အခန်း (၈၇၂-၈၇၃)
Vol. 46 Ch. 872-873
အပိုင်း (၈၇၂) တောက်ယွမ်ခရိုင် အုပ်ချုပ်ရေးမှူး၏ ပညာရှင်အဆင့် ခွဲခြမ်းစိတ်ဖြာမှု။
ကျင်းဘုရင်မင်းမြတ်၏ လက်သီးဆုပ်များ တင်းကျပ်စွာ ဆုပ်ထားသည်ကို မြင်သည့်အခါ ကော်ထျန်းယန်သည် ရှေ့သို့ ကမန်းကတန်း တိုးလာပြီး တီးတိုး နှစ်သိမ့်လိုက်၏။
“သခင်ကြီး ... ဒီ လူရိုင်းလေးတွေက ဒီအတိုင်းပါပဲဗျ။ တစ်နေ့လုံးမှာ ကိစ္စသုံးခုပဲ ရှိတယ် ... ထမင်းစား၊ အိပ်စက်၊ အစိုးရကို ဆဲရေးတာပဲ၊ သခင်ကြီး လုံးဝ စိတ်ထဲ မထားတော်မူပါနဲ့ဗျာ။”
ကျန်းပြောင်၏ နားရွက်က ပါးလျပြီး အသံအုံ့ကြီးဖြင့် ဖြည့်စွက် ပြောလိုက်သည်။ “ဘယ်သူ ပြောတာလဲ၊ ကျုပ်ကတော့ အစိုးရကို တစ်ခါမှ မဆဲရေးဖူးဘူး။”
ကော်ထျန်းယန် မျက်နှာကြီး ရှုံ့မဲ့သွားပြီး ဘုကြည့် ကြည့်လိုက်၏။
“မင်းက လူရိုင်းလား။ မင်းကို ပြောနေတာလား။”
ဤ အသားတုံးကြီးက လိမ္မာစွာနှင့် နေနေလျှင် မကောင်းပေဘူးလား၊ အဘယ့်ကြောင့် ပါးစပ် အပိုပါပြီး စကးအပိုများ ပြောနေရသနည်း။
သို့ပေမည့် ကျန်းပြောင် ဆိုသည့် ဤ စကားနည်းသူ ပါးစပ်ဖွင့်လိုက်သဖြင့် ကျင်းဘုရင်မင်းမြတ် ၏ စိတ်အခြေအနေမှာ အကြောင်းမရှိဘဲ တောက်ပ လန်းဆန်းသွားခဲ့သည်။ ချီးကျူးသည့် အကြည့်များက ကျန်းပြောင်ထံသို့ ရောက်ရှိသွား၏။
“ဉာဏ်ပညာ ကြီးမားပေမဲ့ အပေါ်ယံမှာ တုံးအယောင် ဆောင်ထားတာပဲ။”
ကော်ထျန်းယန် “......”
ဝမ်အာ့ကျူက ကျင်းဘုရင်မင်းမြတ် ၏ မျက်စိရှေ့တွင် အစိုးရ မကောင်းကြောင်း ပြောနေသည်ကို ကြားသည့်အခါ ဖန်ကျန်းရီလည်း စိတ်လောသွားသည်။
ဤ ကောင်လေး အသက် မလိုချင်တော့ဘူးလား။ ယောက္ခထီးကြီးက သဘောထား ကြီးပြီး သနားကြင်နာတတ်သည် ဆိုပေမည့်လည်း … ။
“အဓိပ္ပာယ်မရှိတာတွေ ဘာလျှောက်ပြောနေတာလဲ၊ စစ်တိုက်တာက ရှင်းကျန်းခရိုင်နဲ့ ငွေတစ်ပြားလေးတောင် သက်ဆိုင်မှု မရှိဘူး။ ရှင်းကျန်းခရိုင်က မကောင်းမွန်ဘူး ဆိုပေမဲ့ ကျုပ်တို့ တာ့ကျင်းက ဒီနှစ်တွေ အတွင်းမှာ ဖွံ့ဖြိုးတိုးတက်လာခဲ့တာ အရှိန်အဟုန် အရမ်း ပြင်းထန်တယ်၊ ဘယ်လိုလုပ် အစိုးရ မကောင်းဘူးလို့ ပြောလို့ ရမှာလဲဗျ၊ ခင်ဗျား တိုင်းပြည်ကို မချစ်မြတ်နိုးဘူးပဲ၊ ခင်ဗျား စိတ်ကူးက အလွန် အန္တရာယ် များလွန်းတယ်။” ဖန်ကျန်းရီက လေးနက်စွာ ပြောလိုက်၏။
ဝမ်အာ့ကျူ ဒေါသကြောင့် ရယ်မောလိုက်သည်။ “ချီးတဲ့မှ … နေ့ရက်တွေ ကောင်းသလား၊ မကောင်းဘူးလား ကျုပ် ကိုယ့်စိတ်ထဲမှာ မသိဘူး မှတ်နေလား။ ကျုပ်က ကျုပ်တို့ရဲ့ တိုင်းပြည်ကို ချစ်မြတ်နိုးပါတယ်ဗျ၊ ဒါပေမဲ့ ဘယ်သူက ကျုပ်ကို ချစ်မြတ်နိုးသလဲ။
အစိုးရက လူတုံး တစ်ယောက်ကို လွှတ်ပြီး ရှင်းကျန်းခရိုင်ကို ကသောင်းကနင်း ဖြစ်သွားအောင် လုပ်ဆောင်ခဲ့တာ၊ ပြည်သူတွေကို ရင်ထဲက စကားအမှန် ပြောခွင့် မပြုတော့ဘူးလားဗျ။ ဒါမှမဟုတ် ခင်ဗျား ကျုပ်ကို ရှင်းပြကြည့်စမ်း ... အစိုးရရဲ့ အမှား မဟုတ်ရင် ဘယ်သူ့ရဲ့ အမှားလဲဗျ။”
ဖန်ကျန်းရီသည် ခေါင်းလှည့်၍ ကျင်းဘုရင်မင်းမြတ် အား တစ်ချက် ကြည့်လိုက်ပြီး သူ၏ မျက်နှာ အနည်းငယ် မည်းမှောင်နေသည်ကို မြင်သည့်အခါ တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ “ဒါက ရှင်းကျန်းခရိုင်ရဲ့ ပြဿနာ သက်သက်ပါပဲဗျာ၊ ပြီးတော့ ခင်ဗျားမှာ လယ်မြေ ရှိနေတာ မဟုတ်ဘူးလား၊ ကြိုးစား အားထုတ်ရင် ဘယ်လိုလုပ် ထမင်း ဝအောင် မစားနိုင်မှာလဲ။ အေးဗျာ ... အစိုးရရဲ့ မူလ ရည်ရွယ်ချက်က ကောင်းမွန်ပါတယ်၊ အောက်ကလူတွေ အကောင်အထည်ဖော်တာ လွဲသွားတာလေးပဲ ရှိတာပါ။”
“ကျုပ် အလွန်အမင်း ကြိုးစားပြီး အသက်ရှင် နေထိုင်ခဲ့ပြီးပါပြီဗျ။”
“ဟွန်း ... ရုံးတော်ထဲမှာ အရင်တုန်းက လူတွေ ရှိနေဆဲပဲဟာ၊ အုပ်ချုပ်ရေးမှူး တစ်ယောက် လဲလှယ်လိုက်တာနဲ့ အကုန် လွဲသွားတာလား။”
“အောက်ကလူတွေလည်း ရွေးချယ်စရာ မရှိဘူးလေ၊ အားလုံးက အုပ်ချုပ်ရေးမှူး တောင်းဆိုတာတွေချည်းပဲ ...”
ဝမ်အာ့ကျူက ဒေါသတကြီး ပြောလိုက်၏။ “ဒါဆို အစိုးရက ဘာလို့ ဒီ ပျက်စီးနေတဲ့ ရှုပ်ထွေးမှုကြီးကို မဖြေရှင်းတာလဲဗျ၊ ဒီအတိုင်း သူ့ကို ဆက်ပြီး ပုပ်သိုးစေတော့မှာလား။”
“ဘာလောနေတာလဲ၊ စတင် ဖြေရှင်းနေပါပြီ။ ခင်ဗျားတောင် တွေးမိတာကို အစိုးရက မတွေးမိဘဲ နေပါ့မလား။”
“ဖြေရှင်းတဲ့သူ ရှိတာကို ကျုပ် ဘာလို့ မတွေ့ရတာလဲ။ ကျုပ် အခု ထမင်းတောင် ဝအောင် မစားနိုင်တော့ဘူးဗျ၊ ကျုပ် ငတ်သေပြီးတဲ့ နောက်မှ ပြင်ဆင်တာ ဘာအသုံးဝင်မှာလဲဗျ။”
“တာ့ကျင်းက ဒီလောက် ကြီးမားတာ၊ အစိုးရက ဘယ်နေရာမဆို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလေ။”
ဖန်ကျန်းရီက ခဏမျှ ရပ်တန့်လိုက်သည်။ “ပြီးတော့ ခင်ဗျားက ထမင်းဝအောင် မစားနိုင်ရင် ကျန်တာတွေ ဘာလို့ ဂရုစိုက်နေတာလဲ။”
ဝမ်အာ့ကျူ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း ကြမ်းကြုတ်လာ၏။ “ကျုပ် ဗိုက်မဝရင်လည်း ဂရုစိုက်မယ်ဗျ၊ ဝရင်လည်း ဂရုစိုက်မယ်ဗျာ။ မရဘူးလား။”
“မင်းမေ ...”
သူတို့နှစ်ဦး တတွတ်တွတ် ပြောဆိုနေကြရာ ကျင်းဘုရင်မင်းမြတ် နားဆင်နေရင်း မျက်နှာမှာ ပိုမို မည်းမှောင်လာ၏။
ဝမ်အာ့ကျူ ဒေါသထွက်လွန်း၍ ခုန်ဆွခုန်ဆွ ဖြစ်နေပြီး ဖန်ကျန်းရီ၏ နှာခေါင်းကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ “မင်းမေ ... မင်းက တကယ်တော့ ဘယ်ဘက်ကလဲ။”
“တော်လောက်ပြီ၊ ညည်းတွား မနေပါနဲ့တော့ဗျာ။”
ဖန်ကျန်းရီက အချက်ကျကျ ပြောလိုက်၏။ “ကျုပ်တို့နှစ်ယောက်စလုံးက သာမန် ပြည်သူလေးတွေပါပဲ၊ ကျုပ်က သဘာဝကျကျ ခင်ဗျားဘက်မှာ ရပ်တည်တာပေါ့၊ ဒါပေမဲ့ ကျုပ်တို့ ဘာကိစ္စမဆို မျှမျှတတ ဆွေးနွေးသင့်တယ်၊ ပြောပြစမ်း ဒီနှစ်တွေ အတွင်းမှာ တာ့ကျင်း ကောင်းသလား၊ မကောင်းဘူးလား။ အရှင်မင်းကြီးက သတ္တိ ဗလ ဉာဏ်ပညာ ပြည့်စုံတော်မမူဘူးလားဗျ။”
အရှင်မင်းကြီးကို ဖော်ပြလိုက်ချိန်တွင် ဝမ်အာ့ကျူ ခဏမျှ မှင်တက်သွားပြီး ထို့နောက် တွန့်ဆုတ်စွာဖြင့် ပြောလိုက်၏။ “အဲဒါကတော့ ... အရှင်မင်းကြီးက ဉာဏ်ပညာ ကြီးမားပါတယ်၊ ဒါပေမဲ့ ကျုပ် ဘဝ မကောင်းမွန်ခဲ့ဘူး ဆိုတော့ အရှင်မင်းကြီးရဲ့ ဉာဏ်ပညာ ကြီးမားမှုက အလကား ဖြစ်မသွားဘူးလားဗျ။”
“ချီးတဲ့မှ ... ခင်ဗျား ဘာလို့ ပြောလေဆိုးလေ ဖြစ်နေရတာလဲ။”
ထိုအခိုက်အတန့်မှာပင် ကျင်းဘုရင်မင်းမြတ်သည် လျှောက်လာပြီး ဖန်ကျန်းရီအား ပြောလိုက်၏။ “တော်လောက်ပြီ၊ မင်းတို့ ရန်ဖြစ်နေစရာ မလိုဘူး။ ကျုပ်နဲ့အတူ အပြင်ကို အရင် ထွက်ခဲ့ချေ ... ကျန်းပြောင်က အခန်းထဲမှာ စောင့်နေလိုက်။”
ကျင်းဘုရင်မင်းမြတ် စကားပြောသည့် လေယူလေသိမ်းမှာ အခန်း၏ အိမ်ရှင်သခင်ကြီး ဖြစ်နေချေပြီ။
ဝမ်အာ့ကျူလည်း ပြန်လည် မချေပရဲချေ။ ကျင်းဘုရင်မင်းမြတ်တို့ သုံးယောက် ထွက်သွားသည်ကို မြင်တွေ့လိုက်ရပြီးမှသာ အကြည့်က ကျန်းပြောင်ထံသို့ ရောက်ရှိသွား၏။
ကျန်းပြောင်သည် အခြေခံအားဖြင့် ဘာစကားမှ သိပ်မပြောခဲ့ဘဲ တည်ရှိမှု ပုံရိပ် မရှိသကဲ့သို့ ဖြစ်နေသည်။
ဝမ်အာ့ကျူသည် သေသေချာချာ တစ်ချက် ကြည့်လိုက်ရာ ချက်ချင်း အကြီးအကျယ် အံ့ဩသွား၏။ “အလိုလေး ကောင်းကင်ကြီးရေ ... မင်းက ဘာလို့ နွားတစ်ကောင်လို ကြံ့ခိုင် သန်စွမ်းနေရတာလဲ၊ ဒါ အစားအသောက်တွေ ဘယ်လောက်များများ စားရလို့ဖြစ်တာလဲ၊ သခင်ကြီးဟွမ်ဆီမှာ တကယ် ပိုက်ဆံ မနည်းဘူးပဲ...။”
...
အိမ်ပြင်တွင် ကျင်းဘုရင်မင်းမြတ် စကားမဆိုရသေးခင်မှာပင် ….
ဖန်ကျန်းရီသည် အသံကို ဦးစွာ လျှောက်တင်လိုက်၏။ “မထင်ထားဘူး၊ အရှင်မင်းကြီးရဲ့ ဒီတစ်ကြိမ် တိုင်းခန်းလှည့်လည်မှုမှာ ဒီလို ဆိုးရွားတဲ့ အမှုကိစ္စမျိုး ပေါ်ပေါက်လာလိမ့်မယ်လို့ တကယ်ပဲ မထင်ထားခဲ့ဘူး။ အရာရှိလောကထဲက ဒီ လိမ်လည် ဟန်ဆောင်တဲ့ ကိစ္စတွေက ဘယ်တော့များ အဆုံးသတ်မှာလဲ..။” ဖန်ကျန်းရီသည် ရင်ဘတ်ကို ထုလျက် အလွန်အမင်း နာကျင်စွာဖြင့် ပြောလိုက်၏။
သူသည် ပြောရင်းနှင့် ကောက်ကျစ် စဉ်းလဲစွာဖြင့် ကျင်းဘုရင်မင်းမြတ် အား ခိုးကြည့်လိုက်ပြီး၊ သူ့အား ကြည့်မနေသည်ကို မြင်သည့်အခါ နှုတ်ခမ်းထောင့်များက လျင်မြန်စွာ ကော့တက်သွားသည်။
ကော်ထျန်းယန်သည် ပထမဆုံး အချိန်အဖြစ် ဤ ပုံရိပ် မြင်ကွင်းကို ဖမ်းဆီးရမိသွားပြီး မျက်နှာအမူအရာထဲတွင် အတိုင်းမသိ ရွံရှာမှုများ ပေါ်ထွက်လာ၏။
ကျင်းဘုရင်မင်းမြတ်သည် နားဆင်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်။ “စွန်းရှန်းဆိုတဲ့ ဒီလူက အပေါ်ယံမှာ ပွင့်လင်း ဖြောင့်မတ်ပုံ ရပေမဲ့၊ လူ့မျက်နှာနဲ့ တိရစ္ဆာန် စိတ်နှလုံး ရှိသူ ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး။ ကိုယ်တော်လည်း ကြည့်တာ လွဲတဲ့အချိန် ရှိတာပဲ၊ သူ ဒီလောက်အထိ ကောင်းအောင် ဟန်ဆောင်နိုင်ခဲ့တာကို အံ့ဩမိတယ်။”
ဖန်ကျန်းရီက ပြန်လည် စကားဆို၏။ “အရှင်မင်းကြီး ... ကျွန်တော်မျိုး ထင်တာကတော့ လိမ်လည် ဟန်ဆောင်တာက စွန်းရှန်းရဲ့ မူလ ရည်ရွယ်ချက် မဟုတ်လောက်ဘူး ...”
“ဒီစကားက ဘာအဓိပ္ပာယ်လဲ။”
“ဒီလမ်းတစ်လျှောက်လုံး ကျွန်တော်မျိုး သူ့ကို အမြဲတမ်း လေ့လာကြည့်ရှုနေခဲ့တာပါ၊ အကယ်၍ တကယ်ပဲ သရုပ်ဆောင်တာ ဆိုရင် မြို့တွင်း ဝင်တည်းက အကောင်းဆုံးက အရှင်မင်းကြီးရဲ့ ရှေ့တော်မှာ သရုပ်ဆောင်ဖို့ လူအချို့ ရှာဖွေသင့်တာ၊ ဘာလို့များ ကျွန်တော်မျိုးတို့ စိုက်ခင်းအပြင် ရောက်မှ ဒီလို တစ်ကွက် လာပြရတာလဲ။
ကျွန်တော်မျိုး စောစောက ကြားဖူးတာတော့ စွန်းရှန်း ရောက်လာစ နှစ်လတုန်းက အုပ်ချုပ်ရေး သန့်ရှင်းပြီး အုပ်ချုပ်တာ ကောင်းမှု ရှိတယ်တဲ့၊ ဒါပေမဲ့ ဘာလို့များ နှစ်လ ကြာပြီးတဲ့ နောက်မှာ ပုံစံ ရုတ်တရက် ပြောင်းလဲသွားရတာလဲ။ ဒီ အပြောင်းအလဲက နည်းနည်း ကြီးမားလွန်းတယ်။”
ကျင်းဘုရင်မင်းမြတ် က သံသယ ဖြစ်စွာဖြင့် ပြောလိုက်၏။ “အဓိက အချက်ကို ပြောစမ်း။”
“အရမ်း ရိုးရှင်းပါတယ် ... စွန်းရှန်း လှည့်ဖျားခံလိုက်ရတာပါ။ မြို့တွင်း ဝင်ပြီးနောက် စွန်းရှန်းက အရှင်မင်းကြီးကို သူရဲ့ အုပ်ချုပ်ရေး မဟာဗျူဟာအကြောင်း ရှင်းပြနေခဲ့တယ်၊ ကျွန်တော်မျိုး နားဆင်ရပြီးနောက်လည်း အရမ်း သန့်ရှင်း သေသပ်တယ်လို့ ခံစားခဲ့ရတယ်။
အခု ပြန်လည် စဉ်းစားကြည့်တော့ ပြဿနာက အဲဒီအပေါ်မှာ ပေါ်ပေါက်ခဲ့တာ ဖြစ်နိုင်တယ်။ သူရဲ့ နည်းလမ်းတွေက အရမ်း ရက်စက် တည့်မတ်လွန်းတယ်၊ အလုပ်လုပ်တာ တောင့်တင်းပြီး ပြောင်းလဲနိုင်မဲ့ နေရာ လုံးဝ မရှိဘူး။
ရေက အရမ်း သန့်စင်လွန်းရင် ငါးမရှိဘူး၊ လူက အရမ်း စိစစ်လွန်းရင် အပေါင်းအသင်း မရှိဘူး။ သူက အသစ် ရောက်လာသူ ဖြစ်ပြီး ရှင်းကျန်းခရိုင် အတွင်းမှာ အခြေခံ တပ်ဖွဲ့ လုံးဝ မရှိဘူး၊ အစပိုင်းမှာ လူတိုင်းက အရာရှိသစ် ရာထူးတက်စ အရှိန်အဟုန်ကို ကြောက်ရွံ့ပြီး ခဏတစ်ဖြုတ် အကျိုးအမြတ် လျှော့ပေးတာကို အောင့်ခံနိုင်ကြတယ်၊ ဒါပေမဲ့ အချိန် ကြာလာတော့ ရုံးတော်ထဲက လူတွေတောင် လက်မခံနိုင်ကြတော့ဘူး၊ သူတို့က အရင်ကတည်းက ခရိုင်ထဲမှာ ရာထူး ထမ်းဆောင်ခဲ့ကြသူတွေ ဖြစ်ပြီး ဒေသခံ အင်အားကြီးသူတွေနဲ့ ဆက်ဆံရေး ကွန်ရက်တစ်ခု အစတည်းက တည်ဆောက်ပြီးသား။
အထက်အောက် အားလုံးက သူ့အပေါ် မကျေမနပ် ဖြစ်ကြတော့ ပူးပေါင်းလိုက်ကြတယ်။ တစ်ချိန်တည်းမှာပဲ သူရဲ့ နောက်ခံကို ကြောက်ရွံ့ကြတော့ သူ့ကို ချော့မော့ လှည့်ဖျားကြတာပေါ့။”
“ဒါပေမဲ့ ရှင်းကျန်းခရိုင်ရဲ့ ဝင်ငွေ တိုးတက်လာတာကို ဘယ်လို ရှင်းပြမလဲ။” ကျင်းဘုရင်မင်းမြတ် က မေးလိုက်၏။
ဖန်ကျန်းရီက ပြန်ဖြေသည်။ “ဒါက သူဌေးတွေ ပူးပေါင်းပြီး အကျိုးအမြတ် တစ်စိတ်တစ်ပိုင်းကို ကိုယ့်သဘောနဲ့ကိုယ် လျှော့ပေးပြီး အစိုးရဆီ သတင်းပို့တာ ဖြစ်လောက်ပါတယ်။
သူတို့ ပူးပေါင်းပြီး ပြည်သူတွေကို ခေါင်းပုံဖြတ်တဲ့ ဝင်ငွေနဲ့ နှိုင်းယှဉ်ရင် ဒီ နှစ်ဆယ်ရာခိုင်နှုန်း ဆိုတာ အခြေခံအားဖြင့် မိုးဖွဲလေးလောက်ပါပဲ။ စွန်းရှန်းကို တည်ငြိမ်အောင် ထိန်းထားနိုင်သရွေ့ သူတို့က တစ်မြို့လုံးကို အမြဲတမ်း လက်ဝါးကြီးအုပ်ထားနိုင်ပြီး တစ်မြို့လုံးက ပြည်သူတွေရဲ့ သွေးကို စုပ်ယူနိုင်မှာ။
နောင်တစ်ချိန် ပြဿနာတွေ ဖော်ထုတ်ခံရရင်တောင် စွန်းရှန်းဆိုတဲ့ ဒီ ကိုယ်စားအသေခံမဲ့သူကို တွန်းထုတ်ပေးလိုက်လို့ ရနိုင်တယ်။ သူတို့ကတော့ တစ်ကိုယ်လုံး ဘေးကင်းကင်းနဲ့ ဆုတ်ခွာသွားမှာပေါ့။”
ကျင်းဘုရင်မင်းမြတ် က တွေးတောလျက် ခေါင်းညိတ်ပြလိုက်၏။
ဖန်ကျန်းရီက ဆက်ပြောသည်။ “အခြေခံအားဖြင့်ပြောရရင် စွန်းရှန်း ဆိုတဲ့ ဒီလူရဲ့ မူလ သဘာဝကတော့ ကောင်းမွန်ဆဲပါပဲ၊ ဒါပေမဲ့ စာပေပညာရှင်တွေရဲ့ ရောဂါတစ်မျိုး ရှိနေတယ်။”
“ဘာ ရောဂါလဲ။”
“ခြေထောက် ရွှံ့မပေဘူး၊ ပြည်သူ့အခြေအနေကို စောင့်ကြည့် လေ့လာမှုက နက်ရှိုင်းမှု မရှိဘူး၊ အကယ်၍ အရာအားလုံးက တကယ်ပဲ ကျွန်တော်မျိုး ခန့်မှန်းသလိုမျိုး ဆိုရင် သူ ပုံမှန်ရက်တွေမှာ အရပ်ထဲ သွားလာတာ အရမ်း နည်းပါးနိုင်တယ်၊ မြို့တွင်းရှိ အရာအားလုံးရဲ့ အခြေအနေ၊ စီမံကိန်းတွေအပေါ် အောက်ကလူတွေက တစ်ခုချင်း လာသတင်းပို့တာကိုပဲ အားပြုပြီး ဆုံးဖြတ်ချက် ချတာ၊ မဟုတ်ရင် တစ်ခြားသူရဲ့ လှည့်ဖျားတာကို ခံရမှာ မဟုတ်ဘူး။
အကယ်၍ ဗဟိုအစိုးရက ဒီလို အလုပ်လုပ်တာ ဆိုရင် နားလည်ပေးလို့ ရနိုင်သေးပေမဲ့၊ တစ်ခရိုင်လုံးရဲ့ နယ်မြေအတွက် ဆိုရင်တော့ ကိုယ်တိုင် ကိုယ်ကျ မြေပြင်ဆင်းပြီး ပြည်သူတွေနဲ့ စကားမပြောဆိုနိုင်ရင် အုပ်ချုပ်ရေးမှာ သေချာပေါက် ကြီးမားတဲ့ ဟာကွက်ကြီး ရှိနေမှာပဲ ... ကျွန်တော်မျိုးထံမှာ ဒီဘက်က အတွေ့အကြုံအချို့ ရှိသေးတယ်။”
ကျင်းဘုရင်မင်းမြတ် က အာရုံစိုက်၍ နားဆင်နေသည်ကို မြင်သည့်အခါ ဖန်ကျန်းရီ၏ မျက်နှာအမူအရာပေါ်တွင် လွမ်းဆွတ် ညည်းတွားသော အဓိပ္ပာယ်များ တဖြည်းဖြည်း ပေါ်ထွက်လာ၏။
“အရင်တုန်းက ကျွန်တော်မျိုး တောက်ယွမ်ခရိုင်မှာ ရှိနေစဉ်က ကိစ္စတိုင်းကို ကိုယ်တိုင် ကိုယ်ကျ လုပ်ဆောင်ခဲ့တယ်၊ လမ်းမ တစ်လျှောက်ချင်းစီ၊ အဆောက်အအုံ တစ်ခုချင်းစီဆီကို သေချာပေါက် ကိုယ်တိုင် သွားရောက်ခဲ့တာ။ ဆောက်လုပ်ရေး ပြီးစီးသွားတဲ့ အချိန်မှ အနားယူတာ၊ ပြည်သူ့ဆန္ဒ စစ်တမ်း ကောက်ယူမှု အပိုင်းကိုလည်း တစ်လ တစ်ကြိမ် စစ်ဆေးတယ်။ အရေးကြီး ကိစ္စရပ်တွေကို သေချာပေါက် ကိုယ်တိုင် စစ်ဆေး မေးမြန်းတယ်၊ ဒီ အမှုကိစ္စ တစ်ခုချင်းစီတိုင်းရဲ့ စာရွက်စာတမ်းတွေကို စာရင်းထဲမှာ ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားပြီး၊ အဲဒီနောက် မြေပုံအတိုင်း မြင်းရှာသလိုမျိုး သေသေချာချာ စိစစ် အတည်ပြုတာ။”
အရေးအကြီးဆုံးကတော့ အလွှာပေါင်းစုံရဲ့ အကျိုးစီးပွားတွေ အကြားမှာ စေ့စပ် ညှိနှိုင်းပေးတာပဲ၊ လူအများစု ကျေနပ်အောင် ကြိုးပမ်း ဆောင်ရွက်ပြီး၊ တရားမျှတ ဖြောင့်မတ် ပွင့်လင်းစေတယ် ... ဒီလိုလုပ်မှ တောက်ယွမ်ခရိုင်က ဒီနေ့ အခြေအနေ ရှိလာတာပါ။”
ဖန်ကျန်းရီ စကားပြောပြီးသွားသည်နှင့် မေးစေ့ကို အနည်းငယ် မော့ထားပြီး ယောက္ခထီးကြီး၏ ချီးကျူးစကားကို စောင့်ဆိုင်းနေ၏။
ကျင်းဘုရင်မင်းမြတ် ငေးမောသွားပြီး အတန်ကြာမှ သတိပြန်ဝင်လာကာ တုံ့ဆိုင်းစွာ ပြောလိုက်သည်။ “မင်း ... ဒီလောက်အထိ ကြိုးစားတဲ့ အချိန် ရှိသေးတာလား။”
“.......”
အပိုင်း (၈၇၃) ဉာဏ်ကြီးရှင်များ၏ စကားပြောဆိုမှု။
ကဲ ... အလကား ပြောလိုက်ရတာပဲ။
ဖန်ကျန်းရီသည် နှုတ်ခမ်းထောင့်များ တဆတ်ဆတ် တုန်ယင်စွာဖြင့် တိတ်ဆိတ်သွား၏။
ကျင်းဘုရင်မင်းမြတ်သည် ပြန်လည် စဉ်းစားခန်း ဝင်သွားပြန်သည်။ “မင်း ပြောတာ တကယ် အဓိပ္ပာယ် ရှိပါတယ်။”
“ကော်ပန်ပန် ... မင်းက ကိုယ်တော့် ကိုယ်စား ဒီနေရာမှာ ကျန်ရစ်ပြီး ကိုယ်တော့်အတွက် လေ့လာ ကြည့်ရှုပေတော့၊ မျက်လုံးပြူးပြီး ကြည့်စမ်း ... သေသေချာချာ ကြည့်စမ်း၊ ဒီ လှည့်ကွက်က တကယ်တော့ ဘယ်နေရာမှာ ပေါ်ထွက်နေလဲ ဆိုတာကို သွားကြည့်ချေ။”
ကော်ထျန်းယန် မှင်တက်သွား၏။ “ကျွန်တော်မျိုးက ကိုယ်စား လေ့လာကြည့်ရှုရမယ် ... ဒါဆို အရှင်မင်းမြတ်က မြို့တော် ပြန်မလို့လား။”
“မဟုတ်ဘူး ... ကိုယ်တော် ဖျင်ဝမ်ခရိုင်ဆီ တည့်တည့်မတ်မတ် သွားပြီး လျှို့ဝှက် စုံစမ်း လေ့လာကြည့်မယ်။”
ကျင်းဘုရင်မင်းမြတ် က ခပ်ပေါ့ပေါ့ ပြောလိုက်၏။ “လိမ်လည် ဟန်ဆောင်တဲ့ လုပ်ရပ်က မရပ်တန့်ဘူး၊ ကိုယ်တော် တွေးကြည့်တာတော့ အကယ်၍ ဖျင်ဝမ်ခရိုင်မှာလည်း ဒီလိုမျိုး ရှိနေရင် သူတို့ကို အငိုက်မိသွားအောင် တိုက်ခိုက်လို့ ရတာပေါ့။”
ဖန်ကျန်းရီ၏ ပါးစပ်သည် တဖြည်းဖြည်း ဟသွားတော့သည်။
ဤသည်က ကမောက်ကမ နိုင်ခြင်း မဟုတ်ပေဘူးလား။ သူ စီစဉ်ထားသည့် အခမ်းအနားကြီးက အလကား ဖြစ်သွားခဲ့ခြင်းပင်...။
သို့ပေမည့် ပြန်လည် စဉ်းစားကြည့်တော့လည်း ကောင်းမွန်သကဲ့သို့ပင်၊ အကယ်၍ ထိုနေရာ ရောက်ပြီး ခမ်းနား ကြီးကျယ်စွာ ကြိုဆိုခံရလျှင် ကိုယ့်ဘာသာ တွင်းတူးပြီး ကိုယ်တိုင် ပြန်မြှုပ်ရာ ရမသွားပေဘူးလား။
ဖန်ကျန်းရီ စကားမဆိုရသေးခင်မှာပင် ကော်ထျန်းယန်က စိတ်လောသွားသည်။ “အရှင်မင်းကြီး ... ဘယ်လိုလုပ် ဒီလို လုပ်တော်မူလို့ ရမှာလဲ၊ အရှင်မင်းကြီးက အန္တရာယ်ကို မကြောက်ရွံ့ဘူး ဆိုရင်တောင်မှ လမ်းမှာ အရှင်မင်းကြီးကို အလုပ်အကျွေးပြုမဲ့သူ ရှိသင့်တယ်လေ။”
“ကိုယ်တော်က မင်း အလုပ်အကျွေးပြုတာ ဘာလိုအပ်လို့လဲ။ ပြီးတော့ ကျန်းရီ ဒီမှာ ရှိမနေဘူးလား။ ဒီနေရာကနေ ဖျင်ဝမ်ခရိုင်ကို နှစ်ရက်ကျော် လမ်းခရီးလောက်ပဲ ရှိတာ၊ အချိန် အများကြီး မကုန်နိုင်ပါဘူး။”
“တပ်မှူးချုပ်ဖန်က ဘယ်နေရာမှာများ လူကို အလုပ်အကျွေး ပြုတတ်လို့လဲ။ အရှင်မင်းကြီး ... ဒါမှမဟုတ် တပ်ဖွဲ့ကြီးကို ခေါ်ဆောင်ပြီး ကျွန်တော်မျိုးတို့ အခုချက်ချင်း ဖျင်ဝမ်ခရိုင်ဆီ ခရီး ထွက်ခွာကြမယ်လေ၊ ဒီက အခြေအနေကိုတော့ နောက်ပိုင်းမှ လူလွှတ်ပြီး စုံစမ်းလည်း အတူတူပါပဲဗျ။”
ကျင်းဘုရင်မင်းမြတ်က လက်ကို မြှောက်လိုက်၏။ “မဟုတ်ဘူး ... မတူညီဘူး။ ဒီ စာတင် တိုင်တန်းလာတာတွေက လက်တွေ့ အခြေအနေနဲ့ ကောင်းကင်နဲ့ မြေကြီးလို ကွာခြားနေနိုင်တယ်၊ ဒီတစ်ကြိမ် ထွက်ခွာတာက အတိအကျ ရှင်းရှင်းလင်းလင်း ကြည့်ရှုဖို့ပါပဲ။ ပြီးတော့ ကျန်းရီ အလုပ်လုပ်တာ အမြဲတမ်း သင့်တော် သေသပ်တယ်၊ ကိုယ်တော်လည်း အရမ်း စိတ်ချတယ် ... မဟုတ်ဘူးလား။”
ကျင်းဘုရင်မင်းမြတ် သူ့အား ကြည့်လာသည်ကို မြင်သည့်အခါ ဖန်ကျန်းရီသည် ဖားယားသော အပြုံးတစ်ခုကို ညှစ်ထုတ်ပြလိုက်၏။ “ခစ်ခစ်။”
“…..”
ချီး … ဘာကို ခစ်ခစ်လဲ။
ကျင်းဘုရင်မင်းမြတ် နှင့် ကော်ထျန်းယန်တို့ တစ်ပြိုင်နက်တည်း သံသယ ဝင်သွားကြတော့သည်။
ကျင်းဘုရင်မင်းမြတ် ကတော့ အများကြီး မတွေးတောချေ၊ သို့သော်ငြား ကော်ထျန်းယန်ကမူ သေသေချာချာ အရသာခံ စဉ်းစားကြည့်လေ၏။
တွေးလေလေ ပို၍ ကြောက်စရာကောင်းလေလေပင် ... မည်းနက်သော တွင်းနက်ကြီး တစ်ခု ပေါ်ထွက်လာပြီး သူ့အား နက်နက်ရှိုင်းရှိုင်း ဆွဲဆောင် စုပ်ယူသွားသကဲ့သို့ပင်။
ကော်ထျန်းယန်သည် ဘာသာစကား၏ နက်နဲမှုထဲတွင် နစ်မျောနေဆဲပင် ဖြစ်ပြီး ကျင်းဘုရင်မင်းမြတ် ၏ အသံမှာ ထပ်မံ ထွက်ပေါ်လာ၏။ “မင်း အခုပဲ ပြန်နှင့်တော့။”
“ဒါပေမဲ့ ... သူတို့က အရှင်မင်းကြီးကို မတွေ့ရင်လည်း သေချာပေါက် ရှာကြမှာပဲလေဗျ။ ဒါကို ကျွန်တော်မျိုးက ဘယ်လို ပြောရမလဲ။”
“အရှင်မင်းကြီးက လယ်သမား အိမ်တစ်အိမ် ရှာပြီး နေထိုင်နေတယ်၊ အရာအားလုံး အဆင်ပြေတယ်၊ အခု အရပ်ထဲက ဘဝကို သေသေချာချာ စံစား ခံစားကြည့်ချင်နေလို့ တစ်ခြားသူတွေ အနှောင့်အယှက် ပေးတာ မလိုချင်ဘူး၊ နှစ်ရက်လောက် နေရင် ပြန်လာမယ်လို့ ပြောလိုက်။ ခင်ဗျာူး ပြောလိုက်ရင် သူတို့က စိုးရိမ် ပူပန်ကြပေမဲ့လည်း ယုံကြည်ကြမှာပါ ... တစ်ရက်၊ နှစ်ရက်လောက် အချိန်ဆွဲထားလိုက်ရင် ရပြီ။” ဖန်ကျန်းရီက ပြောလိုက်၏။
ကျင်းဘုရင်မင်းမြတ် က ခေါင်းညိတ်ပြလိုက်ပြီး ကော်ထျန်းယန်က ဗျာများသော မျက်နှာဖြင့် မေးလိုက်သည်။ “ဒီလိုလုပ်တာ တကယ် ရရဲ့လား။”
“သွားချေ ... အခု ကိုယ်တော် ပြောတဲ့စကားက အသုံးမဝင်တော့ဘူးလား။”
ကော်ထျန်းယန် ရွေးချယ်စရာ မရှိဘဲ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်၏။ “ခစ်ခစ်။”
“ယီးကို ခစ်ခစ် … သောက်သက်က ကြီးနေပြီ။ သွားစမ်း ..” ကျင်းဘုရင်မင်းမြတ် မျက်မှောင်ကြုတ်သွားသည်။
“ကျွန်တော် ... ဟုတ်ကဲ့ပါ၊ ကျွန်တော်မျိုး အခုပဲ သွားပါ့မယ်။”
ကော်ထျန်းယန်သည် ဝမ်းနည်းစွာဖြင့် နှုတ်ခမ်းကို မဲ့လိုက်ပြီး ကိုယ်ကိုလှည့်ကာ ထွက်ခွာသွား၏။
...
အိမ်တွင်း၌ ဝမ်အာ့ကျူသည် ကျန်းပြောင်အား အဆက်မပြတ် ညည်းတွား ပြောဆိုနေ၏။
“ညီလေးရာ ... ငါ မင်းကို တစ်ချက် ကြည့်လိုက်တာနဲ့ အစားအသောက် ကောင်းကောင်းတွေ မနည်း စားဖူးမှန်း သိတယ်။ ငါနဲ့ မတူဘူး ... ငါ့ရဲ့ ဒီနေ့ရက်တွေက ခါးသီးလွန်းတယ်၊ မင်း မသိပါဘူး ... ငါ ဒီတစ်နှစ်ကို ဘယ်လို ကျော်ဖြတ်လာခဲ့ရလဲ ဆိုတာကို။
အိမ်က ကျန်ရစ်ခဲ့တဲ့ ဒီ သစ်သီးခြံ လယ်ဧက အနည်းငယ်လေးကိုပဲ စောင့်ရှောက်နေရတာ၊ ဒါပေမဲ့ ရှင်းကျန်းခရိုင် အတွင်းမှာက ဈေးကောင်း မရနိုင်ဘူး၊ အဲဒီ သူဌေးတွေဆီ ဈေးပေါပေါနဲ့ ရောင်းချလိုက်ရပြီး သူတို့က ဈေးကြီးကြီးနဲ့ ပြန်ရောင်းနေတာကို မျက်စိ နဲ့ မြင်နေရတာကွာ။
ငါ အခု နေ့တိုင်း အရင်းထိုင်စားနေရပြီ ... ဒီနှစ်ရဲ့ ဒီ ပန်းသီးသုတ်သာ ဈေးကောင်း မရရင် အိမ်က အဲဒီ အရင်းလေးတွေ အကုန် ကုန်သွားပြီး ငတ်သေဖို့ စောင့်နေရုံပဲ ကျန်တော့တယ်။”
ကျန်းပြောင်သည် အလွန် ကောင်းမွန်သော နားဆင်သူ တစ်ဦး ဖြစ်ပြီး စကားပြောသည်မှာ အလွန် နည်းပါးလှ၏။
သို့သော်ငြား ငတ်မွတ် ဆာလောင်ခြင်းကို ပြောလာချိန်တွင် ကျန်းပြောင် အဆုံး၌ ပါးစပ်ဖွင့်လာချေပြီ။ “ဒါဆို ခင်ဗျား အပြင်ထွက်ပြီး သွားရောင်းရင် မပြီးဘူးလား၊ ဒီနေရာလေးကို အသေဖက်တွယ် စောင့်ရှောက်နေတာ ဘာလုပ်ဖို့လဲ။”
ဝမ်အာ့ကျူက ရွေးချယ်စရာ မရှိစွာဖြင့် ပြောလိုက်သည်။ “ငါတို့ ဘိုးဘေး အစဉ်အဆက်က ဒီ လယ်မြေ တစ်ဧက၊ သုံးစိပ် နေရာလေးကိုပဲ စောင့်ရှောက်လာခဲ့ကြတာ၊ ငါ သွားရဲသလား၊ မသွားရဲဘူးလား အပထာအုံး ... ငါ့မှာ မိန်းမ တစ်ယောက်တောင် မရှိတာ၊ ဘယ်သူက ငါ့အတွက် အိမ် ကြည့်ပေးမှာလဲ။”
“မိန်းမ တစ်ယောက်တောင် မရှိဘူး ဆိုတာ ခင်ဗျားအဖေက ခင်ဗျားကို ဘယ်လို ရလာတာလဲ။”
ငါ့အဖေ ငါ့ကို ဘယ်လိုရခဲ့တာလဲ။
ဝမ်အာ့ကျူ သံသယ တွေးတောမှုထဲသို့ နစ်မျောသွားတော့၏။
...
မဟုတ်သေးဘူး။ ဒီသောက်တုံး အကောင်ကြီးရဲ့ လမ်းလွဲ ခေါ်ဆောင်ခြင်း ခံလိုက်ရပြီ။
သတိပြန်ဝင်လာချိန်တွင် ဝမ်အာ့ကျူက အော်ဟစ်လိုက်၏။ “ငါက လူပျိုကြီး၊ ဒါပေမဲ့ ငါ့အဖေက လူပျိုကြီး မဟုတ်ဘူးလေ။”
“အာ ... ဟုတ်တယ်၊ ခင်ဗျား ဆက်ပြော။”
ဝမ်အာ့ကျူသည် စိတ်ခံစားချက်ကို အနည်းငယ် ပြန်လည် ချိန်ညှိလိုက်သည်။ “မင်း ပြောကြည့် ... အကယ်၍ ငါ အပြင်ထွက်သွားတုန်း ငါ့ရဲ့ ဒီ သစ်သီးခြံကို တစ်ခြားသူတွေ သိမ်းပိုက်သွားရင် ဘယ်လိုလုပ်မလဲ၊ ငါ ဘယ်နေရာ သွားပြီး တရား မျှတမှု ရှာရမှာလဲ။”
“ဒါ ဘာပြဿနာ မို့လို့လဲ၊ ခင်ဗျား ပြန်လာတဲ့ အခါကျရင် ပြန်ပြီး သိမ်းပိုက်လိုက်ရင် ပြီးတာပဲဟာ။”
ဝမ်အာ့ကျူသည် သူ့အား တစ်ချက် စောင်းကြည့်လိုက်ပြီး ဆက်၍ စကားမပြောချင်တော့ချေ၊ ထပ်ပြီး ပြောနေလျှင် ဉာဏ်ရည် သက်ရောက်မှု ရှိတော့မည် မဟုတ်ပေ။
သူ ပါးစပ်ပိတ်၍ နေလိုက်သော်လည်း ကျန်းပြောင်က ထပ်မံ စကားဆိုလာပြန်သည်။ “ဒီလောက်အများကြီး ပြောနေတာ ... တကယ်တော့ ခင်ဗျားက သတ္တိနည်းပြီး အပြင်ကို မပြေးထွက်ရဲတာပါ၊ အခြားအရာတွေက အားလုံး အတုအယောင်တွေချည်းပဲ။”
ဝမ်အာ့ကျူ၏ မျက်နှာတစ်ခုလုံး ခါးသီးမှုများ ပြည့်နှက်နေပြီး ပြောချင်သော်လည်း ရပ်တန့်သွားဟန် ရှိကာ အဆုံးတွင် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်၏။ “ဟုတ်တယ် ... မင်း ပြောတာ မှန်ပါတယ်။ ငါ တစ်သက်လုံး သွားဖူးတဲ့ အဝေးဆုံး နေရာက ရှင်းကျန်းခရိုင်ထဲမှာပဲ ... ငါ အခြား ဘယ်နေရာကိုမှ မရောက်ဖူးဘူး။ ငါ ကြောက်တယ် ... လမ်းမှားမှာ ကြောက်တယ်၊ လုယက်ခံရမှာ ကြောက်တယ်၊ လိမ်လည်ခံရမှာ ကြောက်တယ်။”
ကျန်းပြောင်က ပြောလိုက်၏။ “ခင်ဗျား အတွေးလွန်နေတာပါ၊ အခြေခံအားဖြင့် ဘယ်သူမှ ခင်ဗျားကို စိတ်မဝင်စားဘူး။ ကျုပ်သာ ဓားပြဆိုရင် ခင်ဗျားကို တစ်ချက်လေးမှ စောင်းကြည့်မှာ မဟုတ်ဘူး။ အဲတာ ယုံ။”
“အကောင်ကြီး ... မင်းက ဒီလောက်အထိ တည့်တည့်မတ်မတ်ကြီး ပြောစရာ လိုလို့လားကွာ။” ဝမ်အာ့ကျူသည် ငိုချင်စိတ် အနည်းငယ် ပေါ်ပေါက်လာသကဲ့သို့သာ ခံစားရတော့၏။
“ကျုပ်လည်း အရင်တုန်းက ဆင်းရဲခဲ့တာပဲ၊ နောက်ပိုင်း အပြင်ကို မကြာခဏ ထွက်ပြီး သွားလာကြည့်မှ ဘဝ ကောင်းမွန်လာခဲ့တာ။”
“မင်း ပြဿနာတွေနဲ့ မကြုံတွေ့ခဲ့ဖူးဘူးလား။”
“ပထမဆုံး အကြိမ် ခရီးဝေး ထွက်တာနဲ့ လမ်းပိတ် လုယက်တဲ့ တောဓားပြတွေနဲ့ ကြုံတွေ့ခဲ့တာ။”
ဝမ်အာ့ကျူ၏ စိတ်နှလုံး တင်းကျပ်သွားသည်။ “နောက်ပိုင်း ဘယ်လို ဖြစ်သွားလဲ။”
“ကျုပ် တောဓားပြတွေကို ပြန်လုယက်ပစ်လိုက်တယ်။”
ဖန်ကျန်းရီ တံခါးတွန်းဖွင့်၍ ဝင်လာပြီး သူတို့နှစ်ဦး အားရပါးရ စကားပြောဆိုနေကြသည်ကို မြင်သည့်အခါ စကားဝိုင်းကို တည့်တည့်မတ်မတ် ဖြတ်ပြောလိုက်၏။ “သွားမယ် ... ဖျင်ဝမ်ခရိုင်ဆီ သွားကြမယ်။”
“အွန်း ...” ကျန်းပြောင် မတ်တပ်ရပ်လိုက်သည်။
ဝမ်အာ့ကျူက အလျင်စလို မေးလိုက်၏။ “ခင်ဗျားတို့ ဖျင်ဝမ်ခရိုင်ဆီ သွားမလို့လား။”
“ဟုတ်တယ် ... ဒီ စုတ်ပြတ်နေတဲ့ နေရာကြီးမှာ စီးပွားရေး လုပ်လို့ မရနိုင်လောက်ဘူး၊ ဖျင်ဝမ်ခရိုင်ဆီ တည့်တည့်မတ်မတ် သွားပြီး သူဌေး ဖြစ်အောင် လုပ်မယ်။” ဖန်ကျန်းရီက ပြောလိုက်၏။
ကျန်းပြောင်သည် ဝမ်အာ့ကျူအား လက်ညှိုးထိုးပြလိုက်သည်။ “သူလည်း လိုက်ချင်နေတယ် ... အဲဒီမှာ သွားပြီး ပန်းသီးရောင်းမလို့တဲ့၊ ဒီမှာက ဈေးကောင်း မရဘူးလေ။”
“ငါ မ ...” ဝမ်အာ့ကျူ မှင်တက်သွားတော့၏။ ကျန်းပြောင်က သူ၏ အတွက် တည့်တည့်မတ်မတ် ဆုံးဖြတ်ချက် ချပေးလိုက်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
ဖန်ကျန်းရီသည် သူ့အား ထူးဆန်းစွာ တစ်ချက် ကြည့်လိုက်သည်။ “ခင်ဗျား လိုက်ချင်တာလား။ ဒါဆိုလည်း အတူတူ သွားကြတာပေါ့ ... ခင်ဗျားမှာ ရထား၊ မြင်း ရှိလား။”
“အမ် ... အမ်။ ကျုပ်မှာ မြည်းလှည်း ရှိပါတယ်။” ဝမ်အာ့ကျူက ကြောက်ရွံ့တုံ့ဆိုင်းစွာ ပြောလိုက်၏။
“ဒါဆိုလည်း ပန်းသီးတွေ သယ်ပြီး အတူတူ သွားကြတာပေါ့ ... ကျုပ် မြင်းသွားရှာရတာ သက်သာသွားတာပေါ့။”
“ဒါ သင့်တော်ပါ့မလား။” ဝမ်အာ့ကျူက တီးတိုး ပြောလိုက်၏။ ဘယ်လို ဖြစ်သွားမှန်း မသိဘဲ ရင်တွေ တဒိတ်ဒိတ် ခုန်လာသကဲ့သို့ ခံစားလိုက်ရပည်။
အကောင်ကြီး၏ နောက်မှ လိုက်ပါ၍ ခရီးထွက်တာ သေချာပေါက် ဘာအန္တရာယ်မှ မရှိနိုင်ချေ။
ဖန်ကျန်းရီသည် အခန်းတွင်း၌ တစ်ပတ် လှည့်ကြည့်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။ “ဘာများ မသင့်တော်စရာ ရှိလို့လဲ။ ခင်ဗျား ဒီမှာ ပစ္စည်း ရောင်းတာကလည်း ဈေးကောင်း မရဘူး၊ ဖျင်ဝမ်ခရိုင် ရောက်ပြီး ပိုပြီး အမြတ်များများ ရတာနဲ့ ပြန်လာခဲ့ပေါ့ ... ခင်ဗျား ကိုယ်တိုင်တောင် အဲဒီဘက်မှာ ပိုက်ဆံ ရတယ်လို့ ပြောတာပဲဟာ၊ ဘာပဲဖြစ်ဖြစ် နှစ်ရက်၊ သုံးရက်လောက် အချိန်ပဲကို။
ပြီးတော့ ကြည့်စမ်း ခင်ဗျားရဲ့ ဒီအိမ်ကို ... စုစုပေါင်း ပန်းကန်လုံး နှစ်လုံး ရှိတာ၊ ပြီးတော့ တစ်လုံးက ကွဲနေသေးတယ်။ သူခိုး လာရင်တောင် ကျက်သရေ မရှိဘူးလို့ ခံစားရမှာ ... အတော်ပဲ ကျုပ်တို့နဲ့ တစ်လမ်းတည်း အတူ သွားကြတာပေါ့၊ ကျုပ်တို့ အဲဒီဘက်မှာ ငွေစ ရလာရင် ခင်ဗျားကို နည်းနည်း ခွဲပေးမယ်၊ ခင်ဗျားက ကျုပ်တို့ကို ဒီလောက်အများကြီး ပြောပြတဲ့ ကျေးဇူးဆပ် လက်ဆောင် အဖြစ် သတ်မှတ်လိုက်ပေါ့ဗျာ ... ဘယ်လိုနေလဲ။”
“ဒါဆိုလည်း ကောင်းပြီလေ ... ခင်ဗျားတို့ ကျုပ်ကို ခဏလောက် စောင့် ... ပြင်ဆင်ပြီးတာနဲ့ အတူတူ သွားကြမယ်နော်။”