← Chapters

အခန်း ၃၁၆

Vol. 32 Ch. 316

အခန်း ၃၁၆

Vol. 32 Ch. 316

အခန်း (၃၁၆)

ကန်ဂျင်ဟူက တိုယိုတာ ရှယ်ယာ ၁၄.၉၇ သန်းကို ပြန်ပေးဖို့ အစီအစဉ် မရှိကြောင်း လူသိရှင်ကြား ကြေညာလိုက်တယ်။

ဒါကြောင့် ဂျပန်ပြည်သူတွေဟာ အကြီးအကျယ် ဒေါသထွက်ကုန်ကြပြီး ဂျပန်အစိုးရကလည်း တုံ့ပြန်မယ့် နည်းလမ်းတွေကို အလျင်အမြန် ရှာဖွေနေရတော့တာပေါ့။ ဖြစ်လာတဲ့ ဆုံးရှုံးမှုတွေအတွက် တစ်ယောက်ယောက်ကတော့ တာဝန်ယူရမှာလေ။ တာဝန်မယူချင်ရင်တော့ အဲဒီရှယ်ယာတွေကို ပြန်ရအောင် လုပ်ဖို့ပဲ ရှိတာပါ။

ဂျပန်ဟာ သံတမန်ရေးရာ လမ်းကြောင်းအားလုံးကို အသုံးချပြီး ကိုရီးယားအစိုးရကို ဖိအားပေးလာခဲ့တယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး အိုကာမိုတိုက အခုလို ထုတ်ပြန်ချက် ထုတ်ခဲ့တယ်။

“ဂျပန်ပြည်သူတွေကို စော်ကားပြီး ဂျပန်-ကိုရီးယား ဆက်ဆံရေးကို ထိခိုက်စေတဲ့ စီအီးအို ကန်ဂျင်ဟူရဲ့ စကားတွေအပေါ် ဂျပန်အစိုးရအနေနဲ့ အပြင်းအထန် စိတ်ပျက်မိပါတယ်။ OTK Company နဲ့ ကိုရီးယားအစိုးရတို့အနေနဲ့ တာဝန်သိပြီး ရိုးသားတဲ့ တုံ့ပြန်မှုတွေကို ချက်ချင်း လုပ်ဆောင်ပေးဖို့ တိုက်တွန်းပါတယ်”

အိမ်ပြာတော် ဘက်ကလည်း ပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ ကတစ်ဆင့် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့တယ်။

“OTK Company က အမေရိကန်မှာ ရုံးချုပ်စိုက်ထားတဲ့ အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန်မှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးလုပ်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒါ့အပြင် ပုဂ္ဂလိကကုမ္ပဏီအချင်းချင်း ဖြစ်ပွားတဲ့ အငြင်းပွားမှုတွေကို တရားဥပဒေအရပဲ ဖြေရှင်းရမှာဖြစ်လို့ ကျွန်တော်တို့ အစိုးရအနေနဲ့ ဝင်ရောက်စွက်ဖက်နိုင်တဲ့ ကိစ္စမဟုတ်ပါဘူး”

တကယ်တော့ သူတို့ ကူညီချင်ရင်တောင် လုပ်ပေးနိုင်တာ ဘာမှမရှိပါဘူး။ ဒါကြောင့်ပဲ ဂျပန်အစိုးရကလည်း ဘာလုပ်ရမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ တိကျတဲ့ တောင်းဆိုချက်မျိုး မရှိဘဲ စည်းမရှိကမ်းမရှိ အတင်းအကျပ်ပဲ ဖိအားပေးနေတာပါ။

ဒီအချိန်မှာ လွတ်လပ်သောပြည်သူများပါတီက ကယ်တင်ရှင်အဖြစ် ဝင်ရောက်လာခဲ့တယ်။

မကြာသေးခင်ကမှ လွတ်လပ်သောပြည်သူများပါတီက ပါတီခေါင်းဆောင်အသစ်ကို ရွေးကောက်တင်မြှောက်ခဲ့တာပါ။ အဲဒီခေါင်းဆောင်နေရာကို ရွေးချယ်ခံလိုက်ရသူကတော့ လွှတ်တော်အမတ်သက်တမ်း ၄ ကြိမ်ရှိပြီဖြစ်တဲ့ ဝါရင့်နိုင်ငံရေးသမား ယွန်နာကျောင်း ပါ။ သမ္မတရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ပြီး သမ္မတဟောင်း ပတ်ဆီဟျွန်း ထောင်ကျသွားပြီးတဲ့နောက်မှာ ပတ်ဆီဟျွန်း လိုလားတဲ့အုပ်စုနဲ့ ဆန့်ကျင်တဲ့အုပ်စုတွေဟာ အပြင်းအထန် ပဋိပက္ခဖြစ်ခဲ့ကြပြီး အဲဒီကြားထဲကနေ ဘက်မလိုက်တဲ့ အုပ်စုဝင်တစ်ယောက်ဖြစ်တဲ့ ယွန်နာကျောင်း က အခွင့်အရေးကို အရယူကာ အာဏာရလာခဲ့တာပေါ့။

ပါတီခေါင်းဆောင် ရာထူးကို ရရှိထားတဲ့ လွှတ်တော်အမတ် ယွန်နာကျောင်းက ယုံကြည်မှုအပြည့်ရှိတဲ့ လေသံနဲ့ ဝေဖန်ပြောဆိုလိုက်တယ်။

“ဒီဖြစ်ရပ်ကြောင့် ကိုရီးယားအပေါ် နိုင်ငံတကာက ဝေဖန်ပြစ်တင်နေကြတာတွေနဲ့ ဂျပန်-ကိုရီးယား သံတမန်ရေးရာမှာ အက်ကြောင်းတွေ ဖြစ်လာတာအပေါ် ကျွန်မတို့ လွတ်လပ်သောပြည်သူများပါတီအနေနဲ့ အပြင်းအထန် စိုးရိမ်မိပါတယ်။ ဂျပန်-ကိုရီးယား ဆက်ဆံရေး ပျက်ပြားသွားရင် ကျွန်မတို့ပဲ ဆုံးရှုံးရမှာကို သတိရရပါမယ်။ အဲဒါက ဘယ်လိုငွေမျိုးလဲ။ ဂျပန်ပြည်သူတွေရဲ့ အငြိမ်းစား ရန်ပုံငွေတွေ မဟုတ်လား။ ဒါက အမှားအယွင်းကြောင့် ဖြစ်ရတဲ့ မတော်တဆမှုဖြစ်လို့ OTK Company အနေနဲ့ ရှယ်ယာတွေကို ပြန်ပေးဖို့ တာဝန်ရှိပါတယ်။ အိမ်ပြာတော်နဲ့ အာဏာရပါတီတို့အနေနဲ့ ဒါကို ဖြစ်မြောက်အောင် သင့်တော်တဲ့ အစီအမံတွေ လုပ်ဆောင်ပေးဖို့ တောင်းဆိုပါတယ်”

ယွန်နာကျောင်း ရဲ့ ထုတ်ပြန်ချက် ထွက်လာတာနဲ့ အွန်လိုင်းပေါ်မှာ အကြီးအကျယ် ဝိုင်းအုံပြောဆိုကြတော့တာပဲ။

-နာကျောင်းရေ... ဟန်ဆု စတော့ပွဲစားကုမ္ပဏီ ဒေဝါလီခံရတုန်းက ဝန်ထမ်းတွေနဲ့ ရှယ်ယာရှင်တွေ သွေးမျက်ရည်ကျနေချိန်မှာ ရှင် ဘာပြောခဲ့လဲ မှတ်မိသေးလား။

-ကျွန်တော်က ဟန်ဆု စတော့ပွဲစားကုမ္ပဏီရဲ့ အသေးစားရှယ်ယာရှင်တစ်ယောက်ပါ။ ဂျပန်တရားရုံးချုပ်က လျော်ကြေးပေးဖို့ မလိုဘူးလို့ ဆုံးဖြတ်ချက်ချပြီး နိုင်ငံရေးသစ်ပါတီ လွှတ်တော်အမတ်တွေက ဂျပန်ကို သွားရောက်ကန့်ကွက်တုန်းက ဂျပန်-ကိုရီးယား ဆက်ဆံရေးအတွက် ဂျပန်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လေးစားရမယ်လို့ ပြောခဲ့တာ လွှတ်တော်အမတ် ယွန်နာကျောင်း ပါပဲ။

-ကွန်ဆာဗေးတစ် ဖြစ်ရင်လည်း ကွန်ဆာဗေးတစ်လို ကျင့်ပါ။ ဘာလို့ ကွန်ဆာဗေးတစ်ပါတီက ဂျပန်ဘက်ကနေ ရပ်တည်ပေးနေရတာလဲ။

-ဂျပန်-ကိုရီးယား ဆက်ဆံရေး ပျက်ပြားသွားရင် ဘာလို့ ကျွန်တော်တို့ပဲ ဆုံးရှုံးရမှာလဲ။

-ဟုတ်တယ်။ အခု ကန်ဂျင်ဟူကြောင့် ကိုရီးယား-အမေရိကန် မဟာမိတ်က အရင်ကထက် ပိုတောင့်တင်းနေတာ မဟုတ်ဘူးလား။

-ဒါနဲ့ ကျွန်တော်တို့ အစိုးရ လုပ်ရမယ့် သင့်တော်တဲ့ အစီအမံဆိုတာ ဘာလဲ။ ပတ်ဆီဟျွန်း လုပ်ခဲ့သလို ကန်ဂျင်ဟူကို ဖမ်းခိုင်းတာလား။

-အေးလေ... လုပ်မှာဖြင့်လည်း လုပ်လိုက်ပါ။ ပတ်ဆီဟျွန်း ဘေးနားက အခန်းထဲမှာပဲ ထည့်ထားလိုက်။ ဒီတစ်ခါတော့ သူတို့ချင်း ပြန်သင့်မြတ်သွားအောင်လုပ်ရမယ်။

ပြည်သူတွေရဲ့ ဝေဖန်မှုတွေ ပြင်းထန်လာတာကြောင့် သတင်းထောက်တွေဟာ ပါတီရုံးချုပ်ဆီကို စုပြုံရောက်ရှိ လာခဲ့ကြတယ်။

ခေါင်းဆောင် ယွန်နာကျောင်းက ရှေ့ထွက်ပြီး ရှင်းလင်းချက် ထုတ်ခဲ့ရတာပေါ့။

“ဂျပန်နဲ့ ဆက်ဆံရေးက ကိုရီးယားရဲ့ လုံခြုံရေးအတွက် အရမ်းအရေးကြီးပါတယ်။ ကျွန်မက ဒါကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းစေချင်တဲ့ ဆန္ဒနဲ့ ပြောခဲ့တာမလို့ အထင်မမှားကြဖို့ မျှော်လင့်ပါတယ်”

သတင်းထောက်တွေက မေးခွန်းတွေ ဆက်တိုက် မေးကြပြန်တယ်။

“ဟန်ဆု စတော့ပွဲစားကုမ္ပဏီ ဒေဝါလီခံရတုန်းက ကုမ္ပဏီအချင်းချင်း ကိစ္စတွေမှာ နိုင်ငံရေးလောကက ဝင်မစွက်ဖက်သင့်ဘူးလို့ ပြောခဲ့တယ် မဟုတ်လား”

“အမှာစာ အမှားအယွင်းက ကုမ္ပဏီရဲ့ တာဝန်ဖြစ်လို့ ဂျပန်အစိုးရကို သွားရောက်ကန့်ကွက်တာတွေ ရပ်တန့်ဖို့ ပြောခဲ့တာကို မှတ်မိပါသေးလား”

“ဟန်ဆု စတော့ပွဲစားကုမ္ပဏီရဲ့ အသေးစားရှယ်ယာရှင်တွေကိုရော ဘာပြောချင်လဲ”

“OTK Company က အမေရိကန်ကုမ္ပဏီတစ်ခုပါ။ သူတို့ကို ဘယ်လို တိကျတဲ့ အစီအမံမျိုး လုပ်ခိုင်းဖို့ ပြောနေတာလဲ”

“သေသေချာချာ ရှင်းပြပေးပါ”

ခေါင်းဆောင် ယွန်နာကျောင်းက စိတ်ပျက်လက်ပျက် ဖြစ်သွားတဲ့ ပုံစံနဲ့ ပြောတယ်။

“ဟန်ဆု စတော့ပွဲစားကုမ္ပဏီ ကိစ္စကို လာပြောနေကြတာ ရှိပေမဲ့ အဲဒီနှစ်ခုက အခြေခံအားဖြင့် လုံးဝ မတူပါဘူး။ အဲဒီနှစ်ခုကို အဆင့်အတန်းတစ်ခုထဲမှာ ထားပြီး နှိုင်းယှဉ်နေရင် ခက်ပါလိမ့်မယ်”

“ဘာက ကွာခြားလို့လဲခင်ဗျာ”

“ပမာဏချင်း မတူဘူးလေ။ ဟန်ဆု စတော့ပွဲစားကုမ္ပဏီရဲ့ ဆုံးရှုံးမှုက ဝမ် သန်း ၁၂၀,၀၀၀ပဲ ရှိပေမဲ့ ဂျပန်ပြည်သူ့ပင်စင်ရန်ပုံငွေရဲ့ ဆုံးရှုံးမှုက ဝမ် သိန်းပေါင်း ၂၅ ကုဋေကြီးတောင် ရှိတာပါ။ ဒါကို ဘယ်လိုလုပ် အတူတူပဲလို့ ပြောနိုင်မှာလဲ။ တကယ်လို့ အမျိုးသားပင်စင်ရန်ပုံငွေအဖွဲ့က ပိုင်ဆိုင်တဲ့ ဆိုဆောင်း အီလက်ထရောနစ် ရှယ်ယာတွေအားလုံး ဂျပန်ကုမ္ပဏီတစ်ခုဆီ ရောက်သွားတယ်လို့ မြင်ယောင်ကြည့်ရင် ကျွန်မတို့ ပြည်သူတွေ ဘယ်လို ခံစားရမလဲ။ ရှင်တို့အနေနဲ့ သူတို့နေရာမှာ ဝင်ခံစားကြည့်ပြီး ဂျပန်ပြည်သူတွေရဲ့ ခံစားချက်ကို နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဂျပန်ပြည်သူတွေ ခံစားရမယ့် ထိတ်လန့်မှုနဲ့ စိတ်ပျက်အားငယ်မှုတွေကို စဉ်းစားပေးကြပါ”

“……”

မေးခွန်းမေးနေတဲ့ သတင်းထောက်တွေပါ ဆွံ့အသွားကြရတယ်။

-ဩော်... ဟုတ်ကဲ့ပါဗျာ။ ကိုရီးယားက ဝမ် သန်းပေါင်း ၁၂၀,၀၀၀ ဆုံးရှုံးရင်တော့ ဂျပန်က ပြန်ပေးစရာမလိုဘူး။ ဂျပန်က ဝမ် သိန်းပေါင်း ၂၅ ကုဋေ ဆုံးရှုံးရင်တော့ ကျွန်တော်တို့က မလွဲမသွေ ပြန်ပေးရမယ်ပေါ့။ အရမ်းကို အထင်ကြီးစရာကောင်းတဲ့ စကားပါပဲ။

-ဟုတ်ပါတယ်၊ ဝမ် သန်းပေါင်း ၁၂၀,၀၀၀ 'လေးတင်' ပါ။ အဲဒီ ဝမ် သန်းပေါင်း ၁၂၀,၀၀၀ကြောင့်ပဲ လူတချို့ ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးခဲ့ရပြီး တချို့ဆို ဟန်မြစ်ထဲ ခုန်ချခဲ့ကြတာကို သိရဲ့လား။

-ကိုရီးယားပြည်သူတွေရဲ့ အခြေအနေကတော့ ဘာပဲဖြစ်ဖြစ် ဂရုစိုက်စရာမလိုဘူး၊ ဂျပန်ပြည်သူတွေရဲ့ ခံစားချက်ကို နားလည်ပေးဖို့က အရေးကြီးတယ်ပေါ့လေ။ ဟားဟား။

-ဒါက ဘယ်နိုင်ငံက ပါတီလဲ။

-မျှော်လင့်ထားတဲ့အတိုင်း ဂျီယူကိုကူမင်ပါတီ (လွတ်လပ်သောပြည်သူများပါတီကို ဂျပန်သံဖြင့် လှောင်ပြောင်ခြင်း) ပီသပါပေတယ်။

-ခေါင်းဆောင် နာကျောင်း-ချန်... တကယ့်ကို ကောင်းပါတယ်။ ဂျပန်အတွက် ပိုပြီး ကြိုးစားပေးပါဦး။

-ကျွန်တော် နားမလည်နိုင်တာက အတိုက်အခံပါတီ ခေါင်းဆောင်က ဘာလို့ ဂျပန်ပြည်သူတွေရဲ့ ခံစားချက်ကို ဝင်ပြီး နားလည်ပေးနေရတာလဲ။

-ဒီမိန်းမက ကိုရီးယားရဲ့ အဓိက အတိုက်အခံပါတီ ခေါင်းဆောင် ဟုတ်ရဲ့လား။ ဂျပန်ရဲ့ အာဏာရ LDP ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူလို့ပဲ ထင်နေမိတယ်။

-ခေါင်းဆောင် ယွန်နာကျောင်းက သူ့ကိုသူ ဂျပန်လူမျိုးလို့ သတ်မှတ်ထားတာ ဖြစ်နိုင်လို့ မျိုးချစ်စိတ်ဓာတ် ပြသတာက မှန်ပါတယ်လေ။

-ငါတို့ရဲ့ ဂျပန်ဧကရာဇ်မင်းမြတ်ရဲ့ သားတော်သမီးတော်တွေကို ဘာလို့ စိတ်ဓာတ်ကျအောင် လုပ်နေကြတာလဲ။

-ဒီနှစ်လည်း ခေါင်းဆောင် လီဂျောင်ဟွန်း နဲ့အတူ ကာကွယ်ရေးတပ်ဖွဲ့ တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ဦးမှာလား။

-ဒါနဲ့ သူ့ကို ဘယ်သူက ပါတီခေါင်းဆောင်အဖြစ် ရွေးလိုက်တာလဲ။

ဟန်ဆု စတော့ပွဲစားကုမ္ပဏီ ဒေဝါလီခံရမှုကြောင့် အသေးစားရှယ်ယာရှင်တွေ အကြီးအကျယ် ဆုံးရှုံးခဲ့ရပြီး ပြည်သူအများစုကတော့ ပြောင်းလဲလိုသူဖြစ်စေ၊ ရှေးရိုးစွဲဖြစ်စေ ဂျပန်ရဲ့ မကြာသေးခင်က တင်းမာတဲ့ ရပ်တည်ချက်အပေါ် မကျေမနပ် ဖြစ်နေကြတာပါ။

ခေါင်းဆောင် ယွန်နာကျောင်းရဲ့ စကားတစ်ခွန်းကြောင့် လွတ်လပ်သောပြည်သူများပါတီရဲ့ ထောက်ခံမှုနှုန်းဟာ ၈ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့တယ်။

နီရှီဒါ စတော့ပွဲစားကုမ္ပဏီ ရဲ့ အမှာစာ အမှားအယွင်း ကိစ္စဟာ ဘဏ္ဍာရေးလောကမှာ ဖြစ်လေ့ရှိတဲ့ သာမန်မတော်တဆမှုတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဖြစ်ရပ်က ပြဿနာဖြစ်လာရတဲ့ အဓိက အကြောင်းရင်း ၃ ခု ရှိတာပါ။

ပထမက ပမာဏ အရမ်းများတာ၊ ဒုတိယက တိုယိုတာဟာ ဂျပန်ရဲ့ သင်္ကေတလို ကုမ္ပဏီတစ်ခုဖြစ်တာ၊ တတိယကတော့ ဂျပန်ပြည်သူတွေရဲ့ အငြိမ်းစား ယူမယ့် ပိုင်ဆိုင်မှုတွေ ဖြစ်နေတာတို့ပါပဲ။

ဒီအထဲမှာ အကြီးမားဆုံး ပြဿနာကတော့ နောက်ဆုံးအချက်ပါ။

ဆုံးရှုံးသွားတာက အခွန်ငွေတွေ သက်သက်ပဲဆိုရင် ဒီလောက်အထိ ပြဿနာကြီးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆုံးရှုံးသွားတာက ပြည်သူ့ပင်စင်ရန်ပုံငွေ ဖြစ်နေပါတယ်။ ပြည်သူတွေက သူတို့ရဲ့ နည်းပါးလှတဲ့ လစာထဲကနေ တစ်ပြားချင်းစီ စုဆောင်းထားခဲ့တဲ့ ငွေတွေဖြစ်ပြီး အငြိမ်းစားယူပြီးမှ ပြန်ရမယ့် ငွေတွေပါ။

ဝန်ကြီးချုပ် အိုကာဇာကီက အမေရိကန်ဆီကို တိုက်ရိုက် ဖုန်းဆက်ပြီး ပူးပေါင်းဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ ချက်ချင်းပဲ ငြင်းပယ်ခြင်း ခံလိုက်ရတယ်။

“စီအီးအိုက ကိုရီးယားလူမျိုး ဖြစ်တာကြောင့် ကိုရီးယားအစိုးရဆီပဲ စုံစမ်းပေးပါ။ ပုံမှန်အရောင်းအဝယ် ဖြစ်သွားခဲ့တာမလို့ သက်ဆိုင်သူဘက်က ရှယ်ယာတွေ ပြန်ပေးဖို့ ဆန္ဒမရှိမချင်း ဘာမှလုပ်လို့ မရပါဘူး”

ဂျပန်ရဲ့ ကွန်ရက်တွေက ဝါရှင်တန် နိုင်ငံရေးလောကအထိ ပျံ့နှံ့နေပြီး သူတို့ရဲ့ လော်ဘီလုပ်နိုင်စွမ်းကလည်း အားကောင်းလှပါတယ်။ ပုံမှန်အခြေအနေဆိုရင် အမေရိကန်က ဂျပန်ဘက်က ရပ်တည်ပေးမှာ ဖြစ်ပေမဲ့ ဒီတစ်ကြိမ်မှာတော့ ပြိုင်ဘက်က မလွယ်တဲ့သူ ဖြစ်နေတာလေ။

ကန်ဂျင်ဟူက အမေရိကန်ကို အကြပ်အတည်းထဲကနေ ကယ်တင်ပေးခဲ့တဲ့ သူရဲကောင်းတစ်ယောက်ပါ။

ဒါကြောင့် အမေရိကန်က နိုင်ငံရေးသမားတွေဟာ ဒီမိုကရက်ဖြစ်စေ၊ ရီပတ်ဘလစ်ကန်ဖြစ်စေ အားလုံးက ကန်ဂျင်ဟူအပေါ် ကျေးဇူးတင်စိတ် ရှိနေကြပါတယ်။

ဂျပန်အစိုးရက တာဝန်တွေကို ကိုရီးယားအစိုးရနဲ့ OTK Company ဆီ လွှဲချဖို့ ကြိုးစားပြီး ကိုရီးယား ဆန့်ကျင်ရေး စိတ်ဓာတ်တွေကို တတ်နိုင်သမျှ လှုံ့ဆော်ခဲ့တယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံတွင်းမှာတော့ အစိုးရရဲ့ တာဝန်ပျက်ကွက်မှုအပေါ် ဝေဖန်မှုတွေလည်း တရဟော ထွက်ပေါ်လာခဲ့တယ်။

ပြည်သူတွေရဲ့ ဝေဖန်မှုကို ငြိမ်းအေးစေဖို့အတွက် ဘဏ္ဍာရေးဝန်ကြီး မတ်ဆူကာတာက တိုက်ရိုက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တယ်။

ဘဏ္ဍာရေးဝန်ကြီး မတ်ဆူကာတာက သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ပြန်လည်ဖြေကြားရာမှာ ဂျပန်အစိုးရအနေနဲ့ ရှယ်ယာတွေ ပြန်ရဖို့ အစွမ်းကုန် ကြိုးစားနေကြောင်းနဲ့ အမှာစာ အမှားအယွင်းကို အသုံးချပြီး ရှယ်ယာတွေကို ရယူကာ ပြန်မပေးတဲ့ OTK Company နဲ့ ကန်ဂျင်ဟူမှာပဲ အပြစ်ရှိကြောင်း အလေးပေး ပြောကြားခဲ့တယ်။

“ပြည်သူ့ပင်စင်ရန်ပုံငွေရဲ့ လုပ်ငန်းလည်ပတ်မှု စနစ်ပိုင်းမှာပဲ ပြဿနာ ရှိခဲ့တာလား”

“ရှယ်ယာတွေ ပြန်ရဖို့ အစီအမံတွေ ရှိပါသလား”

“တိုယိုတာ ရှယ်ယာရှင်တွေ စိုးရိမ်နေကြပါတယ်”

“နီရှီဒါ စတော့ပွဲစားကုမ္ပဏီရဲ့ အမှာစာ အမှားအယွင်း ဖြစ်ရတဲ့ အကြောင်းရင်းက ဘာလဲ”

“ပြည်သူ့ပင်စင်ရန်ပုံငွေရဲ့ ဆုံးရှုံးမှုအတွက် ဘယ်သူက ဘယ်လို တာဝန်ယူမှာလဲ”

“ခင်ဗျားတို့ရဲ့ တုံ့ပြန်မယ့် နည်းလမ်းတွေကို ပြောပြပေးပါ”

သတင်းထောက်တွေရဲ့ မေးခွန်းတွေနဲ့ စုံစမ်းမှုတွေအပေါ် ဝန်ကြီး မတ်ဆူကာတာက မကျေမနပ် ဖြစ်နေတဲ့ ပုံစံနဲ့ ပြောလိုက်တယ်။

“အခု ဆုံးရှုံးသွားတဲ့ ပမာဏက စုစုပေါင်း လည်ပတ်ငွေရဲ့ ၁.၅ ရာခိုင်နှုန်းတောင် မရှိပါဘူး။ ယန်း ၁ သန်းထဲကနေ ယန်း ၁၅,၀၀၀ လောက်ပဲ ဆုံးရှုံးလိုက်ရသလိုမျိုးပါ။ ဒီလောက် ဆုံးရှုံးမှုက ဈေးကွက်အခြေအနေအရ ဘယ်အချိန်မဆို ဖြစ်လာနိုင်ပြီး နောင်ကျရင် သေသေချာချာ စီမံခန့်ခွဲသွားရင် ပြန်ပြီး ရှာနိုင်ပါတယ်။ ဒါကြောင့် ပြည်သူတွေကို မလိုအပ်ဘဲ စိုးရိမ်စိတ် တိုးပွားစေမယ့် သတင်းထုတ်ပြန်မှုတွေကို ဆင်ခြင်ပေးကြပါ”

ယန်း ၁ သန်းထဲက ယန်း ၁၅,၀၀၀ ဆုံးရှုံးတာနဲ့ ဝမ် သိန်းပေါင်း ၁၅၀ ကုဋေထဲက ဝမ် သိန်းပေါင်း ၂.၃ ကုဋေ ဆုံးရှုံးတာက ရာခိုင်နှုန်းအရဆိုရင် အတူတူပါပဲ။ ဒါပေမဲ့ အဲဒီနှစ်ခုက လုံးဝ ခြားနားပါတယ်။

ဘာလို့လဲဆိုတော့ ပကတိ ပမာဏချင်း ကွာခြားမှုက မိုးထိအောင် ကွာခြားနေလို့ပါ။ ဒါကြောင့်လည်း လည်ပတ်မှု ပမာဏကြီးမားတဲ့ ပင်စင်ရန်ပုံငွေအဖွဲ့တွေဟာ ၀.၀၁ ရာခိုင်နှုန်းသော အမြတ်အတွက်တောင် အသည်းအသန် ကြိုးစားနေကြရတာလေ။

ပြည်သူတွေရဲ့ အငြိမ်းစား ရန်ပုံငွေ ဝမ် သိန်းပေါင်း ၂.၃ ကုဋေ ဆုံးရှုံးသွားပြီးတဲ့နောက်မှာ သူက အဲလို စကားမျိုး မပြောသင့်တာပါ။

သတင်းစာရှင်းလင်းပွဲကို ကြည့်နေခဲ့ကြတဲ့ ဂျပန်ပြည်သူတွေဟာ တကယ့်ကို ပေါက်ကွဲကုန်ကြတော့တယ်။

-ချီး... သူက ပြည်သူတွေကို ငတုံးတွေလို့ ထင်နေတာလား။

-အဲဒီလောက် ငွေအနည်းငယ်လေးဆိုရင် မင်းဘာသာမင်း ရှာပြီး ပြန်လျော်ပေးလိုက်လေ။

-တာဝန်ယူပြီး ဟာရာကီရီ (ဝမ်းဗိုက်ကို ဓားဖြင့်ခွဲ၍ ကိုယ့်ကိုကိုယ် သတ်သေခြင်း) လုပ်လိုက်စမ်းပါ။

-နီရှီဒါ စတော့ပွဲစားကုမ္ပဏီနဲ့ LDP ပါတီကြားထဲမှာ ဘယ်လို အရောင်းအဝယ်တွေ ရှိခဲ့လဲဆိုတာ ဖွင့်ချပေးပါ။

-ငါ့ငွေတွေ ပြန်ပေး။ မအေဘေးတွေ။

-LDP လွှတ်တော်အမတ်တွေရဲ့ လစာအားလုံးကို ချက်ချင်း သိမ်းဆည်းပေးပါ။

-သေလိုက်ကြစမ်း။ သေလိုက်ကြတော့။

ကိုရီးယားနဲ့ ဂျပန် နှစ်နိုင်ငံစလုံးရဲ့ ပြည်သူ့သဘောထားတွေ လှုပ်ခတ်နေချိန်မှာပဲ ဒီလိုအချိန်မျိုးဆိုရင် ပေါ်လာလေ့ရှိတဲ့ ကွန်ဆာဗေးတစ်အုပ်စုတွေဟာလည်း ထကြွလာခဲ့ကြတယ်။

ကုမ္ပဏီအရှေ့မှာ ဆန္ဒပြပွဲတစ်ခုဖြစ်နေခဲ့တာ တော်တော်လေး ကြာလာခဲ့ပါပြီ။ လေထဲမှာတော့ ကိုရီးယားအလံ၊ အမေရိကန်အလံနဲ့ ဂျပန်စစ်တပ်အလံတို့ဟာ တဖျတ်ဖျတ် လွင့်ပျံနေခဲ့ကြတယ်။

“ကိုရီးယား-အမေရိကန်-ဂျပန် မဟာမိတ်ကို ပျက်ပြားအောင်လုပ်တဲ့ ကန်ဂျင်ဟူကို အပြစ်ပေးကြ”

“ဂျပန်နဲ့ မဟာမိတ် ပျက်သွားရင် မြောက်ကိုရီးယားက ကျူးကျော်လာလိမ့်မယ်”

“သမ္မတ ပတ်ဆီဟျွန်း ကို ချက်ချင်း လွှတ်ပေးပါ”

“ဘဏ္ဍာရေး ရာဇဝတ်ကောင် ကန်ဂျင်ဟူကို ဖမ်းဆီးပါ”

“လောဘသား... ရာထူးကနေဆင်းပေးစမ်း”

“ရှယ်ယာတွေကို ပြန်ပေးလိုက်စမ်း။ မအေဘေး”

လူပေါင်း ၃၀၀ ခန့် စုဝေးနေကြတာပါ။ ဝမ်းနည်းစရာကောင်းတာက သူတို့ရဲ့ အထွတ်အထိပ် ရောက်ခဲ့တဲ့ အချိန်တွေနဲ့ ယှဉ်ရင်တော့ ဆန္ဒပြသူအရေအတွက်က အများကြီး နည်းသွားခဲ့ပြီလေ။

တက်ဂယူက အောက်က မြင်ကွင်းကို လှမ်းကြည့်ရင်း ရေရွတ်လိုက်တယ်။

“ဒါကို ကြည့်ရင်းတွေးမိတာက တောင်ကိုရီးယားက တကယ့်ကို ကောင်းတဲ့ နိုင်ငံတစ်ခုဆိုတာကိုပဲ”

“လွတ်လပ်စွာ စုဝေးခွင့်နဲ့ ဆန္ဒပြခွင့် ရှိတဲ့ နိုင်ငံလေ”

အစိုးရ ပြောင်းသွားခဲ့ရင်တောင် ပြည်သူတွေက သူတို့ရဲ့ သဘောထားတွေကို ကိုယ်အလိုရှိသလောက် ထုတ်ဖော်ပြောဆိုနိုင် ကြပါသေးတယ်။ ဒီလိုမျိုး နိုင်ငံက ကမ္ဘာပေါ်မှာ ဘယ်လောက်တောင် ရှိမှာမလို့လဲ။

ကိုရီးယားရဲ့ ဒီမိုကရေစီက ဘယ်လောက်အထိ ဖွံ့ဖြိုးတိုးတက်လာခဲ့လဲဆိုတာ မြင်ရတော့ ကျွန်တော်ကိုယ်တိုင်လည်း ဂုဏ်ယူမိတာပေါ့။

ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံက ဂျပန်နဲ့ ဘယ်တုန်းက မဟာမိတ် ဖြစ်သွားခဲ့လို့လဲ။ ကိုရီးယား-အမေရိကန် မဟာမိတ် ရှိသလို အမေရိကန်-ဂျပန် မဟာမိတ်လည်း ရှိပါတယ်။ ဒါပေမဲ့ ကိုရီးယား-ဂျပန် မဟာမိတ် ဒါမှမဟုတ် ကိုရီးယား-အမေရိကန်-ဂျပန် မဟာမိတ်ဆိုတာမျိုးတော့ မရှိပါဘူး။

ကျွန်တော်က ဥက္ကဋ္ဌ လင်ဂျင်ယုံ၊ ဝါရင် ဘတ်ဖတ်၊ ဂျိန်း စီ ဂိုးမန်း၊ ချေ့ ဆောက်ဝဲ တို့နဲ့ စကားပြောဖြစ်ခဲ့တယ်။ သူတို့က ဂုဏ်ပြုစကား ပြောခဲ့ကြသလို ရှေ့ဆက်မယ့် အစီအစဉ်တွေကိုလည်း မေးမြန်းခဲ့ကြတယ်။ အစ်မဟျွန်းဂျူး မိတ်ဆက်ပေးခဲ့တဲ့ ဂျပန်ရုံးခွဲမန်နေဂျာ ရောဘတ် အာကီယာမာနဲ့လည်း ဖုန်းပြောဖြစ်ခဲ့သေးတယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ်အထိ တိုယိုတာရဲ့ အကြီးဆုံး ရှယ်ယာရှင်က ဂျပန်ပြည်သူ့ပင်စင်ရန်ပုံငွေ ဖြစ်ခဲ့ပေမဲ့ အခုတော့ OTK Company အဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။

တစ်ကမ္ဘာလုံးက ရင်းနှီးမြှုပ်နှံသူတွေဟာ ဒီဖြစ်ရပ်အပေါ် အကြီးအကျယ် စိတ်ဝင်စားနေကြတာပါ။ လူတိုင်းက ကျွန်တော် အဲဒီ တိုယိုတာ ရှယ်ယာ ၁၄.၉၇ သန်းကို ဘာလုပ်မလဲဆိုတာ သိချင်နေကြတယ်။

ရောင်းအားအရဆိုရင် တိုယိုတာက တစ်ချိန်က ကမ္ဘာ့နံပါတ်တစ် ဖြစ်ခဲ့ဖူးပြီး အခုအချိန်အထိလည်း Volkswagen Group ပြီးရင် ဒုတိယနေရာမှာ ရှိနေတုန်းပါပဲ။

လက်ရှိ မော်တော်ကားတွေရဲ့ နည်းပညာပိုင်းဆိုင်ရာမှာ တိုယိုတာရဲ့ ကျွမ်းကျင်မှုကတော့ အထူးပြောနေစရာ မလိုသလို အနာဂတ် ကားပြိုင်ပွဲတွေမှာလည်း ဦးဆောင်နေတဲ့ အုပ်စုတစ်ခုအဖြစ် သတ်မှတ်ခြင်း ခံထားရတာပါ။ တိုယိုတာကို လိုချင်နေကြတဲ့သူတွေ အများကြီး ရှိနေပါတယ်။

Hedge funds တွေ၊ PEFs တွေ၊ IBs တွေ၊ ပြိုင်ဘက်ကုမ္ပဏီတွေဆီကနေ ရှယ်ယာတွေကို အလုံးအရင်းလိုက် ဝယ်ယူဖို့ (Block deals) တောင်းဆိုချက်တွေ ဆက်တိုက် ဝင်လာခဲ့တယ်။ အဲဒီအထဲကမှ အလိုချင်ဆုံး ဖြစ်နေတဲ့ ကုမ္ပဏီကတော့ ကျိုးမော်တာ ပါပဲ။

ကျိုးမော်တာက နိုင်ငံခြား မော်တော်ကား ကုမ္ပဏီတွေကို ပေါင်းစည်းဝယ်ယူတဲ့ နေရာမှာ အတက်ကြွဆုံး ဖြစ်နေတာပါ။ သူတို့မှာ ငွေသားတွေ အများကြီး ရှိသလို Volvo နဲ့ Daimler AG တို့ရဲ့ ရှယ်ယာတွေကို ဝယ်ယူခဲ့တဲ့ မှတ်တမ်းကောင်းတွေလည်း ရှိခဲ့ဖူးပါတယ်။

အားလုံးထက် ပိုတာက သူတို့က တရုတ်နိုင်ငံမှာ တိုယိုတာနဲ့ ပူးပေါင်းပြီး ကျိုးတိုယိုတာ ကို လည်ပတ်နေတာပါ။ ဥပဒေအရဆိုရင် ရှယ်ယာ ပါဝင်မှုက ၅၀:၅၀ ဖြစ်နေတာပေါ့။

ဒါကြောင့် တိုယိုတာရဲ့ ၁၀ ရာခိုင်နှုန်းသော ရှယ်ယာကတော့ တကယ့်ကို အလိုချင်ဆုံး ပမာဏတစ်ခု ဖြစ်နေမှာ သေချာပါတယ်။ တကယ်လို့ သူတို့သာ အဲဒီရှယ်ယာတွေကို ရသွားခဲ့ရင် တိုယိုတာရဲ့ အထွေထွေ ရှယ်ယာရှင်များ အစည်းအဝေးမှာ အာဏာပြနိုင်မှာဖြစ်သလို ပူးပေါင်းလုပ်ငန်းကိုလည်း ထိန်းချုပ်နိုင်ပါလိမ့်မယ်။

ဒုတိယဥက္ကဋ္ဌ ဝမ်ယီချန်းက ကျွန်တော့်ဆီ ဖုန်းဆက်လာခဲ့တယ်။

[နှုတ်ခွန်းဆက်ပါတယ်။ စီအီးအို ကန်ဂျင်ဟူ။ နေကောင်းကျန်းမာရဲ့လား]

“ဟုတ်ကဲ့၊ မတွေ့ရတာ ကြာပြီနော်”

သူ့ရဲ့ လေသံက ဘာမှမဖြစ်ခဲ့ဖူးတဲ့အတိုင်း ရင်းရင်းနှီးနှီး ရှိလှပါတယ်။

[ပြီးခဲ့တဲ့အကြိမ်က ဖြစ်ရပ်အတွက် ကျွန်တော့်အနေနဲ့ နောက်တစ်ခါ ထပ်ပြီး တောင်းပန်ချင်ပါတယ်။ အတိတ်က ကိစ္စတွေကို မေ့ပစ်လိုက်ပြီး အနာဂတ်ကို အတူတူ ဖွင့်လှစ်ကြရအောင်]

လိုအပ်လာရင် အတိတ်က ရန်သူတွေနဲ့တောင် လက်တွဲနိုင်တာက စီးပွားရေးလောကရဲ့ သဘာဝပဲလေ။ ကျိုးမော်တာက နည်းပညာ ခိုးယူမှုအတွက် နစ်နာကြေးအနေနဲ့ CarOS ကို ဒေါ်လာ သန်း ၉၃၀ ကို အရစ်ကျ ပေးချေနေရတာပါ။

“ဘာကိစ္စ ရှိလို့လဲ ခင်ဗျာ”

[တခြားတော့ မဟုတ်ပါဘူး……]

သူ့ရဲ့ ရည်ရွယ်ချက်ကတော့ မျှော်လင့်ထားတဲ့အတိုင်း တိုယိုတာ ရှယ်ယာတွေကို ဝယ်ဖို့ပါပဲ။ သူက အဲဒီ ရှယ်ယာ ၁၄.၉၇ သန်းလုံးကို အကုန်ဝယ်ယူဖို့ ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့တယ်။

[အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုကို မျှော်လင့်နေပါ့မယ်]

“ဟုတ်ကဲ့။ နားလည်ပါပြီ”

ဖုန်းချလိုက်တာနဲ့ တစ်ပြိုင်ထဲ တက်ဂယူက မေးတော့တယ်။

“သူ ဘာပြောလဲ”

“တိုယိုတာ ရှယ်ယာတွေကို ဝယ်ချင်လို့တဲ့”

တက်ဂယူက အံ့သြသွားတဲ့ ပုံစံနဲ့ ပြောတယ်။

“ငါတို့က အွန်လိုင်းပေါ်တင်ပြီး ဈေးပေါပေါနဲ့ ရောင်းနေတာလည်း မဟုတ်ဘဲနဲ့ ဘာလို့ ဖုန်းတွေ ဒီလောက် ဆက်တိုက် ဝင်နေရတာလဲ”

“အဲဒါကို ပြောတာပေါ့”

ဒီနေ့တင် ဖုန်းခေါ်ဆိုမှု ဘယ်နှစ်ကြိမ် ရှိသွားပြီလဲ။

ဖုန်းပြန်မြည်လာပြန်တယ်။ ဘယ်သူလဲဆိုပြီး ကြည့်လိုက်တော့ ဒီတစ်ခါတော့ အိမ်ဖြူတော်က ဖြစ်နေပါတယ်။

ရိုနယ်က ရယ်မောရင်း ပြောလိုက်တယ်။

[မယုံနိုင်စရာပဲ။ ကြားလိုက်ရတာတောင် တကယ်လို့ မယုံနိုင်လောက်အောင် ဖြစ်ရတယ်။ မင်း ငွေတွေ ဘယ်လောက်အထိ ထပ်ရှာဦးမှာလဲ]

ကျွန်တော်လည်း ရယ်မောရင်း ပြန်ပြောလိုက်တယ်။

“ကျွန်တော်လည်း ဒီလို ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

[အမေရိကန်ဆိုင်ရာ ဂျပန်သံအမတ်ကနေ LDP လွှတ်တော်အမတ်တွေအထိ အိမ်ဖြူတော်ကို ရောက်လာကြပြီး ကူညီပေးဖို့ အတင်းအကြပ် တောင်းပန်နေကြတယ်။ အရမ်းကို စိတ်ရှုပ်ဖို့ ကောင်းတာပဲ]

သူတို့က ကိုရီးယားကိုတော့ စကားကြီးစကားကျယ် ပြောနိုင်ပေမဲ့ အမေရိကန်ကိုတော့ အဲလို လုပ်လို့မရပါဘူး။ ကူညီပေးဖို့ တောင်းပန်တာပဲ သူတို့လုပ်နိုင်တာပါ။

“ကျွန်တော့်ဘာသာကျွန်တော်ပဲ ဖြေရှင်းလိုက်ပါ့မယ်”

[ဘာလုပ်ဖို့ စိတ်ကူးထားလဲ]

“အချိန်တန်ရင် မြင်ရမှာပါ”

သူက ကျွန်တော့်စကားထဲက တစ်ခုခုကို ရိပ်မိသွားတာ ဖြစ်နိုင်မလား။

ရိုနယ်က နောက်တစ်ကြိမ် အော်ဟစ်ပြီး ရယ်မောလိုက်တော့တယ်။

[ဝန်ကြီးချုပ် အိုကာဇာကီ ကတော့ လူမှားပြီး သွားစမိပြီ။ သူက သနားဖို့ကောင်းလို့ ညှာညှာတာတာပဲ လုပ်ပေးလိုက်ပါကွာ]

“ဟုတ်ကဲ့။ နားလည်ပါပြီ”

All Chapters