← Chapters

အခန်း (၈၇၀-၈၇၁)

Vol. 46 Ch. 870-871

အခန်း (၈၇၀-၈၇၁)

Vol. 46 Ch. 870-871

အပိုင်း (၈၇၀) လူကဲခတ်ကျွမ်းကျင်သော ဖန်ကျန်းရီ။

ကျင်းဘုရင်မင်းမြတ်၏ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်းပင်။

“များများ တွေးမနေပါနဲ့၊ မင်း လုပ်ဆောင်နိုင်ခဲ့တာကို ကိုယ်တော် သဘာဝကျကျပဲ မြင်ပါတယ်။ အားလုံး ဆုတ်ခွာ သွားကြတော့၊ ကိုယ်တော် လျှောက်ကြည့်ပြီးရင် လူတွေကို ခေါ်ပြီး မြို့ထဲ ပြန်လာခဲ့မယ်။”

“အရှင်မင်းကြီး ... ဒီလို လူသူလေးပါး ကင်းမဲ့တဲ့ တောရိုင်းထဲမှာ ...”

“တော်လောက်ပြီ၊ ကိုယ်တော် အပြင်ထွက်လာတာလေးကို မင်းတို့က ထိတ်လန့် စိုးရိမ်နေတာ မဆုံးနိုင်ဘူး၊ အမတ်မင်းတို့က ဘာလို့ ဒီလောက်တောင် သတ္တိနည်းသွားကြတာလဲ။” ကျင်းဘုရင်မင်းမြတ် ၏ မျက်နှာပေါ်တွင် မပျော်မရွှင် ဖြစ်သော အမူအရာ တဖြည်းဖြည်း ပေါ်ထွက်လာ၏။

စကားဆိုပြီးနောက် ကိုယ်ကိုလှည့်ကာ ဦးစွာ ထွက်ခွာသွားခဲ့သည်။

ဖန်ကျန်းရီတို့ တစ်စုလည်း သူ၏ နောက်သို့ ကမန်းကတန်း လိုက်ပါသွားကြ၏။

မူလနေရာတွင် ကျန်ရစ်သော အမတ်များအကြားရှိ အခြေအနေမှာ အတန်ငယ် သိမ်မွေ့ ထူးဆန်းနေပေသည်။

အစိုးရအဖွဲ့၊ ရာထူးဝန်ဌာန၊ ဘဏ္ဍာရေးဌာန အစရှိသည့် ဌာနကြီးမှ အကြီးအကဲ အချို့၏ မျက်နှာများမှာ ကြည့်မကောင်း ဖြစ်သွားကြ၏။

အရှင်မင်းကြီး၏ ဤသို့ တုံ့ပြန်မှုက စိတ်ထဲတွင် မကျေမနပ် ဖြစ်နေသည်မှာ သေချာလှ၏၊ စောစောက ထို လယ်သမားထံတွင် ပြဿနာ ရှိနေပြီး ရှင်းကျန်းခရိုင်က ကြိုတင် စီစဉ်ထားခဲ့တာများလား။

သေသေချာချာ စဉ်းစားကြည့်လိုက်ရာ ထူးဆန်းသည့် အချက်အချို့ ရှိနေသကဲ့သို့ပင်။

လူတိုင်း၏ အကြည့်များက စွန်းရှန်းထံသို့ ထပ်မံ စုပြုံရောက်ရှိသွားကြပြီး ယန်ရင်းချိုက်မှာ မခံမရပ်နိုင်ဘဲ ရှေ့သို့ တစ်လှမ်း တိုးလာကာ သူ့အား တည့်တည့်မတ်မတ် မေးခွန်းထုတ်လိုက်၏။ “အဲဒီ ထမင်းစားနေတဲ့ လယ်သမားက မင်း စီစဉ်ထားတာလား။”

စွန်းရှန်း၏ မျက်နှာတစ်ခုလုံး ကြောင်အမ်းသွားသည်။ “မဟုတ်ပါဘူးဗျာ။ ကျွန်တော်မျိုးက ဘယ်လိုလုပ်ပြီး ဒီလောက် အဆင့်အတန်းမရှိတဲ့ ကိစ္စမျိုးကို လုပ်ရဲမှာလဲ။

အရှင်မင်းကြီး မြို့တွင်း ဝင်တော်မူတယ်၊ ကျွန်တော်မျိုးက တကယ်ပဲ မိုးကို ဒေါက်ထောက်ပြီး လိမ်လည် ဟန်ဆောင်ချင်တယ် ဆိုရင် မြို့ထဲမှာ လုပ်ဆောင်တာက ပိုပြီး မကောင်းဘူးလား။ ပြီးတော့ အရှင်မင်းကြီးက စိုက်ခင်းတွေကို လာရောက် ကြည့်ရှုချင်တာကလည်း ယာယီ စိတ်ကူးပေါက်တာပါ၊ ကျွန်တော်မျိုးမှာ စီစဉ်ဖို့ အချိန် ဘယ်မှာ ရှိမှာလဲ၊ ပြီးတော့ ဒီလို စိတ်ကူးမျိုးကို ဘယ်လိုလုပ် တွေးရဲမှာလဲ။ အမတ်မင်း ... အမတ်မင်း အမြင်အရ ဆိုရင် အရှင်မင်းကြီးရဲ့ ဒီတစ်ကြိမ် လှုပ်ရှားမှုက ဘာသဘောလဲ။”

ယန်ရင်းချိုက် ခပ်မဆိတ် နေလိုက်ရတော့၏။

ထိုအတိုင်းပင် ဖြစ်ဟန် ရ၏၊ လိုအပ်ချက် မရှိသည့်အပြင် အလွန်အမင်းလည်း အလျင်စလို ဖြစ်လွန်းလှသည်။

ခေါင်းလှည့်၍ အခြားသော လုပ်ဖော်ကိုင်ဖက် အချို့အား ကြည့်လိုက်ရာ လူအချို့က သူ၏ ဘက်သို့ တစ်ပြိုင်နက်တည်း ခေါင်းညိတ်ပြသည်ကို တွေ့လိုက်ရ၏။

ယန်ရင်းချိုက် စိတ်အေးသွားပြီး ပြောလိုက်သည်။ “မင်းက ပွင့်လင်း ဖြောင့်မတ်တယ် ဆိုမှတော့ စိုးရိမ်ပူပန်စရာ ဘာမှ မရှိပါဘူး၊ အရှင်မင်းကြီးက တကယ်ပဲ လျှောက်ကြည့်ချင်တာ ဖြစ်လိမ့်မယ်။

မင်း စိတ်ချပါ၊ မင်း အလုပ်လုပ်တာ မှန်ကန် ဖြောင့်မတ်နေသရွေ့ မင်းရဲ့ လက်ရှိ ရလဒ်တွေအရ အရှင်မင်းကြီးက ဘယ်လိုလုပ် အမြင်မကြည် ဖြစ်မှာလဲ။

အကယ်၍ ဒီအထဲမှာ နားလည်မှု လွဲတာ ရှိနေရင်တောင် ကျုပ် အခြားသော လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ မင်းအတွက် တရားမျှတအောင် ဆောင်ရွက်ပေးပါ့မယ်။”

စွန်းရှန်းလည်း သက်ပြင်းတစ်ချက် ချလိုက်၏။ “ဒါဆို ကျွန်တော်မျိုးလည်း စိတ်အေးရပါပြီ။”

“ကဲ ... မြန်မြန် ပြန်ပြီး လူတွေ များများ ရှာလာခဲ့၊ ဒီနေရာ အနီးအနားမှာ ကင်းလှည့်ပြီး အရှင်မင်းကြီးရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်စမ်း။”

...

ကျင်းဘုရင်မင်းမြတ်တို့ လူစုသည် စိုက်ခင်း အစွန်းတစ်လျှောက် လျှောက်လှမ်းနေကြပြီး အမတ်များနှင့် တဖြည်းဖြည်း ဝေးကွာလာကြ၏။

ထိုအခါမှသာ ကျင်းဘုရင်မင်းမြတ် က မေးမြန်းလိုက်သည်။ “ကျန်းရီ ... မင်း စောစောက ပြဿနာ ရှိတယ်လို့ ပြောခဲ့တယ်၊ တကယ်တော့ ဘာပြဿနာ ရှိနေတာလဲ။”

ဖန်ကျန်းရီက ပြန်ဖြေ၏။ “အရှင်မင်းကြီး ... စိုက်ခင်းဘေးမှာ ဒီလို လူတစ်ယောက် ထွက်ပေါ်လာပြီး ကောင်းမွန်တဲ့ အစားအသောက်တွေကို စားနေတာက နည်းနည်း ထူးဆန်းတယ်လို့ မထင်မိဘူးလား။”

“တကယ်ပဲ နည်းနည်းတော့ ထူးဆန်းတယ်၊ ဒါပေမဲ့ ပြည်သူတွေရဲ့ ဘဝက ကြွယ်ဝ ချမ်းသာတယ် ဆိုရင် စိုက်ခင်းထဲမှာ ထိုင်ပြီး ထမင်းစားတာ ဘာများ မဖြစ်နိုင်စရာ ရှိလို့လဲ။ ကိုယ်တော် တွေးကြည့်တာတော့ အကယ်၍ ကိုယ်တော်သာ လယ်သမား တစ်ယောက် ဖြစ်ခဲ့ရင် ကိုယ့်ရဲ့ စိုက်ခင်း ကန်သင်းရိုးပေါ်မှာ ထိုင်ပြီး ရှုခင်းတွေကို ခံစားရင်း ထမင်းစားချင်မှာပဲ။

ဒါပေမဲ့ အဲဒီလူရဲ့ မျက်နှာအမူအရာက မမှန်ကန်ဘူး၊ ကျွန်တော်မျိုးတို့ ဒီလောက်များတဲ့ လူတွေက အဖိုးတန် ဝတ်စုံတွေ ဝတ်ဆင်ထားတာကို သာမန် လယ်သမား တစ်ယောက်က ထိတ်လန့် ကြောက်ရွံ့တာမျိုး လုံးဝ မရှိဘူး။ ဒါကတင် အရမ်း ပုံမှန်မဟုတ်တာ ဖြစ်နေပြီ။”

ကျင်းဘုရင်မင်းမြတ် သည် ငုံ့၍ တစ်ချက် ကြည့်လိုက်၏။

သာမန် အရပ်သား ဝတ်စုံကို လဲလှယ် ဝတ်ဆင်ထားသည် ဆိုသော်လည်း အရည်အသွေး အလွန် ကောင်းမွန်သည့် အထက်တန်းစား ပစ္စည်း အစစ်အမှန် ဖြစ်ရာ သာမန် ပြည်သူများက တစ်ချက် ကြည့်လိုက်ရုံနှင့် သာမန်လူ မဟုတ်ကြောင်း သိနိုင်ပေသည်။

အနည်းဆုံးတော့ သူဌေး ကုန်သည် အဆင့်အတန်းပင်။

သာမန် ပြည်သူ တစ်ယောက်သာ ဤကဲ့သို့သော တပ်ဖွဲ့ကြီးကို မြင်တွေ့ရလျှင် စိတ်ထဲတွင် အနည်းနဲ့အများ ထိတ်လန့်သင့်၏။

“အင်း ... တကယ်လည်း အဲဒီလိုပဲ၊ ဒါပေမဲ့ ကိုယ်တော် ကြည့်တာ စွန်းရှန်းက အရမ်း ပွင့်လင်း ဖြောင့်မတ်ပုံ ရတယ်၊ ဘာလို့များ ဒီလောက်အထိ စွန့်စားပြီး လုပ်ဆောင်ရမှာလဲ။ အကြောင်းပြချက် လုံးဝ မရှိဘူးလေ၊ သူ ဒီလောက်အထိ တုံးအမှာ မဟုတ်လောက်ဘူး မဟုတ်လား။”

ဖန်ကျန်းရီက ဗျာများစွာဖြင့် ပြောလိုက်၏။ “ကျွန်တော်မျိုးလည်း အဲဒီလို တွေးမိတယ်၊ ဒါကြောင့် အရပ်ထဲက အခြေအနေကို နားလည်ချင်တယ် ဆိုရင်တော့ သဘာဝကျကျ ကိုယ်တိုင် ကိုယ်ကျ စုံစမ်း ရှာဖွေရမယ်၊ သူတို့ရဲ့ နောက်က လိုက်နေရင် ရလဒ်သစ် ရနိုင်မှာ မဟုတ်ဘူး၊ အကယ်၍ တကယ်ပဲ လိမ်လည် ဟန်ဆောင်တာ ဆိုရင် အောက်ကလူတွေက ကျုပ်တို့အတွက် သရုပ်ဆောင်ဖို့ လူတွေ ထပ်ပြီး စီစဉ်ဦးမယ်လို့ ခန့်မှန်းမိတယ်။”

“မင်း သေချာလား။”

“ကျွန်တော်မျိုး အနည်းဆုံး ရှစ်ဆယ်ရာခိုင်နှုန်းလောက် အာမခံနိုင်တယ် ... အာ၊ အရှင်မင်းကြီး ကြည့်တော်မူပါအုံး။” ဖန်ကျန်းရီ စကားပြောနေဆဲမှာပင် မျက်နှာချင်းဆိုင်မှ လယ်သမား တစ်ဦး လျှောက်လာပြီး သူတို့ လာခဲ့သည့် လမ်းကြောင်းဆီသို့ ဦးတည် လျှောက်လှမ်းသွား၏။

မျက်နှာအမူအရာကို ကြည့်ရသည်မှာ ပြုံးနေဟန် ရှိသော်လည်း အပြုံးက အတန်ငယ် တောင့်တင်းနေသည်။

သရုပ်ဆောင်ရန် လေ့ကျင့်နေသကဲ့သို့ပင်။

ဖန်ကျန်းရီသည် မျှော်လင့်ထားသည်ထက် ပို၍ ပျော်ရွှင်သွားပြီး သူ့အား လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “အရှင်မင်းကြီး ကြည့်တော်မူပါ ... ကျွန်တော်မျိုး အကဲခတ်ကြည့်တာ ဒီလူက သေချာပေါက် နောက်ထပ် ဟန်ဆောင်သူ တစ်ယောက်ပဲ၊ သူ့ကို ကျွန်တော်မျိုး ဘယ်လို ဖော်ထုတ်မလဲ ဆိုတာကို ကြည့်တော်မူပါ။”

ကျင်းဘုရင်မင်းမြတ် ခပ်မဆိတ် နေလိုက်၏။

သူ့သားမက်၏ လူကဲခတ်သည့် စွမ်းရည်ကတော့ တကယ်ကို အံ့မခန်း ဖြစ်သည်၊ မီးရှူးတိုင်လို မျက်စိလျှင်သည်ဟု ဆိုနိုင်သည်။

ဖန်ကျန်းရီသည် ခပ်သုတ်သုတ် ပြေးတက်သွားပြီး ထို လယ်သမားထံသို့ ပြေးသွား၏။ “အစ်ကိုကြီး ... ဘယ်သွားမလို့လဲ။”

ဝမ်အာ့ကျူ ခေါင်းမော့ကြည့်လိုက်ပြီး နားမလည်စွာဖြင့် မေးလိုက်သည်။ “ခင်ဗျားက ဘယ်သူလဲ။”

“ကျုပ်က ... တစ်ခြား ဒေသက လာတာပါ၊ အခြေအနေ နည်းနည်းလောက် မေးကြည့်မလို့ ... အစ်ကိုကြီး ဘယ်သွားမလို့လဲ။”

“ကျုပ်လား … ကျုပ်က မြို့ထဲ ဝင်ပြီး အားရပါးရ စားသောက်မလို့လေ၊ ခင်ဗျား ဘာမေးစရာ ရှိသေးလဲ။”

ဖန်ကျန်းရီက အေးစက်စွာ ရယ်မောလိုက်၏။ “မြို့ထဲဝင်ပြီး အားရပါးရ စားသောက်မယ်။ ပစ္စည်းကောင်းလေးတွေ ဝယ်ပြီး၊ အခု ပိုက်ဆံ ရလာပြီ ဆိုတော့ အိမ်အတွက် ဂွမ်းစောင် သုံးထည်၊ ငါးထည်လောက် ချုပ်၊ တစ်ယောက် တစ်ထည်စီ အလှည့်ကျ ခြုံချင်နေတာ မဟုတ်လား။”

ဝမ်အာ့ကျူ အနည်းငယ် ကြောင်အမ်းသွားပြီး ချက်ချင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ “သောက်တုံးကြီး။ မင်းအဖေကို လာပြီး နောက်ပြောင်နေတာ ပျော်စရာ ကောင်းနေလို့လား .. သွားစမ်း။”

သူ စိုက်ခင်းထဲ၌ ငွေစအသေးလေး တစ်တုံး တွေ့ခဲ့သည်မှာ မကြာသေးချေ။ စိတ်အခြေအနေ အလွန် ကောင်းမွန်နေပြီး မြို့တွင်းသို့ ဝင်ကာ စားစရာအချို့ ဝယ်ရန် စဉ်းစားနေခြင်း ဖြစ်၏။

ချီးတဲ့မှ၊ သောက်တုံးကြီး တစ်ကောင် ရုတ်တရက် ခုန်ထွက်လာပြီး တက်လာသည်နှင့် လာ၍ နောက်ပြောင်နေသည်။

ဖြစ်နိုင်သည်မှာ သူ ငွေစ ကောက်ရသည်ကို မြင်သွားခြင်းများလား။ သို့မဟုတ် ထို ငွေစက ထိုသူ့ဥစ္စာလား။

ဤအချက်ကို တွေးမိပြီးနောက် ဝမ်အာ့ကျူသည် ရင်ဘတ်ကို ကာကွယ်လိုက်ပြီး အကြည့်ထဲတွင် သတိထားမှုများ ပါဝင်လာ၏။

... ... ...

ဖန်ကျန်းရီ ကျောက်ရုပ်ကဲ့သို့ မှင်တက်သွားတော့သည်။

မဝေးလှသော နေရာရှိ ကျင်းဘုရင်မင်းမြတ် ၏ မျက်နှာမှာလည်း တဖြည်းဖြည်း စိမ်းလာ၏။

ကော်ထျန်းယန်သည် တိတ်တဆိတ် ပျော်ရွှင်နေသည်။

မင်းလို ကောင်လေးလည်း မှောက်ရက်လဲတဲ့ အချိန် ရှိသေးတာပဲ၊ ဒါပေမဲ့ ဒီကောင်ကတော့ သတ္တိကြီးတယ်။ တခါတည်း တန်းဆဲတော့တာပဲ။

ဝမ်အာ့ကျူက သတိထားနေဆဲ ဖြစ်သည်ကို မြင်သည့်အခါ ဖန်ကျန်းရီသည် ရှက်ကိုးရှက်ကန်းဖြင့် ကျင်းဘုရင်မင်းမြတ် ၏ ဘေးဘက်သို့ ပြန်လည် ပြေးလာခဲ့၏။

ထို့နောက် အရှက်မရှိ ပြုံးလိုက်သည်။ “ဟား ... သံဖိနပ် ပေါက်ပြဲအောင် လျှောက်ရှာစရာ မလိုဘဲ ရောက်လာတာပဲ၊ ဒါက ကျွန်တော်မျိုး ရှာချင်နေတဲ့ သာမန် ပြည်သူ အစစ်အမှန်ပဲ၊ ကျွန်တော်မျိုး စမ်းသပ်လိုက်တာနဲ့ ဖော်ထုတ်နိုင်ခဲ့ပြီ။ သူ့ဆီမှာ အခြေအနေ မေးကြည့်တာက အသင့်တော်ဆုံးပဲ။”

“မင်း ဆက်ပြီး စကားမပြောတာက ပိုကောင်းလိမ့်မယ်။”

... ... ...

ကျင်းဘုရင်မင်းမြတ် သည် မျက်နှာတည်ကြီးဖြင့် ခြေလှမ်း၍ ဝမ်အာ့ကျူထံသို့ လျှောက်သွား၏။ “နာမည် ဘယ်လိုခေါ်သလဲ မသိဘူး။”

“ခင်ဗျားကရော ဘာလုပ်တဲ့သူလဲ။” ဝမ်အာ့ကျူ ထိတ်လန့်သွား၏။ သူ ငွေစလေး တစ်တုံး ကောက်ရသည်ကို ဤမျှများပြားသော လူများက စိုက်ကြည့်နေကြခြင်းလား။

ပိုက်ဆံကို ထိန်းသိမ်းထားနိုင်တော့မည် မဟုတ်ဟု ခံစားရသောကြောင့် ဝမ်အာ့ကျူသည် ခြေဖဝါး ဆီသုတ်၍ ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။

ဖန်ကျန်းရီသည် ထပ်မံ ခုန်ထွက်လာပြီး မိတ်ဆက်ပေးလိုက်၏။ “အစ်ကိုကြီး မလောပါနဲ့၊ ကျုပ်တို့က မြို့တော်က လာတဲ့ ကုန်သည်တွေပါ၊ ဒီမှာ စီးပွားရေး လုပ်ချင်လို့ အခြေအနေ နားလည်အောင် လူရှာနေတာပါ၊ အစ်ကိုကြီး စိတ်ချပါ … ကျုပ်တို့ အလကား မမေးပါဘူး၊ ပိုက်ဆံ ပေးပါ့မယ်။”

ပိုက်ဆံ ပေးမယ်။

ဝမ်အာ့ကျူ စိတ်အေးသွားပြီး ပြောလိုက်သည်။ “ဒီလိုကိုး ... လူကြီးမင်းတို့ နာမည် ဘယ်လိုခေါ်ကြသလဲ။”

“ဒီပုဂ္ဂိုလ်ကတော့ သခင်ကြီးဟွမ်ပါ၊ ကျုပ်က သူ့သားမက် မျိုးရိုးနာမည် လွီပါ၊ ဒီပုဂ္ဂိုလ်ကတော့ စာရင်းကိုင် ...” ဖန်ကျန်းရီက တစ်ယောက်ချင်း မိတ်ဆက်ပေးလိုက်၏။

ကျင်းဘုရင်မင်းမြတ် က တီးတိုး မေးလိုက်သည်။ “ဘာလို့ မျိုးရိုးနာမည် လွီ ဖြစ်ရတာလဲ။”

“မသိဘူးလေ။ ကြုံသလို ပေးလိုက်တာပဲ။”

ဝမ်အာ့ကျူ၏ သတိထားစိတ် အတော်လေး လျော့ကျသွား၏။ “ခင်ဗျားတို့ ဘာမေးချင်တာလဲ၊ မြန်မြန် မေးကြဗျာ၊ ကျုပ် မြို့ထဲ ဝင်ဖို့ အလျင်လိုနေတယ်။”

“ဒီက အစ်ကိုကြီး ... ပြောချင်တဲ့ စကားက နည်းနည်း များနေလို့ အစ်ကိုကြီးရဲ့ အိမ်ကို တစ်ခေါက်လောက် လိုက်ခဲ့လို့ ရမလားဗျ၊ အပြင်မှာ လေပြင်းတယ် ထိုင်ပြီး ဖြည်းဖြည်းချင်း စကားပြောကြတာပေါ့။ အစ်ကိုကြီး နာမည် ဘယ်လိုခေါ်လဲ။”

“ဝမ်အာ့ကျူပါ၊ ဘာစကား ပြောစရာ ရှိရှိ ဒီမှာပဲ ပြောကြ။” ဝမ်အာ့ကျူက ခေါင်းခါပြ၏။

အိမ်ပြန်မည်။ သူစိမ်းလေးယောက်ကို ခေါ်ပြီး အိမ်ပြန်ရမည်၊ သူတို့ တကယ်တော့ ဘာအနွယ်များ ဖြစ်ကြောင်းကို ဘယ်သူကများ သိမည်နည်း၊ အိမ်တွင် သူတစ်ယောက်တည်း ရှိသည်။

မယုံကြည်သေးသည်ကို မြင်သည့်အခါ ဖန်ကျန်းရီသည် ရင်ဘတ်ကို နှိုက်လိုက်ပြီး ငွေစအချို့ ယူရန် ပြင်ဆင်လိုက်၏။

သို့ပေမည့် ဤသို့ နှိုက်လိုက်သည်နှင့် ချက်ချင်း အခက်တွေ့သွားတော့သည်။

ရှင်းကျန်းသို့ဝင်ခါနီး အချိန်တွင် သူသည် သန့်ရှင်းသော ဝတ်စုံကို အထူး လဲလှယ်ခဲ့ပြီး ပိုက်ဆံများက အဝတ်ဟောင်းထဲတွင် ကျန်ရစ်ခဲ့၏။ ဘုရင်မင်းမြတ်နှင့်အတူ အလုပ်ကိစ္စ ထွက်တာ ပိုက်ဆံ သုံးရဦးမည်ဟုလည်း မထင်မှတ်ထားခဲ့ချေ။

ယခုတော့ တကယ်ပင် ပြဿနာ တက်ချေပြီ။

ခေါင်းလှည့်၍ ကျင်းဘုရင်မင်းမြတ်တို့ လူစုအား ကြည့်ပြီး တီးတိုး မေးလိုက်သည်။ “ဘယ်သူ ပိုက်ဆံ ပါလဲ။”

သုံးယောက်သားက ခေါင်းခါပြကြ၏။

ဖန်ကျန်းရီ အတန်ငယ် အနေရခက်သွားသည်။ ဘုရင်မင်းမြတ် အပြင်ထွက်တာ ပိုက်ဆံ မပါတာက ပုံမှန်ပင် ဖြစ်ပြီး ကျန်းပြောင် မပါတာကလည်း အားလုံး လက်နက်အဖြစ် ပြောင်းလဲထား၍ ဖြစ်ပေလိမ့်မည်။

တွေးတောကြည့်ပြီးနောက် အဆုံးတွင် ရွေးချယ်စရာ မရှိဘဲ လက်ချောင်းပေါ်မှ ပစ္စည်းကို ချွတ်ယူလိုက်ပြီး ဝမ်အာ့ကျူ၏ ရှေ့သို့ ကမ်းပေးလိုက်ရ၏။

“ဒါ မင်းကို ပေးမယ်၊ အဖိုးအခ အဖြစ် သတ်မှတ်လိုက်ပေါ့။”

ဝမ်အာ့ကျူ လှမ်းယူလိုက်ပြီး နေရောင်အောက်သို့ ယူဆောင်ကြည့်ရှုလိုက်ရာ ဤပစ္စည်းမှာ ဆီခဲကဲ့သို့ ချောမွေ့ ဖြူစင်နေသည်ကို မြင်သည့်အခါ အံ့ဩတကြီး ရေရွတ်လိုက်၏။

“အာ ... ဒါ အတု မဟုတ်ဘူးလား။”

“ဘာ အတုလဲ။ အဲဒါ ကျောက်စိမ်း လက်စွပ်ဗျ။”

အပိုင်း (၈၇၁) တကယ်ပဲ ပြဿနာကြီးကြီးမားမား ရှိနေတာပဲ။

“ဒီလောက်ကြီးတဲ့ လက်စွပ်မျိုးလည်း ရှိသေးတာလား။” ဝမ်အာ့ကျူသည် တီးတိုး ရေရွတ်လိုက်ပြီး ဝမ်းမြောက်စွာဖြင့် အိတ်ကပ်ထဲ သိမ်းဆည်းလိုက်၏။

ဤပစ္စည်းက မည်သို့ပင် ရှိစေကာမူ ရုပ်ထွက်က အလွန် ကောင်းမွန်လှသည်၊ ထို့အပြင် ကျောက်စိမ်းလည်း ဖြစ်နေသေးရာ ပိုက်ဆံ အနည်းငယ် တန်လောက်ပေသည်။

“အစ်ကိုကြီး ... အခု အစ်ကိုကြီးရဲ့ အိမ်ကို သွားပြီး စကားပြောလို့ ရပြီ မဟုတ်လား။”

“သွားမယ်၊ သွားမယ်၊ သွားမယ်။”

လေးယောက်သားက ဝမ်အာ့ကျူ၏ နောက်မှလိုက်ပါ၍ အိမ်ပြန်ကြပြီး မိနစ်နှစ်ဆယ်ကျော် လျှောက်လှမ်းပြီးနောက် သစ်သားအိမ်လေး တစ်လုံးဆီသို့ ရောက်ရှိသွားသည်။ အိမ်ပတ်လည်တွင် သစ်သီးခြံ တစ်ခြံ ရှိနေ၏။

ဤအိမ်လေး ဆောက်လုပ်ထားမှုမှာ အလွန်အမင်း ရိုးရှင်းလွန်းလှပြီး တစ်ခန်းတည်းသာ ရှိကာ မီးဖိုချောင်က အပြင်ဘက်တွင် တည်ရှိနေသည်။

အိမ်တွင်း၌ အင်္ဂတေကိုင်ထားသော အုတ်ကုတင် တစ်လုံး၊ ညစ်ပတ်ပေရေနေသည့် စားပွဲ တစ်လုံးသာ ရှိ၏။

လူငါးယောက် အခန်းထဲ ရောက်ရှိနေသည်မှာ အတန်ငယ် ပြည့်ကျပ်နေသကဲ့သို့ ထင်ရသည်။

ဖန်ကျန်းရီသည် အနည်းငယ် ကြည့်ရှုလိုက်ပြီး စိတ်ထဲတွင် ကောက်ချက်ချလိုက်၏။

ဤ ဝမ်အာ့ကျူသည် လူပျိုကြီး တစ်ဦး ဖြစ်ပြီး မိသားစုဝင် လုံးဝ မရှိချေ၊ မဟုတ်လျှင် အပြင်ဘက်တွင် အခန်းတစ်ခန်း ထပ်ဆောက်နိုင်လောက်သည်။

မည်သို့ပင် ဆိုစေကာမူ သူ ကိုယ်တိုင် သစ်သီးခြံ တစ်ခြံ ပိုင်ဆိုင်ထားသေးသည် မဟုတ်ပါလား။

ဝမ်အာ့ကျူသည်လည်း လူမှုရေး နားလည်သူ ဖြစ်ရာ သူဌေးများနှင့် တွေ့ဆုံရမှန်း သိသည့်အတွက် ညစ်ပတ် ပေရေနေသော ပန်းကန်လုံးကွဲ နှစ်လုံးကို ကမန်းကတန်း ထုတ်ယူလိုက်ပြီး နံရံထောင့်ရှိ ရေပုံးထဲမှ ရေနှစ်ပန်းကန် ခပ်ယူလိုက်၏။

ကျင်းဘုရင်မင်းမြတ်၏ ရှေ့သို့ ချထားပေးလိုက်ပြီး ရှက်ကိုးရှက်ကန်း ပြုံးကာ ပြောလိုက်သည်။ “သောက် ... ရေသောက်ကြပါဗျ ... ပန်းကန်လုံး နှစ်လုံးပဲ ရှိလို့။”

ကျင်းဘုရင်မင်းမြတ်သည် ပြုံး၍ ခေါင်းညိတ်ပြလိုက်သော်လည်း လှုပ်ရှားမှု မရှိချေ၊ ကော်ထျန်းယန်သည်လည်း ထိုသို့ပင်။

ဤ ပန်းကန်လုံးကွဲများမှာလည်း ညစ်ပတ်ပေရေနေရာ ပါးစပ် တေ့သောက်ရန် တကယ်ပင် အဆင်မပြေချေ။

ဖန်ကျန်းရီနှင့် ကျန်းပြောင်တို့ကတော့ ရွံရှာခြင်း မရှိကြဘဲ တစ်ယောက် တစ်လုံးစီ ယူ၍ ပြောင်စင်အောင် သောက်လိုက်ကြ၏။

တကယ်လည်း ရေဆာနေကြပြီ ဖြစ်ပြီး ဤမျှ ညစ်ပတ်သော အရာထက် ဆိုးရွားသည်ကို မတွေ့ဖူးခြင်း မဟုတ်ချေ၊ ရေက သန့်ရှင်းနေလျှင် ရပြီပင်။

ဝမ်အာ့ကျူသည် သူတို့ ရွံရှာခြင်း မရှိသည်ကို မြင်သည့်အခါ စိတ်ထဲတွင် အတန်ငယ် ပျော်ရွှင်လာ၏။

ကျင်းဘုရင်မင်းမြတ် က စကားဆိုသည်။ “ငါတို့ ဒီနေရာကို လာတာ ခရိုင်ထဲက ရိုးရာ ဓလေ့ထုံးတမ်းတွေကို ကြည့်ရှုပြီး ခရိုင်ထဲမှာ စီးပွားရေး နည်းနည်းလောက် လုပ်ချင်လို့ပါ၊ ဒါကြောင့် မင်းကို မေးကြည့်ချင်တာ ... မင်း ထင်တာကတော့ ရှင်းကျန်းခရိုင်ထဲက အခြေအနေ ဘယ်လိုနေလဲ။ ပြည်သူတွေရဲ့ ဘဝက ကောင်းသလား၊ မကောင်းဘူးလား။”

ထင်မှတ်မထားသည်မှာ ဤစကား ထွက်ပေါ်လာသည်နှင့် ဝမ်အာ့ကျူ၏ စိတ်ထဲတွင် သတိထားစိတ် ထပ်မံ ပေါ်ပေါက်လာပြီး ကျင်းဘုရင်မင်းမြတ် အား သေသေချာချာ အကဲခတ် လေ့လာကြည့်ရှု၏။

နောက်တစ်စက္ကန့်မှာပင် မျက်နှာတည်ဖြင့် ပြောလိုက်သည်။ “ခင်ဗျားမှာ မျက်စိ မပါဘူးလား၊ ကိုယ့်ဘာသာ မကြည့်တတ်ဘူးလား။ ကောင်းတယ်ဗျ ... သိပ်ကို ကောင်းမွန်တာပဲ။ ပြည်သူတွေက စားစရာ၊ သောက်စရာ ရှိပြီး စိတ်အေးလက်အေး ငြိမ်းချမ်းစွာ နေထိုင် လုပ်ကိုင်နေကြတယ်။”

ကော်ထျန်းယန် မကျေမနပ် ဖြစ်သွား၏။ “ဟေ့ ... မင်း ဘယ်လို စကားပြောနေတာလဲ။”

“ခဏနေအုံး။”

ကျင်းဘုရင်မင်းမြတ် သည် မျက်ခုံးကို တစ်ချက် ပင့်လိုက်ပြီး သူ့အား တားဆီးကာ ပြောလိုက်သည်။ “ငါ ကြည့်တာ မြို့ထဲက ပြည်သူတွေက စိတ်ဝိညာဉ် အရှိန်အဝါ မကောင်းမွန်ကြဘူး၊ မင်း ပြောသလောက် မကောင်းဘူး။”

ဝမ်အာ့ကျူ၏ လေယူလေသိမ်းတွင် လှောင်ပြောင်မှုများ ပါဝင်နေ၏။ “ခင်ဗျားမှာ မျက်စိ ရှိသားပဲ။”

“ကိုယ့်ဘာသာ မြင်တာကို မယုံဘဲ၊ ကျုပ်ကို မဖြစ်မနေ ထုတ်ပြောခိုင်းချင်နေတာ မဟုတ်လား။ ခင်ဗျား နားဆင်ချင်တာက စကားကောင်းတွေ မဟုတ်ဘူးလား။”

သူ၏ စကားပြောဆိုမှုတွင် ဓားနှင့် တုတ်များ ပါဝင်နေသဖြင့် ကျင်းဘုရင်မင်းမြတ် ခဏမျှ စကားဆွံ့အသွားရပြီး ဖန်ကျန်းရီက သူ့အား ဘေးဘက်သို့ ဆွဲခေါ်သွားကာ တီးတိုး ပြောလိုက်၏။ “သခင်ကြီး ... ကျုပ် မေးပါ့မယ်၊ သူက ကျုပ်တို့အပေါ် သတိထားနေတယ်။”

“သူ စကားပြောတာ ဘာလို့ ကတ်သီးကတ်ဖတ် နိုင်နေရတာလဲ။”

“လူတစ်ယောက်က ပုံမှန်အတိုင်း စကားမပြောနိုင်အောင် ကန့်သတ်ခံရရင် ကတ်သီးကတ်ဖတ် ပြောဆိုရုံပဲ ရှိတော့တာပေါ့။”

ဖန်ကျန်းရီသည် ကိုယ်ကိုလှည့်၍ ဝမ်အာ့ကျူထံသို့ လျှောက်သွားကာ ပြုံးစိစိဖြင့် ပြောလိုက်၏။ “အစ်ကိုကြီး မစိတ်ဆိုးပါနဲ့ဗျာ၊ မေးခွန်းလေး နည်းနည်း မေးကြည့်တာပါပဲဟာ၊ အစ်ကိုကြီးက ရှင်းကျန်း ပြည်သူတွေရဲ့ ဘဝက ကောင်းသလား၊ မကောင်းဘူးလား ဆိုတာလေးကိုပဲ ပြောပြလိုက်ရုံပါပဲ။”

ဝမ်အာ့ကျူ၏ မျက်နှာတစ်ခုလုံး ရွံရှာမှုများ ပြည့်နှက်နေသည်။

“ဟန်ဆောင် မနေပါနဲ့ဗျာ၊ ဘယ်သူကများ ခင်ဗျားနဲ့ အစ်ကိုကြီး ဟုတ်နေလို့လဲ။ တစ်ခြားဒေသက လူ ... ခင်ဗျားကို တစ်ချက် ကြည့်လိုက်တာနဲ့ အစိုးရကနေ စကားကောင်းတွေ စုဆောင်းဖို့ လွှတ်လိုက်တဲ့သူမှန်း ကျုပ် သိတယ်။ စကားကောင်းတွေ နားဆင်ချင်ရင် ခင်ဗျား ဘာသာ လိမ်လည်တဲ့ စကားအချို့ လုပ်ကြံဖန်တီးလိုက်ရင် မရဘူးလားဗျ။ အမှန်အတိုင်း ပြောလိုက်ရင် ကံမကောင်းမှာက ကျုပ်ဗျ။”

“သွားကြပါ ... မြန်မြန် သွားကြပါတော့ဗျာ၊ ကျုပ်ရဲ့ ဒီနေရာက သေးငယ်တယ်၊ ခင်ဗျားတို့လို ဆရာကြီးတစ်ချို့ ဒီနေရာမှာ မဆန့်ဘူးဗျ။”

ဝမ်အာ့ကျူ စကားပြောပြီးသွားသည်နှင့် ဖန်ကျန်းရီအား အတင်း တွန်းထုတ်တော့၏။

ဖန်ကျန်းရီသည် သူနှင့် အစွမ်းကုန် အားပြိုင်ကစားနေပြီး ပါးစပ်မှ အသံကျယ်ကျယ်ဖြင့် ဟစ်ကြွေးလိုက်သည်။ “နေခင်းကြောင်တောင် ကောင်းကင်ကြီးအောက်မှာ ဒီလိုကိစ္စမျိုး ရှိနေသေးတာလား။ ပြည်သူတွေရဲ့ စကားကောင်းတွေ စုဆောင်းဖို့ လူလွှတ်တယ်၊ အဲဒါ ရှင်းကျန်းခရိုင် အုပ်ချုပ်ရေးမှူး စွန်းရှန်း ဆိုတဲ့ အဲဒီ ခွေးအရာရှိက လူတွေကို ခိုင်းစေတာ မဟုတ်လား။”

ခွေးအရာရှိ။

ဝမ်အာ့ကျူ လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး ဖန်ကျန်းရီအား မယုံကြည်နိုင်စွာဖြင့် အကဲခတ် လေ့လာကြည့်ရှု၏။

“ခင်ဗျားတို့က ... တကယ်ပဲ တစ်ခြား ဒေသကနေ စီးပွားရေး လုပ်ဖို့ လာကြတာလား။”

ဖန်ကျန်းရီက ပြန်ဖြေ၏။ “ဒါပေါ့ သဘာဝကျကျ ဟုတ်တာပေါ့၊ ကျုပ်နဲ့ ကျုပ်အဖေက မိသားစုဝင်တွေကို ဆွဲခေါ်ပြီး မြို့တော်ကနေ ဒီနေရာအထိ လာတာ စီးပွားရေး မလုပ်ဘဲ ဘာလုပ်မှာလဲဗျ။ ကျုပ်တို့က မြို့တော်မှာ တစ်ခြားသူတွေကို မယှဉ်နိုင်ဘူး၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဖိနှိပ်တာကို ခံရလို့ နေရာငယ်လေး တစ်ခု ပြောင်းရွှေ့ရုံပဲ ရှိတော့တာ၊ ရှင်းကျန်းခရိုင်က အုပ်ချုပ်ရေး သန့်ရှင်းပြီး ဟန်ကျန်းပြည်နယ် ထဲမှာလည်း နာမည်ကြီးတယ်လို့ ကြားဖူးလို့ ဒီနေရာဆီ ရောက်လာကြတာ။

ဒါပေမဲ့ အစ်ကိုကြီးရဲ့ သဘောထားကို ကြည့်ရတာ ... ဒီလို မဟုတ်ဘူး ထင်တယ်နော်။ အစ်ကိုကြီးရယ် ... ကျုပ်ကို ရှင်းပြပါအုံးဗျာ၊ ကျုပ်တို့က အဝေးကြီးကနေ ပြေးလာကြတာ၊ မူလက မြို့တော်မှာတောင် ပိုင်ဆိုင်မှု တစ်ဝက်ကျော် ရှုံးနိမ့်ခဲ့ပြီးပြီ၊ အကယ်၍ ဒီမှာ ထပ်ပြီး မှောက်ရက်လဲရင် တကယ်ပဲ အသက်ရှင်စရာ လမ်းကြောင်း တစ်ခုလေးတောင် ရှိတော့မှာ မဟုတ်ဘူး။”

ဖန်ကျန်းရီ ပြောဆိုနေပုံက သနားစရာကောင်းသည်ကို ကြားသည့်အခါ ဝမ်အာ့ကျူသည် ပေါင်ကို တစ်ချက် ရိုက်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်၏။ “အေးဗျာ ... ခင်ဗျားတို့ လာတာ နေရာ မှားသွားပြီ၊ စီးပွားရေး လုပ်ချင်ရင် ဖျင်ဝမ်ခရိုင်ကို သွားသင့်တာဗျ၊ အဲဒီနေရာက စီးပွားရေး လုပ်ဖို့ အသင့်တော်ဆုံးပဲလို့ ကြားဖူးတယ်၊ ဘာရောင်းရောင်း အမြတ်ရတယ်။”

“ဒါဆို ဒီမှာက ဘာပြဿနာ ရှိလို့လဲဗျ။”

ဝမ်အာ့ကျူက ဖြေ၏။ “ခင်ဗျားတို့ မသိကြဘူးဗျ ... ဒီ ရှင်းကျန်းခရိုင်ကလေ ... အမြစ်ကနေအဆုံးထိ ပုပ်သိုးနေပြီဗျ။”

“အပေါ်ယံမှာ ကြည့်ရင် ဘယ်နေရာမဆို မဆိုးရွားဘူးလို့ ဆိုနိုင်ပေမဲ့ လက်တွေ့မှာတော့ ဘယ်လိုလဲ သိလား။ ဒီလိုပဲ ပြောပြမယ်ဗျာ ... ဘာပစ္စည်းမဆို ပြင်ပလောကထက် အများကြီး ပိုပြီး ဈေးကြီးတယ်၊ သာမန်လူတွေက စီးပွားရေး လုပ်ချင်ရင်တောင် ဝင်ပါလို့ မရဘူးဗျ။”

“ဘယ်လို ဖြစ်တာလဲဗျ။”

ဖန်ကျန်းရီက အလျင်စလို မေးလိုက်သည်။ “ကျုပ် ကြည့်တာ လမ်းဘေးမှာ အော်ရောင်းနေတဲ့ ကုန်ဈေးနှုန်းက မြို့တော်ထက် အများကြီး ပိုပြီး ဈေးပေါတာပဲဟာ။”

ကျင်းဘုရင်မင်းမြတ် တို့ လူစုသည် နားရွက်ကို ထောင်ပြီး သေသေချာချာ နားဆင်နေကြ၏။

ဝမ်အာ့ကျူက ထပ်ပြောသည်။ “သူတို့ လျှောက်အော်နေတာကို သွားယုံမနေနဲ့ဗျာ။ အဲဒီ စီးပွားရေးတွေက အားလုံး မြို့ထဲက နာမည်ကြီး မြေရှင်တွေရဲ့ စီးပွားရေးတွေချည်းပဲ၊ သူတို့ အော်တဲ့ ဈေးနှုန်းက နိမ့်ကျတယ်၊ ဒါပေမဲ့ ခင်ဗျား အထဲ ဝင်ပြီး ဝယ်ကြည့်လိုက်၊ အကယ်၍ ခင်ဗျားက သူတို့ အော်တဲ့ ဈေးနှုန်းအတိုင်း ဝယ်နိုင်ခဲ့မယ် ဆိုရင် ကျုပ် ခင်ဗျားကို အဖေလို့ ခေါ်ရဲတယ်။”

လူတိုင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။

“အစ်ကိုကြီး အသေးစိတ် ရှင်းပြပါဦးဗျာ ... ဒီလိုမျိုး တစ်ခါမှ မကြားဖူးတဲ့ ထူးဆန်းတဲ့ ကိစ္စကြီး ရှိသေးတာလား။ ကြားဖူးတာတော့ ခရိုင်ထဲက ဒီ အုပ်ချုပ်ရေးမှူးသစ်က မြို့တော်ကနေ လာတဲ့ သခင်ကြီး တစ်ယောက်တဲ့ဗျ၊ ဘယ်လိုလုပ် ဒီလိုကိစ္စမျိုး ပေါ်ပေါက်တာကို ခွင့်ပြုနိုင်ရတာလဲ။”

ဝမ်အာ့ကျူ၏ စကားသေတ္တာမှာ ဖွင့်လှစ်ခြင်း ခံလိုက်ရပြီ ဖြစ်ပြီး တတွတ်တွတ် ပြောဆိုတော့သည်။ “ဟုတ်တယ်ဗျ ... ဘယ်သူကများ မဟုတ်ဘူးလို့ ပြောသလဲ။ ဒီ အရာရှိသစ် ရာထူးတက်စ အစပိုင်းမှာ ရှင်းကျန်းရဲ့ ပြည်သူတွေက တကယ်ပဲ ကြိုဆိုကြတာဗျ၊ သူက တကယ်လည်း အမှန်တကယ် အကျိုးရှိတဲ့ ကိစ္စတွေ အများကြီး လုပ်ဆောင်ခဲ့တယ်။ မြေရှင်တွေက ပြည်သူတွေကို အနိုင်ကျင့်ရင် သူက မြေရှင်တွေကို သွားပြီး တိုက်ခိုက်တယ်၊ လိမ်လည်တဲ့ ကုန်သည်တွေက အရည်အသွေး ညံ့တာတွေကို အကောင်း ဟန်ဆောင်ပြီး ကုန်ဈေးနှုန်း အရမ်း မြင့်မားနေရင် သူက လူလွှတ်ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်တယ်။

အရာရှိ လုပ်တဲ့သူတွေက ပြည်သူတွေကို အနိုင်ကျင့်ရင်တောင် သူက လက်စွမ်းပြပြီး ပြင်းပြင်းထန်ထန် ဖြေရှင်းတယ်၊ ရောက်လာစ နှစ်လတုန်းကတော့ ... အရာအားလုံးက ကောင်းမွန်တယ်၊ ဘယ်သူမှ အနိုင်ကျင့် မခံရဘူး၊ ပစ္စည်းတွေ ရောင်းတာက အလွန်အမင်း ဈေးပေါတယ်။”

ဒါပေမဲ့ ဘယ်သူကများ သိမှာလဲဗျာ ... နှစ်လလေးတောင် မပြည့်သေးဘူး၊ မြို့ထဲက ကုန်ဈေးနှုန်းတွေက စတင်ပြီး ဒုံးပျံလို ထိုးတက်လာတော့တာပဲ၊ အော်ရောင်းနေတဲ့ ဈေးနှုန်းက ဈေးပေါနေဆဲပဲ၊ ဒါပေမဲ့ ကွယ်ရာကနေ နောက်ဖေးပေါက် လျှောက်တာကလွဲပြီး မူလဈေးနှုန်းအတိုင်း လုံးဝ ဝယ်လို့ မရဘူးဗျ။”

“အထူးသဖြင့် အဲဒီ ဆေးဖက်ဝင် ပစ္စည်းတွေက ပိုပြီးတော့ အဆမတန် မြင့်တက်လာတာ၊ ရောဂါငယ်လေး တစ်ခု ရခဲ့ရင်တောင် ဆေးဝယ်ဖို့ ပိုင်ဆိုင်မှုတွေ အကုန် ထည့်ပေးရမှာ၊ တစ်သက်လုံး အလကား ရှင်သန်ခဲ့ရသလို ဖြစ်သွားတာပဲဗျ။”

ကျင်းဘုရင်မင်းမြတ် ၏ မျက်နှာအမူအရာမှာ လေးနက်သွားပြီး တီးတိုး ရေရွတ်လိုက်၏။ “အပေါ်ယံမှာ ရွှေကျောက်စိမ်း၊ အတွင်းမှာ ပုပ်သိုး ဆွေးမြေ့နေတဲ့ ဝါဂွမ်း။ ဒီလောက်အထိ ဆွေးမြေ့ ပုပ်သိုးနေလိမ့်မယ်လို့ မထင်ထားဘူး။”

“ဟွန်း ... ဒီလောက်တင် မကသေးဘူးဗျ။ အရင်တုန်းက ပြည်သူတွေကို အနိုင်ကျင့်တဲ့ အရာရှိတွေ၊ မြေရှင်တွေ အကုန် ပြန်ရောက်လာကြပြီဗျ၊ ပြီးတော့ ပိုပြီး ဆိုးရွားလာသေးတယ်။ မကောင်းပါဘူးလို့ တစ်ခွန်းပြောရဲရင် နောက်ပိုင်း သေပြီသာမှတ်တော့။

အရင်က မူလ မိသားစု အခြေအနေက မဆိုးရွားဘူးဗျ၊ ဒါပေမဲ့ ဒီတစ်နှစ်အတွင်းမှာ ကမောက်ကမ လုပ်ခံရပြီး ရောဂါငယ်လေးတွေ၊ ဘေးအန္တရာယ်ငယ်လေးတွေနဲ့ တွေ့ဆုံမိတာနဲ့ ဆင်းရဲသား ပြန်ဖြစ်သွားကြတာပဲ၊ အိမ်က လယ်မြေတွေကိုလည်း မြေရှင်ကြီးတွေဆီ ရောင်းချလိုက်ရတယ် ... အဲဒီလူတွေအတွက် အငှားလယ်သမား လုပ်ပေးရုံပဲ ရှိတော့တာပေါ့ဗျာ။

လူတိုင်းကတော့ ခန့်မှန်းကြတယ် ... ဒေသခံ သူဌေးတွေက အရာရှိတွေနဲ့ ကုန်သည်တွေ ပူးပေါင်း ကြံစည်ထားကြပြီတဲ့ဗျ။ ခင်ဗျားတို့လို အသစ် ရောက်လာတဲ့ ကုန်သည်တွေ ဆိုရင် တစ်လလေးတောင် မပြည့်ခင်မှာ တစ်ခြားသူတွေရဲ့ ကန့်လန့်တိုက်တာ ခံရပြီး ဒီနေရာမှာ လုံးဝ အသက်ရှင်နိုင်မှာ မဟုတ်ဘူးလို့ ကျုပ် အာမခံရဲတယ်။”

လယ်မြေ သိမ်းပိုက်ခြင်း၊ ဒေသခံ အင်အားကြီးသူများ မဟာမိတ်ဖွဲ့ လက်ဝါးကြီးအုပ်ခြင်း ... ကြည့်ရသည်မှာ အရာရှိနှင့် ကုန်သည်များ ပူးပေါင်း ကြံစည်ထားသည်မှာ ပြေးမလွတ်တော့ချေ။

ဖန်ကျန်းရီ စိတ်ထဲတွင် တွေးတောနေ၏။

ဝမ်အာ့ကျူသည် ပြောရင်းနှင့် စိတ်လှုပ်ရှားလာကာ ရုတ်တရက် ခြေထောက်ကို အားရပါးရ ဆောင့်ချလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတော့ မဆိုးရွားသေးဘူးဗျ၊ နေ့ရက်တွေက တစ်နေ့ထက်တစ်နေ့ ပိုပြီး ကောင်းမွန်လာခဲ့တာ၊ ဒါပေမဲ့ အခုတော့ မရတော့ဘူး၊ ထပ်ပြီး ဆက်သွားနေရင် ထမင်းတောင် စားနိုင်တော့မှာ မဟုတ်ဘူးဗျ။

ချီးတဲ့မှ အလကား ကမောက်ကမ လုပ်နေတာ၊ ခွေးအစိုးရက လူ့အလုပ် မလုပ်ဘူး၊ ဒီလောက် သောက်ယုတ်မာတဲ့ အုပ်ချုပ်ရေးမှူးကို လွှတ်လိုက်တယ်ဗျာ။ ဒါပေမဲ့ ခင်ဗျားတို့ ပြောကြည့်စမ်း ဖြစ်နိုင်ခြေ တစ်ခုများ ရှိနေမလား ... ကျုပ်တို့ တာ့ကျင်းက ရွှေတိုင်းပြည်နဲ့ စစ်တိုက်တာ ပိုက်ဆံ မရှိတော့လို့ ကျုပ်တို့ သာမန် အရပ်သားလေးတွေ ကိုယ်ပေါ်ကနေ ပိုက်ဆံ ဖြတ်ယူနေတာများလား။”

ကော်ထျန်းယန်၏ စိတ်နှလုံးမှာ တစ်စုံတစ်ယောက်၏ ဆုပ်ကိုင်ခြင်းကို ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ကျင်းဘုရင်မင်းမြတ်အား ကမန်းကတန်း ကြည့်လိုက်၏။

All Chapters