အခန်း (၇၈၅-၇၈၆)
Vol. 66 Ch. 785-786
အပိုင်း (၇၈၅)
ယွင်ကျုံးဟဲ့ ဤစကားကို ပြောပြီးနောက် တစ်ကွင်းလုံး လုံးဝ တိတ်ဆိတ်သွား၏။
ထိုနေရာရှိ ပထမ တပ်တော်အတွက် ယွင်ကျုံးဟဲ့၏ စကားသည် လုံးဝ ရိုင်းစိုင်းလွန်း၏။ တာ့ယန် အင်ပါယာသစ်၏ စစ်တပ်သည် အဆုံးအစမရှိသော သာလွန်မှု ခံစားချက်များ ပြည့်နှက်နေပြီး လောကတွင် ပြိုင်ဘက်ကင်းရုံသာမက လောကတစ်ခုလုံးထက် အများကြီး ပိုမို တိုးတက်နေသည်။
ပထမ တပ်တော်သည် အင်ပါယာ၏ တပ်တော် အားလုံးထဲတွင် အင်အားအကြီးဆုံးဖြစ်ပြီး အတွင်းရှိ စစ်သည်တိုင်းသည် အသက် လေး၊ ငါးနှစ် အရွယ်တည်းက သီးသန့် သိုင်းပညာကျောင်းများတွင် ပညာသင်ကြား ခဲ့ရသူများ ဖြစ်၏။
အနည်းဆုံး ဆယ်နှစ်တာ ကာလအတွင်း သိပ္ပံနည်းကျဆုံးနှင့် အကြမ်းတမ်းဆုံးသော လေ့ကျင့်မှုများကို ခံယူခဲ့ရပြီး ထိုသူများထဲမှ အထူးချွန်ဆုံး သူများသာ ပထမ တပ်တော်သို့ ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူတို့၏ အင်အားကြီးမားမှုသည် ချွေးမည်မျှ၊ သွေးမည်မျှ ရင်းနှီးခဲ့ရသနည်း။
ယခု ယွင်ကျုံးဟဲ့က တက္ကသိုလ် ကျောင်းသား တစ်ထောင်သည် တစ်နှစ်တာ လေ့ကျင့်မှုဖြင့် အင်ပါယာ တပ်တော်မှ စစ်သည် တစ်သောင်းကို အနိုင်ယူနိုင်သည်ဟု ပြောနေသည်လား။
‘ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အရမ်း အဓိပ္ပာယ်မဲ့လွန်းတယ်။’
ပထမ တပ်တော်မှ စစ်သည်တိုင်းနီးပါး ကြီးမားသော စော်ကားမှုကို ခံလိုက်ရသည်။
ယွင်ကျုံးဟဲ့က ကျယ်လောင်စွာ ပြောလိုက်၏။ “တာ့ယန် အင်ပါယာသစ်ကို ကျုပ် လာခဲ့ရတဲ့ ရည်ရွယ်ချက်ကို ဘယ်တုန်းကမှ မဖုံးကွယ်ခဲ့ပါဘူး။ အဲဒါကတော့ အရှေ့ဘက်ကို စစ်ချီပြီး တာ့ရှန်း မိစ္ဆာနိုင်ငံကို ဖျက်ဆီးကာ တာ့ယန် အင်ပါယာဟောင်းကို ပြန်လည် သိမ်းပိုက်ဖို့ပါပဲ။
ဒါပေမဲ့ အရှေ့ဘက်ကို စစ်မချီခင်မှာ ခင်ဗျားတို့ကို ပိုပြီး အင်အားကြီးလာအောင် လုပ်ပေးဖို့ လိုအပ်တယ်။ အဲဒီလိုမှ မဟုတ်ရင် ခင်ဗျားတို့ကို ဒီတိုင်း စစ်မြေပြင်ထဲ ဆွဲသွင်းပြီး အလကား အသေခံခိုင်းတာက ကြီးမားတဲ့ ပြစ်မှု ကျူးလွန်တာပဲ။
ကျုပ် အင်ပါယာကို လိုအပ်သလို အင်ပါယာကလည်း ကျုပ်ကို လိုအပ်တယ်။ ကျုပ် အင်ပါယာကို ယဉ်ကျေးမှုသစ် ပေးခဲ့တယ်၊ အင်ပါယာ ပြည်သူတွေရဲ့ ဘဝကို ပြောင်းလဲပေးခဲ့တယ်။ အဲဒါကြောင့် အင်ပါယာ ပြည်သူတွေက ကျုပ်ကို ထောက်ခံကြတာ။ ဒါဆို ကြီးကျယ်တဲ့ အင်ပါယာ စစ်တပ်ကို ကျုပ် ဘာပေးနိုင်မလဲ။ အဲဒါက လုံးဝ အသစ်စက်စက် လက်နက်တွေပဲ။ ကျုပ်က ခင်ဗျားတို့ကို အခုထက် ဆယ်ဆ ပိုပြီး အင်အားကြီးလာအောင် လုပ်ပေးနိုင်တယ်။”
ထိုအချိန်တွင် သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက အေးစက်စွာ ပြုံးကာ ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... ခင်ဗျား ပြောတဲ့ အသစ်စက်စက် လက်နက် ဆိုတာက လမင်းမီး၊ တစ်နည်းအားဖြင့် ယမ်းမှုန့် မဟုတ်ဘူးလား။ ဒါက လုံးဝ မထူးဆန်းပါဘူး။ အကယ်၍ ခင်ဗျားက ဒါကို လျှို့ဝှက် လက်နက် တစ်ခု အဖြစ် သတ်မှတ်ချင်နေတယ် ဆိုရင်တော့ အရမ်းကို ရယ်စရာ ကောင်းပြီး အဓိပ္ပာယ်မဲ့လွန်းတယ်။”
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ဤသို့ ပြောထွက်လာခြင်းကို ယွင်ကျုံးဟဲ့ အနည်းငယ်မျှ မအံ့ဩပေ။
တာ့ယန် အင်ပါယာသစ်သည် အရှေ့ဘက်လောကကို ကာလရှည်ကြာ စောင့်ကြည့်နေခဲ့ပြီး သတင်း အချက်အလက် ရရှိမှု နောက်ကျလေ့ ရှိသော်လည်း အရေးကြီးသော ကိစ္စရပ်များကိုတော့ သိရှိထားကြသည်။
ဥပမာအားဖြင့် ယွင်ကျုံးဟဲ့ ဖန်တီးခဲ့သော ယမ်းမှုန့်နှင့် ပင်နီဆီလင် တို့သည် တာ့ယန် အင်ပါယာသစ်သို့ စောစောတည်းက ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
တာ့ယန် အင်ပါယာသစ်၏ သတ္တုတူးဖော်ရေး လုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက် နေသော်လည်း သူတို့၏ သတ္တုတွင်းများသည် ယမ်းမှုန့်ဖြင့် ဖောက်ခွဲခြင်းကို သိပ်အားမကိုးဘဲ ဧရာမ ရေနွေးငွေ့ စက်ယန္တရားများကိုသာ အားကိုးကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့၏ ပစ္စည်းများက အလွန် အဆင့်မြင့်ပြီး အလွန် မာကျောသော တူးစက်များကို ဖန်တီးနိုင်သောကြောင့် သတ္တုတူးဖော်ရာတွင် လုံးဝ အတားအဆီး မရှိသောကြောင့်ပင်။
သတ္တုတူးဖော်ရန်အတွက်မူ သူတို့တွင် ရေတွက်၍ မရနိုင်လောက်အောင် များပြားလှသော သန်မာသည့် ကျွန်များ ရှိသည်။
ယမ်းမှုန့်သည် တာ့ယန် အင်ပါယာသစ်သို့ ရောက်ရှိလာချိန်မှာတော့ ချီးကျူးခံရခြင်း မရှိဘဲ အထင်သေးခံရသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က တာ့ယန် အင်ပါယာသစ်၏ ရူပဗေဒ ပညာရှင်များသည် ယမ်းမှုန့် အပါအဝင် အရှေ့ဘက်လောက၏ အရာအားလုံးကို အထင်သေးကြပြီး အရှေ့တိုင်းမှ ယိုယွင်းပြီး မိုက်မဲသော ဆေးဖော်စပ်သူများနှင့် တိုက်ရိုက် ဆက်စပ် တွေးတောလိုက်ကြသောကြောင့်ပင်။
ထိုသို့ဖြစ်လင့်ကစား တာ့ယန် အင်ပါယာသစ်၏ ရူပဗေဒ ပညာရှင်များသည် ယမ်းမှုန့်၏ ဖော်စပ်နည်းကို အလွယ်တကူ ပြောင်းလဲနိုင်ခဲ့ပြီး စွမ်းအားကို အများကြီး တိုးမြှင့်နိုင်ခဲ့သည်။ ပြီးခဲ့သည့်နှစ်ကမှ သတ္တုတွင်း အများအပြားတွင် ယမ်းမှုန့်ကို အသုံးပြု၍ ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်၏။
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ဆက်ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... ခင်ဗျားရဲ့ စကားက ကျုပ်တို့ အင်ပါယာက အုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့ မူလ ရည်ရွယ်ချက်ကို သတိရသွားစေတယ်။ အင်အားအကြီးဆုံး သူက ဘုရင် ဖြစ်ရမယ် ဆိုတာပဲ။
အဲဒါကြောင့် အင်ပါယာရဲ့ အချိန် အများစုမှာ စာပေနဲ့ သိုင်းပညာ အုပ်ချုပ်ရေးမှူး နှစ်ပါး ရှိခဲ့တာ။ အခု နှစ်ပေါင်း ရာချီ ကြာလာတော့ မူလ ရည်ရွယ်ချက်နဲ့ နည်းနည်း လွဲချော်လာပေမယ့် သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး နေရာကိုတော့ အတော်ဆုံး တပ်မှူးကပဲ တာဝန်ယူရတုန်းပဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဟုတ်တယ်။ ကျုပ်က ဂီတ၊ သင်္ချာ၊ ရူပဗေဒ၊ ဒဿနိကဗေဒ၊ စစ်ရေး စတဲ့ နယ်ပယ် အားလုံးမှာ တာ့ယန် အင်ပါယာသစ်က လူတိုင်းကို လုံးဝ အနိုင်ယူရမယ်။ အဲဒီလိုမှသာ ကျုပ် အင်ပါယာရဲ့ ဘုရင် ဖြစ်လာဖို့ အရည်အချင်း ရှိမယ် ဆိုတာကို ကျုပ် အရင်က ပြောခဲ့ဖူးတယ်။
ဒီအချက်က ဘယ်တုန်းကမှ မပြောင်းလဲခဲ့ပါဘူး။ သေချာပေါက် အရာအားလုံးက ကျုပ် တွေးထားတာထက် ပိုမြန်နေလိမ့်မယ်။ တာ့ယန် အင်ပါယာသစ်အပေါ် စတင်ခဲ့တဲ့ တိုက်ပွဲတွေ မပြီးဆုံးသေးခင်မှာပဲ ကျုပ်ကို ဘုရင် အဖြစ် တင်မြှောက်ချင်တဲ့သူတွေ မရေမတွက်နိုင်အောင် ရှိလာလိမ့်မယ်လို့ ကျုပ် ထင်မထားခဲ့ဘူး။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်းက နောက်ဆုံးတွင် သတိရသွားကြသည်။
လွန်ခဲ့သော နှစ်နှစ်ကျော်က ယွင်ကျုံးဟဲ့သည် ဒုတိယ ကျောင်းအုပ် ကျီးချင့်ကို လက်ထပ်လိုက်စဉ်က အင်ပါယာ တစ်ခုလုံး၏ ဖယ်ကျဉ်ခြင်းနှင့် အထီးကျန်ဆန်ခြင်းကို ခံခဲ့ရ၏။
ထို့ကြောင့် တတိယ စာသင်ကျောင်း၏ အားကစားကွင်း စင်မြင့်ထက်တွင် သူသည် တစ်ခါမှ မရှိဖူးသော မိန့်ခွန်း တစ်ခုကို ပြောခဲ့၏။ တာ့ယန် အင်ပါယာသစ်အပေါ် တိုက်ပွဲ စတင်မည်ဖြစ်ပြီး နယ်ပယ် အားလုံးတွင် တာ့ယန် အင်ပါယာသစ်ရှိ လူတိုင်းကို လုံးဝ အနိုင်ယူပြမည်ဟု ပြောခဲ့သည်။
သို့ပေမည့် လတ်တလော စိန်ခေါ်မှုမှာ လွန်ခဲ့သော တစ်နှစ်ကျော်က ရူပဗေဒ နယ်ပယ်တွင် ကျီးချင့် ဦးဆောင်သော အဖွဲ့ကို အနိုင်ယူခဲ့ခြင်း ဖြစ်လောက်သည်။ သူသည် လျှပ်စစ်ကို တီထွင်ခဲ့ပြီး လျှပ်စီးကြောင်းများကို ထိန်းချုပ်ခဲ့၏။
ထိုအရာမှာ ယွင်ကျုံးဟဲ့က တာ့ယန် အင်ပါယာသစ်အပေါ် စတင်ခဲ့သော ပဉ္စမမြောက် တိုက်ပွဲ ဖြစ်လောက်ပြီး ငါးကြိမ်စလုံး အနိုင်ရရှိခဲ့သည်။
သို့ပေမည့် နောက်ပိုင်းတွင် ရှင်းကျုံးပါတီ တည်ထောင်ခဲ့ပြီး ယွင်ကျုံးဟဲ့အတွက် နတ်ဘုရားဖန်တီးရေး လှုပ်ရှားမှုကို စတင်ခဲ့သည်။ မရေမတွက်နိုင်သော လူများက ယွင်ကျုံးဟဲ့ကို ထောက်ခံလာကြသောကြောင့် ယွင်ကျုံးဟဲ့နှင့် တာ့ယန် အင်ပါယာသစ်တို့၏ တိုက်ပွဲကို မေ့လျော့သွားခဲ့ကြ၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အားလုံးရဲ့ ချစ်ခင်မှုအတွက် ကျေးဇူးတင်ပါတယ်။ တာ့ယန် အင်ပါယာသစ်အပေါ် ကျုပ် ကြေညာခဲ့တဲ့ စိန်ခေါ်မှု ကြေညာချက်ကို ခင်ဗျားတို့ မေ့သွားကြပေမယ့် ကျုပ် မှတ်မိနေပါသေးတယ်။
ပြီးခဲ့တဲ့ တိုက်ပွဲက လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ဖြစ်ပွားခဲ့ပြီး ရူပဗေဒ နယ်ပယ်မှာ ဒုတိယ ကျောင်းအုပ် ကျီးချင့် ဦးဆောင်တဲ့ အဖွဲ့ကို ကျုပ် အနိုင်ရရှိခဲ့ပါတယ်။ အဲဒါကြောင့် တာ့ယန် အင်ပါယာသစ်အပေါ် ကျုပ်ရဲ့ တိုက်ပွဲ နောက်ဆုံး တစ်ပွဲ ကျန်ပါသေးတယ်။ စစ်ရေး တိုက်ပွဲပါ။”
ထို့နောက် သူသည် ပထမ တပ်တော်ကို ထပ်မံ၍ ဝေ့ဝဲကြည့်လိုက်၏။
“တာ့ယန် အင်ပါယာသစ်က အရင်တုန်းက အုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ မူဝါဒ တစ်ခုတည်းပဲ ရှိခဲ့တယ်။ အဲဒါကတော့ အင်အားအကြီးဆုံး တော်ဝင်မိသားစုဝင်က ဘုရင် ဖြစ်ရမယ် ဆိုတာပဲ။”
ယွင်ကျုံးဟဲ့က ဆက်ပြောသည်။ “ဒီနေရာကနေ တာ့ယန် အင်ပါယာသစ်အပေါ် ဆဋ္ဌမမြောက် တိုက်ပွဲ၊ နောက်ဆုံး တိုက်ပွဲ ဖြစ်တဲ့ စစ်ရေး တိုက်ပွဲကို ကျုပ် တရားဝင် ကြေညာပါတယ်။
အင်ပါယာ အထက်လွှတ်တော်က အမတ်ကြီးတို့၊ အင်ပါယာ စစ်တပ်က စစ်သည်တို့၊ အင်ပါယာ နိုင်ငံသားတို့... ကျုပ်ရဲ့ အစီအစဉ်က ဘယ်တုန်းကမှ မပြောင်းလဲခဲ့ပါဘူး။ အင်ပါယာက လူတိုင်းကို လုံးဝ အနိုင်ယူပြီးမှ ကျုပ် ဘုရင် ဖြစ်လာပါမယ်။ အာဏာသိမ်းပြီး ဘုရင်ရာထူးကို တက်ဖို့ ကျုပ် တစ်ခါမှ မစဉ်းစားခဲ့ဖူးပါဘူး။”
“သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး... ခင်ဗျားကိုယ်ခင်ဗျား အင်ပါယာရဲ့ အတော်ဆုံး တပ်မှူးလို့ ပြောခဲ့တယ်မလား။” ယွင်ကျုံးဟဲ့က မေးလိုက်၏။
“သေချာတာပေါ့။” သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ဖြေသည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒီနေရာကနေ ခင်ဗျားကို ကျုပ် တရားဝင် စိန်ခေါ်ပါတယ်။ ကျုပ်က ကျောင်းသား စစ်တပ် တစ်ထောင်ကို ဦးဆောင်ပြီး ခင်ဗျားက အင်ပါယာ စစ်တပ် တစ်သောင်းကို ဦးဆောင်ကာ တိုက်ပွဲကြီး တစ်ပွဲ ဆင်နွှဲကြမယ်။ အကယ်၍ ကျုပ် နိုင်ရင် အင်ပါယာအပေါ် ကျုပ် စတင်ခဲ့တဲ့ တိုက်ပွဲတွေ အားလုံး အပြတ်အသတ် အနိုင်ရရှိပြီ။ လက်ခံလား။”
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ အရာအားလုံးက မူလ လမ်းကြောင်းပေါ်သို့ ပြန်ရောက်သွားသကဲ့သို့ပင်။
ဤအချိန်တွင် ယွင်ကျုံးဟဲ့သည် အာဏာသိမ်းရန် တကယ် မရည်ရွယ်ဘဲ အင်ပါယာ တစ်ခုလုံးကို တစ်ယောက်တည်းဖြင့် အနိုင်ယူရန်၊ အင်ပါယာ တစ်ခုလုံးကို သိမ်းပိုက်ရန် ယခင်က မာနကြီးမှုနှင့် ရူးသွပ်မှုများကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း လူတိုင်း နောက်ဆုံးတွင် ရှင်းလင်းစွာ မြင်တွေ့သွားကြသည်။
ယခင်က ယွင်ကျုံးဟဲ့သည် ငါးကြိမ်စလုံး အနိုင်ရရှိခဲ့ပြီး အင်ပါယာရှိ လူအများစုကို သိမ်းပိုက်နိုင်ခဲ့ကာ နောက်ဆုံး အင်အားစု တစ်ခု ဖြစ်သည့် အင်ပါယာ စစ်တပ်သာ ကျန်ရှိတော့၏။
အကယ်၍ ဤဆဋ္ဌမမြောက် တိုက်ပွဲတွင် သူ ထပ်မံ၍ အပြတ်အသတ် အနိုင်ရရှိပါက သူ ဘုရင် ဖြစ်လာမည့် လမ်းကြောင်းကို အင်ပါယာတွင် မည်သူကမှ တားဆီးနိုင်မည် မဟုတ်တော့ပေ။
ဤကဲ့သို့ ဘုရင် ဖြစ်လာခြင်းကမှ အင်ပါယာရှိ လူတိုင်း၏ မျှော်လင့်ချက်နှင့် ကိုက်ညီပြီး ဘုရင် တစ်ပါးအပေါ် လူတိုင်း၏ အမြင့်ဆုံး မျှော်မှန်းချက်နှင့် ကိုက်ညီသည်။
ဤအရာကမှာ ရာထူးကို မှန်ကန်စွာ ရယူသည့် နည်းလမ်းဖြစ်၏။
ဆဋ္ဌမမြောက် စစ်ရေး တိုက်ပွဲတွင် အကယ်၍ သူ ရှုံးနိမ့်သွားပါက အုပ်ချုပ်ရေးမှူး ရာထူးမှ ဆင်းရမည် ဆိုသည့် ရလဒ် တစ်ခုတည်းသာ ရှိကြောင်း သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး သိသည်။ ထိုအချိန်သို့ ရောက်ပါက ယွင်ကျုံးဟဲ့ ဘုရင်ရာထူး တက်မည်ကို မည်သူကမှ တားဆီးနိုင်မည် မဟုတ်တော့ပေ။
ထို့အပြင် ရာထူးမှ ဆင်းရမည်မှာ သူ သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး သာမက စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးလည်း ပါဝင်သည်။ အဘယ်ကြောင့်ဆိုသော် စာပေဘက်တွင် ယွင်ကျုံးဟဲ့သည် တကယ်တမ်းတွင် အပြတ်အသတ် အနိုင်ရရှိထားပြီး ဖြစ်သောကြောင့်ပင်။
ချက်ချင်းပဲ လူတိုင်း၏ အကြည့်များက သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထံသို့ ရောက်ရှိသွားသည်။ ဤအချိန်တွင် သူသာ လက်မခံရဲပါက အုပ်ချုပ်ရေးမှူးရာထူးတွင် ဆက်လက် နေထိုင်ရန် မျက်နှာ မရှိတော့ရုံသာမက အင်ပါယာ တော်ဝင်မိသားစုဝင် ဆိုသည့် အဆင့်အတန်းနှင့်ပင် မထိုက်တန်တော့ပေ။
‘သူများက လူတစ်ထောင်နဲ့ ခင်ဗျားရဲ့ လူတစ်သောင်းကို တိုက်မှာတောင် ခင်ဗျားက လက်မခံရဲဘူးလား။’
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောလိုက်သည်။ “ကောင်းပြီ။ ယွင်ကျုံးဟဲ့... ခင်ဗျားရဲ့ စိန်ခေါ်မှုကို ကျုပ် လက်ခံတယ်။ အကယ်၍ ကျုပ် ရှုံးရင် အုပ်ချုပ်ရေးမှူးရာထူးကနေ တရားဝင် နှုတ်ထွက်ပေးမယ်။”
ယွင်ကျုံးဟဲ့၏ အကြည့်များက စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထံသို့ ရောက်ရှိသွား၏။
စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောလိုက်သည်။ “အကယ်၍ ဒီတိုက်ပွဲမှာ အင်ပါယာ စစ်တပ် ရှုံးသွားရင် ကျုပ်လည်း သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးနဲ့ အတူတူ ရာထူးကနေ နှုတ်ထွက်ပေးမယ်။ ဒါပေမဲ့ ယွင်ကျုံးဟဲ့... အကယ်၍ ခင်ဗျား ရှုံးရင်ကော။ “
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အကယ်၍ ကျုပ် ရှုံးရင် ကိုယ့်ကိုယ်ကိုယ် နယ်နှင်ဒဏ် ပေးပြီး အင်ပါယာကနေ ထွက်သွားမယ်။”
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက မေးလိုက်သည်။ “ဒါဆို ဒီတိုက်ပွဲကို ဘယ်အချိန် လုပ်ကြမလဲ။ “
ယွင်ကျုံးဟဲ့က ဖြေ၏။ “တစ်လ နေရင်။ “
“ကတိ”
“ကတိ”
ယွင်ကျုံးဟဲ့က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ “အင်ပါယာ နိုင်ငံသားတွေ သက်သေပြုပါ။ အင်ပါယာ စစ်တပ်က စစ်သည်တွေ သက်သေပြုပါ။ အင်ပါယာ အထက်လွှတ်တော်က အမတ်ကြီးတွေ သက်သေပြုပါ။”
အင်ပါယာ ပထမ တပ်တော်မှ စစ်သည်များက ကျယ်လောင်စွာ အော်လိုက်ကြ၏။ “ကျုပ်တို့ သက်သေပြုတယ်။”
ထို့နောက် ရှင်းကျုံး ပါတီဝင် တစ်သိန်းကျော်နှင့် ရူးသွပ်နေသော နိုင်ငံသားများက ကျယ်လောင်စွာ အော်လိုက်သည်။ “ကျုပ်တို့ သက်သေပြုတယ်။”
နောက်ဆုံးတွင် အထက်လွှတ်တော် အမတ် ဆယ်ဂဏန်းခန့်က ညာဘက်လက်ကို မြှောက်ကာ ပြောလိုက်၏။ “ကျုပ်တို့ သက်သေပြုတယ်။”
ထိုအချိန်မှစ၍ ယွင်ကျုံးဟဲ့သည် တာ့ယန် အင်ပါယာသစ်အပေါ် ဆဋ္ဌမမြောက် တိုက်ပွဲ ဖြစ်သည့် စစ်ရေး တိုက်ပွဲကို တရားဝင် စတင်လိုက်ပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပဲ ဤသည်မှာ တာ့ယန် အင်ပါယာသစ်ကို သူ သိမ်းပိုက်မည့် နောက်ဆုံး တိုက်ပွဲလည်း ဖြစ်၏။
အပိုင်း (၇၈၆)
ဤအရာများ အားလုံး ပြီးစီးသွားပြီးနောက် ယွင်ကျုံးဟဲ့က ကျယ်လောင်စွာ ပြောလိုက်သည်။ “ရှင်းကျုံး ပါတီဝင် အားလုံး၊ အုပ်ချုပ်ရေး နန်းတော်ကို လာရောက်ကြတဲ့ အင်ပါယာ နိုင်ငံသား အားလုံး... စနစ်တကျ ထွက်ခွာပြီး အိမ်ပြန်ကြပါ။ ပုံမှန်အတိုင်း အလုပ်လုပ်ကြပါ၊ ပုံမှန်အတိုင်း ကျောင်းတက်ကြပါ။”
“အမိန့်အတိုင်းပါ အရှင် ယွင်ကျုံးဟဲ့…” လူတစ်သိန်းကျော်က ကျယ်လောင်စွာ ပြောလိုက်၏။
ထို့နောက် ဤလူတစ်သိန်းကျော်သည် ကိုယ့်အဖွဲ့အစည်း အလိုက် တန်းစီ စုရုံးကြ၏။ ရှင်းကျုံး ပါတီ၏ အဖွဲ့အစည်း ဖွဲ့စည်းပုံမှာ အလွန် တင်းကျပ်ပြီး လူသုံးယောက်ထက် ပိုပါက အဖွဲ့ငယ် တစ်ခု သေချာပေါက် ရှိရမည်ဖြစ်ကာ အဖွဲ့ငယ်တိုင်းတွင် ခေါင်းဆောင် တစ်ယောက်စီ ရှိသည်။
သက်ဆိုင်ရာ အဖွဲ့အစည်း ခေါင်းဆောင်များ၏ ဦးဆောင်မှုအောက်တွင် လူတစ်သိန်းကျော်သည် အလွန် စနစ်တကျ ရှိနေကြသည်။ တစ်ဖွဲ့ပြီး တစ်ဖွဲ့ အုပ်ချုပ်ရေး နန်းတော် ရင်ပြင်မှ ဆုတ်ခွာသွားကြ၏။
နာရီပေါင်းများစွာ ကြာပြီးနောက် လူတစ်သိန်းကျော် အားလုံး ဆုတ်ခွာသွားကြ၏။ ယွင်ကျုံးဟဲ့နှင့် မရေမတွက်နိုင်သော လူများသည် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိကြသည်။
ယနေ့ ဖြစ်ပွားခဲ့သော အပြောင်းအလဲကြီးသည် နောက်ဆုံး၌ ငြိမ်သက်သွားခဲ့ပြီဖြစ်ပြီး ကြီးမားသော ဘေးအန္တရာယ် မဖြစ်ပေါ်ခဲ့သလို သွေးထွက်သံယို ပဋိပက္ခလည်း မဖြစ်ပွားခဲ့ဘဲ မည်သူကမှ သေဆုံးခဲ့ခြင်း မရှိပေ။
လူတချို့၏ အကြံအစည်များ မအောင်မြင်ခဲ့ဘဲ ယွင်ကျုံးဟဲ့နှင့် အထက်လွှတ်တော် ပြတ်တောက်သွားခြင်း မရှိသလို ယွင်ကျုံးဟဲ့နှင့် စစ်တပ် ပြတ်တောက်သွားခြင်းလည်း မရှိခဲ့ပေ။ ထိုအရာက မည်မျှ ခက်ခဲသနည်း။
သို့သော်ငြား ရှင်းကျုံး ပါတီ၏ ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာကို ပြသနိုင်ရုံသာမက ယွင်ကျုံးဟဲ့၏ အလွန် အင်အားကြီးမားသော ဩဇာတိက္ကမကိုပါ ပိုမို သက်သေပြနိုင်ခဲ့သည်။
အန္တရာယ် အများဆုံး အချိန်၊ အခြေအနေ လုံးဝ ပေါက်ကွဲထွက်တော့မည့် အချိန်တွင် ယွင်ကျုံးဟဲ့သည် သူ တစ်ယောက်တည်း၏ စွမ်းအားဖြင့် အခြေအနေကို အလွယ်တကူ ဖိနှိပ်ထားနိုင်ခဲ့၏။
ရှင်းကျုံး ပါတီနှင့် ရူးသွပ်နေသော နိုင်ငံသားများ ဆုတ်ခွာသွားပြီးနောက် ယွင်ကျုံးဟဲ့သည် ပထမ တပ်တော်မှ စစ်သည်များ ရှေ့သို့ ရောက်လာသည်။
“တောင်းပန်ပါတယ်။ ခင်ဗျားတို့ ပင်ပန်းသွားပြီ။” ယွင်ကျုံးဟဲ့က စစ်သည် တစ်ဦးထံသို့ လက်ကမ်းပေးကာ ပြောလိုက်၏။
ထိုအင်ပါယာ ပထမ တပ်တော်မှ စစ်သည်သည် လုံးဝ အံ့ဩမှင်တက်သွားပြီး မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ အတော်ကြာအောင် တုံ့ပြန်နိုင်ခြင်း မရှိပေ။
ထို့နောက် သူသည် လက်အိတ်ကို အမြန် ချွတ်လိုက်ပြီး ယွင်ကျုံးဟဲ့၏ လက်နှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင် လိုက်သည်။ သူ အရမ်း စိတ်လှုပ်ရှားပြီး တုန်လှုပ်နေသောကြောင့် စကားတစ်ခွန်းမှပင် မပြောထွက်တော့ဘဲ တစ်ကိုယ်လုံး တုန်ယင်နေသည်။
ယွင်ကျုံးဟဲ့က တစ်ယောက်ပြီး တစ်ယောက် လက်ဆွဲ နှုတ်ဆက်လိုက်၏။ “တောင်းပန်ပါတယ်။ ဒီနေ့ ခင်ဗျားတို့ ပင်ပန်းသွားပြီ။”
“ကျုပ်တို့ မပင်ပန်းပါဘူး။”
တပ်မှူး တစ်ဦးက တုန်ယင်စွာ ပြောလိုက်သည်။ “အရှင်သာ ပင်ပန်းရတာပါ။”
ယွင်ကျုံးဟဲ့က တစ်ယောက်ပြီး တစ်ယောက် လက်ဆွဲ နှုတ်ဆက်နေစဉ် ပထမ တပ်တော်မှ လူတိုင်းသည် မတ်မတ် ရပ်နေကြပြီး သူ့ကို ကြည့်သော အကြည့်များတွင် ရူးသွပ်မှုများ ပြည့်နှက်နေ၏။
အင်ပါယာ ပထမ တပ်တော်မှ စစ်သည် ရာပေါင်းများစွာကို လက်ဆွဲ နှုတ်ဆက်ပြီးနောက် ယွင်ကျုံးဟဲ့သည် အထက်လွှတ်တော် အမတ် နှစ်ဆယ်ကျော် ရှေ့သို့ ရောက်လာပြီး ညာဘက်လက်ကို ကမ်းပေးလိုက်သည်။
အထက်လွှတ်တော်မှ အမတ်ကြီးများကို ရင်ဆိုင်ရာတွင်မူ သူ သိပ်မတက်ကြွတော့ဘဲ အနည်းငယ် တည်ငြိမ်နေကာ တစ်ဖက်လူ တုံ့ပြန်ရန် အချိန်ပေးလိုက်၏။
အတော်ကြာမှ အမတ် တစ်ဦးက ရှေ့သို့ တိုးလာပြီး ယွင်ကျုံးဟဲ့ကို လက်ဆွဲ နှုတ်ဆက်ကာ ပြောလိုက်သည်။ “အရှင်... ပင်ပန်းသွားပါပြီ။ ဒီနေ့ အပြောင်းအလဲကြီး မဖြစ်သွားတာက အင်ပါယာရဲ့ ကံကောင်းမှုပါပဲ။”
ယွင်ကျုံးဟဲ့က ပြုံးကာ ပြောလိုက်၏။ “အမတ်ကြီးတို့ကို လန့်သွားစေမိပါပြီ။”
ထို့နောက် အထက်လွှတ်တော် အမတ်များ အားလုံး တစ်ယောက်ပြီး တစ်ယောက် ရှေ့သို့ တိုးလာကာ ယွင်ကျုံးဟဲ့ကို လက်ဆွဲ နှုတ်ဆက်ကြသည်။
“အရှင်... ပင်ပန်းသွားပါပြီ။”
“အရှင်... ပင်ပန်းသွားပါပြီ။ “
အနည်းဆုံးတော့ အထက်လွှတ်တော် အမတ်တိုင်းက ယွင်ကျုံးဟဲ့ကို ကြည့်သော အကြည့်များတွင် ရန်လိုမှုများ မရှိတော့ဘဲ တည်ငြိမ်မှုနှင့်အတူ လေးစားမှုများ ပါဝင်နေ၏။
ယနေ့ ယွင်ကျုံးဟဲ့၏ လုပ်ရပ်သည် ပြီးပြည့်စုံလွန်း၏။ အဘယ်ကြောင့်ဆိုသော် ယနေ့တွင် သူသည် အာဏာသိမ်းပြီး ဘုရင် ဖြစ်လာနိုင်သည့် မျှော်လင့်ချက် အပြည့်အဝ ရှိနေသော်လည်း သူ ထိုသို့ မလုပ်ခဲ့သောကြောင့်ပင်။ သူက ပဋိပက္ခများ အားလုံးကို ဖြေရှင်းခဲ့ပြီး အလွန် တရားမျှတစွာ ပြုမူခဲ့သည်။
အင်ပါယာ ပထမ တပ်တော်မှ စစ်သည်များသည် သွေးဆူလွယ်ပြီး ပွင့်လင်းရိုးသားကြသောကြောင့် အတွင်းမှ ညစ်ပတ်မှုများကို သိပ်မနားလည်ကြပေ။ သို့ပေမည့် အထက်လွှတ်တော် အမတ်များမှာမူ နိုင်ငံရေးသမားများ ဖြစ်ကြရာ စိတ်ထဲတွင် အလွန် ရှင်းလင်းစွာ သိရှိနေကြ၏။
ဤတစ်ကြိမ် ရှင်းကျုံး ပါတီဝင် တစ်သိန်းကျော် အုပ်ချုပ်ရေး နန်းတော်ကို လာရောက် ဖိအားပေးခြင်းသည် တစ်စုံတစ်ယောက်က တမင်တကာ လှုံ့ဆော်ခဲ့ခြင်း ဖြစ်ကြောင်း သိကြသည်။
ထိုအရာမှာ ရှင်းကျုံး ပါတီနှင့် အထက်လွှတ်တော်၊ ရှင်းကျုံး ပါတီနှင့် အင်ပါယာ စစ်တပ်ကြားရှိ ဆက်ဆံရေးကို လုံးဝ ဖြတ်တောက်ပြီး ပြန်လည် ကုစား၍ မရနိုင်သော အက်ကွဲကြောင်းများ ဖန်တီးရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်၏။
အကယ်၍ အုပ်ချုပ်ရေးမှူး နှစ်ဦး၏ အကြံအစည်သာ အောင်မြင်သွားပါက အင်ပါယာအတွက် ကုစား၍ မရနိုင်သော ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေမည်ဖြစ်ပြီး ပြည်တွင်းစစ်နှင့် ခွဲထွက်မှုများပင် ဖြစ်ပေါ်လာနိုင်သည်။
သို့ပေမည့် ယွင်ကျုံးဟဲ့သည် နိုင်ငံတော်အတွက် သည်းခံခဲ့ပြီး မိမိ၏ အာဏာအတွက် အင်ပါယာ၏ အကျိုးစီးပွားကို ထိခိုက်စေမည့် လုပ်ရပ်မျိုး မလုပ်ခဲ့ပေ။
သူသည် လူတိုင်းကို စည်းရုံးနေသလို သူ၏ ကိုယ်ရည်ကိုယ်သွေးနှင့် အင်အားကို အသုံးပြု၍ လူတိုင်းကို သိမ်းပိုက်နေခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် ဤအချိန်တွင် အထက်လွှတ်တော်မှ အမတ်ကြီးများ အားလုံးက သူ့ကို အရှင် ဟု ခေါ်ဝေါ်ကြခြင်း ဖြစ်၏။
ယွင်ကျုံးဟဲ့သည် အထက်လွှတ်တော် ထိပ်သီး ခေါင်းဆောင်များ အားလုံးနှင့် လက်ဆွဲ နှုတ်ဆက်ပြီးနောက် အုပ်ချုပ်ရေး နန်းတော်၏ အမြင့်ပိုင်းသို့ ဦးညွှတ်၍ အရိုအသေ ပေးလိုက်သည်။
အုပ်ချုပ်ရေး နန်းတော် အမြင့်ပိုင်းရှိ ပြတင်းပေါက် နောက်ကွယ်တွင် အကြီးအကဲ ကျီးကျန်းသည်လည်း ဦးညွှတ်၍ အရိုအသေ ပြန်ပေးလိုက်သော်လည်း ယွင်ကျုံးဟဲ့က မမြင်နိုင်တော့ပေ။
အဘိုးအိုက မေးသည်။ “ဘယ်လိုနေလဲ။”
ကျီးကျန်းက ဖြေလိုက်၏။ “ပြီးပြည့်စုံပါတယ်။”
အဘိုးအိုက ပြောသည်။ “ဟုတ်တယ်။ အရမ်း ပြီးပြည့်စုံတယ်။ ကျုပ်တို့ ထွက်လာဖို့တောင် မလိုဘူး။”
ကျီးကျန်းက ပြော၏။ “ယန်အာ အတွက်တော့ နှမြောစရာပါပဲ။”
အဘိုးအိုက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဟုတ်တယ်။ ယန်အာ အတွက်တော့ နှမြောစရာပါပဲ။ ဒါပေမဲ့ အင်ပါယာရဲ့ အကျိုးစီးပွားနဲ့ ယှဉ်လိုက်ရင် အုပ်ချုပ်ရေးမှူး ရာထူးလေး တစ်ခုက ဘာများ အရေးပါလို့လဲ။ “
ကျီးကျန်းက မေးလိုက်၏။ “အဖေ သွားပြီး သူ့ကို တွေ့အုံးမလား။”
အဘိုးအိုက ဖြေသည်။ “မတွေ့တော့ဘူး။ အခု တွေ့ရင် အနေရခက်တယ်။”
ကျီးကျန်းက နားမလည်ဟန်ဖြင့် မေးလိုက်၏။ “ဒါက ဘာအဓိပ္ပာယ်လဲ။”
အဘိုးအိုက ဖြေသည်။ “အခု သူက ဘုရင် မဟုတ်သေးဘူး၊ ငါက ဘုရင် ဖြစ်နေသေးတယ်။ အကယ်၍ ငါနဲ့ သူ တွေ့လိုက်ရင် သူ့အဆင့်အတန်းက မြင့်မလား၊ ငါ့အဆင့်အတန်းက မြင့်မလား။ အရမ်း အနေရခက်တာပေါ့။”
ကျီးကျန်းက ပြောလိုက်၏။ “ကောင်းပါပြီ။ အဖေ ပြောတာ အဓိပ္ပာယ် ရှိပါတယ်။”
အဘိုးအိုက လေးနက်သည့် အသံဖြင့် ပြောလိုက်သည်။ “ပြင်ဆင်ထားလိုက်တော့။ မဝေးတော့တဲ့ အနာဂတ်မှာ တာ့ယန် အင်ပါယာမှာ တကယ့် ဧကရာဇ် တစ်ပါး ထပ်ပေါ်လာတော့မယ် ထင်တယ်။”
ဤကောင်းကင်ကို တုန်လှုပ်စေသော အပြောင်းအလဲကြီးသည် အန္တရာယ်များ ရှိခဲ့သော်လည်း အန္တရာယ်ကင်းစွာ ပြီးဆုံးသွားခဲ့၏။
ထို့နောက် ယွင်ကျုံးဟဲ့၏ နာမည်ဂုဏ်သတင်းသည် လိုက်မီရန် မဖြစ်နိုင်သော အထွတ်အထိပ်သို့ ရောက်ရှိ သွားခဲ့သည်။
အင်ပါယာ ပြည်သူများသည် မျက်စိ မကန်းသလို စိတ်နှလုံးလည်း မကန်းကြပေ။ အုပ်ချုပ်ရေး နန်းတော်တွင် ဖြစ်ပွားခဲ့သော ဤကိစ္စရပ်က အရှင် ယွင်ကျုံးဟဲ့၏ ကြီးမားသော ဉာဏ်ပညာ၊ ကြီးမားသော ခွင့်လွှတ်မှု၊ ကြီးမားသော တရားမျှတမှုကို အပြည့်အဝ ပြသနိုင်ခဲ့၏။
သွေးထွက်သံယို မရှိ၊ အသေအပျောက် မရှိ၊ ပဋိပက္ခ မရှိ၊ ခွဲထွက်မှု မရှိခဲ့ပေ။
ထို့နောက် ရှင်းကျုံး ပါတီ၏ လျှပ်စစ်ဌာနသည် လျှောက်လွှာ ရာပေါင်းများစွာကို တပြိုင်နက်တည်း လက်ခံရရှိခဲ့သည်။
တစ်ရက်တာ အချိန်အတွင်းမှာပဲ အင်ပါယာ အထက်လွှတ်တော် အမတ်များ အားလုံး၊ အင်ပါယာ အရာရှိကြီးများ အားလုံးက လျှပ်စစ်မီး တပ်ဆင်ရန် ဖိတ်ခေါ်ခဲ့ကြ၏။
ထို့နောက် အင်ပါယာ အစိုးရရုံးများ အားလုံး၊ မြို့တော် အုပ်ချုပ်ရေးရုံး အပါအဝင် လျှပ်စစ်မီးများ စတင် တပ်ဆင်လာကြသည်။
နောက်ဆုံးတွင် လျှပ်စစ်မီး မတပ်ဆင်ရသေးသည့် နေရာမှာ အုပ်ချုပ်ရေး နန်းတော် တစ်ခုတည်းသာ ကျန်ရှိတော့၏။
ညဘက်တွင် မြို့တော် တစ်ခုလုံး၏ ညရှုခင်းသည် ပိုမို တောက်ပပြီး လှပလာ၏။ မှောင်မိုက်နေသော အုပ်ချုပ်ရေး နန်းတော်မှာမူ ပို၍ မျက်စိနောက်စရာ ဖြစ်လာပြီး ခေတ်နောက်ကျမှု၏ ကိုယ်စားပြု အဖြစ် ပိုမို ဖြစ်လာခဲ့သည်။
နောက်ဆုံး၌ အုပ်ချုပ်ရေးမှူး နှစ်ဦးသည် မရေမတွက်နိုင်သော လူများ၏ အကြည့်များကို မခံနိုင်တော့ဘဲ အုပ်ချုပ်ရေး နန်းတော်၏ အလင်းရောင် စီမံကိန်းကို တရားဝင် စတင်လိုက်သည်။ အုပ်ချုပ်ရေး နန်းတော်တွင် လျှပ်စစ်မီးများ တပ်ဆင်လိုက်ပြီဖြစ်၏။
ဤသည်မှာ ယွင်ကျုံးဟဲ့၏ ယဉ်ကျေးမှုသစ် လှုပ်ရှားမှု လုံးဝ အောင်မြင်သွားကြောင်း ပြသလိုက်ခြင်းပင် ဖြစ်၏။ ယဉ်ကျေးမှုနှင့် သိပ္ပံပညာတွင် သူသည် အင်ပါယာ တစ်ခုလုံးကို လုံးဝ သိမ်းပိုက်နိုင်ခဲ့ပြီး အုပ်ချုပ်ရေး နန်းတော်ပင်လျှင် အရှုံးပေးလိုက်ရပြီ ဖြစ်သည်။
သို့ပေမည့် ဤအဟုန်က ဤမျှနှင့် မပြီးသေးပေ။ အုပ်ချုပ်ရေးနန်းတော် ရင်ပြင် ပြဿနာက ယွင်ကျုံးဟဲ့ကို တစ်ခါမှ မရှိဖူးသော နာမည်ဂုဏ်သတင်းများ ယူဆောင်လာပေးခဲ့သည်။ ဤအရာများ အားလုံးက တဟုန်ထိုး စီးဆင်းနေသော မြစ်ရေပြင်ကဲ့သို့ လုံးဝ တားဆီး၍ မရနိုင်တော့ပေ။
အစပိုင်းတွင် အစွန်းရောက်ဆုံးသော ရှင်းကျုံး ပါတီဝင်များက သူတို့၏ အိမ်များတွင် အလံများကို စိုက်ထူကြပြီး ထိုအပေါ်တွင် ယွင်ကျုံးဟဲ့၏ပုံကို ရေးထိုးထားကြသည်။
ထို့နောက် မရေမတွက်နိုင်သော ရှင်းကျုံး ပါတီဝင်များက အလုအယက် လိုက်လုပ်ကြပြီးနောက် အင်ပါယာ နိုင်ငံသားများ၊ နောက်ဆုံးတွင် အင်ပါယာ အရာရှိ အများအပြား၏ အိမ်များတွင်ပင် ယွင်ကျုံးဟဲ့၏ အလံများ လွှင့်ထူလာကြ၏။
ရှင်းကျုံး ပါတီ၏ ထိပ်သီး ခေါင်းဆောင်များ အားလုံး စိတ်ထဲတွင် အနည်းငယ် တွေဝေသွားကြသည်။
‘ဒီတစ်ကြိမ် အာဏာသိမ်းမှုက ရှင်းရှင်းကြီး မအောင်မြင်ခဲ့ဘူးလေ။ ဘာလို့ ရလဒ်က အောင်မြင်တာထက် ပိုကောင်းနေရတာလဲ။ အခု လူတိုင်းနီးပါးက အရှင် ယွင်ကျုံးဟဲ့ကို ထောက်ခံနေကြပြီ။ အင်ပါယာရဲ့ စစ်တပ် အချို့တောင် လှုပ်ရှားချင်နေကြပြီ။ ဒါက လူထု သဘောထားပဲ၊ ဒါက တရားမျှတမှုပဲ။’
အမှန်စင်စစ် ယွင်ကျုံးဟဲ့သည် ဘုရင်အာဏာကို အရယူရန်အတွက် တစ်လှမ်းသာ လိုတော့သည့် အနေအထားတွင် ရှိနေသည်။ သူသာ စိတ်ကူးရှိလျှင် လက်တစ်ကမ်းတွင် ရရှိနိုင်မည်မှာ အမှန်ပင်ဖြစ်၏။
သို့ရာတွင် သူသည် ယခုချက်ချင်း အာဏာကို သိမ်းပိုက်လိမ့်မည်မဟုတ်ပေ။ အသီးမှည့်သော်လည်း အညှာကြွေမည့် အချိန်တိုင်အောင် သည်းခံစောင့်ဆိုင်းနေဦးမည်သာ ဖြစ်သည်။
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးနှင့် ဖြစ်ပွားမည့် စစ်ရေးတိုက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိပြီးမှ သာလျှင် ဘုရင်ရာထူးကို တရားဝင်လမ်းကြောင်းမှတစ်ဆင့် မှန်ကန်စွာ တက်လှမ်းသွားမှာဖြစ်၏။
ထို့ကြောင့် ယခုအချိန်တွင် တစ်ခုတည်းသော တွေးတောစရာကိစ္စမှာ လဝက်ခန့်ကြာလျှင် ဖြစ်ပေါ်လာမည့် စစ်ရေးတိုက်ပွဲပင် ဖြစ်သည်။
ယွင်ကျုံးဟဲ့၏ တပ်သားသစ်တစ်ထောင်သည် သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၏ အထူးချွန်ဆုံး စစ်တပ်တစ်သောင်းနှင့် ရင်ဆိုင်တိုက်ခိုက်ရမည့် အရေးကြီးသော တိုက်ပွဲတစ်ခုပင် ဖြစ်၏။
“အရှင်... အထက်လွှတ်တော်ရဲ့ ဒုတိယ အုပ်ချုပ်ရေးမှူး ဟွာပီ လာတွေ့ပါတယ်။” မိဖုရား တူရှားက တံခါးခေါက်ကာ ပြောလိုက်သည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ် အခု သွားကြိုလိုက်မယ်။”
ထို့နောက် သူ၏ အကြည့်များက ကျီးချင့်ဆီသို့ ရောက်ရှိသွားသည်။
“ဘာဖြစ်လို့လဲ။” ကျီးချင့်က မေးလိုက်၏။
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “အထက်လွှတ်တော်ရဲ့ ဒုတိယ အုပ်ချုပ်ရေးမှူး လာတယ်လေ။ မင်းက ဒီလိုပဲ လှဲနေအုံးမှာလား။”
ကျီးချင့်က ဗိုက်ကြီးကို ပွတ်သပ်ကာ မကျေမနပ်ဖြင့် ထထိုင်လိုက်၏။ ‘လှဲနေရတာ ဘယ်လောက်တောင် သက်သောင့်သက်သာ ရှိလိုက်လဲ။’
ယွင်ကျုံးဟဲ့ ဧည့်ခန်းသို့ ရောက်ရှိလာပြီး အထက်လွှတ်တော်၏ ဒုတိယ အုပ်ချုပ်ရေးမှူး ဟွာပီ ကို ကြိုဆိုလိုက်သည်။
“ဟွာပီ... အရှင့်ကို အရိုအသေပေးပါတယ်။” ဒုတိယ အုပ်ချုပ်ရေးမှူးက အလွန် သေသပ်စွာ အရိုအသေပေးလိုက်၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... အကြီးအကဲကို အရိုအသေပေးပါတယ်။”
ထို့နောက် လူနှစ်ဦးသည် စာကြည့်ခန်း အတွင်းသို့ ဝင်ရောက်သွားကြ၏။
ကျီးချင့်က မေးလိုက်သည်။ “အမတ်ကြီး ဟွာပီ... ဘာသောက်မလဲ။ ကျွန်မ သွားဖျော်ပေးပါ့မယ်။”
“လက်ဖက်ရည်ပါ။ ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီးကျီး...” ဟွာပီက ဖြေ၏။
ကျီးချင့် မီးဖိုချောင်ထဲသို့ ဝင်သွားပြီး လက်ဖက်ရည်ကို စတင် ကျိုတော့သည်။
ဤတစ်နှစ်၊ နှစ်နှစ် အတွင်း ယွင်ကျုံးဟဲ့သည် တတိယ စာသင်ကျောင်းရှိ ကျီးချင့်၏ စံအိမ်တွင်သာ ဆက်လက် နေထိုင်ခဲ့သည်။ သူမက အစေခံ ငှားရမ်းခြင်းကို မကျင့်သားရသောကြောင့် အချို့ကိစ္စများကို ယွင်ကျုံးဟဲ့နှင့် သူမ ကိုယ်တိုင်သာ လုပ်ဆောင်ကြရ၏။
သို့ပေမည့် သူမ နေ့ခင်းဘက် စာသင်ကျောင်းသို့ စာသွားသင်ချိန်တွင် ကျွမ်းကျင်သော အိမ်အကူ အချို့ လာရောက်၍ အိမ်ကို သန့်ရှင်းရေး လုပ်ပေးကြ၏။ ကျီးချင့် ပြန်ရောက်လာချိန်တွင် သူတို့ အားလုံး ပြန်သွားကြသည်။
.........................