← Chapters

အခန်း ၃၂၀

Vol. 32 Ch. 320

အခန်း ၃၂၀

Vol. 32 Ch. 320

အခန်း (၃၂၀)

ဒီနေ့တစ်ရက်ထဲတင် OTK Company ရဲ့ အမြတ်အစွန်းက ယန်း သိန်းပေါင်း ၂ ကုဋေထက် ကျော်လွန်မယ်လို့ ခန့်မှန်းရပါတယ်။

တိုယိုတာ ရှယ်ယာဈေးနှုန်း ပြိုလဲသွားတာကြောင့် လက်ငင်းစတော့ဈေးကွက်မှာ အရှုံးပေါ်ခဲ့ပေမဲ့ အဲဒီအရှုံးတွေကို Optionကနေ ပြန်ပြီး ကာမိသွားခဲ့တာပါ။ ပြဿနာကတော့ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ (အထူးသဖြင့် ဂျပန်ဘဏ်တွေ) က အဲဒီအရှုံးတွေကို အကုန်ပွေ့ပိုက်လိုက်ရတာပါပဲ။

ဒီဖြစ်ရပ် မဖြစ်ပွားခင်အထိ ဘယ်သူမှ Derivative ဈေးကွက်ကို သိပ်ပြီး သတိမထားမိခဲ့ကြတာကြောင့် ကြိုတင်ပြင်ဆင်မှုလည်း မရှိခဲ့ကြဘူး။ ကန်ဂျင်ဟူက သူ့ရဲ့ ရှယ်ယာတွေကို အခုလိုမျိုး အိတ်သွန်ဖန်မှောက် ချရောင်းလိမ့်မယ်လို့ ဘယ်သူမှ မတွေးရဲခဲ့ကြလို့ပါ။

ဘယ်လိုနည်းနဲ့မဆို ရှယ်ယာတွေကို ပြန်ရအောင် ယူမယ်လို့ ကြွေးကြော်ထားခဲ့တဲ့ ဂျပန်အစိုးရကတော့ ကြက်ပိန်ခိုးမိတဲ့ခွေးလိုမျိုး ဘာမှမတတ်နိုင်ဘဲ အချည်းနှီး ဖြစ်ကျန်ခဲ့ရတာပေါ့။

ဂျပန် ဘဏ္ဍာရေး အာဏာပိုင်တွေက ဒါက စတော့ဈေးကွက်ကို မတရား ကစားတာဖြစ်ပြီး မမျှတတဲ့ ကုန်သွယ်မှု ဖြစ်တယ်လို့ OTK Company ဆီကို ကန့်ကွက်ခဲ့ကြတယ်။ ဒါပေမဲ့ ကန်ဂျင်ဟူကတော့ “ကျွန်တော့် ရှယ်ယာတွေကို ကျွန်တော် ရောင်းဖို့အတွက် ခွင့်ပြုချက် လိုလို့လား” လို့ ပြန်ပြီး ပက်ခနဲ တုံ့ပြန်ခဲ့တယ်။ Derivative ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း “ဒါက လက်ရှိပိုင်ဆိုင်ထားတဲ့ ပိုင်ဆိုင်မှုတွေကို အရှုံးမရှိအောင် ကာကွယ်ဖို့အတွက် ရင်းနှီးမြှုပ်နှံခဲ့တာ သက်သက်ပဲ” လို့ ပြန်ဖြေခဲ့တာပါ။

လက်ငင်းဈေးကွက်က ရှယ်ယာတွေကို အလုံးအရင်းနဲ့ ချရောင်းပြီး အညွှန်းကိန်းကို အောက်ဆွဲချကာ Optionကနေ အမြတ်ထုတ်ဖို့ဆိုရင် သဘာဝအတိုင်း Optionကရတဲ့ အမြတ်က ရှယ်ယာရောင်းလို့ ရှုံးတဲ့အရှုံးထက် ပိုပြီး ကြီးမားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ OTK Company အတွက်ကတော့ ပြောင်းပြန် ဖြစ်နေခဲ့တာပါ။ ရှယ်ယာရောင်းလို့ ဆုံးရှုံးရတဲ့ အရှုံးက Optionကနေ ရရှိတဲ့ အမြတ်ထက် ပိုပြီး များပြားနေခဲ့ပေမဲ့လည်း လက်တွေ့မှာ သူတို့က အမြတ်အစွန်းတွေ အများကြီး ရရှိခဲ့ကြတာပါ။ ဘာလို့လဲဆိုတော့ သူတို့က အဲဒီတိုယိုတာ ရှယ်ယာတွေကို ယန်း ၁၄.၉၇ သန်းထဲနဲ့ ရရှိထားခဲ့ကြတာမလို့ပါပဲ။

ဒီဖြစ်ရပ်ကနေ OTK Company တစ်ခုထဲ အကျိုးအမြတ် ရရှိခဲ့တာ မဟုတ်ပါဘူး။ ကန်ဂျင်ဟူက အရောင်းအမှာစာတွေကို တရစပ် သွန်ချလိုက်ပြီး ယန်းငွေ အားပျော့မှုကို အမေရိကန်က ဆက်ပြီး သည်းခံမှာ မဟုတ်ဘူးလို့ အရိပ်အယောင် ပြလိုက်တာနဲ့တစ်ပြိုင်ထဲ Hedge Fundအဖွဲ့တွေက ဂျပန်စတော့ဈေးကွက်ကို ဝိုင်းပြီး သွေးစုပ်ဖို့အတွက် တဟုန်ထိုး ဝင်ရောက်လာခဲ့ကြတာပါ။

ကန်ဂျင်ဟူ ချရောင်းလိုက်တဲ့ တိုယိုတာ ရှယ်ယာ ၁၄.၉၇ သန်းကို မရေမတွက်နိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ တစ်ဦးချင်းစီက ဝယ်ယူသွားခဲ့ကြတယ်။ အခြေအနေအရ မလွဲမသွေ ဝယ်ယူခဲ့ရတဲ့ ပြည်သူ့ပင်စင်ရန်ပုံငွေအဖွဲ့က ရှယ်ယာ ၄ သန်းကို ပြန်ဝယ်ခဲ့ပြီး ကျိုးမော်တာကတော့ ရှယ်ယာ ၃ သန်းကို ဈေးပေါပေါနဲ့ သိမ်းကျုံးဝယ်ယူကာ ရှယ်ယာ ပိုင်ဆိုင်မှု အချိုးအစားကို ထုတ်ပြန်ကြေညာခဲ့တယ်။ ကျန်တဲ့ ရှယ်ယာတွေကိုတော့ စျေးကွက်ကိုခန့်မှန်းပြီးဝင်လာတဲ့ ရင်းနှီးမြှုပ်နှံသူတွေက အကုန် ဝယ်ယူသွားခဲ့ကြတာပေါ့။

ဒီဝယ်ယူသွားတဲ့သူတွေ အားလုံးကို လိုက်ပြီး တာဝန်ယူခိုင်းဖို့ ဒါမှမဟုတ် ရှယ်ယာတွေကို ပြန်ပေးဖို့ လိုက်တောင်းဖို့ဆိုတာက မဖြစ်နိုင်တာကြောင့် နောက်ဆုံးမှာတော့ အထိနာသွားတဲ့သူတွေပဲ အရူးလိုမျိုး ဖြစ်ကျန်ခဲ့ရတော့တယ်။

အမှာစာ အမှားအယွင်း ဖြစ်ရပ်ပြီးနောက် Option ရိုက်ခတ်မှုပါ ထပ်ဆင့် ခံလိုက်ရတာကြောင့် ဂျပန်စတော့ဈေးကွက်ကတော့ အထိနာသွားခဲ့ပြီး ဂျပန် ဘဏ္ဍာရေး ကုမ္ပဏီတွေကတော့ Option ဆုံးရှုံးမှုတွေကို တွက်ချက်ရင်း သွေးမျက်ရည် ကျနေခဲ့ကြရတယ်။ ပြည်သူ့ပင်စင်ရန်ပုံငွေအဖွဲ့ကလည်း သူတို့ စီမံခန့်ခွဲနေတဲ့ ရန်ပုံငွေစုစုပေါင်းရဲ့ ၃ ရာခိုင်နှုန်းထက်မက ဆုံးရှုံးသွားခဲ့ရတာပါ။

သုံးလပတ် ဆုံးရှုံးမှုအနေနဲ့ဆိုရင် သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး ဆုံးရှုံးမှုပါပဲ။ ဒီတစ်ကြိမ်မှာတော့ ဘဏ္ဍာရေးဝန်ကြီး မတ်ဆူကာတာ ကိုယ်တိုင်တောင် '၃ ရာခိုင်နှုန်းတင်ပါ' လို့ ပေါ့ပေါ့ပါးပါး ပြောပြီး ဆင်ခြေပေးလို့ မရတော့ပါဘူး။

ဂျပန်ပြည်သူတွေရဲ့ ဒေါသက ပေါက်ကွဲထွက်လာခဲ့တာကြောင့် ပြည်သူ့ပင်စင်ရန်ပုံငွေအဖွဲ့က အရေးပေါ် တန်ပြန် အစီအစဉ်တွေကို ကမန်းကတန်း ထုတ်ပြန်ကြေညာခဲ့ရတယ်။ သူတို့က ပြည်တွင်းစတော့တွေမှာ အလွန်အကျွံ ရင်းနှီးမြှုပ်နှံထားတဲ့ အချိုးအစားကို လျှော့ချပစ်ဖို့ ပြင်ဆင်ခဲ့ကြသလို နီရှီဒါ စတော့ပွဲစားကုမ္ပဏီ ဆီကနေလည်း နစ်နာကြေး တောင်းခံဖို့ စီစဉ်ခဲ့ကြတာပါ။

ဒီကိစ္စမှာ ပြည်သူ့ပင်စင်ရန်ပုံငွေအဖွဲ့ ကိုယ်တိုင်မှာလည်း အပြစ်မကင်းတာကြောင့် နစ်နာကြေး အပြည့်အဝ မရနိုင်ဘဲ တစ်စိတ်တစ်ပိုင်းပဲ ရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမဲ့ တစ်စိတ်တစ်ပိုင်း နစ်နာကြေး ပေးရရင်တောင် နီရှီဒါ စတော့ပွဲစားကုမ္ပဏီ အနေနဲ့ ဒေဝါလီခံရမယ့် အခြေအနေကနေ လွတ်မြောက်ဖို့ မလွယ်ကူဘူးလို့ အများစုက သုံးသပ်နေကြပါပြီ။

ပြဿနာက နီရှီဒါ စတော့ပွဲစားကုမ္ပဏီက နိုမူရာ စတော့ပွဲစားကုမ္ပဏီ ပြီးရင် ဂျပန်မှာ ဒုတိယ အကြီးဆုံး စတော့ပွဲစားကုမ္ပဏီ ကုမ္ပဏီ ဖြစ်နေသလို ပြည်သူ့ပင်စင်ရန်ပုံငွေအဖွဲ့ ကိုယ်တိုင်ကလည်း နီရှီဒါ စတော့ပွဲစားကုမ္ပဏီရဲ့ ရှယ်ယာ ၈.၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတာပဲ။

တကယ်လို့ ဒေဝါလီခံလိုက်ရရင် ဂျပန်ရဲ့ ဘဏ္ဍာရေးလောကတစ်ခုလုံး ကမောက်ကမ ဖြစ်မှုတွေက ပိုပြီး ပြင်းထန်လာဦးမှာ သေချာပါတယ်။

ဘယ်လိုမှ ရုန်းထွက်လို့မရတဲ့ အကျပ်အတည်းထဲ ရောက်နေစဉ်မှာပဲ အစိုးရအဖွဲ့တစ်ခုလုံး နှုတ်ထွက်သွားခဲ့တာကြောင့် ဂျပန်နိုင်ငံရေး လောကကတော့ အကြီးအကျယ် တုန်လှုပ်သွားခဲ့ရပါပြီ။

အမှာစာ အမှားအယွင်းလေး တစ်ခုကနေစပြီး ဒီလောက်အထိ မယုံနိုင်စရာ ဖြစ်ရပ်တွေ တရစပ် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ ထင်မှတ်မထားခဲ့ကြဘူးလေ။

ဂျပန်စတော့ဈေးကွက် ပြိုလဲသွားတဲ့ သတင်းက တစ်ကမ္ဘာလုံးရဲ့ သတင်းခေါင်းကြီးပိုင်းတွေမှာ နေရာယူသွားခဲ့တယ်။

ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့မှာ သတင်းတွေကို အကျယ်တဝံ့ ဖော်ပြခဲ့ကြတာကတော့ သဘာဝကျပေမဲ့ ဗြိတိန်နိုင်ငံကလည်း ဒီကိစ္စကို အထူးတလည် အာရုံစိုက်နေခဲ့တာကတော့ စိတ်ဝင်စားစရာပါပဲ။ ဗြိတိန်က Brexit တုန်းက အထိနာခဲ့ဖူးတာကြောင့် အလားတူ ခံစားချက်မျိုး ဖြစ်နေခဲ့လို့ ထင်ပါတယ်။

Financial Times သတင်းစာက Brexit နဲ့ ပတ်သက်တဲ့ အထူးဆောင်းပါးတွေကို ဆက်တိုက် ဖော်ပြနေခဲ့တယ်။ ဗဟုသုတအနေနဲ့ ပြောရရင် ဗြိတိန်က ဟိုး၂နှစ်လောက်တုန်းက လစ္စဘွန်းစာချုပ် ရဲ့ အပိုဒ် ၅၀ ကို အသုံးပြုပြီး ဥရောပသမဂ္ဂ (EU) ထဲကနေ နှုတ်ထွက်ဖို့ လုပ်ဆောင်ခဲ့ပေမဲ့ အခုအထိ အီးယူ နဲ့ ဆွေးနွေးပွဲတွေက ပြတ်ပြတ်သားသား မရှိသေးဘဲ အချိန်တွေ ကုန်ဆုံးနေခဲ့တာပါ။

ဂျပန် အင်တာနက် စာမျက်နှာတွေပေါ်မှာတော့ ဝန်ကြီးချုပ် အိုကာဇာကီနဲ့အတူ ကျွန်တော့်ကိုပါ ဆဲဆို ကျိန်ဆဲသံတွေ လွှမ်းမိုးနေခဲ့တယ်။ Sankei Shimbun သတင်းစာကဆိုရင် 'ဘဏ္ဍာရေး အကြမ်းဖက်သမား' ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်တော့်ရဲ့ ဓာတ်ပုံကို အထင်အရှား ဖော်ပြထားခဲ့တာပါ။ ဘယ်ကနေ ဘယ်လို ရလာမှန်းမသိတဲ့ အဲဒီဓာတ်ပုံထဲမှာ ကျွန်တော့်ရုပ်က တကယ့်ကို ဗီလိန်တစ်ယောက်လိုမျိုး ထွက်နေခဲ့တယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ သူတို့က ဒီလိုမျိုး ပြောပိုင်ခွင့် မရှိပါဘူး။ ဗြိတိန် ငွေပင်ငွေရင်းပဲ ဖြစ်ဖြစ်၊ ဂျပန် ငွေပင်ငွေရင်းပဲ ဖြစ်ဖြစ် သမိုင်းတစ်လျှောက်မှာ တခြားနိုင်ငံတွေကို တစ်ကြိမ်၊ နှစ်ကြိမ်မကဘဲ အဆမတန် သွေးစုပ် ခေါင်းပုံဖြတ်ခဲ့ကြတာလေ။

အခုတော့ သူတို့ ကိုယ်တိုင် ပြန်ပြီး အသွေးစုပ်ခံလိုက်ရတဲ့အခါကျမှ မတရားဘူးလို့ အော်ဟစ်နေကြတာက တကယ့်ကို အရေခြုံ ဆန်လွန်းတာပါပဲ။

ကျွန်တော် သက်ပြင်းတစ်ချက် ချလိုက်ရင်း ပြောလိုက်တယ်။

“ဒီပုံစံအတိုင်းဆို ဂျပန်ကို ခဏလောက် သွားလို့ရမှာ မဟုတ်တော့ဘူး ထင်တယ်”

တက်ဂယူက ကျွန်တော့်ကို နှစ်သိမ့်ပေးတယ်။

“မင်းလည်း Disneyland ကို သွားလို့ရမှာ မဟုတ်တော့ဘူးပေါ့”

“အော်လန်ဒို က Disneyland ဆီ သွားလိုက်ရင် ရတာပဲကို”

အဲဒါက Disneyland မဟုတ်ဘဲ Disney World ပါ။ နောက်မှ အယ်လီနဲ့အတူ အဲဒီကို သွားဖို့ ကတိပေးထားခဲ့တာလေ။

“ဒါပေမဲ့ မင်း ဒီနှစ် Comiket (နွေရာသီ ပွဲတော်) ကိုတော့ သွားလို့ရမှာ မဟုတ်တော့ဘူး မဟုတ်လား”

“…ငါက အရင်ကတည်းက သွားလေ့ရှိတာမှ မဟုတ်တာ”

ဘေးကလူ ကြားရင်တော့ ကျွန်တော်က အမြဲတမ်း သွားနေကျလူကျနေတာပဲ။

OTK Company က ငွေတွေ အများကြီး ရရှိခဲ့ပေမဲ့ ဂျပန်နိုင်ငံအတွင်းမှာ လည်ပတ်နေတဲ့ လက်အောက်ခံ ကုမ္ပဏီတွေကတော့ သပိတ်မှောက်မှုတွေရဲ့ ပစ်မှတ် ဖြစ်လာခဲ့ရတယ်။

အထိနာဆုံးကတော့ OTK Games ပဲ ဖြစ်ပါတယ်။

Lost Fantasy M ဂိမ်းထဲက ပေါ့ပေါ့ပါးပါး ဆော့ကစားတဲ့ အသုံးပြုသူ အရေအတွက် တော်တော်များများက ထွက်ခွာသွားခဲ့ကြတာပါ။ ဒါပေမဲ့ အိချီကာဝါ ရှီဂဲရု ကတော့ သိပ်ပြီး စိတ်ပူနေပုံမရပါဘူး။

[ဒါက အမှန်တော့ ပိုပြီး ကောင်းမွန်တဲ့ အခြေအနေတစ်ခု ဖြစ်လာနိုင်ပါတယ်။ လက်ရှိ ဂျပန်ဂိမ်းလောကက ကမ္ဘာ့ဈေးကွက်နဲ့ လုံးဝ အဆက်ပြတ်နေပြီး ဂါလာပါဂိုးစ် ကျွန်းလိုမျိုး သီးခြား ဖြစ်နေခဲ့တာပါ။ ကျွန်တော်ကတော့ ဒီအခွင့်အရေးကို သုံးပြီး ဂျပန်ဈေးကွက်ကနေ ရုန်းထွက်ကာ ကမ္ဘာ့ဈေးကွက်ထဲကို စနစ်တကျ ဝင်ရောက်ဖို့ တွေးထားပါတယ်။ လောလောဆယ် ပြည်ပ ဂိမ်းကုမ္ပဏီတွေနဲ့ ပူးပေါင်းဖို့ စီစဉ်နေသလို ပရောဂျက် တချို့ကိုလည်း ပြင်ဆင်နေပါတယ်]

တက်ဂယူက သဘောကျသွားတယ်။

“ဝိုး... ငါတို့ ဦးလေးကြီး ရှီဂဲရုက တကယ့်ကို လေးစားဖို့ကောင်းတာပဲ”

ဒီလောက်အထိဆိုရင်တော့ အသိအမှတ်ပြုပေးရမှာပါ။

အကျိုးသက်ရောက်မှု ရှိခဲ့တဲ့ တခြားကုမ္ပဏီတစ်ခုကတော့ Faceitပါ။ အပြာကား လုပ်ငန်း ဖြစ်တာကြောင့် ဂျပန်က အမေရိကန် ပြီးရင် ဒုတိယ အရေးအကြီးဆုံး ဈေးကွက် ဖြစ်နေတာမလို့ သက်ရောက်မှုက ကြီးမားနေတာပါ။

ဒါပေမဲ့ တိုဘီ ကတော့ လုံးဝ စိတ်မပူပါဘူး။

[ဟက်... ဒီကိစ္စကြောင့် ဂျပန်လူမျိုးတွေက အပြာကား ကြည့်တာကို ရပ်ပစ်လိမ့်မယ်လို့ တကယ် ထင်နေတာလား။ လူတွေက ဂိမ်းမဆော့ဘဲ နေနိုင်ရင် နေနိုင်လိမ့်မယ်၊ ဒါပေမဲ့ အပြာကား မကြည့်ဘဲနဲ့တော့ မနေနိုင်ကြပါဘူး]

“…ဟမ်”

အံ့ဩစရာကောင်းတာက တိုဘီ ပြောသလိုပဲ အသုံးပြုသူတွေ ထွက်ခွာသွားတဲ့ နှုန်းက အနည်းငယ်ပဲ ရှိခဲ့တာပါ။ ပြီးတော့ Faceit မဟုတ်ရင်တောင် တခြား အပြာကား ဆိုဒ်တွေက အများကြီး ရှိနေတာလေ။

ဒါက အပြာဗီဒီယိုတွေရဲ့ စွမ်းအားလို့ပဲ ပြောရမလား။

ဒီဖြစ်ရပ်ရဲ့ ရိုက်ခတ်မှုက လွယ်လွယ်နဲ့ ငြိမ်သက်မသွားခဲ့ပါဘူး။

ဂျပန် ဘဏ္ဍာရေးဈေးကွက်က အထိနာသွားခဲ့ပေမဲ့ ယန်းငွေ အားကောင်းလာမှုကြောင့် အကျိုးအမြတ် ရရှိမယ့် အမေရိကန်၊ တရုတ်နဲ့ ကိုရီးယား စတော့ဈေးကွက်တွေကတော့ တစ်ပြိုင်ထဲ မြင့်တက်လာခဲ့ကြတယ်။

ဂျပန်က စတော့ဈေးကွက်ကို ပြန်လည် တည်ငြိမ်အောင် လုပ်ဆောင်ရင်း အမေရိကန်နဲ့ ကုန်သွယ်ရေး ဆွေးနွေးပွဲတွေအတွက် ပြင်ဆင်နေခဲ့တာပါ။ သူတို့က ယိုရှီဇာဝါ မာဆာအို ရဲ့ မတော်တဆမှုကို နိုင်ငံတကာ ပြဿနာတစ်ခုအဖြစ် ဖန်တီးဖို့ ကြိုးစားနေခဲ့တဲ့ လှုပ်ရှားမှုတွေကို ချက်ချင်း ရပ်ဆိုင်းပစ်လိုက်တယ်။

ဂျပန်တစ်ဝန်းမှာ တည်ဆောက်ထားခဲ့တဲ့ အောက်မေ့ဖွယ် နေရာတွေကိုလည်း တစ်ခဏအတွင်းမှာ ဖျက်သိမ်းပစ်လိုက်ကြသလို မာဆာအို ရဲ့ အလောင်းကို ပြန်ပေးဖို့ တောင်းဆိုနေခဲ့ကြတဲ့ ဇိုင်တိုကုကိုင် အဖွဲ့ရဲ့ ဆန္ဒပြမှုတွေကလည်း ပျောက်ကွယ်သွားခဲ့ရပါပြီ။

ကျွန်တော့်အပေါ် ဝေဖန်မှုတွေ ရှိနေဆဲ ဖြစ်ပေမဲ့ CarOS နဲ့ ပတ်သက်ပြီးတော့တော့ သူတို့ဘက်က ထိန်းထိန်းသိမ်းသိမ်း လှုပ်ရှားလာခဲ့ကြတယ်။

ကျွန်တော်တို့ ရရှိခဲ့တဲ့ စုစုပေါင်း အမြတ်အစွန်းက ယန်း သိန်းပေါင်း ၂ ကုဋေထက် အနည်းငယ် ပိုများပြားပါတယ်။ လောလောဆယ် ယန်းငွေက ဆက်ပြီး အားကောင်းနေဦးမှာ ဖြစ်တာကြောင့် အဲဒီငွေတွေကို ဒေါ်လာအဖြစ် ပြောင်းလဲဖို့ အစီအစဉ်ကိုတော့ ခဏ ဆိုင်းငံ့ထားလိုက်တယ်။

အစ်မ အိုဟျွန်းဂျူး က ခေါင်းကို ရမ်းလိုက်ရင်း ပြောတယ်။

“ဒီလောက်အထိ များပြားတဲ့ အမြတ်အစွန်း ရာခိုင်နှုန်းဆိုရင်တော့ ဂင်းနစ်စံချိန်တင်စာအုပ်ထဲ ထည့်ရမယ့် အခြေအနေမျိုးပဲ”

အယ်လီ ကတော့ ကြောင်အမ်းအမ်း ပုံစံနဲ့ ကြည့်နေခဲ့တယ်။

“ပိုက်ဆံရှာရတာက အမြဲတမ်း ဒီလိုမျိုး လွယ်ကူနေတာလား။ ငါ့ကျတော့ ညဉ့်နက်တဲ့အထိ အလုပ်တွေကို ကြိုးကြိုးစားစား လုပ်ရင်တောင် ဒီလောက်အထိ မရဘူး”

ကျွန်တော် ကိုယ်တိုင်တောင် ရရှိလာတဲ့ အမြတ်အစွန်းကို ကြည့်ပြီး အံ့ဩနေမိတာပါ။ ဒါက တကယ့်ကို မိုးပေါ်ကနေ ပိုက်ဆံတွေ သွန်ချလိုက်သလိုမျိုး ဖြစ်နေခဲ့တာလေ။

ဒါဆို ဒီပိုက်ဆံတွေကို ဘာဆက်လုပ်ရမလဲ။

တက်ဂယူက ကျွန်တော့် ပုခုံးပေါ် လက်တင်လိုက်ရင်း ပြောတယ်။

“သူငယ်ချင်း... မင်းက ခွေးလို ရှာထားတာဆိုတော့ မြို့စားမင်းလိုမျိုး သုံးပစ်ရမှာ မဟုတ်ဘူးလား”

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။

“မင်းပြောတာ မှန်တယ်”

ဘယ်လိုပဲဖြစ်ဖြစ် ဒါက ဂျပန်ဆီက ရလာတဲ့ ပိုက်ဆံတွေပဲ ဖြစ်တာကြောင့် လိုအပ်တဲ့နေရာမှာ သုံးစွဲရမှာပေါ့။

[OTK Companyက ဂျပန်ကိုလိုနီခေတ်အတွင်း နစ်နာခဲ့ရသူများအတွက် ရန်ပုံငွေအဖွဲ့ကို တည်ထောင်လိုက်ပြီ။]

[OTK Company အနေနဲ့ ရန်ပုံငွေအဖွဲ့ဆီကို ဝမ် သိန်းပေါင်း ၅ ကုဋေ လှူဒါန်း]

[လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့သူများ၏ မိသားစုဝင်များ၊ Comfort Womenဖြစ်ခဲ့ရသူများနှင့် အဓမ္မ လုပ်အားပေး ခိုင်းစေခြင်းခံခဲ့ရသူများအားလုံး ထောက်ပံ့မှုများ ရရှိမည်]

[သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး ကျေးဇူးတင်စကား ဆိုကြ]

[ဂျပန်သံရုံးရှေ့တွင် ပြုလုပ်သည့် ဗုဒ္ဓဟူးနေ့ ဆန္ဒပြပွဲတွင် အပြုံးပန်းများ ဝေဆာနေခဲ့ပြီး……]

ဒီသတင်း ထွက်ပေါ်လာတဲ့အခါ ဂျပန်တစ်နိုင်ငံလုံး ဒေါသတွေ ထပ်ပြီး ပေါက်ကွဲကုန်ကြတော့တယ်။

ပိုက်ဆံမှာ နာမည် ရေးမထားဘူးဆိုပေမဲ့ OTK Company အနေနဲ့ ဒီလှူဒါန်းမှုအတွက် ငွေတွေကို ဘယ်ကနေ ရလာလဲဆိုတာကို လိုက်ပြီး စုံစမ်းနေစရာ မလိုအောင် ရှင်းလင်းနေခဲ့တာလေ။

Comfort Women ဖြစ်ခဲ့ရသူတွေနဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်းခံခဲ့ရသူတွေက ဝမ်းသာလွန်းလို့ မျက်ရည်ကျခဲ့ကြရပြီး အင်တာနက် အသုံးပြုသူတွေကလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတယ်။

-ဟားဟား... ဂျပန်ပိုက်ဆံကို ယူပြီး လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့သူတွေနဲ့ နစ်နာခဲ့ရသူတွေကို ထောက်ပံ့ပေးတယ်တဲ့။ တကယ့်ကို အလန်းစားပဲ။

-ပတ်ဆီဟျွန်း က ယန်း သန်း ၁ ထောင်ထဲနဲ့ ကျေနပ်ခဲ့ရပေမဲ့ ကန်ဂျင်ဟူကတော့ ယန်း သိန်းပေါင်း ၂ ကုဋေကျော်အထိ ကုတ်ကတ်ပြီး ယူပေးခဲ့တာနော်။

-တော်တဲ့ ရင်းနှီးမြှုပ်နှံသူ တစ်ယောက်က နိုင်ငံရေးသမား ဆယ်ယောက်ထက် ပိုပြီး အသုံးဝင်တယ်။

-ဝန်ကြီးချုပ် အိုကာဇာကီကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားက လျော်ကြေးကို အပြည့်အဝ ပေးချေပြီးပြီ ဖြစ်တာကြောင့် အခုတော့ ပူနေတဲ့ သံပြားပေါ်မှာ ဒိုဂီဇာ (ဖင်ထောင်ပြီးတောင်းပန်) လုပ်ပြပြီး တောင်းပန်ဖို့ပဲ လိုတော့တယ်။

-ဒါကမှ တကယ့် မျိုးချစ်စိတ်ဓာတ်ပဲ။

-ကိုရီးယားနိုင်ငံက ကန်ဂျင်ဟူ ကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံကွ။

-အား... မျိုးချစ်စိတ်တွေ တဖွားဖွား ပေါက်ကွဲထွက်လာပြီ။

-ယွန်နာကျောင်း၊ လီဂျောင်ဟွန်း တို့ရေ... အဆင်ပြေကြရဲ့လား။

-ဝမ် သိန်းပေါင်း ၅ ကုဋေက နည်းလွန်းသေးတယ်။ ဒီတစ်ကြိမ် သူ ရခဲ့တာက ဝမ် သိန်းပေါင်း ၂၀ ကုဋေကျော်တယ်လို့ ပြောကြတယ် မဟုတ်လား။ ကျန်တဲ့ ပိုက်ဆံတွေကို သူပဲ ယူထားလိုက်တာလား။

-ထင်ကြေးပေး စျေးကစားသူဆီက ဘာတွေ မျှော်လင့်နေတာလဲ။ သူလည်း သူ့ဝေစု သူ ယူရမှာပဲလေ။ ဒါကို မျိုးချစ်လို့ ပြောလို့ရမလား။ တကယ့်ကို စုတ်ပြတ်သတ်နေတာပဲ။

-လှူမယ်ဆိုရင်လည်း အကုန်လုံး လှူပစ်လိုက်ပါလား။

-မင်းတို့ကော တစ်ခါလောက်ဖြစ်ဖြစ် ဝမ် တစ်သိန်း လှူဖူးလို့လား။

-အမြဲတမ်း ဒီလိုပဲ။ ကိုယ်တိုင် တစ်ပြားမှ မလှူဖူးတဲ့လူတွေက သူများ လှူတဲ့အခါကျမှ လိုက်ပြီး ဆရာလုပ်နေကြတာ။

အခြေအနေတွေ ငြိမ်သက်သွားခဲ့ပြီးတဲ့နောက် နေရာအနှံ့ကနေ ဖုန်းခေါ်ဆိုမှုတွေ ရောက်ရှိလာခဲ့တယ်။

ဂျပန် လက်ယာစွန်း အဖွဲ့အစည်းတွေနဲ့ ယာကူဇာတွေဆီကနေ ခြိမ်းခြောက်တဲ့ ဖုန်းခေါ်ဆိုမှုတွေပါ ပါဝင်နေခဲ့တာပါ။ ဝန်ထမ်းတွေကတော့ သူတို့ လေ့ကျင့်ထားခဲ့တဲ့အတိုင်းပဲ ပြန်ပြီး တုံ့ပြန်လိုက်ကြတယ်။

[မင်းတို့က ဂျပန်ကို ဘယ်လိုမျိုး တိုက်ခိုက်ဝံ့ရတာလဲ။ OTK Company နဲ့ ကန်ဂျင်ဟူ ကို ငါတို့ အစဖျောက်ဖျက်ပစ်မယ်]

“ဒီလိုမျိုး ဆက်ပြီး လုပ်ဆောင်နေမယ်ဆိုရင် ကျွန်မတို့ ရဲစခန်းကို တိုင်ကြားရပါလိမ့်မယ်”

[ကူဆို (ချီးပဲ) မင်းတို့က ငါတို့ကို ရဲ ကြောက်တယ်လို့ ထင်နေတာလား]

“အာ... ကျွန်မတို့က အမေရိကန် ကော်ပိုရေးရှင်းတစ်ခု ဖြစ်တာကြောင့် တိုင်ကြားချက်က အမေရိကန် ရဲစခန်းဆီကို ရောက်သွားမှာပါ။ ကျွန်မတို့ဘက်က FBI ဆီကိုလည်း ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုထားပြီးပါပြီ။ ရှင်တို့ အဖွဲ့အစည်းရဲ့ နာမည်က ဘာလဲ ရှင့်”

[…တီ… တီ… တီ…]

ချက်ချင်းဆိုသလို ဖုန်းချသွားခဲ့တော့တာပဲ။

အဓိက ရှယ်ယာရှင်ရဲ့ ပိုင်ဆိုင်မှုတွေ ပြန့်ကျဲသွားခဲ့ရတာကြောင့် တိုယိုတာ ကုမ္ပဏီကတော့ ပြည်တွင်း တည်ငြိမ်ရေးအတွက် အသည်းအသန် အလုပ်ရှုပ်နေခဲ့ရတယ်။ ဂျပန်အစိုးရရဲ့ ပံ့ပိုးမှုတွေကလည်း ခဏရပ်ဆိုင်းသွားခဲ့တာကြောင့် ဂျပန်ရဲ့ မော်တော်ကား မဟာမိတ်အဖွဲ့ကတော့ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရပါပြီ။

ဒါရီလ် ကတော့ ကျေနပ်အားရတဲ့ လေသံနဲ့ ပြောလာတယ်။

[သူတို့က သူတို့နိုင်ငံသားတွေ ပါဝင်တဲ့ ယာဉ်မတော်တဆမှုတွေကို အကြောင်းပြပြီး မောင်းနှင်မှုဆိုင်ရာ ဒေတာတွေကို ချပြဖို့ အမြဲတမ်း ပြဿနာရှာနေခဲ့ကြတာ။ အခုတော့ ခံရပြီလေ။ ဝဋ်လည်တာပဲ]

ဝါရင် ဘတ်ဖတ် ကတော့ ကျွန်တော် အရောင်းအမှာစာတွေ မသွန်ချခင်ကတည်းက ဂျပန်ကုမ္ပဏီတွေထဲက သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှု အချိုးအစားတချို့ကို ကြိုတင် အရည်ဖျော်ထားခဲ့ပြီး နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကွက်မှာ လောင်းကြေးထပ်ကာ အမြတ်အစွန်းတွေ ရရှိထားခဲ့တာပါ။

ဥက္ကဋ္ဌ လင်ဂျင်ယုံ အပါအဝင် ပြည်တွင်း ထိပ်တန်း ကော်ပိုရေးရှင်းကြီးတွေရဲ့ ဥက္ကဋ္ဌတွေကလည်း ဂုဏ်ပြုစကားတွေ ဆိုခဲ့ကြတယ်။ အဲဒီထဲမှာ RCK Bros ရဲ့ ဒုတိယဥက္ကဋ္ဌ ရှင်ဗြောင်ဒူလည်း ပါဝင်နေခဲ့တာပါ။

[ဂုဏ်ယူပါတယ်။ စီအီးအို ကန်ဂျင်ဟူ။ နိုမူရာ စတော့ပွဲစားကုမ္ပဏီ က ငါ့ သူငယ်ချင်းဆီက ကြားတာတော့ မင်းက ဂျပန်ကို တကယ့်ကို ပြောင်းပြန်လှန်ပစ်လိုက်တာပဲ တဲ့]

ဒုတိယဥက္ကဋ္ဌ ရှင်ဗြောင်ဒူ က RCK Bros ထဲကို မဝင်ခင်တုန်းက နိုမူရာ စတော့ပွဲစားကုမ္ပဏီ မှာ အလုပ်လုပ်ခဲ့ဖူးတာပါ။ ဒါကြောင့် ဂျပန် စတော့ပွဲစားကုမ္ပဏီ လောကရဲ့ တုံ့ပြန်မှုတွေကို အချိန်နဲ့အမျှ ကြားနေရတာ ဖြစ်ပါလိမ့်မယ်။

ဂုဏ်ပြုစကားအပြင် သူက တခြားပြောချင်တဲ့ စကားတစ်ခု ရှိနေသေးပုံပါပဲ။ ဘယ်လောက်ပဲ အေးစက်တတ်တဲ့ ရင်းနှီးမြှုပ်နှံသူ ဖြစ်ပါစေ၊ ကိုယ့်ရဲ့ တစ်ဦးထဲသော သမီးအတွက် စိတ်ပူမိတာကတော့ သဘာဝပဲ မဟုတ်လား။

“ရှင်ယူရီ အတွက်တော့ သိပ်ပြီး စိတ်ပူနေစရာ မလိုပါဘူး”

[ဒီကိစ္စကြောင့် ကုမ္ပဏီမှာ ပြဿနာ တစ်ခုခု ဖြစ်မလာဖို့ပဲ မျှော်လင့်ပါတယ်]

“လုံးဝ မဖြစ်ပါဘူး။ သူက အခု အလုပ်တွေကို တကယ့်ကို ကောင်းမွန်စွာ လုပ်ဆောင်နေပါတယ်”

[အဲ... အဲဒါ အမှန်ပဲလား]

“ကျွန်တော် မြင်သလောက်တော့ သူက တကယ့်ကို ပါရမီပါတဲ့သူပါ။ တကယ်လို့ အရည်အချင်း မရှိဘူးဆိုရင် ကျွန်တော်က အစကတည်းက သူ့ကို အလုပ်ခန့်ထားမှာ မဟုတ်ဘူးလေ”

ကိုယ့်ရဲ့ သားသမီး ချီးမွမ်းခံရတာကို မကြိုက်တဲ့ မိဘဆိုတာ မရှိပါဘူး။

ဒုတိယဥက္ကဋ္ဌ ရှင်ဗြောင်ဒူ က ကျွန်တော့်ရဲ့ စကားကို ကြားပြီး အတိုင်းမသိ ဝမ်းသာသွားခဲ့တယ်။

[စီအီးအိုက အဲလိုမျိုး ပြောတယ်ဆိုရင်တော့ သေချာပေါက် အမှန်ပဲ ဖြစ်မှာပါ။ ယူရီ က ဒီဘက်ပိုင်းမှာ တကယ် ပါရမီရှိတာပဲ။ ဟားဟား... ဒါက တကယ်ပဲ စိတ်သက်သာရာရစေပါတယ်]

ကျွန်တော် အိပ်ရာကနိုးပြီး မျက်လုံးတွေကို ဖွင့်လိုက်တယ်။

အယ်လီ ကတော့ ကုတင်ပေါ်မှာ မရှိတော့ဘဲ ရေချိုးခန်းထဲကနေ ရေပန်းဖွင့်ထားတဲ့ အသံကို ကြားနေရပါတယ်။

ရေစိုနေတဲ့ အားကစားဝတ်စုံကတော့ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတာပါ။

ခဏအကြာမှာတော့ အယ်လီ က ရေချိုးဝတ်စုံကို ဝတ်ဆင်ထားရင်း ရေချိုးခန်းထဲကနေ ထွက်လာခဲ့တယ်။

“နိုးပြီလား”

“မနက်အစော ထပြီး အားကစား လုပ်နေတာလား”

“အင်း... နည်းနည်းလောက်လုပ်တာပါ”

“မနက်စာကော စားပြီးပြီလား”

“ကော်ဖီ တစ်ခွက် သောက်ထားတယ်”

“မနေ့ညကလည်း ညစာ မစားထားဘူး မဟုတ်လား၊ ဒီလောက်နဲ့ အဆင်ပြေပါ့မလား။ တစ်ခုခု စားလိုက်ပါဦး”

အယ်လီ က ခေါင်းကို ခါယမ်းလိုက်ရင်း ပြတ်ပြတ်သားသား ငြင်းလိုက်တယ်။

“ဓာတ်ပုံရိုက်တာ မပြီးမချင်းတော့ ဘာမှ စားမှာ မဟုတ်ဘူး”

ဒီနေ့က တခြားမဟုတ်ဘဲ ဓာတ်ပုံရိုက်ရမယ့် နေ့ ဖြစ်နေခဲ့တာကိုး။

စီအီးအို တက်စတာ ဘွိုင်းလ် ရဲ့ အသည်းအသန် တောင်းဆိုမှုကြောင့် အယ်လီ က ကြော်ငြာမော်ဒယ်အဖြစ် လုပ်ဆောင်ပေးဖို့ သဘောတူခဲ့တာပါ။ ကြော်ငြာကို ကမ်းခြေမှာ ရိုက်ကူးရမှာ ဖြစ်ပေမဲ့ လက်ရှိ ကိုရီးယားက ဆောင်းရာသီ ဖြစ်နေခဲ့တာကြောင့် ဖိလစ်ပိုင် ဒါမှမဟုတ် အင်ဒိုနီးရှား က အပန်းဖြေစခန်းတွေဆီ သွားရောက်ပြီး ရိုက်ကူးဖို့ နေရာ ရှာဖွေနေတယ်လို့ ကြားပါတယ်။

ပထမဆုံးအနေနဲ့ ဒီနေ့တော့ စတူဒီယိုအတွင်းမှာ ဓာတ်ပုံရိုက်ကူးမှုတွေကို အရင် လုပ်ဆောင်ဖို့ စီစဉ်ထားတာပါ။ အယ်လီ က ပိုပြီး လှပတဲ့ ပုံစံမျိုး ထွက်လာအောင်လို့ အစာငတ်ခံပြီးတော့အထိ သေသေချာချာ ပြင်ဆင်နေခဲ့တာလေ။

“ငါ ဟိုတယ်က spaမှာ အရေပြား ထိန်းသိမ်းမှုတွေကို ပုံမှန် လုပ်နေတာ တစ်လ ရှိပြီ။ ဘယ်လိုလဲ။ ငါ့အသားအရေက ပိုပြီး ကောင်းလာတယ်လို့ မထင်ဘူးလား”

“ဒါတွေ မလုပ်ရင်တောင် နင်က အမြဲတမ်း လှပနေတာပဲလေ”

“ဟွန်း... အခုခေတ် ကင်မရာတွေက ကောင်းလွန်းလို့ အပြစ်အနာအဆာ သေးသေးလေးတွေကိုတောင် အကုန် အမိအရ ရိုက်ကူးမိသွားတတ်တာဟ”

“နောက်မှ ကွန်ပျူတာနဲ့ ပြန်ပြီး ပြုပြင်လို့ ရတာပဲ မဟုတ်လား”

“ဒါပေမဲ့လည်း... အဆင်မပြေဘူးလေ”

အယ်လီ က ဆံပင်တွေကို ခြောက်အောင် သုတ်လိုက်ပြီးနောက် အဝတ်အစားတွေကို လဲလိုက်တယ်။

“ငါလည်း လိုက်ခဲ့လို့ မရဘူးလား”

ကျွန်တော့်စကားကို ကြားတော့ အယ်လီ က ခေါင်းခါပြတယ်။

“မရပါဘူး။ သဘာဝကျတဲ့ အမူအရာတွေ ထွက်လာဖို့က အရေးကြီးတယ်လေ။ နင် ကြည့်နေရင် ငါ စိတ်လှုပ်ရှားပြီး နေရခက်နေလိမ့်မယ်။ ရှက်လည်း ရှက်ဖို့ကောင်းတယ်လေ။ ပြီးတော့ နင် လိုက်လာရင် ဝန်ထမ်းတွေလည်း စိတ်ဖိစီးမှုတွေ များပြီး အလုပ်ကို အာရုံစိုက်နိုင်ကြမှာ မဟုတ်ဘူး”

“အင်း... အဲဒါလည်း ဟုတ်တာပဲ”

အယ်လီ က ကျွန်တော့်ရဲ့ ချစ်သူ ဖြစ်တယ်ဆိုတာကို လူအများကြီး မသိကြပါဘူး။ စီးပွားရေးလောကက လူတချို့နဲ့ Golden Gate ဝန်ထမ်းတချို့လောက်ပဲ သိကြတာပါ။

ဒီနေ့ ဓာတ်ပုံရိုက်ကူးမယ့် ဝန်ထမ်းတွေကလည်း သူ့ကို နိုင်ငံခြားသူ မော်ဒယ်တစ်ယောက်အနေနဲ့ပဲ သိထားကြတာလို့ ပြောပါတယ်။

အဝတ်အစား လဲပြီးတဲ့နောက် အယ်လီ က ကျွန်တော့်ကို နှုတ်ခမ်းချင်း ခပ်ဖွဖွ နမ်းလိုက်တယ်။

“နေ့လည်လောက်ဆို ပြီးလိမ့်မယ်လို့ ပြောထားတာမလို့ ပြီးတာနဲ့ ချက်ချင်း ဖုန်းဆက်လိုက်မယ်နော်”

“အိုကေ”

All Chapters