← Chapters

အခန်း (၈၆၈-၈၆၉)

Vol. 46 Ch. 868-869

အခန်း (၈၆၈-၈၆၉)

Vol. 46 Ch. 868-869

အပိုင်း (၈၆၈) ရှင်းကျန်းသို့ ရောက်ရှိခြင်း။

အရှင်မင်းမြတ်၏ တိုင်းခန်းလှည့်လည်မှု အတိုင်းအတာက အနည်းငယ် ကြီးမားသောကြောင့် အရှိန်နှုန်းမှာလည်း သဘာဝကျကျပင် နှေးကွေးနေခဲ့သည်။

အချိန် နှစ်ရက်ခန့် ထပ်မံပေးလိုက်ရပြီးမှသာ ရှင်းကျန်းခရိုင် နယ်နိမိတ်သို့ ရောက်ရှိသွားခဲ့၏။

အမိန့်စာ ထုတ်ပြန်ပြီးဖြစ်ရာ ရှင်းကျန်းခရိုင်ရှိ အရာရှိအဆင့်ဆင့်မှာ သတင်းကို ကြိုတင်ရရှိထားပြီး ဖြစ်သည်။

ထို့အပြင် အရှင်မင်းမြတ်၏ ခရီးစဉ်ကို စုံစမ်းရန် အပြင်သို့ လူများကို အစောကြီးကတည်းက စေလွှတ်ထားခဲ့၏။

ယခုအချိန်တွင် ရှင်းကျန်းခရိုင်အပြင်ဘက်၌ တစ်ခရိုင်လုံးရှိ အရာရှိများက စုရုံးကာ ကြိုဆိုရန် စောင့်ဆိုင်းနေကြသည်။

ဦးဆောင်နေသူမှာ ရှင်းကျန်းခရိုင်ဝန် စွန်းရှန်းပင် ဖြစ်၏။

စွန်းရှန်းမှာ အရပ်အမောင်း မြင့်မားပြီး ရုပ်ဆင်းသဏ္ဌာန်မှာလည်း ထူးခြားလှကာ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဖြောင့်မတ်တည်ကြည်သော ခံစားချက်ကို ပေးစွမ်းနိုင်သည်။

လူတိုင်းက အနည်းငယ် စိုးရိမ်တကြီး ဖြစ်နေကြချိန်တွင် သူတစ်ယောက်တည်းသာ တည်ငြိမ်အေးဆေးစွာ ရှိနေခဲ့၏။

အရာရှိတစ်ဦးက မနေနိုင်ဘဲ မေးလိုက်သည်။ "ဆရာစွန်း ... အရှင်မင်းကြီး လာနေပြီကို ဆရာ မစိုးရိမ်ဘူးလား။ ဒါမှမဟုတ် ကျွန်တော်မျိုး မြို့ထဲကို လူလွှတ်ပြီး ထပ်စီစဉ်ခိုင်းလိုက်ရမလား။"

စွန်းရှန်းသည် လက်ကို ညင်သာစွာ ဝှေ့ယမ်းကာ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။ "မလိုပါဘူး။ ကျုပ်ရဲ့ ဒီနေ့ စွမ်းဆောင်ရည်တွေကို အရှင်မင်းကြီး သေချာပေါက် ကျေနပ်လိမ့်မယ်လို့ ထင်တယ်။ နှမြောစရာကောင်းတာက ကျုပ်အတွက် အချိန်တိုတောင်းလွန်းတယ်။ အကယ်၍ နောက်နှစ်မှသာ ထပ်လာမယ်ဆိုရင် ရှင်းကျန်းခရိုင်က ဒီနေ့ထက်စာရင် မိုးနဲ့မြေလို ကွာခြားသွားမှာ သေချာတယ်။"

စွန်းရှန်းတွင် ဂုဏ်ယူဝင့်ကြွားနိုင်စရာ အကြောင်းရင်းများ အမှန်တကယ် ရှိပေသည်။ သူ ရာထူးတက်လာချိန်မှစ၍ ယနေ့အထိ အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲခြင်း၊ ဓလေ့ထုံးစံများကို စည်းကမ်းတကျဖြစ်အောင် လုပ်ဆောင်ခြင်းများတွင် ဦးနှောက်ခြောက်ခံကာ အစွမ်းကုန် ကြိုးစားခဲ့သည်ဟု ဆိုနိုင်၏။

ဟန်လင်အကယ်ဒမီက သူ့ကို ထောက်ခံတင်ပြခဲ့ခြင်းမှာ အောင်မြင်မှုရလဒ်များ ပြသကာ ကုန်သွယ်မှု ဖြေလျှော့ရေးကို ဆန့်ကျင်ရန်အတွက် ဖြစ်သည်။ သူကလည်း တကယ်ကို လုပ်နိုင်ခဲ့ပေသည်။

သူသည် ဖျင်ဝမ်ခရိုင်၏ အခြေအနေကို စုံစမ်းဖူးခဲ့ရာ ထိုနေရာတွင် ကုန်သည်များ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာနေပြီး ပတ်ဝန်းကျင်၏ ရှုပ်ထွေးမှုက အပြင်လောကထက် အများကြီး ပိုမိုဆိုးရွားနေသည်ဟု သိရ၏။

သို့သော်ငြား ရှင်းကျန်းခရိုင်အတွင်း၌တော့ ပြည်သူများက ကိုယ့်အလုပ်ကိုယ် လုပ်ကြကာ အလွန်တရာ စည်းကမ်း ကျနလှပေသည်။ ကုန်သွယ်ရေးကို ဖိနှိပ်သည့် လုပ်ရပ်များ ထွက်ပေါ်လာသည်နှင့်အမျှ ကုန်ဈေးနှုန်းများပင်လျှင် ဖျင်ဝမ်ခရိုင်ထက် အနည်းငယ် ပိုမိုသက်သာသွားခဲ့သည်။

ဤသည်မှာ ဒေသခံ သူဌေးသူကြွယ်များနှင့် ချိတ်ဆက်ထားခြင်းကြောင့် ဖြစ်ပေသည်။ အဆုံးတွင်တော့ ရှင်းကျန်း၏ အဓိက စီးပွားရေးလုပ်ငန်းများက ဤမိသားစုများ၏ လက်ထဲတွင်သာ ရှိနေသည် မဟုတ်ပါလား။

စွန်းရှန်းသည် အပြောင်းအလဲကို နားမလည်သူ တစ်ယောက်တော့ မဟုတ်ပေ။ ယခင်က ယန်ကော်အန်း သေဆုံးသွားခဲ့ရသည်မှာ မျက်စိရှေ့တွင်ပင် ရှိနေသေး၏။

ယန်ကော်အန်းသည် ယခင်က သူဌေးသူကြွယ်များကို အလွန်အမင်း မှီခိုပြီး မျက်နှာလိုက်လွန်းသောကြောင့် ကိုယ်စိုက်သည့်အသီးကို ကိုယ်ပြန်စားရခြင်း ဖြစ်သည်။

ထို့ကြောင့် သူက ဒေသခံ သူဌေးများကို ဆွဲဆောင်စည်းရုံးကာ ရင်းနှီးအောင် လုပ်ဆောင်ခြင်းမဟုတ်ဘဲ အစွမ်းကုန် တိုက်ခိုက်ချေမှုန်းခဲ့ခြင်း ဖြစ်၏။

ဤမိသားစုများ၏ နာမည်အောက်တွင်ရှိသော စီးပွားရေးလုပ်ငန်းများကို သူက အရာရှိများလွှတ်၍ မကြာခဏ စစ်ဆေးလေ့ရှိပြီး ဈေးတင်ထားသည်ကို တွေ့ရှိပါက ချက်ချင်း အပြစ်ပေးလေ့ရှိသည်။

အကယ်၍ အောက်ခြေအရာရှိငယ်တစ်ဦးဦးက လာဘ်စားရန် ရဲတင်းနေပါက သို့မဟုတ် အလုပ်လုပ်ရာတွင် တိကျသေချာမှု မရှိပါက သူက လုံးဝ သနားညှာတာလေ့ မရှိပေ။

အရာရှိများကို စည်းကမ်းတကျဖြစ်အောင် လုပ်ဆောင်ခြင်း၊ သူဌေးများကို တိုက်ခိုက်ချေမှုန်းခြင်းစသည့် နည်းလမ်းနှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုမှသာ ယနေ့ကဲ့သို့သော အောင်မြင်မှုရလဒ်များကို ရရှိခဲ့ခြင်း ဖြစ်၏။

ဤလုပ်ငန်းစဉ်များက အလွန်အမင်း ခက်ခဲသည်ဟုတော့ ပြော၍မရပေ။ အဆုံးတွင်တော့ သူက မြို့တော်မှ ဆင်းလာသော အရာရှိတစ်ဦးဖြစ်ပြီး ကိုယ်ပေါ်တွင် ထူးခြားသော အဓိပ္ပာယ်များ သယ်ဆောင်လာသူ ဖြစ်သည်။

ကျောထောက်နောက်ခံပြုထားသော အရင်းအမြစ် အမျိုးမျိုးက သူ့ကို နယ်ခံလူမိုက်များကို ခြေနှင့်နင်းပြီး အလုပ်လုပ်နိုင်စေရန် ထောက်ပံ့ပေးထား၏။

ဤတစ်ကြိမ်တွင် အရှင်မင်းကြီးက ခရိုင်နှစ်ခုလုံးကို စစ်ဆေးပြီးစီးရန် စောင့်ဆိုင်းပြီးနောက် သူလည်း ရာထူးတိုးကာ မြို့တော်သို့ ပြန်ရတော့မည်ဖြစ်ပြီး ကုန်သွယ်မှုဖြေလျှော့ရေးဟူသော ယုတ္တိမတန်သည့် ကိစ္စကိုလည်း ရပ်တန့်ပစ်သင့်ပြီ ဖြစ်သည်။

စွန်းရှန်းက ဤသို့ တွေးတောနေခဲ့၏။

ဘေးနားရှိလူက ထပ်မံ သတိပေးလိုက်သည်။ "ဆရာစွန်း ... မြို့ပြင်မှာ အရှင်မင်းကြီးအတွက် ကြိုဆိုပွဲ အခမ်းအနားတစ်ခုလောက် ပြင်ဆင်ထားလိုက်ရမလား။ ကျုပ်တို့ ရုံးတော်က လူနည်းနည်းလေးပဲ ဒီမှာ ရပ်နေတာက အရမ်း ရိုးရှင်းလွန်းမနေဘူးလား။"

စွန်းရှန်းသည် ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းခါလိုက်၏။ "မလိုဘူး။ အရှင်မင်းကြီးက ချွေတာခြင်းကို ဂုဏ်ကျက်သရေတစ်ခုအဖြစ် သတ်မှတ်ထားတာ။ ဒီတစ်ခေါက် ခရီးထွက်တာကလည်း အရမ်း ရိုးရှင်းတယ်။ လက်ရှိအခြေအနေက အကောင်းဆုံးပဲ။"

သူက ဆက်ပြောလိုက်သည်။ "အကယ်၍ ကြီးကြီးကျယ်ကျယ်နဲ့ ရှုပ်ရှုပ်ယှက်ယှက်တွေ လုပ်လိုက်ရင် အရှင်မင်းကြီးက ပိုပြီးတောင် သဘောမကျဖြစ်သွားလိမ့်မယ်။"

"မြို့ထဲက သန့်ရှင်းရေးနဲ့ လုံခြုံရေးကို ကောင်းကောင်းလုပ်ထားရင် လုံလောက်ပြီ။ အရှင်မင်းကြီးက ရိုးရိုးရှင်းရှင်းပဲ လျှောက်ကြည့်သွားမှာပါ။ နောက်ဆုံးကျရင် ခရိုင်ရုံးတော်ကို သွားပြီး ဒီနှစ်ရဲ့ အောင်မြင်မှု ရလဒ်တွေကို စစ်ဆေးလိမ့်မယ်။ အလွန်ဆုံးနေမှ နှစ်ရက်ထက် မပိုပါဘူး။ အားလုံး စိတ်လှုပ်ရှားနေစရာ မလိုပါဘူး။

ကျုပ်တို့ ဒီတစ်ကြိမ် လုပ်ပြနိုင်ခဲ့တဲ့ အောင်မြင်မှုတွေက တစ်နိုင်ငံလုံးကို အထင်သေးနိုင်လောက်တဲ့အထိ လုံလောက်တယ်။ ကျုပ်တို့ တာ့ကျင်းရဲ့ ဘယ်ခရိုင်က တစ်နှစ်အချိန်အတွင်းမှာ ဒီလောက် ကြီးမားတဲ့ တိုးတက်မှုကို လုပ်ပြနိုင်လဲလို့ မေးကြည့်လိုက်ချင်သေးတယ်။"

စွန်းရှန်းက ပြုံး၍ မေးလိုက်၏။

အရာရှိတစ်ဦးက ပြောလိုက်သည်။ "မှန်ပါတယ်။ ဆရာစွန်းရဲ့ အုပ်ချုပ်မှု စွမ်းရည်တွေကြောင့်ပါ။ အရှင်မင်းကြီးက သေချာပေါက် အရမ်းဝမ်းမြောက်သွားပြီး ဆရာစွန်းကို ချွင်းချက်အနေနဲ့ ရာထူးတိုးပေးလိမ့်မယ်လို့ ထင်ပါတယ်။"

အခြားတစ်ဦးကလည်း ဝင်ပြောလိုက်၏။ "ဒီလောက်ကြီးမားတဲ့ စွမ်းဆောင်ရည်မျိုးဆိုရင် ဖျင်ဝမ်ခရိုင်နဲ့ ကျုပ်တို့ ရှင်းကျန်းခရိုင်ကို ယှဉ်ကြည့်လိုက်ရင် မိုးနဲ့မြေလို ကွာခြားနေမှာ အသေအချာပဲ။"

မြို့အပြင်ဘက်တွင် မြှောက်ပင့်ဖားယားသံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။

...

ရှင်းကျန်းခရိုင်သို့ ရောက်ရန် ခရီးဆယ်လီပင် မလိုတော့ချေ။

ဖန်ကျန်းရီသည် မြင်းပေါ်တွင် ထိုင်ကာ တိတ်ဆိတ်စွာ တွေးတောနေခဲ့၏။

ယောက္ခထီးကြီး အပြင်ထွက်လာခဲသည်ဖြစ်ရာ ဤသည်မှာ ရိုသေကိုင်းရှိုင်းမှုကို ပြသရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။

ရှင်းကျန်းခရိုင်ကို ကျော်လွန်သွားသည်နှင့် ဖျင်ဝမ်ခရိုင်တွင် ကြီးကျယ်ခမ်းနားသော ကြိုဆိုပွဲ အခမ်းအနားကြီးက သူ့ကို စောင့်ကြိုနေပေလိမ့်မည်။

စက္ကူပန်း အမြောက်အလုံး ငါးဆယ်၊ ကော်ဇောနီခင်း ကြိုဆိုပွဲ၊ လူမှုအကျိုးပြု စီမံကိန်း ဖဲကြိုးဖြတ်ပွဲ ... ညဘက် ကြီးမားသော မီးရှူးမီးပန်း အခမ်းအနား။

သူက ယန်ဖုန်းဖန်ထံသို့ အစောကြီးကတည်းက စာပို့၍ အကြောင်းကြားထားပြီး ဖြစ်၏။

ယောက္ခထီးကြီးက တစ်နေ့ကုန် ချွေတာရေး လုပ်နေသည်ဟုသာ ကြည့်မနေနှင့်။ စိတ်ထဲတွင်တော့ အတော်လေးကို ဟန်ရေးပြချင်နေသူ ဖြစ်သည်။

အရှင်မင်းမြတ်များက ဤကဲ့သို့သောအရာများကို ကြည့်ရသည်ကို နှစ်သက်ကြသည်။ ဟန်ဆောင်ပြီး ထုတ်မပြောခြင်းသာ ဖြစ်၏။ ယခင်က သူ အစီအစဉ်များ လုပ်ပေးခဲ့တိုင်း နှုတ်ခမ်းထောင့်များ မထိန်းနိုင်အောင် ပြုံးယောင်သန်းသွားခဲ့သည် မဟုတ်ပါလား။

အရှင်မင်းမြတ်ဟူသော ဂုဏ်ပုဒ်သာ မရှိပါက ယောက္ခထီးကြီးကို အပြင်ခေါ်ထုတ်သွားပြီး ခြေဆေးနှိပ်နယ်ပေးရပေလိမ့်မည် ...

ယန်ဖုန်းဖန် တစ်ယောက် မည်မျှအထိ ပြင်ဆင်ထားသနည်း ဆိုသည်ကိုတော့ မသိရပေ။

ဤကဲ့သို့သော ကိစ္စမျိုးကို ကိုယ်တိုင်ကိုယ်ကျ မလုပ်ရပါက စိတ်ထဲတွင် အမြဲတမ်း မလုံမခြုံ ဖြစ်နေတတ်၏။

ခရီးတစ်ထောက် ထပ်မံနှင်ပြီးနောက် တပ်ဖွဲ့ကြီးမှာ ရှင်းကျန်းခရိုင် အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။

စွန်းရှန်းသည် အရာရှိတစ်စုကို ဦးဆောင်ကာ အားလုံးအတူတကွ ဒူးထောက်အရိုအသေပေးလိုက်ကြ၏။

"ကျွန်တော်မျိုးတို့ အရှင်မင်းကြီးကို လှိုက်လှဲစွာ ကြိုဆိုပါတယ်။"

ကျင်းဘုရင်မင်းမြတ်သည် ပြုံးလျက် လက်ကို မြှောက်ကာ မိန့်ကြားလိုက်သည်။ "အခမ်းအနားတွေ အရမ်းလုပ်နေစရာ မလိုပါဘူး။ ထကြပါ။"

လူတိုင်းက မတ်တတ်ရပ်လိုက်ကြ၏။

ကျင်းဘုရင်မင်းမြတ်သည် တစ်ချက် ဝေ့ကြည့်လိုက်ပြီး အကြည့်များက စွန်းရှန်း၏ ကိုယ်ပေါ်တွင် ရပ်တန့်သွားသည်။ "မင်းက စွန်းရှန်းလား။ တကယ်ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ အရည်အချင်းရှိတာပဲ။"

စွန်းရှန်း၏ စိတ်ထဲတွင် တိတ်တဆိတ် ဝမ်းသာသွားခဲ့၏။ "ကျွန်တော်မျိုး မခံယူရဲပါဘူး။ အရှင်မင်းကြီး လမ်းခရီးတစ်လျှောက် ပင်ပန်းလာတာမို့ ကျွန်တော်မျိုးက အရှင်မင်းကြီးအတွက် တည်းခိုမယ့်နေရာကို အစောကြီးတည်းက ပြင်ဆင်ထားပြီးပါပြီ။ အရှင်မင်းကြီး မြို့ထဲကို ဝင်တော်မူပါ။"

လိုက်ပါလာသော အရာရှိကြီးများ၏ စိတ်ထဲတွင် မြူးတူးပျော်ရွှင်သွားကြသည်။

အထူးသဖြင့် လီယန်စုန့်၊ ရှီဝမ်ရှူ၊ ယန်ရင်းချိုက်စသည့် အရာရှိကြီးများမှာ ပို၍ပင် ဝမ်းသာအားရ ဖြစ်နေကြ၏။

ဤနေရာကို ရောက်လာပြီဆိုတော့ အတန်ကြာ အနားယူနိုင်ပြီဟု ဆိုနိုင်ပေသည်။ လမ်းတစ်လျှောက်လုံး ခါယမ်းလာခဲ့ရသဖြင့် လူတောင် အရိုးတွေ ပြုတ်ထွက်တော့မလို ခံစားနေရပြီ ဖြစ်သည်။

သို့ပေမည့် မမျှော်လင့်ဘဲ ကျင်းဘုရင်မင်းမြတ် က စွန်းရှန်းကို ကြည့်ကာ မိန့်ကြားလိုက်၏။ "မလိုတော့ဘူး။"

ကျင်းဘုရင်မင်းမြတ် က ဆက်လက် မိန့်ကြားလိုက်သည်။ "ကိုယ်တော် ပြည်သူတွေကို မနှောင့်အယှက်ချင်ဘူး။ ဒီနေရာမှာပဲ သာမန်ဝတ်စုံတွေ လဲလှယ်ပြီး ကိုယ်တော်နဲ့အတူ ကိုယ်ယောင်ဖျောက် လေ့လာကြည့်ကြတာပေါ့။ ကြီးကြီးကျယ်ကျယ်တွေ လုပ်နေစရာ မလိုပါဘူး။"

ကော်ထျန်းယန်က အံ့အားသင့်စွာဖြင့် လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး ... ဒါဆိုရင် သက်တော်စောင့်တွေကရော ..."

ကျင်းဘုရင်မင်းမြတ် က မိန့်ကြားလိုက်သည်။ "သက်တော်စောင့်တွေက အပြင်မှာ တပ်စွဲထားရစ်ခဲ့။ ရှင်းကျန်းခရိုင် ထဲမှာ ဘာပြဿနာများ ရှိနိုင်အုံးမှာလဲ။ အများကြီး စိုးရိမ်မနေနဲ့။ ကျန်းပြောင် ကိုယ်တော်နဲ့အတူ လိုက်ပါလာရင် လုံလောက်ပါပြီ။"

ဖန်ကျန်းရီသည် ခပ်ဖွဖွ တွန်းလိုက်ကာ ကျန်းပြောင်ကို ရှေ့သို့ တွန်းပို့လိုက်၏။ "တက်တက်ကြွကြွလေး နေစမ်း။"

ကျန်းပြောင်သည် ရင်ကော့ခေါင်းမော့လိုက်ရာ ယှဉ်စရာမရှိအောင် သန်မာတောင့်တင်းနေပုံ ပေါ်သွားသည်။

စွန်းရှန်းကလည်း ဝင်ပြောလိုက်၏။ "အရှင်မင်းကြီးနဲ့ အရာရှိမင်းတို့ အားလုံး စိတ်ချလက်ချ နေနိုင်ပါတယ်။ မြို့ထဲက ခိုးကြောင်ခိုးဝှက်ကောင်တွေကို ရှင်းလင်းထားပြီးပါပြီ။ အရှင်မင်းကြီးရဲ့ လုံခြုံရေးကို ကျွန်တော်မျိုး တာဝန်ယူပါတယ်။"

စကားက ဤအခြေအနေအထိ ရောက်လာပြီဖြစ်ရာ အားလုံးကလည်း ထပ်ပြောစရာ ဘာမှမရှိတော့ပေ။ သာမန်ဝတ်စုံများကို လဲလှယ်ကာ မြို့ထဲသို့ ဝင်ရောက်သွားရန်သာ ရှိတော့၏။

မြို့ထဲသို့ ဝင်ရောက်လိုက်သည်နှင့် ကျင်းဘုရင်မင်းမြတ် နှင့် နောက်ပါအရာရှိများ၏ မျက်စိရှေ့တွင် လင်းလက်သွားခဲ့သည်။

တခြားအရာများကို မပြောနှင့်ဦး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးက တကယ်ကို ကောင်းမွန်လှသည်။ လမ်းတစ်လျှောက် ဖြတ်သန်းလာခဲ့သော ခရိုင်အနည်းငယ်မှာ ရှင်းကျန်းခရိုင်လောက် သန့်ရှင်းသပ်ရပ်မှု မရှိကြပေ။

စွန်းရှန်းသည် အခြားသူများ၏ တုံ့ပြန်မှုများကို တိတ်တဆိတ် အကဲခတ်ကြည့်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်မိ၏။

ဖန်ကျန်းရီတွင် အုပ်ချုပ်ရေးနှင့်ပတ်သက်၍ ထူးခြားသော ကိုယ်ပိုင်ဟန်တစ်ခု ရှိပြီး သန့်ရှင်းရေးက ၎င်းတို့အထဲတွင် အရေးအကြီးဆုံးဖြစ်ကြောင်း သူ သိထားသည်။

ကျင်းဘုရင်မင်းမြတ်ကလည်း သူ့ကို အလွန်အမင်း သဘောကျနေသည်ဖြစ်ရာ ဖန်ကျန်းရီ၏ အားသာချက်များကို သဘာဝကျကျ အတုယူသင်ယူရမည်။ ဤလူက ဟန်လင်အကယ်ဒမီတွင် နာမည်မကောင်းလျှင်တောင်မှ ကောင်းမွန်သောအရာ ဖြစ်နေသရွေ့ သူက အသုံးပြုရန် ဆန္ဒရှိပေသည်။

"ဒီမြို့ထဲက ပြည်သူတွေရော ... ဘာလို့ အရေအတွက်က ဒီလောက်တောင် နည်းနေရတာလဲ။"

အတန်ကြာ လမ်းလျှောက်ပြီးနောက် ပြည်သူ လူဆယ်ဂဏန်းလောက်သာ တွေ့ရသဖြင့် ကျင်းဘုရင်မင်းမြတ် က မေးခွန်းထုတ်လိုက်၏။

စွန်းရှန်းက ဖြေကြားလိုက်သည်။ "ဒီနှစ်ရက်အတွင်း အရှင်မင်းကြီး ရောက်လာမယ်ဆိုတာ သိထားလို့ ကျွန်တော်မျိုးက တစ်မြို့လုံးကို အကြောင်းကြားဖို့ လူလွှတ်ထားခဲ့တာပါ။ ပြည်သူတွေကလည်း အရှင်မင်းကြီးကို အနှောင့်အယှက်ဖြစ်သွားမှာ စိုးရိမ်လို့ အပြင်ထွက်ဖို့ မဝံ့မရဲ ဖြစ်နေကြတာပါ။"

ကျင်းဘုရင်မင်းမြတ်က မေးလိုက်၏။ "မင်းက ပြည်သူတွေကို အပြင်မထွက်ဖို့ တားမြစ်ထားတာတော့ မဟုတ်ပါဘူးနော်။"

စွန်းရှန်းက လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီးရဲ့ အမိန့်စာထဲမှာ ပြည်သူတွေရဲ့ လှုပ်ရှားမှုကို မကန့်သတ်ဖို့ ရှင်းရှင်းလင်းလင်း တားမြစ်ထားပြီးသားမို့ ကျွန်တော်မျိုးက ကိုယ့်သဘောနဲ့ကိုယ် မဆုံးဖြတ်ရဲပါဘူး။ အရှင်မင်းကြီး အတွင်းကို ဝင်သွားရင် ပြည်သူတွေ ပိုများလာပါလိမ့်မယ်။"

ကျင်းဘုရင်မင်းမြတ်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ဤကဲ့သို့သော ကိစ္စမျိုးကို စွန်းရှန်း လိမ်ညာပြောဆိုစရာ အကြောင်းမရှိဟု သူ ယုံကြည်သည်။

ထို့အပြင် ခေတ္တမျှ ထိတွေ့ကြည့်ပြီးနောက် ဤလူက အတော်လေး ပွင့်လင်းမြင်သာမှုရှိသည်ဟု ခံစားရပြီး ပထမဆုံး အမြင်တွင်ပင် မဆိုးလှချေ။

ကျင်းဘုရင်မင်းမြတ် က မိန့်ကြားလိုက်သည်။ "ကောင်းပြီ။ ဒါဆိုရင် မင်းက ခရိုင်ကို ဘယ်လိုအုပ်ချုပ်တယ်ဆိုတာ ကိုယ်တော့်ကို အရင်ပြောပြစမ်းပါ။"

အပိုင်း (၈၆၉) ဂန္ထဝင်မြောက် ပြန်လည်အသက်ဝင်လာခြင်း။

စွန်းရှန်းသည် အကြောင်းအရာ တစ်ခုချင်းစီကို စတင်ပြောပြလိုက်၏။

အသေးအမွှားမှစ၍ အကြီးစားကိစ္စများအထိ အလွန်တရာ စနစ်ကျရှင်းလင်းစွာ ပြောပြနိုင်ပြီး လေသံမှာလည်း အတက်အကျ၊ အနိမ့်အမြင့်နှင့် အလွန်နားထောင်ကောင်းလှပေသည်။

လမ်းတစ်လျှောက် ဖြတ်သန်းသွားသော ဆိုင်ခန်းများနှင့် ဈေးသည် တော်တော်များများကလည်း အားတက်သရော အော်ဟစ်ဈေးခေါ်နေကြပြီး ဟင်းသီးဟင်းရွက်ဈေးနှုန်းများကို အသံကျယ်ကျယ်ဖြင့် အော်ဟစ်ပြောဆိုနေကြသည်။

ရှီဝမ်ရှူသည် ကုန်ဈေးနှုန်းများကို ကောင်းစွာ သိရှိထားရာ မြို့ထဲရှိ ဈေးနှုန်းများက သက်သာကြောင်းကို ကျင်းဘုရင်မင်းမြတ်အား မကြာခဏ သတိပေး ပြောဆိုနေ၏။

ကျင်းဘုရင်မင်းမြတ်မှာ နားထောင်ရင်း ခေါင်းတစ်ညိတ်ညိတ် ဖြစ်နေပြီး နောက်တွင် လိုက်ပါလာသော အရာရှိကြီး အချို့မှာလည်း မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေကြသည်။

အရည်အချင်းရှိသူပါလား ... ဤသည်က တကယ့်ကို နိုင်ငံကို အကျိုးပြုနိုင်သော အသုံးဝင်သည့် အရည်အချင်းရှိသူ ဖြစ်၏။

နည်းပညာလည်း ရှိသည်၊ လက်တွေ့လှုပ်ရှားမှုလည်း ရှိသည်၊ လက်တွေ့အသုံးချမှုလည်း ရှိသည်။ အရေးအကြီးဆုံးမှာ ယဉ်ကျေးသိမ်မွေ့ကာ မိမိကိုယ်ကိုယ် နှိမ့်ချလွန်းခြင်း၊ မောက်မာလွန်းခြင်း မရှိပေ။ ဖန်ကျန်းရီ ဆိုသည့်ကောင်ထက် အဆဘယ်လောက်တောင် သာလွန်နေသနည်း မသိနိုင်ချေ။

ယန်ရင်းချိုက်မှာ သူ၏ မျက်နှာပေါ်ရှိ ကျေနပ်ဂုဏ်ယူနေသော အမူအရာကို ဖုံးကွယ်မထားနိုင်တော့ပေ။

သူက ဖန်ကျန်းရီထံသို့ မကြာခဏ အကြည့်တစ်ချက် ပေးလိုက်သေး၏။

ဤစိတ်အနှောင့်အယှက်ဖြစ်စရာ အဘိုးအိုက သူ့အား ထိုအကြည့်မျိုးဖြင့် အမြဲတမ်း ရန်စနေသည်ကို မြင်သောအခါ ဖန်ကျန်းရီမှာ အတော်လေး စိတ်ပျက်သွားခဲ့သည်။

နားထောင်ကြည့်ရသည်မှာလည်း တကယ်ကို မဆိုးလှချေ။ ဤစွန်းရှန်း၏ စကားပြောစွမ်းရည်နှင့် တချို့သော လုပ်နည်းလုပ်ဟန်များ အပါအဝင် အားလုံးက နားထောင်ကြည့်ရုံဖြင့် ပြီးပြည့်စုံနေပေသည်။ လုံးဝ အပြစ်ရှာစရာမရှိဟု ဆိုနိုင်၏။

ဟန်လင်အကယ်ဒမီထဲမှာ တကယ်ပဲ ပညာရှင်တွေ ရှိနေတာပဲ။ ဒီတစ်ခါ ချောက်ချလိုက်တာက တကယ်ကို ရက်စက်လွန်းတယ်။

သို့သော်ငြား ဖန်ကျန်းရီသည် ဟိုဟိုဒီဒီ လိုက်ကြည့်နေရင်း တချို့သောနေရာများက သူ့အား အကြောင်းပြချက်မရှိဘဲ မသက်မသာ ခံစားရစေကြောင်း အမြဲတမ်း ခံစားနေရသည်။

ကျင်းဘုရင်မင်းမြတ်လည်း ထိုနည်းတူပင် ဖြစ်သည်။ မူလက စွန်းရှန်း၏ ပြောပြချက်များကို နားထောင်ရင်း အလွန်တရာ ဝမ်းသာအားရ ဖြစ်နေခဲ့၏။

သို့သော်ငြား ရှင်းကျန်းခရိုင် မြို့ထဲသို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်သွားလေ၊ ပြည်သူများကို ပိုမို တွေ့မြင်ရလေဖြစ်ပြီး အနည်းငယ် ကသိကအောက် ဖြစ်လာကြောင်းကို ခံစားလာရသည်။

ရှင်းကျန်းခရိုင်ထဲရှိ ပြည်သူများက ... တက်ကြွမှု မရှိသလို ခံစားနေရ၏။

စွန်းရှန်းက စကားတွေ တရစပ် ပြောနေဆဲဖြစ်ရာ ကျင်းဘုရင်မင်းမြတ် က ဖြတ်ပြောလိုက်ပြီး မလှမ်းမကမ်းရှိ ပြည်သူများကို လက်ညှိုးထိုးကာ မေးလိုက်သည်။ "ကိုယ်တော် လမ်းတစ်လျှောက်လုံး မြင်ခဲ့ရသလောက် ခရိုင်ထဲက ပြည်သူတော်တော်များများက ဘာဖြစ်လို့ ပိန်လှီနေရတာလဲ။"

"ဗျာ။"

စွန်းရှန်းမှာ အနည်းငယ် ကြောင်အမ်းသွားပြီး ကျင်းဘုရင်မင်းမြတ် လက်ညှိုးထိုးပြသည့် နေရာသို့ လိုက်ကြည့်ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ဖြေလိုက်၏။ "အရှင်မင်းကြီးက သူတို့တွေ အရမ်း ပိန်လှီနေတယ်လို့ ထင်နေတာလား ... ပြည်သူတွေဆိုတာ ဒီလိုပဲ မဟုတ်ဘူးလား။ ကျွန်တော်မျိုး အရာရှိသစ်အဖြစ် စတင် တာဝန်ထမ်းဆောင်ချိန်က တွေ့ခဲ့ရတဲ့ ပြည်သူတွေကလည်း ဒီလိုပါပဲ။"

သူက ထိုသို့ပြောနေရင်း ရုတ်တရက် သူ၏ စကားလုံးရွေးချယ်မှုက အနည်းငယ် မှားယွင်းနေကြောင်း ခံစားလိုက်ရသဖြင့် ချက်ချင်းပင် ထိတ်လန့်တကြား လျှောက်တင်လိုက်သည်။ "ဒါတွေအားလုံးက ကျွန်တော်မျိုးရဲ့ ပေါ့ဆမှုတွေပါ။ ပြည်သူတွေရဲ့ နေထိုင်မှုဘဝမှာ တိုးတက်လာနိုင်မယ့် အရာတွေ အများကြီး ရှိပါသေးတယ်။ ကျွန်တော်မျိုး နောက်ပိုင်းမှာ သေချာပေါက် အစွမ်းကုန် ကြိုးစားသွားပါ့မယ်။"

စွန်းရှန်း၏ အနောက်ရှိ အရာရှိအချို့မှာ ထိုအခြေအနေကို မြင်သောအခါ တီးတိုး စကားပြောဆိုလာကြ၏။

ကျင်းဘုရင်မင်းမြတ် က မိန့်ကြားလိုက်သည်။ "ကိစ္စမရှိပါဘူး။ ကိုယ်တော်က နည်းနည်း သိချင်ရုံလေးပါ။ မင်း အခု လုပ်ထားတာတွေက အတော်လေး ကောင်းနေပါပြီ။"

အဆုံးတွင်တော့ သူ တာဝန်ထမ်းဆောင်ရသည့် အချိန်က တိုတောင်းလွန်းပြီး ရှင်းကျန်းခရိုင်က ယခင်တည်းက ဆင်းရဲနွမ်းပါးခဲ့မည်ဆိုလျှင် ပြည်သူများ၏ အခြေအနေ မကောင်းမွန်ခြင်းကလည်း သဘာဝကျပေသည်။ ရောက်လာသည်နှင့် တစ်ပြိုင်နက် မိုးပြို မြေလှန်သလို ပြောင်းလဲသွားစေနိုင်သည့် စွမ်းရည်မျိုး ရှိရန် မဖြစ်နိုင်ပေ။

သို့ပေမည့် ကျင်းဘုရင်မင်းမြတ် ၏ ဤမေးခွန်းက ဖန်ကျန်းရီအား သတိပေးလိုက်သလို ဖြစ်သွားခဲ့၏။ သူက သေချာစွာ ထပ်မံ ကြည့်ရှုလိုက်ပြီးနောက် စိတ်ထဲတွင် တဖြည်းဖြည်း လေးလံလာခဲ့သည်။

ဤသည်က တက်ကြွမှု မရှိရုံတင် မကတော့ပေ ... အချိန်ကြာမြင့်စွာ ထမင်းဝဝ မစားရသည့် အခြေအနေနှင့် ပိုတူနေ၏။

ဤကဲ့သို့သော လူမျိုးကို သူ အများကြီး တွေ့ခဲ့ဖူးသည်။

သို့ပေမည့် ယုတ္တိအရကြည့်လျှင်တော့ မဖြစ်သင့်ပေ။ ဤစွန်းရှန်းတွင် အစွမ်းအစ ရှိပြီး ပြောဆိုရာတွင်လည်း အလွန် စနစ်ကျလှသည်။ ထို့အပြင် မကြာသေးမီ နှစ်များအတွင်း စားနပ်ရိက္ခာများ အဆက်မပြတ် အထွက်တိုးခဲ့ပြီး ကန်စွန်းဥ၊ အာလူးစသည့် အထွက်နှုန်းကောင်းသော သီးနှံများကိုလည်း တွင်ကျယ်စွာ စိုက်ပျိုးနေကြပြီ ဖြစ်၏။

ဟန်ကျန်းပြည်နယ်က မြို့တော်နှင့် ဤမျှနီးကပ်နေရာ ပြည်သူများအနေဖြင့် ငတ်မွတ်ခေါင်းပါးမှု ဒဏ်ကို မခံစားသင့်ပေ။ သို့မဟုတ် သူပဲ အမြင်မှားနေသည်လား။

ကျင်းဘုရင်မင်းမြတ် ၏ အနောက်တွင်ရှိသော လီယန်စုန့်၊ ယန်ရင်းချိုက်၊ ရှီဝမ်ရှူတို့မှာတော့ ဝမ်းသာအားရ စကားပြောဆိုနေကြပြီး စွန်းရှန်း၏ နာမည်ကို သဲ့သဲ့ကြားနေရ၏။ ဤကဲ့သို့ အရည်အချင်းရှိသော နောက်တက် လူငယ်များအပေါ်တွင် အလွန်တရာ လေးစားသဘောကျနေပုံ ရသည်။

စွန်းရှန်း အားလုံး ပြောပြပြီးသွားသောအခါ ကျင်းဘုရင်မင်းမြတ် က မနေနိုင်ဘဲ ချီးကျူးလိုက်သည်။ "ကောင်းတယ်။ အမတ်စွန်းရဲ့ အုပ်ချုပ်မှုက တကယ် အကျိုးသက်ရောက်မှု ရှိတယ်။ လမ်းတစ်လျှောက်လုံး ကြည့်လာရသလောက် အစီအစဉ်ကျနတယ်လို့ တကယ်ကို ဆိုနိုင်တယ်။"

ကျင်းဘုရင်မင်းမြတ်က ဆက်လက် မိန့်ကြားလိုက်၏။ "ပြည်သူတွေ အေးအေးချမ်းချမ်း နေထိုင် အလုပ်လုပ်ကိုင်နေကြတော့ ကိုယ်တော်လည်း စိတ်အေးရပါပြီ။ လမ်းတစ်လျှောက်လုံး ခရီးပန်းလာကြတာ ဆိုတော့ မင်းတို့ထဲက ပင်ပန်းတဲ့သူတွေရှိရင် ပြန်ပြီး အနားယူကြတော့။ ကိုယ်တော်က မြို့ပြင်က လယ်ယာမြေ အခြေအနေတွေကို သွားကြည့်ပြီး ပြည်သူတွေကို ဒီနှစ် အသီးအနှံ အထွက်နှုန်း ဘယ်လိုလဲဆိုတာ ကိုယ်တိုင်ကိုယ်ကျ မေးကြည့်ချင်သေးတယ်။"

ထိုစကားကို ကြားသောအခါ စွန်းရှန်း၏ အနောက်ရှိ အရာရှိနှစ်ဦး၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားပြီး ထပ်မံ၍ တီးတိုး စကားပြောဆိုလာကြပြန်သည်။

"ကျွန်တော်မျိုးတို့ မပင်ပန်းသေးပါဘူး။ အရှင်မင်းကြီးနဲ့အတူ လိုက်ပါချင်ပါတယ်။"

အရာရှိကြီးများက တစ်သံတည်း ပြန်ဖြေလိုက်ကြသော်လည်း စိတ်ထဲတွင်တော့ အနည်းငယ် စိတ်ပျက်နေကြ၏။

ဘယ်သူကများ အခြေအနေကို နားမလည်ဘဲ ဒီလိုအချိန်ကြီး ပြန်ပြီး အနားယူရဲမှာလဲ ... အရှင်မင်းကြီးရဲ့ ကိုယ်ကာယ ကြံ့ခိုင်မှုက အရမ်းကောင်းလွန်းနေတာပဲ။

စွန်းရှန်းက လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး ခဏလောက် စောင့်ပေးတော်မူပါ။ ကျွန်တော်မျိုး ရထားလုံး သွားပြင်ဆင်လိုက်ပါ့မယ်။"

ထို့နောက် စွန်းရှန်းသည် လှည့်ကာ ရထားလုံး ပြင်ဆင်ရန် အမိန့်ပေးလိုက်၏။

ကျင်းဘုရင်မင်းမြတ် သည် ဤအချိန်တွင် ဖန်ကျန်းရီကို ကြည့်ကာ မေးလိုက်သည်။ "မင်း ဘယ်လို ခံစားရလဲ။"

ဖန်ကျန်းရီက တွန့်ဆုတ်စွာဖြင့် လျှောက်တင်လိုက်၏။ "ကျွန်တော်မျိုး ထင်တာကတော့ ... ဘာအပြစ်မှ ရှာမရသလိုပဲ။"

ကျင်းဘုရင်မင်းမြတ် က မိန့်ကြားလိုက်သည်။ "ခဏနေရင် မင်း ကိုယ်တော်နဲ့အတူ ဝေါယာဉ် တစ်စီးတည်း စီးကြတာပေါ့။"

...

ဝေါယာဉ်အတွင်း၌ ကျင်းဘုရင်မင်းမြတ်က ထပ်မံ မေးလိုက်၏။ "ဖန်ကျန်းရီ ... ဒီနေရာရဲ့ အုပ်ချုပ်မှု အခြေအနေက ဘယ်လိုနေလဲလို့ မင်းထင်လဲ။ ကိုယ်တော်က ရင်ထဲက စကားကိုပဲ ကြားချင်တာ။"

ဖန်ကျန်းရီက ပြန်မေးလိုက်သည်။ "အရှင်မင်းကြီးက ဘာဖြစ်လို့ ဒီလို မေးရတာလဲ။"

ကျင်းဘုရင်မင်းမြတ် သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မိန့်ကြားလိုက်၏။ "စွန်းရှန်း ပြောသွားတာတွေက အကြောင်းပြချက် အခိုင်အမာရှိတယ်။ ဒါပေမဲ့ အလုပ်လုပ်တဲ့အခါ အသေးစိတ် အချက်အလက်တွေက ပိုခက်ခဲတယ်။"

ကျင်းဘုရင်မင်းမြတ် က ဆက်လက် မိန့်ကြားလိုက်သည်။ "ဒီသဘောတရားကို ကိုယ်တော့်ထက် မင်းက ပိုပြီး နားလည်သင့်တယ်။ သူက ဒီလောက်အထိ ပြီးပြည့်စုံအောင် ပြသနိုင်တာက အရမ်းကို ချောမွေ့လွန်းနေတယ်။ ပြီးတော့ ကိုယ်တော် ကြည့်ရသလောက် ရှင်းကျန်းက ပြည်သူတွေရဲ့ အခြေအနေက မြို့တော်က ပြည်သူတွေလောက် မကောင်းဘူးဆိုတာ မင်း မမြင်ဘူးလား။"

ဖန်ကျန်းရီသည် ခေတ္တတွေးတောပြီးနောက် လျှောက်တင်လိုက်၏။ "အရှင်မင်းကြီးရဲ့ အမြင်က အရမ်းကို စူးရှပါတယ်။ ကျွန်တော်မျိုးလည်း အဲဒီလိုပဲ ထင်မိတယ်။ ဒါပေမဲ့ ကျွန်တော်မျိုးလည်း တကယ်ကို အပြစ်ရှာမရဘူး ဖြစ်နေတယ်။ အကောင်းဆုံး နည်းလမ်းကတော့ ပြည်သူတချို့ကို ရှာပြီး တိုက်ရိုက် မေးကြည့်တာပါပဲ။ အရှင်မင်းကြီး စိတ်ထဲမှာ သံသယရှိနေရင် ခုနက ဘာလို့ ပြည်သူတချို့ကို ရှာပြီး မမေးလိုက်တာလဲ။"

ကျင်းဘုရင်မင်းမြတ် က ရှင်းပြလိုက်သည်။ "ရှင်းကျန်းခရိုင်ရုံးတော်က လူတွေ အကုန်လုံး ရှိနေတာလေ။ အကယ်၍ တကယ် ပြဿနာရှိနေရင်တောင် သူတို့ရှေ့မှာ သွားရှာနေတာက ဘာအဓိပ္ပာယ်မှ မရှိဘူး။ ဒါပေမဲ့ မင်းရော တခြား အရာရှိကြီးတွေပါ ဘာပြဿနာမှ မမြင်ကြဘူးဆိုတော့ ကိုယ်တော် အရမ်း တွေးပူသွားတာများလား မသိဘူး။ စွန်းရှန်းမှာ တကယ့် အရည်အချင်း အစစ်အမှန် ရှိနေတာဖြစ်မယ်။ အားလုံးကြည့်ပြီးသွားရင် ကိုယ်တော်တို့ ဖျင်ဝမ်ခရိုင်ကို တိုက်ရိုက် သွားကြတာပေါ့။"

...

ယာဉ်တန်းကြီးသည် မြို့အပြင်ဘက်သို့ ထွက်ခွာသွားပြီး မကြာမီမှာပင် ကျယ်ပြန့်သော လယ်ယာမြေများ အနီးသို့ ရောက်ရှိသွားခဲ့၏။

ကျင်းဘုရင်မင်းမြတ်သည် အားလုံးကို ဦးဆောင်ကာ မြင်းပေါ်မှ ဆင်းလိုက်သည်။ လေအနည်းငယ် တိုက်ခတ်နေပြီး ကျယ်ပြန့်သော ဂျုံခင်းကြီးများက လေတိုက်ခတ်မှုအောက်တွင် တပြိုင်တည်း လှုပ်ရှားနေကြရာ ကြည့်ရှုရသည်မှာ မျက်စိပသာဒ ဖြစ်လှသည်။

ကျင်းဘုရင်မင်းမြတ် ၏ မျက်နှာပေါ်တွင် အပြုံးများ ပြန်လည် ပေါ်လာခဲ့၏။ "ကြည့်ရတာ ဒီနှစ် အထွက်နှုန်းက မဆိုးလောက်ဘူး ထင်တယ်။ သွားကြစို့ ... ရှေ့ကို ဆက်သွားပြီး ကြည့်ကြတာပေါ့။"

သိပ်မဝေးလှသော ခရီးကို လျှောက်ပြီးနောက် လယ်ကန်သင်းရိုးပေါ်တွင် လူရိပ်တစ်ခု ပေါ်လာခဲ့သည်။ လူအများဘက်သို့ ကျောခိုင်းကာ ထိုင်နေပြီး ဝတ်စားဆင်ယင်ပုံကို ကြည့်ရသည်မှာ လယ်သမားတစ်ဦးနှင့် တူပေသည်။

ကျင်းဘုရင်မင်းမြတ် သည် ဖန်ကျန်းရီကို မျက်ရိပ်ပြလိုက်ရာ ဖန်ကျန်းရီလည်း သဘောပေါက်သွားပြီး ခပ်သုတ်သုတ် ပြေးသွားလိုက်၏။

ဖန်ကျန်းရီက မေးလိုက်သည်။ "အစ်ကိုကြီး ... ဒီဒေသခံပဲလား။"

ထိုလယ်သမားသည် ခေါင်းလှည့်လာပြီး လက်ထဲတွင် အစာသွတ်မုန့်တစ်ခုကို ကိုင်ထားကာ ဖန်ကျန်းရီကို တစ်ချက်ကြည့်၍ ခေါင်းညိတ်ပြလိုက်၏။ "ဟုတ်တယ်။ ကိစ္စရှိလို့လား။"

ဖန်ကျန်းရီသည် သူ၏ လက်ထဲရှိ အစာသွတ်မုန့်ကို စိုက်ကြည့်ကာ မေးလိုက်သည်။ "အယ် ... ဘာစားနေတာလဲ။"

လယ်သမားက ပြန်ဖြေလိုက်၏။ "အသားမုန့်လေ။"

ဖန်ကျန်းရီက မေးလိုက်သည်။ "လေတွေ တိုက်နေတာကို အိမ်မပြန်ဘဲ အပြင်မှာ ထိုင်စားနေတာလား။"

လယ်သမားက ပြန်ဖြေလိုက်၏။ "ဂျုံခင်းကြီးကို ကြည့်ပြီး ထမင်းစားရတာ ပိုမြိန်တယ်။ အိမ်မပြန်ချင်ဘူးလေ။ ဘာဖြစ်လို့လဲ။"

ဖန်ကျန်းရီသည် သူ့ကို သေချာစွာ ထပ်မံ အကဲခတ်ကြည့်လိုက်ပြီး မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းသွားခဲ့သည်။

လိမ်လည်လှည့်ဖြားမှုလုပ်ရာတွင် သူနှင့် ယှဉ်နိုင်မည့်သူ မရှိပေ။ ထို့အပြင် ခရိုင်ကို ဤမျှကြာအောင် အုပ်ချုပ်လာခဲ့သည့်တိုင် ဤကဲ့သို့သော အရူးမျိုးကို မတွေ့ဖူးခဲ့ချေ။ ရှေးခေတ်က လယ်စိုက်သည့် လယ်သမားများတွင် ဤမျှ ရိုမန်းတစ်ဆန်သော ခံစားချက်မျိုး ရှိပါ့မည်လား။

နေ့တိုင်း ပင်ပန်းလွန်းလို့ သေတော့မတတ် ဖြစ်နေရတာကို အနားယူချိန်လေးရတာတောင်မှ ဒီနေရာကို ပြေးလာပြီး လှပတဲ့ဘဝကြီးကို ခံစားနေဖို့ စိတ်ကူးရှိပါ့မလား။ အခု ငါ အသေအချာ အတည်ပြုနိုင်ပြီ။ ရှင်းကျန်းခရိုင်က လုံးဝကို ပြဿနာ ရှိနေပြီ။

ကျင်းဘုရင်မင်းမြတ် အပါအဝင် လူတစ်စုမှာ အစပိုင်းက သူတို့နှစ်ဦး၏ စကားဝိုင်းကို ကြားသောအခါ စိတ်ထဲတွင် သံသယ ဝင်သွားခဲ့သော်လည်း နောက်ပိုင်းတွင်တော့ တော်တော်များများက ရယ်မောသွားကြ၏။

သာမန် လယ်သမားတစ်ယောက်က ဒီလောက်တောင် ကောင်းကောင်းမွန်မွန် စားနိုင်နေတာလား။

ချီးကျူးလေးစားသော အကြည့်များက စွန်းရှန်းထံသို့ အသီးသီး ကျရောက်သွားခဲ့သည်။

စွန်းရှန်းမှာလည်း ပြုံးရွှင်နေသော်လည်း အနည်းငယ်တော့ ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့၏။

ဒီလူက တိုက်ဆိုင်လွန်းနေတယ်။ နေ့ခင်းကြောင်တောင်ကြီးကို လယ်ကန်သင်းရိုးပေါ် ထိုင်ပြီး ထမင်းစားနေတာကို အရှင်မင်းကြီးက တွေ့သွားသေးတယ်။

ဖန်ကျန်းရီသည် ကျင်းဘုရင်မင်းမြတ်၏ အနားသို့ ပြန်လျှောက်လာပြီး တိုးညှင်းသော အသံဖြင့် လျှောက်တင်လိုက်သည်။ "ပြဿနာရှိတယ်။"

ကျင်းဘုရင်မင်းမြတ် ၏ စိတ်ထဲတွင် လန့်သွားသော်လည်း မျက်နှာအမူအရာ မပျက်ဘဲ စွန်းရှန်းကို ကြည့်ကာ မိန့်ကြားလိုက်၏။ "မဆိုးဘူး။ မင်းအုပ်ချုပ်တဲ့ ပြည်သူတွေက ဒီလောက်တောင် ချမ်းသာကြွယ်ဝနေတာဆိုတော့ ကိုယ်တော် ဒီတစ်ခေါက် လာရကျိုးနပ်တာပဲ။"

စွန်းရှန်းက လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီးက အထင်ကြီးလွန်းနေပါပြီ။ ကျွန်တော်မျိုးမှာ လိုအပ်ချက်တွေ အများကြီး ရှိနေပါသေးတယ်။ အရှင်မင်းကြီးကပဲ လမ်းညွှန်ပေးတော်မူပါ။"

စွန်းရှန်း၏ နောက်မှ လိုက်ပါလာသော ခရိုင်အရာရှိ တစ်စုမှာလည်း ပြုံးရွှင်နေကြ၏။

သို့ပေမည့် ထိုအချိန်တွင် ကျင်းဘုရင်မင်းမြတ် က ထပ်မံ မိန့်ကြားလိုက်သည်။ "မင်းတို့ အကုန်လုံး အရင် ပြန်ကြတော့။ ဖန်ကျန်းရီရယ်၊ ကျန်းပြောင်ရယ်၊ ကော်ပန်ပန်ရယ် သုံးယောက်ပဲ ကိုယ်တော်နဲ့အတူ လိုက်ခဲ့ကြ။ လူအရမ်းများတာကို ကိုယ်တော် သဘောမကျဘူး။"

အရာရှိကြီးများမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြပြီး အထူးသဖြင့် စွန်းရှန်းမှာ ပို၍ပင် ထိတ်လန့်နေသောအမူအရာ ဖြစ်သွားကာ စိတ်ထဲတွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေခဲ့၏။

ငါ ဘယ်နေရာမှာများ အမှားလုပ်မိလို့ အရှင်မင်းကြီးကို စိတ်မကျေမနပ် ဖြစ်သွားစေရတာလဲ။ မရှိလောက်ပါဘူး။

...

လီယန်စုန့်တို့မှာလည်း ထိုသို့ပင် တွေးနေကြပြီး ထူးဆန်းသော အကြည့်များက တစ်ခဏချင်းအတွင်း စွန်းရှန်း၏ ကိုယ်ပေါ်သို့ စုပြုံကျရောက်သွားခဲ့သည်။

စွန်းရှန်းက ထိတ်လန့်တကြား လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး ... ကျွန်တော်မျိုး ဘယ်နေရာမှာများ အမှားလုပ်မိသွားလို့ပါလဲ။"

All Chapters