← Chapters

အခန်း (၇၇၅-၇၇၆)

Vol. 66 Ch. 775-776

အခန်း (၇၇၅-၇၇၆)

Vol. 66 Ch. 775-776

အပိုင်း (၇၇၅)

ဤအမှု၏ အဓိက သက်သေမှာ အနောက်ဘက် ပြည်နယ်မှ ခရိုင် အုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်ပြီး လီဖူ၏ သားကို လာဘ်ထိုးခဲ့သော အရာရှိပင် ဖြစ်သည်။ သူသည် သံကြိုးများ တုပ်နှောင်ခံရလျက် စစ်ဆေးရေး စင်မြင့်ပေါ်သို့ တက်လာခဲ့၏။

အရာရှိ ဆယ်ဂဏန်းခန့်၊ နာမည်ကြီး ပုဂ္ဂိုလ် ရာဂဏန်းခန့်နှင့် ပြည်သူ ထောင်ချီက ဤလူသိရှင်ကြား စစ်ဆေးမှုကို လာရောက် ကြည့်ရှုကြသည်။

အရင်က သူ၏ ထွက်ဆိုချက်ကြောင့်ပင် လီဖူကို ငရဲသို့ တွန်းပို့ခဲ့ခြင်း ဖြစ်၏။

ထိုသက်သေက ပြောသည်။ “ကျုပ် တတိယ စာသင်ကျောင်းမှာ ပညာသင်တုန်းက အမှတ် သိပ်မကောင်းဘူး။ သင်ယူခဲ့တဲ့ ဘာသာရပ် ကလည်း နည်းနည်း နိမ့်ပါးတယ်။ ကျုပ်က တက္ကသိုလ် ကျောင်းသား တစ်ယောက် သက်သက်ပဲ ဖြစ်ပြီး သတ္တုတွင်းမှာ အလုပ် လုပ်ဖို့ တာဝန်ကျခဲ့တယ်။

အဲဒီတုန်းက ယွီခရိုင် အုပ်ချုပ်ရေးမှူး နေရာကို ပြိုင်ဆိုင်သူ အများကြီးထဲမှာ ကျုပ်ရဲ့ ကိုယ်ရေးရာဇဝင်က အဆိုးဆုံးပဲ။ ပညာအရည်အချင်းကလည်း အနိမ့်ဆုံးပဲ။ ဒါပေမဲ့ အမတ်ကြီး လီဖူ က ကျုပ်ကို ရွေးချယ်ခဲ့တယ်။ ကျုပ် တစ်ခုခုတော့ လုပ်ပြသင့်တယ်လို့ ထင်လို့ လက်ဆောင် သွားပေးခဲ့တယ်။

တကယ်တော့ အမတ်ကြီး လီဖူက ကျုပ်ကို ယွီခရိုင် အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခဲ့တာက အဲဒီနယ်မြေထဲမှာ အင်ပါယာရဲ့ ကုန်ထုတ်လုပ်မှု စွမ်းအားအတွက် အရမ်း အရေးကြီးတဲ့ ရှားပါး သတ္တုတွင်း တစ်ခုကို ရှာတွေ့ခဲ့လို့ပဲ။ ပြီးတော့ ပြိုင်ဘက်တွေထဲမှာ ကျုပ်က သတ္တုတွင်း စီမံခန့်ခွဲမှုမှာ အကျွမ်းကျင်ဆုံး ဖြစ်နေလို့ပဲ။ အဲဒါကမှ ကျုပ် ရွေးချယ်ခံရတဲ့ အကြောင်းရင်းပဲ။

အစတုန်းက ကျုပ် အမတ်ကြီး လီဖူကို လက်ဆောင် သွားပေးတာ တန်ဖိုးကြီးတဲ့ ကျောက်စိမ်း တစ်တုံးပါ။ အမတ်ကြီး လီဖူက ကျုပ်ကို ဆူပူကြိမ်းမောင်းခဲ့တယ်။ အဲဒါကြောင့် နောက်ပိုင်းမှာ ကျုပ်က ယွီခရိုင်ကို ကိုယ်စားပြုပြီး အဲဒီ ကျောက်စိမ်းကို ပထမ စာသင်ကျောင်းဆီ လှူဒါန်းလိုက်တယ်။ အခု အဲဒီ ကျောက်စိမ်းက ပထမ စာသင်ကျောင်းရဲ့ ပြတိုက်ထဲမှာ ရှိနေတုန်းပဲ။

အမတ်ကြီး လီဖူက လက်ဆောင် လက်မခံတော့ ကျုပ် စိတ်ထဲမှာ မလုံမခြုံ ဖြစ်နေခဲ့တယ်။ အဲဒါကြောင့် သဘာဝ ရွှေတုံးကြီး တစ်တုံးကိုရွေးပြီး ထူးဆန်းတဲ့ ကျောက်တုံးတွေကို အရူးအမူး ကြိုက်တဲ့ သူ့သားဆီ သွားပေးလိုက်တာ။ အဲဒီပစ္စည်းက ကျောက်တုံးနဲ့ တစ်ပုံစံတည်းပဲ၊ ရွှေက အထဲမှာ ရှိနေတာ။ အပြင်ပန်းက ကြည့်ရင် လုံးဝ မသိသာဘူး။ ကျုပ်လည်း ဘာမှ မပြောပြခဲ့ဘူး။

အရင်က စစ်ဆေးခံရတုန်းက ကျုပ် လိမ်ပြောခဲ့တာပါ။ အမတ်ကြီး လီဖူရဲ့ သားက အဲဒီပစ္စည်းရဲ့ တန်ဖိုးကို သိတယ်လို့ ကျုပ် ပြောခဲ့တာ။ ဒါပေမဲ့ သူ တကယ် မသိခဲ့ပါဘူး။ သူ တကယ်ပဲ ရိုးရိုး ကျောက်တုံး တစ်တုံးလို့ ထင်ပြီး လက်ခံခဲ့တာပါ။

ကျုပ် ထွက်ဆိုချက် ပြောင်းလိုက်ရင် သေချာပေါက် သေရမယ် ဆိုတာ သိပါတယ်။ ကျုပ် မိသားစုပါ အထိခိုက် ခံရနိုင်တယ် ဆိုတာလည်း သိပါတယ်။ ဒါပေမဲ့ ကျုပ် လိပ်ပြာ မလုံမှုကို ဆက်ပြီး သည်းမခံနိုင်တော့ပါဘူး။ အမတ်ကြီး လီဖူ က အပြစ်ကင်းပါတယ်။ သူ့ကို ကျုပ် အကွက်ဆင်ပြီး ချောက်ချခဲ့တာပါ။”

ဤခရိုင် အုပ်ချုပ်ရေးမှူးက နေရာမှာတင် ထွက်ဆိုချက် ပြောင်းလဲလိုက်ချိန်မှာတော့ တစ်ကွင်းလုံး ဆူညံသွား၏။

စစ်ဆေးနေသော တရားသူကြီးက မေးလိုက်သည်။ “ယွီရွှိ… ခင်ဗျား အခု ထွက်ဆိုချက် ပြောင်းနေတာနော်။ ခင်ဗျားမှာ သက်သေ ရှိလို့လား။”

“ဟား... ဟား... ဟား....”

ယွီရွှိက အေးစက်စွာ ရယ်မောလိုက်ပြီးနောက် စားပွဲထောင့်ကို ခေါင်းဖြင့် ပြင်းထန်စွာ ဆောင့်လိုက်သည်။ ခေါင်းကွဲထွက်သွားပြီး သွေးများ ပန်းထွက်လာကာ နေရာမှာတင် သေဆုံးသွား၏။

ချက်ချင်းပဲ တစ်ကွင်းလုံး တုန်လှုပ်သွားသည်။

ယွီရွှိ ထွက်ဆိုချက် ပြောင်းလဲလိုက်ခြင်းက လီဖူ၏ အပြစ်ကင်းစင်မှုကို သက်သေပြနိုင်ရုံသာမက ပို၍ ကြောက်စရာကောင်းသော နောက်ကွယ်မှ အဖြစ်အပျက် တစ်ခုကိုပါ ဖော်ထုတ်လိုက်ခြင်း ဖြစ်၏။

သူသည် အမတ်ကြီး လီဖူကို အတင်းအကျပ် ချောက်ချခဲ့ရခြင်းဖြစ်ပြီး တစ်စုံတစ်ယောက်က သူ၏ မိသားစုကို အသုံးပြု၍ ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။

‘အင်ပါယာမှာ ဒီလောက် အမှောင်ကျတဲ့ ကိစ္စတွေ ရှိနေသေးတာလား။ အင်ပါယာမှာ ဒီလောက် စိတ်ရူးပေါက်နေတဲ့ လူတွေ ရှိနေသေးတာလား။’

ချက်ချင်းပဲ မြို့တော် တစ်ခုလုံး ထပ်မံ ဆူပွက်သွားပြန်ပြီး အင်ပါယာ တစ်ခုလုံးလည်း ဆူပွက်သွား၏။

လှံဖျား အားလုံးသည် ကျိန့်ချွဲ ထံသို့ ဦးတည်သွားကြသည်။ သူသည် အထက်လွှတ်တော်မှ အခိုင်မာဆုံးသော ရှေးရိုးစွဲ ပုဂ္ဂိုလ်ပင် ဖြစ်၏။ ဤတစ်ကြိမ် ကိစ္စ၏ မြစ်ဖျားခံရာမှာ ကျိန့်ချွဲ ကြောင့်ပင် ဖြစ်သည်။

သူ့အိမ်မှ သဘာဝ ဓာတ်ငွေ့ မီးအိမ် ပေါက်ကွဲပြီး စံအိမ် တစ်ဝက် မီးလောင်သွားခဲ့သည်။ ထို့နောက်မှ အမတ်ကြီး လီဖူက အခွင့်ကောင်းယူ၍ အိမ်တွင် လျှပ်စစ်မီး တပ်ဆင်ကာ အထက်လွှတ်တော်တွင် အက်ကွဲကြောင်း တစ်ခု ဖောက်ထွင်းပြီး တိုးတက်သော ယဉ်ကျေးမှုသစ်ကို ဦးဆောင် လက်ခံရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်၏။

ရလဒ် အနေဖြင့် အမတ်ကြီး လီဖူ၏ လုပ်ရပ်သည် ပြင်းထန်သော တန်ပြန် တိုက်ခိုက်မှုကို ခံခဲ့ရပြီး အကွက်ဆင် ချောက်ချခံခဲ့ရသည်။

အထက်လွှတ်တော်တွင် သူ့ကို စွပ်စွဲအပြစ်တင်သူမှာလည်း ကျိန့်ချွဲ ဖြစ်သည်။ အမတ်ကြီး လီဖူကို ရာထူးမှ နှုတ်ထွက်စေရန် အပြစ်ရှာသူမှာလည်း ကျိန့်ချွဲ ဖြစ်၏။

ယခုအခါ အမတ်ကြီး လီဖူ သည် အကွက်ဆင် ချောက်ချခံရခြင်း ဖြစ်ကြောင်း သက်သေပြနိုင်ပြီ ဖြစ်ရာ နောက်ကွယ်မှ ကြိုးကိုင်သူမှာ ကျိန့်ချွဲ ဖြစ်သည်ဟု လူတိုင်းက ထင်မှတ်နေကြသည်။

ဒေါသထွက်နေသော လူအုပ်ကြီးသည် ကျိန့်ချွဲ၏ စံအိမ်ကို တစ်ကြိမ်ပြီး တစ်ကြိမ် သွားရောက် ဝိုင်းရံကြသည်။ အထက်လွှတ်တော် အမတ် ကျိန့်ချွဲ ကို လူသိရှင်ကြား အမှားဝန်ခံရန်နှင့် လီဖူ၏ အပြစ်ကင်းစင်မှုကို ပြန်လည် ကယ်တင်ပေးရန် တောင်းဆိုကြ၏။

သို့ပေမည့် အမတ်ကြီး ကျိန့်ချွဲ ဆိုသော လူသည် တကယ်ကို အဆုံးစွန်အထိ ခေါင်းမာလွန်းလှသည်။ သူက အထက်လွှတ်တော်တွင် လူသိရှင်ကြား အော်ဟစ် ပြောဆိုသည်။

လီဖူသည် နောက်ပိုင်းတွင် လာဘ်မစားခဲ့သော်လည်း သူ၏ ပြစ်မှုမှာ လာဘ်စားခြင်းထက် ပို၍ ကြီးလေးသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ယွင်ကျုံးဟဲ့နှင့် ပူးပေါင်း၍ အာဏာကို လုယူရန် ကြိုးပမ်းခဲ့သောကြောင့်ပင်။

လီဖူက ပြောသည်။ “အမတ်ကြီးတို့၊ အုပ်ချုပ်ရေးမှူးမင်းကြီး နှစ်ပါး... ဒါက အကြံအစည် တစ်ခုပါ။ ကြီးမားတဲ့ အကြံအစည် တစ်ခုပါ။ တစ်ယောက်ယောက်က အာဏာသိမ်းချင်နေတယ်။ တစ်ယောက်ယောက်က အင်ပါယာရဲ့ အမြင့်ဆုံး အာဏာကို လုယူချင်နေတယ်။ လီဖူက တိုင်းပြည်ကို ဒုက္ခပေးတဲ့သူပဲ။ လီဖူ အင်ပါယာရဲ့ အပြစ်သားပဲ။

ယွင်ကျုံးဟဲ့က ဒီကိစ္စ အားလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူပဲ။ သူက ပြင်ပလူ တစ်ယောက် ဖြစ်ပြီး အင်ပါယာသစ်ရဲ့ အောင်မြင်မှုတွေကို လုယူချင်နေတယ်။ သူ့ရဲ့ ကိုယ်ပိုင် အတ္တအတွက် အင်ပါယာကို စစ်ပွဲ တွင်းနက်ကြီးထဲ ဆွဲချချင်နေတယ်။

အခု ချက်ချင်း ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ်။ စစ်တပ်ကြီးကို ချက်ချင်း စုရုံးပြီး မြို့တော်ထဲ ဝင်ရောက်ကာ ရှင်းကျုံး ပါတီဝင် အားလုံးကို ဖမ်းဆီးရမယ်။ ယွင်ကျုံးဟဲ့ကို ဖမ်းဆီးရမယ်။ အင်ပါယာ အန္တရာယ် ရှိနေပြီ။ အချိန်မီ မဆုံးဖြတ်ရင် နောက်ကျသွားလိမ့်မယ်။ အင်ပါယာဟာ အန္တရာယ် အများဆုံး အချိန်ကို ရောက်နေပြီ။ စစ်တပ် စေလွှတ်ပြီး နှိမ်နင်းပါ။ ယွင်ကျုံးဟဲ့ကို ဖမ်းဆီးပါ။ ယွင်ကျုံးဟဲ့ကို ကွပ်မျက်ပါ။

အုပ်ချုပ်ရေးမှူး၊ အမတ်ကြီးတို့… ချက်ချင်း စစ်တပ် စေလွှတ်ပြီး နှိမ်နင်းကြပါ။ ယွင်ကျုံးဟဲ့ကို ကွပ်မျက်ပါ။ အဲဒီလိုမှ မဟုတ်ရင် နောင်တရလို့ ဆုံးမှာ မဟုတ်ဘူး။ အင်ပါယာရဲ့ နှစ်ထောင်ချီ အခြေခံ အုတ်မြစ်ကြီး ပျက်စီးသွားတော့မယ်။”

ဤရှေးရိုးစွဲ ခေါင်းဆောင် ကျိန့်ချွဲ၏ စကားများသည် ပစ်မှတ် အားလုံးကို ချက်ချင်း ဆွဲဆောင်သွားသည်။ မည်သည့် နေရာတွင် ဖြစ်စေ သူသည် အပြတ်သားဆုံး သဘောထားကို ပြသ၏။

စစ်တပ်ကြီး မြို့တော်ထဲ ဝင်ရောက်ရန်၊ ရှင်းကျုံး ပါတီကို နှိမ်နင်းရန်၊ ယွင်ကျုံးဟဲ့ကို ကွပ်မျက်ရန်၊ ဤသို့ ပြုလုပ်မှသာ အင်ပါယာသစ်၏ အခြေခံ အုတ်မြစ်ကို ပြန်လည် ကယ်တင်နိုင်မှာဖြစ်သည်။

ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ယွင်ကျုံးဟဲ့၏ ကြီးမားသော အကြံအစည် ဖြစ်သည်ဟု သူ အခိုင်အမာ ယုံကြည်ထား၏။

သူ၏စကားနှင့် သဘောထားသည် ရှင်းကျုံး ပါတီဝင် အများအပြားကို ချက်ချင်း ဒေါသထွက်စေခဲ့ပြီး မြို့တော်ရှိ ပြည်သူများကိုပါ ဒေါသထွက်စေခဲ့သည်။

ထို့ကြောင့် အထက်လွှတ်တော်နှင့် အုပ်ချုပ်ရေးမှူးတို့သည် သက်တော်စောင့် အများအပြားကို စေလွှတ်၍ နေ့စဉ်နှင့်အမျှ သူ၏ အနားတွင် အချိန်ပြည့် လိုက်ပါ စောင့်ရှောက်စေရပြီး ဒေါသထွက်နေသော လူအုပ်ကြီးက သူ့ကို ခဲနှင့် ပေါက်သတ်မည်ကို စိုးရိမ်သောကြောင့်ပင်။

သို့ပေမည့် မည်သူကမှ မထင်မှတ်ထားသော ကိစ္စရပ် တစ်ခု ဖြစ်ပွားလာခဲ့သည်။ ဤအထက်လွှတ်တော်မှ အခိုင်မာဆုံးသော ရှေးရိုးစွဲ ခေါင်းဆောင်ကြီးသည် အိမ်သို့ ပြန်ရောက်ချိန်မှာတော့ ဇနီးဖြစ်သူနှင့် တစ်ခါမှ မရှိဖူးလောက်အောင် ပြင်းထန်စွာ စကားများ ရန်ဖြစ်ခဲ့ကြ၏။

သူ၏ ဇနီးသည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ပေ။ သူ၏ ဇနီးသည် သူ့ထက် အသက် နှစ်ဆယ်ကျော် ငယ်ရွယ်ပြီး အတွင်းစိတ်ထဲတွင် ယဉ်ကျေးမှုသစ်ကို အပြည့်အဝ ထောက်ခံသူ ဖြစ်သည်။

သူမသည် ယွင်ကျုံးဟဲ့၏ တေးဂီတ ဖျော်ဖြေပွဲများကိုပင် တိတ်တဆိတ် သွားရောက် နားထောင်ခဲ့ပြီး ယွင်ကျုံးဟဲ့၏ စာအုပ်များကိုလည်း တိတ်တဆိတ် ဖတ်ရှုခဲ့သည်။ သို့ပေမည့် အိမ်တွင် ယွင်ကျုံးဟဲ့၏ စာအုပ်များကို မဖတ်ရဲသလို ယဉ်ကျေးမှုသစ်နှင့် သက်ဆိုင်သော မည်သည့် ပစ္စည်းကိုမျှလည်း မသုံးစွဲရဲပေ။

ဤတစ်ကြိမ်တွင် သူမ၏ ရာသီလာချိန် ရောက်လာပြီး စက္ကူကို အသုံးပြုရာတွင် ထပ်မံ၍ အရှက်ကွဲခဲ့ရ သောကြောင့် နောက်ဆုံးတွင် သူမသည် ယဉ်ကျေးမှုသစ်ကို ကိုယ်စားပြုသော၊ ယွင်ကျုံးဟဲ့ တီထွင်ထားသော ယွင်ကျင်း ခေါ် လစဉ်သုံး ဂွမ်းထုပ်ကို အသုံးပြုလိုက်သည်။

ရလဒ် အနေဖြင့် ဤကိစ္စကို အိမ်ပြန်ရောက်လာသော ကျိန့်ချွဲက တွေ့ရှိသွားသည်။ ကျိန့်ချွဲက ယွင်ကျင်း သည်လည်း ယွင်ကျုံးဟဲ့၏ ဖျက်ဆီးရေး ပစ္စည်းတစ်ခု ဖြစ်သည်ဟု ယူဆကာ ချက်ချင်း ဒေါသပေါက်ကွဲသွားပြီး ဇနီးဖြစ်သူကို ဆဲဆိုလေတော့၏။

သူမအား အရှက်မရှိဘူးဟု ပြောဆိုပြီး ယွင်ကျုံးဟဲ့ တီထွင်ထားသော ယွင်ကျင်းကို ကိုယ်တွင် ကပ်၍ အသုံးပြုခြင်းသည် လုံးဝ အရှက်မရှိသော သစ္စာဖောက်မှုနှင့် ဖောက်ပြန်မှု ဖြစ်သည်ဟု စွပ်စွဲကာ ချက်ချင်း ဆွဲထုတ်ပြီး ကတ်ကြေးဖြင့် ညှပ်ပစ်ရန် အမိန့်ပေးသည်။

သူ၏ ဇနီးသည်လည်း နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ကျိန့်ချွဲ၏ မျက်နှာကို အားကုန် ရိုက်ချလိုက်တော့၏။

ကျိန့်ချွဲ အံ့ဩမှင်တက်သွားပြီး မလှုပ်မယှက် ရပ်နေကာ ရုတ်တရက် လဲကျသွားပြီး ခန္ဓာကိုယ် စတင် တုန်ယင်လာသည်။

ဤပြင်းထန်သော လှုံ့ဆော်မှုကို သည်းမခံနိုင်သော ကျိန့်ချွဲသည် ချက်ချင်းပဲ ဦးနှောက် သွေးကြောပေါက် သွားတော့၏။

ယွင်ကျုံးဟဲ့ကို အမြဲတမ်း ရူးသွပ်စွာ တိုက်ခိုက်ခဲ့သော ဤရှေးရိုးစွဲ ခေါင်းဆောင်ကြီးသည် ဤမျှ ထူးဆန်းသော နည်းလမ်းဖြင့် လဲကျသွားခဲ့သည်။

သူ၏ ဇနီးသည် လန့်ဖျပ်သွားပြီး သက်တော်စောင့်များကို ချက်ချင်း ခေါ်လိုက်သည်။ သူ၏ သက်တော်စောင့် တပ်ဖွဲ့က သူ့ကို အင်ပါယာ၏ အကောင်းဆုံး ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ပေးလိုက်၏။

အင်ပါယာ၏ အထူးချွန်ဆုံး သမားတော်များ အားလုံးသည် ယွင်ကျုံးဟဲ့၏ အရူးအမူး ပရိသတ်များ ဖြစ်ကြပြီး ရှင်းကျုံး ပါတီဝင်များလည်း ဖြစ်ကြသည်။

ကျိန့်ချွဲ၏ သနားစရာ အခြေအနေကို မြင်ချိန်မှာတော့ သူတို့၏ စိတ်ထဲတွင် အလွန် ဝမ်းသာသွားကြသည်။ သို့ပေမည့် သမားတော်များ အနေဖြင့် သေခါနီး လူကို မကယ်ဘဲ နေ၍ မရပေ။

ဤသည်မှာ သမားတော်များ၏ တာဝန်ဖြစ်ပြီး ယွင်ကျုံးဟဲ့၏ ပညာရပ်ဆိုင်ရာ ဟောပြောပွဲများတွင်လည်း တစ်ကြိမ်ပြီး တစ်ကြိမ် ထည့်သွင်း ပြောကြားခဲ့ဖူးသည်။

သမားတော် တစ်ယောက် အနေဖြင့် လူနာကို ကုသ ကယ်တင်ခြင်းသည် ပထမဆုံး တာဝန် ဖြစ်ပြီး နိုင်ငံရေး ခံစားချက်များကို အလွန်အကျွံ မထည့်သွင်းသင့်ကြောင်း ပြောခဲ့ဖူး၏။

ထို့ကြောင့် အင်ပါယာ၏ ထူးချွန်သော သမားတော် အချို့သည် ကျိန့်ချွဲကို အစွမ်းကုန် ကြိုးစား၍ ကုသပေးကြသည်။

သို့ပေမည့် ဤရောဂါသည် ဦးခေါင်းခွံဖွင့် ခွဲစိတ်မှု ပြုလုပ်ရန် လိုအပ်ပြီး သူတို့ မလုပ်နိုင်ကြောင်း တွေ့ရှိလိုက်ရ၏၊

၎င်းတို့အနေဖြင့် တမင်သက်သက် မကယ်တင်လိုခြင်း မဟုတ်ဘဲ ဤခွဲစိတ်ကုသမှုမှာ လွန်စွာ ခက်ခဲနက်နဲလွန်း လှသောကြောင့် ဖြစ်၏။ ၎င်းတို့၏ ဆေးပညာမှာ မည်မျှပင် ထူးချွန်ပြောင်မြောက် နေစေကာမူ ဤကဲ့သို့သော အခြေအနေမျိုးတွင်မူ လုံးဝတတ်စွမ်းနိုင်ခြင်း မရှိတော့ပေ။

အပိုင်း (၇၇၆)

“သခင်မကျိန့်…အမတ်ကြီး ကျိန့်ချွဲရဲ့ လေဖြတ်ရောဂါက အရမ်း ပြင်းထန်ပြီး အသက်အန္တရာယ် ရှိနေလို့ ချက်ချင်း ခွဲစိတ်မှု လုပ်ရပါမယ်။ ပြီးတော့ ဒီရောဂါက အရင်ကဆိုရင် ကုလို့ မရပါဘူး။ ယွင်ကျုံးဟဲ့ ရောက်လာပြီးမှပဲ ဦးခေါင်းခွံဖွင့် ခွဲစိတ်မှု ဆိုတာ ရှိလာတာပါ။

ဒါပေမဲ့ ဒီခွဲစိတ်မှုက အရမ်း... အရမ်းကို ခက်ခဲလွန်းပြီး သခင်မရဲ့ ယောက်ျားကလည်း အသက်ကြီးနေပြီဆိုတော့ ကျုပ်တို့ ဒီခွဲစိတ်မှုကို မလုပ်နိုင်ပါဘူး။” အင်ပါယာ၏ ထိပ်တန်း သမားတော် တစ်ဦးက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

ကျိန့်ချွဲ၏ ဇနီးသည် အသက်ရှူ မဝတော့သည်အထိ ငိုကြွေးနေပြီ ဖြစ်သည်။ မိမိ၏ ဤလုပ်ရပ်က ဤမျှ ပြင်းထန်သော နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်ပေါ်စေပြီး ယောက်ျားဖြစ်သူကို တိုက်ရိုက် ဦးနှောက် သွေးကြောပေါက်သွားစေမည်ဟု သူမ တကယ် မသိခဲ့ပေ။ အကယ်၍ သိခဲ့မည် ဆိုပါက သူမ၏ ဒေါသကို သေချာပေါက်၊ သေချာပေါက် ထိန်းချုပ်ထားမှာဖြစ်၏။

“ဘယ်လို လုပ်ရမလဲ။ အခု ဘယ်လို လုပ်သင့်လဲ။” ကျိန့်ချွဲ၏ ဇနီးက ငိုယိုကာ မေးလိုက်သည်။

ထိုသမားတော်က ပြော၏။ “အခု ဒီခွဲစိတ်မှုကို လုပ်နိုင်တဲ့ တစ်ဦးတည်းသောသူ၊ သခင်မရဲ့ ယောက်ျားကို ကယ်တင်နိုင်မယ့် တစ်ဦးတည်းသော သူကတော့ ယွင်ကျုံးဟဲ့ ပါပဲ။ ဒါပေမဲ့ သခင်မလည်း သိတဲ့အတိုင်းပဲ။ သခင်မရဲ့ ယောက်ျားက မကြာသေးခင်က ယွင်ကျုံးဟဲ့ကို ရူးသွပ်စွာ တိုက်ခိုက်ခဲ့တာဆိုတော့ သူက သခင်မရဲ့ ယောက်ျားကို ကယ်ချင်၊ မကယ်ချင်ဆိုတာ ကျုပ်တို့ အာမမခံရဲဘူး။ ပြီးတော့ ယွင်ကျုံးဟဲ့ ရောက်လာရင်တောင် သခင်မရဲ့ ယောက်ျားကို ခွဲစိတ်မှု မလုပ်ဖို့ ကျုပ် အကြံပေးမှာပဲ။ ဘာလို့လဲဆိုတော့ အန္တရာယ် အရမ်း များလွန်းလို့ပါ။”

“သူ သေသွားတာကို ကျွန်မ ဒီတိုင်း ကြည့်မနေနိုင်ဘူးလေ။ သူက ကျွန်မရဲ့ ယောက်ျား၊ ကလေးတွေရဲ့ ဖခင်လေ။”

ကျိန့်ချွဲ၏ ဇနီးက ငိုကြွေးကာ ပြောလိုက်သည်။ “ကျွန်မ သူ့ကို သွားတောင်းပန်မယ်။ ယွင်ကျုံးဟဲ့ကို သွားတောင်းပန်မယ်။”

ကျိန့်ချွဲ၏ ဇနီးသည် ယွင်ကျုံးဟဲ့၏ ရှေ့တွင် ဒူးထောက်နေ၏။ “ယွင်ကျုံးဟဲ့... ရှင့်ဘက်က မှန်တယ်ဆိုတာ ကျွန်မ သိပါတယ်။ တကယ်တော့ ကျွန်မလည်း ရှင့်ရဲ့ စာအုပ်တွေကို တိတ်တဆိတ် ဖတ်ပြီး ရှင့်ရဲ့ တေးဂီတ ဖျော်ဖြေပွဲတွေကိုလည်း တိတ်တဆိတ် နားထောင်ခဲ့ပါတယ်။

ကျွန်မရဲ့ ယောက်ျားက အရမ်းကို ခေါင်းမာပြီး ရှေးရိုးစွဲလွန်းပေမယ့် သူက တကယ်ပဲ လူဆိုး မဟုတ်ပါဘူး။ သူက သူများ အသုံးချခံရတာ ဖြစ်နိုင်ပေမယ့် ကောက်ကျစ်စဉ်းလဲတဲ့ လူယုတ်မာတော့ လုံးဝ မဟုတ်ပါဘူး။ သူ လုပ်ခဲ့သမျှ အားလုံးက အင်ပါယာအပေါ် သစ္စာရှိပြီး ချစ်မြတ်နိုးလို့ပါ။ သူက နောက်ကျနေခဲ့ရုံလေးပါ။

အမတ်ကြီး လီဖူကို အကွက်ဆင် ချောက်ချခဲ့တဲ့ နောက်ကွယ်က ကြိုးကိုင်သူက သေချာပေါက် ကျွန်မရဲ့ ယောက်ျား မဟုတ်ပါဘူး။ သူ့အကြောင်းကို ကျွန်မ သိပါတယ်။ သူက အပြစ်ရှိပေမယ့် သေဒဏ်ပေးလောက်တဲ့ အထိတော့ မဟုတ်ပါဘူး။

ယွင်ကျုံးဟဲ့... အခု ရှင် တစ်ယောက်တည်းကပဲ သူ့ကို ကယ်နိုင်ပါတော့မယ်။ တောင်းပန်ပါတယ်။ သူ့ကို ကယ်ပေးပါ။ သူ့ကို ကယ်တင်ပြီးမှ အပြစ်ပေးပြီး သာမန် ပြည်သူအဖြစ် လျှော့ချပစ်ရင်တောင် ရပါတယ်။”

ကျိန့်ချွဲ၏ ဇနီးသည် မြေကြီးပေါ်တွင် ဒူးထောက်ကာ အသနားခံနေသည်။

“မသွားနဲ့။”

မိဖုရား တူရှားက တားမြစ်လိုက်၏။ “မသွားနဲ့။”

သူမသည် ယွင်ကျုံးဟဲ့ကို ဆွဲထားကာ နူးညံ့စွာ ပြောလိုက်သည်။ “ချစ်သူ… ကျွန်မက ရှင့်ကို ကလဲ့စားချေဖို့ ပြောနေတာ မဟုတ်ဘူး။ ကျိန့်ချွဲက အသက် အရမ်း ကြီးနေပြီဆိုတော့ ခွဲစိတ်မှု အောင်မြင်နိုင်ခြေက အရမ်း နည်းတယ်။ အကယ်၍ ခွဲစိတ်မှု ကျရှုံးပြီး သူ သေသွားရင် ရှင်က သူ့ကို သတ်တဲ့ လူသတ်သမား ဖြစ်သွားလိမ့်မယ်။ အခွင့်ကောင်းယူပြီး ကလဲ့စားချေတဲ့ လူသတ်သမား ဖြစ်သွားလိမ့်မယ်။ ရန်သူတွေက အဲဒါကို အကြောင်းပြပြီး ရှင့်ကို ရူးသွပ်စွာ တိုက်ခိုက်ကြလိမ့်မယ်။”

မိဖုရား တူရှားက ချစ်သူ ဟူသော စကားလုံး နှစ်လုံးကို ခေါ်လိုက်သည်ကို ကြားချိန်မှာတော့ ကျီးချင့်၏ မျက်လုံးများက လူသတ်ချင်လာလောက်အောင် ဖြစ်သွားသည်။ ဤအမျိုးသမီးက တကယ်ကို အရှက်မရှိလွန်းလှပေ။ လုံးဝ အရှက်မရှိပေ။

‘စိတ်မဆိုးနဲ့၊ စိတ်မဆိုးနဲ့။ စိတ်ဆိုးရင် ကလေးအတွက် မကောင်းဘူး။’

သူမသည် ကိုယ်ဝန်ကြောင့် ကြီးမားနေသော ဗိုက်ကို ညင်သာစွာ ပွတ်သပ်လိုက်ပြီးနောက် ယွင်ကျုံးဟဲ့ကို ပြောလိုက်သည်။ “ကျွန်မလည်း ရှင် မသွားသင့်ဘူးလို့ ထင်တယ်။ ခွဲစိတ်မှု ကျရှုံးရင် ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးက အရမ်း ပြင်းထန်တယ်။”

ကျိန့်ချွဲ၏ ဇနီးက ငိုယိုကာ ပြောလိုက်၏။ “မဖြစ်ပါဘူး၊ မဖြစ်စေရပါဘူး။ ခွဲစိတ်မှု ကျရှုံးရင်တောင် ယွင်ကျုံးဟဲ့က အစွမ်းကုန် ကြိုးစားခဲ့ပါတယ် ဆိုတာကို တစ်လောကလုံးကို ကျွန်မ သက်သေပြပါ့မယ်။”

မိဖုရား တူရှားက ပြောသည်။ “ရှင်က အရမ်း ရိုးအလွန်းပါတယ်။ ရှင် သက်သေပြလည်း အသုံးမဝင်ဘူး။ ခွဲစိတ်မှု ကျရှုံးသွားတာနဲ့ ယွင်ကျုံးဟဲ့ရဲ့ နာမည်ဂုဏ်သတင်းက ကြီးမားတဲ့ ပျက်စီးမှုကို ခံရလိမ့်မယ်။”

ယွင်ကျုံးဟဲ့သည် ခဏမျှ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်၏။ “အကယ်၍ ကျုပ် မသွားရဲဘူးဆိုရင်၊ ဒီခွဲစိတ်မှုကို မလုပ်ရဲဘူးဆိုရင် အင်ပါယာ ပြည်သူ သောင်းချီရဲ့ အမြင်မှာ ကျုပ်က သတ္တိကြောင်တဲ့ သူရဲဘောကြောင် တစ်ယောက် ဖြစ်သွားလိမ့်မယ်။ သတ္တိကြောင်တဲ့ သူရဲဘောကြောင် တစ်ယောက်က အင်ပါယာရဲ့ ဘုရင် ဖြစ်လာဖို့ ဘာအရည်အချင်း ရှိလို့လဲ။”

ထို့နောက် ယွင်ကျုံးဟဲ့သည် ဘာမှ ထပ်မပြောတော့ဘဲ ဆေးသေတ္တာကို လွယ်ကာ အင်ပါယာ၏ အကောင်းဆုံး ဆေးရုံဆီသို့ လျှောက်သွားလိုက်တော့သည်။

ယွင်ကျုံးဟဲ့ အင်ပါယာ၏ အကောင်းဆုံး ဆေးရုံသို့ ရောက်ရှိသွားချိန်မှာတော့ အပြင်ဘက်တွင် လူအများအပြား ရောက်ရှိနေကြပြီ ဖြစ်၏။

ယွင်ကျုံးဟဲ့ကို ထောက်ခံသူ မရေမတွက်နိုင်သော လူများ ရောက်ရှိလာကြခြင်း ဖြစ်၏။ သူတို့၏ စိတ်ထဲတွင် အလွန် ရှုပ်ထွေးနေသည်။

သူတို့သည် ယွင်ကျုံးဟဲ့ကို ကျိန့်ချွဲ အား လာရောက် ကယ်တင်စေချင်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ပါက ယွင်ကျုံးဟဲ့သည် သမုဒ္ဒရာကဲ့သို့ ကျယ်ဝန်းသော စိတ်ထားရှိသည့် မြင့်မြတ်ပြီး ကြီးကျယ်သော ခေါင်းဆောင် တစ်ဦးဖြစ်ကြောင်း သက်သေပြနိုင်မည် ဖြစ်သောကြောင့်ပင်။

ထိုသို့ဆိုလျှင် သူတို့၏ နောက်လိုက်မှုသည် တရားမျှတပြီး မှန်ကန်ကြောင်း၊ သူတို့ လူရွေး မမှားကြောင်း သက်သေပြနိုင်မှာဖြစ်၏။

သို့ပေမည့် ယွင်ကျုံးဟဲ့ တကယ် ရောက်လာချိန်မှာတော့တွင်မူ သူတို့က ယွင်ကျုံးဟဲ့ကို ကျိန့်ချွဲအား ခွဲစိတ်မှု မလုပ်စေချင်တော့ပေ။

အဘယ်ကြောင့်ဆိုသော် ခွဲစိတ်မှု ကျရှုံးသွားသည်နှင့် ယွင်ကျုံးဟဲ့သည် အခွင့်ကောင်းယူ၍ လူသတ်သည်ဟူသော ပြစ်မှုကို ထမ်းပိုးရနိုင်ကြောင်း လူတိုင်း သိရှိထားကြသောကြောင့် ဖြစ်သည်။

သူ၏ နိုင်ငံရေး ရန်သူများသည် ဤအခွင့်အရေးကို လုံးဝ လက်လွှတ်မည် မဟုတ်ဘဲ သူ့ကို ရူးသွပ်စွာ တိုက်ခိုက်ကြမည်မှာ သေချာ၏။

ထိုအချိန်သို့ ရောက်ပါက ဤကဲ့သို့သော ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ စွပ်စွဲမှုများကို လုံးဝ ဖြေရှင်းနိုင်ရန် အလွန် ခက်ခဲသွားမှာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လွတ်လပ်စွာ တွေးတော ဆုံးဖြတ်နိုင်သော ကိစ္စဖြစ်သောကြောင့်ပင်။

အခိုင်မာဆုံးသော ရှေးရိုးစွဲ အမတ်ကြီး ကျိန့်ချွဲကို ကုသရင်း သေဆုံးသွားစေပါက ယွင်ကျုံးဟဲ့အတွက် နိုင်ငံရေးအရ လုံးဝ အမည်းစက် တစ်ခု ဖြစ်သွားပေလိမ့်မည်။

‘ဒါက တရားမျှတမှု တိုက်ပွဲပဲ။’

သူ၏ ဘုရင်ရာထူး လုပွဲအတွက် အရေးကြီးဆုံး တိုက်ပွဲ၊ အခြေအနေကို ဖောက်ထွင်းနိုင်မည့် တရားမျှတမှု တိုက်ပွဲသည် ခွဲစိတ်မှု တစ်ခု ဖြစ်နေလိမ့်မည်ဟု တကယ်ကို မထင်ထားခဲ့ပေ။

ဤအရာက တာ့ယန် အင်ပါယာသစ်၏ နိုင်ငံရေး အားပြိုင်မှုသည် အလွန် မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်းကိုလည်း သက်သေပြနေသည်။

စစ်မတိုက်ဘဲ ရန်သူကို အရှုံးပေးစေခြင်း၊ ဤသည်ကပင် အားပြိုင်မှု၏ အမြင့်ဆုံး အဆင့် ဖြစ်လောက်၏။

‘ခွဲစိတ်မှု သေချာပေါက် အောင်မြင်ရမယ်၊ သေချာပေါက် အောင်မြင်ရမယ်။’

အကယ်၍ အောင်မြင်သွားပါက ရရှိမည့် အကျိုးအမြတ်မှာ အလွန် ကြီးမားမှာဖြစ်သည်။ ကျရှုံးသွားပါက အန္တရာယ်မှာလည်း ကြီးမားလှသည်။

ယွင်ကျုံးဟဲ့သည် လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးနောက် ခွဲစိတ်ခန်း အတွင်းသို့ ဝင်ရောက်သွား၏။

ခွဲစိတ်ခန်း အတွင်းသို့ ဝင်ရောက်သွားပြီးနောက် အင်ပါယာ ဆေးရုံတော်မှ သမားတော် ဆယ်ဂဏန်းခန့်က အားလုံး ဝိုင်းအုံလာကြသည်။

“အရှင် ယွင်ကျုံးဟဲ့…”

“အရှင်…”

မည်သည့်အချိန်က စတင်ခဲ့သည်ကို မည်သူမှ မသိရှိကြသော်လည်း ယွင်ကျုံးဟဲ့ကို ခေါ်ဝေါ်သည့် အခေါ်အဝေါ်တို့မှာ တဖြည်းဖြည်း ပြောင်းလဲသွားပြီး နောက်ဆုံးတွင် အရှင် ဟူသော စကားလုံးကို အလိုအလျောက် ထည့်သွင်းခေါ်ဝေါ်လာကြ၏။

ဤအပြုအမူမှာ တာ့ယန်အင်ပါယာသစ်၌ အလွန်ရှားပါးလှသည့် ကိစ္စရပ်တစ်ခုဖြစ်သည်။ အင်ပါယာ၏ အုပ်ချုပ်ရေးမှူးကိုပင် အရှင်ဟု ခေါ်ဝေါ်ခြင်းမှာ ရှားပါးလှသဖြင့် ယွင်ကျုံးဟဲ့အတွက် အမှန်တကယ် သင့်တော်မည့် အခေါ်အဝေါ်ကို ရှာဖွေရခက်ခဲနေခြင်းလည်း ဖြစ်သည်။

အစပိုင်းတွင် အချို့သူများက ယွင်ကျုံးဟဲ့အား ပါမောက္ခ ဟု ခေါ်ဝေါ်ခဲ့ကြသော်လည်း၊ သူ၏ဂုဏ်သိက္ခာနှင့် အဆင့်အတန်းမှာ ရူးသွပ်ဖွယ်ကောင်းလောက်အောင် မြင့်တက်လာသည်နှင့်အမျှ ပါမောက္ခ ဟူသော ခေါ်ဝေါ်မှုမှာ မည်သို့မှ မသင့်တော်တော့ပေ။

အလားတူပင် ပညာရှင် ဟု ခေါ်ဆိုခြင်းမှာလည်း သူ၏ထူးခြားသော အဆင့်အတန်းနှင့် ကိုက်ညီမှု မရှိတော့သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

ထို့ကြောင့် လူအချို့က ယွင်ကျုံးဟဲ့ကို မင်းကြီး၊ ခေါင်းဆောင် ဟု စတင် ခေါ်ဝေါ်လာကြသည်။ သို့ပေမည့် အချိန်တွေ ကုန်လွန်လာသည်နှင့်အမျှ ဤအခေါ်အဝေါ်ကလည်း မသင့်တော်တော့ပေ။

ဟိုလူကလည်း မင်းကြီး၊ ဒီလူကလည်း မင်းကြီး ဖြစ်နေပြီး ယွင်ကျုံးဟဲ့က မည်သည့် အရာရှိ ရာထူးမှ မရှိသေးပေ။ ခေါင်းဆောင်ဟု ခေါ်မည်ဆိုပါကလည်း လူအများစုနှင့် သိပ်မရင်းနှီးသည့်အပြင် လုံးဝ အသစ်စက်စက် အခေါ်အဝေါ် တစ်ခု ဖြစ်နေသည်။

ထို့ကြောင့် လူတစ်ယောက်က လူသိရှင်ကြား အခမ်းအနား တစ်ခုတွင် ယွင်ကျုံးဟဲ့ကို အရှင် ယွင်ကျုံးဟဲ့ဟု ခေါ်လိုက်ရာမှ အရှင် ဆိုသော အခေါ်အဝေါ်က ပျံ့နှံ့သွားခဲ့၏။

ယွင်ကျုံးဟဲ့က ကျိန့်ချွဲ၏ ခန္ဓာကိုယ်ကို ချက်ချင်း စစ်ဆေးကြည့်ရာ ထင်ထားသည်ထက် ပိုမို ဆိုးရွားနေကြောင်း တွေ့ရှိရပြီး သူ၏ အသက်ဓာတ်မှာ အလွန် အားနည်းနေပြီ ဖြစ်သည်။

“အရှင်... သူ အချိန်မရွေး သေဆုံးသွားနိုင်ပါတယ်။ အဲဒါကြောင့် ဒီခွဲစိတ်မှုကို မလုပ်တာ ပိုကောင်းပါလိမ့်မယ်။”

“ဟုတ်ပါတယ်။ အန္တရာယ် အရမ်း ကြီးပြီး နောက်ဆက်တွဲ ဆိုးကျိုးက အရမ်း ပြင်းထန်ပါတယ်။”

“အခု အခြေအနေအရ ကြည့်ရင် အမတ်ကြီး ကျိန့်ချွဲ က ခွဲစိတ်မှု လုပ်နေရင်းနဲ့ သေဆုံးသွားဖို့ များပါတယ်။”

ထိုအချိန်တွင် ကျိန့်ချွဲ၏ ဇနီး ဝင်ရောက်လာပြီး ယောက်ျားဖြစ်သူ၏ နှလုံးခုန်သံကို နားထောင်၍ အသက်ရှူသံကို ခံစားကြည့်ရာ တကယ်ပင် အလွန် အားနည်းနေပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။

အတော်ကြာမှ ကျိန့်ချွဲ၏ ဇနီးက မျက်ရည်ဝဲလျက် ယွင်ကျုံးဟဲ့ကို ပြောလိုက်သည်။ “အရှင်... လက်လျှော့လိုက်ပါတော့။ အရှင် လာပေးနိုင်တာကိုပဲ ကျွန်မ အရမ်း ကျေးဇူးတင်နေပါပြီ။ ကျွန်မ ယောက်ျား ကိုယ်စား အရှင့်ကို တရားဝင် တောင်းပန်ပါတယ်။”

ကျိန့်ချွဲ၏ ဇနီးပင်လျှင် လက်လျှော့လိုက်ပြီဖြစ်ပြီး ယွင်ကျုံးဟဲ့ကို ဤမျှ ကြီးမားသော အန္တရာယ်ကို ရင်မဆိုင် စေချင်တော့ပေ။

ဟုတ်ပေသည်။ အကယ်၍ ယခုအချိန်တွင် လက်လျှော့လိုက်မည်ဆိုပါက အချိန်မီနိုင်သေး၏။

ယွင်ကျုံးဟဲ့သည် လူနာအား ကယ်တင်ရန်အတွက် ခွဲစိတ်ခန်းသို့ ရောက်ရှိလာပြီး ကြိုးပမ်းခဲ့သော်လည်း၊ ကျိန့်ချွဲ၏ အခြေအနေမှာ မည်သို့မှ ကယ်တင်၍ မရနိုင်တော့သည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ရာ နာကျင်စွာဖြင့်ပင် လက်လျှော့လိုက်ရသည်။

ဤသို့ပြုလုပ်ခြင်းအားဖြင့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာတွင် အပြစ်ကင်းစင်သွားမည် ဖြစ်သော်လည်း၊ အနာဂတ်တွင်မူ ဟန်ဆောင်ကောင်းသူ ဟူသည့် ပြစ်တင်ဝေဖန်မှုမျိုးကို ခံရနိုင်ခြေ ရှိနေ၏။

ကျိန့်ချွဲ၏ လက်ရှိ အခြေအနေမှာ အသက်ဓာတ် အလွန် အားနည်းနေပြီး ဤမျှ ကြီးမားသော ခွဲစိတ်မှုကြီးကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။

သို့သော်လည်း နောက်ထပ်နည်းလမ်းတစ်ခု ရှိနေသေးသည်။ ယွင်ကျုံးဟဲ့ထံတွင် မီတျဲချိုင့်ဝှမ်းမ ှရရှိသည့် ဆေးလုံးတစ်မျိုး ရှိနေပြီး ထိုဆေးလုံးသည် အချိန်တိုအတွင်း အာရုံကြောများကို လှုံ့ဆော်ပေးနိုင်ကာ ဦးနှောက်၏ လုပ်ဆောင်ချက်များကို အမြင့်ဆုံးအထိ ချဲ့ထွင်ပေးနိုင်သည့် စွမ်းအားရှိသည်။

သို့ပေမည့် ဤဆေးလုံးတွင် ကြောက်မက်ဖွယ်ကောင်းသော ဘေးထွက်ဆိုးကျိုးများ ရှိနေသည်။ ၎င်းသည် သွေးလည်ပတ်မှုကို အလွန်အမင်း မြန်ဆန်စေပြီး အာရုံကြောများကို ပြင်းထန်စွာ လှုံ့ဆော်ပေးခြင်းဖြစ်၏။

ကျိန့်ချွဲမှာ ဦးနှောက်သွေးကြောပေါက်နေသည့် အခြေအနေဖြစ်ရာ ယခုကဲ့သို့ သွေးကြောများကို ထပ်မံ လှုံ့ဆော်လိုက်ပါက သူသည် ချက်ချင်းလက်ငင်း အသက်ဆုံးရှုံးသွားနိုင်သည့် အန္တရာယ်ရှိနေသည်။

ယွင်ကျုံးဟဲ့ အကျပ်ရိုက်သွားသည်။ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ယွင်ကျုံးဟဲ့သည် ဆေးလုံး တစ်လုံးကို ထုတ်ယူကာ ဆယ်ပုံတစ်ပုံတောင် မပြည့်သော အပိုင်းလေးကို လှီးဖြတ်ပြီး ဂလူးကို့စ်ရည်ထဲတွင် အရည်ဖျော်လိုက်၏။

ထို့နောက် ကျန်ရှိသော ဆယ်ပုံကိုးပုံကို သူကိုယ်တိုင် မျိုချလိုက်၏။ ချက်ချင်းပဲ သူ တစ်ကိုယ်လုံး ထူးခြားသော အခြေအနေ တစ်ခုသို့ ထပ်မံ ရောက်ရှိသွားပြီး တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားသကဲ့သို့ ဖြစ်ကာ အာရုံကြောများ အားလုံး၊ အာရုံခံစားမှု အားလုံးသည် ဆယ်ဆမက ပိုမို လျင်မြန်လာ၏။ အရာအားလုံးက လွယ်ကူသွားသကဲ့သို့ ခံစားရသည်။

ယွင်ကျုံးဟဲ့က လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးနောက် အပ်ကို ကျိန့်ချွဲ၏ သွေးကြောထဲသို့ ထိုးသွင်းကာ ဆေးရည်များကို ဝင်ရောက်စေလိုက်၏။

All Chapters