အခန်း ၃၁၇
Vol. 32 Ch. 317
အခန်း (၃၁၇)
ဂျပန်အစိုးရရဲ့ တောင်းဆိုချက် ရှိနေပေမဲ့လည်း မီဒီယာတွေကတော့ ပြည်သူ့ပင်စင်ရန်ပုံငွေအဖွဲ့ရဲ့ ဆုံးရှုံးမှုတွေအကြောင်းကို နေ့စဉ်နဲ့အမျှ ဆက်တိုက် ဖော်ပြနေကြတုန်းပဲ။ ပြည်သူတွေရဲ့ မကျေနပ်မှုတွေကလည်း လျော့ပါးသွားမယ့် အရိပ်အယောင် လုံးဝ မရှိပါဘူး။
ဂျပန်ကတော့ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ လုပ်မယ်လို့ ဆက်ပြီး ခြိမ်းခြောက်နေသလို အမေရိကန်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းဆီ ကနေလည်း ကူညီပေးဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ လူတိုင်းရဲ့ တုံ့ပြန်မှုကတော့ အေးစက်စက်ပဲ ဖြစ်နေခဲ့တာပါ။
OTK Company က အမှားအယွင်းတစ်ခုကို အသုံးချပြီး အမြတ်ထုတ်ခဲ့တာ မှန်ပေမဲ့ အစကတည်းက အမှားလုပ်ခဲ့တာက သူတို့မဟုတ်ဘူးလေ။
ဒီတစ်ကြိမ်မှာ ပမာဏက အရမ်းများလွန်းလို့ နိုင်ငံတကာ ပြဿနာတစ်ခု ဖြစ်လာခဲ့တာပါ။ တကယ်တော့ ဘဏ္ဍာရေးလောကမှာ အသေးအမွှား အမှာစာ အမှားအယွင်းတွေက ခဏခဏ ဖြစ်လေ့ရှိပါတယ်။ အတိတ်တုန်းက နိုင်ငံခြား ဘဏ္ဍာရေးကုမ္ပဏီတွေရဲ့ အမှားအယွင်းတွေအပေါ် ဂျပန်ဘက်က တက်တက်ကြွကြွ အရေးယူ ဆောင်ရွက်ခဲ့တာမျိုး မရှိခဲ့တော့ အခုလို သူတို့တွေ အမြတ်ရတုန်းကတော့ ငြိမ်နေပြီး ရှုံးတဲ့အခါကျမှ အသံကျယ်ကျယ်နဲ့ အော်ဟစ်နေတာကို ဘယ်သူကမှ သူတို့ဘက်က ရပ်တည်ပေးမှာ မဟုတ်တာ သဘာဝကျပါတယ်။
အမေရိကန်အစိုးရကလည်း သူတို့ကို လျစ်လျူရှုထားသလို ကိုရီးယားအစိုးရကလည်း ဒီဖြစ်ရပ်မှာ ဝင်ရောက်ပတ်သက်မှာ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောထားပြီးသားပါ။
နေ့တိုင်း ပြစ်တင်ရှုတ်ချနေကြတဲ့ ဂျပန်နိုင်ငံရေးသမားတွေနဲ့ မတူဘဲ ကိုရီးယား နိုင်ငံရေးသမား အများစုကတော့ ဒီဖြစ်ရပ်ကို ထုတ်ဖော်ပြောဖို့တောင် ဝန်လေးနေကြပါတယ်။ ဘာလို့လဲဆိုတော့ လေဘာပါတီရဲ့ ပါတီခေါင်းဆောင် ယွန်နာကျောင်းရဲ့ စကားတစ်ခွန်းထဲနဲ့တင် ထောက်ခံမှုနှုန်းက ကမောက်ကမ ထိုးကျသွားတာကို မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်သလို အတိတ်တုန်းက ကန်ဂျင်ဟူ ဆီကနေ ရရှိခဲ့တဲ့ “သင်ခန်းစာ” တွေလည်း ရှိနေခဲ့တာကြောင့်ပါ။
ဝန်ကြီးချုပ် အိုကာဇာကီက အံကြိတ်ရင်း ရေရွတ်လိုက်တယ်။
“သမ္မတ ပတ်ဆီဟျွန်း ရာထူးမှာ ရှိနေတုန်းကမှ ပိုပြီး အဆင်ပြေခဲ့တာ”
ပတ်ဆီဟျွန်းက ဂျပန်-ကိုရီးယား ဆက်ဆံရေးရဲ့ အရေးပါမှုကို သေသေချာချာ နားလည်ထားတဲ့သူ ဖြစ်ခဲ့တာပါ။ ဒါကြောင့်ပဲ အတိတ်က ပြဿနာတွေကို ဖုံးကွယ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဂျပန်ရဲ့ ကမ်းလှမ်းချက်ကို သူက လက်ခံခဲ့တာပေါ့။
အဲဒီလိုနဲ့ပဲ Comfort Women Agreement ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး တောင်ကိုရီးယားဟာ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ အဲဒီ Comfort Womenကိစ္စကို ဆက်ပြီး ထုတ်ဖော်ပြောဆိုခြင်း မရှိတော့တာပါ။ ဒါ့အပြင် အဓမ္မလုပ်အားပေး စေခိုင်းမှု လျော်ကြေးပေးရေး ပြဿနာနဲ့ ပတ်သက်ပြီးတော့လည်း သူက တရားရုံးချုပ် တရားသူကြီးချုပ်နဲ့ ပူးပေါင်းကာ တရားစီရင်မှုတွေကို ဆက်တိုက် ရွှေ့ဆိုင်းတဲ့ နည်းလမ်းကို အသုံးပြုခဲ့တယ်။ ရည်ရွယ်ချက်ကတော့ ဘယ်လို ဆုံးဖြတ်ချက်မျိုးမှ ထွက်မလာအောင် လုပ်ဖို့ပါပဲ။
ဒါပေမဲ့ အစိုးရ ပြောင်းသွားတဲ့ အချိန်မှာတော့ အရာအားလုံးက ပြောင်းလဲသွားခဲ့ပါပြီ။ သမ္မတ ဟိုချန်မင်း က အရင်အစိုးရ သဘောတူညီခဲ့တဲ့ Comfort Women Agreement ကို ပယ်ဖျက်လိုက်တာပါ။ ပြီးတော့ ကိုရီးယား တရားစီရင်ရေး အဖွဲ့ကလည်း ဂျပန်ကုမ္ပဏီတွေအနေနဲ့ အဓမ္မလုပ်အားပေး ခိုင်းစေခဲ့မှုအတွက် မဖြစ်မနေ လျော်ကြေးပေးရမယ်လို့ ဆုံးဖြတ်ချက်ချခဲ့တာလေ။
တကယ်လို့ ပတ်ဆီဟျွန်း သမ္မတရာထူးပြီးတဲ့နောက် လီဂျောင်ဟွန်း သာ သမ္မတ ဖြစ်လာခဲ့ရင် ဂျပန်အတွက် တစ်ခုခုတော့ အရေးယူ ဆောင်ရွက်ပေးခဲ့မှာ သေချာပါတယ်။
ဒါပေမဲ့ စဉ်းစားကြည့်ရင် လီဂျောင်ဟွန်း သမ္မတ မဖြစ်လာရတဲ့ အဓိက အကြောင်းရင်းက ကန်ဂျင်ဟူ ကြောင့်ပါပဲ။ ဂျပန် မော်တော်ကားကုမ္ပဏီတွေရဲ့ ပြိုင်ဘက်ဖြစ်တဲ့ CarOS ကို ပျိုးထောင်ပေးခဲ့တာကလည်း ကန်ဂျင်ဟူ ပဲ မဟုတ်လား။
ဒါကြောင့် သူတို့က ယိုရှီဇာဝါ မာဆာအို သေဆုံးမှုကို ပြဿနာရှာပြီး ပြည်သူတွေရဲ့ ဝေဖန်မှုကို လှုံ့ဆော်ခဲ့ကြပေမဲ့ တိုယိုတာ ရှယ်ယာ ၁၄.၉၇ သန်းလုံးက သူ့လက်ထဲကို ရောက်သွားခဲ့တဲ့ အဆိုးဆုံးဖြစ်ရပ် ပေါ်ပေါက်လာခဲ့တယ်။
ကျိုးမော်တာ ဘက်က ကန်ဂျင်ဟူ ဆီကို ဆက်သွယ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကလည်း စပြီး ပျံ့နှံ့လာခဲ့ပါပြီ။ ဘယ်ဘက်ကမှ ဒါကို ငြင်းဆိုခြင်း မရှိတာကြောင့် ဒါက တကယ် ဖြစ်နိုင်ခြေ အရမ်းများနေတာပါ။
တကယ်လို့ ကျိုးမော်တာ က တိုယိုတာ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ရရှိသွားရင် သူတို့က စီမံခန့်ခွဲမှုပိုင်းမှာ တက်တက်ကြွကြွ ဝင်ရောက်စွက်ဖက်လာမှာကတော့ သေချာပါတယ်။
ဒါက တိုယိုတာနဲ့ ဂျပန်အစိုးရအတွက် အဆိုးရွားဆုံးသော အခြေအနေပါပဲ။
ကန်ဂျင်ဟူ မှာသာ အသိဉာဏ် ရှိမယ်ဆိုရင် အဲဒီရှယ်ယာတွေကို ကျိုးမော်တာ ဆီ လွှဲပေးမှာ မဟုတ်ပါဘူး။
'ဒီလူ ဘာတွေးနေလဲဆိုတာ ငါ တကယ် သိချင်လိုက်တာ'
ပါတီခေါင်းဆောင် ယွန်နာကျောင်း ရဲ့ ရှင်းလင်းချက် ထွက်လာပေမဲ့လည်း လေဘာပါတီ အပေါ် ပြစ်တင်ဝေဖန်မှုတွေကတော့ ရပ်တန့်မသွားခဲ့ပါဘူး။
နောက်ဆုံးတော့ တစ်ရက်အတွင်းမှာတင် ခေါင်းဆောင် ယွန်နာကျောင်း က သူ့ရဲ့ ပြောကြားချက်ကို ပြန်လည်ရုပ်သိမ်းပြီး တရားဝင် တောင်းပန်ခဲ့ရတယ်။ အဲလို တောင်းပန်ရင်းနဲ့ပဲ ဖြစ်ရပ်တစ်ခုချင်းစီအပေါ် မတူညီတဲ့ အဓိပ္ပာယ်ကောက်ယူမှုတွေ ရှိနိုင်ပါတယ်ဆိုပြီး အဓိပ္ပာယ်မရှိတဲ့ စကားတွေကို တစ်ခါ ထပ်ပြောလိုက်ပြန်သေးတယ်။
တက်ဂယူက တီဗီမှာ အဲဒီမြင်ကွင်းကို ကြည့်ရင်း မေးတယ်။
“အဲဒီပါတီက ဘာလို့ အမြဲတမ်း ဂျပန်ဘက်ကပဲ လိုက်နေရတာလဲ”
အစ်မ အိုဟျွန်းဂျူး ပေးထားတဲ့ ဂျပန်စီးပွားရေးဆိုင်ရာ အချက်အလက်တွေကို ဖတ်ကြည့်ရင်း ကျွန်တော် ပြန်ပြောလိုက်တယ်။
“လေဘာပါတီက ဂျပန်-ကိုရီးယား ဆက်ဆံရေးကို တန်ဖိုးထားတယ်ဆိုတာ အသစ်အဆန်းမှ မဟုတ်တာ”
ပတ်ဆီဟျွန်း က ဂျပန်နဲ့ Comfort Women Agreement လုပ်တုန်းက လေဘာပါတီ က အာဏာရပါတီ ဖြစ်ခဲ့တာလေ။ ဒေါသတကြီးနဲ့ အဲဒီသဘောတူညီချက်ကို လက်မခံနိုင်ဘူးလို့ ကန့်ကွက်ဆန္ဒပြနေကြတဲ့ နစ်နာသူ အဖွားအိုတွေကို လွှတ်တော်အမတ် ယွန်နာကျောင်း က ဒါက ဂျပန်-ကိုရီးယား ဆက်ဆံရေးကို တိုးတက်စေမယ့် ကောင်းမွန်တဲ့ သဘောတူညီချက်ဖြစ်လို့ ပိုမိုကျယ်ပြန့်တဲ့ အမြင်နဲ့ လက်ခံသင့်တယ်လို့ ပြောခဲ့တာပါ။
ဒါတင်မကသေးဘူး အရင်အစိုးရက တရားရုံးချုပ် တရားသူကြီးချုပ်နဲ့ တရားစီရင်ရေးဆိုင်ရာ အရောင်းအဝယ်တွေလုပ်ပြီး အဓမ္မလုပ်အားပေး လျော်ကြေးပေးရေး တရားစီရင်မှုကို ဆက်တိုက် ရွှေ့ဆိုင်းခဲ့တဲ့ အချက်တွေ ပေါ်ထွက်လာတုန်းကလည်း ဂျပန်-ကိုရီးယား ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားပြီး သင့်တော်တဲ့ အစီအမံ လုပ်ခဲ့တာပါဆိုပြီး ကာကွယ်ပေးခဲ့သေးတယ်။
ဒါပေမဲ့ အခု ဒီဖြစ်ရပ် ဖြစ်လာတဲ့အခါကျတော့ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ဂျပန်ပြည်သူတွေရဲ့ ခံစားချက်ကို နားလည်ပေးသင့်တယ်လို့ ပြောနေတာမလို့ ပြည်သူတွေ ဒေါသထွက်ကုန်တာ မဆန်းပါဘူး။
“သူတို့က မင်းဘက်က မရပ်တည်ချင်လို့ သက်သက်ပဲ မဟုတ်ဘူးလား”
“အင်း... အဲဒါလည်း တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါနိုင်တာပေါ့”
“ဂျပန်က ကိုရီးယားအတွက် အရေးကြီးတဲ့ မိတ်ဖက်ဖြစ်တာကတော့ အမှန်ပဲ။ တခြားအရာတွေကို ခဏဖယ်ထားရင်တောင် ဂျပန်ရဲ့ စီးပွားရေးအင်အားကိုတော့ လျစ်လျူရှုလို့မရဘူး။ ဂျပန်က အမေရိကန်ရဲ့ စီးပွားရေးကို အနီးကပ်ဆုံးအထိ လိုက်မီခဲ့တဲ့ တစ်ခုထဲသော နိုင်ငံလေ”
ဂိမ်းတွေနဲ့ အန်နီမေးလို subculture ဈေးကွက်တွေ ဒီလောက်အထိ ဖွံ့ဖြိုးတိုးတက်နေတာကို ကြည့်ရင် ဂျပန်ရဲ့ စီးပွားရေး ဘယ်လောက်အထိ အားကောင်းလဲဆိုတာ ထင်ရှားပါတယ်။
“အဲဒီလို အောင်မြင်ခဲ့တဲ့ နိုင်ငံက ဘာလို့ ရေရှည်စီးပွားရေး ကျဆင်းမှုထဲ ရောက်သွားရတာလဲ”
“Plaza Accord ကြောင့်လေ”
၁၉၈၅ ခုနှစ်မှာ အမေရိကန်က ကုန်သွယ်ရေး လိုငွေပြမှုကို ဆက်ပြီး မသည်းခံနိုင်တော့တဲ့အတွက် Plaza Accord ကတစ်ဆင့် ယန်းငွေတန်ဖိုးကို အတင်းအကျပ် မြှင့်တင်ခိုင်းခဲ့တယ်။ ရလဒ်အနေနဲ့ ဂျပန်စီးပွားရေးဟာ ပို့ကုန်တွေ ကျဆင်းမှုကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အစိုးရက စီးပွားရေးကို ပြန်လည်လှုံ့ဆော်ဖို့ အတိုးနှုန်းတွေနဲ့ ချေးငွေ စည်းမျဉ်းတွေကို လျှော့ချပေးခဲ့ရတာပေါ့။
ဒီလိုနည်းနဲ့ ဈေးကွက်ထဲကို စီးဝင်သွားတဲ့ liquidity တွေက ပိုင်ဆိုင်မှု ဈေးနှုန်းတွေကို မြင့်တက်စေခဲ့တယ်။ အိမ်ခြံမြေနဲ့ ရှယ်ယာတွေ တဟုန်ထိုး မြင့်တက်သွားခဲ့တာပါ။ မြို့လယ်ခေါင်က အိမ်ဈေးတွေက ၁၀ ဆအထိ မြင့်တက်သွားပြီး ရှယ်ယာဈေးကွက်ကလည်း Nikkei အညွှန်းကိန်းက ၁၀,၀၀၀ အောက်ကနေ ၄၀,၀၀၀ နားအထိ ထိုးတက်သွားခဲ့တယ်။
(ဒီအခန်းအဆုံးမှာ liquidityအကြောင်း ရှင်းလင်းချက် ထည့်ပေးထားပါတယ်)
“အဲဒီ ပူဖောင်းစီးပွားရေးရဲ့ အထွတ်အထိပ် ရောက်ချိန်တုန်းက တိုကျိုကို ရောင်းရင် အမေရိကန် တစ်နိုင်ငံလုံးကို ဝယ်လို့ရတယ်ဆိုတဲ့ စကားတွေတောင် ရှိခဲ့တာ”
တက်ဂယူက ကြားဖူးတဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြတယ်။
“အဲလို အဓိပ္ပာယ်မရှိတဲ့ စကားတွေ ရှိခဲ့တာတော့ အမှန်ပဲ”
အခုအချိန်မှာတော့ ရယ်စရာလို့ ထင်ရပေမဲ့ အဲဒီတုန်းကတော့ လူတိုင်းက ဖြစ်နိုင်တယ်လို့ ယုံကြည်ခဲ့ကြတာပါ။
ဒါပေမဲ့ ပူဖောင်းတွေကတော့ အမြဲတမ်း ပေါက်ကွဲလေ့ရှိတာပါပဲ။
စီးပွားရေး အပူလွန်ကဲမှာကို စိုးရိမ်တဲ့ ဗဟိုဘဏ်က အတိုးနှုန်းတွေကို စတင်မြှင့်တင်ပြီး liquidity တွေကို ပြန်လည်သိမ်းဆည်းလိုက်တဲ့ အခါမှာတော့ ပူဖောင်းက ချက်ချင်းဆိုသလို ပြိုလဲသွားခဲ့တော့တယ်။ အိမ်ခြံမြေဈေးတွေ ထိုးကျသွားပြီး ချေးငွေနဲ့ အိမ်ဝယ်ခဲ့တဲ့ လူတွေဟာ အကြွေးနွံထဲ နစ်ခဲ့ရတာပေါ့။ Nikkei အညွှန်းကိန်းကလည်း ၁၀,၀၀၀ အောက်ကို ပြန်ကျသွားပြီး ဘဏ္ဍာရေး အဖွဲ့အစည်းတွေလည်း တစ်ခုပြီးတစ်ခု ဒေဝါလီခံခဲ့ကြရတယ်။
ဒီအချိန်ကစပြီး ဂျပန်စီးပွားရေးဟာ ငွေကျုံ့မှု အခြေအနေထဲကို ထိရောက်စွာ ကျဆင်းသွားခဲ့တော့တာပါ။
ဈေးနှုန်းတွေ ဆက်တိုက် ကျဆင်းနေတဲ့ ငွေကျုံ့မှုဟာ စီးပွားရေးအတွက်တော့ ကပ်ဘေးတစ်ခုထက် မနည်းပါဘူး။ အချိန်ကြာလာတာနဲ့အမျှ ကုန်ပစ္စည်းဈေးနှုန်းတွေက ကျဆင်းလာတာမလို့ မလိုအပ်ဘဲ ဝယ်ထားတာတို့၊ ချက်ချင်း ဝယ်ယူစားသုံးတာတို့ လုပ်စရာ အကြောင်းပြချက် မရှိတော့ဘူးလေ။
လူတိုင်းက ဝယ်ယူမှုကို ရွှေ့ဆိုင်းလိုက်ကြရင် ကုန်ပစ္စည်းတွေက မရောင်းရတော့ပါဘူး။ ကုန်ပစ္စည်းတွေက ထုတ်လုပ်ရင်တောင် မရောင်းရတဲ့အတွက် ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှု၊ အလုပ်အကိုင်နဲ့ ထုတ်လုပ်မှုတွေကို လျှော့ချပစ်ကြတယ်။ ဝန်ထမ်းတွေဟာ အလုပ်အကိုင်နဲ့ ဝင်ငွေအတွက် မရေမရာ ဖြစ်လာပြီး အဲဒါကတစ်ဆင့် ဝယ်ယူမှုကို ပိုပြီး လျှော့ချပစ်ကာ သံသရာဆိုးကြီးက တရစပ် လည်ပတ်နေတော့တာပါ။ (လူသားသမိုင်းမှာ အထင်ရှားဆုံး ငွေကျုံ့မှုကတော့ စီးပွားပျက်ကပ်ကြီး ဖြစ်ပါတယ်။ ဒီအတွေ့အကြုံကြောင့်ပဲ ကမ္ဘာ့ဘဏ္ဍာရေး အကြပ်အတည်း ဖြစ်ပွားခဲ့စဉ်တုန်းက အမေရိကန်က ရဟတ်ယာဉ်ပေါ်ကနေ ငွေတွေ ကြဲချသလိုမျိုး ဒေါ်လာတွေကို ရူးသွပ်စွာ ဖြန့်ဝေပြီး ငွေကျုံ့မှုကို တားဆီးခဲ့ပါတယ်)
ဆုံးရှုံးသွားသော ဆယ်စုနှစ်လို့ ခေါ်တဲ့ စီးပွားရေး ကျဆင်းမှု ကြားထဲမှာပဲ ဝန်ကြီးချုပ် အိုကာဇာကီ က ဂျပန်စီးပွားရေးကို ပြန်လည်ရှင်သန်စေမယ်ဆိုတဲ့ ကတိကဝတ်နဲ့ ဝန်ကြီးချုပ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့တာပါ။
စီးပွားရေး ကျဆင်းမှုကနေ ရုန်းထွက်ဖို့ ကြိုးပမ်းမှုတွေ အကြိမ်ကြိမ် ရှိခဲ့ပေမဲ့ သူတို့ ရှုံးနိမ့်ခဲ့ရတဲ့ အကြောင်းရင်းကတော့ အဆင့်လိုက်နဲ့ တုံ့ပြန်မှု နှေးကွေးခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။
ဒါကြောင့် သူက ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒနဲ့ ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို တစ်ပြိုင်ထဲ အကောင်အထည်ဖော်မယ့် နည်းလမ်းကို အဆိုပြုခဲ့တယ်။
ဒီစီးပွားရေး မူဝါဒကို အိုကာဇာကီစီပွားရေးမူဝါဒ ဒါမှမဟုတ် မြှားသုံးစင်း လို့ ခေါ်ကြတယ်။ မြှားတစ်စင်းဆိုရင် အလွယ်တကူ ကျိုးသွားနိုင်ပေမဲ့ မြှားသုံးစင်းဆိုရင်တော့ အလွယ်တကူ မကျိုးနိုင်ဘူးလေ။
ဝန်ကြီးချုပ် အိုကာဇာကီက သူ့ကို ဆန့်ကျင်တဲ့ ဂျပန်ဗဟိုဘဏ် ဥက္ကဋ္ဌကိုတောင် အစားထိုးလဲလှယ်ပြီး အစီအစဉ်ကို လက်တွေ့ အကောင်အထည်ဖော်ခဲ့တယ်။
သူက ယန်းငွေတွေကို ကန့်သတ်ချက်မရှိ ရိုက်နှိပ်ထုတ်ဝေပြီး ဖြန့်ဖြူးခဲ့တယ်၊ အစိုးရက ငွေတွေချေးပြီး လူမှုရေး အခြေခံအဆောက်အဦး (SOC) တွေမှာ ရင်းနှီးမြှုပ်နှံခဲ့သလို စည်းမျဉ်းစည်းကမ်း ပြုပြင်ပြောင်းလဲမှုတွေနဲ့ ဖွဲ့စည်းပုံ တိုးတက်ပြောင်းလဲမှုတွေကိုလည်း စတင်ခဲ့တယ်။
“တစ်ခွန်းထဲနဲ့ ပြောရရင်တော့ ဒါက အရေအတွက်ဆိုင်ရာ ငွေဖြေလျှော့မှု ပဲ”
“အရေအတွက်ဆိုင်ရာ ငွေဖြေလျှော့မှု ဆိုတာက ဘာလဲ”
“ရိုးရာ စီးပွားရေးပညာမှာ မူလက အသုံးမပြုခဲ့တဲ့ ဝေါဟာရတစ်ခုပါ”
အစိုးရတွေက စီးပွားရေး အပူလွန်ကဲမှုနဲ့ ကျဆင်းမှုတွေကို တားဆီးဖို့ နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြပါတယ်။ အဲဒီထဲက အထင်ရှားဆုံးကတော့ ငွေကြေး ထောက်ပံ့မှုကို ထိန်းချုပ်တာပါပဲ။
ငွေကြေး ထောက်ပံ့မှုကို ထိန်းချုပ်တဲ့ နည်းလမ်းကတော့ အတိုးနှုန်းကတစ်ဆင့် ဖြစ်ပါတယ်။ အတိုးနှုန်း မြှင့်တင်လိုက်ရင် ဈေးကွက်ထဲမှာ လည်ပတ်နေတဲ့ ငွေတွေကို ဘဏ်တွေဆီ ပြန်ရောက်စေပြီး ငွေကြေးထောက်ပံ့မှုကို လျှော့ချပေးပါတယ်၊ ပြောင်းပြန်အနေနဲ့ အတိုးနှုန်း လျှော့ချလိုက်ရင်တော့ လူတွေကို ဘဏ်အကောင့်ထဲကနေ ငွေတွေ ထုတ်ယူစေရုံတင်မကဘဲ ချေးငွေတွေပါ ယူစေပြီး ဈေးကွက်ထဲကို ငွေတွေ စီးဝင်စေတာပေါ့။
ဒါပေမဲ့ စီးပွားရေး ကျဆင်းမှုကို တားဆီးဖို့ ငွေကြေး ထောက်ပံ့မှုကို ဆက်ပြီး တိုးမြှင့်ဖို့ လိုအပ်နေချိန်မှာ အတိုးနှုန်းက ၀ ရာခိုင်နှုန်း ဖြစ်နေလို့ အတိုးနှုန်းကို ထပ်ပြီး လျှော့ချလို့ မရတော့ရင် ဘာလုပ်မလဲ။
ဒီနေရာမှာပဲ အရေအတွက်ဆိုင်ရာ ငွေဖြေလျှော့မှု ဆိုတဲ့ အယူအဆက ဝင်လာတာပါ။
ဗဟိုဘဏ်က ငွေတွေကို ရိုက်နှိပ်ပြီး အဲဒီငွေတွေနဲ့ အစိုးရ ငွေတိုက်စာချုပ်တွေနဲ့ ကော်ပိုရိတ် ငွေတိုက်စာချုပ်တွေကို ဝယ်ယူကာ ဈေးကွက်ထဲကို ငွေကြေး တိုက်ရိုက် ထောက်ပံ့ပေးတာပဲ ဖြစ်ပါတယ်။
“ဘာပဲဖြစ်ဖြစ် အဓိကကတော့ နောက်ဆုံးမှာ ယန်းငွေတန်ဖိုး ကျဆင်းသွားတာပါပဲ”
ဈေးကွက်ထဲကို အကန့်အသတ်မရှိတဲ့ ငွေပမာဏတွေကို ရိုက်နှိပ်ထုတ်ဝေလိုက်တာကြောင့် ယန်းငွေရဲ့ တန်ဖိုးက သဘာဝအတိုင်း ကျဆင်းသွားခဲ့တယ်။
အဲလိုလုပ်လို့ရခဲ့တာက အဓိက အကြောင်းရင်း ၃ ခု ရှိပါတယ်။ ပထမက ဂျပန်မှာ ကြီးမားတဲ့ စီးပွားရေး ရှိနေပြီး ယန်းငွေက နိုင်ငံတကာ အသိုင်းအဝိုင်းမှာ အရန်ငွေကြေး အဆင့်အတန်း ရှိနေတာပါ။ ဒုတိယက ဂျပန်ဟာ ငွေကျုံ့မှုထဲ ရောက်နေတာကြောင့် ငွေတွေ ဘယ်လောက်ပဲ ထုတ်ထုတ် ငွေဖောင်းပွမှုအတွက် စိုးရိမ်စရာ မလိုတာပါ။ တတိယကတော့ အမေရိကန်က ခွင့်ပြုပေးခဲ့လို့ပါပဲ။
“ယန်းငွေ အားပျော့သွားတာကနေ ဘယ်သူက အကျိုးအမြတ် ရခဲ့မယ်ထင်လဲ”
တက်ဂယူက စဉ်းစားနေစရာတောင် မလိုတဲ့ ပုံစံနဲ့ ချက်ချင်း ပြန်ဖြေတယ်။
“အိုတာကူ တွေလား”
“ဟုတ်တယ်။ အိုတာကူ... ဟမ်”
ဘာလို့ အိုတာကူတွေက ပါလာရတာလဲ။
“ယန်းငွေ အားပျော့သွားလို့ ဂျပန်ခရီးသွားတာနဲ့ ဂျပန်ကုန်ပစ္စည်းတွေက ပိုပြီး ဈေးပေါလာခဲ့တာလေ။ အဲဒါကြောင့် ငွေပမာဏကို စျေးကြီးကြီးပေးစရာမလိုတော့ဘဲ ပိုပြီး ကြွယ်ဝတဲ့ အိုတာကူ လှုပ်ရှားမှုတွေကို ခံစားနိုင်ခဲ့တာပေါ့”
“……”
သူ့စကားကို နားထောင်ကြည့်တော့လည်း ဟုတ်နေတာပဲ။ အိုတာကူ လှုပ်ရှားမှုတွေက ငွေလဲနှုန်းရဲ့ သက်ရောက်မှုကို အများကြီး ခံရတာပါ။
“အိုတာကူလို့ ပြောလည်းရပါတယ်။ ဒါပေမဲ့ မော်တော်ကား ကုမ္ပဏီတွေကမှ အကျိုးအမြတ် အများဆုံး ရခဲ့တာကွ”
သူတို့က ယန်းငွေကို တစ်ဒေါ်လာကို ၁၀၀ ယန်းကနေ အမြင့်ဆုံး ၁၁၅ ယန်းအထိ လျှော့ချပစ်ခဲ့တာပါ။ ဒါက ပြည်ပမှာ ကုန်ပစ္စည်းတွေကို ဈေးနှုန်းအတူတူနဲ့ ရောင်းရင်တောင် ၁၅ ရာခိုင်နှုန်းသော အမြတ်ငွေ ပိုပြီး ထွက်ပေါ်လာလိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
ယန်းငွေ အားပျော့မှုကြောင့် ဈေးနှုန်း ယှဉ်ပြိုင်နိုင်စွမ်း မြင့်တက်လာတာနဲ့အမျှ တိုယိုတာနဲ့ ဟွန်ဒါတို့က ဈေးနှုန်းတွေကို လျှော့ချပြီး အရောင်းပမာဏကို တိုးမြှင့်ခဲ့ကြလို့ အမြတ်အစွန်းတွေ ပေါက်ကွဲထွက်လာခဲ့တယ်။
ဂျပန် မော်တော်ကားကုမ္ပဏီတွေ ထွန်းကားလာတာနဲ့အမျှ တခြားနိုင်ငံတွေက မော်တော်ကားကုမ္ပဏီတွေရဲ့ အရောင်း ပမာဏကတော့ ကျဆင်းသွားခဲ့ရတယ်။
ယန်းငွေ အားပျော့အောင် လုပ်တာက တကယ်တော့ ဂျပန်ရဲ့ ပို့ကုန်တွေကို တိုးမြှင့်ဖို့ ငွေလဲနှုန်းကို ခြယ်လှယ်တဲ့ နည်းလမ်းတစ်ခုပါပဲ။ ဒီလိုအခြေအနေမျိုးမှာ ပို့ကုန်လုပ်ငန်းချင်း ထပ်တူကျနေတဲ့ တခြားနိုင်ငံတွေကတော့ မလွဲမသွေ ထိခိုက်နစ်နာရပါတယ်။
ဒါကြောင့် ဒါကို အိမ်နီးနားချင်းကို ဒုက္ခပေးတဲ့ မူဝါဒလို့လည်း ခေါ်ကြတာပါ။ ထိခိုက်နစ်နာခဲ့ရတဲ့ ကိုရီးယား၊ တရုတ်၊ ဂျာမနီနဲ့ တခြားနိုင်ငံတွေက ဂျပန်ကို ဝေဖန်ခဲ့ကြပေမဲ့ ဂျပန်ကတော့ အရေအတွက်ဆိုင်ရာ ငွေဖြေလျှော့မှုကို အခုထိ ရပ်တန့်ခြင်း မရှိသေးပါဘူး။
ဘာပဲဖြစ်ဖြစ် ဒါကြောင့်မလို့ ဂျပန်စီးပွားရေးဟာ ရေရှည်စီးပွားရေး ကျဆင်းမှုကနေ ရုန်းထွက်နိုင်ခဲ့ပြီး ပြန်လည်ဦးမော့လာတဲ့ အဆင့်ကို ရောက်ရှိခဲ့ပါတယ်။ ၈,၀၀၀ ဝန်းကျင်မှာ ရှိနေခဲ့တဲ့ Nikkei အညွှန်းကိန်းက ၂၀,၀၀၀ ကျော်အထိ ထိုးတက်သွားခဲ့ပြီး ငွေဖောင်းပွမှုကလည်း အနည်းငယ် မြင့်တက်လာကာ နာတာရှည် ငွေကျုံ့မှုကနေ လွတ်မြောက်ခဲ့တာပါ။
ဒါကလည်း ဝန်ကြီးချုပ် အိုကာဇာကီရဲ့ ထောက်ခံမှုနှုန်းက အမျိုးမျိုးသော အရှုပ်တော်ပုံတွေ ကြားထဲမှာတောင် ခိုင်ခိုင်မာမာ ရှိနေရတဲ့ အကြောင်းရင်းပါပဲ။
“ဂျပန်နဲ့ ဂျာမနီက ကမ္ဘာမှာ ၃ ခုမြောက်နဲ့ ၄ ခုမြောက် အကြီးဆုံး စီးပွားရေးနိုင်ငံတွေ ဖြစ်ပေမဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ စာရင်းမှာတော့ မပါဘူး။ အဲဒါ ဘာကြောင့်လို့ ထင်လဲ”
“သူတို့ နှစ်နိုင်ငံစလုံးက ဝင်ရိုးတန်းနိုင်ငံတွေ ဖြစ်ခဲ့လို့လား”
“မှန်တယ်”
စစ်ပွဲကို စွန့်လွှတ်ခြင်းနဲ့ စစ်တပ်ပိုင်ဆိုင်ခွင့်ကို ပိတ်ပင်ခြင်းတို့ကို ပြဋ္ဌာန်းထားတဲ့ ငြိမ်းချမ်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဝင်ရိုးတန်းနိုင်ငံ ဖြစ်ခဲ့တဲ့ ဂျပန်အတွက်တော့ ထိပ်တုံးခတ်ထားသလိုမျိုးပါပဲ။
ဒါကြောင့် သူ့ရဲ့ ခိုင်မာတဲ့ ထောက်ခံမှုနှုန်းကို အခြေခံပြီး အိုကာဇာကီက စစ်ပွဲနဲ့ စစ်တပ်ပိုင်ဆိုင်ခွင့်ကို ပိတ်ပင်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၉ (ငြိမ်းချမ်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေ) ကို ပြင်ဆင်ဖို့ ရှေ့ထွက်လာခဲ့တာပါ။
ငြိမ်းချမ်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်လိုက်တာက ဂျပန်အနေနဲ့ စစ်ပြီးခေတ် အုပ်ချုပ်ရေး စနစ်ကို အဆုံးသတ်ပြီး ပုံမှန်နိုင်ငံတစ်ခုအဖြစ် ပြန်လည်ရောက်ရှိသွားမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ပြီးတော့ ပုံမှန်နိုင်ငံတွေဆိုတာက သူတို့ရဲ့ စီးပွားရေးအင်အားနဲ့ ကိုက်ညီတဲ့ စစ်အင်အားကို ပိုင်ဆိုင်ထားရမှာလေ။
လက်ရှိ အရှေ့အာရှမှာ တရုတ်၊ ရုရှား၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယားနဲ့ ဂျပန်တို့ကြားထဲမှာ သိမ်မွေ့တဲ့ အာဏာချိန်ခွင်လျှာ ညီမျှမှု ရှိနေပါတယ်။ ဒါပေမဲ့ ဂျပန်ကသာ စစ်တပ်ကို ပြန်လည်ဖွဲ့စည်းလာခဲ့ရင် ဘာဖြစ်မလဲ။
ဂျပန်က အမေရိကန်ရဲ့ အရေးအကြီးဆုံး မဟာမိတ်နိုင်ငံတွေထဲက တစ်ခုပါ။ အမေရိကန်ရဲ့ အမြင်ကနေကြည့်ရင် ဂျပန်က သူ့ငွေနဲ့သူ စစ်အင်အား တောင့်တင်းအောင် လုပ်တာကို တားဆီးစရာ အကြောင်းပြချက် မရှိပါဘူး။ (ဒီလိုအခြေအနေမျိုးမှာ ဂျပန်က အမေရိကန် လက်နက်တွေကို ဝယ်ယူကြမှာ သဘာဝပါပဲ။)
ပြဿနာကတော့ ပတ်ဝန်းကျင် နိုင်ငံတွေပဲ ဖြစ်ပါတယ်။
တရုတ်နဲ့ ရုရှားက ဂျပန် စစ်တပ် ပြန်လည်ဖွဲ့စည်းတာကို ငြိမ်ပြီး ကြည့်နေကြမှာတဲ့လား။ သဘာဝအတိုင်း အဲဒီနိုင်ငံတွေကလည်း သူတို့ရဲ့ စစ်စရိတ်တွေကို တိုးမြှင့်ကြပါလိမ့်မယ်။ အဲဒီအခါကျရင် ကိုရီးယားကလည်း လိုက်လုပ်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ပါဘူး။
ကိုရီးယားက မြောက်ကိုရီးယားကြောင့် သူ့ရဲ့ စီးပွားရေးအင်အားနဲ့ ယှဉ်ရင် စစ်သုံးစရိတ်က မြင့်မားနေနှင့်ပြီးသားပါ။ တကယ်လို့ အရှေ့အာရှ တစ်ခုလုံးက လက်နက်ပြိုင်ပွဲထဲ ဝင်သွားခဲ့ရင် စီးပွားရေးအရလည်း ထိခိုက်မှု ရှိလာမှာပါပဲ။
“အဲဒီပြဿနာတွေကို ခဏဖယ်ထားရင်တောင် မော်တော်ကား လုပ်ငန်းပိုင်းမှာတော့ သူတို့နဲ့ ဆက်ပြီး ထိပ်တိုက်တွေ့နေရဦးမှာပဲ”
ဝန်ကြီးချုပ် အိုကာဇာကီ က ယန်းငွေ အားပျော့မှုကတစ်ဆင့် ပို့ကုန်တွေကို အားပေးရုံတင်မကဘဲ မော်တော်ကား လုပ်ငန်းအတွက်လည်း ထောက်ပံ့မှုတွေကို လက်တွဲမဖြုတ်ဘဲ လုပ်ဆောင်ပေးခဲ့တယ်။
ယန်း သိန်းပေါင်း ၂.၃ ကုဋေဆိုတာက ကြီးမားတဲ့ ကုမ္ပဏီအများစုရဲ့ ဈေးကွက်တန်ဖိုးထက် ပိုပြီးကြီးမားတဲ့ ကြီးမားလှတဲ့ ငွေပမာဏ ဖြစ်ပေမဲ့ ဘဏ္ဍာရေးဝန်ကြီး မတ်ဆူကာတာ ပြောခဲ့သလိုပဲ ဒါက ဂျပန်ရဲ့ ပြည်သူ့ပင်စင်ရန်ပုံငွေရဲ့ ၁.၅ ရာခိုင်နှုန်းပဲ ရှိပြီး ဂျပန်ရဲ့ မိုးထိအောင် ကြီးမားလှတဲ့ စီးပွားရေး ပမာဏနဲ့ ယှဉ်ရင်တော့ သမုဒ္ဒရာထဲက ရေတစ်စက်လိုပါပဲ။
ဒီအဆင့်လောက်ကတော့ ဂျပန်စီးပွားရေးကို သိသိသာသာ ထိခိုက်ပျက်စီးစေမှာ မဟုတ်ပါဘူး။
ဒါပေမဲ့...
“ဝန်ကြီးချုပ် အိုကာဇာကီကိုတော့ သေချာပေါက် ထိခိုက်စေလိမ့်မယ်”
ဂျပန်နိုင်ငံခြားရေးဝန်ကြီး အိုကာမိုတို ဟာ ကိုရီးယားကို ရောက်ရှိလာခဲ့ပါပြီ။
ဂျပန်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကျွန်တော်တို့နိုင်ငံက နိုင်ငံရေးဝန်ကြီးဌာနလိုမျိုးပါပဲ။ ဂျပန်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ကတော့ ဂျပန် သံတမန်အားလုံးကို ကြီးကြပ်ကွပ်ကဲရတဲ့ ဝန်ကြီးချုပ်ပေါ့။
ဒါက သူ့ရဲ့ ပထမဆုံး ကိုရီးယား ခရီးစဉ်ပဲ ဖြစ်ပါတယ်။
ဝန်ကြီး အိုကာမိုတိုက လေယာဉ်ပေါ်က ဆင်းဆင်းချင်းပဲ OTK Company ရုံးချုပ်ဆီကို တန်းတန်းမတ်မတ် ဦးတည်လာခဲ့တယ်။
“အိုကာမိုတို...ဆိုတာက တစ်ကမ္ဘာလုံးက အမျိုးသား အမျိုးသမီးတွေအတွက် ရင်းနှီးပြီးသား နာမည်တစ်ခုပဲ ထင်တယ်”
(ကွန်ဒုံးနာမည်ကို ပြောတာဖြစ်ဖို့များပါတယ်)
“အင်း... အဲဒီလို တွေးမယ်ဆိုရင်တော့ ကွန်ဒုံးတွေကလည်း လူတစ်ယောက်ရဲ့ နာမည်ကို အစွဲပြုပြီး ပေးထားတာပဲလေ”
ဆန္ဒပြသူတွေက OTK Company အရှေ့မှာ ထပ်ပြီး စုဝေးနေကြပြန်ပါပြီ။ ဒီတစ်ကြိမ်မှာတော့ ကွန်ဆာဗေးတစ် အုပ်စုတွေ မဟုတ်ဘဲ Comfort Womenတွေနဲ့ အဓမ္မလုပ်အားပေး ခိုင်းစေခံရတဲ့ နစ်နာသူ အုပ်စုတွေ ဖြစ်နေခဲ့တာပါ။
တက်ဂယူက ညွှန်ကြားချက်တွေ ပေးလိုက်တာကြောင့် အဆောက်အဦးရဲ့ ပထမထပ်က ကဖေးဝန်ထမ်းတွေက အပြင်ကို အလျင်အမြန် ထွက်လာခဲ့ကြပြီး လက်ဖက်ရည်နဲ့ စောင်တွေကို လိုက်ဝေပေးခဲ့ကြတယ်။
အေးစက်လှတဲ့ ရာသီဥတု ဖြစ်နေပေမဲ့လည်း Comfort Women အဖွားအိုတွေနဲ့ အဓမ္မလုပ်အားပေးခံခဲ့ရတဲ့ နစ်နာသူ အဖိုးအိုတွေက ကိုယ်တိုင်ကိုယ်ကျ ထွက်လာခဲ့ကြတာပါ။ သူတို့ စုဝေးခဲ့ကြတဲ့ အကြောင်းရင်းကတော့ တောင်းပန်မှုကို တောင်းဆိုဖို့ပဲ ဖြစ်ပါတယ်။
ဝန်ကြီး အိုကာမိုတိုက ဂျပန်-ကိုရီးယား Comfort Women Agreementကို ဦးဆောင်ခဲ့တဲ့ အဓိကလူပါပဲ။ ဒါပေမဲ့ သဘောတူညီချက် ရရှိသွားပြီးတဲ့နောက်မှာ သူက ပြဿနာကို သေးငယ်အောင် လုပ်တာ ဒါမှမဟုတ် ဂျပန်ရဲ့ တာဝန်ရှိမှုကို ငြင်းဆိုတဲ့ စကားတွေကို ဆက်တိုက် ပြောကြားခဲ့တာပါ။ တစ်ပြိုင်ထဲမှာပဲ ကိုရီးယားအစိုးရအနေနဲ့ အဲဒီသဘောတူညီချက်ကို တာဝန်သိသိနဲ့ အကောင်အထည်ဖော်ဖို့ အသံကျယ်ကျယ်နဲ့ ပြောခဲ့သေးတယ်။
Comfort Women Agreement ပယ်ဖျက်ခံရပြီး အဓမ္မလုပ်အားပေး လျော်ကြေးပေးရေး ဆုံးဖြတ်ချက် ထွက်လာပြီးတဲ့နောက်မှာတော့ သူက တကယ့်ကို အမှိုက်လို ညစ်ပတ်လှတဲ့ စော်ကားမှုတွေကို ဝန်မလေးဘဲ စတင်ပြောဆိုခဲ့တော့တာပဲ။
နစ်နာသူတွေရဲ့ အမြင်ကနေကြည့်ရင် ဒါက အနာပေါ် ဒုတ်ကျသလို ခံစားရစေမယ့် လုပ်ရပ်တစ်ခုပဲ ဖြစ်ခဲ့တာပါ။
ဝန်ကြီး အိုကာမိုတို ရောက်ခါနီးပြီလို့ သတင်းရတာနဲ့ ကျွန်တော်ကိုယ်တိုင် သူ့ကို ကြိုဆိုဖို့ အရှေ့တံခါးဆီ ထွက်လာခဲ့လိုက်တယ်။
ဆန္ဒပြသူတွေ စုဝေးနေတာကို မြင်တွေ့နေရသလို သူတို့ကို ပိတ်ဆို့တားဆီးထားတဲ့ ရဲဝန်ထမ်း ရာပေါင်းများစွာကိုလည်း မြင်နေရပါတယ်။ တကယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးသာ တစ်ခုခု ဖြစ်သွားခဲ့ရင် ဒါက သံတမန်ရေးရာ ပြဿနာ ဖြစ်သွားမှာလေ။
ဘေးတစ်ဖက်မှာတော့ ကင်မရာ အရေအတွက် ဒါဇင်ပေါင်းများစွာကို တပ်ဆင်ထားကြပါတယ်။ ပြည်တွင်းပြည်ပက အဓိက မီဒီယာတွေ အားလုံး ရောက်နေကြတဲ့ ပုံစံပါပဲ။
မကြာခင်မှာပဲ အမည်းရောင် တိုယိုတာ ကား ၃ စီး ရောက်ရှိလာခဲ့တယ်။ ဒေါသထွက်နေကြတဲ့ ဆန္ဒပြသူတွေရဲ့ အော်ဟစ်သံတွေ ကြားထဲကနေ ဝန်ကြီး အိုကာမိုတိုက ကားပေါ်က ဆင်းလာခဲ့တယ်။ စကားပြန်တစ်ယောက်လည်း အတူတူ ပါလာခဲ့တယ်။
“ဒီလောက်အထိ အဝေးကြီး လာပေးခဲ့တာ ကျေးဇူးတင်ပါတယ်”
ဝန်ကြီး အိုကာမိုတိုက ကျွန်တော့်ကို တွေ့ရလို့ ဝမ်းသာတဲ့ ပုံစံနဲ့ ပြုံးပြတယ်။
“မလိုပါဘူးဗျာ။ ကျွန်တော့်အတွက် အချိန်ပေးခဲ့တာကိုပဲ ကျေးဇူးတင်ရမှာပါ”
ဆန္ဒပြသူတွေ ကြည့်နေတဲ့ အရှေ့မှာတင် ကျွန်တော်တို့က နွေးနွေးထွေးထွေး လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။
“ဒါနဲ့ ကိုရီးယားကို ဘာကိစ္စနဲ့ ရောက်လာတာလဲ ခင်ဗျာ”
သူက ပြောတယ်။
“အတွင်းထဲကို ဝင်ပြီး အသေးစိတ်ကို ဖြည်းဖြည်းချင်း စကားပြောကြတာပေါ့”
ကျွန်တော်က ခေါင်းခါပြလိုက်တယ်။
“ကျွန်တော်တို့ နှစ်ယောက်စလုံး အလုပ်ရှုပ်နေကြတာမလို့ အထဲဝင်ဖို့ မလိုပါဘူး။ ခင်ဗျား ဘာလို့ လာလဲဆိုတာ ကျွန်တော် အကြမ်းဖျင်း သိနေတာမလို့ ခင်ဗျားရဲ့ အချိန်ကို သက်သာစေဖို့ ကျွန်တော်ပဲ အရင် ပြောလိုက်ပါ့မယ်”
သူ ဟာသလုပ်ပြီး ပြောခဲ့တဲ့ စော်ကားမှုတွေကို အကျဉ်းချုပ်ပြီး သူ့ဆီကိုပဲ တိုက်ရိုက် ပြန်ပစ်လွှတ်လိုက်တာပေါ့။
“ဂျပန် တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်က အပြီးသတ်ဖြစ်ပြီး ပြောင်းလဲလို့ မရပါဘူး။ တရားရုံးရဲ့ ဆုံးဖြတ်ချက် ရှိနေပါလျက်နဲ့ အခုလိုမျိုး ကျွန်တော်တို့ကို ဆက်ပြီး ဖိအားပေးနေမယ်ဆိုရင် ဂျပန် ရှယ်ယာဈေးကွက်ကို ဘယ်သူက ယုံကြည်ပြီး အရောင်းအဝယ် လုပ်တော့မှာလဲ။ ဂျပန်တရားရုံးရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ကျွန်တော်က ရှယ်ယာ တစ်ခုတောင် ပြန်ပေးမှာ မဟုတ်ပါဘူး။ ကတိဆိုတာ တည်ရမယ် မဟုတ်လား”
စကားပြန်က အဲဒီစကားတွေကို ပြန်ပြောပြလိုက်တာနဲ့ ဝန်ကြီး အိုကာမိုတိုရဲ့ မျက်နှာက တင်းမာသွားခဲ့တော့တယ်။
တကယ်ပဲ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဘယ်နေရာမှာ ဒီလိုမျိုး ဆက်ဆံမှုကို ခံဖူးလို့လဲ။ ဒါက ကျွန်တော် ဖြစ်နေလို့သာ အခုလို ဆက်ဆံနိုင်တာပါ။
တကယ်လို့ OTK Company က ကိုရီးယားကုမ္ပဏီတစ်ခုသာ ဆိုရင် အခုလိုမျိုး လုပ်ဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က အမေရိကန်ကုမ္ပဏီ ဖြစ်နေတာလေ။ ပြီးတော့ ကျွန်တော်တို့ဘက်မှာ တရားဝင်မှုလည်း ရှိနေပါတယ်။
ပိတ်ထားတဲ့ ကားတံခါးကို ကျွန်တော်ကိုယ်တိုင် ပြန်ဖွင့်ပေးလိုက်တယ်။
“ပြောစရာ တခြားမရှိတော့ရင်တော့ ပြန်လို့ရပါပြီ”
(Liquidity ဆိုတာ ဘဏ္ဍာရေးနဲ့ စီးပွားရေးလောကမှာ "ပိုင်ဆိုင်မှုတစ်ခုခုကို တန်ဖိုးအများကြီး ထိခိုက်မှုမရှိဘဲ လက်ငင်းငွေသားအဖြစ် ဘယ်လောက်မြန်မြန် ပြောင်းလဲနိုင်လဲ" ဆိုတဲ့ အတိုင်းအတာကို ပြောတာပါ။
နားလည်လွယ်အောင် အရှင်းဆုံးပြောရရင်တော့ "ငွေသားအဖြစ် ပြောင်းလဲရလွယ်ကူမှု" ပေါ့။
အလွယ်တကူ ခွဲခြားသိနိုင်ဖို့ အုပ်စု (၂) စုနဲ့ နှိုင်းယှဉ်ပြပေးပါမယ်။
၁။ High Liquidity
High Liquidityဆိုတာကတော့ လိုချင်တဲ့အချိန် ချက်ချင်းထုတ်ပြီး သုံးလို့ရတဲ့ အရာတွေပါ။
လက်ငင်းငွေသား က အမြင့်ဆုံး Liquidity ရှိပါတယ်။ ဘာနဲ့မှ လဲနေစရာမလိုဘဲ တန်းသုံးလို့ရလို့ပါ။
ဘဏ်အပ်ငွေ ကတော့ အချိန်မရွေး ATM ကနေ ထုတ်ယူနိုင်တဲ့အတွက် ငွေသားနီးပါး Liquidity မြင့်ပါတယ်။
ရှယ်ယာ/စတော့တွေဟာ စတော့ဈေးကွက် ဖွင့်ထားချိန်မှာ မိနစ်ပိုင်းအတွင်း ပြန်ရောင်းပြီး ငွေသားအဖြစ် ပြောင်းလဲနိုင်ပါတယ်။ (ဥပမာ- တိုယိုတာ ရှယ်ယာတွေကို OTK က ချက်ချင်း အရောင်းအမှာစာ တင်ပြီး ငွေဖော်တာမျိုး လုပ်ရင် ရတာမျိုးပေါ့။)
၂။ Low Liquidity / Illiquid
Low Liquidity ကတော့ တန်ဖိုးရှိပေမဲ့ ငွေသားချက်ချင်းဖြစ်ဖို့ ခဲယဉ်းတဲ့ အရာတွေပါ။
အိမ်နှင့် မြေယာတွေဟာ ငွေသားချက်ချင်းလိုချင်လို့ ဒီနေ့ရောင်း၊ ဒီနေ့ ပိုက်ဆံရဖို့ မဖြစ်နိုင်ပါဘူး။ ဝယ်သူရှာရမယ်၊ စာချုပ်ချုပ်ရမယ်ဆိုတော့ လနဲ့ချီ ကြာတတ်ပါတယ်။
အနုပညာပစ္စည်းများနှင့် ရှေးဟောင်းပစ္စည်းတွေဟာ တန်ဖိုးကြီးမှန်း သိပေမဲ့ ဝယ်မယ့်သူ (ဈေးကွက်) က အသင့်ရှိမနေတဲ့အတွက် ငွေဖော်ရ ခက်ခဲပါတယ်။
ကုမ္ပဏီတစ်ခု ဒါမှမဟုတ် ဘဏ်တစ်ခုက ပိုင်ဆိုင်မှု တွေ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ လက်ငင်းပေးရမယ့် ကြွေးမြီတွေ ဒါမှမဟုတ် အရေးပေါ်အသုံးစရိတ်တွေအတွက် လက်ငင်းငွေသား အလုံအလောက် မရှိရင် ဒေဝါလီခံရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကုမ္ပဏီတွေဟာ အမြတ်ရဖို့တင်မကဘဲ အရေးကြုံရင် ချက်ချင်းထုတ်သုံးနိုင်မယ့် Liquidity ကိုပါ အမြဲ မျှတအောင် ထိန်းညှိကြရတာပါ။)