အခန်း (၇၈၁-၇၈၂)
Vol. 66 Ch. 781-782
အပိုင်း (၇၈၁)
ခေါင်းဆောင် တပ်မှူးသည် နာကျင်စွာဖြင့် မျက်စိမှိတ်လိုက်သည်။ ဤကဲ့သို့ အခြေအနေမျိုး ဖြစ်လာမည်ကို သူ တကယ် မလိုလားပေ။ တကယ်ကို လက်နက် မသုံးချင်သလို အင်ပါယာ နိုင်ငံသားများကို တကယ်ကို မြားဖြင့် ပစ်မသတ်ချင်ပေ။
သို့ပေမည့် သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် ရှင်းကျုံး ပါတီဝင်များသည် အုပ်ချုပ်ရေး နန်းတော်၏ မြို့ရိုးအောက်သို့ ပြေးဝင်လာကြပြီ ဖြစ်သောကြောင့်ပင်။
လက်နက် သုံးလိုက်သည်နှင့် သွေးချောင်းစီးမှာဖြစ်ပြီး အင်ပါယာ ကသောင်းကနင်း ဖြစ်သွားပေလိမ့်မည်။ ရှင်းကျုံး ပါတီနှင့် အင်ပါယာ စစ်တပ်တို့၏ အက်ကွဲကြောင်းသည် ထပ်မံ ပြုပြင်၍ မရနိုင်တော့ပေ။
“ရပ်... ရပ်... ရပ်လိုက်ကြ...”
သို့ပေမည့် ထိုအချိန်မှာပဲ ကောင်းကင်ယံမှ ရုတ်တရက် ကျယ်လောင်သော အော်သံကြီး တစ်ခု ထွက်ပေါ် လာသည်။ ထိုအသံမှာ ယွင်ကျုံးဟဲ့၏ အသံပင် ဖြစ်သည်။
“ကျုပ် ယွင်ကျုံးဟဲ့ပါ။ ခင်ဗျားတို့ကို အမိန့်ပေးတယ်။ အုပ်ချုပ်ရေး နန်းတော်ကို ဝင်စီးတာကို ချက်ချင်း ရပ်တန့်လိုက်ကြ။
ကျုပ် ယွင်ကျုံးဟဲ့ပါ။ ပထမ တပ်တော်က စစ်သည်တို့... ခင်ဗျားတို့ရဲ့ လက်နက်တွေကို ချက်ချင်း ရုပ်သိမ်းလိုက်ကြ။”
လေသင်္ဘော တစ်စင်းသည် အုပ်ချုပ်ရေး နန်းတော်၏ ကောင်းကင်ယံသို့ ပျံသန်းလာပြီး အပေါ်တွင် စွမ်းအားမြင့် အသံချဲ့စက် တစ်ခု တပ်ဆင်ထား၏။
အရေးအကြီးဆုံး အချိန်တွင် ယွင်ကျုံးဟဲ့ နောက်ဆုံးတော့ နိုးထလာပြီး သွေးထွက်သံယို အဖြစ်ဆိုးကို လာရောက် တားဆီးပေးခဲ့သည်။
ရှင်းကျုံး ပါတီဝင်များကြားတွင် ယွင်ကျုံးဟဲ့သည် ပြိုင်ဘက်ကင်းသော ဩဇာတိက္ကမ ရှိသူ ဖြစ်သည်။ သူ၏ အသံကို ကြားပြီးနောက် အုပ်ချုပ်ရေး နန်းတော်ကို ဝင်စီးနေသော လူတစ်သိန်းကျော်သည် ချက်ချင်း ရပ်တန့်သွားကြ၏။
ထိုမျှမက အင်ပါယာ ပထမ တပ်တော်မှ စစ်သည် အားလုံးသည်လည်း သူတို့၏ လက်နက်များကို ချက်ချင်း ရုပ်သိမ်းလိုက်ကြသည်။
လေသင်္ဘောသည် ဖြည်းညင်းစွာ စတင် ဆင်းသက်လာပြီး အုပ်ချုပ်ရေး နန်းတော် အထက် ပေဆယ်ဂဏန်းခန့် အကွာတွင် ရောက်ရှိလာကာ စတင် ပျံဝဲနေ၏။
လူတိုင်းက ခေါင်းမော့ကာ ယွင်ကျုံးဟဲ့ကို ကြည့်လိုက်ကြသည်။ ပထမ တပ်တော်မှ စစ်သည်များ အပါအဝင် ဖြစ်ပြီး စစ်သည်တိုင်း၏ အကြည့်များတွင် ရူးသွပ်မှုများ ပြည့်နှက်နေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ စာပေနှင့် သိုင်းပညာ အုပ်ချုပ်ရေးမှူး နှစ်ဦး၏ စိတ်ထဲတွင် အလွန် မကျေမနပ် ဖြစ်သွားကြ၏။
သို့ပေမည့် မတတ်နိုင်ပေ။ ဤတစ်နှစ်ကျော် ကာလအတွင်း နတ်ဘုရားဖန်တီးရေး လှုပ်ရှားမှုက အလွန် အောင်မြင်လွန်းခဲ့ပြီး ယွင်ကျုံးဟဲ့သည် လူတိုင်း၏ စိတ်ထဲတွင် အလင်းရောင်များ တောက်ပနေသူ တစ်ဦး ဖြစ်နေသည်။
ယွင်ကျုံးဟဲ့က အော်ပြောလိုက်၏။ “အရင်ဆုံး အားလုံးကို သတင်းကောင်း တစ်ခု ပြောပြချင်ပါတယ်။ အထက်လွှတ်တော်က အမတ်ကြီး ကျိန့်ချွဲရဲ့ ခွဲစိတ်မှု အရမ်း အောင်မြင်ပါတယ်။ အန္တရာယ်ရှိတဲ့ အချိန်ကို ကျော်လွန်သွားပါပြီ။ အခု သတိမလည်လာသေးပေမယ့် အသက်အန္တရာယ် မရှိတော့ပါဘူး။ အချိန်မရွေး သတိလည်လာနိုင်ပါတယ်။”
ဤစကားတစ်ခွန်းတည်းဖြင့်ပင် လူတိုင်းကို အကြောင်းအရာတစ်ခုအား အမှတ်ရစေခဲ့သည်။ အထက်လွှတ်တော် အတွင်း၌ ယွင်ကျုံးဟဲ့ကို အခိုင်မာဆုံးနှင့် အဆန့်ကျင်ဆုံးသောသူမှာ အခြားသူမဟုတ်၊ အမတ်ကြီး ကျိန့်ချွဲပင် ဖြစ်သည်။
သူသည် ပထမတပ်တော်ကို မြို့တော်အတွင်းသို့ ဝင်ရောက်စေကာ ရှင်းကျုံးပါတီကို နှိမ်နင်းရန်နှင့် ယွင်ကျုံးဟဲ့ကို ကွပ်မျက်ရန်အတွက် အစဉ်တစိုက် တိုက်တွန်းနေသူဖြစ်ရာ အစွန်းရောက်သော ရှေးရိုးစွဲဝါဒီတစ်ဦးဟုပင် ဆိုနိုင်၏။
သို့ပေမည့် အရှင်ယွင်ကျုံးဟဲ့မှာမူ အတိတ်က ရန်ငြိုးဟောင်းများကို မေ့ဖျောက်ကာ သူ၏အသက်ကိုပင် ကယ်တင်ပေးခဲ့သေးသည်။ ဤသည်မှာ မည်မျှကြီးကျယ်မြင့်မြတ်လှသော စိတ်ထား ဖြစ်သနည်း။
“ကျုပ် အားလုံးကိုလည်း တောင်းပန်ချင်ပါတယ်။ ကျုပ် အိပ်မောကျသွားပြီး ဒီလောက် ကြီးမားတဲ့ အပြောင်းအလဲကြီး ဖြစ်သွားစေခဲ့လို့ပါ။”
ယွင်ကျုံးဟဲ့က သက်ပြင်းချကာ ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ ဒီကာလအတွင်းမှာ၊ ပြီးခဲ့တဲ့နှစ်တည်းက စပြီး ကျုပ် အိပ်ချိန် အရမ်း နည်းလွန်းခဲ့လို့ပါ။ ဒီတစ်ခါ အိပ်ပျော်သွားတော့ ရုတ်တရက် မနိုးနိုင်တော့တာပါ။”
ဤအချက်ကို လူတိုင်း သိကြသည်။ ဤတစ်နှစ်တာ နတ်ဘုရားဖန်တီးရေး လှုပ်ရှားမှု အတွင်း ယွင်ကျုံးဟဲ့သည် နေ့စဉ် တီးခတ်ရသည်၊ ဟောပြောရသည်၊ အိပ်ချိန် လေးနာရီပင် မပြည့်ခဲ့ပေ။
ဤတစ်လကျော် ကာလအတွင်း မြို့တော်၏ အခြေအနေ ကြီးမားစွာ ပြောင်းလဲသွားပြီး အထူးသဖြင့် အမတ်ကြီး လီဖူ သေဆုံးပြီးနောက်ပိုင်း ယွင်ကျုံးဟဲ့တွင် နေ့တိုင်း အိပ်ချိန်ပင် မရှိသလောက် ဖြစ်ခဲ့သည်။
ရှင်းကျုံး ပါတီက လှုပ်ရှားချင်နေပြီး အချိန်မရွေး အာဏာသိမ်းကာ ယွင်ကျုံးဟဲ့ကို အာဏာရလာအောင် တွန်းပို့ချင်နေကြသည်။ ယွင်ကျုံးဟဲ့သည် သူတို့ကို အချိန်တိုင်း စောင့်ကြည့်ပြီး ဖိနှိပ်ထားရ၏။
ထို့ကြောင့် ဤကာလအတွင်း နေ့မအိပ် ညမအိပ်ဘဲ အခြေခံအားဖြင့် အိပ်ချိန်ပင် မရှိခဲ့ပေ။ တစ်ရေးလောက် အိပ်ရခြင်းကပင် ဇိမ်ကျလွန်းနေပြီ ဖြစ်သည်။
ထိုအချိန်တွင် စာပေနှင့် သိုင်းပညာ အုပ်ချုပ်ရေးမှူး နှစ်ဦးက အသံချဲ့စက်ကို ကိုင်ကာ ယွင်ကျုံးဟဲ့ကို ပြောလိုက်၏။
“ယွင်ကျုံးဟဲ့... ဒီနေ့ ရှင်းကျုံး ပါတီက အုပ်ချုပ်ရေး နန်းတော်ကို လာဝိုင်းပြီး ကျုပ်တို့ကို ရာထူးကနေ ဖြုတ်ချချင်တာ၊ အာဏာသိမ်းချင်တာတွေက ခင်ဗျားနဲ့ သေချာပေါက် မသက်ဆိုင်ဘူးလား။”
“ယွင်ကျုံးဟဲ့... ခင်ဗျားက အခြေအနေကို နားလည်တဲ့သူ တစ်ယောက်လို့ ကျုပ် ယုံကြည်ပါတယ်။”
စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၏ စကားကလည်း မကောင်းသော ရည်ရွယ်ချက် ပါဝင်နေသည်။
အကယ်၍ ယွင်ကျုံးဟဲ့က သူနှင့် မသက်ဆိုင်ဘူးဟု ဖြေလိုက်လျှင် သူ့ကို ထောက်ခံသော ရှင်းကျုံး ပါတီဝင် အားလုံးကို ရောင်းစားလိုက်တာနှင့် အတူတူဖြစ်ပြီး လူတစ်သိန်းကျော်ကို စိတ်ပျက်သွားစေပေလိမ့်မည်။
ဤလူတစ်သိန်းကျော်မှာ ရိုးသားလွန်းပြီး ကလေးဆန်ကြသော်လည်း ၎င်းတို့၏ လုပ်ဆောင်ချက်အားလုံးမှာ ယွင်ကျုံးဟဲ့ အတွက်သာ ဖြစ်သည်။
သူတို့သည် ယွင်ကျုံးဟဲ့ကို အလွန်အမင်း ကြည်ညိုလေးစားကြပြီး၊ သူတစ်ယောက်တည်းသာလျှင် အင်ပါယာ၏ အနာဂတ်ဟု ယုံကြည်ထားကြသည့်အတွက် ယွင်ကျုံးဟဲ့ အာဏာရရှိလာစေရန် တွန်းပို့ပေးလိုကြခြင်းဖြစ်၏။
ထိုသို့သော ကလေးဆန်မှုမျိုးမှာ အချိန်တန်လျှင် ရင့်ကျက်လာရန် လိုအပ်သော်လည်း ဤသို့သော သွေးဆူသည့် စိတ်အားထက်သန်မှုမျိုးမှာမူ အေးစက်သွား၍ မရပေ။
အကယ်၍ ယွင်ကျုံးဟဲ့သာ မိမိ၏ လုပ်ဆောင်ချက်များကို ဝန်ခံလိုက်မည်ဆိုပါက၊ ထိုအာဏာသိမ်းမှုနှင့် နန်းတွင်း ပုန်ကန်မှု၏ ပြစ်မှုတို့ကို ယွင်ကျုံးဟဲ့တစ်ဦးတည်းကသာ လုံးဝတာဝန်ယူ ထမ်းပိုးသွားရတော့မှာဖြစ်သည်။
ထို့ကြောင့် စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးသည် နိုင်ငံရေး ကစားကွက်တွင် လုံးဝ မညံ့ကြောင်း ပြသနေသည်။ ဤမေးခွန်းကို မေးလိုက်ခြင်းသည် လုံးဝ စိတ်ဓာတ်ကို ထိုးနှက်လိုက်ခြင်းပင် ဖြစ်၏။
ဤအချိန်တွင် လူတစ်သိန်းကျော်သည်လည်း ခေါင်းမော့ကာ ယွင်ကျုံးဟဲ့ကို ကြည့်နေကြပြီး သူ၏ အဖြေကို စောင့်ဆိုင်းနေကြသည်။
ထိုအချိန်၌ မရေမတွက်နိုင်သော လူအများ၏ စိတ်ထဲတွင်လည်း နောင်တစိတ်များ ပေါ်လာခဲ့ကြ၏။
ဤအာဏာသိမ်းမှုသည် အရှင်ယွင်ကျုံးဟဲ့နှင့် လုံးဝသက်ဆိုင်ခြင်း မရှိဘဲ သူတို့ဘာသာ စတင်လုပ်ဆောင် ခဲ့ကြခြင်း ဖြစ်သည်။
အလွန် လွယ်ကူစွာဖြင့် အောင်မြင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း ယခုကဲ့သို့သော အကျပ် အတည်းမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြကြောင်း လူအများ ရှင်းလင်းစွာ သိမြင်နားလည်နေကြပြီ ဖြစ်၏။
ယခုအခါတွင် သူတို့၏ အမှားကို ဖိနင်း၍ အရှင်ယွင်ကျုံးဟဲ့အား ထပ်မံ၍ အပြစ်ပုံချရန် ပြုလုပ်ခံနေရသည်။
“ဟုတ်ပါတယ်...”
ယွင်ကျုံးဟဲ့က ကျယ်လောင်စွာ အော်ပြောလိုက်၏။ “ဒီတစ်ကြိမ် ရှင်းကျုံး ပါတီက စတင်တဲ့ အာဏာသိမ်းမှုက ကျုပ်နဲ့ သက်ဆိုင်ပါတယ်။ သူတို့က ကျုပ်ကို အာဏာရလာအောင် လုပ်ချင်လို့ပါ။”
ယွင်ကျုံးဟဲ့က မတုံ့ဆိုင်းဘဲ ဝန်ခံလိုက်ရာ ဤစကားက လူတစ်သိန်းကျော်၏ စိတ်နှလုံးကို ချက်ချင်း ပူနွေးသွားစေသည်။
‘ဒါက အရှင် ယွင်ကျုံးဟဲ့ပဲ။ ဒါက ကျုပ်တို့ရဲ့ ခေါင်းဆောင်ပဲ။ သူနဲ့ ဘာမှ မဆိုင်တဲ့ ကိစ္စဖြစ်ပေမယ့် လူတိုင်းအတွက် သူက ဒီအာဏာသိမ်းမှုရဲ့ တာဝန်ကို ယူပေးလိုက်သေးတယ်။ ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလိုက်လဲ။ ဘယ်လောက်တောင် ထူးချွန်တဲ့ ခေါင်းဆောင်လဲ။’
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောလိုက်၏။ “ယွင်ကျုံးဟဲ့... ဒါဆို ခင်ဗျားက ဒီအာဏာသိမ်းမှုရဲ့ နောက်ကွယ်က ကြိုးကိုင်သူ ဆိုတာ ဝန်ခံလိုက်ပြီပေါ့။ ခင်ဗျားက ဒီအာဏာသိမ်းမှုကို စတင်တဲ့သူပေါ့။”
ယွင်ကျုံးဟဲ့က ကျယ်လောင်စွာ ပြောလိုက်သည်။ “နောက်ကွယ်က ကြိုးကိုင်သူ ဆိုတာတွေ မပြောပါနဲ့၊ ဒါက အရမ်း အကွက်ဆင်သလို ဖြစ်နေတယ်။ ရှင်းရှင်းလေး တစ်ခွန်းတည်း ပြောရရင် ရှင်းကျုံး ပါတီရဲ့ ဆန္ဒဟာ ကျုပ် ယွင်ကျုံးဟဲ့ရဲ့ ဆန္ဒပါပဲ။”
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက မေးလိုက်၏။ “ဆိုလိုတာက ခင်ဗျား ယွင်ကျုံးဟဲ့က ကျုပ်တို့ အုပ်ချုပ်ရေးမှူး နှစ်ပါးကို ရာထူးကနေ ဖြုတ်ချချင်တာပေါ့။ အထက်လွှတ်တော်ကို ရာထူးကနေ ဖြုတ်ချချင်တာပေါ့။”
ယွင်ကျုံးဟဲ့က ကျယ်လောင်စွာ ဖြေလိုက်သည်။ “ဟုတ်တယ်။ ကျုပ် ယွင်ကျုံးဟဲ့က ခင်ဗျားတို့လို ခေတ်နောက်ကျပြီး ယိုယွင်းနေတဲ့ အုပ်ချုပ်ရေးမှူး နှစ်ပါးကို ရာထူးကနေ ဖြုတ်ချချင်တယ်။ အထက် လွှတ်တော်ထဲက ခေတ်နောက်ကျပြီး ယိုယွင်းနေတဲ့ အဲဒီလူစုကိုလည်း ရာထူးကနေ ဖြုတ်ချချင်တယ်။”
ချက်ချင်းပဲ တည်နေရာတစ်ခုလုံး တိတ်ဆိတ်သွား၏။
ယွင်ကျုံးဟဲ့က လူတစ်သိန်းကျော်ရှေ့တွင်၊ အထက်လွှတ်တော် ရှေ့တွင်၊ ပထမ တပ်တော် ရှေ့တွင် အုပ်ချုပ်ရေးမှူး နှစ်ဦးကို ရာထူးမှ ဖြုတ်ချလိုကြောင်း တိုက်ရိုက် ဝန်ခံလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
“အုပ်ချုပ်ရေးမှူး နှစ်ပါး... ခင်ဗျားတို့က နေရာယူထားပြီး ဘာမှ မလုပ်ကြဘူး။ အုပ်ချုပ်ရေးမှူး နေရာမှာ ဆက်နေဖို့ အရည်အချင်း မရှိတော့ဘူး။”
ယွင်ကျုံးဟဲ့က စကားတစ်လုံးချင်းစီ ပြောလိုက်သည်။ “ကျုပ်ရဲ့ သဘောထားက အရမ်း ပြတ်သားပါတယ်။ ဘာမှ ဝေဝါးနေတာမျိုး မရှိပါဘူး။”
စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက အေးစက်စက် ပြုံးကာ မေးလိုက်၏ “ယွင်ကျုံးဟဲ့... ကျုပ်တို့ အုပ်ချုပ်ရေးမှူး နှစ်ပါး ရာထူးကနေ ဆင်းသွားရင် ဘယ်သူက တက်ပြီး ဘုရင် လုပ်မှာလဲ။”
ယွင်ကျုံးဟဲ့က ဆက်လက်၍ စကားတစ်လုံးချင်းစီ၊ အလွန် ပြတ်သားစွာဖြင့် ဖြေလိုက်သည်။ “သေချာပေါက် ကျုပ် ယွင်ကျုံးဟဲ့ပေါ့။ ကျုပ်က အင်ပါယာကို အုပ်ချုပ်မယ်၊ ကျုပ်က အင်ပါယာရဲ့ ဘုရင် ဖြစ်လာမယ်။”
“ဟား... ဟား... ဟား... ဟား......”
စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ဟက်ဟက်ပက်ပက် ရယ်မောကာ မေးလိုက်၏။ “ဒီလောကမှာ ဒါထက် အဓိပ္ပာယ်မဲ့တဲ့ ကိစ္စ ရှိသေးလို့လား။ ယွင်ကျုံးဟဲ့... ခင်ဗျားက အရှေ့ဘက်လောကကနေ တာ့ယန် အင်ပါယာသစ်ကို ထွက်ပြေးလာတဲ့ သူ တစ်ယောက် သက်သက်ပဲ။ ကျုပ်တို့က ခင်ဗျားကို လက်ခံပေးခဲ့တယ်၊ ခိုလှုံခွင့် ပေးခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားက အိမ်ရှင်ကို မောင်းထုတ်ပြီး နေရာလုချင်နေတာလား။ အာဏာလုချင်နေတာလား။”
ဤစကားမျိုးကိုပင် ထပ်ပြောနေသောကြောင့် ယွင်ကျုံးဟဲ့က ချေပပြောဆိုရန်ပင် စိတ်မဝင်စားတော့ပေ။
ဤကိစ္စနှင့် ပတ်သက်၍ စာစောင်များ၊ စာအုပ်များနှင့် သတင်းစာများတွင် ရှင်းလင်းချက်များ အများအပြား ရေးသားထားပြီး ဖြစ်ကာ လူတိုင်း၏ စိတ်ထဲတွင်လည်း နက်ရှိုင်းစွာ စွဲထင်နေပြီ ဖြစ်သည်။
ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်တွင် ယန်ရှင်းကျုံး၏ အစစ်မှန်ဆုံးသော ဆက်ခံသူ သွေးကြော ရှိနေပြီး သူနှင့် ယန်ရှင်းကျုံး၏ ဝိသေသလက္ခဏာများသည်လည်း တူညီ၏။
သူတို့ နှစ်ဦးစလုံးသည် အင်ပါယာကို လုံးဝ အသစ်စက်စက် ယဉ်ကျေးမှု တစ်ခု ယူဆောင်လာပေးပြီး အင်ပါယာကို ပိုမို အင်အားကြီးမားစေနိုင်သူများ ဖြစ်ကြသည်။
ပို၍ ရှင်းလင်းစွာ ပြောရလျှင် ယွင်ကျုံးဟဲ့သည် တာ့ယန် အင်ပါယာသစ်ကို လိုအပ်သလို တာ့ယန် အင်ပါယာသစ် ကလည်း ယွင်ကျုံးဟဲ့ကို လိုအပ်၏။
“ဘာမှ ပြောစရာ မရှိတော့ဘူးလား။”
စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောလိုက်သည်။ “အင်ပါယာရဲ့ ဥပဒေအရ ယွင်ကျုံးဟဲ့ဟာ ပုန်ကန်မှု ကျူးလွန်တယ်။ ဒါပေမဲ့ အင်ပါယာအတွက် ကြီးမားတဲ့ အကျိုးပြုမှုတွေ လုပ်ခဲ့တာရယ်၊ တော်ဝင်မိသားစုဝင် ဖြစ်နေတာရယ်ကြောင့် သူ့ကို နယ်နှင်ဒဏ် အပြစ်ပေးလိုက်တယ်။ အင်ပါယာရဲ့ သစ္စာရှိတဲ့ စစ်တပ် ဘယ်မှာလဲ။ ယွင်ကျုံးဟဲ့ကို ဖမ်းဆီးပြီး တာ့ယန် အင်ပါယာသစ်ကနေ မိုင်ပေါင်း သောင်းချီ ဝေးကွာတဲ့ နေရာကို နှင်ထုတ်လိုက်စမ်း။”
ဤအမိန့် ထွက်ပေါ်လာပြီးနောက် လူတိုင်း မနေနိုင်ဘဲ ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြ၏။
အရှင် ယွင်ကျုံးဟဲ့သည် ယခုအချိန်တွင် လေသင်္ဘောပေါ်၌ ရှိနေရာ မည်ကဲ့သို့ သွားဖမ်းမည်နည်း။ မည်ကဲ့သို့ နှင်ထုတ်မည်နည်း။
ထိုအချိန်မှာပဲ ယွင်ကျုံးဟဲ့သည် လေသင်္ဘောကို ပိုမို မြင့်မားစွာ ပျံတက်စေလိုက်သည်။
လူတိုင်း အံ့ဩသွားကြသည်။ ယွင်ကျုံးဟဲ့ ထွက်ပြေးတော့မည်လား။ မဖြစ်နိုင်ပေ။
ထို့နောက် ချက်ချင်းပဲ ယွင်ကျုံးဟဲ့သည် လေသင်္ဘောပေါ်မှ ခုန်ချလိုက်သည်။ လေထီး ပွင့်လာပြီး သူသည် မြေကြီးပေါ်သို့ ဖြည်းညင်းစွာ ကျဆင်းလာ၏။
‘ဒါ... ဒါက စိန်ခေါ်တာလား။ အရင်က ခင်ဗျားက လေသင်္ဘောပေါ်မှာ ရှိနေတော့ စစ်တပ် အနေနဲ့လည်း အကြောင်းပြချက် ပေးလို့ ရသေးတယ်။ ကျုပ်တို့က ခင်ဗျားကို ဖမ်းလို့ မရတော့ နှင်ထုတ်လို့ မရဘူးပေါ့။
အခု ခင်ဗျားက လေသင်္ဘောပေါ်ကနေ ခုန်ချလာပြီး စစ်တပ် ရှေ့ကို ရောက်လာပြီ။ အကယ်၍ ကျုပ်တို့က ခင်ဗျားကို မဖမ်းဘူးဆိုရင် အမိန့်ကို မနာခံရာ ရောက်သွားပြီမလား။ စစ်တပ်ကို အနေရခက်အောင် လုပ်တာ မဟုတ်ဘူးလား။’
ယွင်ကျုံးဟဲ့က လက်နှစ်ဖက်ကို မြှောက်ကာ မည်သည့် စစ်တပ်မဆို သူ့ကို လာဖမ်းနိုင်ကြောင်း အချက်ပြလိုက်သည်။
သို့ပေမည့် စစ်သည် တစ်ယောက်မှ ထွက်မလာခဲ့ပေ။
အပိုင်း (၇၈၂)
အုပ်ချုပ်ရေးမှူး နှစ်ဦး၏ မျက်နှာများ အေးစက်သွားသည်။ ဤအချက်ပြမှုက အလွန် အန္တရာယ်များလှသည်။ အင်ပါယာ၏ စစ်တပ်တောင်မှ ယွင်ကျုံးဟဲ့၏ ဖြားယောင်းမှုကို ခံလိုက်ရပြီး သူ့ကို သွားမဖမ်းရဲကြတော့ဘူးလား။
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက အေးစက်စွာ မေးလိုက်၏။ “စစ်သည် တစ်ယောက်ရဲ့ ပထမဆုံး တာဝန်က အမိန့်ကို နာခံဖို့ပဲ။ ခင်ဗျားတို့က အမိန့်ကို ဖီဆန်တော့မလို့လား။”
သို့ပေမည့် အင်ပါယာ စစ်တပ်သည် မလှုပ်မယှက် ရပ်နေဆဲဖြစ်ပြီး အံများကို တင်းတင်း ကြိတ်ထားကြသည်။
“တပ်မှူး လော်ချုံး... ယွင်ကျုံးဟဲ့ကို ဖမ်းဆီးပြီး အင်ပါယာ အပြင်ဘက်ကို နှင်ထုတ်ဖို့ ကျုပ် အမိန့်ပေးတယ်။” သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောလိုက်၏။
ထိုအရပ်ရှည်ပြီး ခန့်ညားသော တပ်မှူးသည် သံချပ်ကာ ဝတ်စုံ အပြည့် ဝတ်ဆင်ထားပြီး သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၏ စကားကို ကြားပြီးနောက် မူလ နေရာတွင် မလှုပ်မယှက် ရပ်နေသည်။
“တပ်မှူး လော်ချုံး... ခင်ဗျားက အမိန့်ကို ဖီဆန်မှာလား။” သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက တင်းမာခက်ထန်သည့် လေသံဖြင့် မေးလိုက်၏။
ချက်ချင်းပဲ ထိုတပ်မှူး လော်ချုံး သည် သံခမောက်ကို ချွတ်လိုက်ပြီး သံချပ်ကာ ဝတ်စုံပေါ်မှ ရာထူး အမှတ်တံဆိပ်များကိုလည်း ဖြုတ်ချလိုက်ကာ သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ရှေ့သို့ ရောက်လာပြီး ပြောလိုက်သည်။ “အုပ်ချုပ်ရေးမှူးမင်းကြီး... ကျုပ် တပ်မှူး ရာထူးကနေ တရားဝင် နှုတ်ထွက်ပါတယ်။”
သူသည် တပ်မှူး ရာထူးမှ နှုတ်ထွက်ရလျှင်ပင် ယွင်ကျုံးဟဲ့ကို ဖမ်းဆီးရန် ရှေ့သို့ မထွက်လိုပေ။
ဤသည်မှာ ကြီးမားသော ပါးရိုက်မှုကြီး တစ်ခုပင် ဖြစ်ပြီး အုပ်ချုပ်ရေးမှူး နှစ်ဦး၏ မျက်နှာများ ချက်ချင်း အလွန် ပျက်ယွင်းသွားသည်။
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက အေးစက်တင်းမာနေသည့် လေသံဖြင့် မေးလိုက်၏။ “တပ်မှူးလေး ရှင်းကျန့် ဘယ်မှာလဲ။ “
“ကျုပ် ရှိပါတယ်။” တပ်မှူးလေး ရှင်းကျန့် ထွက်လာသည်။
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက အမိန့်ပေးလိုက်၏။ “ခင်ဗျား လူခေါ်သွားပြီး ယွင်ကျုံးဟဲ့ကို ဖမ်းဆီးကာ လုံးဝ နယ်နှင်ဒဏ် ပေးလိုက်။”
တပ်မှူးလေး ရှင်းကျန့်က ပြောလိုက်သည်။ “အုပ်ချုပ်ရေးမှူးမင်းကြီး... ကျုပ်ကို စစ်မိန့် တစ်စောင် ပေးသနားပါ။”
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးသည် နေရာမှာတင် စစ်မိန့် တစ်စောင်ကို ရေးသားလိုက်ပြီး သူ၏ နာမည်ကို လက်မှတ်ရေးထိုးကာ အုပ်ချုပ်ရေးမှူး တံဆိပ်တုံးကို ရိုက်နှိပ်လိုက်သည်။ ထို့နောက် ဤစစ်မိန့်ကို တပ်မှူးလေး ရှင်းကျန့်ထံသို့ ကမ်းပေးလိုက်၏။
တပ်မှူးလေး ရှင်းကျန့်က ဤစစ်မိန့်ကို လက်ခံရယူကာ အသေးစိတ် တစ်ခေါက် ဖတ်ရှုပြီးနောက် ပြောလိုက်သည်။ “လူတွေလာကြ... စစ်မိန့်ကို အကောင်အထည်ဖော်ဖို့ ကျုပ်နောက် လိုက်ခဲ့ကြ။”
သို့ပေမည့် စစ်သည် တစ်ယောက်မှ ထွက်မလာခဲ့ပေ။
တပ်မှူးလေး ရှင်းကျန့်၏ မျက်နှာ အနည်းငယ် ရှုံ့မဲ့သွားပြီး သူ၏ အနောက်ဘက်ရှိ စစ်သည် နှစ်ဦးကို လက်ညှိုးထိုးကာ ပြောသည်။ “ခင်ဗျားတို့ နှစ်ယောက်... စစ်မိန့်ကို အကောင်အထည်ဖော်ဖို့ ကျုပ်နောက် လိုက်ခဲ့။”
ထိုစစ်သည် နှစ်ဦးသည် အချင်းချင်း တစ်ချက် ကြည့်လိုက်ကြပြီး သံခမောက်များကို ချွတ်လိုက်ကာ ခန္ဓာကိုယ်ပေါ်ရှိ လက်နက် အားလုံးကိုလည်း ဖြုတ်ချလိုက်သည်။ ထို့နောက် မြေကြီးပေါ်တွင် ဒူးထောက်ကာ အချင်းချင်း ကြိုးဖြင့် တုပ်နှောင်လိုက်ကြ၏။
စစ်သည်များသည် အမိန့်ကို မဖြစ်မနေ နာခံရမည် ဖြစ်သော်လည်း သူတို့သည် ယွင်ကျုံးဟဲ့ကို သွားရောက် မဖမ်းဆီးလိုကြပေ။ ထို့ကြောင့် သူတို့ကိုယ်တိုင် စစ်ဝတ်စုံများကို ချွတ်ချလိုက်ခြင်း ဖြစ်သည်။
သို့ပေမည့် ဤလုပ်ရပ်သည် စစ်ပြေးမှု ဖြစ်ပြီး အင်ပါယာ စစ်ခုံရုံးသို့ တက်ရောက်ရမည်ဖြစ်ရာ သူတို့ကိုယ်တိုင် ကြိုးဖြင့် တုပ်နှောင်ကာ အင်ပါယာ ဥပဒေ၏ အပြစ်ပေးမှုကို စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။
ဤသည်မှာလည်း နောက်ထပ် ပြင်းထန်သော ပါးရိုက်မှု တစ်ခုဖြစ်ပြီး တပ်မှူးလေး ရှင်းကျန့်၏ မျက်လုံးများတွင် လူသတ်ချင်စိတ်များ ချက်ချင်း ပြည့်နှက်လာသည်။
တာ့ယန် အင်ပါယာသစ်တွင် ယွင်ကျုံးဟဲ့ကို အမုန်းဆုံး သူမှာ မည်သူနည်းဟု မေးလျှင် ထိုသူမှာ တပ်မှူးလေး ရှင်းကျန့်ပင် ဖြစ်၏။
အကယ်၍ ယွင်ကျုံးဟဲ့သာ ပေါ်မလာခဲ့ပါက သူသည် ယခုအချိန်တွင် ဒုတိယ ကျောင်းအုပ် ကျီးချင့်ကို လက်ထပ်ပြီးလောက်ပြီဖြစ်ကာ အင်ပါယာ ဒုတိယ တပ်မှူးကြီးအဖြစ် ရာထူးတိုးပြီးလောက်ပြီ ဖြစ်သည်။
အနာဂတ်တွင် တပ်တော် တပ်မှူး တစ်ဦးပင် ဖြစ်လာနိုင်ပြီး ကျီးမျိုးရိုးကို ပြန်လည် ရယူကာ တော်ဝင်မိသားစုဝင် ဖြစ်လာနိုင်သည်။
သို့ပေမည့် ဤအရာများ အားလုံး ပြာဖြစ်သွားခဲ့ပြီဖြစ်ပြီး ကျီးချင့်သည် ယွင်ကျုံးဟဲ့၏ အမျိုးသမီး ဖြစ်သွားကာ ကိုယ်ဝန်ပင် ရှိနေပြီ ဖြစ်၏။
ထို့အပြင် မူလက မာနကြီးပြီး အထီးကျန်ဆန်သော ကျီးချင့်သည် ယခုအခါ တူရှား နှင့် အမြဲတမ်း အပြိုင်အဆိုင် ဖြစ်နေပြီး တတိယ စာသင်ကျောင်း၏ စာသင်ခန်း အတွင်းတွင်ပင် မိဖုရား တူရှားကို လူသိရှင်ကြား သရော် လှောင်ပြောင်တတ်သေးသည်။
ထိုမျှမက လူသိရှင်ကြား အခမ်းအနား အများအပြားတွင်လည်း မိဖုရား တူရှားကို တိုက်ရိုက် တိုက်ခိုက် ပြောဆိုတတ်သေး၏။
ဤကဲ့သို့သော ကျီးချင့်ကို မြင်တွေ့ရချိန်မှာတော့ တပ်မှူးလေး ရှင်းကျန့် အနေဖြင့် နှလုံးကြေကွဲမှု မဖြစ်ဘဲ နေမည်နည်း။
ထို့ကြောင့် သူသည် ယွင်ကျုံးဟဲ့ကို အပိုင်းပိုင်း အမြွှာမြွှာ ခုတ်ထစ်ကာ အရိုးများကို ကြိတ်ပြီး ပြာချပစ်ချင်နေသည်။
လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးနောက် တပ်မှူးလေး ရှင်းကျန့်သည် ယွင်ကျုံးဟဲ့ဆီသို့ လျှောက်သွားကာ ကျယ်လောင်စွာ ပြောလိုက်၏။ “ယွင်ကျုံးဟဲ့... ခင်ဗျားက ရှင်းကျုံး ပါတီဝင်တွေကို အုပ်ချုပ်ရေး နန်းတော်ကို ဝိုင်းရံဖို့ လှုံ့ဆော်ပြီး အင်ပါယာရဲ့ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်းကို ဖြုတ်ချဖို့ ကြိုးပမ်းမှုနဲ့ သံသယ ရှိလို့ အုပ်ချုပ်ရေးမှူးရဲ့ အမိန့်အရ ခင်ဗျားကို တရားဝင် ဖမ်းဆီးတယ်။”
သို့ပေမည့် သူ ယွင်ကျုံးဟဲ့၏ ရှေ့သို့ မရောက်မီမှာပင် လူတစ်စု၏ ဝိုင်းရံခြင်းကို ချက်ချင်း ခံလိုက်ရသည်။
ရှင်းကျုံး ပါတီမှ ရူးသွပ်သော လူငယ် ရာဂဏန်းခန့်သည် တပ်မှူးလေး ရှင်းကျန့်ကို ဝိုင်းရံလိုက်ကြပြီး တုတ်များကို ထုတ်ယူကာ သူ့ကို ကြည့်သော အကြည့်များတွင် ဒေါသနှင့် အမုန်းတရားများ ပြည့်နှက်နေ၏။
တပ်မှူးလေး ရှင်းကျန့်က အေးစက်စက် မေးလိုက်သည်။ “ခင်ဗျားတို့က အမိန့်ကို ဖီဆန်တော့မလို့လား။ အင်ပါယာ တပ်မှူးလေးကို တိုက်ခိုက်တော့မလို့လား။ အင်ပါယာ စစ်သည်တွေကို တိုက်ခိုက်တော့မလို့လား။”
တပ်မှူးလေး ရှင်းကျန့်၏ ဤစကားသည်လည်း မကောင်းသော ရည်ရွယ်ချက် ပါဝင်နေသည်။ ဤသည်မှာ ယွင်ကျုံးဟဲ့နှင့် စစ်တပ်ကို ဆန့်ကျင်ဘက် ဖြစ်စေရန် ကြိုးပမ်းနေခြင်း ဖြစ်၏။
သူ တပ်မှူးလေး ရှင်းကျန့်သည် မည်သို့ပင်ဖြစ်စေ အင်ပါယာ စစ်တပ်မှ လူတစ်ယောက် ဖြစ်သည်။ အကယ်၍ ရှင်းကျုံး ပါတီဝင်များ၏ အရိုက်ခံရပါက အင်ပါယာ စစ်တပ်ကို ပါးရိုက်လိုက်ခြင်း မဟုတ်ပါလား။
ဤကဲ့သို့ ဖြစ်ပေါ်လာပါက လူအများရှေ့တွင် စစ်တပ်နှင့် ရှင်းကျုံး ပါတီကြားတွင် အက်ကွဲကြောင်း တစ်ခု သေချာပေါက် ဖြစ်ပေါ်လာမှာဖြစ်သည်။
တပ်မှူးလေး ရှင်းကျန့်က ပြောလိုက်၏။ “ကျုပ် လုံးဝ ပြန်မခုခံဘူး။ ခင်ဗျားတို့ သတ္တိရှိရင် ကျုပ်ကို ရိုက်သတ်လိုက်။ ကျုပ် ယွင်ကျုံးဟဲ့ကို သွားဖမ်းမယ်၊ ခင်ဗျားတို့ သတ္တိရှိရင် ကျုပ်ကို ရိုက်သတ်လိုက်။ “
တပ်မှူးလေး ရှင်းကျန့်က ကျယ်လောင်စွာ အော်ပြောရင်း ယွင်ကျုံးဟဲ့ဆီသို့ လျှောက်သွားသည်။
သူ၏ သိုင်းပညာက အလွန် မြင့်မားသောကြောင့် ရှင်းကျုံး ပါတီမှ ရူးသွပ်သော လူငယ် ရာဂဏန်းခန့်ပင် သူ့ကို မတားဆီးနိုင်ပေ။ သို့ပေမည့် တကယ်တမ်း သူ့ကို သွားမတိုက်ခိုက်နိုင်ပေ။ ထိုသို့လုပ်လိုက်ပါက သူ၏ အကြံအစည်ထဲသို့ ကျရောက်သွားမှာဖြစ်၏။
ယွင်ကျုံးဟဲ့သည် သူ့ကို ဖမ်းဆီးရန် လာနေသော တပ်မှူးလေး ရှင်းကျန့်ကို ကြည့်ကာ မျက်လုံးများ ချက်ချင်း ကျဉ်းမြောင်းသွားသည်။
‘ချင်ဝမ် ကျီးရှန့် ဒါမှမဟုတ် အကြီးအကဲ ကျီးကျန်း ခင်ဗျားတို့က ထွက်ပေါ်လာဖို့ အခွင့်အရေးကို အမြဲတမ်း စောင့်နေတာ မဟုတ်ဘူးလား။ အခု အချိန်ရောက်ပြီလေ။’
အင်ပါယာ စစ်တပ်၏ တကယ့် နောက်ကွယ်က ကြိုးကိုင်သူမှာ ချင်ဝမ် ကျီးရှန့် ဖြစ်သည်။ ထို့ကြောင့်သာ ကျီးယန် သည် နောက်တစ်ကြိမ် သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ဖြစ်လာမှာဖြစ်၏။
သို့ပေမည့် ထိုအချိန်၌ ရုတ်တရက် အသံ တစ်သံက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ “အကျုံးမဝင်ဘူး... အုပ်ချုပ်ရေးမှူးရဲ့ အမိန့်က အကျုံးမဝင်ဘူး။”
အံ့ဩစရာကောင်းသည်မှာ အမျိုးသမီး တစ်ဦး၏ အသံ ဖြစ်နေသည်။ ထို့နောက် အမည်းရောင် လူအုပ်ကြီးက လမ်းတစ်ခုကို ဖယ်ပေးလိုက်ကြ၏။
ပေါ်ပေါက်လာသူမှာ အထက်လွှတ်တော်မှ အခိုင်မာဆုံးသော ရှေးရိုးစွဲ ပုဂ္ဂိုလ် ကျိန့်ချွဲ ဖြစ်နေ၏။ သူသည် ယခုအခါ ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ဆေးပုလင်းကို ချိတ်ဆွဲထားကာ ဇနီးဖြစ်သူက သူ၏ ဘီးတပ်ကုလားထိုင်ကို တွန်းလာ၏။
အကြီးအကဲ ကျိန့်ချွဲ၏ ခွဲစိတ်မှုက အလွန် အောင်မြင်သော်လည်း ယခုအခါ သူ၏ ခန္ဓာကိုယ် တစ်ဝက်မှာ သွက်ချာပါဒ လိုက်နေဆဲဖြစ်ပြီး စကားပြောရာတွင်လည်း မပီသသေးပေ။ ထို့ကြောင့် စောစောက အော်ပြောလိုက်သူမှာ သူ၏ ဇနီးပင် ဖြစ်သည်။
ထိုအမျိုးသမီးက ကျိန့်ချွဲ ကို တွန်းကာ ယွင်ကျုံးဟဲ့ အနားသို့ ရောက်လာသည်။ မရေမတွက်နိုင်သော အကြည့်များက သူမ၏ အပေါ်သို့ ကျရောက်လာရာ ကျိန့်ချွဲ၏ ဇနီးသည် အနည်းငယ် ရှက်ရွံ့သွားပြီး အနည်းငယ်လည်း စိတ်လှုပ်ရှားနေ၏။
လေကို ခပ်ပြင်းပြင်းဖြင့် အကြိမ်ကြိမ် ရှူသွင်းပြီးနောက် ကျိန့်ချွဲ၏ ဇနီးက ပြောလိုက်သည်။ “အုပ်ချုပ်ရေးမှူးရဲ့ ဒီအမိန့်က အကျုံးမဝင်ပါဘူး။”
ထိုအချိန်တွင် သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက အေးစက်စက် ပြုံးကာ မေးလိုက်၏။ “အရမ်း ရယ်စရာ ကောင်းတာပဲ။ ဘယ်အချိန်တည်းက အမျိုးသမီးတွေက အင်ပါယာရဲ့ နိုင်ငံရေး ကိစ္စတွေကို ဝင်စွက်ဖက်ခွင့် ရသွားတာလဲ။”
အမတ်ကြီး ကျိန့်ချွဲက စကားပြော မပီသသော်လည်း စကားတစ်လုံးချင်းစီ ပြောလိုက်သည်။ “ကျုပ်... ကျုပ် တရားဝင်... အုပ်ချုပ်ရေးမှူး နှစ်ပါးကို စွပ်စွဲ ပြစ်တင်ပါတယ်။ ပြီးတော့ ကျိန့်ချွဲ ကိုယ်တိုင်ကိုလည်း စွပ်စွဲ ပြစ်တင်ပါတယ်။ ဒီလူသုံးယောက်က အမတ်ကြီး လီဖူကို အကွက်ဆင် ချောက်ချခဲ့လို့ပါ။ ကိစ္စတွေ ရှင်းလင်းအောင် မစုံစမ်းရသေးခင်အထိ ဒီလူသုံးယောက်ရဲ့ တံဆိပ်တုံး အာဏာကို ရပ်ဆိုင်းထားရမယ်၊ အမိန့်တွေက အကျုံးမဝင်ဘူး။”
ကျိန့်ချွဲ အကြီးအကဲသည် ဤစကားများကို ပြောပြီးနောက် သူ၏ ခွန်အား အားလုံး၊ စိတ်စွမ်းအား အားလုံးကို ကုန်ဆုံးသွားသကဲ့သို့ ဖြစ်သွား၏။
သို့ပေမည့် သူ၏ စကားများကို ရှင်းလင်းစွာ ကြားနိုင်သူများမှာ သူ၏ အနားရှိ လူအနည်းငယ်သာ ရှိသည်။
ကျိန့်ချွဲ၏ ဇနီးက သံဖြူ အသံချဲ့စက်ကို ယူကာ အစွမ်းကုန် အော်ပြောလိုက်၏။ “ကျွန်မ ယောက်ျားက အင်ပါယာ အထက်လွှတ်တော် အမတ်ကြီးပါ။ အုပ်ချုပ်ရေးမှူးနဲ့ အထက်လွှတ်တော် အမတ် ဘယ်သူ့ကိုမဆို စွပ်စွဲ ပြစ်တင်ခွင့် အာဏာ ရှိပါတယ်။
စွပ်စွဲ ပြစ်တင်ခံရတာနဲ့ တံဆိပ်တုံး အာဏာတွေ အားလုံးကို ရပ်ဆိုင်းထားရပါမယ်။ စွပ်စွဲ ပြစ်တင်သူဟာ ဆယ်ရက် အတွင်းမှာ သက်ဆိုင်ရာ သက်သေ အထောက်အထားတွေကို တင်ပြရပါမယ်။ အကယ်၍ ဆယ်ရက် အတွင်းမှာ ခိုင်လုံတဲ့ သက်သေ အထောက်အထား မတင်ပြနိုင်ဘူးဆိုရင် စွပ်စွဲ ပြစ်တင်မှုက အလိုအလျောက် ပျက်ပြယ်သွားပါမယ်။”
ထို့နောက် ကျိန့်ချွဲ၏ ဇနီးက ယောက်ျားဖြစ်သူ၏ လက်ထဲရှိ စွပ်စွဲ ပြစ်တင်လွှာကို အမြင့်သို့ မြှောက်ပြလိုက်၏။ ၎င်းအပေါ်တွင် ကျိန့်ချွဲ၏ လက်မှတ်နှင့် သူ၏ လက်ဗွေရာကို ရှင်းလင်းစွာ တွေ့မြင်ရသည်။
တစ်ကွင်းလုံး လုံးဝ တိတ်ဆိတ်သွားသည်။ ဤကဲ့သို့ အရေးကြီးသော အချိန်တွင် အမတ်ကြီး ကျိန့်ချွဲ က ယွင်ကျုံးဟဲ့ကို ကာကွယ်ရန်အတွက် မိမိကိုယ်ကိုယ် သေကြောင်းကြံသည့် တိုက်ခိုက်မှုမျိုး ပြုလုပ်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ကြပေ။
လူတိုင်း၏ စိတ်ထဲတွင် အလွန် ကြည်နူးသွားပြီး အလွန် အံ့ဩသွားကြသည်။ အစွန်းရောက်ဆုံး ရှေးရိုးစွဲ ပုဂ္ဂိုလ်ဖြစ်သော အမတ်ကြီး ကျိန့်ချွဲ ပင်လျှင် အရှင် ယွင်ကျုံးဟဲ့၏ ဘက်တွင် ရပ်တည်လာခဲ့ပြီ ဖြစ်၏။
‘ကြည့်ရတာ လူတွေရဲ့ နှလုံးသားက ကျောက်တုံးတွေ မဟုတ်ဘူးပဲ။ နောက်ဆုံးတော့ နွေးထွေးသွားအောင် လုပ်လို့ ရတာပဲ။ အရှင် ယွင်ကျုံးဟဲ့ရဲ့ ကိုယ်ရည်ကိုယ်သွေး ဆွဲဆောင်မှုက ဒီ ကျိန့်ချွဲ ဆိုတဲ့ ခေါင်းမာလွန်းတဲ့ ဘိုးဘိုးကြီးကိုတောင် သိမ်းပိုက်နိုင်ခဲ့ပြီပဲ။’