← Chapters

အခန်း ၃၁၈

Vol. 32 Ch. 318

အခန်း ၃၁၈

Vol. 32 Ch. 318

အခန်း (၃၁၈)

ဂျပန်နိုင်ငံခြားရေးဝန်ကြီး အိုကာမိုတိုဟာ OTK Company ရုံးချုပ်ထဲကို ခြေတစ်လှမ်းတောင် မလှမ်းရသေးဘဲ လှည့်ပြန်သွားခဲ့ရတယ်။

ကားထွက်ခွာသွားတာနဲ့တစ်ပြိုင်ထဲ အဆောက်အဦးအရှေ့မှာ တောင်းပန်ဖို့ တောင်းဆိုနေကြတဲ့ ဆန္ဒပြသူတွေအားလုံးက တညီတညွတ်တည်း လက်ခုပ်တီး အားပေးခဲ့ကြပြီး နစ်နာသူတွေကတော့ မျက်ရည်တွေကို သုတ်နေကြတာပေါ့။ ကန်ဂျင်ဟူက သူတို့ကို အရိုအသေပေး ဦးညွှတ်လိုက်ပြီးမှ အထဲကို ပြန်ဝင်သွားခဲ့တယ်။

ဒီမြင်ကွင်းကို ကင်မရာတွေက ဖမ်းယူထားခဲ့ပြီး တစ်ကမ္ဘာလုံးဆီကို ထုတ်လွှင့်ပြသခဲ့ကြတာပါ။

မီဒီယာတွေကလည်း သတင်းတွေကို တရစပ် ဖော်ပြခဲ့ကြတယ်။

[နိုင်ငံခြားရေးဝန်ကြီး အိုကာမိုတို OTK Company ရုံးချုပ်အရှေ့မှာ အရှက်ကွဲခဲ့ရ]

[ကန်ဂျင်ဟူက ရှယ်ယာ တစ်ခုတောင် ပြန်ပေးမှာ မဟုတ်ဘူးလို့ ပြောကြား]

[သမ္မတအိမ်တော် အိမ်ပြာတော်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီး အိုကာမိုတိုနဲ့ တွေ့ဆုံဖို့ အကြောင်းပြချက် မရှိ]

[Comfort Womenတွေနဲ့ အဓမ္မလုပ်အားပေးခံခဲ့ရတဲ့ နစ်နာသူတွေက နိုင်ငံခြားရေးဝန်ကြီး အိုကာမိုတိုရဲ့ စော်ကားမှုတွေအတွက် တောင်းပန်ဖို့ တောင်းဆို]

[ကန်ဂျင်ဟူရဲ့ သံတမန်ရေးရာ အမှားအယွင်းက ကိုရီးယားရဲ့ နိုင်ငံတကာ ပုံရိပ်ကို ထိခိုက်စေ]

[ကိုရီးယားအစိုးရဘက်က တောင်းပန်သင့်တယ်လို့ ပြောဆိုသံတွေ ထွက်ပေါ်လာ]

[ကန်ဂျင်ဟူက ဂျပန်-ကိုရီးယား ဆက်ဆံရေးအပေါ် ဆိုးကျိုးတွေ သက်ရောက်စေတာလား]

[ကိုရီးယားအစိုးရအနေနဲ့ ခံစားရမယ့် သံတမန်ရေးရာ နစ်နာမှုတွေက ဘာတွေလဲ]

ဂျောင်အီဘို လိုမျိုး ကွန်ဆာဗေးတစ် မီဒီယာတချို့က ဂျပန်-ကိုရီးယား ဆက်ဆံရေး ပိုမိုဆိုးရွားလာမှာကို ပြင်းပြင်းထန်ထန် စိုးရိမ်ပူပန်နေကြပေမဲ့ အများစုရဲ့ တုံ့ပြန်မှုကတော့ ကျေနပ်အားရနေကြတာပဲ ဖြစ်ပါတယ်။

-ဟားဟား... အဲဒီ ရူးကြောင်ကြောင် ကောင်ကတော့ တကယ်လန်းတယ်။

-ကန်ဂျင်ဟူက ကိုရီးယား၊ တရုတ်၊ ဂျပန် သုံးနိုင်ငံလုံးကို ဆော်ပလော်တီးလိုက်တာပဲ။ Triple Crown ရသွားပြီဟေ့။

-ဒီလောက်ဆိုရင်တော့ သူ့ရဲ့ အစုံသုတ် လူမိုက်ကြီး စွမ်းရည်ကို အသိအမှတ်ပြုရတော့မယ်ဟေ့။

-ဒီတစ်ကြိမ် လူမိုက်ဆန်တာကိုတော့ ငါ သဘောကျတယ်။

-ကန်ဂျင်ဟူရဲ့ သတ္တိကတော့ အလန်းစားပဲ။ ကြည့်ရုံနဲ့တင် ရင်ထဲမှာ အေးသွားတာပဲ။

-အိုကာဇာကီ ကိုယ်တိုင်လာပြီး ဒူးထောက်တောင်းပန်ရင်တောင် ပြန်မပေးနဲ့။

-သံတမန်ရေးရာ အမှားအယွင်း ဟုတ်လား။ ဖိတ်ခေါ်မထားဘဲ ရောက်လာတဲ့ကောင်ရဲ့ အမှား မဟုတ်ဘူးလား။

-ကန်ဂျင်ဟူက အရပ်သားတစ်ယောက်လေ၊ ပြည်သူ့ဝန်ထမ်းမှ မဟုတ်တာ။ အစိုးရက ဘာလုပ်ပေးရမှာလဲ။

-OTK Company က အမေရိကန်ကုမ္ပဏီ ဖြစ်နေတာကို ကိုရီးယားအစိုးရက ဘာလို့ သံတမန်ရေးရာ နစ်နာမှုတွေကို ခံရမှာလဲ။ သွားပြောချင်ရင် အမေရိကန်ကို သွားပြီး အရှင် ရိုနယ် ဆီမှာ သွားပြောလေ။

-ဘယ်သူလဲ။ ဘယ်သူက ကျွန်တော်တို့ အစိုးရကို တောင်းပန်ခိုင်းနေတာလဲ။

-အဲဒီ ဂျပန်လိုလားသူတွေက သရဲပူးနေတာပဲ၊ သရဲပူးနေတာကွ။

တက်ဂယူနဲ့အတူ Golden Gate ကိုရီးယားရုံးခွဲဆီကို ကျွန်တော် သွားခဲ့လိုက်တယ်။ အစ်မ အိုဟျွန်းဂျူးနဲ့ အယ်လီ တို့က အတူတူ စောင့်ဆိုင်းနေကြတာပါ။

သူတို့ နှစ်ယောက်စလုံးက မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့ ပုံစံ ပေါက်နေကြပါတယ်။

“မမ... နေ့လယ်စာ ကောင်းကောင်း စားခဲ့ရဲ့လား”

တက်ဂယူက မေးတယ်။

အစ်မ အိုဟျွန်းဂျူးက ခေါင်းခါပြတယ်။

“ဟင့်အင်း”

“ဘာလို့ မစားတာလဲ”

“ငါ အခုအချိန်မှာ အစားစားချင်စိတ် ရှိနေမယ်လို့ နင် ထင်နေတာလား”

“ငါကတော့ ဆန်းဒဝစ်တစ်ခု စားခဲ့တယ်” လို့ အယ်လီက ပြောတယ်။

“တော်တယ်”

အယ်လီရဲ့ အလှတရားက ဒီနေ့မှာလည်း တောက်ပနေတုန်းပဲ။ အလုပ်ဆင်းပြီး ဒိတ်လုပ်ဖို့ကိုတောင် မစောင့်နိုင်တော့ပါဘူး။

ကျွန်တော်တို့ ထိုင်လိုက်ကြတဲ့အခါမှာတော့ အစ်မ အိုဟျွန်းဂျူးက နီကိုတင်း ပီကေကို ဝါးရင်း ပြောတယ်။

“နိုင်ငံခြားရေးဝန်ကြီး အိုကာမိုတို ပြန်သွားပြီ”

“သူ့မှာ အချိန်မရှိတော့တာကို အခုထိ မသိသေးတဲ့ ပုံပဲ”

“နင် တကယ်ပဲ အဲလို လုပ်တော့မှာလား”

“သေချာတာပေါ့”

OTK Company ရဲ့ အကောင့်ထဲမှာ တိုယိုတာ ရှယ်ယာ ၁၄.၈၇ သန်း ရှိနေတာပါ။ ဒါတွေကို ပြန်ပေးဖို့ ဥပဒေအရ တာဝန်မရှိရင်တောင် ဒီရှယ်ယာတွေကို ဆက်ပြီး ကိုင်ထားဖို့က ခက်ခဲပါတယ်။

ကျွန်တော်တို့က ရှယ်ယာတွေကို ကိုင်ထားရင်တောင် လက်တွေ့မှာ တိုယိုတာရဲ့ စီမံခန့်ခွဲမှု အာဏာကို ကျင့်သုံးလို့ ရမှာ မဟုတ်ပါဘူး။ ဂျပန်အစိုးရကလည်း ငြိမ်ပြီး ကြည့်နေမှာ မဟုတ်ဘူးလေ။

နောက်ဆုံးတော့ ရွေးချယ်စရာ လမ်းနှစ်ခုပဲ ရှိပါတယ်။ တစ်နေရာရာမှာ ရောင်းပစ်ဖို့ ဒါမှမဟုတ် ဂျပန်အစိုးရနဲ့ ညှိနှိုင်းပြီး ပြန်ပေးဖို့ပါ။

“ဂျပန်အစိုးရကလည်း အရာအားလုံးကို ပြန်ရဖို့ ခက်ခဲမယ်ဆိုတာကို သေသေချာချာ သိထားကြတယ်။ သူတို့က ၇၀ ဒါမှမဟုတ် ၈၀ ရာခိုင်နှုန်းလောက် ပြန်ရဖို့ ညှိနှိုင်းချင်နေကြတယ်ဆိုတဲ့ သတင်းတွေ စပြီး ပျံ့နှံ့နေပြီ”

၇၀ ရာခိုင်နှုန်းပဲ ပြန်ပေးတာက ကျန်တဲ့ ၃၀ ရာခိုင်နှုန်းရဲ့ ပိုင်ဆိုင်ခွင့်ကို တရားဝင် အသိအမှတ်ပြုလိုက်တဲ့ သဘောပဲ ဖြစ်ပါလိမ့်မယ်။ ၃၀ရာခိုင်နှုန်းတင်ကိုပဲ ယန်း သန်းပေါင်း ၇သိန်းလောက် ရှိတာပါ။

ဒါက အမြတ်ထွက်နေတုန်းပဲ ဖြစ်တဲ့ အရောင်းအဝယ်တစ်ခုပဲလေ။

တကယ်လို့ ဂျပန်အစိုးရက ရှယ်ယာတွေကို ပြန်ရသွားခဲ့ရင် ဝန်ကြီးချုပ် အိုကာဇာကီနဲ့ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) တို့က သက်ပြင်းချနိုင်မှာဖြစ်ပြီး သူတို့ရဲ့ ထောက်ခံမှုနှုန်းတွေလည်း ပြန်လည် ကောင်းမွန်လာနိုင်ပါတယ်။

“တကယ်လို့ ကျွန်တော်က ရှယ်ယာ ၁၀ သန်း ပြန်ပေးလိုက်ရင် သူတို့က ပြန်ပေးလို့ ကျေးဇူးတင်ကြမယ်ထင်လား။ ဒါမှမဟုတ် ကျန်တဲ့ ၄.၉၇ သန်းကို ပြန်မပေးလို့ နောက်မှ ထပ်ပြီး ပြဿနာရှာကြမယ်လို့ထင်လား”

တက်ဂယူက ရှင်းလင်းလှတဲ့ ပုံစံနဲ့ ပြောတယ်။

“ဂျပန်တွေက ဘယ်တုန်းက ကတိတည်ဖူးလို့လဲ”

“ဟုတ်တယ်... ကျွန်တော်လည်း အဲလိုပဲ တွေးမိတယ်”

သူတို့ အခုထိ လုပ်ခဲ့တာတွေကို ထည့်သွင်းစဉ်းစားရင် ဒီအတိုင်းပဲ အဆုံးသတ်လိုက်ဖို့က မသင့်တော်ပါဘူး။ ဒါက ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခု ဖြစ်တာမလို့ ဒီအတိုင်း လက်လွှတ် ဆုံးရှုံးခံဖို့က နှမြောစရာပဲလေ။

အစ်မ အိုဟျွန်းဂျူးက နီကိုတင်း ပီကေကို ဝါးရင်း မေးတယ်။

“ရိုနယ်က ဘာပြောလဲ”

ကျွန်တော် အရင်က ဖုန်းပြောခဲ့တာကို ပြန်တွေးမိလိုက်တယ်။

“သူက စိတ်ကြိုက်သာ လုပ်လို့ ပြောတယ်”

“အဲဒါက ခွင့်ပြုချက် ပေးလိုက်တာနဲ့ အတူတူပဲ”

တကယ်လို့ ရိုနယ်က ဂျပန်ရဲ့ အခြေအနေကို စိုးရိမ်နေခဲ့ရင် ကျွန်တော်တို့ကို သင့်တော်တဲ့ အဆင့်တစ်ခုမှာ ရှယ်ယာတွေ ပြန်ပေးဖို့ ဖျောင်းဖျ ညှိနှိုင်းပေးခဲ့မှာ သေချာပါတယ်။ သူ အခုလို ဘာမှ ဝင်မပြောတာကတော့ ကျွန်တော်တို့ ဘာလုပ်လုပ် စိတ်မဝင်စားဘူးဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့။

ယန်းငွေ အားပျော့မှုကို အမေရိကန်ရဲ့ သဘောတူညီချက်နဲ့ လုပ်ဆောင်ခဲ့တာပါ။ အဲဒီတုန်းက အမေရိကန်နဲ့ ဂျပန်ရဲ့ ပို့ကုန်ပစ္စည်းတွေက ထပ်တူမကျခဲ့သလို တရုတ်စီးပွားရေးကို ထိန်းချုပ်ဖို့ လိုအပ်ချက်လည်း ရှိနေခဲ့တာလေ။

အခုအချိန်မှာတော့ အမေရိကန်ကလည်း ကုန်ထုတ်လုပ်မှုနဲ့ ပို့ကုန်တွေကို အဓိက အာရုံစိုက်လာတာကြောင့် ယန်းငွေ အားပျော့မှုကို ဆက်ပြီး သည်းခံတော့မှာ မဟုတ်ဘူးဆိုတဲ့ အခြေအနေ ဖြစ်နေပါပြီ။ ဒါပေမဲ့ ဝန်ကြီးချုပ် အိုကာဇာကီကတော့ ယန်းငွေ အားပျော့မှုကို ဆက်ပြီး တွန်းအားပေးနေတုန်းပါပဲ။

ဂျပန်ရဲ့ အမြင်ကနေကြည့်ရင် ဘဏ္ဍာရေး လိုငွေပြမှုက တိုးပွားနေပြီး ပြည်တွင်းစီးပွားရေး ပြန်လည်ဦးမော့လာမှုက နှေးကွေးနေတဲ့ အခြေအနေမျိုးမှာ ပို့ကုန်တွေပါ ပြိုလဲသွားခဲ့ရင် ဂျပန်စီးပွားရေး တစ်ခါ ထပ်ပြီး ပြိုလဲသွားနိုင်တဲ့ အန္တရာယ် ကြီးကြီးမားမား ရှိနေတာပါ။

အစ်မ အိုဟျွန်းဂျူးက ပြောတယ်။

“ဘာပဲဖြစ်ဖြစ် အမေရိကန်က ဂျပန် မော်တော်ကား ကုမ္ပဏီတွေကို ကိုင်တွယ်ဖို့ စီစဉ်နေတာ ကြာပြီ။ အခွန်စည်းကြပ်ဖို့ ပြောဆိုသံတွေကလည်း စပြီး ထွက်ပေါ်နေပြီလေ။ နင်က အရင်ဆုံး စပြီး တိုက်ခိုက်မှာဆိုတော့ သူတို့ဘက်က တားဆီးစရာ အကြောင်းပြချက် မရှိဘူး”

CarOS က GM၊ Ford တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်သလို မော်တော်ကား လုပ်သားတွေကလည်း ရိုနယ်ရဲ့ အရေးအကြီးဆုံး ထောက်ခံသူတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ဂျပန်အစိုးရနဲ့ တိုယိုတာတို့က တစ်ကမ္ဘာလုံးမှာ CarOS ကို တိုက်ခိုက်တဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့ကြတာပါ။

သူက ဖုန်းထဲမှာ တိုက်ရိုက် ထည့်မပြောခဲ့ပေမဲ့ ကျွန်တော်သာ လှုပ်ရှားလိုက်ရင် အမေရိကန်ကလည်း ပံ့ပိုးကူညီပေးလိမ့်မယ် ဆိုတာကို ကျွန်တော် ယုံကြည်ချက် ရှိပါတယ်။

တက်ဂယူက ပြောတယ်။

“ဒါနဲ့ ကျွန်တော်တို့ဘက်က တိုက်ခိုက်ပြီဆိုရင်တော့ ကျွန်တော်တို့တွေဟာ တစ်ခါ ထပ်ပြီး ဝေဖန်ခံရဦးမှာပဲ”

“ငါတို့တွေက ဝေဖန်ခံရလွန်းလို့ အရေတောင်ထူနေပါပြီကွာ”

“အဲဒါလည်း ဟုတ်တာပဲ”

ဒီနေရာမှာ ဝေဖန်မှု အနည်းငယ် ပိုခံရရုံနဲ့ ဘာမှ ထူးခြားသွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် တစ်ယောက်ထဲ ဝေဖန်ခံဖို့ အစီအစဉ်တော့ မရှိပါဘူး။ ဝေဖန်ခံရမယ်ဆိုရင် အားလုံး အတူတူ ဝေဖန်ခံရမှာပေါ့လေ။

ကျွန်တော် ကားလ်မတ်စ် ရဲ့ ကျော်ကြားလှတဲ့ စကားစုကို ပြန်ပြောလိုက်တယ်။

“သမိုင်းက သူ့အလိုလို ပြန်လည်ပတ်တတ်တယ်၊ ပထမအကြိမ်က အလွမ်းဇာတ်လမ်း ဖြစ်ပြီး ဒုတိယအကြိမ်ကတော့ ဟာသဇာတ်လမ်း ဖြစ်လာမှာလေ”

တက်ဂယူက ထပ်ဖြည့်ပြောတယ်။

“ကျွန်တွေက နှစ်ခါ ပြန်ပြီး ဓားနဲ့ ထိုးတတ်တယ်ဆိုတဲ့ စကားလည်း ရှိသေးတယ်လေ”

အဲဒီစကားက ဘယ်ကနေ လာလဲဆိုတာ ကျွန်တော် မသိပေမဲ့ တကယ်ကို ကောင်းမွန်တဲ့ စကားတစ်ခွန်းပါပဲ။

နာရီလက်တံက ၁၂:၃၀ ဆီကို ဖြည်းဖြည်းချင်း ညွှန်ပြနေပါပြီ။ Nikkeiရဲ့ နေ့လယ်ပိုင်း ဈေးကွက် ဖွင့်လှစ်မယ့် အချိန် ဖြစ်နေတာပါ။

ကျွန်တော် လက်ခုပ်ကို ခပ်ဖွဖွ တီးလိုက်ရင်း ပြောလိုက်တယ်။

“ကဲ... စလိုက်ကြမလား”

ဂျပန် ပြည်သူ့ပင်စင်ရန်ပုံငွေအဖွဲ့ (GPIF) စီမံခန့်ခွဲနေတဲ့ ရန်ပုံငွေ ပမာဏက ယန်း သိန်းပေါင်း ၁,၅၀၀ ကုဋေထက် ကျော်လွန်နေတာမလို့ GPIF က ကမ္ဘာ့အကြီးဆုံး အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေထဲက တစ်ခု ဖြစ်ပါတယ်။

နီရှီဒါ စတော့ပွဲစားကုမ္ပဏီမှာ အမှာစာ အမှားအယွင်း ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဂျပန်တစ်နိုင်ငံလုံးကနေ ကန့်ကွက် ဆန္ဒပြမှုတွေ တရစပ် ထွက်ပေါ်လာခဲ့တယ်။ ပင်စင်ရန်ပုံငွေရဲ့ ယန်း သိန်းပေါင်း ၂.၃ ကုဋေ ဆုံးရှုံးသွားတာကို ဘယ်သူက ဝမ်းသာနိုင်မှာလဲ။

တကယ်တော့ ဒါက လုပ်ထုံးလုပ်နည်းအတိုင်း သေသေချာချာ လိုက်နာခဲ့ရင် ဘယ်တော့မှ မဖြစ်ပွားသင့်တဲ့ မတော်တဆမှုတစ်ခုပါ။

တကယ်လို့ အရင်တုန်းကလို စတော့ပွဲစားကုမ္ပဏီ ကုမ္ပဏီ အပြောင်းအလဲတွေနဲ့ လုပ်ဆောင်ချက်တွေကို ခွဲဝေအပ်နှံထားခဲ့ရင် မတော်တဆမှု ဖြစ်ခဲ့ရင်တောင် ဆုံးရှုံးမှုက အကန့်အသတ်ပဲ ရှိမှာပါ။ ဒါပေမဲ့ ဒီဖြစ်ရပ်ကတော့ လုပ်ပိုင်ခွင့် အာဏာအားလုံးကို တစ်နေရာထဲဖြစ်တဲ့ နီရှီဒါ စတော့ပွဲစားကုမ္ပဏီ ဆီမှာပဲ စုစည်းထားခဲ့လို့ ဖြစ်ပွားခဲ့ရတာလေ။

နီရှီဒါ စတော့ပွဲစားကုမ္ပဏီရဲ့ ဥက္ကဋ္ဌ အိုကုတာက တောင်းပန်ခဲ့ပြီး အမှားလုပ်ခဲ့တဲ့ ဝန်ထမ်းကို အရေးယူကာ အခြေအနေကို အမြန်ဆုံး ပြုပြင်ပေးမယ်လို့ ကတိပြုခဲ့တယ်။ ဒါပေမဲ့ သူ ဘယ်လောက်ပဲ ဦးညွှတ်တောင်းပန်ပါစေ ပြဿနာကတော့ ပြေလည်မသွားခဲ့ပါဘူး။ တကယ်လို့ ရှယ်ယာတွေကို ပြန်မရခဲ့ရင် ဒေဝါလီခံရမယ့် အခြေအနေကနေ လွတ်မြောက်ဖို့ ခက်ခဲမှာပါ။

တာဝန်ယူရမယ့် လူတွေကလည်း အများကြီးပါပဲ။ တကယ်လို့ ပြဿနာက ပိုပြီး ကြီးထွားလာခဲ့ရင် ဝန်ကြီးချုပ် ကိုယ်တိုင်တောင် ရာထူးကနေ ဖယ်ပေးရလိမ့်မယ်ဆိုတဲ့ ကောလာဟလတွေပါ ထွက်ပေါ်နေခဲ့တာလေ။

အဓိက ရင်းနှီးမြှုပ်နှံမှု အရာရှိ (CIO) နာမီကီ ကိုဂျီက ကန်ဂျင်ဟူအနေနဲ့ စိတ်ပြောင်းပြီး ရှယ်ယာတွေကို ပြန်ပေးဖို့ကိုပဲ အသည်းအသန် မျှော်လင့်နေခဲ့ပါတယ်။

ဂျပန်ရဲ့ အင်အားကို ဘယ်သူမှ လျစ်လျူရှုလို့မရပါဘူး။ ကောင်းကောင်း ညှိနှိုင်းရင် ရှယ်ယာတွေကို ပြန်ရနိုင်မလားလို့ပေါ့။

ဒါပေမဲ့...

မွန်းလွဲ ၁၂:၃၀။

ဂျပန် ရှယ်ယာဈေးကွက် ဖွင့်လှစ်လိုက်တာနဲ့ တစ်ပြိုင်ထဲ တိုယိုတာ ရှယ်ယာတွေအတွက် အရောင်းအမှာစာတွေက တရစပ် ထွက်ပေါ်လာခဲ့တော့တယ်။ ရှယ်ယာ သောင်းနဲ့ချီတဲ့ အရောင်းအမှာစာတွေက ဗုံးကြဲသလိုမျိုး တစ်ပြိုင်ထဲ အလုံးအရင်းနဲ့ ထွက်ပေါ်လာခဲ့တာပါ။

Golden Gate အကောင့်ကနေ ထွက်ပေါ်လာတဲ့ အရောင်းဗုံးက Nikkei အညွှန်းကိန်း တစ်ခုလုံးကို အောက်ကို ဆွဲချပစ်လိုက်တယ်။

ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ဒီအခြေအနေက ဂျပန် ဘဏ္ဍာရေးလောကကို တုန်လှုပ်သွားစေခဲ့တယ်။

ဘယ်သူက ရောင်းနေလဲဆိုတာကို ရှာဖွေနေစရာတောင် မလိုပါဘူး။

'ဒီ ရူးကြောင်ကြောင် ကောင်ကတော့ကွာ... အဲဒီရှယ်ယာတွေကို ဈေးကွက်ထဲမှာ ဒီအတိုင်း ရောင်းချပစ်နေတာလား'

ပမာဏ အလုံးအရင်းနဲ့ ချရောင်းနေတာကို တားဆီးဖို့ နည်းလမ်းမရှိပါဘူး။ ယန်း ၁၄၃,၀၀၀ ဝန်းကျင်မှာ ရှိနေခဲ့တဲ့ ရှယ်ယာဈေးက ၅ မိနစ်မပြည့်ခင်မှာတင် ၁၀ ရာခိုင်နှုန်းထက်မက ထိုးကျသွားခဲ့တယ်။

ဈေးနှုန်းက ဈေးကွက်ပေါက်ဈေးထက် အများကြီး နိမ့်ကျသွားတာကြောင့် နေရာအနှံ့ကနေ အဝယ်အမှာစာတွေ ထွက်ပေါ်လာခဲ့ပေမဲ့ အရောင်းဖိအားကတော့ ရပ်တန့်မသွားခဲ့ဘူး။

တကယ်လို့ သူတို့က Block Deal (အစုလိုက်အပြုံလိုက် အရောင်းအဝယ်) နဲ့ ရောင်းချခဲ့ရင် ဈေးကွက်ထဲမှာ ရောင်းတာထက် ပိုပြီး မြင့်မားတဲ့ ဈေးနှုန်းကို ရရှိနိုင်မှာပဲလေ။ ဒါကို ဘာလို့ ရည်ရွယ်ချက်ရှိရှိနဲ့ အခုလိုမျိုး ဈေးပေါပေါနဲ့ ချရောင်းနေရတာလဲ။

'ဘာလို့လဲ...'

အဲဒီအချိန်မှာပဲ အချက်တစ်ခုကို သတိရသွားခဲ့တယ်။ ဒီနေ့က တခြားနေ့မဟုတ်ဘဲ Option သက်တမ်းကုန်ဆုံးမယ့်နေ့ ဖြစ်နေခဲ့တာပါ။

“သူတို့တွေ Futures နဲ့ Put Options တွေကို ဘယ်နေရာကနေ ဝယ်ယူခဲ့ကြတာလဲ”

နာမီကီက Futureနဲ့ Optionတွေရဲ့ အရောင်းအဝယ် မှတ်တမ်းတွေကို အလျင်အမြန် စစ်ဆေးကြည့်လိုက်တယ်။

သူတို့က Golden Gate အကောင့်ကတင်မကဘဲ တခြားသော စတော့ပွဲစားကုမ္ပဏီ ကုမ္ပဏီမျိုးစုံရဲ့ အကောင့်တွေကနေပါ ဝယ်ယူထားခဲ့ကြတာပါ။ ဒါပေမဲ့ သေသေချာချာ စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ Futureတွေကို ဆက်တိုက် ရောင်းချပြီး Put Optionတွေကို ဝယ်ယူထားခဲ့တဲ့ အထောက်အထားတွေကို မြင်တွေ့လိုက်ရတယ်။

ဒါက ဘယ်သူ ဖြစ်နိုင်မလဲ။

'တကယ်လို့ သူတို့က ကျန်ရှိနေတဲ့ ရှယ်ယာအားလုံးကို ဈေးကွက်ပိတ်ခါနီးအချိန်မှာ အကုန်လုံး သွန်ချပစ်သလို ရောင်းပစ်လိုက်ရင် ဘာဖြစ်မလဲ'

အခြေအနေကို သတိပြုမိသွားတာက လူတစ်ယောက်ထဲ မဟုတ်ပါဘူး။

ကြောက်ရွံ့မှုတွေက ဂျပန် ရှယ်ယာဈေးကွက်တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့တော့တယ်။

ပင်စင်ရန်ပုံငွေတွေက အညွှန်းကိန်းတွေကို အခြေခံပြီး ဈေးကွက်တန်ဖိုး အမြင့်ဆုံး ရှယ်ယာတွေကို အချိုးကျ ကိုင်ထားလေ့ရှိကြပါတယ်။ ဒါပေမဲ့ သူတို့ အများဆုံး ကိုင်ထားရမယ့် တိုယိုတာ ရှယ်ယာတွေက အမှာစာ အမှားအယွင်းကြောင့် ပျောက်ဆုံးသွားခဲ့ရတာလေ။

ဒီလိုအခြေအနေမျိုးမှာ အရောင်းအမှာစာတွေ တရစပ် ထွက်ပေါ်လာတဲ့အခါ ပြည်သူ့ပင်စင်ရန်ပုံငွေအဖွဲ့အနေနဲ့ အံကြိတ်ရင်းနဲ့ပဲ အဲဒီရှယ်ယာတွေကို ဈေးကြီးကြီးပေးပြီး ပြန်ဝယ်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ပါဘူး။

ရင်းနှီးမြှုပ်နှံသူတွေရဲ့ အာရုံစိုက်မှုက တိုကျို စတော့အိတ်ချိန်း ဆီကို ရောက်ရှိနေခဲ့ကြတယ်။

Option သက်တမ်းကုန်ဆုံးမယ့်နေ့မှာ ရှယ်ယာဈေးနှုန်း အတက်အကျက ပိုပြီး ပြင်းထန်လေ့ရှိတာပါ။ တကယ်လို့ ကန်ဂျင်ဟူက တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် ဈေးနှုန်းအတက်အကျကို ဘယ်လောက်အထိ ပိုပြီး ပြင်းထန်အောင် လုပ်နိုင်မလဲ။

ရင်းနှီးမြှုပ်နှံသူတွေက မော်နီတာတွေကို စိုက်ကြည့်ရင်း အသည်းအသန် အမှာစာတွေ တင်နေခဲ့ကြတယ်။

“သူတို့က ယန်း သိန်းပေါင်း ၂ ကုဋေတန်ဖိုးရှိတဲ့ ရှယ်ယာအားလုံးကို တစ်ရက်ထဲနဲ့ ကုန်အောင် ရောင်းပစ်ဖို့ တွေးနေတာတော့ မဟုတ်ပါဘူးနော်”

“သူတို့က Spot (လက်ငင်းဈေးကွက်) မှာ အရှုံးခံပြီး Derivative ဈေးကွက် ကနေ အမြတ်ထုတ်ဖို့ စီစဉ်နေတာလား”

“အဲလိုဆိုရင်တောင် Spot ရဲ့ အရှုံးက ပိုပြီး ကြီးမားလိမ့်မယ်”

“ဒါပေမဲ့ သူတို့ ဝယ်ယူခဲ့တဲ့ ဈေးနှုန်းက ရှယ်ယာ ၁၄.၉၇ သန်းပဲလေ။ အဲဒါကြောင့် သူတို့က အရှုံးခံရလည်း စိတ်မဝင်စားတာ ဖြစ်နိုင်တယ်”

ဂျပန်စံတော်ချိန် မွန်းလွဲ ၂ နာရီဝန်းကျင်။

ဝါရှင်တန်ဒီစီကနေ အရေးပေါ် ကြေညာချက်တစ်ခု ထွက်ပေါ်လာခဲ့တယ်။ အမျိုးသားလုံခြုံရေးကို အကြောင်းပြပြီး ကုန်သွယ်ရေးတိုးမြှင့်မှုအက်ဥပဒေ ပုဒ်မ ၂၃၂ အရ တင်သွင်းလာမယ့် မော်တော်ကားတွေနဲ့ အပိုပစ္စည်းတွေအပေါ် အခွန်စည်းကြပ် သွားမယ်လို့ ဆိုလာတာပါ။ မျှော်မှန်းထားတဲ့ အခွန်နှုန်းထားက ၂၀ ရာခိုင်နှုန်းအထိ မြင့်မားနေခဲ့တယ်။

ဒီကြေညာချက်က ဘယ်သူ့ကို ရည်ရွယ်တယ်ဆိုတာ ရှင်းလင်းလှပါတယ်။

တစ်ကမ္ဘာလုံးက ရင်းနှီးမြှုပ်နှံသူတွေက အခြေအနေကို ချက်ချင်း သဘောပေါက်သွားခဲ့ကြတယ်။

“ကန်ဂျင်ဟူက အခုလို လုပ်နေတာကို အမေရိကန်က ဝင်ရောက်ညှိနှိုင်းပေးမှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်လား”

“ရိုနယ် အစိုးရက ယန်းငွေ အားပျော့မှုကို ဆက်ပြီး သည်းခံဖို့ အစီအစဉ် မရှိတော့ဘူး”

“ဂျပန် ရှယ်ယာဈေးကွက်ကတော့ လောလောဆယ် ခက်ခဲသွားပြီ”

ဂျပန် ရှယ်ယာဈေးကွက်ကို အခုထိ မြင့်တက်စေခဲ့တဲ့ မောင်းနှင်အားက ယန်းငွေ အားပျော့မှုကြောင့်ပါ။ ဒါပေမဲ့ ယန်းငွေ အားပျော့မှုက ပြီးဆုံးသွားခဲ့ရင် ဘာဖြစ်မလဲ။ သဘာဝအတိုင်း ပို့ကုန်လုပ်ငန်းကို အဓိကထားတဲ့ အုပ်စုကြီးတွေရဲ့ အမြတ်အစွန်းတွေ လျော့ကျသွားမှာဖြစ်ပြီး စတော့ဈေးကွက်ကလည်း မလွဲမသွေ ကျဆင်းသွားပါလိမ့်မယ်။

မြုပ်နေတဲ့ သင်္ဘောပေါ်မှာ ဘယ်သူမှ ဆက်မနေကြပါဘူး။ နောက်မှ ပြန်တက်ရင်တောင် အခုလောလောဆယ်တော့ ဆင်းထားရမှာပဲလေ။ လူတိုင်း အကဲဖြတ်လို့ မပြီးခင်မှာတင် သူတို့ရဲ့ လက်ချောင်းတွေက ကီးဘုတ်ပေါ်မှာ အလုပ်ရှုပ်နေကြပါပြီ။

တက်ကြွလှုပ်ရှားသူ Hedge Fundအဖွဲ့ဖြစ်တဲ့ Albert Managementတည်ထောင်သူနဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ အဲလ်ဘတ် ကားလ် ဆင်းဂါး ဟာ ငွေကလွဲလို့ ဘာမှမသိတဲ့ အမြတ်ထုတ်သူတစ်ယောက်အဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့သူပါ။ ဝါရင် ဘတ်ဖတ် က သူ လုပ်ဆောင်တဲ့ အလုပ်တွေက အလောင်းကောင်တွေကို ကိုက်ဖဲ့စားသောက်တဲ့ လင်းတတွေနဲ့ ဘာမှမခြားနားဘူးလို့ လူသိရှင်ကြား ပြစ်တင်ဝေဖန်ခဲ့ဖူးတယ်။

သူက အမြတ်အစွန်းအတွက်ဆိုရင် ဘာကိုမှ ဂရုမစိုက်ဘဲ ရဲရဲဝံ့ဝံ့ လုပ်ဆောင်တတ်တဲ့သူပါ။ အဲဒီလိုလူကတောင် ကိုရီးယား ဈေးကွက်မှာ ကန်ဂျင်ဟူနဲ့ ရင်ဆိုင်ခဲ့ရတုန်းက ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့အတူ ဆုတ်ခွာခဲ့ရတာလေ။

ကားလ် ဆင်းဂါးက ထိုးကျနေတဲ့ ဂျပန် စတော့ဈေးကွက်ကို ကြည့်ရင်း ဆွံ့အစွာ ပြောလိုက်တယ်။

“ငါ့ထက် ပိုပြီး ဆိုးတဲ့ ကောင်မျိုးကို တစ်ခါမှ မမြင်ဖူးဘူး”

တိုကျို စတော့အိတ်ချိန်းမှာ တိုယိုတာ ရှယ်ယာတွေအတွက် အရောင်းအမှာစာတွေ တရစပ် ထွက်ပေါ်လာပြီး Nikkei အညွှန်းကိန်း ထိုးကျသွားတာကြောင့် ဂျပန်တစ်နိုင်ငံလုံး ကမောက်ကမ ဖြစ်သွားခဲ့ရတယ်။

ရုံးပြင်ပကို ရောက်နေတဲ့ ဝန်ကြီးချုပ် အိုကာဇာကီက သတင်းကို ကြားတာနဲ့တစ်ပြိုင်ထဲ သူ့ရဲ့ အစိုးရအဖွဲ့ရုံးဆီကို ချက်ချင်း ပြန်လာခဲ့တယ်။

“ပင်စင်ရန်ပုံငွေအဖွဲ့က ဘာလုပ်နေလဲ”

ဘဏ္ဍာရေးဝန်ကြီး မတ်ဆူကာတာက ပြန်ဖြေတယ်။

“ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားနေပါတယ်”

ပြည်သူ့ပင်စင်ရန်ပုံငွေအဖွဲ့က ရှယ်ယာဈေးနှုန်းတွေကို ကာကွယ်ဖို့အတွက် ပြည်တွင်းရှယ်ယာတွေတင်မကဘဲ ပြည်ပရှယ်ယာတွေ၊ အိမ်ခြံမြေနဲ့ ငွေတိုက်စာချုပ်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ ထားရှိတဲ့ ငွေသားတွေကိုပါ ထုတ်ယူပြီး အသုံးပြုနေခဲ့တာပါ။

“ဖြစ်နိုင်တဲ့ နည်းလမ်းအားလုံးကို သုံး။ စတော့ပွဲစားကုမ္ပဏီ ကုမ္ပဏီတွေဆီကနေလည်း ကူညီပေးဖို့ တောင်းဆိုလိုက်”

ဘဏ္ဍာရေးဝန်ကြီး မတ်ဆူကာတာက ချွေးပြန်နေတဲ့ ပုံစံနဲ့ ပြောတယ်။

“အဲ... အဲဒါကလေ... ပြည်ပကုမ္ပဏီတွေတင်မကဘဲ ဂျပန် စတော့ပွဲစားကုမ္ပဏီ ကုမ္ပဏီတွေကပါ အရောင်းဘက်မှာ ပါဝင်နေကြတာပါ”

“ဘာ”

ဝန်ကြီးချုပ် အိုကာဇာကီက မော်နီတာဆီကို ကြည့်လိုက်တယ်။ နိုမူရာ စတော့ပွဲစားကုမ္ပဏီ က Future အရောင်းစာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေတာပါ။

ဒီလိုအခြေအနေမျိုးမှာ အမေရိကန်ရဲ့ အခွန်မူဝါဒ ကြေညာချက် ထွက်လာတဲ့အခါ တစ်ကမ္ဘာလုံးက Hedge Fundအဖွဲ့တွေကပါ အရောင်းဘက်ကနေ ပါဝင်လာကြတော့တယ်။ ပင်စင်ရန်ပုံငွေအဖွဲ့က ဈေးနှုန်းကို ထိန်းသိမ်းဖို့ ဝယ်ယူနေပေမဲ့ ဒါက ပြိုလဲနေတဲ့ ဆည်ကြီးကို လက်နဲ့ လိုက်ပိတ်နေသလိုမျိုး ဖြစ်နေတာပါ။

ဒီအရာအားလုံးက လူတစ်ယောက်ထဲကြောင့် ဖြစ်ပွားခဲ့ရတာလေ။

ဝန်ကြီးချုပ် အိုကာဇာကီက ဒေါသကို မထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်တော့တယ်။

“ကန်ဂျင်ဟူ... ခွေး…မ….သား”

၂၀၈၃၅ နဲ့ စတင်ခဲ့တဲ့ Nikkei အညွှန်းကိန်းကတော့ ၈.၀၂ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ပြီး Brexit နောက်ပိုင်း အကြီးမားဆုံးသော ကျဆင်းမှုကို မှတ်တမ်းတင်ကာ ၁၉၁၆၄ နဲ့ ဈေးကွက်ပိတ်သိမ်းသွားခဲ့တော့တယ်။

All Chapters