← Chapters

အခန်း (၇၇၇-၇၇၈)

Vol. 66 Ch. 777-778

အခန်း (၇၇၇-၇၇၈)

Vol. 66 Ch. 777-778

အပိုင်း (၇၇၇)

တစ်ခဏချင်း အတွင်းမှာပဲ ကျိန့်ချွဲ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားပြီး တစ်ချက် ခုန်တက်သွားသည်။

စောစောကမှ နွမ်းနယ်ပြီး အသက်ဓာတ် မရှိလုနီးပါး ဖြစ်နေသော သူသည် ချက်ချင်းပဲ တစ်ကိုယ်လုံး နီရဲလာပြီး တုန်ယင်နေ၏။

လူတိုင်း အံ့ဩသွားကြသည်။ ‘အရှင် ယွင်ကျုံးဟဲ့က တကယ်ပဲ နတ်ဘုရား သမားတော် တစ်ပါးလား။ ဆေးနည်းနည်းလေးနဲ့တင် အမတ်ကြီး ကျိန့်ချွဲကို အသက်ဓာတ် ပြန်လည် ရရှိသွားစေနိုင်တာလား။’

ကြည့်ရသည်မှာ အသက်ဓာတ် ပြန်လည် ရရှိသွားသကဲ့သို့ ထင်ရသော်လည်း တကယ်တမ်းတွင်မူ ပို၍ အန္တရာယ် များသွားခြင်း ဖြစ်သည်။

ကျိန့်ချွဲ သည် အသက်ဓာတ် အလွန် နည်းပါးနေပြီဖြစ်ရာ ယွင်ကျုံးဟဲ့၏ ဤဆေးလုံးကို ဆယ်ပုံတစ်ပုံမျှသာ ဖြစ်စေကာမူ ခံနိုင်ရည် ရှိမည် မဟုတ်ပေ။ အချိန်မရွေး ဦးနှောက် သွေးကြောပေါက်မှု ထပ်မံ ဖြစ်ပွားပြီး လုံးဝ သေဆုံးသွားနိုင်သည့် ပုံစံမျိုး ဖြစ်နေသည်။

သို့ပေမည့် ဤပစ္စည်းက တကယ်ပဲ အသက်ဆက်ပေးနိုင်သည်။ ထို့အပြင် အတက်ရောဂါ လက္ခဏာများက အလွန် သိသာထင်ရှားနေပြီ ဖြစ်၏။

ယွင်ကျုံးဟဲ့သည် ကျိန့်ချွဲ၏ နားနားသို့ ကပ်ကာ တီးတိုး ပြောလိုက်သည်။ “အမတ်ကြီး ကျိန့်ချွဲ… ကျုပ်က ခင်ဗျားရဲ့ ရန်သူ ယွင်ကျုံးဟဲ့ပါ။ ခင်ဗျား ဘာကို စိုးရိမ်နေလဲ ဆိုတာ ကျုပ် သိပါတယ်။ ကျုပ်က အရှေ့တိုင်းသား ဖြစ်တဲ့အတွက် တာ့ယန် အင်ပါယာသစ်ရဲ့ အောင်မြင်မှုတွေကို လုယူပြီး အင်ပါယာကို တွင်းနက်ကြီးထဲ ဆွဲချကာ ပျက်စီးစေမယ်လို့ ခင်ဗျား ထင်နေတာမလား။

ခင်ဗျားကို ကျုပ် စည်းရုံးမှာ မဟုတ်ဘူး။ တောင့်ခံထားနော်၊ လုံးဝ မသေစေနဲ့။ ကျုပ် ခင်ဗျားကို ကယ်တင်ပြီးမှ ကျုပ်နဲ့ ထပ်ပြီး အားပြိုင်၊ ကျုပ်နဲ့ အဆုံးထိ တိုက်ခိုက်။ ဒါပေမဲ့ အရင်ဆုံး ခင်ဗျား အသက်ရှင်ရမယ်၊ တောင့်ခံထားရမယ်။”

ကျိန့်ချွဲ အမတ်ကြီး နားလည်သလား၊ မနားလည်ဘူးလား ဆိုသည်ကိုတော့ မသိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် စကားတစ်ခွန်းမှ မပြောနိုင်တော့သလို မျက်လုံးများပင် မလှုပ်ရှားနိုင်တော့သောကြောင့် ဖြစ်သည်။ သို့ပေမည့် သူ၏ စိတ်ခံစားမှုက အလွန် ပြင်းထန်နေဆဲ ဖြစ်ကြောင်းကိုတော့ ခံစားသိရှိနိုင်၏။

ထို့နောက် ယွင်ကျုံးဟဲ့သည် ကျိန့်ချွဲ အား မေ့ဆေး ထိုးပေးလိုက်၏။ ထို့အပြင် အသက်ရှူ အထောက်အကူပြု ကိရိယာများကိုလည်း တပ်ဆင်ပေးလိုက်သည်။

ဤလောကတွင် အသက်ရှူစက် မရှိသောကြောင့် အတော်လေး ရှေးကျသော ကိရိယာများကိုသာ အသုံးပြုရသည်။ ထို့နောက် ယွင်ကျုံးဟဲ့သည် ခွဲစိတ်မှုကို စတင် ပြုလုပ်၏။

ထိုနေရာရှိ သမားတော် ဆယ်ဂဏန်းခန့်သည် ခွဲစိတ်မှုတွင် ပါဝင် ကူညီပေးကြ၏။ တိတ်ဆိတ် ငြိမ်သက်နေသည်။

ယွင်ကျုံးဟဲ့၏ လှုပ်ရှားမှုများက အလွန် မြန်ဆန်လှသည်။ အပေါက်ဖောက်သည်၊ လွှဖြင့်တိုက်သည်၊ ဦးခေါင်းခွံကို ဖွင့်သည်။ သွေးခဲများကို ရှင်းလင်းသည်၊ သွေးကြောများကို ပြန်ဆက်သည် စသည်ဖြင့် အားလုံးကို လုပ်ဆောင်၏။

သမားတော် ဆယ်ဂဏန်းခန့်သည် ဆန်းကြယ်လှသော ခွဲစိတ်မှု လုပ်ငန်းစဉ်ကို ထပ်မံ၍ မြင်တွေ့ခဲ့ရပြန်၏။ ထပ်မံ၍ အသက်ရှူရပ်မတတ် ဖြစ်သွားကြပြီး တကယ်ကို အံ့မခန်း ပြိုင်ဘက်ကင်းလှသည်။

ယွင်ကျုံးဟဲ့၏ လှုပ်ရှားမှုများသည် အလွန်တရာ လျင်မြန်လွန်းလှသော်လည်း တိကျသေချာမှုမှာမူ အံ့မခန်းပင် ဖြစ်၏။

အနည်းငယ်မျှ လွဲချော်သွားသည်နှင့် အသက်အန္တရာယ်ဖြစ်စေနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများ ကြုံတွေ့ ရနိုင်သည်။ အကြောင်းမူကား ယခု ကိုင်တွယ်နေရသော နေရာသည် လူ့ခန္ဓာကိုယ်၏ အနုနယ်ဆုံး အစိတ်အပိုင်း ဖြစ်နေသောကြောင့်ပင်။

ထို့အပြင် ဤအချိန်၌ ခွဲစိတ်ကုသမှုသုံး အဏုကြည့်မှန်ဘီလူး ကဲ့သို့သော အထောက်အကူပြုပစ္စည်းများလည်း မရှိသောကြောင့် သာမန်မျက်စိ အမြင်အာရုံတစ်ခုတည်းကိုသာ လုံးဝအကြွင်းမဲ့ အားကိုးနေရသည်။

သို့ပေမည့် ဆေးလုံး၏ အာနိသင်ကို ခံစားထားရသော ယွင်ကျုံးဟဲ့သည် အမြင်အာရုံ အပါအဝင် အာရုံခံစားမှုမျိုးစုံမှာ အဆပေါင်းများစွာ တိုးတက်ချဲ့ထွင်ခြင်း ခံထားရ၏။

သူသည် အမှတ်တစ်ခုခုကို အာရုံစိုက်လိုက်သည့်အခါ မည်မျှပင် သေးငယ်လှသော ပစ်မှတ်ဖြစ်စေကာမူ ဆယ်ဆ၊ အဆပေါင်းများစွာ ကြီးမားထင်ဟပ်လာတော့သည်။

ထို့အပြင် သူ၏ အာရုံခံစားမှုနယ်ပယ်အတွင်း၌ အချိန်ကုန်ဆုံးမှု ဖြစ်စဉ်သည်လည်း အဆပေါင်းများစွာ နှေးကွေးသွားသကဲ့သို့ ခံစားရ၏။ မည်သို့ပင်ဖြစ်စေ မြင်ကွင်းအားလုံးမှာ အနှေးပြကွက်များအလား ဖြစ်ပေါ်နေသောကြောင့်ပင် ထိုမျှအထိ တိကျသေချာနေခြင်း ဖြစ်၏။

ယခုအခါ သူ၏ ဆေးပညာအဆင့်အတန်းသည် ကမ္ဘာမြေပေါ်၌ ရှိစဉ်ကထက် များစွာ သာလွန်မြင့်မားနေပြီ ဖြစ်ရာ ကမ္ဘာမြေပေါ်မှ မည်မျှပင် ကျွမ်းကျင်ပြောင်မြောက်သော သမားတော်ကြီးဖြစ်ပါစေ သူ၏ ခွဲစိတ်မှုအတတ်ပညာကို မမီနိုင်တော့ချေ။ တစ်နည်းဆိုရသော် ထူးခြားဆန်းပြားသော စွမ်းအားထူးကို ရရှိထားသကဲ့သို့ပင် ရှိတော့သည်။

အခြားတစ်ဖက်တွင်မူ ထိုနေရာ၌ ရှိနေကြသော သမားတော်များအားလုံးမှာမူ တကယ်ပင် လုံးဝ အံ့ဩမှင်တက် သွားကြရသည်။ ဤသည်ကား တကယ့်ကို ဒဏ္ဍာရီလာ အဆင့်အတန်း၊ နတ်ဘုရားအလား ဆေးပညာအတတ်ပင် ဖြစ်၏။ ၎င်းကို တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှသည် ဟူသော စကားလုံးမျှဖြင့်ပင် ဖော်ပြရန် မစွမ်းသာတော့ချေ။

ဤအခြင်းအရာသည် ၎င်းတို့အနေဖြင့် မည်သို့မျှ တွေးတောနားမလည်နိုင်သည့် အမြင့်ဆုံးအဆင့်အတန်း ဖြစ်ပြီး အမှန်စင်စစ် နတ်ဘုရားတစ်ပါး၏ ဖန်တီးမှုပင် ဖြစ်သည်။

ထိုသို့ဖြင့် အချိန်များက တစ်မိနစ်၊ တစ်စက္ကန့်ချင်းစီ ကုန်ဆုံးသွား၏။

တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီ…

ဦးခေါင်းခွံကို ပြန်ပိတ်သည်၊ ချုပ်သည်၊ ခွဲစိတ်မှု ပြီးစီးသွားပြီ ဖြစ်သည်။

ဤအချိန်တွင် ယွင်ကျုံးဟဲ့သည်လည်း စိတ်စွမ်းအား အားလုံးကို ကုန်ဆုံးသွားသကဲ့သို့ ဖြစ်ကာ ခြေလှမ်း အနည်းငယ် ယိုင်ထိုးသွား၏။

အမှောင်ထုများ အဆက်မပြတ် ဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီး ခွဲစိတ်မှု ရလဒ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ပြောလိုက်သည်။ “ကျုပ်... ကျုပ် သွားနားလိုက်အုံးမယ်။”

ထို့နောက် သူ့ကို လူအချို့က တွဲကာ ဘေးခန်းသို့ ခေါ်သွားပြီး ကုတင်ပေါ်တွင် လှဲသိပ်ပေးလိုက်ရာ ချက်ချင်းပဲ အိပ်မောကျသွားတော့၏။

ယွင်ကျုံးဟဲ့၏ ဤအိပ်စက်မှုသည် တစ်ရက်နှင့် တစ်ညတိတိ ကြာမြင့်ခဲ့ပြီး မနိုးလာခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် မကြာသေးမီက ကိစ္စများ အလွန် များပြားလွန်းပြီး တစ်ခါမှ မရပ်နားခဲ့ရသောကြောင့် ကျိန့်ချွဲကို ခွဲစိတ်မှု မလုပ်မီတည်းက ယွင်ကျုံးဟဲ့သည် ရက်ပေါင်းများစွာ ကောင်းကောင်း မအိပ်ခဲ့ရသောကြောင့် ဖြစ်သည်။

ကျိန့်ချွဲကို ကယ်တင်ရာတွင် သူ၏ စိတ်စွမ်းအား မည်မျှ ကုန်ဆုံးသွားသည်ကိုပင် မသိနိုင်သောကြောင့် ထပ်မံ မတောင့်ခံနိုင်တော့ခြင်း ဖြစ်၏။

ခွဲစိတ်မှုကတော့ အောင်မြင်သွားပုံ ရသော်လည်း ကျိန့်ချွဲ သည် မနိုးလာသေးပေ။ မေ့ဆေး အာနိသင် ကုန်ဆုံးသွားပြီးနောက်တွင်လည်း သူ ဆက်လက် သတိလစ်နေဆဲ ဖြစ်သည်။

အပြင်ဘက်တွင် ဝိုင်းရံနေသော လူများမှာ ပို၍ ပို၍ များပြားလာပြီး လူသောင်းချီ၊ သိန်းချီအထိ ကျော်လွန်သွားခဲ့၏။

အုပ်ချုပ်ရေး နန်းတော် အတွင်းတွင်…

“ယွင်ကျုံးဟဲ့ မနိုးလာသေးတာ သေချာလား။” စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက မေးလိုက်သည်။

“ဟုတ်ပါတယ်။ မနိုးလာသေးပါဘူး။ မိဖုရား တူရှားရော၊ ကျီးချင့်ရော သွားခဲ့ပေမယ့် သူ့ကို မနှိုးနိုင်သေးပါဘူး။”

သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက မေးလိုက်၏။ “ဒါဆို ကျိန့်ချွဲ ဘက်ကရော ခွဲစိတ်မှု အောင်မြင်လား။”

“ကျိန့်ချွဲ လည်း သတိမလည်လာသေးပါဘူး။”

အုပ်ချုပ်ရေးမှူး နှစ်ဦး တိတ်ဆိတ်သွားကြသော်လည်း အသက်ရှူသံများမှာ သိသိသာသာ မြန်ဆန်လာပြီး နှလုံးခုန်သံများလည်း မြန်ဆန်လာသည်။

ယွင်ကျုံးဟဲ့သည် အလွန် ဖြေရှင်းရ ခက်ခဲပြီး မကြာသေးမီက အားပြိုင်မှုများ အားလုံးတွင် ယွင်ကျုံးဟဲ့သည် တရားမျှတမှုကို အမြဲတမ်း ကိုင်စွဲထားနိုင်ခဲ့သောကြောင့် သူ့ဘက်တွင် ရပ်တည်သော ပြည်သူများနှင့် အရာရှိများ ပို၍ ပို၍ များပြားလာခဲ့၏။

မူလက ရှင်းကျုံး ပါတီဘက်က အလွန် အစွန်းရောက်လာပြီး အုပ်ချုပ်ရေး နန်းတော်ကို တိုက်ရိုက် ဝင်စီးကာ အာဏာသိမ်းမှု ဖြစ်ပေါ်လာမည်ဟု ထင်မှတ်ထားခဲ့ကြသည်။

သို့ပေမည့် ယွင်ကျုံးဟဲ့သည် ဤမျှ အရေးကြီးသော အချိန်တွင် အလွန် တည်ငြိမ်နေပြီး ရှင်းကျုံး ပါတီဝင် အားလုံးကို ဖိနှိပ်ထားကာ အုပ်ချုပ်ရေး နန်းတော်ကို ဝင်စီးခွင့် မပြုသလို အာဏာသိမ်းမှု ဖြစ်ပေါ်ခွင့်ကိုလည်း မပြုခဲ့ကြောင်း မထင်မှတ်ထားခဲ့ပေ။

ထို့ကြောင့် အစမှ အဆုံးထိ ယွင်ကျုံးဟဲ့က တရားမျှတမှုကို ကိုင်စွဲထားနိုင်ခဲ့သည်။ အုပ်ချုပ်ရေးမှူးများနှင့် အထက်လွှတ်တော်ကမူ တရားမျှတမှုကို အမြဲတမ်း ဆုံးရှုံးနေခဲ့၏။

အုပ်ချုပ်ရေးမှူး နှစ်ဦးသည် အချင်းချင်း ခဏမျှ ကြည့်လိုက်ကြပြီး စကားမပြောဘဲ အပြန်အလှန် ဆက်သွယ်နေကြသည်။

တကယ်တမ်းတွင် ရှင်းကျုံး ပါတီ စတင် တည်ထောင်စ အချိန်က အုပ်ချုပ်ရေးမှူး နှစ်ဦးသည် အတော်လေး လွယ်ကူစွာ ကိုင်တွယ်နိုင်ခဲ့၏။

အဘယ်ကြောင့်ဆိုသော် ရှင်းကျုံး ပါတီဝင်များသည် အလွန် အစွန်းရောက်ပြီး တိုက်ခိုက်ရေး နည်းလမ်းများ မှာလည်း အလွန် ကြမ်းတမ်း အောက်တန်းကျကာ နေရာအနှံ့ ဖျက်ဆီးမှုများ ပြုလုပ်ခြင်း၊ နေရာအနှံ့ လှုံ့ဆော်မှုများ ပြုလုပ်ခြင်းနှင့် ရှေးရိုးစွဲ အဖွဲ့ဝင်များကို လုပ်ကြံမည်ဟုပင် ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် ဖြစ်သည်။

ထိုအချိန်က ရှင်းကျုံး ပါတီကို အင်ပါယာရှိ သောင်းချီသော ပြည်သူများက မနှစ်မြို့ခဲ့ကြပေ။ အဘယ်ကြောင့် ဆိုသော် သူတို့သည် အင်ပါယာ၏ စည်းကမ်းကို ဖျက်ဆီးခဲ့သောကြောင့် ဖြစ်သည်။

သို့ပေမည့် ယွင်ကျုံးဟဲ့က ရှင်းကျုံး ပါတီ၏ အာဏာကို အပြည့်အဝ လွှဲပြောင်းရယူပြီးနောက် အရာအားလုံး ပြောင်းလဲသွားခဲ့၏။

ယွင်ကျုံးဟဲ့ အသုံးပြုသော တိုက်ခိုက်ရေး နည်းလမ်းများ အားလုံးသည် တရားမျှတသော နည်းလမ်းများချည်း ဖြစ်ပြီး လုံးဝ တားဆီး၍ မရသလို ပိတ်ပင်၍လည်း မရနိုင်ပေ။

အုပ်ချုပ်ရေးမှူးများနှင့် အထက်လွှတ်တော်သည်လည်း ပြောရေးဆိုခွင့် ဆုံးရှုံးသွားသည်ကို မျက်စိသူငယ်ဖြင့်သာ ကြည့်နေနိုင်တော့သည်။

အထူးသဖြင့် လီဖူ၏ သေဆုံးမှုတွင် ရှင်းကျုံး ပါတီက သေချာပေါက် သည်းခံနိုင်မည် မဟုတ်ဘဲ အခွင့်ကောင်းယူ၍ အာဏာသိမ်းမှု ဖြစ်ပေါ်လာမည်ဟု အုပ်ချုပ်ရေးမှူးများနှင့် အထက်လွှတ်တော်က ထင်မှတ်ခဲ့ကြ၏။

အကယ်၍ ထိုသို့သာ ဖြစ်လာပါက အုပ်ချုပ်ရေးမှူးများနှင့် အထက်လွှတ်တော်သည် စစ်တပ်ကို စေလွှတ်၍ တိုက်ရိုက် နှိမ်နင်းနိုင်မည်ဖြစ်ပြီး မှန်ကန်သော အကြောင်းပြချက်ကို ရရှိမှာဖြစ်သည်။

သို့ပေမည့် ယွင်ကျုံးဟဲ့သည် ဆက်လက်၍ သည်းခံနေဆဲ ဖြစ်ကြောင်း မထင်မှတ်ထားခဲ့ပေ။

လီဖူ၏ သေဆုံးမှုက ရှင်းကျုံး ပါတီကို အစွန်းရောက် ရူးသွပ်လာစေခြင်း မရှိဘဲ ယွင်ကျုံးဟဲ့၏ ဩဇာအာဏာကို ပို၍ပင် မြင့်တက်သွားစေခဲ့သည်။

ယခုအခါ ယွင်ကျုံးဟဲ့ မနိုးလာသေးခြင်းက တစ်ထောင်မှာ တစ်ခါ ကြုံတောင့်ကြုံခဲ အခွင့်အရေး တစ်ခု ဖြစ်နိုင်၏။

‘တစ်ခါတည်းနဲ့ အပြတ်ရှင်းလိုက်မလား။’

ယခု ရှင်းကျုံး ပါတီသည် လူငယ်ဆန်ပြီး လှုပ်ရှားချင်နေသော သားရဲကြီး တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ ယခင်က ယွင်ကျုံးဟဲ့ အမြဲတမ်း ဖိနှိပ်ထားသောကြောင့် သူတို့ မထကြွနိုင်ခဲ့ခြင်း ဖြစ်သည်။

‘ယွင်ကျုံးဟဲ့က ခဏတာ သတိလစ်နေပြီ ဆိုတော့ ဒီသားရဲကြီးကို ဘယ်သူမှ ထိန်းချုပ်နိုင်မှာ မဟုတ်တော့ဘူးလေ။ ဒါဆို ဒီသားရဲကြီးကို နည်းနည်း လှုံ့ဆော်ပေးလိုက်ရင် သူတို့ တကယ် ထကြွလာမလား။

ရှင်းကျုံး ပါတီက အုပ်ချုပ်ရေး နန်းတော်ကို ဝိုင်းရံပြီး အာဏာသိမ်းမှု ဖြစ်ပေါ်လာရင် ဒါက ပုန်ကန်တာပဲလေ။ အဲဒီအချိန် ရောက်ရင် ပထမ တပ်တော်က သိုင်းပညာ အင်အားသုံးပြီး နှိမ်နင်းဖို့ မှန်ကန်တဲ့ အကြောင်းပြချက် ရသွားပြီပေါ့။’

‘ဒါပေမဲ့ ဒါကလည်း မီးနဲ့ ကစားတာပဲလေ။ အကယ်၍ ရှင်းကျုံး ပါတီက အုပ်ချုပ်ရေး နန်းတော်ကို ဝိုင်းရံလာရင် လူတစ်သိန်းကျော် ရှိမှာလေ။နည်းနည်းလေး သတိလွတ်သွားတာနဲ့ သွေးချောင်းစီးတဲ့ အဖြစ်ဆိုးကြီး ဖြစ်သွားပြီး အင်ပါယာ လုံးဝ ကသောင်းကနင်း ဖြစ်သွားလိမ့်မယ်။’

“အင်ပါယာရဲ့ စစ်တပ်က ကျုပ်တို့ လက်ထဲမှာ အမြဲတမ်း ရှိနေတယ်။ စစ်တပ် ရှိနေသရွေ့ အခြေအနေ တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ထားနိုင်တယ်။” သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောလိုက်သည်။

စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက မေး၏။ “ဒါဆို လုပ်မလား။”

သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ဖြေသည်။ “လုပ်မယ်။”

အုပ်ချုပ်ရေးမှူး နှစ်ဦးသည် စွန့်စားရန် ဆုံးဖြတ်လိုက်ကြသည်။ ရေနွေးထဲမှ ဖားသူငယ်ကဲ့သို့ ဖြည်းဖြည်းချင်း အသေခံမည့်အစား မီးတောက်ကြီး တစ်ခု ဖန်တီးပြီး အခြေအနေကို တမင်တကာ ပေါက်ကွဲစေလိုက်ခြင်းက ပိုကောင်း၏။

ယွင်ကျုံးဟဲ့ မနိုးထလာသေးသည့် အချိန်ကို အခွင့်ကောင်းယူ၍ ရှင်းကျုံး ပါတီကို လုံးဝ ဒေါသထွက်စေကာ အာဏာသိမ်းမှု ဖြစ်ပေါ်လာအောင် လုပ်ပြီးနောက် စစ်တပ်ကို အမိန့်ပေး၍ နှိမ်နင်းခိုင်းမှာဖြစ်သည်။

‘တစ်ခါတည်းနဲ့ အပြတ်ရှင်းလိုက်မယ်။’

နောက်တစ်နေ့…

အင်ပါယာ အုပ်ချုပ်ရေးမှူးများနှင့် အထက်လွှတ်တော်သည် အစည်းအဝေး တစ်ခုကို ကျင်းပခဲ့ကြသည်။ နှစ်နာရီ အကြာတွင် အစည်းအဝေး ပြီးဆုံးသွားပြီး ဆုံးဖြတ်ချက် နှစ်ရပ်ကို လူသိရှင်ကြား ကြေညာလိုက်၏။

ပထမ အနေဖြင့် လီဖူ၏ နာမည်ဂုဏ်သတင်းကို ပြန်လည် ကယ်တင်ပေးရန်၊ သူ၏ သားကို အပြစ်ကင်းစင်ကြောင်း ကြေညာကာ လွှတ်ပေးရန်နှင့် လီဖူကို ရွှယ်အန်း မြို့စားအဖြစ် သေလွန်ပြီးမှ ဘွဲ့ထူး ချီးမြှင့်ရန် ဖြစ်သည်။

ရွှယ်အန်း ဆိုသည်မှာ ခရိုင် တစ်ခုဖြစ်ပြီး အမတ်ကြီး လီဖူ၏ မွေးရပ်မြေလည်း ဖြစ်၏။

တာ့ယန် အင်ပါယာသစ်တွင်လည်း မှူးမတ် ဘွဲ့ထူးများ ရှိသော်လည်း အလွန် ရှားပါးစွာသာ ချီးမြှင့်လေ့ ရှိသည်။

အဘယ်ကြောင့်ဆိုသော် အင်ပါယာတွင် ဘွဲ့ထူး ချီးမြှင့်ခြင်းကို သိပ်အားမပေးဘဲ အချိန်ကာလ အတော်ကြာသည်အထိ ဘွဲ့ထူး ချီးမြှင့်ခြင်းကို အရှေ့တိုင်း၏ နောက်ကျသော အစဉ်အလာ တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသောကြောင့် ဖြစ်၏။

သို့ပေမည့် နောက်ဆုံးတွင် ဤသည်မှာ ဂုဏ်ကျက်သရေ တစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် ကျီးရှန့်သည် အုပ်ချုပ်ရေးမှူး ရာထူးမှ အနားယူပြီးနောက် အင်ပါယာ၏ ချင်ဝမ် အဖြစ် ဘွဲ့ထူး ချီးမြှင့်ခံရခြင်းမျိုး ဖြစ်သည်။

ထို့ကြောင့် အုပ်ချုပ်ရေးမှူးများနှင့် အထက်လွှတ်တော်၏ ဤဆုံးဖြတ်ချက်သည် လီဖူ အတွက် တရားမျှတမှုကို ပြန်လည် ရရှိစေခဲ့၏။

ဒုတိယ ဆုံးဖြတ်ချက်မှာ ယွင်ကျုံးဟဲ့ကို ရှကော်ကုန်းအဖြစ် ဘွဲ့ထူး ချီးမြှင့်ရန်နှင့် ရီလူမျိုး လူငယ်များကို စတင် စုရုံးကာ အရှေ့ဘက်သို့ စစ်ချီမည့် စစ်တပ်ကို ဖွဲ့စည်းရန် ဖြစ်သည်။

အပိုင်း (၇၇၈)

ပထမ ဆုံးဖြတ်ချက်သည် သေချာပေါက် ဘာမှ မဖြစ်ဘဲ ကောင်းမွန်သော ကိစ္စတစ်ခု ဖြစ်ကာ အမတ်ကြီး လီဖူ သေဆုံးပြီးနောက် ငြိမ်းချမ်းစွာ အနားယူနိုင်စေမှာဖြစ်၏။

သို့ပေမည့် အုပ်ချုပ်ရေးမှူးများနှင့် အထက်လွှတ်တော်၏ ဒုတိယ ဆုံးဖြတ်ချက်သည် ကြီးမားသော ဂယက်ရိုက်ခတ်မှုကို ထပ်မံ ဖြစ်ပေါ်စေခဲ့ပြန်သည်။

မြို့တော် တစ်ခုလုံး ဆူပွက်သွားသည်။ အပြင်ပန်းတွင် ဤဆုံးဖြတ်ချက်သည် ယွင်ကျုံးဟဲ့အတွက် အကျိုးရှိ သကဲ့သို့ ထင်ရ၏။

မြို့စားကြီး အဖြစ် ဘွဲ့ထူး ချီးမြှင့်ခြင်းဖြစ်ပြီး အရှေ့ဘက်သို့ စစ်ချီမည့် စစ်တပ်ကိုပါ ဖွဲ့စည်းပေးမည် ဆိုသောကြောင့် ယွင်ကျုံးဟဲ့ကို စစ်တပ် ငှားပေးမည်ဆိုသည့် သဘောပင် ဖြစ်သည်။

သို့ပေမည့် တကယ်တမ်းတွင် ဤသည်မှာ ယွင်ကျုံးဟဲ့၏ တာ့ယန် အင်ပါယာသစ်ရှိ အနာဂတ် လမ်းကြောင်း အားလုံးကို လုံးဝ ဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်၏။

ယွင်ကျုံးဟဲ့၏ ရည်မှန်းချက်မှာ အင်ပါယာ၏ ဘုရင် ဖြစ်လာရန် ဖြစ်သော်လည်း ယခု အုပ်ချုပ်ရေးမှူးများနှင့် အထက်လွှတ်တော်က ယွင်ကျုံးဟဲ့ကို တိုက်ရိုက် နယ်နှင်ဒဏ် ပေးရန်၊ နှင်ထုတ်ရန် ကြိုးပမ်းလိုက်ခြင်းပင် ဖြစ်သည်။

ထိုစစ်တပ် ငှားပေးမည် ဆိုသည်မှာလည်း ကျွန်တစ်သိန်းကျော်ကို အစားထိုး ဖွဲ့စည်းပေးမည်ဟု ဆိုလိုခြင်း ဖြစ်၏။

ထို့ကြောင့် ရှင်းကျုံး ပါတီဝင်များ ချက်ချင်း ဒေါသပေါက်ကွဲသွားကြသည်။

‘အရမ်း အနိုင်ကျင့်လွန်းတယ်။ အကယ်၍ အရှင် ယွင်ကျုံးဟဲ့က အကြိမ်ကြိမ် ဖိနှိပ် မထားခဲ့ဘူးဆိုရင် ကျုပ်တို့ ရှင်းကျုံး ပါတီဝင် တစ်သိန်းကျော်က အုပ်ချုပ်ရေး နန်းတော်ကို ဝင်စီးပြီး အာဏာသိမ်းကာ ခင်ဗျားတို့ကို ရာထူးကနေ ဖြုတ်ချပြီးလောက်ပြီ။

အရှင် ယွင်ကျုံးဟဲ့က နိုင်ငံတော်အတွက် သည်းခံပြီး အင်ပါယာ မငြိမ်မသက် ဖြစ်မှာကို မလိုလားလို့ အကြိမ်ကြိမ် သည်းခံခဲ့တာ။

အမတ်ကြီး လီဖူ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားချိန်မှာတောင် ရှင်းကျုံး ပါတီဝင် အားလုံးက အုပ်ချုပ်ရေး နန်းတော်ကို ဝိုင်းရံပြီး အာဏာသိမ်းဖို့ ပြင်ဆင်ခဲ့ကြပေမယ့် အရှင် ယွင်ကျုံးဟဲ့က ဆက်လက် ဖိနှိပ်ထားခဲ့သေးတယ်။

ကျိန့်ချွဲက အခိုင်မာဆုံး ရှေးရိုးစွဲ ပါတီဝင် ဖြစ်ပြီး ယွင်ကျုံးဟဲ့ရဲ့ အကြီးမားဆုံး ရန်သူ ဖြစ်ပေမယ့် သူ လေဖြတ်သွားချိန်မှာ ဘယ်သူမှ မကယ်နိုင်ခဲ့ပေမယ့် အရှင် ယွင်ကျုံးဟဲ့က အရင်က ရန်ငြိုးတွေကို မေ့ထားပြီး သူ့ကို သွားကယ်ပေးခဲ့သေးတယ်။

ဒီလောက် တရားမျှတပြီး ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ အရှင် ယွင်ကျုံးဟဲ့ကို အုပ်ချုပ်ရေးမှူးတွေနဲ့ အထက်လွှတ်တော်က ဘုရင် ဖြစ်လာမယ့် လမ်းကြောင်းကို ဖြတ်တောက်ချင်နေတာလား။ ဘယ်လောက်တောင် အောက်တန်းကျလိုက်လဲ။ ဘယ်လောက်တောင် အရှက်မရှိလိုက်လဲ။’

ရှင်းကျုံး ပါတီဝင်များသည် မူလတည်းက ပေါက်ကွဲတော့မည့် ယမ်းမှုန့်များကဲ့သို့ ဖြစ်နေကြရာ ယခု အုပ်ချုပ်ရေးမှူးများ၏ မီးတောက်ကြောင့် လုံးဝ ပေါက်ကွဲထွက်သွားကြတော့၏။

“ညီအစ်ကို မောင်နှမတို့... အန္တရာယ် အများဆုံး အချိန် ရောက်လာပါပြီ။”

“အုပ်ချုပ်ရေးမှူးတွေနဲ့ အထက်လွှတ်တော်က ယွင်ကျုံးဟဲ့ အရှင့်ရဲ့ လမ်းကြောင်းကို လုံးဝ ဖျက်ဆီးပစ်လိုက်ပါပြီ။”

“ညီအစ်ကို မောင်နှမတို့... လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်က သမိုင်းက ပြန်လည် ဖြစ်ပွားလာပါပြီ။ နောက်ကျပြီး ဖောက်ပြန်နေတဲ့ ရှေးရိုးစွဲ အင်အားစုတွေက တိုးတက်တဲ့ ယဉ်ကျေးမှုကို ကိုယ်စားပြုတဲ့ အင်အားစုသစ်တွေကို ထပ်ပြီး နှင်ထုတ်ချင်နေကြပါပြီ။”

“ကျုပ်တို့က လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်က အဖြစ်ဆိုးကို ထပ်ဖြစ်ခွင့် ပေးနိုင်ပါ့မလား။ ကျုပ်တို့က အရှင် ယွင်ကျုံးဟဲ့ နယ်နှင်ဒဏ် ခံရတာကို ဒီတိုင်း ကြည့်နေနိုင်ပါ့မလား။”

“ညီအစ်ကို မောင်နှမတို့... လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်က ပညာရှင်သစ် အင်အားစုတွေ နှင်ထုတ်ခံရပြီးနောက်မှာ ယန်ရှင်းကျုံး ဧကရာဇ် ရုတ်တရက် သေဆုံးသွားခဲ့ရတယ်။ ကျုပ်တို့က အဖြစ်ဆိုးတွေ ထပ်ဖြစ်လာတာကို ဒီအတိုင်း ကြည့်နေနိုင်ပါ့မလား။”

“အခု အရှင် ယွင်ကျုံးဟဲ့က အင်ပါယာကနေ ခွဲခွာလို့ မရတာ မဟုတ်ဘူး၊ အင်ပါယာကသာ အရှင် ယွင်ကျုံးဟဲ့နဲ့ ခွဲခွာလို့ မရတာပါ။ အရှင့်ကိုသာ ဆုံးရှုံးလိုက်ရရင် အင်ပါယာဟာ အင်ပါယာဟောင်း ဖြစ်သွားလိမ့်မယ်။ တိုးတက်မှုနဲ့ ခေတ်မီမှုတွေကို ဆုံးရှုံးသွားပြီး တာ့ယန် အင်ပါယာသစ်ဟာ တာ့ယန် အင်ပါယာဟောင်းရဲ့ အမှားတွေကို ထပ်မံ ကျူးလွန်မိလိမ့်မယ်။”

“အင်ပါယာဟာ အန္တရာယ် အများဆုံး အချိန်ကို ရောက်နေပါပြီ။ ကျုပ်တို့ လက်ပိုက် ကြည့်နေလို့ မရတော့ပါဘူး။”

“အုပ်ချုပ်ရေးမှူးတွေကို ဖြုတ်ချကြမယ်၊ အထက်လွှတ်တော်ကို ဖြုတ်ချကြမယ်။”

“အာဏာသိမ်းပြီး လက်နက်အားနဲ့ အာဏာကို လုယူကြမယ်။ ခေတ်နောက်ကျပြီး ဖောက်ပြန်နေတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ အထက်လွှတ်တော်ကို ဖြုတ်ချကြမယ်။”

မြို့တော် အနှံ့အပြားတွင် စုရုံးနေကြသော ရှင်းကျုံး ပါတီဝင်များသည် စတင် စုရုံးလာကြသည်။

သူတို့သည် အနက်ရောင် ဝတ်စုံများကို ဝတ်ဆင်ကာ ခေါင်းစည်းများကို စည်းထားကြပြီး လက်ထဲတွင် တုတ်များကို ကိုင်ဆောင်ကာ အလံများကို မြှောက်ထားကြ၏။

မီးဟုန်းဟုန်း တောက်လောင်နေသကဲ့သို့ အလွန် ပြင်းထန်နေသည်။ ဤအချိန်တွင် ဤရူးသွပ်နေသော ရှင်းကျုံး ပါတီဝင်များကို မည်သူကမှ ဖိနှိပ်၍ မရနိုင်တော့ပေ။

ပထမ စာသင်ကျောင်း ကျောင်းအုပ်လည်း မရသလို မိဖုရား တူရှားလည်း မရပေ။ ကျီးချင့် ကိုယ်တိုင်လည်း မရပေ။ ယွင်ကျုံးဟဲ့ တစ်ယောက်တည်းသာ ရနိုင်သည်။

သို့ပေမည့် ဤအချိန်တွင် ယွင်ကျုံးဟဲ့သည် လုံးဝ အိပ်မောကျနေပြီး မည်သို့မှ နှိုး၍ မရနိုင်တော့ပေ။

ထို့အပြင် ရှင်းကျုံး ပါတီ၏ ထိပ်သီး ခေါင်းဆောင်များ၊ ကျီးချင့် ကိုယ်တိုင်ပင်လျှင် ဤအခြေအနေကို ဝမ်းမြောက်စွာ ကြိုဆိုနေကြပြီး ရှင်းကျုံး ပါတီ၏ မီးတောက်ကြီးများက လုံးဝ တောက်လောင်လာကာ အထက်လွှတ်တော်နှင့် အုပ်ချုပ်ရေးမှူးများကို တိုက်ရိုက် ဖြုတ်ချပစ်ရန်နှင့် ယွင်ကျုံးဟဲ့ အာဏာရလာမည်ကို မျှော်လင့်နေကြသည်။

“တိုက်ကြ... တိုက်ကြ...”

“အုပ်ချုပ်ရေး နန်းတော်ကို သွားကြမယ်။ အုပ်ချုပ်ရေးမှူးတွေကို ဖြုတ်ချကြမယ်၊ အထက်လွှတ်တော်ကို ဖြုတ်ချကြမယ်။”

“အရှင် ယွင်ကျုံးဟဲ့ သက်တော်ရာကျော် ရှည်ပါစေ၊ ရှည်ပါစေ။ “

“ရှင်းကျုံး ပါတီ သက်တော်ရာကျော် ရှည်ပါစေ၊ တာ့ယန်အင်ပါယာသစ် သက်တော်ရာကျော် ရှည်ပါစေ။ “

လူအုပ်ကြီးထဲသို့ မီးတုတ်များ တစ်ခုပြီး တစ်ခု ပစ်သွင်းလိုက်သကဲ့သို့ ရှင်းကျုံး ပါတီ၏ ရူးသွပ်မှုကို လုံးဝ ပေါက်ကွဲထွက်သွားစေ၏။

ပို၍ ပို၍ များပြားသော လူများ ပါဝင်လာကြ၏။ လူသောင်းချီ၊ သိန်းချီခန့် စတင် စုရုံးလာကြပြီး ရေလှိုင်းကြီးများ ကဲ့သို့ အုပ်ချုပ်ရေး နန်းတော်ဆီသို့ ဦးတည်သွားကြသည်။

“ဖောက်ပြန်တဲ့ အုပ်ချုပ်ရေးမှူးတွေကို ဖြုတ်ချကြမယ်၊ ဖောက်ပြန်တဲ့ အထက်လွှတ်တော်ကို ဖြုတ်ချကြမယ်၊ တာ့ယန်အင်ပါယာသစ်ကို တည်ဆောက်ကြမယ်။”

“သက်တော်ရာကျော် ရှည်ပါစေ၊ သက်တော်ရာကျော် ရှည်ပါစေ၊ သက်တော်ရာကျော် ရှည်ပါစေ။ “

မီးတောက်များ ပြန့်နှံ့သွားပြီး ဟုန်းဟုန်း တောက်လောင်နေသည်။ တာ့ယန် အင်ပါယာသစ်၏ အာဏာသိမ်းမှု တရားဝင် ပေါက်ကွဲထွက်လာပြီ ဖြစ်၏။

နှစ်နာရီ အကြာတွင်...

လူတစ်သိန်းကျော်သည် အမည်းရောင် ရေလှိုင်းကြီးများကဲ့သို့ အုပ်ချုပ်ရေး နန်းတော် တစ်ခုလုံးကို ပြည့်ကျပ်နေအောင် ဝိုင်းရံထားကြ၏။ အမည်းရောင်အတိဖြစ်နေပြီး အဆုံးအစမရှိ ပြည့်နှက်နေသည်။

အုပ်ချုပ်ရေးမှူး နှစ်ဦးနှင့် အထက်လွှတ်တော် အမတ်များ အားလုံး ကြက်သီးမွေးညင်း ထသွားသည်ကို ခံစားလိုက်ရ၏။

လူအများအပြား လာမည်ဟု သူတို့ သိထားသော်လည်း ဤမျှ များပြားလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

‘ဒါက လူနှစ်သိန်းလောက် ရှိနေပြီ မလား။’

ရှင်းကျုံး ပါတီဝင်များသာမက အင်ပါယာ၏ ပြည်သူ အများအပြားနှင့် အင်ပါယာ၏ အရာရှိ အချို့ပင် ရောက်ရှိလာကြသည်။

ပို၍ ကြောက်စရာ ကောင်းသည်မှာ ဤမျှ ကြီးမားသော လူအုပ်ကြီးကို မြို့တော် လုံခြုံရေး တပ်ဖွဲ့များက လုံးဝ ဂရုမစိုက်ကြခြင်းပင် ဖြစ်သည်။ ဤခမ်းနားကြီးကျယ်လှသော လူအုပ်ကြီးကို အုပ်ချုပ်ရေး နန်းတော်သို့ လာရောက်ခွင့် ပြုထားကြ၏။

မြို့တော် အုပ်ချုပ်ရေးရုံး လက်အောက်ရှိ အရာရှိ အများအပြားသည်လည်း သပိတ်မှောက်ကာ ခေါင်းစည်းများကို စည်းပြီး ရှင်းကျုံး ပါတီ၏ အဖွဲ့ဝင်များအဖြစ် ပါဝင်လာကြကာ အုပ်ချုပ်ရေး နန်းတော်ကို လာရောက် ဝိုင်းရံကြသည်။

“အုပ်ချုပ်ရေးမှူးတွေကို ဖြုတ်ချကြမယ်၊ အထက်လွှတ်တော်ကို ဖြုတ်ချကြမယ်။”

“တာ့ယန်အင်ပါယာသစ်ကို တည်ဆောက်ကြမယ်၊ အင်ပါယာသစ်ကို တည်ဆောက်ကြမယ်။”

“အရှင် ယွင်ကျုံးဟဲ့ သက်တော်ရာကျော် ရှည်ပါစေ၊ ရှည်ပါစေ၊ ရှည်ပါစေ။ “

လူတစ်သိန်းကျော်က လက်သီးလက်မောင်းတန်းကာ အော်ဟစ်ကြရာ အသံကြီးက နားကွဲမတတ် ဆူညံနေ၏။

“အုပ်ချုပ်ရေးမှူးတွေ ထွက်ခဲ့။”

“အုပ်ချုပ်ရေးမှူးတွေ ထွက်ခဲ့။”

မကြာမီ လူတစ်သိန်းကျော်သည် အသံ တစ်သံတည်း ဖြစ်သွားပြီး အုပ်ချုပ်ရေးမှူးများကို ထွက်လာရန် ကျယ်လောင်စွာ အော်ဟစ်ကြသည်။

ခဏအကြာတွင် အုပ်ချုပ်ရေး နန်းတော်၏ တံခါးကြီး ဖြည်းညင်းစွာ ပွင့်လာသည်။ စာပေနှင့် သိုင်းပညာ အုပ်ချုပ်ရေးမှူး နှစ်ဦး ထွက်လာပြီး စင်မြင့်ပေါ်သို့ တက်လာကြ၏။

စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ကျယ်လောင်စွာ ပြောလိုက်သည်။ “အင်ပါယာ နိုင်ငံသားတို့... ခင်ဗျားတို့မှာ ဘာတောင်းဆိုချက်တွေ ရှိလို့လဲ။ ကျုပ်တို့ကို ပြောလို့ ရပါတယ်။ သင့်တော်မယ် ဆိုရင် ကျုပ်တို့ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးပါ့မယ်။”

သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးကလည်း ဝင်ပြောလိုက်၏။ “ဟုတ်ပါတယ်။ သင့်တော်တဲ့ တောင်းဆိုချက်တွေ အားလုံးကို ကျုပ်တို့ ဖြည့်ဆည်းပေးပါ့မယ်။”

ရှင်းကျုံး ပါတီဝင် တစ်ဦး ထွက်လာပြီး ပြောလိုက်သည်။ “ခင်ဗျားတို့ စာပေနဲ့ သိုင်းပညာ အုပ်ချုပ်ရေးမှူး နှစ်ပါး၊ ပြီးတော့ အထက်လွှတ်တော်က ခေတ်နောက်ကျပြီး ယိုယွင်းနေပြီ။ အင်ပါယာကို ဦးဆောင်ဖို့ မသင့်တော်တော့ဘူး။ ခင်ဗျားတို့ အားလုံး ရာထူးကနေ ဆင်းပေးကြပါ။”

“ဟုတ်တယ်။ စာပေနဲ့ သိုင်းပညာ အုပ်ချုပ်ရေးမှူး နှစ်ပါး ရာထူးကနေ ဆင်းပေး။”

“အုပ်ချုပ်ရေးမှူးတွေ ရာထူးကနေ ဆင်းပေး။”

လူတစ်သိန်းကျော်က ထပ်မံ၍ လက်သီးလက်မောင်း တန်းကာ အော်ဟစ်ကြပြန်ရာ အသံကြီးက ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေ၏။

စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက မနေနိုင်ဘဲ မေးလိုက်သည်။ “ကျုပ်တို့ အားလုံး ရာထူးကနေ ဆင်းပေးလိုက်ရင် ဘယ်သူက အင်ပါယာကို ဦးဆောင်မှာလဲ။”

ရှင်းကျုံး ပါတီဝင် တစ်ဦးက ပြောလိုက်၏။ “သေချာပေါက် အရှင် ယွင်ကျုံးဟဲ့ပေါ့။ သူက အင်ပါယာရဲ့ ဘုရင် ဖြစ်လာပြီး အင်ပါယာကို အုပ်ချုပ်ရမယ်။”

“ကျုပ်တို့ကို ရာထူးကနေ ဆင်းပေးစေချင်တယ်လား။”

စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက အေးစက်စက်လေသံဖြင့် မေးလိုက်သည်။ “ခင်ဗျားတို့က အာဏာသိမ်းချင် နေကြတာ မလား။”

“ဟုတ်တယ်။ ကျုပ်တို့ အာဏာသိမ်းချင်တယ်။”

အင်ပါယာ ပါရဂူ တစ်ဦးဖြစ်သလို ရှင်းကျုံး ပါတီ၏ အဓိက အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သူက ကျယ်လောင်စွာ အော်ပြောလိုက်၏။ “ကျုပ်တို့က အာဏာသိမ်းမှာပဲ။”

“အာဏာသိမ်းမယ်။”

“အာဏာသိမ်းမယ်။” လူတစ်သိန်းကျော်က ထပ်မံ၍ ကျယ်လောင်စွာ အော်ဟစ်ကြပြန်သည်။

“အာဏာသိမ်းမယ်လား။”

သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ကျယ်လောင်စွာ မေးလိုက်၏။ “ခင်ဗျားတို့ကို ဘယ်သူက အာဏာသိမ်းဖို့ အခွင့်အရေး ပေးထားတာလဲ။ ခင်ဗျားတို့ကို ဘယ်သူက အခွင့်အရေး ပေးထားတာလဲ။”

လူငယ် ရှင်းကျုံး ပါတီဝင် တစ်ဦးက ဖြေလိုက်သည်။ “အင်ပါယာက ကျုပ်တို့ကို အခွင့်အရေး ပေးထားတာပါ။ မရေမတွက်နိုင်တဲ့ အင်ပါယာ နိုင်ငံသားတွေက ကျုပ်တို့ကို အခွင့်အရေး ပေးထားတာပါ။”

နောက်ထပ် ရှင်းကျုံး ပါတီဝင် တစ်ဦးက ကျယ်လောင်စွာ အော်လိုက်၏။ “ခင်ဗျားတို့က နောက်ကျပြီး ယိုယွင်းနေပြီ။ အင်ပါယာရဲ့ အကျိုးစီးပွားကို ကိုယ်စားမပြုနိုင်တော့ဘူး။ အင်ပါယာကို ရှေ့ဆက်သွားအောင် ဦးမဆောင်နိုင်တော့ဘူး။”

စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ကျယ်လောင်စွာ မေးလိုက်သည်။ “ကျုပ်တို့က နောက်ကျပြီး ယိုယွင်းနေတယ် ဆိုတာကို သက်သေပြဖို့ ဘာအထောက်အထား ရှိလို့လဲ။”

“လျှပ်စစ်မီး...”

“ခင်ဗျားတို့ အုပ်ချုပ်ရေး နန်းတော်က လျှပ်စစ်မီး မတပ်ဆင်ရုံတင် မကဘူး၊ အမတ်ကြီး လီဖူ ရဲ့ အိမ်မှာ လျှပ်စစ်မီး တပ်ဆင်လိုက်လို့ ခင်ဗျားတို့က သူ့ကို သေအောင် လုပ်ခဲ့တယ်။”

“ခင်ဗျားတို့က ယိုယွင်းနေပြီ၊ နောက်ကျနေပြီ။”

“ဟား... ဟား... ဟား... ဟား......”

စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ဟက်ဟက်ပက်ပက် ရယ်မောကာ ပြောလိုက်၏။ “လျှပ်စစ်မီး။ လျှပ်စစ်မီး မတပ်ဆင်တာလေး တစ်ခုတည်းနဲ့ ခင်ဗျားတို့က ကျုပ်တို့ အုပ်ချုပ်ရေးမှူး နှစ်ပါးကို ရာထူးကနေ ဖြုတ်ချချင်တာလား။ အထက်လွှတ်တော် အမတ်တွေ အားလုံးကို ရာထူးကနေ ဖြုတ်ချချင်တာလား။ လောကမှာ ဒီလောက် အဓိပ္ပာယ်မဲ့တဲ့ ကိစ္စမျိုး ရှိသေးလို့လား။ ရှိသေးလို့လား။”

ရှင်းကျုံး ပါတီဝင် ပါမောက္ခ တစ်ဦးက ပြောလိုက်သည်။ “လျှပ်စစ်မီးဟာ အရာသစ် တစ်ခုပါ။ အလင်းရောင်ကို ကိုယ်စားပြုပြီး တိုးတက်မှုကို ကိုယ်စားပြုတယ်။ ခင်ဗျားတို့က ကိုယ်တိုင် မသုံးရုံတင် မကဘူး၊ သုံးတဲ့ အထက်လွှတ်တော် အမတ်ကိုတောင် ဖိနှိပ်သေးတယ်။ ခင်ဗျားတို့က နောက်ကျနေတာ မဟုတ်ရင် ဘာလဲ။ ခင်ဗျားတို့က ယိုယွင်းနေတာ မဟုတ်ရင် ဘာလဲ။ “

စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြော၏။ “ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ... အခု ကျုပ် ခင်ဗျားတို့ကို ပြောပြမယ်။ အုပ်ချုပ်ရေး နန်းတော်က ဘာလို့ လျှပ်စစ်မီး မသုံးရတဲ့ အကြောင်းရင်းကိုပေါ့။ လူတွေ လာကြ၊ ခေါ်လာခဲ့။”

All Chapters