အခန်း ၃၁၅
Vol. 32 Ch. 315
အခန်း (၃၁၅)
ဂျပန်နိုင်ငံရဲ့ ပြည်သူ့ပင်စင်ရန်ပုံငွေက ပိုင်ဆိုင်တဲ့ တိုယိုတာ ရှယ်ယာတွေဟာ နီရှီဒါ စတော့ပွဲစားကုမ္ပဏီရဲ့ အမှားအယွင်းကြောင့် တစ်စောင်ကို ၁ ယန်းနှုန်းနဲ့ အကုန်ပြောင်အောင် ရောင်းထွက်သွား ခဲ့တဲ့ ကိစ္စက တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ခံနေရပါတယ်။
တန်ဖိုးကြီး ရှယ်ယာတွေကို ၁ ယန်းနဲ့ ဝယ်ခွင့်ရသွားတဲ့ တခြားအဖွဲ့အစည်း အနည်းငယ်လည်း ရှိသေးပြီး အဲဒီအထဲက တချို့ဆိုရင် ရှယ်ယာ ရာဂဏန်းလောက်ပဲ ဝယ်နိုင်ခဲ့တာတောင် ဒေါ်လာသိန်းချီ အမြတ်ထွက်သွားကြတာပါ။
ဒါပေမဲ့ နေရာတစ်ခုထဲကတင် ရှယ်ယာ ၁၄.၉၇ သန်းလုံးကို အကုန်သိမ်းကျုံးယူသွားခဲ့တယ်။
ဒီလောက်များပြားလှတဲ့ ပမာဏကြီးကို တစ်ပြိုင်ထဲ ဘယ်သူက ဝယ်သွားနိုင်ခဲ့တာလဲ။
စတော့ဈေးကွက် ပိတ်ပြီး မကြာခင်မှာပဲ သတင်းတွေ ချက်ချင်း တက်လာတော့တယ်။
[(သတင်းထူး) တိုယိုတာ စတော့ရှယ်ယာ ၁၄.၉၇ သန်းကို OTK Company က ဝယ်ယူရရှိသွားကြောင်း ခန့်မှန်းရ]
[(အရေးပေါ်) OTK Company က ယန်း ၁၄.၉၇ သန်းထဲနဲ့ တိုယိုတာရဲ့ အကြီးဆုံး ရှယ်ယာရှင် ဖြစ်လာ]
[OTK Company ဘက်က တစ်စုံတစ်ရာ ကြေညာခြင်း မရှိသေး]
[လက်ချောင်းအမှားကြောင့် ဖြစ်ရတဲ့ မတော်တဆမှု။ နစ်နာကြေး ကိစ္စ ဘယ်လိုဖြစ်လာမလဲ]
ဒီလို အံ့အားသင့်စရာကောင်းတဲ့ သတင်းကြောင့် တစ်ကမ္ဘာလုံး မှင်တက်သွားရပြီး ဂျပန်နိုင်ငံကတော့ အကြီးအကျယ် ပရမ်းပတာ ဖြစ်ကုန်တော့တာပဲ။
-ဘာလဲ။ OTK Company က ယူသွားတာ ဟုတ်လား။
-မဖြစ်နိုင်တာ။ ဘာလို့ အဲဒီ ကိုရီးယားလူမျိုး ကန်ဂျင်ဟူ ဖြစ်နေရတာလဲ။
-ဒါက ဂျပန်ပြည်သူတွေရဲ့ သွေးတွေချွေးတွေနဲ့ ရှာထားတဲ့ ငွေတွေလေ။ ချက်ချင်း ပြန်ပေးပါ။
-တိုယိုတာအနေနဲ့ အဲဒီရှယ်ယာတွေကို ဖျက်သိမ်းပြီး ရှယ်ယာအသစ်တွေ ထပ်ထုတ်လို့ မရဘူးလား။
-အဲဒါက အဲဒီလောက် မလွယ်ဘူးလေ။ အဲလိုသာ လုပ်လို့ရရင် ဘယ်သူက စတော့ဝယ်တော့မှာလဲ။
-ဂျပန်အစိုးရအနေနဲ့ ဒီကိစ္စကို ပြတ်ပြတ်သားသား တုံ့ပြန်ရမယ်။ ပြန်မပေးရင် ကိုရီးယားနဲ့ စစ်ဖြစ်ဖို့အထိပါ ထည့်စဉ်းစားသင့်တယ်
-ဒီအခွင့်အရေးကို သုံးပြီး ငါတို့ပိုင်တဲ့ တာကီရှီးမားကျွန်းကိုပါ ပြန်သိမ်းကြရအောင်။
ကိုရီးယားနိုင်ငံတွင်းကနေလည်း အွန်လိုင်းပေါ်က ပြန်ပြီး တုံ့ပြန်ခဲ့ကြတယ်။
-အား... မိုက်လိုက်တာ။ တကယ်ကို ပါးစပ်အဟောင်းသား ဖြစ်သွားရတယ်။
-ဝါး... ကန်ဂျင်ဟူက ဂျပန်ပြည်သူ့ပင်စင်ရန်ပုံငွေဆီကနေ ယန်း သိန်းပေါင်း ၂.၃ ကုဋေဖိုး ဓားပြတိုက်လိုက်တာပဲ။
-ဟားဟား။ ငွေကြေးလောကမှာ တစ်ခုခုဖြစ်တိုင်း ကန်ဂျင်ဟူချည်းပဲ။ ဂျပန်တော့ သွားပြီ။
-ဒီလူကတော့ တကယ့်ကို ရူးစရာကြီးပဲ။ လူ မဟုတ်တော့ဘူး၊ စူပါဟီးရိုးကြီးကွ။
-ဝမ် သိန်းပေါင်း ၂၅ ကုဋေကြီးတောင်နော်။ သူ ငွေတွေ ဘယ်လောက်အထိ ထပ်ရှာဦးမှာလဲ။
-ငါ စတော့လောကထဲ ရောက်တာ အနှစ် ၂၀ ရှိပြီ၊ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး။
-ဟေ့… လူငယ်လေး... ငါ စတော့ကစားလာတာ နှစ် ၅၀ ကျော်ပြီ။ ငါလည်း ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး။
-အခု ဘာဆက်ဖြစ်မှာလဲ။ ပြန်ပေးရမှာလား။
-ဒါပေါ့ ပြန်ပေးရမှာပေါ့။ ဒါက ကန်ဂျင်ဟူက ဂျပန်ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုကို တရားမဝင် ရယူလိုက်တာနဲ့ အတူတူပဲလေ။
-ကန်ဂျင်ဟူက ဂျပန်စတော့တွေကို ဘာလို့ သွားဝယ်တာလဲ။ မြန်မြန် တောင်းပန်ပြီး ပြန်ပေးလိုက်ပါ။
-ဟုတ်တယ်။ ဒါက တရားမဝင်ဘူး၊ ဥပဒေအတိုင်း ပြန်ပေးရမယ်။
-ဟမ်... ဥပဒေအရဆိုရင် ပြန်ပေးစရာ မလိုဘူးလေ။
-ဟားဟား။ ဒါက ဂျပန်မှာ ဖြစ်တာဆိုတော့ ဂျပန်တရားရုံးချုပ်ရဲ့ စီရင်ထုံးအတိုင်းပဲ လုပ်ကြတာပေါ့။
-ရောမရောက်ရင် ရောမလိုကျင့်၊ ဂျပန်ရောက်ရင် ဂျပန်ဥပဒေအတိုင်းပဲပေါ့။
-ပုံမှန်အရောင်းအဝယ် ဖြစ်သွားတာပဲဟာကို။ ပြန်ပေးစရာ အကြောင်းမရှိဘူး။ မှားတဲ့သူမှာပဲ တာဝန်ရှိတာ။
-ဟန်ဆု စတော့ပွဲစားကုမ္ပဏီ ဒေဝါလီခံရတုန်းက အခြေအနေကို သွားသတိရမိတယ်။
-အခု ပြန်ပေးလိုက်ရင် ဂျပန်တွေ အကျင့်ပျက်ကုန်လိမ့်မယ်။
-ဂျပန်တစ်ခုထဲကို သီးသန့် မျက်နှာသာပေးလို့ မရဘူး။ ရှယ်ယာ တစ်စောင်တောင် ပြန်မပေးနိုင်ဘူးလို့ ပြောလိုက်။
တိုယိုတာ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို အလကားနီးပါး ရလိုက်တဲ့သတင်းကြောင့် တစ်ကမ္ဘာလုံး တုန်လှုပ်သွားသလို OTK Company ထဲမှာလည်း အုန်းအုန်းထကြွကုန်တော့တာပေါ့။
ကျွန်တော် အစ်မ အိုဟျွန်းဂျူးနဲ့ တွေ့ပြီး ရုံးခန်းကို ပြန်ရောက်တာနဲ့ အကြီးတန်း မန်နေဂျာ စီနီယာဆန်းယော့၊ မိုက်ကယ်လီ၊ အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန်နဲ့ အဖွဲ့ခေါင်းဆောင် ဂျောင်ကီဟုမ်တို့ အားလုံး စီအီးအိုရုံးခန်းထဲကို အလောတကြီး ပြေးဝင်လာကြတယ်။
ကျွန်တော့်ရဲ့ ရှင်းပြချက်ကို နားထောင်ပြီးတဲ့နောက် သူတို့အားလုံး ဆွံ့အပြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြပါတယ်။
ကျွန်တော်က တက်ဂယူကို လက်ညှိုးထိုးပြပြီး ပြောလိုက်တယ်။
"အထင်မမှားကြနဲ့ဦး။ ဒီတစ်ခါတော့ ကျွန်တော်လုပ်တာ မဟုတ်ဘူး။ သူလုပ်တာ”
တက်ဂယူက ခေါင်းညိတ်ရင်း ပြောတယ်။
"ဟုတ်တယ်။ ဒါက ကျွန်တော့်ရဲ့ ကျေးဇူးကြောင့်ပဲ”
အဖွဲ့ခေါင်းဆောင် ဂျောင်ကီဟုမ်ရဲ့ မျက်လုံးတွေ ဝင်းပသွားပြီး တစ်ယောက်ထဲ တိုးတိုးလေး ရေရွတ်နေတော့တယ်။
"ဒါ... ဒါကြောင့်မလို့ ဒုတိယဥက္ကဌ လို့ ခေါ်ရတာကိုး။ ကျွန်တော် တကယ်ကို လေးစားပါတယ်။ ကျွန်တော် တစ်သက်လုံး ခင်ဗျားနောက်ပဲ လိုက်ပါတော့မယ်”
အကြီးတန်း မန်နေဂျာ စီနီယာ ဆန်းယော့က မေးတယ်။
"နေရာတကာကနေ ဖုန်းတွေ ဆက်တိုက် ဝင်နေပါတယ်။ ဘာလုပ်ကြမလဲခင်ဗျာ”
သူက တခြားဝန်ထမ်းတွေ ရှိနေတဲ့အချိန်ဆိုရင် ကျွန်တော်တို့ အချင်းချင်း ရှိနေချိန်နဲ့မတူဘဲ ယဉ်ယဉ်ကျေးကျေး သုံးနှုန်းလေ့ရှိတာပါ။
"မကိုင်နဲ့။ ဖုန်းလိုင်းတွေ အကုန် ဖြုတ်ထားလိုက်”
ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဖုန်းလည်း မီးလောင်မတတ် ဆက်တိုက် မြည်နေခဲ့တာပါ။ ကျွန်တော် အမေနဲ့ ခဏပဲ စကားပြောပြီး ဖုန်းကို လုံးဝ ပိတ်ပစ်လိုက်တယ်။
တကယ့်ကို ရုန်းရင်းဆန်ခတ် ဖြစ်နေတာပါပဲ။
ကျွန်တော်က အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန်ကို ပြောလိုက်တယ်။
"အခြေအနေ ဘယ်လိုရှိလဲဆိုတာ မိနစ် ၃၀ တစ်ခါ ကျွန်တော့်ကို လာသတင်းပို့ပါ”
"ဟုတ်ကဲ့ပါ ခင်ဗျာ”
အဖွဲ့ခေါင်းဆောင်ဆိုဆန်းဝန်က ပြောရင်း မယုံနိုင်စရာ ဖြစ်ရပ်ကြောင့် ရုတ်တရက် ရယ်မောလိုက်တယ်။
"ဘာဖြစ်လို့လဲ”
"မဟုတ်ပါဘူး... စီအီးအို ပြီးခဲ့တဲ့တုန်းက ကျွန်တော့်ကို ပြောခဲ့တဲ့ စကားတစ်ခွန်းကို သွားသတိရမိလို့ပါ”
"ကျွန်တော် ဘာပြောခဲ့လို့လဲ”
"ကျွန်တော်တို့ နောင်ကျရင် လုပ်မယ့် အလုပ်တွေနဲ့ ယှဉ်လိုက်ရင် X-Cop လေလံပွဲမှာ ဒေါ်လာ ၁ သိန်းအသာနဲ့ နိုင်ခဲ့တာက ဘာမှမဟုတ်တော့ဘူးလို့ ပြောခဲ့တာလေ”
ကျွန်တော် အခုမှ သတိရတော့တယ်။
အဲဒီ X-Cop လေလံပွဲတုန်းက OTK Company က အွန်ဆောင်း မော်တာကို ဒေါ်လာ ၁ သိန်းအသာနဲ့ ဖြတ်ကျော်ပြီး စာချုပ်ချုပ်နိုင်ခဲ့တာပါ။ အဲဒီတုန်းက အွန်ဆောင်း မော်တာဘက်က လေလံဈေးနှုန်း ပေါက်ကြားသွားတယ်လို့ သံသယဝင်ခဲ့ကြပြီး အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန်ဟာ သစ္စာဖောက်တစ်ယောက်လို ဆက်ဆံခံခဲ့ရဖူးတယ်။
ကျွန်တော် သူ့ကို OTK Company ဆီ ခေါ်လာခဲ့တုန်းကလည်း သူက အတွင်းသတင်း ပေါက်ကြားအောင်လုပ်ပြီး ဆုလာဘ်အနေနဲ့ ရာထူးရသွားတာဆိုတဲ့ ကောလာဟလတွေ ခဏတဖြုတ် ထွက်ခဲ့သေးတာပေါ့။
ဒါပေမဲ့ အခုအချိန်မှာတော့ အဲဒီအကြောင်းကို ဘယ်သူမှ ပြန်မပြောကြတော့ပါဘူး။
တိုယိုတာ ရှယ်ယာ ၁၄.၉၇ သန်းကို ယန်း ၁၄.၉၇ သန်းထဲနဲ့ ဝယ်လိုက်နိုင်တဲ့ ကိစ္စနဲ့ ယှဉ်ရင် ဒေါ်လာ သန်း ၂၉၀ တန် စာချုပ်ကို ဒေါ်လာ ၁ သိန်းအသာနဲ့ ရခဲ့တာက ကလေးကစားသလို ဖြစ်သွားပါပြီ။
"ဝန်ထမ်းတွေကြားထဲမှာ အခြေအနေ ဘယ်လိုရှိလဲ”
"ဝန်ထမ်းတွေက အံ့သြနေကြသလို ဝမ်းလည်း သာနေကြပါတယ်။ ကုမ္ပဏီက ငွေအများကြီး ရတာကို မကြိုက်တဲ့ ဝန်ထမ်း မရှိဘူးလေ။ ပြီးတော့ မကြာသေးခင်က ဂျပန်က ကျွန်တော်တို့ ကုမ္ပဏီကို ခဏခဏ ပြဿနာရှာနေခဲ့တာကြောင့် ဂျပန်ကို မကျေမနပ် ဖြစ်နေကြတာလည်း ပါတာပေါ့”
သူက ရယ်မောရင်း တစ်ခုခုကို သတိရသွားတဲ့ ပုံစံနဲ့ ပြောတယ်။
"အာ... ဒါနဲ့ ရှင်ယူရီ ကော ဘယ်လိုလဲ။ အဆင်ပြေရဲ့လား”
ရှင်ယူရီက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ OTK Company ကို ဝင်လာခဲ့တာဖြစ်ပြီး အခုတော့ အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန် အောက်မှာ လုပ်ငန်းခွင်အတွေ့အကြုံတွေ သင်ယူနေတာပါ။ သူက အရမ်းအလုပ်ရှုပ်နေတာကြောင့် ရုံးခန်းမှာတောင် သူ့မျက်နှာကို မြင်ရခဲပါတယ်။
"သူ အဆင်ပြေပါတယ်။ ဒုတိယဥက္ကဋ္ဌ ရှင်ဗြောင်ဒူ ရဲ့ သွေးပါလို့ထင်တယ်၊ တော်တော်လေး စမတ်ကျတယ်။ သူ့ခြေထောက်ပေါ်သူ ရပ်တည်နိုင်အောင် ကျွန်တော် သေသေချာချာ လေ့ကျင့်ပေးနေပါတယ်”
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။
"သူ့ကို ညှာမနေနဲ့။ သေသေချာချာကို ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးလိုက်ပါ”
နောက်ပိုင်းကျရင် သူက OTK Company ရဲ့ ရင်းနှီးမြှုပ်နှံမှု အပိုင်းကို တာဝန်ယူရမယ့်သူ ဖြစ်လာမှာဆိုတော့ အခုကတည်းက သေသေချာချာ သင်ယူထားဖို့ လိုပါတယ်။
ဂျပန်နိုင်ငံရဲ့ ငွေကြေးကြီးကြပ်ရေးအဖွဲ့တွေဟာ အရောင်းအဝယ် မှတ်တမ်းတွေကို စုံစမ်းစစ်ဆေးပြီး ချက်ချင်းပဲ ခွဲခြမ်းစိတ်ဖြာမှုတွေ စတင်လုပ်ဆောင်ခဲ့ကြတယ်။
အမှာစာ အမှားအယွင်း ဖြစ်သွားတာနဲ့ တစ်ပြိုင်နက် အဖွဲ့အစည်းတွေက ရိပ်မိသွားကြပြီး ပုပ်သိုးနေတဲ့ အသားကို လုယူမယ့် လင်းတတွေလိုမျိုး ဝိုင်းအုံခဲ့ကြတာပါ။
ပထမဆုံးအနေနဲ့ ရှယ်ယာ ၂,၀၀၀ ခန့်က အရင်ဆုံး အရောင်းအဝယ် ဖြစ်သွားခဲ့ပြီး အဲဒီနောက်မှာတော့ OTK Company နဲ့ နိုမူရာ စတော့ပွဲစားကုမ္ပဏီ တို့ရဲ့ အမှာစာတွေက တစ်ချိန်ထဲနီးပါး ရောက်လာခဲ့တယ်။
OTK Company က တင်လိုက်တဲ့ အမှာစာက ရှယ်ယာ ၁၄.၉၇ သန်းဖြစ်ပြီး နိုမူရာ စတော့ပွဲစားကုမ္ပဏီက တင်လိုက်တဲ့ အမှာစာကတော့ ရှယ်ယာ ၁၀ သန်း ဖြစ်နေခဲ့တာပါ။ OTK Company ရဲ့ အမှာစာက ရှယ်ယာ ၄.၉၇ သန်း ပိုများနေတာကြောင့် အရင်ဆုံး လုပ်ဆောင်ပေးခြင်း ခံလိုက်ရပြီး နိုမူရာ စတော့ပွဲစားကုမ္ပဏီကတော့ ကျန်ရှိတဲ့ ရှယ်ယာအနည်းငယ်ကိုပဲ ရသွားခဲ့ရတယ်။
တကယ်လို့ သူတို့သာ ၀.၀၀၁ စက္ကန့်လောက် ပိုမြန်ခဲ့ရင် ဒါမှမဟုတ် သူတို့ရဲ့ အမှာစာ ပမာဏက ရှယ်ယာ ၅ သန်းလောက် ပိုများခဲ့ရင် နိုမူရာ စတော့ပွဲစားကုမ္ပဏီရဲ့ အမှာစာက အရင်ဆုံး ဖြစ်သွားမှာ သေချာပါတယ်။
အဲလိုဆိုရင်တော့ ဂျပန်အစိုးရအနေနဲ့ အမှာစာကို ပြန်ဖျက်သိမ်းပြီး အလွယ်တကူ ပြန်ရအောင် လုပ်နိုင်မှာပါ။ ဒါပေမဲ့ OTK Company ရဲ့ အမှာစာက အရင်ဆုံး ဖြစ်သွားခဲ့တာကြောင့် အခုလို ပြဿနာကြီး ဖြစ်လာရတာပေါ့။
ကျွန်တော်က နှုတ်ခမ်းသပ်ရင်း မေးလိုက်တယ်။
"မင်း တကယ်ကို ကံကောင်းတာပဲ။ အဲဒီခလုတ်ကို ဘယ်လိုတောင် မြန်မြန် နှိပ်လိုက်တာလဲ”
တက်ဂယူက စပ်ဖြဲဖြဲနဲ့ ပြောတယ်။
"ဟဲဟဲ။ ဒါက အထက်တန်းကျောင်းတုန်းကတည်းက Tekken ဂိမ်းဆော့ရင်းနဲ့ လေ့ကျင့်ထားတဲ့ မျက်စိအမြင်နဲ့ လက်ချောင်း အမြန်နှုန်းကြောင့်ပေါ့။ ခလုတ်တွေကို မြန်မြန် နှိပ်နိုင်တာက အောင်ပွဲအတွက် မရှိမဖြစ် လိုအပ်ချက်ပဲ မဟုတ်လား”
"……."
အာ... အဲဒါကြောင့်ကိုး။ ဂျပန်ဂိမ်းဆီကနေ သင်ယူခဲ့တဲ့ ကျွမ်းကျင်မှုကို ဂျပန်ကို ပြန်သုံးလိုက်တာပေါ့။
ဒါက ခလုတ်ကို ဒီအတိုင်း ရမ်းနှိပ်လိုက်တာ မဟုတ်ဘူး။ Arcadeဂိမ်းဆိုင်တွေမှာ ဒင်္ဂါးပြားတွေ အများကြီး အကုန်ခံပြီး Tekken ကစားခဲ့လို့ အခု ဝမ် သိန်းပေါင်း ၂.၃ ကုဋေ ရခဲ့တာပါ။
သူ့ကိုပဲ အပ်ထားခဲ့မိတာ တော်ပါသေးတယ်။ တကယ်လို့ ကျွန်တော်သာ အဲဒီအချိန်မှာ သန့်စင်ခန်း မသွားခဲ့ရင် ဘာဖြစ်သွားမလဲ မတွေးရဲစရာပါ။
နိုမူရာ စတော့ပွဲစားကုမ္ပဏီကတော့ ကျွန်တော်တို့ပြီးရင် ဒုတိယအများဆုံး ပမာဏကို ရခဲ့တာဖြစ်ပြီး ရှယ်ယာ ၂,၀၀၀ ခန့်ကို ဝယ်ယူနိုင်ခဲ့တယ်။
နီရှီဒါ စတော့ပွဲစားကုမ္ပဏီက တိုယိုတာ စတော့ရှယ်ယာတွေကို ဝယ်သွားတဲ့ စတော့ပွဲစားကုမ္ပဏီ ကုမ္ပဏီတွေဆီ ရှယ်ယာတွေ ပြန်ပေးဖို့ တောင်းဆိုခဲ့ကြတယ်။
နိုမူရာ စတော့ပွဲစားကုမ္ပဏီ အပါအဝင် ဂျပန်စတော့ပွဲစားကုမ္ပဏီ ကုမ္ပဏီတွေအားလုံးကတော့ ရှယ်ယာတွေကို ပြန်ပေးဖို့ သဘောတူခဲ့ကြပေမဲ့ နိုင်ငံခြား စတော့ပွဲစားကုမ္ပဏီ ကုမ္ပဏီတွေနဲ့ ရန်ပုံငွေအဖွဲ့တွေကတော့ တိတ်ဆိတ်နေခဲ့ကြပြီး တချို့ကတော့ ပြန်ပေးဖို့ ငြင်းဆန်တာလည်းရှိသလို၊ တချို့ကတော့ အဲဒီရှယ်ယာတွေကို တခြားတစ်ယောက်ဆီ ပြန်ရောင်းလိုက်ပြီဖြစ်လို့ သူတို့လက်ထဲမှာ မရှိတော့ဘူးလို့ ပြန်ဖြေခဲ့ကြတယ်။
ဘာပဲဖြစ်ဖြစ် သူတို့ ယူသွားတဲ့ ရှယ်ယာတွေက အများကြီး မဟုတ်ပါဘူး။ အဓိက အရေးကြီးတာက ကျွန်တော်တို့ပါပဲ။
နီရှီဒါ စတော့ပွဲစားကုမ္ပဏီနဲ့ ဂျပန်ပြည်သူ့ပင်စင်ရန်ပုံငွေဆီကနေ ရှယ်ယာတွေ ပြန်ပေးဖို့ တောင်းဆိုချက်တွေ ဆက်တိုက် ဝင်နေခဲ့ပါပြီ။ တချို့ကိုယ်စားလှယ်တွေဆိုရင် ကျွန်တော်တို့ ကုမ္ပဏီဆီကိုတောင် တိုက်ရိုက် ပြေးလာကြတာပါ။
သူတို့ရဲ့ ရုံးချုပ်နှစ်ခုစလုံးက အခြေအနေကတော့ ကြည့်ကောင်းနေမှာ သေချာပါတယ်။
"နီရှီဒါ စတော့ပွဲစားကုမ္ပဏီ ကော ဘာဖြစ်သွားမလဲ”
"ပြည်သူ့ပင်စင်ရန်ပုံငွေကတော့ နစ်နာကြေး တောင်းမှာ သေချာတယ်”
ဒီလိုဖြစ်သွားရတဲ့ အခြေအနေအပေါ် ပြည်သူ့ပင်စင်ရန်ပုံငွေမှာလည်း တာဝန် လုံးဝမရှိတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဓိက တာဝန်က နီရှီဒါ စတော့ပွဲစားကုမ္ပဏီမှာ ရှိတာကြောင့် သူတို့ ဖောက်သည်ရဲ့ ပိုင်ဆိုင်မှုတွေအပေါ် ဖြစ်သွားတဲ့ ဆုံးရှုံးမှုတွေကို လျော်ပေးရမှာပါ။
"သူတို့မှာ အဲဒီလောက် လျော်ပေးနိုင်တဲ့ ငွေရှိလို့လား”
"သူတို့တွေ ဒေဝါလီခံရုံပဲ ရှိတာပေါ့”
"ဝန်ထမ်းတစ်ယောက်ရဲ့ အမှားကြောင့်နဲ့ ကုမ္ပဏီတစ်ခုလုံး ဒေဝါလီခံရတာ ဟုတ်လား”
"ဒီလိုကိစ္စမျိုးတွေက တစ်ခါတလေ ဖြစ်တတ်ပါတယ်။ ဟန်ဆု စတော့ပွဲစားကုမ္ပဏီ တုန်းကလည်း ဒီအတိုင်းပဲလေ”
Barings Bank ပြိုလဲသွားတဲ့ ကိစ္စက အထင်ရှားဆုံး ဥပမာပါပဲ။
နှစ်ပေါင်း ၂၀၀ သမိုင်းကြောင်းရှိခဲ့တဲ့ ဗြိတိန်ရဲ့ ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီးဖြစ်တဲ့ ဗားရင်းဘဏ်ဟာ စင်ကာပူကုန်စည်ဒိုင်မှာ Futureနဲ့ Option အရောင်းအဝယ်ကို တာဝန်ယူခဲ့တဲ့ Nick Leeson က ဆုံးရှုံးမှုတွေ အများကြီး ဖြစ်အောင်လုပ်ပြီး ဖုံးကွယ်ထားခဲ့လို့ ဒေဝါလီခံခဲ့ရတာပါ။
Barings Bank ဆုံးရှုံးခဲ့တဲ့ ငွေပမာဏက ပေါင် ၈၃၀ သန်းတောင်ပါ။
ဒါပေမဲ့ အခု နီရှီဒါ စတော့ပွဲစားကုမ္ပဏီ ဆုံးရှုံးလိုက်ရတဲ့ ပမာဏက အဲဒါထက် ၁၀ ဆမက ပိုများပါတယ်။ ဒါက နီရှီဒါ စတော့ပွဲစားကုမ္ပဏီရဲ့ ကုမ္ပဏီတန်ဖိုးထက် နှစ်ဆမက ပိုများနေတာပါ။
"စိတ်ဝင်စားစရာ အချက်တစ်ခု ပြောပြရမလား။ ဂျပန်ပြည်သူ့ပင်စင်ရန်ပုံငွေက နီရှီဒါ စတော့ပွဲစားကုမ္ပဏီရဲ့ ဒုတိယအကြီးဆုံး ရှယ်ယာရှင် ဖြစ်နေတာ။ သူတို့က ၁၄ ရာခိုင်နှုန်း ပိုင်ထားတာလေ”
တက်ဂယူက အော်ဟစ်ပြီး ရယ်မောလိုက်တယ်။
"ဒါဆို သူတို့က နစ်နာကြေးတောင်းလို့ နီရှီဒါ စတော့ပွဲစားကုမ္ပဏီသာ ဒေဝါလီခံသွားရင် သူတို့တွေ ပိုပြီး ဆုံးရှုံးကုန်တော့မှာပေါ့”
"အတိအကျပဲ”
ကျွန်တော် ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တယ်။
ပြည်တွင်းပြည်ပက သတင်းထောက်တွေဟာ ကုမ္ပဏီရဲ့ အဝင်ဝမှာ အုပ်စုလိုက် စောင့်ဆိုင်းနေကြပြီး သတင်းထောက်ကားတွေကလည်း လမ်းတစ်လမ်းလုံးကို ပိတ်ဆို့ထားလိုက်ကြတာ အတားအဆီး တစ်ခုလိုမျိုးတောင် ဖြစ်နေပါတယ်။
သူတို့က ဝင်လာသမျှ ဝန်ထမ်းတွေကို အတင်းဆွဲပြီး အင်တာဗျူးဖို့ ကြိုးစားနေကြပါတယ်။
"အခု ကြေညာချက် ထုတ်ပြန်ဖို့ အချိန်တန်ပြီ”
ကျွန်တော် သတင်းထောက်တွေကို ကုမ္ပဏီရဲ့ ဧည့်ခန်းမထဲကို ခေါ်လိုက်တယ်။
ဝန်ထမ်းတွေက ဓာတ်ပုံရိုက်မယ့် နေရာတွေကို သတ်မှတ်ပေးလိုက်ပြီး ဂျပန်သတင်းထောက်တွေကို အရှေ့ဆုံးတန်းမှာ ထားကာ ကိုရီးယားသတင်းထောက်တွေကို အလယ်တန်း၊ နိုင်ငံခြား သတင်းထောက်တွေကိုတော့ အနောက်ဆုံးတန်းမှာ နေရာချပေးလိုက်တယ်။
သတင်းစာရှင်းလင်းပွဲအတွက် ပြင်ဆင်မှုတွေ ပြီးသွားတဲ့အခါ ကျွန်တော် ဧည့်ခန်းမထဲကို ဆင်းလာခဲ့တယ်။
ကျွန်တော် ဓာတ်လှေကားထဲကနေ ထွက်လာပြီး လျှောက်လာတာနဲ့ တစ်ပြိုင်ထဲ ကင်မရာမီးတွေ တဖျတ်ဖျတ်နဲ့ ဆက်တိုက် လင်းထိန်သွားတော့တာပဲ။ ကျွန်တော် ပြင်ဆင်ထားတဲ့ စင်မြင့်ပေါ်မှာ ရပ်ပြီး ပြောလိုက်တယ်။
"OTK Company အနေနဲ့ တိုယိုတာ စတော့ရှယ်ယာ ၁၄.၉၇ သန်းကို ဝယ်ယူရရှိခဲ့တာ အမှန်ပဲဖြစ်ကြောင်း အတည်ပြုပါတယ်”
ဒီအချိန်ကို စောင့်နေကြတဲ့အတိုင်း မေးခွန်းတွေ ချက်ချင်း ပေါက်ကွဲထွက်လာတော့တယ်။
"အဲဒီရှယ်ယာတွေကို ဝယ်ဖို့ ဘယ်လိုမျိုး ကြိုသိနေတာလဲ”
"ခင်ဗျားတို့ဆီမှာ ကြိုတင်ပြီး အတွင်းသတင်း ရထားတာမျိုး ရှိလား”
"ဝယ်ယူတဲ့ လုပ်ငန်းစဉ်မှာ တစ်စုံတစ်ရာ ပြဿနာ ရှိခဲ့လား”
"နီရှီဒါ စတော့ပွဲစားကုမ္ပဏီနဲ့ ပြည်သူ့ပင်စင်ရန်ပုံငွေဘက်က ရှယ်ယာတွေ ပြန်ပေးဖို့ တောင်းဆိုထားတာကို သိရပါတယ်။ ဘယ်တော့ ပြန်ပေးမှာလဲ”
ကျွန်တော် မေးခွန်းတွေကို ပြန်ဖြေလိုက်တယ်။
"ကျွန်တော်တို့ ဖြစ်နိုင်ခြေအားလုံးကို သေသေချာချာ သုံးသပ်နေပါတယ်”
"ဘာတွေကို သုံးသပ်ဖို့ လိုနေသေးတာလဲ”
"ပြန်မပေးဘဲ အချိန်ဆွဲနေဖို့ ကြိုးစားနေတာလား”
ဂျပန်သတင်းထောက်တွေကတော့ ဒါက မလွဲမသွေ ပြန်ပေးရမယ့် ကိစ္စတစ်ခုလိုမျိုး သတ်မှတ်ပြီး မေးခွန်းတွေ မေးနေကြတာပါ။
ဘယ်သူက ပြန်ပေးကိုပေးရမယ်လို့ သတ်မှတ်ထားလို့လဲ။
"တကယ်လို့ ကျွန်တော်က ကိုယ့်သဘောအတိုင်း ရှယ်ယာတွေကို ပြန်ပေးလိုက်လို့ တခြားရှယ်ယာရှင်တွေအပေါ် ဆုံးရှုံးမှု ဖြစ်စေခဲ့ရင် ဒါက ယုံကြည်မှု ဖောက်ဖျက်တာ ဖြစ်မှာလေ”
ကျွန်တော့်စကားကြောင့် ဂျပန်သတင်းထောက်တွေ ဆွံ့အသွား ကြတယ်။ ဘာလို့လဲဆိုတော့ တခြားရှယ်ယာရှင်ဆိုတာ လူနှစ်ယောက်ထဲ ရှိတာပါ။
NHK သတင်းထောက်တစ်ယောက်ကမေးတယ်။
"ဒါက အမှာစာ အမှားအယွင်းကြောင့် ဖြစ်ရတဲ့ မတော်တဆမှုပဲလေ။ ခင်ဗျားတို့အနေနဲ့ ပြန်ပေးရမှာ မဟုတ်ဘူးလား”
ကျွန်တော်က တည်ငြိမ်စွာနဲ့ ပြန်မေးလိုက်တယ်။
"ဒါက အမှားအယွင်းလား ဒါမှမဟုတ် ပုံမှန်အရောင်းအဝယ်လား ဆိုတာကို ဘယ်သူက ဆုံးဖြတ်မှာလဲ”
အဲဒီ NHK သတင်းထောက်က အံ့သြသွားတဲ့ ပုံစံနဲ့ ထပ်မေးတယ်။
"ဒါဆို ယန်း ၁၅၀,၀၀၀ တန်တဲ့ ရှယ်ယာကို ၁ ယန်းနဲ့ ရောင်းတာက အမှားမဟုတ်ဘူးလို့ ပြောချင်တာလား”
"အမှားဖြစ်နိုင်ခြေတော့ အများကြီး ရှိတာပေါ့”
"ဒါဆိုရင်..."
"ဒါပေမဲ့ စတော့ဈေးကွက်မှာ အမှားမလုပ်ဖူးတဲ့သူ ဘယ်သူရှိလဲ။ ဈေးနှုန်း ဒါမှမဟုတ် ပမာဏကို မှားနှိပ်မိတာ၊ အရောင်းနဲ့ အဝယ်ကို ပြောင်းပြန် နှိပ်မိတာမျိုးတွေပေါ့။ စတော့ဈေးကွက်မှာ တစ်ရက်အတွင်းမှာတင် မှားပြီး အရောင်းအဝယ်ဖြစ်သွားတဲ့ ရှယ်ယာတွေ ဘယ်လောက်တောင် များလဲ။ အဲလိုဖြစ်တိုင်း အကုန်လုံး လိုက်ပြန်ပေးနေရမယ်ဆိုရင် ပုံမှန်အရောင်းအဝယ်တွေ လုပ်လို့ရပါဦးမလား”
"OTK Company က အဲဒီအရောင်းအဝယ်ကနေ ယန်း သိန်းပေါင်း ၂.၃ ကုဋေ အမြတ်ရသွားတာလေ”
"အမြတ်ရလို့ ပြန်ပေးရမယ်ဆိုရင် ဆန့်ကျင်ဘက် အခြေအနေကို စဉ်းစားကြည့်ရအောင်။ တကယ်လို့ တိုယိုတာက မနက်ဖြန် ဒေဝါလီခံလိုက်လို့ ၁ ယန်းနဲ့ ဝယ်ထားတဲ့ ရှယ်ယာတွေက ၀ ယန်း ဖြစ်သွားရင် ခင်ဗျားတို့က OTK Company ကို ယန်း ၁၄.၉၇ သန်း ပြန်လျော်ပေးမှာလား”
"အဲဒါက ဘာမှမဆိုင်ဘူးလေ”
"ဒါဆို ဆင်ခြင်တုံတရားရှိတဲ့ စကားတစ်ခွန်း ပြောရအောင်။ ဥပမာ ကျွန်တော်က မှားပြီး ယန်း ၁၆၀,၀၀၀ နဲ့ ရှယ်ယာ ၁၄.၉၇ သန်းကို ဝယ်မိတယ် ဆိုပါစို့။ အဲဒီတော့ ကွာခြားချက်ဖြစ်တဲ့ တစ်စောင်ကို ယန်း ၁၀,၀၀၀ နှုန်းနဲ့ စုစုပေါင်း ယန်း သန်း ၁၄၉,၇၀၀ကို ပြန်တောင်းရင် ခင်ဗျားတို့ လျော်ပေးမှာလား။ ဂျပန်အစိုးရအနေနဲ့ စတော့ဈေးကွက်မှာ မှားပြီး ဈေးသက်သက်သာသာနဲ့ ရောင်းမိတဲ့သူ ဒါမှမဟုတ် ဈေးကြီးကြီးနဲ့ ဝယ်မိတဲ့သူတွေ အားလုံးကို နောင်ကျရင် လျော်ပေးပါ့မယ်လို့ ကတိပေးနိုင်မလား”
"အဲ... အဲဒါကတော့..."
နိဂုံးချုပ်ရရင် ဒါက အမှားဟုတ်လား မဟုတ်ဘူးလားဆိုတာကို ခွဲခြားဖို့ တိကျတဲ့ စံနှုန်းရှိမနေတာပါ။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကတော့ ဘယ်သူကြည့်ကြည့် အမှားဆိုတာ သိသာပါတယ်။
Sankei Shimbun သတင်းထောက်တစ်ယောက်က အော်ဟစ်လိုက်တယ်။
"ဒါက ဂျပန်ပြည်သူတွေရဲ့ အငြိမ်းစား ရန်ပုံငွေတွေဗျ။ ဒါက အမှားပဲဖြစ်ဖြစ် မဟုတ်ပဲဖြစ်ဖြစ် ဒီအတိုင်း ယူသွားတာက ခိုးယူတာ ဒါမှမဟုတ် လုယက်တာနဲ့ ဘာမှမထူးဘူး”
"OTK Company အနေနဲ့ တာဝန်ယူမှု ရှိရမယ်”
"နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း စောင့်ကြည့်နေတယ်”
"ဒီကိစ္စက ကိုရီးယား-ဂျပန် ဆက်ဆံရေးအပေါ် ဘယ်လောက်အထိ ဆိုးရွားတဲ့ သက်ရောက်မှု ရှိလာမလဲဆိုတာ ခင်ဗျားတို့ ထည့်မစဉ်းစားဘူးလား”
တခြားဂျပန်သတင်းထောက်တွေကလည်း ဝိုင်းပြီး အော်ဟစ်ကြ တာကြောင့် အဲဒီ Sankei Shimbun သတင်းထောက်က ပိုပြီး အသံကျယ်ကျယ်နဲ့ ပြောတယ်။
"ခင်ဗျားအနေနဲ့ ဂျပန်ပြည်သူတွေအပေါ် အားနာစိတ် ဒါမှမဟုတ် တောင်းပန်ချင်တဲ့ စိတ်မျိုး အနည်းငယ်မျှတောင် မရှိဘူးလား”
"တောင်းပန်ရမယ် ဟုတ်လား”
ကျွန်တော်က နားမလည်နိုင်တဲ့ ပုံစံနဲ့ ခေါင်းကို စောင်းလိုက်တယ်။
"ဂျပန်က အမှားလုပ်တာကို ကျွန်တော်က ဘာလို့ တောင်းပန်ရမှာလဲ။ လူဆိုတာ အရှက်တရား ရှိရမယ်လေ။ ကိုယ့်ရဲ့ အမှားအပေါ် ရှက်တတ်ရမယ်၊ ကတိတည်ရမယ်၊ ပြီးတော့ ဥပဒေကိုလည်း လိုက်နာရမယ်”
အဲဒီစကားကြောင့် မေးခွန်းမေးတဲ့ သတင်းထောက်ရဲ့ မျက်နှာဟာ ဒေါသကြောင့် နီမြန်းသွားတော့တယ်။
"ခင်ဗျား အခု ဂျပန်ပြည်သူတွေကို စော်ကားလိုက်တာလား”
တခြားဂျပန်သတင်းထောက်တွေလည်း တစ်ပြိုင်ထဲ ဒေါသထွက်ကုန်ကြတယ်။
"ဒါက OTK Company စီအီးအိုရဲ့ တရားဝင် သဘောထားလား”
"ခင်ဗျား အခု ဂျပန်နိုင်ငံကို စော်ကားနေတာလား”
"ခင်ဗျားရဲ့ ရိုင်းစိုင်းတဲ့ စကားတွေအတွက် ချက်ချင်း တောင်းပန်ပါ”
ကျွန်တော် ခေါင်းခါလိုက်တယ်။
"ဒါက ကျွန်တော့်ရဲ့ အမြင်မဟုတ်ပါဘူး။ ကိုရီးယားဘက်က ဟန်ဆု စတော့ပွဲစားကုမ္ပဏီ မတော်တဆမှုအတွက် နစ်နာကြေး တောင်းဆိုတုန်းက ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ဟာယာရှီ ပြောခဲ့တဲ့ စကားတွေကို ပြန်ပြောပြတာပါ”
ဒီလို အခြေအနေမျိုးမှာ အဲဒီစကားကို တစ်ခေါက်လောက် ပြန်သုံးပေးတာက အသင့်တော်ဆုံးပဲလေ။
ကျွန်တော် သတင်းထောက်တွေကို ဝေ့ကြည့်ပြီး ဆက်ပြောလိုက်တယ်။
"ဂျပန်တရားရုံးချုပ်က အမှာစာ အမှားအယွင်းကြောင့် ရရှိလာတဲ့ အမြတ်အစွန်းတွေကို ပြန်ပေးဖို့ ဒါမှမဟုတ် လျော်ပေးဖို့ မလိုဘူးလို့ အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးပြီလေ။ ပြီးတော့ အတွင်းရေးမှူးချုပ် ဟာယာရှီကလည်း ကိုရီးယားအနေနဲ့ ဂျပန်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လေးစားရမယ်လို့ ပြောခဲ့ဖူးတယ်။ ကျွန်တော်လည်း ဂျပန်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကိုပဲ လေးစားသွားပါ့မယ်။ ဒါပါပဲ”