဆောင်ပေးတာဖြစ်ပြီး အချိန်က ၀.၀၀၀၁ စက္ကန့်လောက်ပဲ ကွာရင်တောင် ကွာခြားချက် ရှိပါတယ်။ တကယ်လို့ အမှာစာတွေက တစ်ချိန်ထဲမှာ ရောက်လာရင်တော့ ပမာဏ ပိုများတဲ့ အမှာစာကို ဦးစားပေးတာပါ။

ကျွန်တော်တို့နဲ့ တစ်ချိန်ထဲမှာ အမှာစာ တင်ခဲ့တဲ့ နေရာတွေ အများကြီး ရှိမှာ သေချာပေမဲ့ ကျွန်တော်တို့ရဲ့ ပမာဏက အများဆုံးဖြစ်နေခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ပဲ အားလုံးကို သိမ်းကျုံးယူနိုင်ခဲ့တာပါ။

"ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ငွေရခဲ့တာပဲလေ။ မကောင်းလို့လား။ စဉ်းစားကြည့်လေ။ မမရဲ့ ရှယ်ယာတန်ဖိုးလည်း မြင့်တက်သွားတာပဲကို"

အစ်မ အိုဟျွန်းဂျူးက အံ့သြမှင်တက်စွာနဲ့ တိုးတိုးလေး ရေရွတ်တယ်။

"ယန်း သိန်းပေါင်း ၂.၃ ကုဋေကြီးတောင်..."

စီးပွားရေးလောကမှာ ဒီလောက်အထိ ငွေအမြောက်အမြား ရဖို့ဆိုရင် နည်းပညာတွေ ထွင်ရမယ်၊ ရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်ရမယ်၊ စက်ရုံတွေ ဆောက်ရမယ်၊ လူတွေ ငှားရမယ်၊ ကုန်ပစ္စည်းတွေ ထုတ်လုပ်ပြီး ရောင်းချရမယ် စတာတွေကို လုပ်ရတာပါ။

ဒီလို အမြတ်အစွန်းမျိုး ရဖို့အတွက်ဆိုရင် အနည်းဆုံး နှစ်အနည်းငယ်အတွင်းမှာတင် ဝမ် သိန်းပေါင်း ၁၀၀ ကုဋေလောက် ရင်းနှီးမြှုပ်နှံထားမှ အခွင့်အရေး ရှိရုံပဲ ရှိတာလေ။

ဒါပေမဲ့ ကျွန်တော်တို့ကတော့ ယန်း ၁၄.၉၇ သန်းပဲ ရှိတဲ့ အရင်းအနှီးနဲ့ တစ်စက္ကန့်တောင် မပြည့်တဲ့ အချိန်အတွင်းမှာ ဒီငွေတွေကို ရခဲ့တာပါ။ ဒါက ငွေကြေးလောကရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားပါပဲ။

"ဒီရှယ်ယာတွေကို ဘာလုပ်ဖို့ စဉ်းစားထားလဲ"

"စဉ်းစားနေတုန်းပဲ"

အစ်မ အိုဟျွန်းဂျူးက သူ့မျက်မှန်ကို ပင့်တင်ရင်း ပြောတယ်။

"ဒါက ရှင်းနေတာပဲ။ ဂျပန်ကတော့ ငြိမ်နေမှာ မဟုတ်ဘူး။ အခုအချိန်မှာကိုပဲ အမှာစာတွေကို ဖျက်သိမ်းပြီး ရှယ်ယာတွေ ပြန်ပေးဖို့ ငါတို့ကို ဆက်တိုက် ဖိအားပေးနေကြတယ်"

စတော့ပွဲစားကုမ္ပဏီကုမ္ပဏီတွေအနေနဲ့ ဖောက်သည်ရဲ့ ပိုင်ဆိုင်မှုတွေကို ကိုယ့်သဘောအတိုင်း အလွဲသုံးစား လုပ်ပိုင်ခွင့် မရှိဘူး။ အဲလိုလုပ်ရင် တရားစွဲခံရမှာတင်မကဘဲ အလွဲသုံးစား လုပ်မိသလိုဖြစ်သွားရင် ဘယ်သူကမှ Golden Gate နဲ့ အရောင်းအဝယ် လုပ်တော့မှာမဟုတ်ပါဘူး။

"ကျွန်တော် သိပါတယ်"

ဒါက ရိုးရိုးကုမ္ပဏီတစ်ခု မဟုတ်ဘဲ ဂျပန်ပြည်သူ့ပင်စင်ရန်ပုံငွေက ပိုင်ဆိုင်တဲ့ ရှယ်ယာတွေပါ။ ဂျပန်နိုင်ငံရေးလောကကတော့ ဒီရှယ်ယာတွေကို ပြန်ရဖို့ ဘယ်လိုနည်းနဲ့မဆို ကြိုးစားကြမှာပဲလေ။

"ကျွန်တော်တို့သာ ဒါတွေကို ပြန်မပေးရင် ဂျပန်နဲ့ ရန်သူတွေ ဖြစ်ကုန်ကြမှာ မဟုတ်လား"

တက်ဂယူက ပြောတယ်။

"ငါတို့က အစတည်းက ရန်သူတွေပဲလေ"

"...အင်း။ ဟုတ်သားပဲ"

ဒီကိစ္စကြီးဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ကျွန်တော်တို့က ဂျပန်နဲ့ မကောင်းတဲ့ ဆက်ဆံရေး ရှိဖို့ ကံပါပြီးသားပါ။

အခု အရေးကြီးတာက တိုယိုတာရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းက ကျွန်တော့်လက်ထဲမှာ ရှိနေတဲ့အချက်ပါ။ ဒါကို ဘာလုပ်မလဲဆိုတာကတော့ ကျွန်တော့်အပေါ်မှာပဲ လုံးဝ မူတည်ပါတယ်။

အစ်မ အိုဟျွန်းဂျူးကို ကျွန်တော် မေးလိုက်တယ်။

"ဂျပန်ကသာ ဒီရှယ်ယာတွေကို ပြန်မရရင် ဘာဖြစ်သွားမလဲ"

အစ်မက စီးကရက်ဆီကို လက်လှမ်းမိပြန်ပေမဲ့ ရပ်လိုက်တယ်။

"နင် ဘာတွေးနေတာလဲ"

ကျွန်တော် ပြုံးရင်း ပြောလိုက်တယ်။

"ဂျပန်စကားပုံတစ်ခု ရှိတယ်လေ။ 'အဆိပ်သောက်မယ်ဆိုရင် ဗန်းထဲကဟာပါ ကုန်အောင် သောက်လိုက်' တဲ့။ ဘာပဲဖြစ်ဖြစ် ရန်သူဖြစ်ကြရမှာချင်းအတူတူ သေသေချာချာ ဖြစ်လိုက်တာက မကောင်းဘူးလား"

ကိုရီးယားနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် တာနိုကူရာ မတ်ဆူဟီရို ဟာ ကိုရီးယားနိုင်ငံထဲကို ချက်ချင်း ပြန်လည်ဝင်ရောက်လာခဲ့တယ်။ သူ ထွက်သွားတုန်းကတော့ ကန့်ကွက်ကြောင်းနဲ့ စိတ်မကောင်း ဖြစ်ရကြောင်း တခမ်းတနား လုပ်သွားခဲ့ပေမဲ့ ပြန်လာတော့ တိတ်တဆိတ်ပဲ ပြန်လာရရှာတာပါ။

သူက ဝန်ကြီးချုပ် ယူဂျောင်ဟျွန် နဲ့ ချက်ချင်းတွေ့ဆုံပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်တော့တာပေါ့။

"OTK Company က ရရှိသွားတဲ့ ရှယ်ယာတွေက အမှာစာ အမှားအယွင်းကြောင့် ဖြစ်ရတဲ့ မတော်တဆမှုရဲ့ ရလဒ်ပါ။ ပြီးတော့ အဲဒီရှယ်ယာတွေက ဂျပန်ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေလည်း ဖြစ်တယ်။ ဒါက ထင်ရှားတဲ့ အမှားအယွင်းဖြစ်တဲ့အတွက် အမှာစာကို ချက်ချင်း ဖျက်သိမ်းပြီး တိုယိုတာ ရှယ်ယာတွေကို ပြန်ပေးရပါမယ်။ ကိုရီးယား-ဂျပန် ဆက်ဆံရေး အမြန်ဆုံး ပုံမှန်ပြန်ဖြစ်လာဖို့အတွက် ကိုရီးယားအစိုးရအနေနဲ့ သင့်တော်တဲ့ အစီအမံတွေ ပြုလုပ်ပေးဖို့ တောင်းဆိုပါတယ်"

ကိုရီးယားဘက်ကသာ တောင်းဆိုတာကို မလုပ်ပေးရင် ငြိမ်ခံနေမှာမဟုတ်ဘူးလို့လည်း ခြိမ်းခြောက်ခဲ့သေးတယ်။

ဝန်ကြီးချုပ် ယူဂျောင်ဟျွန်က ငြိမ်ပြီး နားထောင်နေခဲ့ပြီး ခဏလောက် ကြာပြီးနောက်မှ ပါးစပ်ကို ဖွင့်ကာ ပြောလိုက်တယ်။

"ခင်ဗျားပြောတာကို ကျွန်တော် နားလည်ပါတယ်။ ပြီးတော့ ဂျပန်ရဲ့ အခြေအနေကိုလည်း အပြည့်အဝ ကိုယ်ချင်းစာပါတယ်"

သံအမတ် တာနိုကူရာက စိတ်သက်သာရာရသွားတဲ့ ပုံစံမျိုးနဲ့ ပြောတယ်။

"အဲလို ကြားရတာ ဝမ်းသာပါတယ်။ ဒါဆို ကိုရီးယားအစိုးရအနေနဲ့..."

ဝန်ကြီးချုပ် ယူဂျောင်ဟျွန်က သူ့စကားကို ဖြတ်လိုက်ပြီး ပြောလိုက်တော့တယ်။

"ဒါပေမဲ့ OTK Company က အမေရိကန်မှာ ရုံးချုပ်ရှိတဲ့ အမေရိကန်ကုမ္ပဏီတစ်ခုလေ။ ခင်ဗျားတို့အနေနဲ့ အမေရိကန်အစိုးရဆီ သွားပြီး ငြင်းခုံရမှာကို ဘာလို့ ဒီကို ရောက်လာပြီး လာပြောနေရတာလဲ"

"……."

All Chapters