အခန်း (၈၇၆-၈၇၇)
Vol. 46 Ch. 876-877
အပိုင်း (၈၇၆) အပေါင်ဆိုင်တွင် လူမိုက်လုပ်ခြင်း။
ဖန်ကျန်းရီသည် ဝမ်အာ့ကျူ တုံ့ပြန်သည်ကို မစောင့်ဘဲ လက်စွပ်ကို တည့်တည့်မတ်မတ် လုယူလိုက်၏။
“ကျုပ်ရဲ့ ဒီ လက်စွပ်က ပိုက်ဆံ ဘယ်လောက် တန်လဲ ဆိုတာကို ခင်ဗျား မသိပါဘူး၊ တစ်ခြားသူတွေ လိမ်လည်တာ မခံရစေနဲ့ ... ကျုပ်ပဲ လုပ်ပါ့မယ်။”
သူ့ကို မပေါင်ခိုင်းချင်တာတော့ မဟုတ်ချေ၊ သူ၏ ဤပုံစံက တစ်ချက် ကြည့်လိုက်သည်နှင့် ကြောက်ရွံ့နေတာ ပေါ်လွင်နေသည် မဟုတ်ပါလား။
ဤ လက်စွပ်၏ တန်ဖိုးကို ဖန်ကျန်းရီလည်း မသိချေ၊ ရှောင်ထောင် ဝယ်ထားခဲ့ခြင်း ဖြစ်၏။
ဈေးပေါသော ပစ္စည်း ဖြစ်နိုင်ချေ ရှိသည် ... မည်သို့ပင်ဖြစ်စေ ရှောင်ထောင်က အလှဆင် ပစ္စည်းဝယ်လျှင် လှခြင်း၊ မလှခြင်းကိုသာ ကြည့်သည်။ ဈေးကြီးခြင်း ၊ ဈေးပေါခြင်းကို ဂရုမစိုက်ပေ။
သူလည်း ဂရုမစိုက်ချင်ချေ။ သူ၏ လက်ရှိ ဤ အဆင့်အတန်းအရဆိုလျှင် ပလတ်စတစ် ကျောက်စိမ်းဆွဲပြားလေး တစ်ခုကို ပတ်ထားရင်တောင်မှ အတုဟု မည်သူကမှ ထင်မှတ်လိမ့်မည် မဟုတ်ပေ။
လက်စွပ်က ဈေးနှုန်း ဘယ်လောက် ရှိသလဲ မသိချေ၊ သူလည်း ကျောက်စိမ်းကို သိပ် မခွဲခြားတတ်ချေ။ အတွေ့အကြုံနှင့် မာကျောသော အရှိန်အဝါကို ပေါင်းစပ်ပြီး ငွေစ အများအပြား ရရှိအောင် ကြိုးပမ်းရုံသာ ရှိတော့သည်။
ဘယ်လိုပဲ ဖြစ်ဖြစ် ဝမ်အာ့ကျူထက်တော့ သာလွန်နေမည် မဟုတ်ပါလား ... ဘာပဲပြောပြော နောက်ပိုင်း ငွေစ သုံးစွဲရမဲ့ နေရာတွေ အများကြီး ရှိနေသေး၏။
ဖန်ကျန်းရီသည် လက်စွပ်ကို ကမ်းပေးလိုက်ပြီး မာနထောင်လွှားတာမျိုး မရှိ၊ နှိမ့်ချတာမျိုးလည်း မရှိဘဲ ပြောလိုက်သည်။ “အစ်ကိုကြီး ... ဒီနေရာကို ပထမဆုံးအကြိမ် လာတာပါ၊ သေသေချာချာ ကူပြီး ကြည့်ပေးပါ။”
“အတွေ့အထိက ခြောက်သွေ့ ကြမ်းတမ်းတယ် ... အရောင်တွေ အရမ်း များလွန်းတယ်၊ ပြီးတော့ အရောင်က ပြောက်ကျား ဖြစ်နေတယ်။”
အလုပ်သမားလေးသည် ကျောက်စိမ်းလက်စွပ်ကို ကိုင်ဆောင်လျက် တစ်ဖက်က လေ့လာကြည့်ရှုပြီး တစ်ဖက်က အကဲဖြတ် ပြောဆိုနေ၏၊ တစ်ချက် ခေါက်ကြည့်ပြီး ထပ်မံ ပြောလိုက်သည်။ “အသံက အက်ကွဲနေတယ်၊ အညံ့စား ကျောက်စိမ်းပဲ ... ပေါင်လို့ ရတာက ... သုံးမတ်ဗျ။”
သုံးမတ်။
ဖန်ကျန်းရီ ဒေါသကြောင့် ရယ်မောလိုက်၏။
ငွေစအနည်းငယ်၊ ဆယ်ချီ၊ ဆယ်ချီကျော် အားလုံး ဖြစ်နိုင်ချေ ရှိသည်။ အပေါင်ဆိုင်က အသေ ဈေးနှိမ်ရမည် ဆိုသော်လည်း သုံးမတ်လောက်အထိ ဈေးနှိမ်သည်ကတော့ တကယ်ကို လွန်လွန်းလှသည်။
ခွေးကောင်လေး … မင်းရဲ့ ဘိုးဘေးကြီးဆီ လာပြီး လိမ်လည်ရဲတယ်ပေါ့လေ။
ဖန်ကျန်းရီသည် မျက်လုံးကို မှေးပြီး ပြောလိုက်၏။ “အစ်ကိုကြီး ... သေသေချာချာ ထပ်ကြည့်ပါအုံး၊ ကျုပ်ရဲ့ ဒီဟာက အကောင်းစား ကျောက်စိမ်းသား အစစ်အမှန်ကြီးပါ၊ ကြည့်တာ မလွဲသွားစေနဲ့။”
အလုပ်သမားလေးက လှောင်ပြောင်သလို တစ်ချက် ရယ်မောလိုက်သည်။ “လက်ရာက ကျုပ်တို့ဆီမှာ တန်ဖိုး မရှိဘူးဗျ။ ဒီလာတဲ့သူတိုင်း ခင်ဗျားလို ပြောကြတာချည်းပဲ ... သုံးမတ်ပဲ တန်တယ်၊ ခင်ဗျား ပေါင်မလား၊ မပေါင်ဘူးလား။”
ဤ အလုပ်သမားလေး၏ လေယူလေသိမ်းမှာ အလွန် ရိုင်းစိုင်းလှပြီး ကျင်းဘုရင်မင်းမြတ် ပင်လျှင် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်၏။
ဖန်ကျန်းရီသည် မျက်နှာအမူအရာ မရှိဘဲ ကျန်းပြောင်ကို တစ်ချက် ပုတ်လိုက်ပြီး ကောင်တာကို လက်ညှိုးထိုးပြလိုက်သည်။
ကျန်းပြောင်သည် စဉ်းစားခြင်း လုံးဝ မရှိဘဲ ဖန်ကျန်းရီအား ပုခုံးပေါ်သို့ တန်းပြီး ထမ်းတင်လိုက်၏။
ဤ အခိုက်အတန့်တွင် ဖန်ကျန်းရီသည် အလုပ်သမားလေးထက် ကိုယ်တစ်ဝက်လောက် မြင့်မားသွားခဲ့ပြီး၊ လက်တစ်ဖက်က သစ်သားသံတိုင်ကို ဆုပ်ကိုင်ကာ အခြား လက်တစ်ဖက်ကိုမူ အထဲသို့ တည့်တည့်မတ်မတ် ဆန့်ထုတ်ပြီး အလုပ်သမားလေး၏ နှာခေါင်းကို လက်ညှိုးထိုးလျက် ဒေါသတကြီး ဆဲရေးလိုက်သည်။
“ချီး … ကျုပ်ရဲ့ ဒီ ကျောက်စိမ်းလက်စွပ်က ငွေနှစ်ရာ ပေးပြီး ဝယ်ထားတာ။ အပေါင်ဆိုင်က ဆယ်ပုံ ငါးပုံပဲ ထားရင်တောင် ငွေတစ်ရာ တန်သေးတယ် ... ခင်ဗျားက သုံးမတ်လောက်နဲ့ပဲ ပေါင်ရမယ်လို့ ပြောတာလား။ ကျုပ် ခင်ဗျားကို နောက်ထပ် အခွင့်အရေး တစ်ကြိမ် ပေးမယ် ... မှားယွင်းသွားရင် ကျုပ် သောင်းကျန်းတော့မှာနော်။”
ဤ ရုတ်တရက် ဖြစ်ပေါ်လာသည့် လှုပ်ရှားမှုကြောင့် အလုပ်သမားလေးမှာ ကျောချမ်း သွားခဲ့ရပြီး ဘာလုပ်ရမှန်း မသိသကဲ့သို့ ဖြစ်သွား၏။
အပေါင်ဆိုင်ထဲရှိ အခြားသော ဧည့်သည်များပင်လျှင် တစ်ပြိုင်နက်တည်း လှမ်းကြည့်လာကြပြီး အလွန်အမင်း အံ့ဩသွားကြသည်။
အပေါင်ဆိုင်သည် အခြေခံအားဖြင့် အရေးပေါ် ကယ်တင်သည့် လုပ်ငန်းကို လုပ်ကိုင်ခြင်း ဖြစ်ရာ လာရောက်ကြသူများမှာ သဘာဝကျကျပင် အကူအညီတောင်းခံသူ များပြားလှ၏။
အကူအညီတောင်းခံပြီး အလုပ်လုပ်ရာတွင် ယခုကဲ့သို့ ရမ်းကားသည်မျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ဝမ်အာ့ကျူ မှာ ထိတ်လန့်သွားပြီး အရပ်လေးမျက်နှာကို ဝေ့ကြည့်ကာ မည်သည့်နေရာက လူတစ်ယောက် ရုတ်တရက် ခုန်ထွက်လာပြီး သူတို့ကို ဝိုင်းရိုက်မည်နည်းဟု စိုးရိမ်နေ၏။
ကျင်းဘုရင်မင်းမြတ်ကမူ ခြေလှမ်းများကို တဖြည်းဖြည်း ရွှေ့ပြောင်းပြီး အခြား ပြတင်းပေါက်လေး တစ်ခု၏ အောက်သို့ လျှောက်သွားသည်။
ကိုယ်ကို အနည်းငယ် စောင်းထားလိုက်ပြီး လမ်းသွားလမ်းလာ ဟန်ဆောင်လိုက်၏။
ဖန်ကျန်းရီ သောင်းကျန်းနေသည်ကို ကြည့်ပြီး ကျင်းဘုရင်မင်းမြတ်၏ မျက်ခွံများ ပြင်းထန်စွာ လှုပ်ခါလျက်ရှိသည်။
ရှက်စရာ ကောင်းလိုက်တာ ... တကယ်ကို ရှက်စရာ ကောင်းလိုက်တာ။ ဒီ သောက်လူယုတ်မာလေးက အရှက်တရားကို မရှိဘူး။ ဒါကို နန်းတွင်းက လူတွေ တွေ့သွားခဲ့ရင် ဘယ်လိုလုပ်မလဲ...
ဖန်ကျန်းရီသည် ကြမ်းကြုတ်သော အရှိန်အဝါများဖြင့် အထက်စီးမှနေ၍ အလုပ်သမားလေးအား သေမတတ် စိုက်ကြည့်နေ၏။
အလုပ်သမားလေးသည် တံတွေး တစ်ချက် မြိုချလိုက်ပြီး စိတ်ထဲတွင် မကောင်းကြောင်း တိတ်တဆိတ် တွေးလိုက်မိသည်။
ဤ လက်စွပ်က အလွန် ကောင်းမွန်လှ၏ ... ငွေနှစ်ရာလောက်အထိ ချဲ့ကား ပြောဆိုစရာ မလိုသော်လည်း အရည်အသွေးကို ကြည့်ခြင်းအားဖြင့် ဈေးကွက်ထဲတွင် ရောင်းချလျှင် ငွေဆယ်ချီ၊ နှစ်ဆယ်လောက် ပြန်ရဖို့ ပြဿနာ မရှိနိုင်ချေ။
အထူးသဖြင့် သူတို့နှစ်ဦး၏ စကားပြောဆိုမှုကို ကြားရချိန်တွင် ဤ လက်စွပ်က မျက်စိရှေ့မှ ဤ သခင်လေးက ဘေးမှ တောသားလေးအား ပေးထားခြင်း ဖြစ်လောက်သည်။
ဝမ်အာ့ကျူလို လူမျိုး အပေါင်ဆိုင်ကို လာလျှင် အခြေခံအားဖြင့် ပြန်ရွေးနိုင်ချေ သိပ်မကြီးမားချေ၊ ရရှိမည့် အကျိုးအမြတ်ကလည်း သဘာဝကျကျပင် အတိုးငွေ မဟုတ်ချေ ... ထိုသို့ဆိုလျှင် သူ ကော်မရှင် အများကြီး ဖြတ်ယူနိုင်ပေလိမ့်မည်။
ထို့ကြောင့် သုံးမတ် ဆိုသည့် ဈေးနှုန်းအထိ အသေ ဖိနှိပ်ခဲ့ခြင်း ဖြစ်၏။
သို့ပေမည့် ပေါ့ဆသွားခဲ့သည် ... ဤလက်စွပ်၏ မူလပိုင်ရှင်က ကိုယ့်သဘောနှင့်ကိုယ် ထွက်ပေါ်လာပြီး စကားပြောလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
ဒါပေမဲ့ အရောင်းအဝယ် လုပ်တာ ဒီလိုပဲ မဟုတ်ဘူးလား။ အရင်ဆုံး ဈေးဆစ်ကြည့်ပါအုံးလား ... စလာတာနဲ့ တန်းပြီး ရမ်းကားတာ၊ ဘယ်မှာ ဒီလိုမျိုး ရှိလို့လဲ။
“ကျွန်တော် ထပ်ကြည့်ပါအုံးမယ်၊ ထပ်ကြည့်ပါအုံးမယ်ဗျ။”
အလုပ်သမားလေး အလျော့ပေးသွားသည်ကို မြင်ရချိန်မှာတော့ ဖန်ကျန်းရီသည် ရင်ဘတ်မှာ လက်ပိုက်လျက် အပေါ်မှနေ၍ သူ့အား စိုက်ကြည့်နေ၏။
ကျန်းပြောင်ကို စီးနင်းထားရာ ကမ္ဘာလောကကြီးထဲတွင်း ပြိုင်ဘက်ကင်းသော အရှိန်အဝါမျိုး ရှိနေပေသည်။
အလုပ်သမားလေးသည် ဟန်ဆောင် ပန်ဆောင်ဖြင့် နှစ်မိနစ်မျှ ကြည့်ရှုလိုက်ပြီး ခေါင်းမော့၍ ပြောလိုက်၏။ “ဒီ ကျောက်စိမ်း အရည်အသွေးက တကယ်ပဲ သာမန်ပါ၊ ဒါပေမဲ့ လက်ရာကတော့ ကောင်းမွန်တယ် ... သခင်လေးက ဒီကို ပထမဆုံးအကြိမ် လာတာ ဆိုတော့ ရိုးသားတဲ့ ဈေးနှုန်း တစ်ခု ခန့်မှန်းပေးမယ်ဗျာ ... ရှစ်မတ်ပါ။”
“ရှစ်မတ်။” ဖန်ကျန်းရီ၏ အသံက မြင့်တက်သွား၏။
မျက်နှာတစ်ဝက်ကို သံတိုင်အတွင်းသို့ အတင်း ထိုးထည့်လိုက်ပြီး မျက်လုံးပြူးကာ ပြောလိုက်သည်။ “ရှစ်မတ်လား။ ခင်ဗျား ဘာလို့ ဒီလို လုပ်တာလဲ၊ ခင်ဗျားလို အလုပ်လုပ်တဲ့သူ မရှိဘူးဗျ။”
အလုပ်သမားလေး ထိတ်လန့်သွားချေပြီ ... တွန့်လိမ် ပျက်စီးနေသည့် ဖန်ကျန်းရီ၏ မျက်နှာကို ကြည့်ပြီး လုံးဝကို အကြီးအကျယ် ထိတ်လန့်သွား၏။
လုပ်ငန်း လုပ်ကိုင်လာခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဆိုသော်လည်း ယနေ့တိုင်အောင် ဤသို့သော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ချီးတဲ့မှ … အရူးနဲ့တူယ်။
“သခင်လေး ... သခင်လေး ဒီလို လုပ်ချင်ရင်တော့ အခြား ဉာဏ်ကောင်းသူဆီသာ ကြွပါတော့ဗျာ၊ မဟုတ်ရင် ကျုပ် အမှုဖွင့်တော့မယ်နော်။” အလုပ်သမားလေးသည် သတ္တိမွေး၍ အော်ဟစ်လိုက်၏။
ဖန်ကျန်းရီက အေးစက်စွာ ရယ်မောလိုက်သည်။ “ခင်ဗျားက မာဖီးယား ဆိုတာ ဘာလဲ လုံးဝ မသိဘူးပဲ။”
“ကျုပ် ခဏနေရင် လက်စွပ်ကို ကိုင်ပြီး အပြင်မှာ အော်တော့မယ်၊ ခင်ဗျားတို့ ဒီဘက်မှာ လုပ်နေတာ ဘာစီးပွားရေးလဲ ဆိုတာကို အပြင်ကလူတွေ သိသွားစေရမယ်။
ပြီးတော့ သူတောင်းစား တစ်ရာ ထပ်ရှာပြီး ခင်ဗျားတို့ရဲ့ တံခါးဝမှာပဲ စား၊ သောက်၊ သေး၊ ချေး စွန့်ခိုင်းမယ်။ ခင်ဗျား အလိုက်သိတယ် ဆိုရင် အခု ခင်ဗျားတို့ရဲ့ ဆိုင်ရှင်ကို ခေါ်ထုတ်လာခဲ့၊ မဟုတ်ရင် ကျုပ်ကို ရက်စက်တယ် မပြောနဲ့။”
အလုပ်သမားလေး၏ မျက်လုံးထဲတွင် ထိတ်လန့်သွားသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွား၏။
မှန်ပေသည် ... သူသာ အရှိကို အရှိအတိုင်း ဈေးခန့်မှန်းခဲ့လျှင် အမှုဖွင့်ရန် မကြောက်ရွံ့ချေ၊ လက်ရှိတွင် ကျားစီးမိသကဲ့သို့ အဆင်းခက်နေပေသည်။
ဖန်ကျန်းရီက သံတိုင်မှတဆင့် အထဲသို့ အတင်း တိုးဝင်နေဆဲ ဖြစ်သည်ကို ကြည့်ပြီး အလုပ်သမားလေးသည် ကြမ်းကြုတ်သော စကားတစ်ခွန်းကို ပြောချလိုက်၏။ “ခင်ဗျား စောင့်နေလိုက်။ ကျုပ်တို့ ဆိုင်ရှင် ထွက်လာတာကို စောင့်နေလိုက်။”
စကားဆိုပြီးနောက် ကောင်တာမှ အလျင်စလို ပြေးထွက်သွားသည်။
ကျင်းဘုရင်မင်းမြတ် သည် မျက်နှာကို ဖုံးအုပ်လျက် ဖန်ကျန်းရီ၏ အင်္ကျီစကို တစ်ချက် ဆွဲပြီး တီးတိုး ပြောလိုက်၏။ “ဆင်းလာခဲ့ချေ။”
ဖန်ကျန်းရီ ခုန်ဆင်းလိုက်သည်။
ကျင်းဘုရင်မင်းမြတ်သည် ရှက်ကိုးရှက်ကန်းဖြင့် ချောင်းတစ်ချက် ဟန့်ပြီး ပြောလိုက်၏။ “မင်း ဘာလို့ လမ်းဘေးလူမိုက် တစ်ယောက်လို ဖြစ်နေရတာလဲ။ ဘာစည်းကမ်းမှ မရှိဘူး။”
ဖန်ကျန်းရီက စကားဆိုသည်။ “အရှင်မင်းကြီး မသိလို့ပါ ... ကျွန်တော်မျိုးတို့ဆီမှာ ပိုက်ဆံ မရှိဘူး မဟုတ်လား။ နယ်ပယ် မတူရင် တောင်တန်းတွေ ကာခြားထားသလိုပဲ၊ ကျွန်တော်မျိုးသာ မရမ်းကားရင် တစ်ခြားသူတွေရဲ့ အနိုင်ကျင့်တာကို ခံရတော့မှာ၊ စကားပုံ ရှိပါတယ် ... ဆင်းရဲသားက ရမ်းကားသူကို ကြောက်တယ်၊ ရမ်းကားသူက အသက်မလိုချင်သူကို ကြောက်တယ်၊ အသက်မလိုချင်သူက အရူးကို ကြောက်တယ်တဲ့ဗျ။
ရိုးသား အေးဆေးတဲ့ ပြည်သူတွေ ရှိပါတယ်၊ တစ်သက်လုံး စည်းကမ်းအတိုင်း လုပ်ဆောင်တတ်ပြီး ဘယ်နေရာ ရောက်ရောက် ယဉ်ယဉ်ကျေးကျေး ရှိကြတယ်၊ နောက်ဆုံးကျတော့ရော ဘယ်လိုနေလဲ။ ဒီလိုလူတွေပဲ နေ့တိုင်း ခေါင်းပုံဖြတ်ခံနေရတာ၊ အနည်းငယ်လောက် ဖိနှိပ်ခံရတာနဲ့ သောင်းကျန်းတတ်ရင် အနိုင်ကျင့်ခံနေရမှာ မဟုတ်ဘူး ... ဒါတွေကို ကျွန်တော်မျိုး တွေ့ဖူးတာ အရမ်း များလွန်းနေပါပြီ။
မယုံရင် ... ခဏနေရင် အပေါင်ဆိုင် ဆိုင်ရှင် ရောက်လာတာကို စောင့်ကြည့်တော်မူပါ ... တစ်ချက် ကြည့်လိုက်တာနဲ့ သိပါလိမ့်မယ်။”
ကျင်းဘုရင်မင်းမြတ် သည် ရွေးချယ်စရာ မရှိဘဲ ခေါင်းညိတ်ပြလိုက်၏၊ ဤ အရပ်ထဲက လှည့်ကွက်များကို ဖန်ကျန်းရီက သူ့ထက် ပိုပြီး ကျွမ်းကျင်ပုံ ရသည်။
မကြာမီမှာပင် အပေါင်ဆိုင် ဆိုင်ရှင်သည် ကမန်းကတန်း ရောက်ရှိလာပြီး နောက်ဘက်တွင် မျက်နှာကို အုပ်ထားသည့် အလုပ်သမားလေး ပါလာ၏။
ဖန်ကျန်းရီကို မြင်သည်နှင့် အပြုံးမျက်နှာကို ဖော်ပြကာ ပြောလိုက်သည်။ “ဒီက အထက်တန်းစား ဧည့်သည်တော် ... စောစောက ကြားမိတာ အောက်ကလူတွေ မျက်စိ ညံ့ဖျင်းလို့ သခင်လေးကို ဈေးနှုန်း ခန့်မှန်းတာ မှားယွင်းသွားတယ် ဆိုဗျ၊ ကျုပ်ကို တစ်ချက်လောက် ကြည့်ခွင့် ပြုပါလား။”
ဖန်ကျန်းရီ ခေါင်းညိတ်ပြလိုက်၏။
ဆိုင်ရှင်သည် ကျောက်စိမ်းလက်စွပ်ကို ယူ၍ သေသေချာချာ ကြည့်ရှုလေသည်။
ကြည့်ရှုပြီးနောက် ပါးစပ်ဖွင့်၍ ပြောလိုက်၏။ “ဒါက တကယ်ပဲ ရခဲတဲ့ ကျောက်စိမ်းကောင်း တစ်ခုပါပဲ ... ဒီ ကိန်းဂဏန်းလေး ဆိုရင် သခင်ကြီး ဘယ်လို သဘောရလဲဗျ။”
ဆိုင်ရှင်သည် လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး လက်ချောင်းငါးချောင်းကို ဖြန့်ပြလိုက်၏။
ဖန်ကျန်းရီကလည်း လက်ကို တစ်ပြိုင်နက်တည်း ဆန့်ထုတ်လိုက်သည်။ “ရှစ်တေလ်း အပေါင်လက်မှတ် မလိုဘူး ... ကျုပ်တို့ ပိုက်ဆံ ယူပြီးတာနဲ့ သွားမယ်။”
ထိုစကားကို ကြားရချိန်မှာတော့ ဆိုင်ရှင်သည် အနည်းငယ်မှပင် တုံ့ဆိုင်းခြင်း မရှိဘဲ၊ တည့်တည့်မတ်မတ် ငွေရှစ်တေလ်းကို ရှာဖွေ၍ ကမ်းပေးလိုက်၏။
စောစောက သူသည် အလုပ်သမားလေး ပြောပြတာကို နားဆင်ပြီးသား ဖြစ်ရာ လုံးဝ ဂရုမစိုက်တတ်သည့် သခင်လေးတစ်ဦး ရောက်လာကြောင်း သိထားသည်။
လက်ရှိတွင် ပိုက်ဆံ အမြတ်ရနိုင်ပြီး လူကိုလည်း ရှင်းထုတ်နိုင်မည် ဆိုတော့ ပို၍ပင် ကောင်းမွန်လှ၏။
ဖန်ကျန်းရီသည် ငွေစများကို လှမ်းယူလိုက်ပြီး ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်။”
စကားဆိုပြီးနောက် ကျင်းဘုရင်မင်းမြတ်တို့ လူစုကို ခေါ်ဆောင်ကာ လျင်မြန်စွာ ထွက်ခွာသွား၏။
အပိုင်း (၈၇၇) စက်ဘီးအပိုပစ္စည်း ထုတ်လုပ်ရေး စက်ရုံ။
အပေါင်ဆိုင်၏ အပြင်ဘက်သို့ ရောက်ရှိသွားချိန်မှာတော့ ကျင်းဘုရင်မင်းမြတ်သည် တစ်စုံတစ်ခုကို စဉ်းစားနေဟန် ရှိပြီး ဝမ်အာ့ကျူမှာမူ အံ့ဩတကြီး ဖြစ်နေ၏။
'အလိုလေး... သုံးမတ်ကနေ ရှစ်တေလ်းအထိ တက်သွားတာ၊ ဒီ သခင်လေးလွီက တကယ် စွမ်းရည်ရှိတဲ့သူပဲ။ ခဏနေ ပန်းသီး တစ်လှည်းစာ ရောင်းပြီးတဲ့ အခါကျရင် သူတို့ကို ကောင်းကောင်းမွန်မွန် တစ်ခေါက်လောက် ကျွေးမွေး ဧည့်ခံရမယ်။'
ဖန်ကျန်းရီသည် ငွေစများကို ဆွဲယူပြီး ထပ်တလဲလဲ ရေတွက်ရင်းမှ ပြောလိုက်၏။ “ပိုက်ဆံ ရပြီ... ကျုပ် အားလုံးကို အစားကောင်း၊ အသောက်ကောင်းတွေ အရင် ကျွေးမယ်။”
ဝမ်အာ့ကျူ “... ... ...”
ဖန်ကျန်းရီက ပြုံး၍ ဝမ်အာ့ကျူအား ပြောလိုက်၏။ “ကျုပ် စာရင်းထဲ မှတ်ထားလိုက်... ကျုပ်ရဲ့ လက်ထဲမှာက ပမာဏ ကြီးမားတဲ့ ငွေစက္ကူတွေချည်းပဲ၊ ရှင်းကျန်းခရိုင် ပြန်ရောက်တဲ့ အခါကျမှ ပြန်အမ်းပေးမယ်။”
ဝမ်အာ့ကျူ၏ စိတ်နှလုံးထဲ၌ သက်သာရာ ရသွားသည်။ သို့ပေမည့် တစ်ချက်တွေးကြည့်လိုက်တော့ အားနာသလို ခံစားလိုက်မိသည်။
“အားလုံး အားနာနေစရာ မလိုပါဘူး။ အားလုံး အားနာနေစရာ မလိုပါဘူး... သခင်လေးလွီသာ မရှိရင် ကျုပ် ဒီလောက်များတဲ့ ပိုက်ဆံတွေကို လဲလှယ်နိုင်မှာ မဟုတ်ဘူး၊ ကျုပ်က ဧည့်ခံ ကျွေးမွေးတယ်လို့ပဲ သတ်မှတ်လိုက်ကြပါဗျာ။”
ဖန်ကျန်းရီက ဖိတ်ခေါ်လိုက်၏ “ဒါဆိုလည်း ကောင်းပြီလေ... သွားမယ်၊ သွားမယ်။ စားသောက်ဆိုင် ကောင်းကောင်းရှာပြီး အသားဟင်း ကောင်းကောင်း စားကြမယ်။ ဒီရက်ပိုင်း ပန်းသီးတွေချည်းပဲ စားနေရတာ။”
ချီးတဲ့မှ … ရှိတာအကုန် ကုန်တော့မယ် ထင်တယ်။ ဝမ်အာ့ကျူ စိတ်နှလုံး သေဆုံးသွားသည်။
...
စားသောက်ဆိုင် အတွင်း၌ လေးယောက်သား အဝစားပြီးနောက် စာရင်းရှင်းပြီး အနားယူနေကြ၏။ လမ်းမပေါ်မှ စည်ကားသည့် မြင်ကွင်းကို ကြည့်ရှုရသည်မှာ သီးခြား အရသာ တစ်မျိုး ရှိနေသည်။
မျက်နှာ သံမဏိရောင် ပြောင်းနေသည့် ဝမ်အာ့ကျူကလွဲလျှင် ဖြစ်သည်။ ဤတစ်ဝိုင်းကို စားသည်မှာ စုစုပေါင်း ငွေလေးတေလ်း တိတိ ကုန်ကျခဲ့၏။ သခင်လေးလွီက တကယ်ပဲ ကတိတည်လှပေသည်။ အသားဟင်း ကောင်းကောင်းတွေကလွဲပြီး အခြားအရာတွေကို လုံးဝ မရွေးချယ်ချေ။ သို့ပေမည့် သူ ငွေလေးတေလ်း စုမိရန် နှစ်ပေါင်း မည်မျှ အလုပ်လုပ်ရမည်နည်း။ ဤအချက်ကို တွေးမိသည်နှင့် အသည်းခိုက်မတတ် နာကျင်လာပြီး ခေါင်းငုံ့ကာ စကားတစ်ခွန်းမျှ မဆိုချေ။
ဖန်ကျန်းရီသည် စိတ်ပျော်ရွှင်နေသူ ဖြစ်သောကြောင့် နောက်ပြောင်လိုက်၏။ “ဘာဖြစ်တာလဲ... ခင်ဗျား ထမင်းဖိုးကို နှမြောနေတာလား။”
“မ... မနှမြောပါဘူး။”
ဝမ်အာ့ကျူသည် နှုတ်ခမ်းကို ဖိစေ့လျက် အရပ် လေးမျက်နှာကို ဝေ့ကြည့်လိုက်သည်။ ယခုဘဝတွင် ဤကဲ့သို့သော စားသောက်ဆိုင်မျိုးပေါ် တက်ပြီး တစ်ကြိမ် စားဖူးတာလည်း ကောင်းလှပြီ၊ အနည်းဆုံးတော့ တစ်သက်လုံး ကြွားဝါလို့ ရနိုင်သည်။
ဘာပဲဖြစ်ဖြစ် မရှုံးဘူး။ ဝမ်အာ့ကျူသည် ကိုယ့်ကိုယ်ကိုယ် ထိုသို့ နှစ်သိမ့်လိုက်၏။
ဖန်ကျန်းရီက စကားဆိုသည်။ “ခင်ဗျား စိတ်ချပါ... ခင်ဗျားရဲ့ ဥစ္စာကို အလကား မစားပါဘူး။ ကျုပ်ဆီမှာ ငွေလေးတေလ်း ကျန်သေးတယ် မဟုတ်လား။ ခဏနေရင် ကျုပ်က ဒီ ငွေလေးတေလ်းကို ယူပြီး ခင်ဗျားရဲ့ အဲဒီ ပန်းသီးတစ်လှည်းကို ငွေလေးဆယ်တေလ်း ဖြစ်သွားအောင် ပြောင်းလဲပေးမယ်... ခင်ဗျား ကျုပ်ကို ယုံသလား။”
ဝမ်အာ့ကျူ၏ အကြည့်များထဲတွင် မီးတောက်များ တောက်လောင်လာ၏။ “တကယ်လား။”
“ကျုပ်က ဘယ်တုန်းကမှ မလိမ်လည်တတ်ဘူး။” ဖန်ကျန်းရီသည် မျက်နှာမနီ၊ ရင်မခုန်ဘဲ ပြန်ပြောလိုက်သည်။
ကျင်းဘုရင်မင်းမြတ် က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။ “မြို့တော်မှာဆိုရင်တောင်မှ အဲဒီ ပန်းသီး တစ်လှည်းစာ က ဘယ်လိုနည်းနဲ့မှ ငွေတစ်တေလ်း မရနိုင်ဘူး မဟုတ်လား။”
“သာမန်ရောင်းတဲ့နည်းကတော့ သဘာဝကျကျ ပိုက်ဆံ မရနိုင်ပါဘူး၊ ဒါပေမဲ့ ထုပ်ပိုးပြီးတဲ့နောက်မှာတော့ တန်ဖိုးရှိသွားပြီလေ။ အခုပဲ ခရီး စကြမယ်... စက်ရုံလေး တစ်ခု ရှာပြီး ပန်းသီးတွေကို ထုပ်ပိုးမှု အသစ် လဲလှယ်ရမယ်။”
...
ရှင်းကျန်းခရိုင် အတွင်းရှိ အလုပ်ရုံများမှာ အရေအတွက် မနည်းလှချေ။ အထူးသဖြင့် လမ်းမပေါ်တွင် လမ်းသွားလမ်းလာများ၏ နောက်မှ လိုက်ပါ လျှောက်လှမ်းလျှင် ရှာတွေ့နိုင်သည်။ တကယ်တော့ မြို့တွင်း၌ အခြားဒေသမှ အသစ် ရောက်လာကြသော ပြည်သူ မနည်း ရှိနေပြီး အလုပ်အကိုင် သို့မဟုတ် ကြီးပွားချမ်းသာရေး အခွင့်အရေးများကို ရှာဖွေနေကြခြင်း ဖြစ်၏။
အလုပ်ရုံ အများအပြား၏ တံခါးဝတွင် လူအချို့က အသံကျယ်ကျယ်ဖြင့် ဆော်ဩနေကြပြီး၊ သို့မဟုတ် ဆိုင်းဘုတ် ချိတ်ဆွဲကာ အလုပ်သမားများ ခေါ်ယူနေကြသည်။
သူတို့တစ်စုသည် အများကြီး အားစိုက်စရာ မလိုဘဲ သစ်သားလုပ်ငန်း အလုပ်ရုံ တစ်ခုကို ရှာတွေ့သွားကြ၏။ ဤ အလုပ်ရုံမှာ အပြင်ဘက်မှ ကြည့်လျှင် သာမန်မျှသာ ဖြစ်ပြီး ဆိုင်မျက်နှာစာက အလွန် သေးငယ်လှသည်။ သို့ပေမည့် အထဲသို့ ဝင်ရောက်သွားချိန်မှာတော့ သီးခြား ကမ္ဘာလေး တစ်ခု ရှိနေကြောင်း ရှာတွေ့သွားသည်။ စင်္ကြံလမ်းလေး တစ်ခုကို ဖြတ်သန်းပြီး နောက်ဖေးဝင်းနှင့် ဆက်သွယ်နေ၏။
နောက်ဖေးဝင်း၏ ဧရိယာက အလွန်အမင်း ကြီးမားပြီး လူဆယ်ချီက တက်တက်ကြွကြွ အလုပ်လုပ်နေကြကာ သစ်သားစ၊ မှုန့်များ လွင့်ပျံနေပြီး ဆူညံသံများ ကျယ်လောင်စွာ ထွက်ပေါ်နေသည်။
ကျင်းဘုရင်မင်းမြတ် သည် ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့သောကြောင့် စူးစမ်းလိုစိတ်ဖြင့် အထဲသို့ လှမ်းကြည့်လိုက်၏။
ထိုအခိုက်အတန့်တွင် ဝင်းတွင်း၌ ကြီးကြပ် ကွပ်ကဲနေသည့် ဆိုင်ရှင်သည် နွေးထွေးစွာဖြင့် ကြိုဆိုလာသည်။
“သခင်လေးတို့ ဒီနေရာဆီ ကြွလာတာ အိမ်သုံး ပရိဘောဂတစ်ချို့ အပ်ချင်လို့လား။”
ဤ ဆိုင်ရှင်မှာ ဆိုင်ရှင်နှင့် မတူဘဲ ဖုန်တလူးလူး ဖြစ်နေ၏။ သို့သော်လည်း နားလည်ပေး၍ ရနိုင်သည်... ဤ အရွယ်အစား ပမာဏ ရှိသော အလုပ်ရုံများတွင် စီမံခန့်ခွဲမှုနှင့် အောက်ခြေအဆင့်တို့က အခြေခံအားဖြင့် အတူတကွ ရှိနေတတ်ကြပြီး ဤဆိုင်ရှင်သည်လည်း ကိုယ်တိုင် ကိုယ်ကျ အလုပ်လုပ်နေခြင်း ဖြစ်မည်။ နောင်ခေတ်ကာလရှိ အများစုသော ကုမ္ပဏီငယ်များ၊ သူဌေးငယ်များသည်လည်း ကိုယ်တိုင် ကိုယ်ကျ ဦးဆောင်ပြီး ဘာမဆို လုပ်ကိုင်ကြသည်ပင်။
ဖန်ကျန်းရီက လက်ကို ဝှေ့ယမ်းပြလိုက်၏။ “မဟုတ်ဘူး... ဆိုင်ရှင်ဆီမှာ သေတ္တာ သုံးဆယ် အပ်ချင်လို့ပါ၊ အကောင်းစား သစ်နီကို သုံးရမယ်... ပုံစံကြမ်းကို ကျုပ် ဆွဲပြီးသား။”
စကားဆိုရင်းနှင့် သူသည် စားသောက်ဆိုင်အတွင်း၌ ကြိုတင် ဆွဲထားပြီးသား ဖြစ်သည့် ပုံစံကြမ်းကို ကမ်းပေးလိုက်ရာ ၎င်းအပေါ်တွင် ကိုးကွက်ပါ လက်ဆောင်သေတ္တာ တစ်ခုကို ရေးဆွဲထား၏။
ဆိုင်ရှင်သည် ပုံစံကြမ်းကို လှမ်းယူပြီး တစ်ချက် ကြည့်ကာ ပြောလိုက်သည်။ “ဒါက အရမ်း ရိုးရှင်းပါတယ်... သစ်နီကို သုံးပြီး လုပ်ရင် စုစုပေါင်း ငွေဆယ်တေလ်း ကျမယ်၊ ဆယ်ရက် ကြာတဲ့ အခါကျမှ ပစ္စည်း လာယူပါဗျာ။”
ဖန်ကျန်းရီ မျက်မှောင်ကြုတ်သွား၏။ “ဆယ်တေလ်းလား။ ဒီလောက် ဈေးကြီးပြီး အချိန်ကလည်း ဒီလောက် ကြာတာ၊ ဒါ လူလိမ်ဆိုင် မဟုတ်ဘူးလား။ ငွေလေးတေလ်း ... အနောက်ကျဆုံး မနက်ဖြန်ကျရင် ပစ္စည်း မြင်ရမယ်၊ ဘယ်လိုလဲ။”
ကျင်းဘုရင်မင်းမြတ် လည်း အံချီးနဘမ်းဖြစ်လို့နေသည်။ ဤနေရာက စည်ကားပြီး လာရောက်သူ များပြားသည် ဆိုသော်လည်း ကုန်ဈေးနှုန်းက တကယ်ကို မြင့်မားလှ၏။ အဆိုပါ သာမန် ပြည်သူများက မည်သို့ အသက်ရှင် နေထိုင်ကြပြီး အမှန်တကယ် ပိုက်ဆံ ဘယ်လောက် ရနိုင်ကြသလဲ ဆိုတာကိုတော့ မသိချေ၊ ကြည့်ရသည်မှာ ဆက်လက် လေ့လာစောင့်ကြည့်ရန် လိုအပ်သေးသည်။
ဆိုင်ရှင်က မကျေမနပ် ပြောလိုက်၏ “တစ်ခြား ဒေသက လူ... ခင်ဗျား ဒီကို ခုလေးတင် ရောက်လာတာ မဟုတ်လား။ ဘယ်မှာ ခင်ဗျားလို ဈေးဆစ်တဲ့သူ ရှိလို့လဲဗျ၊ ခြေကျင်းဝတ်ကနေ စပြီး ခုတ်နေတာပဲ။”
“ကျုပ် ခင်ဗျားကို ပြောမယ်... ဒါသာ အရင်တုန်းက ဆိုရင် ခင်ဗျားရဲ့ ဒီ ငွေလေးတေလ်းနဲ့ မနက်ဖြန် ပစ္စည်းအပ်တာကို ကျုပ် သေချာပေါက် လက်ခံတယ်၊ ဒါပေမဲ့ အခုတော့ မရဘူးဗျ။ ခင်ဗျား ကြည့်စမ်း … ကျုပ်ရဲ့ ဒီဝင်းထဲက လူတွေကို... တက်တက်ကြွကြွ အလုပ်ရှုပ်နေကြတာ၊ လက်ထဲက အလုပ်တွေက မပြီးနိုင်၊ မစီးနိုင် လုပ်နေရတာဗျ... ခင်ဗျားရဲ့ ဒီအမှာစာကို လက်ခံရင်တောင် အချိန်လုပြီး လုပ်ရမှာ။ အကယ်၍ ခင်ဗျားတို့အတွက်နဲ့ တစ်ခြားသူတွေရဲ့ အမှာစာကို အချိန်ဆွဲမိသွားရင် ကျုပ် အကြီးအကျယ် ရှုံးနိမ့်တော့မှာဗျ။”
ဖန်ကျန်းရီသည် ဝင်းတွင်းသို့ တစ်ချက် ကြည့်ပြီး ပြောလိုက်သည်။ “သူတို့ လုပ်နေကြတာက... စက်ဘီး ဘီးတွေလား။”
“မှန်ပါတယ်... အတိအကျ ဒီအတိုင်းပါပဲ၊ ဒီမှာ အပ်ထားတာတွေက အားလုံး အပိုပစ္စည်းတွေချည်းပဲ၊ လုပ်ပြီးတာနဲ့ အလုပ်ရှင်ဆီ ပို့ပြီး တစ်စုတစ်စည်းတည်း ပေါင်းစပ်တယ်၊ နောက်ဆုံးကျရင် မြို့တော်ဆီ ရောင်းချတာဗျ။ ဖျင်ဝမ်ခရိုင် အတွင်းက သစ်သားလုပ်ငန်း အလုပ်ရုံ မနည်းက ဒါပဲလုပ်နေကြတာ။ လုံးဝ အနားမရနိုင်ကြဘူး... ဒါကြောင့် ပြောတာ ... ခင်ဗျားတို့ တစ်ခုခုတော့ စဉ်းစား... ကျုပ် ပြောတဲ့ ဈေးနှုန်းကို စဉ်းစားမလား၊ ဒါမှမဟုတ် တစ်ခြားနေရာ သွားကြည့်ကြမလား။”
ဖန်ကျန်းရီ အခက်တွေ့သွားတော့၏။ ဤ ပန်းသီးများက အချိန် အကြာကြီး ထားလျှင် လတ်ဆတ်မှု မရှိတော့ချေ၊ ငွေဆယ်တေလ်းကိုလည်း သူ ထုတ်မပေးနိုင်ချေ... ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လိမ့်မည်ဟု တကယ်ပင် မထင်မှတ်ထားခဲ့ချေ။ ခေါင်းလှည့်၍ ကျင်းဘုရင်မင်းမြတ်အား ကြည့်လိုက်ရာ သူသည် ဝင်းတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားပြီး တစ်ခြားသူတွေ အလုပ်လုပ်နေတာကို သွားရောက် လေ့လာကြည့်ရှုနေကြောင်း မြင်လိုက်ရ၏။
ဆိုင်ရှင်က တိုက်တွန်းနေဆဲပင် ဖြစ်ပြီး ဖန်ကျန်းရီထံတွင် စိတ်ကူးဉာဏ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။
“ဆိုင်ရှင်... ကျုပ် ခင်ဗျားကို မျက်လှည့်တစ်ခု ပြမယ်၊ အကယ်၍ ကျုပ် ပြတာ ကောင်းမွန်တယ်လို့ ခင်ဗျား ထင်ရင် ကျုပ်ကို ဈေးနည်းနည်း လျှော့ပေး၊ ဘယ်တော့ ပစ္စည်းအပ်မလဲဆိုတဲ့ အပိုင်းကိုတော့ ကျုပ်တို့ ထပ်ဆွေးနွေးကြတာပေါ့။”
ဆိုင်ရှင် ပြုံးရွှင်သွား၏။ “ဆန်းသစ်လှချည်လား၊ ဈေးဆစ်တာကို မျက်လှည့်ပြတဲ့သူ ရှိသေးတာလား... ခင်ဗျား ဘာ မျက်လှည့်ပြမလဲ ဆိုတာကို ကျုပ် ကြည့်ရတာပေါ့။”
“စိတ်ဖတ်နည်းပညာ။” ဖန်ကျန်းရီက တည်ကြည်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။
“အို... တကယ်လား။ ခင်ဗျားသာ ကျုပ်ရဲ့ စိတ်ထဲမှာ ဘာတွေးနေလဲ ဆိုတာကို မှန်းဆနိုင်ရင် ကျုပ် ခင်ဗျားကို ဈေးလျှော့ပေးမယ်။” ဆိုင်ရှင်သည် အသင့်ပြင်ထားလိုက်၏။
စိတ်ဖတ်နည်းပညာ ဆိုသည်မှာ ကြားဖူးသည်သာ ရှိပြီး မမြင်ဖူးခဲ့ချေ... ဤသခင်လေးက အတော်လေး ဆန်းကြယ်လှသည်။
“ရမ်းသန်း မှန်းဆတာမျိုး မဟုတ်ဘူး၊ ကျုပ်ရဲ့ အစီအစဉ်အတိုင်း လိုက်လာရမယ်... ပြဿနာ မရှိဘူး ဆိုရင် ကျုပ် စတင်တော့မယ်နော်။”
“အမ်... ရပါတယ်၊ ကျုပ်လည်း မြင်ဖူး၊ ဗဟုသုတ ရချင်သားပဲ... စလိုက်ရအောင်။”
ဖန်ကျန်းရီသည် လည်ချောင်း ရှင်းလိုက်သည်။
ဝမ်အာ့ကျူ၏ မျက်လုံးများက တဖြည်းဖြည်း ပြူးကျယ်လာ၏။ 'ဆန်းကြယ်လှချည်လား။ သခင်လေးလွီက တကယ်ကို ဆန်းကြယ်တာပဲ။ ပိုက်ဆံ ရှာတတ်ရုံလေးတင် မကသေးဘဲ ဒီလို နတ်ဘုရားဆန်တဲ့ နည်းပညာမျိုးကိုပါ တတ်မြောက်ထားသေးတာကိုး'
သူတို့နှစ်ဦးသည် ဖန်ကျန်းရီ၏ စကားကိုသာ ကြားလိုက်ရသည်။ “ခင်ဗျား အရင်ဆုံး ကိုယ့်ရဲ့ စိတ်ထဲမှာ နှစ် အပေါင်း သုံး၊ သုံး အပေါင်း လေးက ဘယ်လောက်လဲ ဆိုတာကို မြန်မြန် တွေးလိုက်၊ အဲဒီနောက် အရောင်တစ်မျိုးကို မြန်မြန် တွေး၊ ပြီးရင် ကိရိယာတစ်မျိုးကို ထပ်တွေး၊ နောက်ဆုံးမှာ ဟင်းသီးဟင်းရွက် တစ်မျိုးကို တွေးလိုက်။”
ဆိုင်ရှင်သည် နက်နက်နဲနဲ စဉ်းစားခန်း ဝင်သွားပြီး ဝမ်အာ့ကျူမှာလည်း မခံမရပ်နိုင်ဘဲ စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေမိ၏။
တစ်မိနစ် ကြာမြင့်ပြီးသည့်နောက် ဖန်ကျန်းရီက ဆိုးရွားသော အပြုံးတစ်ခုကို ပြသလိုက်သည်။ “ခင်ဗျား တွေးလိုက်တာက အနီရောင်၊ တူ၊ မုန်ညင်းဖြူပဲ။”
... ... ...
ဆိုင်ရှင်နှင့် ဝမ်အာ့ကျူတို့ တစ်ပြိုင်နက်တည်း မှင်တက်သွားကြတော့၏။ ဦးနှောက်ထဲ၌ စာလုံးကြီးနှစ်လုံး တစ်ပြိုင်နက်တည်း ထွက်ပေါ်လာ၏။
'သောက်တလွဲ ။ ချီးတဲ့မှ …. သုံးခုထဲက တစ်ခုလေးတောင် မှန်ကန်တာ မရှိဘူး။
ဖန်ကျန်းရီ မျက်မှောင်ကြုတ်သွားပြီး မမှန်ကန်ကြောင်း သတိထားမိ၏။ ဤသည်မှာ ပြီးခဲ့သည့်ဘဝက အင်တာနက်ပေါ်တွင် သူ ကြည့်ဖူးခဲ့သည့် အကျော်ကြားဆုံး မျက်လှည့်တစ်ခု ဖြစ်သည်။
မဟုတ်ပါလား... မမှတ်မိတော့တာများလား။ မဖြစ်နိုင်လောက်ပါဘူး..။
ယခုကဲ့သို့ ရိုးရှင်းသော ကိစ္စကို သူ မမှတ်မိတာ မဖြစ်နိုင်ချေ။
“ဆိုင်ရှင်... ဘယ်လိုနေလဲ။ ကျုပ် အကုန် မှန်းဆနိုင်ခဲ့တယ် မဟုတ်လား၊ အခု ကျုပ်ကို ဈေးလျှော့...”
ဆိုင်ရှင်က အေးစက်စွာ ပြောလိုက်၏။ “ကျုပ် ဒီနေ့ စိတ်အခြေအနေ ကောင်းမွန်နေလို့ ခင်ဗျားကို တစ်ကြိမ် ခွင့်လွှတ်ပေးလိုက်မယ်၊ မြန်မြန် ကျုပ် ရှေ့ကနေ သွားစမ်း။ ဘယ်လောက် ဝေးဝေး သွားနိုင်လဲ … သွားနိုင်သလောက် သွားစမ်း။”
ဖန်ကျန်းရီက အော်ဟစ်လိုက်သည်။ “ဟေ့... စကားကို ကောင်းကောင်းမွန်မွန် ပြောစမ်းပါ၊ ကျုပ်ကို လာမတွန်းနဲ့။”