အခန်း (၈၇၈-၈၈၀)
Vol. 46 Ch. 878-880
အပိုင်း (၈၇၈) ပြည်သူ့ဆန္ဒနှင့် အရှင်မင်းကြီး၏ ဉာဏ်ပညာကြီးမားမှု။
အလုပ်ရုံဆိုင်ရှင်သည် အတင်းအဓမ္မ တွန်းထုတ်နေသဖြင့် ဖန်ကျန်းရီက အလောတကြီး ပြောလိုက်၏။ "ဟေ့... ဟေ့... အစ်ကိုကြီး၊ အရောင်းအဝယ် မဖြစ်ရင်တောင် မေတ္တာတရား ရှိသင့်သေးတာပေါ့၊ ခင်ားလို ဧည့်သည်ကို နှင်ထုတ်တဲ့သူ ဘယ်မှာ ရှိလို့လဲ။"
ဆိုင်ရှင်က အေးစက်စွာ ရယ်မောလိုက်သည်။ "ခင်ားနဲ့ အဓိပ္ပာယ်မရှိ လျှောက်ငြင်းနေဖို့ အချိန်မရှိဘူး၊ ခင်ားရဲ့ ဒီအမှာစာကို ကျုပ် လက်မခံနိုင်ဘူး၊ ကျုပ် အပြင်ထွက်ပြီး စီးပွားရေးကိစ္စ သွားပြောရအုံးမှာ၊ မြန်မြန် သွားစမ်းပါ။"
"ကျန်းပြောင်... ငါ့အစား မင်း မြန်မြန် ဆိုင်ရှင်ကို ကူပြီး ဖျောင်းဖျပေးစမ်း။"
ဖန်ကျန်းရီ၏ အမိန့်ပေးမှုအောက်တွင် ကျန်းပြောင်က ရှေ့သို့ ထွက်လာ၏။
ကျန်းပြောင်၏ အရပ်မြင့်ပြီး တောင့်တင်း ခိုင်မာသော ခန္ဓာကိုယ်ကြီးကို မြင်လိုက်ရချိန်မှာတော့ ဆိုင်ရှင်သည် အသက်ရှူ ရပ်တန့်မတတ် ဖြစ်သွားသည်။ "ခင်ားတို့ ဘာလုပ်ချင်တာလဲ။ စကားကို ကောင်းကောင်းမွန်မွန် ပြောကြလေ။"
ဖန်ကျန်းရီသည် ရှေ့သို့ တစ်လှမ်း တိုးသွားပြီး ဘာစကားမှ မဆိုစေတော့ဘဲ ငွေလေးတေလ်းကို သူ၏ လက်ဖဝါးထဲသို့ ဖိထည့်ပေးလိုက်၏။ "ဘာလုပ်ရမှာလဲ … စီးပွားရေး ဆွေးနွေးတာပေါ့၊ ခင်ား နည်းလမ်း တစ်ခုလောက် ထပ်ရှာကြည့်ပါအုံး၊ သစ်သားသေတ္တာလေး နည်းနည်း အပ်တာလေးကို၊ ကျုပ် ထင်တာကတော့ ငွေလေးတေလ်းက တော်တော်လေး တရားမျှတနေပါပြီ။"
ဆိုင်ရှင်သည် ငွေစများကို တစ်ချက် ကြည့်လိုက်၊ ကျန်းပြောင်အား တစ်ချက် ကြည့်လိုက်နှင့် အခက်တွေ့စွာ ပြောလိုက်သည်။
"မှန်ပါတယ်... ဒါပေမဲ့ ကျုပ် စောစောက ပြောခဲ့တယ် မဟုတ်လား၊ ခင်ားတို့က အရမ်း အလျင်လိုနေတာ၊ ကျုပ်ဘက်မှာ လူအင်အား မလောက်ငလို့ပါ၊ သစ်သား ကုန်ကြမ်း ထုတ်ပေးမယ်... ခင်ားတို့ ကိုယ့်ဘာသာ လုပ်ကြရင်တော့ တစ်မျိုးပေါ့။"
"ဒါဆို ကျုပ် ခင်ားတို့ရဲ့ အလုပ်သမားတွေကို ကူညီခိုင်းရင် ရမလား။"
ထိုစကား ထွက်ပေါ်လာချိန်မှာတော့ ဆိုင်ရှင်က ထင်မှတ်မထားဘဲ ရယ်မောလိုက်၏။ "ဟားဟား... ခင်ား ကြိုက်သလောက် ရှာ၊ တစ်စုံတစ်ယောက်က ကူညီချင်တယ် ဆိုရင် ကျုပ် ဘာစကားတစ်ခွန်းမှ မပြောဘူး။ ကဲ... ခင်ားနဲ့ အများကြီး မပြောတော့ဘူးာ၊ ခင်ား သဘောကျရင် ကိုယ့်ဘာသာ ဒီမှာပဲ လုပ်ပေတော့၊ မဟုတ်ရင် ကျုပ် သွားပြီ။"
"ရတယ်၊ ကျုပ် သဘောကျတယ်။ ဒါပေမဲ့ ခင်ားက ကျုပ် ပစ္စည်း ခိုးမှာကို မကြောက်ဘူးလား။" ဆိုင်ရှင် တကယ် ထွက်ခွာတော့မည်ကို မြင်သည့်အခါ ဖန်ကျန်းရီသည် မခံမရပ်နိုင်ဘဲ မေးလိုက်၏။
"ကျုပ်ရဲ့ အလုပ်သမား ဆယ်ချီ ရှိတာ၊ ခင်ား ပစ္စည်း ခိုးမှာကို ကြောက်ရအုံးမလား။ နောက်မှ တွေ့မယ်။"
ဆိုင်ရှင် ထွက်သွားပြီးနောက် ဝမ်အာ့ကျူက ကြောင်တောင်တောင်ဖြင့် ပြောလိုက်သည်။ "သခင်လေးလွီ... ပန်းသီး ရောင်းတာလေးကို ဒီလောက်အထိ လုပ်စရာ မလိုပါဘူး၊ ကျုပ်တို့ တကယ်ပဲ ကိုယ့်ဘာသာ လုပ်ကြမလို့လား။"
ဖန်ကျန်းရီသည် နှုတ်ခမ်းထောင့်စွန်းကို ကွေး၍ ပြုံးလိုက်၏။ "ဒီ ဝင်းတစ်ခုလုံးမှာ လူတွေ အပြည့် ရှိနေတာ၊ ကျုပ်တို့ ကိုယ့်ဘာသာ အလုပ်လုပ်စရာ လိုသေးလို့လား။ ဝင်သွားကြမယ်။"
... ... ...
ဝင်းတွင်း၌ လူများ၏ လုပ်ရှားမှုက အလွန် တက်ကြွနေ၏။ ခန္ဓာကိုယ် တောင့်တင်း သန်စွမ်းသော အမျိုးသားတစ်ဦး သည် အပေါ်ပိုင်း ဗလာကျင်းထားလျက် ပင်ပန်း နွမ်းနယ်ခြင်းကို မသိသကဲ့သို့ သူ၏ လက်ထဲမှ သစ်သားလုပ်ငန်းကိုသာ အဆက်မပြတ် လုပ်ကိုင်နေသည်။
ကျင်းဘုရင်မင်းမြတ်သည် ဤသို့ အာရုံစိုက်လျက် အမြဲတမ်း စောင့်ကြည့်နေခဲ့၏။ အစပိုင်းတွင် သူသည် အလုပ်လုပ်နေကြသည့် ပြည်သူများ မည်ကဲ့သို့သော အခြေအနေမျိုး ရှိနေသနည်းကို လေ့လာကြည့်ရှုချင်ရုံမျှသာ ဖြစ်သော်လည်း ထိုသူ အလုပ်လုပ်နေသည်ကို မြင်ရချိန်၌ အကြောင်းမရှိဘဲ ဖိစီးမှု လျော့ကျသွားသလို ခံစားမိသည်။ သို့နှင့် ခဏချင်းမှာပင် ငေးမော သဘောကျသွားခဲ့သည်။ အမျိုးသားများမှာ အခြေခံအားဖြင့် ဤသို့ပင် ဖြစ်တတ်ကြပြီး အရှင်းမင်းမြတ် ဖြစ်သည် ဆိုသော်လည်း သဘာဝဗီဇကို မလွန်ဆန်နိုင်ခဲ့ချေ။
အချိန်အတန်ကြာ စိုက်ကြည့်ခံရပြီးနောက် ထိုအမျိုးသားသည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းမော့လာပြီး ပြောလိုက်၏။ "ဒီက အစ်ကိုကြီး... ခင်ား ကြည့်နေတာ အတန်ကြာနေပြီ၊ ဘာကြည့်နေတာလဲ။"
ကျင်းဘုရင်မင်းမြတ် သတိပြန်ဝင်လာပြီး ပြောလိုက်သည်။ "အို... အလွတ်သဘော ဖြစ်သွားတယ်။ မျိုးရိုးနာမည် ဘယ်လိုခေါ်သလဲ မသိဘူး။ ကျုပ်က ဒီနေရာကို ပထမဆုံးအကြိမ် ရောက်လာတာမို့ ဖျင်ဝမ်ခရိုင်ရဲ့ အခြေအနေကို နားလည်ချင်လို့ပါ။"
ထို အမျိုးသားသည် လက်နှင့် ပါးစပ်ကို မရပ်တန့်ဘဲ ပြောလိုက်၏။ "အားနာစရာ မလိုပါဘူး... ကျုပ် နာမည် လျိုထျဲ့နျူ ပါ။ ဖျင်ဝမ်ခရိုင်က တော်တော်လေး ကောင်းမွန်ပါတယ်၊ ကျုပ်ရဲ့ ဇာတိထက် အများကြီး ပိုပြီး ကောင်းမွန်တယ်... ကုန်ဈေးနှုန်းက တစ်ခြားနေရာတွေထက် နည်းနည်း မြင့်မားတာလေးပဲ ရှိတာ။"
"မှန်ပါတယ်... ကျုပ် လာတုန်းကလည်း သတိထားမိသားပဲ၊ ဒီနေရာရဲ့ ကုန်ဈေးနှုန်းက မြို့တော်ထက် မလျော့နည်းဘူး။ ပြည်သူတွေရဲ့ စားဝတ်နေရေး အခြေအနေကရော ဘယ်လိုနေလဲ။"
လျိုထျဲ့နျူသည် တွေးတောလျက် ပြောလိုက်သည်။ "ဟုတ်တယ်... ဒါပေမဲ့ ဆင်းရဲရင် ဆင်းရဲသလို ရှင်သန်နည်း၊ ချမ်းသာရင် ချမ်းသာသလို ရှင်သန်နည်း ရှိတာပဲဟာ။ ခင်ားက ဈေးပေါတာကို စားချင်ရင် နှစ်ပြား၊ သုံးပြား ပေးရတဲ့ ခေါက်ဆွဲတစ်ပန်းကန်လည်း ရှိတာပဲ၊ ဘာပဲဖြစ်ဖြစ် မငတ်ပါဘူး။ ကျုပ် လုပ်နေတဲ့ ဒီအလုပ်မျိုး ဆိုရင် စားစရိတ်၊ နေစရိတ် အားလုံး အပြီးအစီးတောင် ပါသေးတယ်... ယေဘုယျအားဖြင့် ပြောရရင် အခု နေ့ရက်တွေက အရင်တုန်းကထက် အများကြီး ပိုပြီး ကောင်းမွန်နေပါပြီ။"
ကျင်းဘုရင်မင်းမြတ်၏ မျက်နှာပေါ်တွင် ပျော်ရွှင် ဝမ်းမြောက်မှုတို့ လွှမ်းခြုံသွား၏။ ထိုအခိုက်အတန့်မှာပင် ဖန်ကျန်းရီသည် ဝမ်အာ့ကျူကို ခေါ်ဆောင်ပြီး ရှေ့သို့ တိုးလာသည်။ ကျင်းဘုရင်မင်းမြတ် တစ်ခြားသူထံတွင် သတင်းအစအန စုံစမ်းနေသည်ကို မြင်သည့်အခါ အနီးသို့ ကပ်သွား၏။
ကျင်းဘုရင်မင်းမြတ် ထပ်မံ မေးမြန်းလိုက်သည်ကို ကြားလိုက်ရသည်။ "ဒါဆို ဒီ မြို့တွင်းက အလုပ်ရုံမှာ အလုပ်တစ်ခု ရှာရင် ဝင်ငွေက ဘယ်လိုနေလဲ။"
"ကျုပ် တစ်လကို ငွေသုံးတေလ်း ရတယ်၊ ဒါပေမဲ့ တစ်ခြားသူတွေကတော့ ကျုပ်လောက် မရဘူး... ကျုပ်က စာတတ်၊ ပေတတ်မို့လေ။ ကျုပ်က အရင်တုန်းက နိုင်ငံတော် စာမေးပွဲတောင် ဝင်ဖြေမလို့ လုပ်ခဲ့တာ၊ ဒါပေမဲ့ နောက်ပိုင်း မစဉ်းစားတော့လို့ ဝင်မဖြေဖြစ်တော့တာ။"
ဖန်ကျန်းရီ ထိုစကားကို နားထောင်ပြီး တစ်ကိုယ်လုံး ကသောင်းကနင်း ဖြစ်သွား၏။ 'အလိုလေး... မင်းလို လက်သမား တစ်ယောက်က ငါ့ရဲ့ သတင်းထောက်တွေနဲ့ အကျိုးခံစားခွင့် တူညီနေတာလား။ လက်ရှိ ဈေးကွက် လစာနှုန်းထားက ဒီအဆင့်အထိ မြင့်တက်လာပြီ ဆိုတော့ ပြန်ရောက်သွားရင် သတင်းထောက်တွေကို လစာ ထပ်တိုးပေးရမလား။ ဒါပေမဲ့ အရင်တုန်းက တိုးပေးထားတာ သိပ်မကြာသေးဘူးလေ...'
ဝမ်အာ့ကျူ၏ မျက်လုံးနှစ်လုံးမှာ ပြူးကျယ် တောင့်တင်းသွားသည်။ "သုံးတေလ်း … အလိုလေး ကောင်းကင်ကြီးရေ... ပိုက်ဆံက တကယ်ကို ရှာရ လွယ်ကူလွန်းတာပဲ။ ဒါဆို ညီလေး မင်းက အရမ်း သာယာ မနေဘူးလား။"
လျိုထျဲ့နျူသည် ရုတ်တရက် ထွက်ပေါ်လာသော ဤတောသားအား တစ်ချက် စောင်းကြည့်လိုက်ပြီး မကျေမနပ် ပြောလိုက်၏။ "လွယ်ကူတယ်လား။ တစ်ခါတလေ တစ်နေ့ကို ဆယ်နာရီကျော်၊ ဆယ့်ငါးနာရီလောက် လုပ်ရတာ၊ ပင်ပန်းလွန်းလို့ သေတော့မတတ်ပဲ။ ရတာများတယ် ဆိုပေမဲ့လည်း နှစ်လ၊ သုံးလလောက်ပဲ ပျော်ရတာ၊ အဲဒီ အရှိန်လေး ကုန်သွားရင် စိတ်ရှုပ်လာတာပဲ။ ကျုပ် အခု တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် ဘာကြောင့် အသက်ရှင်နေလဲ ဆိုတာကိုတောင် မသိတော့ဘူး... အသက်ရှင်ရခြင်းရဲ့ အဓိပ္ပာယ်က ဘီးတွေ လုပ်ဖို့ပဲ ဖြစ်လိမ့်မယ်..."
သူ၏ ညည်းတွားမှုကို ကြည့်ပြီး ဖန်ကျန်းရီသည် အရပ်ထဲတွင် ကိန်းအောင်းနေသော ဒဿနိကဗေဒပညာရှင် တစ်ဦးကို ဝါးတားတား လှမ်းမြင်လိုက်ရ၏။ လစာ မြင့်မားတာ မထူးဆန်းပေ၊ တကယ်ပင် ထူးချွန်သော အရည်အချင်း ရှိပေသည်။
ကျင်းဘုရင်မင်းမြတ် က နှစ်သိမ့်လိုက်၏။ "မင်းကလည်း စာတတ်ပေတတ်ပဲဟာ၊ ပညာရှိ ပုဂ္ဂိုလ်ကြီး တွေကတောင် ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ အရိုးအဆစ်တွေကို ပင်ပန်းဆင်းရဲခံရမယ်လို့ ပြောခဲ့ကြတာပဲ... နောင်တစ်ချိန်မှာ ပိုပြီး ကောင်းမွန်လာမှာပါ။"
"ပညာရှိကြီး .. ပညာရှိကြီးတွေက အဓိပ္ပာယ်မရှိတာတွေ အများဆုံး လျှောက်ပြောတတ်ကြတာ၊ ခင်ား သူ့ကို ကျုပ်ဆီမှာ လာပြီး တစ်လလောက် လုပ်ကြည့်ခိုင်းလိုက်စမ်းပါ။"
'ဟန်ထုတ်နေပြန်ပြီ။ ဘီးလုပ်တာက လယ်စိုက်တာထက် ပိုပြီး ပင်ပန်းနိုင်ပါ့မလား။' ဝမ်အာ့ကျူသည် ကွယ်ရာမှ နှုတ်ခမ်းကို တိတ်တဆိတ် မဲ့လိုက်၏။
"ဒီလောက် မကောင်းဘူး ဆိုတော့ မင်း ဘာလို့ မထွက်သွားတာလဲ၊ အိမ်ပြန်ပြီး လယ်စိုက်တာ ပိုကောင်းတယ်လေ။ ကိုယ့်ကို ဘယ်သူမှ ခိုင်းမရဘူးမလား။"
လျိုထျဲ့နျူသည် သစ်သားဘီးကို ကိုင်တွယ် ကစားလျက် ပြောလိုက်သည်။ "မသွားဘူးာ။"
"ဟေ့... မင်း ပြောတာ ဆန့်ကျင်ဘက် ဖြစ်မနေဘူးလား။"
"ဘာ ဆန့်ကျင်ဘက် ဖြစ်ရမှာလဲ... ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီမှာ နေရတာ အနာဂတ် မျှော်လင့်ချက် ရှိတယ် မဟုတ်လား။ ဇာတိမှာက ဆင်းရဲ ပင်ပန်းတယ်၊ ဖျင်ဝမ်ခရိုင်မှာကမှ ပိုက်ဆံရှာဖို့ အခွင့်အရေး များပြားတယ်။"
ဖန်ကျန်းရီက စကားဖြတ်ပြောလိုက်၏။ "အခြေခံအားဖြင့် ပြောရရင် ကျုပ်တို့ ဒီနေ့လို နေ့ရက်ကောင်းတွေကို ဖြတ်သန်းနိုင်တာ အရှင်မင်းကြီး ဉာဏ်ပညာ ကြီးမားတော်မူလို့ မဟုတ်ဘူးလား။"
သူက ရုတ်တရက် ဤစကားတစ်ခွန်းကို ဆိုလိုက်သော်လည်း လျိုထျဲ့နျူသည် ထင်မှတ်မထားဘဲ ထူးဆန်းသည်ဟု မခံစားရဘဲ၊ နှုတ်ခမ်းသပ်ကာ ထောက်ခံ ပြောဆိုလိုက်သည်။
"မှန်တာပေါ့ာ။ အရှင်မင်းကြီးသာ မရှိရင် ဒီနေ့ ကျုပ်တို့ ဘယ်မှာ ရှိနိုင်မှာလဲ။ ဒီနေ့ရက်တွေက တစ်နေ့ထက်တစ်နေ့ ပိုပြီး ကောင်းမွန်လာခဲ့တာ၊ ကျုပ်တို့က အချိန်အခါကောင်းကြီးမှာ မွေးဖွားလာခဲ့ရတာ။ အရင်တုန်းကဆို ကျုပ်က အိမ်က အဲဒီ လယ်မြေ တစ်ဧက၊ သုံးစိပ်လေးကိုပဲ စောင့်ရှောက်နေခဲ့ရတာ၊ ဆင်းရဲတာမှာ... ဘောင်းဘီကိုတောင် ကျုပ်အဖေနဲ့ အလှည့်ကျ ဝတ်ဆင်ခဲ့ရတာ၊ အခုလိုမျိုး ဘယ်မှာ ဟုတ်ပါ့မလဲ...။ ပြီးတော့ ကျင်းယီဝေ တပ်မှူးချုပ် ဖန်ကျန်းရီကို ခင်ားတို့ သိကြတယ် မဟုတ်လား၊ အဲဒါလည်း သာမန်မဟုတ်တဲ့ အရာရှိကောင်းကြီးပဲ၊ ဖျင်ဝမ်ခရိုင်က အခုလို ဖြစ်လာတာ ကျင်းယီဝေတွေက..."
ကျင်းဘုရင်မင်းမြတ် ၏ စိတ်နှလုံးထဲ၌ ရူးသွပ်မတတ် ဝမ်းမြောက်နေပြီ ဖြစ်ပြီး ပေါင်ကို အသေဖိဆိတ်ကာ မျက်နှာအမူအရာ မပြောင်းလဲအောင် ထိန်းသိမ်းထားရ၏။ သို့ပေမည့် ထိုသို့ နေ့ရက်များ တစ်နေ့ထက်တစ်နေ့ ပိုမို ကောင်းမွန်လာကြောင်း ပြောဆိုသည်ကို နားဆင်ရင်း ဝမ်အာ့ကျူမှာ စိတ်မကောင်း ဖြစ်သလို အားလည်း ကျမိသည်။
'အားလုံးက လူတွေချည်းပါပဲ၊ ဘာလို့ ဒီလူက ဒီလောက် ကောင်းမွန်အောင် နေထိုင်ရပြီး ငါကျ ဘာလို့ တစ်နေ့ထက်တစ်နေ့ ပိုပြီး ဆိုးရွားလာရတာလဲ။'
ဤအချက်ကို တွေးမိသည်နှင့် သူသည် မခံမရပ်နိုင်ဘဲ တတွတ်တွတ် ရေရွတ်လိုက်၏။ "ဉာဏ်ပညာ ကြီးသလား၊ မကြီးဘူးလား ဆိုတာကတော့... အဲဒီလိုပါပဲာ။"
ထင်မှတ်မထားသည်မှာ ဤစကားတစ်ခွန်းကို လျိုထျဲ့နျူ ကြားသွားပြီး သူသည် ဝုန်းကနဲ မတ်တပ်ရပ်ကာ ဝမ်အာ့ကျူ၏ နှာခေါင်းကို လက်ညှိုးထိုးပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။ "ခင်ား ဘယ်လို စကားပြောနေတာလဲ။ အရှင်မင်းကြီး ဉာဏ်ပညာ မကြီးမားဘူးလို့ ပြောရဲတယ်ပေါ့လေ။"
သူက ဤသို့ တစ်ချက် အော်ဟစ်လိုက်ရာ ဝင်းတွင်းရှိ လူများအားလုံး ကြားသွားကြပြီး လက်ထဲမှ အလုပ်အကိုင်များကို တစ်ပြိုင်နက်တည်း ရပ်တန့်လိုက်ကြသည်။ ဝမ်အာ့ကျူအား ကြမ်းကြုတ်သည့် အကြည့်များဖြင့် ဝိုင်းဝန်း စိုက်ကြည့်လာကြသည်။
ဝမ်အာ့ကျူ တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထသွားပြီး ကျင်းဘုရင်မင်းမြတ်၏ နောက်ဘက်သို့ တိုးဝင်သွားကာ ကြောက်ရွံ့စွာဖြင့် ပြောလိုက်သည်။ "ကျုပ် အရှင်မင်းကြီး ဉာဏ်ပညာ မကြီးမားဘူးလို့ မပြောပါဘူး၊ ခင်ား လျှောက်မပြောနဲ့နော်။"
ကျင်းဘုရင်မင်းမြတ် ၏ စိတ်ထဲတွင် ငိုရခက်၊ ရယ်ရခက် ဖြစ်သွားရ၏။
လျိုထျဲ့နျူသည် ဖြည်းဖြည်းချင်း ထိုင်ချ၍ အလုပ် ဆက်လုပ်ပြီး မကျေမနပ် ပြောလိုက်သည်။
"ခင်ား မပြောရဲလောက်ပါဘူး။ ဒီ တစ်မြို့လုံးက ပြည်သူတွေ ဘယ်သူကများ အရှင်မင်းကြီးရဲ့ ကျေးဇူးကို မအောက်မေ့ဘဲ နေမှာလဲ၊ အားလုံးက စာအများကြီး မသင်ဖူးကြဘူး ဆိုပေမဲ့လည်း လူ့ကျင့်ဝတ်ကိုတော့ နားလည်ကြတယ်လေ။
ဒီက ညီအစ်ကိုတွေအားလုံးက ဆင်းရဲသား အနွယ်က ပေါက်ဖွားလာကြသူတွေချည်းပဲ၊ အရင်တုန်းက တစ်နှစ်ပတ်လုံး အသားဟင်း နှစ်ခါတောင် မစားရဘူး၊ တစ်ယောက်ချင်းစီတိုင်းက နံရိုးတွေလို ပိန်လှီနေကြတာ၊ တစ်ချို့ မိသားစုတွေ ဆိုရင် ကလေးတွေကိုတောင် များများ မမွေးမြူရဲကြဘူး။
ဒါပေမဲ့ အခုတော့ရော ဘယ်လိုနေလဲ။ အလုပ်လုပ်ရတာ ပင်ပန်းတယ် ဆိုပေမဲ့ ရတာကလည်း များပြားတယ်လေ၊ တစ်မိသားစုလုံး အဝစား၊ နွေးထွေးစွာ ဝတ်ဆင်နိုင်ကြပြီ။ အရင်တုန်းကလို အပေါ်တစ်နပ် စားပြီး၊ အောက်တစ်နပ် မရှိတဲ့ အခြေအနေမျိုး မဟုတ်တော့ဘူး။
ကျုပ် ကြည့်ရတာ အစ်ကိုကြီးကလည်း ဘာ သူဌေးကြီးမှ မဟုတ်လောက်ပါဘူး၊ လောကကြီးက ဘယ်လောက် ခက်ခဲလဲ ဆိုတာကို အစ်ကိုကြီး မသိဘူးလား။ ဖျင်ဝမ် ခရိုင်ရုံးတော်က အရာရှိ အစေခံတွေ၊ ပြီးတော့ ကျင်းယီဝေတွေ အားလုံး ပြောကြတယ်... အရှင်မင်းကြီးက အစွမ်းကုန် ကြိုးပမ်း တိုးတက်စေချင်လို့ ဖျင်ဝမ်ခရိုင်ကနေ စတင် ပြုပြင် ပြောင်းလဲတာတဲ့၊ ယနေ့လို နေ့ရက်မျိုး ရရှိလာတာ ဘယ်သူ့ကို အားကိုးရတာလဲ။
အရှင်မင်းကြီးကို အားကိုးရတာ မဟုတ်ဘူးလား။ ဘယ်သူကများ အရှင်မင်းကြီး မကောင်းကြောင်း တစ်ခွန်း ပြောရဲမှာလဲ။"
လျိုထျဲ့နျူ ပြောဆိုနေရင်းနှင့်ပင် အလုပ်သမားများ၏ မျက်ရည်ဝဲလာကြပြီး ခေါင်းကို နက်နက်ရှိုင်းရှိုင်း ငုံ့ကာ အလုပ် ဆက်လုပ် နေကြ၏။
ဤမြင်ကွင်းက ကျင်းဘုရင်မင်းမြတ် ကို တစ်ကိုယ်လုံး တုန်ခါသွားစေခဲ့ပြီး စိတ်ထဲတွင် အနည်းငယ် ဝမ်းနည်း ကြေကွဲသွားစေသည်။ ဤသည်မှာ တကယ့် ပြည်သူ့ဆန္ဒ အစစ်အမှန်ပင် ဖြစ်ပြီး အညစ်အကြေး တစ်စက်မျှပင် ရောနှောနေခြင်း မရှိချေ။ သူသည် နဂါးဝတ်ရုံကို ဝတ်ဆင်ထားခြင်း မရှိချေ၊ အတူလိုက်ပါသည့် အမတ်များလည်း မရှိချေ။ ရှေးခေတ်မှ ယနေ့တိုင်အောင် အရှင်မင်းမြတ် ဘယ်လောက်များများကများ ပြည်သူတို့၏ ဤသို့သော အကဲဖြတ် စကားတစ်ခွန်းကို ရရှိထိုက်ခဲ့သနည်း။
သို့ပေမည့် တစ်ချက် တွေးကြည့်လိုက်တော့ သူ၏ နောက်ဘက်ရှိ ဝမ်အာ့ကျူကို သတိရသွား၏။ ကမ္ဘာလောကကြီး ထဲတွင် ဤကဲ့သို့သော ပြည်သူ ဘယ်လောက်များများ ရှိနေဦးမည်မှန်း မသိချေ၊ စိတ်ထဲတွင် အခြားသော ခံစားချက် တစ်မျိုး ထပ်မံ တိုးပွားလာခဲ့ပြန်သည်။
လျိုထျဲ့နျူ ပြောပြီးသွားသည်ကို မြင်သည့်အခါ ဝမ်အာ့ကျူသည် စိတ်ထဲတွင် ရှက်ရွံ့သွားမိသည် ဆိုသော်လည်း သတ္တိမွေး၍ မေးမြန်းလိုက်၏။ "ညီလေး... ခင်ဗျားတို့ဆီမှာ အလုပ်သမား ခေါ်သေးလား။"
'တစ်လကို ငွေသုံးတေလ်းဆိုတော့ သူလည်း လုပ်ချင်တယ်၊ အိမ်မပြန်တော့ဘူး၊ ဒီမှာပဲ ဘီးလုပ်တော့မယ်။'
လျိုထျဲ့နျူသည် သူ့အား တစ်ချက် လှမ်းကြည့်လိုက်ပြီး ခေါင်းခါပြ၏။ "မရဘူး... ခင်ဗျား လုပ်လို့ မရဘူး၊ အသက် အရွယ် အရမ်း ကြီးလွန်းနေပြီ၊ အသက် သုံးဆယ့်ငါးနှစ် ကျော်သွားရင် ဒီမှာ လက်မခံဘူး။"
အပိုင်း ( ၈၇၉) ဖန်ကြီး၏ ဆွဲဆောင်မှုရှိသော ဟောပြောပွဲ ထပ်မံ ပေါ်ထွက်လာခြင်း။
ဝမ်အာ့ကျူမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။ သူသည် ငြင်းပယ်ခံရမည်ကို စိတ်ကူးယဉ်ကြည့်ဖူးသည်၊ နည်းပညာ မတတ်မြောက်ခြင်း၊ စာမတတ်ခြင်း အစရှိသည့် အကြောင်းပြချက်မျိုးများ ဖြစ်ပေလိမ့်မည်။ သို့သော်လည်း အသက်အရွယ် သတ်မှတ်ချက် ပြည့်မီသွားသောကြောင့် အလုပ်လုပ်ခွင့် မရနိုင်ဘူး ဆိုသည်ကိုတော့ လုံးဝ မကြားဖူးချေ။ အသက် သုံးဆယ့်ငါးနှစ် ဆိုသည်မှာ ဘယ်နေရာ သွားသွား သန်စွမ်းသော လုပ်အားရှင် တစ်ယောက်ပဲဖြစ်သည်။
ဤ ခေတ်ကာလ၏ ပျမ်းမျှ သက်တမ်းက တိုတောင်းလှသည် ဆိုသော်လည်း ထိုသည်က ပျမ်းမျှမျှသာ ဖြစ်ပြီး၊ သာမန်လူများက မွေးဖွားခြင်း၊ ကြီးထွားခြင်း ဆိုသည့် ငရဲတံခါး နှစ်ပေါက်ကို ဖြတ်ကျော်ပြီးသည်နှင့် ခန္ဓာကိုယ် ရင့်ကျက်လာပြီး ရောဂါဘယ ကင်းရှင်းကာ ပုံမှန် အာဟာရ ထောက်ပံ့မှု ရရှိလျှင် အသက် ခြောက်ဆယ်ကျော် အထိ အသက်ရှင်သည်က အတော်လေး အဖြစ်များလှ၏။ သို့ပေမည့် သူသည် လူ့အဖွဲ့အစည်းထဲသို့ ခုလေးတင် စတင် ဝင်ရောက်လာခြင်း ဖြစ်သော်လည်း အလုပ်လုပ်ရန်ပင် အချိန်မမီလိုက်ပေ။
ကျင်းဘုရင်မင်းမြတ် လည်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။ "အသက် သုံးဆယ့်ငါးနှစ် ဆိုရင် မင်းတို့ဆီမှာ အသုံးမပြုတော့ဘူးလား၊ ဒါဆို အသက်ကြီးတဲ့သူတွေက ဒီမှာ ဘယ်လို အသက်ရှင်ကြတာလဲ။"
"ကျုပ်တို့ဆီမှာ လက်မခံတာလေးပါပဲာ၊ တစ်ခြားနေရာတွေကတော့ လက်ခံကြသေးတာပဲဟာ။ အဓိကကတော့ အခု အလုပ်တွေ အရမ်း များပြားလွန်းနေပြီး အချိန်လု လုပ်နေရလို့ လူငယ်တွေကိုပဲ လက်ခံတာပါ၊ မဟုတ်ရင် အသက်ကြီးတဲ့သူတွေ လုပ်ရင်း သေသွားရင် ဘယ်လိုလုပ်မလဲ။" လျိုထျဲ့နျူက ရှင်းပြသည်။
ပြောဆိုတာ အတော်လေး စုံလင်သွားပြီကို မြင်သည့်အခါ ဖန်ကျန်းရီသည် စကားဝိုင်းကို ကမန်းကတန်း ဖြတ်ဝင်လိုက်သည်။ "ခင်ဗျား ဒီလောက်တောင် ရှာနိုင်မှတော့ အိမ် ဝယ်ပြီးလောက်ပြီ မဟုတ်လား။"
‘လုပ်အားရှင်တွေကို အမြန်ဆုံး လိမ်လည်ပြီး အလုပ် ကူလုပ်ခိုင်းမှ ဖြစ်မယ်’
လျိုထျဲ့နျူက ခေါင်းခါပြ၏။
"အာ... မဝယ်နိုင်သေးပါဘူး၊ ကျုပ် နောက်ထပ် နှစ်အနည်းငယ်လောက် အောင့်ခံ ကြိုးစားပြီးရင် ဒီ အနီးအနားမှာပဲ အိမ်ငယ်လေး တစ်လုံး ဝယ်မယ်၊ အဲဒီအခါကျရင် နေ့ရက်တွေက သာယာ သွားတော့မှာ။"
ထိုစကားကို ကြားရချိန်မှာတော့ ဖန်ကျန်းရီက လက်မ ထောင်ပြလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "မဝယ်တာ ကောင်းတယ်။ မဝယ်တာကမှ ကောင်းတာ။"
ပတ်ဝန်းကျင်ရှိ လူများက ဖန်ကျန်းရီအား ထူးဆန်းသော အကြည့်များဖြင့် ဝိုင်းဝန်း ကြည့်ရှုလာကြ၏။
သူများက အိမ် မဝယ်နိုင်သေးဘူး ဆိုတာကို မင်းက ဒီမှာ လာပြီး ကောင်းတယ် ပြောနေတာ တမင် ပြဿနာ ရှာချင်နေတာလား။
လျိုထျဲ့နျူ၏ မျက်နှာအမူအရာထဲတွင်လည်း ဒေါသရိပ် အနည်းငယ် ပါဝင်လာသည်။ “ခင်ဗျား ဒါ ဘာသဘောလဲ။"
ဖန်ကျန်းရီက ပြုံး၍ ရှင်းပြ၏။ "... ကျုပ်က စီးပွားရေးသမားပါ၊ ကျုပ် ခင်ဗျားကို ပြောမယ် အိမ်ဝယ်တာက ဘာကိစ္စကောင်းမှ မဟုတ်ဘူး။ ကျုပ်က ခင်ဗျားရဲ့ အနာဂတ် ရှုထောင့်ကနေ စဉ်းစားပေးတာနော်၊ အကယ်၍ ခင်ဗျား အိမ်ဝယ်လိုက်ရင် အိမ်မဝယ်ရသေးတဲ့ ခင်ဗျားရဲ့ လုပ်ဖော်ကိုင်ဖက်တွေထက် သေချာပေါက် ပိုပြီး ဆိုးကျိုး များလိမ့်မယ်။"
"ဒီစကားက ဘာအဓိပ္ပာယ်လဲ။" လျိုထျဲ့နျူက အလျင်စလို မေးလိုက်ပြီး အခြားသူများလည်း နားရွက်ထောင်၍ နားစွင့်နေကြသည်။
"ပထမအချက်က ခင်ဗျား တစ်သက်လုံး ဒီ အလုပ်ရုံ တစ်ခုတည်းမှာပဲ အလုပ်လုပ်နေဖို့ သိပ်မဖြစ်နိုင်ဘူး မဟုတ်လား။ ခင်ဗျားရဲ့ ပါရမီနဲ့ ဆိုရင် ပိုပြီး ကောင်းမွန်တဲ့ အကျိုးခံစားခွင့် ရှိတဲ့ အခြား အလုပ်ရုံ တစ်ခုဆီကို ပြောင်းရွှေ့နိုင်တယ်လို့ ကျုပ် ထင်တယ်။" ဖန်ကျန်းရီသည် သွက်လက်စွာ ပြောဆိုနေ၏။
"အကယ်၍ ခင်ဗျား ဒီ အနီးအနားမှာ အိမ်ဝယ်လိုက်ရင် နောင်တစ်ချိန် ပိုပြီး ကောင်းမွန်တဲ့ အလုပ်ရုံဆီ သွားရောက်မဲ့ တွန်းအားအပေါ် သက်ရောက်မှု ရှိသွားလိမ့်မယ်။ ဒါတင်မကသေးဘူး၊ နောင်တစ်ချိန် လစာတိုးရင်တောင် ခင်ဗျားဆီ လှည့်မလာနိုင်တော့ဘူး။ အလုပ်ရှင်က စဉ်းစားလိမ့်မယ်... ခင်ဗျားက ဒီ အနီးအနားမှာ အိမ်ဝယ်ပြီးသား ဆိုတော့ သူက တော်ရုံတန်ရုံ ပြောင်းမှာ မဟုတ်ဘူး။ ဒီတော့ ကြာရင် ခင်ဗျားက ကျန်တဲ့သူတွေထက် လစာနည်းလာလိမ့်မယ်။
ကျုပ် ရိုးရိုးရှင်းရှင်းလေး ပြောပြမယ်... ခင်ဗျားရဲ့လစာဆိုတာ ခင်ဗျားဆိုတဲ့ ဒီလူရဲ့ ဈေးကွက်တန်ဖိုးထဲကနေ ခင်ဗျားရဲ့ အလုပ်ပြောင်းရွှေ့စရိတ်ကို နှုတ်ထားတာနဲ့ ညီမျှတယ်... နားလည်လား။"
"ဒီလိုဆိုတော့... ခငဗျ်ား ဝယ်လိုက်တာက အိမ် ဟုတ်သေးရဲ့လား။ ခင်ဗျား ဝယ်လိုက်တာက ကိုယ့်ရဲ့ အားနည်းချက် ဖြစ်နေပြီ၊ ခင်ဗျားမှာ မိန်းမနဲ့ ကလေး ရလာတဲ့ အခါကျရင် ပိုပြီးတော့ နေရာ ရွှေ့လို့ မရတော့ဘူး၊ အိမ်ကနေ မိသားစုဝင်တွေအထိ တစ်ကိုယ်လုံးက အားနည်းချက်တွေချည်းပဲ ဖြစ်နေတော့မှာ။"
'ချီးတဲ့မှ။'
လျိုထျဲ့နျူနှင့် အနီးအနားရှိ အလုပ်သမားများ၏ စိတ်ထဲတွင် တစ်ပြိုင်နက်တည်း ထိတ်လန့်သွားကြ၏။
'ထိုအတိုင်းပင် ဖြစ်ဟန် ရသည်၊ အိမ်က ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်သွားခဲ့ပြီလား။'
"ဒါပေါ့... ကျုပ် ဆိုလိုတာက ခင်ဗျားတို့ရဲ့ လူငယ်အဆင့်ကို ပြောတာပါ၊ အားလုံး ဒီ အသက်အရွယ် ရှိသူတွေက အပြင်ထွက်ပြီး စွန့်စားသင့်တယ်၊ စီးပွားရေး လုပ်သင့်တယ်၊ ကျုပ် ကြည့်တာ ဖျင်ဝမ်ခရိုင်မှာ နေရာတကာ ကြီးပွားချမ်းသာဖို့ အခွင့်အရေးတွေ ပြည့်နှက်နေတာပဲ။ ခင်ဗျားတို့ အိမ်ဝယ်လိုက်ရင် ချုပ်နှောင်ခံရဖို့ လွယ်ကူသွားပြီး အရင်းအနှီးလည်း မရှိတော့ဘူးလေ။"
လျိုထျဲ့နျူ သည် နားထောင်ရင်း ကြောင်အမ်းအမ်း ဖြစ်သွား၏။ "ဒါပေမဲ့ စီးပွားရေး လုပ်တာ အန္တရာယ် ရှိတယ်မလား..."
"အန္တရာယ် … ထမင်းစား၊ ရေသောက်တာတောင် အန္တရာယ် ရှိသေးတာပဲ၊ ကျုပ်နဲ့ ကျုပ်အဖေက တောင်ပိုင်း၊ မြောက်ပိုင်း လျှောက်သွားပြီး ဘာမှ မရှိတဲ့ ဘဝကနေ စတင်ခဲ့ကြတာ၊ တစ်နေရာရာမှာ ကြီးပွားဖို့ အခွင့်အရေး ရှိရင် အဲဒီနေရာကို သွားတာပဲ... ဒီ ဖျင်ဝမ်ခရိုင်မှာ နေရာတကာ ရွှေတွေ ပြည့်နှက်နေတာ၊ အန္တရာယ်က သနားစရာကောင်းလောက်အောင် သေးငယ်တယ်လို့ ဆိုနိုင်ပါတယ်။" ဖန်ကျန်းရီသည် ရယ်ရယ်မောမော ပျော်ရွှင်စွာ ပြောဆိုနေသည်။
"ခင်ဗျားတို့အားလုံးက ငယ်ငယ်ရွယ်ရွယ်လေးတွေ ရှိသေးတာ၊ စိတ်ကူးရဲတဲ့ သတ္တိ၊ အောင်မြင်ချင်တဲ့ ရည်မှန်းချက်လေးတောင် မရှိကြဘူးလား။ ကျုပ်ကတော့ ခင်ဗျားတို့နဲ့ မတူဘူး... မွေးကတည်းက တိုက်ခိုက်လိုစိတ် ပါလာတာ၊ ဆင်းရဲတဲ့ အချိန်တွင် ကောင်းကင်ကိုကြည့်တယ်၊ အမြင့်ရောက်တဲ့အချိန် နတ်သမီး ကို ကြည့်တယ်။”
ဖန်ကျန်းရီ ဤမျှအထိ လိမ်ဆင် လုပ်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ရာ ကျင်းဘုရင်မင်းမြတ် ၏ စိတ်ထဲတွင် အကြောင်းမရှိဘဲ အနည်းငယ် စိတ်လှုပ်ရှားနေမိ၏၊ စိတ်လှုပ်ရှားတာအပြင်... လှံရှည်နှင့်လည်း နှစ်ချက်လောက် ထိုးချင်နေသေးသည်။
ဝမ်အာ့ကျူမှာ ပို၍ပင် ဆိုးရွားနေသည်။ ဦးနှောက်တစ်ခုလုံး ကသောင်းကနင်း ဖြစ်နေ၏။ 'ခင်ဗျားတို့နှစ်ယောက်က မိသားစု စီးပွားရေး ကျဆင်းသွားလို့ အပြင်ထွက်ပြီး စီးပွားရေး လုပ်တာ မဟုတ်ဘူးလား။'
ဤအခိုက်အတန့်တွင် ဝင်းတွင်းရှိ လူပေါင်းများစွာတို့က လက်ထဲမှ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြပြီး ဖန်ကျန်းရီ ကြွားဝါနေသည်ကို သေသေချာချာ နားဆင်ကြ၏။ 'ဒီလူ ပြောတဲ့စကားတွေက အနှစ်သာရ ရှိသလိုပဲ။'
ဖန်ကျန်းရီက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "ကြီးပွား ချမ်းသာချင်ရင် လိုအပ်တာက စိတ်ကူးရဲပြီး လုပ်ရဲဖို့ပဲ၊ ကျုပ် ကြည့်တာ ခင်ဗျားတို့ထဲက လူတွေရဲ့ အသက်အရွယ်က ကျုပ်နဲ့ တူလောက်တယ်... ဘာလို့ ကျုပ်က ခင်ဗျားတို့ရဲ့ အလုပ်ရှင်နဲ့ တန်းတူ ထိုင်နိုင်ပြီး ခင်ဗျားတို့က မရကြတာလဲ။ အကြောင်းပြချက်က အရမ်း ရိုးရှင်းပါတယ်... ကျုပ်ဆီမှာ ဘဝ ယုံကြည်ချက် တစ်ခု ရှိတယ်၊ အဲဒါကတော့ လုံးဝ ဆင်းရဲတာကို လက်မခံနိုင်ဘူး ဆိုတာပဲ။ ကျုပ်မှာ တစ်ခြားသူတွေအတွက် အလုပ်လုပ်ပေးဖို့ အချိန်မရှိဘူး။ အသက်အိုးအိမ် ဆိုတာ တိုတောင်းတယ်၊ အရမ်း နူးညံ့လွန်းတယ်... ဆယ်ချီတဲ့ နှစ်တွေက မျက်တောင် တစ်ချက် ပုတ်ခတ်လေး အတွင်းမှာ ကုန်ဆုံးသွားတာ။"
ဖန်ကျန်းရီသည် လက်မောင်းကို တန်းကာ အော်ဟစ်လိုက်၏။ "ပြီးတော့ ခင်ဗျားတို့ရဲ့ အဲဒီ စိတ်ထား မမှန်ကန်တဲ့ ဆိုင်ရှင်က အမြတ်အစွန်း အကြီးအကျယ် ရနေတာ၊ ဒါပေမဲ့ သူက တစ်လကို လစာ ငွေနှစ်တေလ်း၊ သုံးတေလ်းလေးပဲ သုံးစွဲပြီး ခင်ဗျားတို့ရဲ့ စိတ်ကူး အိပ်မက်တွေနဲ့ အချိန်တွေ အားလုံးကို အပြီးအစီး ဝယ်ယူသွားခဲ့တာ... ဒါက သနားစရာ မကောင်းဘူးလား။ ဒါက ဗြောင်ကျကျ ခေါင်းပုံဖြတ်တာပဲ...။ ဒီနေ့ တွေ့ဆုံရတာ ရေစက် ပါလာလို့ပဲ... အားလုံးကို ကျုပ်ရဲ့ ဒုံးပျံလို ချမ်းသာလာတဲ့ အတွေ့အကြုံတွေ၊ ပြီးတော့ ဖျင်ဝမ်ခရိုင် အတွင်းက စီးပွားရေး အခွင့်အလမ်းတွေ၊ ပြီးရင် ခင်ဗျားတို့ကို လစာ အမြန်ဆုံး တိုးလာအောင် ဘယ်လိုလုပ်ရမလဲဆိုတာတွေကို ပြောပြမယ်။ အားလုံး နားထောင်ချင်ကြလား။"
"နားထောင်ချင်ပါတယ်။"
ထိုစကား ထွက်ပေါ်လာသည်နှင့် မျက်လုံးများအားလုံး ခဏချင်း တောက်ပသွားကြတော့၏။ ဝင်းတစ်ခုလုံးရှိ လူများမှာ သူ၏ ဆော်ဩမှုကြောင့် သွေးဆူ တက်ကြွလာကြသည်။
စိတ်ခံစားချက် အခြေအနေတစ်ခုထိ ရောက်ရှိသွားပြီကို မြင်သည့်အခါ ဖန်ကျန်းရီသည် ဖွဖွလေး ပြုံးလိုက်ပြီး စောစောက လက်ဆောင်သေတ္တာ ပုံစံကြမ်းကို ထုတ်ယူကာ လျိုထျဲ့နျူ၏ မျက်စိရှေ့သို့ ကမ်းပေးလိုက်၏။
"ဒီမှာ... ကျုပ်က ခင်ဗျားတို့ ဆိုင်ရှင်ဆီမှာ သစ်သားပစ္စည်း အပ်မလို့ လာတာပါ၊ ဒါက ပုံစံကြမ်းပဲ... အပေါ်မှာ ကုန်ကြမ်း သတ်မှတ်ချက်တွေ ပါတယ်၊ ပိုက်ဆံလည်း ကျုပ် သူ့ကို ပေးပြီးသွားပြီ။ ကျုပ် ဒီမှာ အကြာကြီး မနေနိုင်ဘူး၊ ကျုပ်ရဲ့ အဓိပ္ပာယ်ရှိတဲ့ အလုပ်ကိုလည်း အနှောင့်အယှက် ဖြစ်ခံလို့ မရဘူးလေ... ညီအစ်ကိုတွေကို အလုပ်လုပ်ရင်းနဲ့ ကျုပ် ဟောပြောတာကို နားဆင်ခိုင်းလိုက်ပါ။"
လျိုထျဲ့နျူ ခဏမျှ မှင်တက်သွားပြီး ခြေထောက်အောက်မှ လုပ်လက်စ ဘီးကို တစ်ချက် ကြည့်ကာ တုံ့ဆိုင်းစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။ 'သတ်မှတ်ရက် ကိစ္စတွေကို သွားစမ်းပါ... ဘာပဲဖြစ်ဖြစ် ငါက ပုံမှန် လစာ ရတာပဲ၊ ပိုင်ရှင်က ငွေသုံးတေလ်းလေးနဲ့ ငါ့ကို အပြီးအစီး ဝယ်ယူထားတာ မဟုတ်လား။ ဒုံးပျံလို ချမ်းသာလာတဲ့ အတွေ့အကြုံ၊ စီးပွားရေး အခွင့်အလမ်းနဲ့ လစာ အမြန်ဆုံး တိုးလာအောင် လုပ်တဲ့နည်း... မကြားလိုက်ရရင် သိန်းရာချီ ရှုံးနိမ့်တာပဲ။'
ပုံစံကြမ်းက ဝင်းတွင်း၌ တစ်ပတ် လှည့်ပတ်သွားပြီးနောက် အလုပ်သမားအချို့က သစ်သား ကုန်ကြမ်းများကို သယ်ဆောင်လာကြသည်ကို မြင်တွေ့လိုက်ရ၏။
ဖန်ကျန်းရီသည် လည်ချောင်းကို ရှင်းပြီး ပြောလိုက်သည်။ "ကောင်းပြီ... အားလုံး အရင် လုပ်နှင့်ကြ၊ ကျုပ် စတော့မယ်နော်။"
လူတိုင်း တစ်ပြိုင်နက်တည်း ခေါင်းညိတ်ပြကြ၏။
"ကျုပ်ရဲ့ ဘိုးဘေး အစဉ်အဆက်က လယ်သမားတွေပါ၊ ကျုပ်က လယ်သမားတစ်ယောက်ရဲ့ သားပါ..."
... ... ...
တစ်နာရီ ကြာမြင့်ပြီးသည့်နောက် လက်မှုပညာရှင် ဆယ်ချီသည် အလုပ်ရုံတံခါးဝတွင် စုစည်းလျက် ပန်းသီးများကို လက်ဆောင်သေတ္တာများထဲသို့ ဝိုင်းဝန်း ထည့်သွင်းပေးနေကြ၏။ ထို့နောက် မြည်းလှည်းပေါ်သို့ သေသပ်စွာ အစီအရီ တင်ဆောင်ပေးလိုက်ကြသည်။
နောက်ဆုံးတွင် အောင်မြင်မှုဆရာကြီး အလုပ်ရုံမှ ထွက်ခွာသွားသည်ကို မျက်စိဖြင့် လိုက်လံ ပို့ဆောင်ပေးလိုက်ကြ၏။
တိုက်ဆိုင်စွာပင် အလုပ်ရုံဆိုင်ရှင် ပြန်ရောက်လာပြီး လက်ထဲတွင် အသစ်စက်စက် ဖြစ်သော တောက်ယွမ်မြို့တွင် အောင်ပွဲခံခြင်း စာအုပ်တစ်အုပ်ကို ပွေ့ပိုက်ထားသည်။ မျက်နှာဖုံးပေါ်၌ လက်မှတ်ကိုပင် မြင်နိုင်သေး၏။
တံခါးဝတွင် ဆိုင်မှ အလုပ်သမားတစ်စု ဝိုင်းရံနေသည်ကို မြင်သည့်အခါ မခံမရပ်နိုင်ဘဲ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ဒီမှာ ဘာတွေ ငေးနေကြတာလဲ။ အလုပ်တွေ လုပ်ပြီးကြပြီလား။"
သူ၏ ဆရာကြီးဟန်ပန်ကို မြင်တော့ လျိုထျဲ့နျူ အပါအဝင် လူတစ်စုက လက်ပိုက်၍ အေးစက်စက် ရယ်မောလိုက်ကြ၏။ "အလုပ်လုပ်မယ်။ လစာ မပြည့်မီဘဲ ဘာအလုပ် လုပ်ရမှာလဲ။ ဆိုင်ရှင် ... ကျုပ်တို့ ဆွေးနွေးကြရအောင်။"
"မင်းတို့ ... မင်းတို့ ဒါ ပုန်ကန်ချင်နေကြတာလား...။"
အပိုင်း (၈၈၀) ဖျင်ဝမ်ခရိုင်မှ ကမောက်ကမ အရှုပ်တော်ပုံ။
နောက်တစ်နေ့ နံနက်တွင် ဖန်ကျန်းရီသည် ရောင်းမထွက်ဘဲ ပိုနေသော ပန်းသီးများကို ဈေးကြီးကြီးဖြင့် ရောင်းချရန် အကြံထုတ်တော့သည်။
လူစည်ကားရာ ဈေးလမ်းမပေါ်တွင် ဖန်ကျန်းရီသည် ပန်းသီးကို သေသပ်စွာလှီးဖြတ်ပြပြီးနောက် ရုတ်တရက် အသံကုန်ဟစ်အော်လိုက်သည်။ "မရောင်းတော့ဘူး ... မရောင်းတော့ဘူး.. ဈေးပေါပေါနဲ့ မရောင်းတော့ဘူး။ ဒီလောက် ကောင်းတဲ့ အသီးတွေ ဈေးကြီးကြီးနဲ့ ရောင်းရမယ်။”
“ဘယ်ကောင်လဲကွ … အကြီးကြီးတွေ လျှောက်အော်နေတာ”
မကြာမီမှာပဲ သူ ကြိုတင် ငှားရမ်းထားသည့် လူမိုက်များရောက်လာပြီး ပြဿနာရှာခြင်းဖြင့် သူရောင်းချသည့် ပန်းသီးအား လူထု စိတ်ဝင်စားအောင် လုပ်တော့သည်။ ဤသစ်သီးများသည် သာမာန်မကြောင်း ၊ ကျင်းယိဝေ တပ်သားများ စားသုံးသည့် သစ်သီးများဖြစ်ကြောင်း ကြေညာပြီးသည့်နောက် လူထုက စိတ်ဝင်တစား နှင့် ဝယ်ယူကြတော့၏။
ဆယ်မိနစ်ပင် မပြည့်လိုက်ပေ။ ပန်းသီးသေတ္တာ သုံးဆယ်စလုံး ပြောင်စင်သွားသည်။ အဖြစ်အပျက်ကို ဘေးမှရပ်ကြည့်နေသော ကျင်းဘုရင်မင်းမြတ်မှာ မှင်တက်လျက် ရှိသလို၊ ဝမ်အာ့ကျူမှာလည်း လွန်စွာ သဘောကျသွားသည်။ ငါနောက်ဆို ကလိမ်ကကျစ်ပဲလုပ်တော့မယ်။
……
တစ်ဖက်တွင်မူ အရှင်မင်းကြီး ပျောက်ဆုံးသွားသဖြင့် အမတ်ကြီး လီယန်စုန့်နှင့် ကော်ထျန်းယန်တို့မှာ ရူးမတတ် ဖြစ်နေကြသည်။ ဖျင်ဝမ်ခရိုင်သို့ အရှင်မင်းမြတ် ရောက်နေမှန်းသိသဖြင့် အပြေးအလွှား ရောက်လာချိန်တွင် ခရိုင်ဝန် ယန်ဖုန်းဖန်မှာ ဖန်ကျန်းရီ၏ ဖျင်အန်းသစ်သီးကို ၁၀ ကျပ်ပေးကာ ဝယ်ယူမိပြီး အလိမ်ခံရသဖြင့် ဒေါသပေါက်ကွဲနေချိန်ဖြစ်သည်။
အမတ်ကြီးများက အရှင်မင်းမြတ်ကို အသည်းအသန် ရှာခိုင်းရာ ပန်းသီးလိမ်ရောင်းမှုဖြင့် အဖမ်းခံရသော ဝမ်အာ့ကျူ နှင့် တိုက်တိုက်ဆိုင်ဆိုင် သွားတိုးတော့သည်။
နယ်နှင်ဒဏ်ပေးခံရမည်ကို ကြောက်လန့်နေသော ဝမ်အာ့ကျူသည် အရှင်မင်းမြတ်တို့ လိုင်ဖူတည်းခိုခန်းမှ တစ်ဆင့် ပြဇာတ်ရုံသို့ သွားကြောင်း အကုန်ဖော်ကောင်လုပ်တော့၏။
………
ပြဇာတ်ရုံအတွင်းတွင်မူ ဖန်ကျန်းရီနှင့် ကျင်းဘုရင်မင်းမြတ်တို့မှာ မိန်းမလှတိုင်းပြည် ဟူသော ပြဇာတ်ကို ကြည့်ရှုနေကြသည်။ သို့ပေမည့် ဇာတ်ကွက်မှာ သူထင်ထားသလို မဟုတ်ဘဲ ဘုန်းကြီးဖာဟိုင်က မိန်းမလှတိုင်းပြည် ဘုရင်မကို အဓမ္မကျင့်ရန် ကြံစည်နေသော ကမောက်ကမ ဟာသဇာတ်ကွက်ကြီး ဖြစ်နေသည်။
ဖာဟိုင်က ထန်းစန်းကိုသတ်ပြီး စွန်းဝူခုန်းကို ခေါ်ကာ သူကိုယ်တိုင် ကျမ်းစာသွားယူမည်ဟူသော အဓိပ္ပါယ်မဲ့ ဒိုင်ယာလော့ဂ်များကြောင့် ဖန်ကျန်းရီမှာ လွန်စွာအရှက်ရနေ၏။
ဇာတ်ကွက်၏ အထွတ်အထိပ်တွင် ဘုရင်မက ကတ်ကြေးဖြင့် ထိုးကာ သတ်သေမည်ဟု ခြိမ်းခြောက်ရာ ဖာဟိုင်က မကြောက်သည့်အပြင် ပဲစေ့များကို ရွှေရောင်သံချပ်ကာ စစ်သားများအဖြစ် ဖန်တီးလိုက်ပြီးနောက် စစ်သားများကို အမိန့်ပေးလိုက်သည်။ "ငါ့အမိန့်ကို နာခံပြီး အပြင်မှာ သွားတန်းစီကြ။"
(ဆိုလိုသည်မှာ စစ်သည်များကို အလှည့်ကျ တန်းစီခိုင်းခြင်းဖြစ်သည်။ သူပြီးနောက်မှ လိုက်ဝင်ရန်ပင်။)
ကြည့်ရှုသူပရိသတ်မှာ အံ့အားသင့် မှင်တက်သွားပြီး ပြဇာတ်၏ ရိုင်းစိုင်းမှုနှင့် ကမောက်ကမနိုင်မှုတို့ကြောင့် ဖန်ကျန်းရီတစ်ယောက် သွေးအန်မတတ် ဖြစ်နေမိ၏။
ထိုစဉ်မှာပဲ လီယန်စုန့်တို့ အမတ်တစ်စု ရောက်လာကြသည်။
ပြဇာတ်၏ အကျည်းတန်မှုနှင့် အမတ်များ၏ စိုးရိမ်တကြီး ဝင်ရောက်လာမှုတို့ ပေါင်းဆုံသွားချိန်တွင် ကျင်းဘုရင်မင်းမြတ်သည် အေးစက်သော မျက်နှာပေးဖြင့် မတ်တပ်ရပ်လိုက်ပြီး ဖန်ကျန်းရီအား ကြည့်ကာ အမိန့်ပေးလိုက်၏။ "ရှင်းပြနေစရာ မလိုတော့ဘူး... ကိုယ်တော့်နောက်ကို အကုန် ထွက်လိုက် လာခဲ့ကြစမ်း"
……..
ဖန်ကျန်းရီသည် မျက်နှာငယ်လေးဖြင့် ကျင်းဘုရင်မင်းမြတ်၏ နောက်မှ လိုက်ပါ လျှောက်လှမ်းလာ၏။
ယနေ့တွင်မူ သူ အကြီးအကျယ် မှောက်ရက်လဲသွားခဲ့ပြီ ဖြစ်သည်။ ယောက္ခထီးကြီးကို ခေါ်ပြီး ဤသို့ အဓိပ္ပာယ်မရှိသော ပြဇာတ်မျိုးကို မကြည့်သင့်ခဲ့ချေ။ ကြည့်မည်ဆိုလျှင်တောင် အပြင်လူ အနှောင့်အယှက် မရှိချိန်မျိုးသာ ဖြစ်သင့်သည်။
လီယန်စုန့်တို့ လူစု၏ မျက်နှာအမူအရာကို ကြည့်ရသည်မှာ နောက်ထပ် အကြီးအကျယ် အဆဲခံရဦးမည့်ပုံ ပေါ်နေသည်။ သို့သော်လည်း ဒီအတိုင်းပဲ နေလိုက်ပါတော့လေ... သူ ကျင့်သားရနေပါပြီ။
လူအုပ်ကြီးသည် ပြဇာတ်ရုံ၏ အပြင်ဘက်သို့ ထွက်လာကြ၏။ အပြင်ဘက်တွင် ကျင်းယီဝေများနှင့် အစိုးရ အမှုထမ်းများက နေရာကို ရှင်းလင်းထားပြီးဖြစ်ရာ လမ်းပေါ်ရှိ ပြည်သူများမှာ လုံးဝနီးပါးမျှ ကင်းရှင်းနေပြီဖြစ်၏။
အခြားသူများ မရှိတော့သည်ကို မြင်သည့်အခါ ယန်ရင်းချိုက်က ဦးစွာ ပြဿနာရှာလိုက်သည်။ သူက ဖန်ကျန်းရီ၏ နှာခေါင်းကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်၏။
"ဖန်ကျန်းရီ... မင်းက အရှင်မင်းကြီးကို ခေါ်ပြီး ဒီလို ပြဇာတ်မျိုး ကြည့်ရဲတယ်။ နေ့ခင်းကြောင်တောင်ကြီး ဒီလိုရမ္မက်ထန်တဲ့ ပြဇာတ်တွေပြပြီး လူ့စာရိတ္တကို ဖျက်ဆီးတယ်... မင်း ရင်ထဲမှာ ဘာအကြံတွေရှိနေတာလဲ။"
ဖန်ကျန်းရီသည် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး အရပ်လေးမျက်နှာကို ဝေ့ကြည့်လိုက်သော်လည်း အကူအညီပေးမည့်သူ တစ်ဦးတစ်ယောက်မျှ ရှာမတွေ့ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ အဆင့်အတန်း မရှိသော ပြဇာတ်မှာ မိန်းမစိုးကော်ပင်လျှင် ကြည့်ရင်း ရှက်ရွံ့ခဲ့သည် မဟုတ်ပါလား။
အထူးသဖြင့် ကျင်းဘုရင်မင်းမြတ်ကလည်း နှုတ်ဆိတ်နေဆဲ ဖြစ်သည်။
ရွေးချယ်စရာ မရှိတော့သည့်အဆုံး ဖန်ကျန်းရီက ပါးစပ်ဖွင့်၍ ရှင်းပြလိုက်၏။
"အမတ်မင်းတို့... ဒါက တကယ်တော့ မမျှော်လင့်ဘဲ ဖြစ်သွားတဲ့ အပြစ်အနာအဆာလေး တစ်ခုပါ။ ကျုပ် အားလုံးကို ရှင်းပြပါ့မယ်။ ဒီလိုပါ ..."
"ကောင်းတယ်။ အရမ်းကောင်းတယ်။"
သူ ပါးစပ် ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း ပြဇာတ်ရုံအတွင်းမှ အားရပါးရ အော်ဟစ်ချီးကျူးသံကြီး တစ်သံ ဟိန်းထွက်လာ၏။ ထိုစကားသံက အဝေးဆီသို့ လွင့်ပျံသွားပြီး ပြဇာတ်ရုံအပြင်အထိ ထိုးထွက်လာသည်။
ကျင်းဘုရင်မင်းမြတ်တို့၏ မျက်နှာများမှာလည်း မည်းမှောင်သွားပြန်၏။
ချီး .. ဘာတွေကောင်းနေတာလဲ။
ဖန်ကျန်းရီ၏ စိတ်နှလုံးလည်း တင်းကျပ်သွားပြီး ဦးနှောက်ထဲ၌ အရွယ်ရောက်ပြီးသူများသာ ကြည့်သင့်သည့် မြင်ကွင်းတစ်ခု ပေါ်ထွက်လာ၏။ စိတ်ထဲတွင် အေးစက်သော ခံစားချက်တစ်ခု ပေါ်ပေါက်လာပြီးနောက် တစ်ချက် တုန်ခါသွားခဲ့သည်။ ဤနေရာက ပြဇာတ်ရုံ ဖြစ်ပြီး ပြည့်တန်ဆာအိမ် မဟုတ်ချေ။
ဖန်ကျန်းရီ၏ ဦးနှောက်မှာ ရူးသွပ်စွာ လှည့်ပတ်နေပြီး မည်သို့ ချေပရမည်ဖြစ်ကြောင်း စဉ်းစားနေ၏။
ဘေးဘက်ရှိ ယန်ရင်းချိုက်မှာမူ စွန်းရှန်း၏ အနီးသို့ တိုးကပ်သွားပြီး ပြဇာတ်ရုံထဲက အခြေအနေတွေကို စတင် ရှင်းပြနေချေသည်။
စွန်းရှန်းမှာ နားဆင်နေရင်း မျက်လုံးနှစ်လုံး ပြူးကျယ်ပြီး အလွန်အမင်း အံအားသင့် တုန်လှုပ်သွားသည်။ သစ္စာရှိသော သန့်စင်သည့် အမတ်တစ်ဦး ဖြစ်သော်လည်း ဘုရင်မင်းမြတ်အား ခေါ်ဆောင်ပြီး အဆင့်အတန်း မရှိသော ဇာတ်လမ်မျိုး ကြည့်ရှုသည်အား သူ ပထမဆုံး ကြားဖူး ၊ မြင်ဖူးခြင်းပင်။
စွန်းရှန်းက ရှေ့သို့ တစ်လှမ်း တိုးလာ၏။ "အရှင်မင်းကြီး... ဒီနေရာက အလွန်အမင်း ဖရိုဖရဲ ဖြစ်နေပါတယ်။ အရှင်မင်းကြီး အမြန်ဆုံး ကြွတော်မူပါ"
ကျင်းဘုရင်မင်းမြတ်က စကားပြန်မဆိုချေ။ ဆန့်ကျင်ဘက် အနေဖြင့် ဘေးဘက်ရှိ ဝမ်အာ့ကျူအား လှည့်ကြည့်လိုက်သည်။
ဝမ်အာ့ကျူသည် စောစောက ယန်ရင်းချိုက်က အရှင်မင်းကြီး ဟူသော စာလုံးနှစ်လုံးကို ထုတ်ပြောလိုက်သည်ကို ကြားလိုက်ရသော်လည်း ဦးနှောက်ထဲ၌ သဘောမပေါက်သေးချေ။ ယခု စွန်းရှန်းက ထပ်မံ ပြောဆိုလိုက်ချိန်မှသာ ဝါးတားတား နားလည်သွားတော့၏။ တစ်ခဏလေး အတွင်းမှာပင် တစ်ကိုယ်လုံး မျက်နှာ ဖြူလျော်သွားပြီး အဆက်မပြတ် တုန်ယင်လာသည်။
‘အရှင်မင်းကြီး ... တကယ် အစစ်အမှန်ကြီးလား။’
သူသည် တစ်သက်လုံး ရှင်းကျန်းခရိုင် အပြင်ဘက်ကို မထွက်ဖူးခဲ့ချေ။ မြို့တော်၏ မြို့ရိုးကြီးကို မြင်ဖူးလျှင်ပင် မျက်စိပွင့်လန်းသည်ဟု မှတ်ယူရပေမည်။ သို့ပေမည့် လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက သူနှင့် အမြဲတမ်း အတူရှိနေခဲ့သော သခင်ကြီးဟွမ်မှာ အရှင်မင်းမြတ် ဖြစ်နေခဲ့သည်လား။
ကျင်းဘုရင်မင်းမြတ်က နောက်ပြန် လှည့်ကြည့်လိုက်ပြီး ခပ်ပေါ့ပေါ့ ပြောလိုက်၏။
"ဖရိုဖရဲ ဖြစ်နေတယ်လား။ ကိုယ်တော် ကြည့်တာတော့ ဒီမှာ မင်းတို့ကလွဲပြီး အခြားသူ မရှိပါဘူး... မင်းက ကိုယ်တော့်ကို ဘယ်နေရာဆီ ပြောင်းရွှေ့စေချင်တာလဲ။ ဒါမှမဟုတ် မင်းက ဖျင်ဝမ်ခရိုင်မှာ ပြဿနာ တစ်ခုခု ရှိနေတယ်လို့ ထင်နေတာလား"
စွန်းရှန်းသည် ကျင်းဘုရင်မင်းမြတ်၏ လေယူလေသိမ်း အတန်ငယ် မမှန်ကန်ကြောင်း ခံစားမိသော်လည်း အများကြီး မတွေးတောမိချေ။ ထို့ကြောင့် သဘောထား မှန်ကန်စွာဖြင့် ပြောလိုက်၏။ "အရှင်မင်းကြီး... ရွှေထောင်ချီတန်တဲ့ သားတော်က အန္တရာယ်ရှိတဲ့ နေရာမှာ မထိုင်ဘူးတဲ့။ အခု အရှင်မင်းကြီးက လူယုတ်မာရဲ့ သွေးဆောင်တာကို ခံရပြီး ဖျင်ဝမ်ခရိုင်ဆီ ရောက်လာတာပါ။
ကျွန်တော်မျိုး ဒီနေရာဆီ ဝင်လာတည်းက နေရာတကာမှာ ကုန်သည်တွေ ရှိနေပြီး ဈေးဆိုင် ထွက်ခင်းတာ၊ ဈေးခေါ်တာတွေ လုပ်ပြီး ဆူညံနေတာကို တွေ့ခဲ့ရပါတယ်။ ဒါတင်မကသေးပါဘူး။ ကျွန်တော်မျိုးတို့ စစ်တပ် ခေါ်လာတာကိုတောင် ပြည်သူတွေက လမ်းဘေးကနေ ဝိုင်းကြည့်နေကြပြီး ရှောင်တိမ်းမယ့် အရိပ်အယောင် လုံးဝ မရှိဘူး။ ဒါက ဒီနေရာက ရိုးရာဓလေ့ထုံးတမ်း မသန့်စင်ဘဲ အစိုးရကို ရိုသေမှု မရှိတာ၊ ပညာပေးမှု မလုံလောက်တာကို သက်သေပြနေတာပဲ။
ဒါကြောင့် အရှင်မင်းကြီး... ရှင်းကျန်းခရိုင်ဆီ ကြွတော်မူပါ။ မဟုတ်ရင် လူဆိုးတွေ အရှင်မင်းကြီးကို ထိတ်လန့် အနှောင့်အယှက် ပေးမိမှာ စိုးရိမ်ရပါတယ်"
ကျင်းဘုရင်မင်းမြတ်သည် မျက်ခုံးကို တစ်ချက် ပင့်လိုက်ပြီး ဖန်ကျန်းရီအား ကြည့်ကာ မေးလိုက်၏။ "မင်း ပြောတဲ့ လူယုတ်မာ ဆိုတာ ဒီလူလား"
ဖန်ကျန်းရီ... "..."
‘ယောက္ခထီးကြီးက ဒီမှာ မီးမွှေးနေတာလား။ ပြောချင်ရင်လည်း ပြောပါစေတော့... ငါက တစ်ရက်၊ နှစ်ရက် အပြောခံနေရတာမှ မဟုတ်တာ။ စောနက ဇာတ်လမ်း ကြည့်ပြီး ဒေါသထွက်နေတုန်းထင်တယ်’
စွန်းရှန်းသည် ကျင်းဘုရင်မင်းမြတ်က ဤမျှအထိ တည့်တည့်မတ်မတ် ပြောဆိုလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။ သူက ဖန်ကျန်းရီအား တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်။
"မှန်ပါတယ်... ကျွန်တော်မျိုး ကြားဖူးတာတော့ ဖျင်ဝမ်ခရိုင် စီးပွားရေး လွတ်လပ်ခွင့်ကိစ္စမှာ ဖန်ကျန်းရီ ကွယ်ရာကနေ ကူညီ တွန်းအားပေးနေတာ အစတည်းက ရှိနေပြီးသားတဲ့။ အခု မြို့တွင်းက ဖရိုဖရဲ အခြေအနေကို မြင်ရတာ ဒီအုပ်ချုပ်ရေး ကျရှုံးကြောင်းကို သက်သေပြနေတာပဲ။ အရှင်မင်းကြီး ဆန္ဒတော်ကို ပြန်လည် ရုပ်သိမ်းတော်မူပါ... စီးပွားရေး လွတ်လပ်ခွင့်ကိစ္စလည်း အဆုံးသတ်သင့်ပါပြီ"
ကျင်းဘုရင်မင်းမြတ် ဒေါသကြောင့် ရယ်မောလိုက်သည်။
"အဆုံးသတ်သင့်ပြီ... မင်းတို့က အဲဒီလောက်အထိ မစောင့်နိုင်အောင် ဖြစ်နေကြတာလား။ ထပ်ပြီး မကြည့်ရှုချင်တော့ဘူးလား"
ယန်ရင်းချိုက်က စွန်းရှန်းအား မျက်စိပစ်ပြ၏။
‘လက်စွမ်းပြချေ။’
ဤအခွင့်အရေးကို အနာဂတ် အလွန် တောက်ပသော မျိုးဆက်သစ်ထံသို့ လွှဲအပ်ပေးရမည်၊ အခွင့်ကောင်းကို လက်လွတ်ခံ၍ မဖြစ်ချေ။ သူ၏ ယခုဘဝ ကုန်ဆုံးသွားပြီ ဖြစ်သော်လည်း ဟန်လင်အကယ်ဒမီ အတွင်း၌ သူသည် နန်းတွင်း တစ်ခုလုံး အံ့ဩရလောက်သည့် သံမဏိ အရိုးကျောရှိသော သစ္စာရှိ အမတ်တစ်ဦးကို ကိုယ်တိုင် ဖန်တီးပေးနိုင်ခဲ့ပြီ ဖြစ်ရာ ဝမ်းနည်းစရာ မရှိတော့ချေ။
စွန်းရှန်းသည် လက်သီးဆုပ် အရိုအသေပေးလိုက်၏။ "အရှင်မင်းကြီး... ပြည်သူ့စားဝတ်နေရေးနဲ့ သက်ဆိုင်နေတာပါ၊ အချိန်ဆွဲနေလို့ မဖြစ်ပါဘူး။ အမှားအယွင်းကို သက်သေပြနိုင်ပြီးပြီ ဆိုမှတော့ လမ်းမှား ရောက်နေတာကို သိရှိပြီး အမြန်ဆုံး လမ်းမှန်ဆီ ပြန်တာကမှ အကောင်းဆုံး မဟာဗျူဟာပါ"
"မင်းက ကိုယ်တော့်ကို လမ်းမှားကနေ ပြန်လာစေချင်တာလား" ကျင်းဘုရင်မင်းမြတ်က မေးလိုက်သည်။
စွန်းရှန်းသည် သတ္တိမွေး၍ ပြောလိုက်၏။
"မှန်ပါတယ်... ဒါပေမဲ့ ကျွန်တော်မျိုးက သစ္စာရှိရှိ တိုင်းပြည်ကို ကျေးဇူးဆပ်ချင်တာပါ၊ ရင်ထဲက ရှိတာကို တည့်တည့်မတ်မတ် ထုတ်ပြောတာပါ။ တိုင်းပြည်အုပ်ချုပ်ရေး လမ်းမှားဆီ ရောက်သွားမှာကို မကြည့်ရက်လို့ပါ။ အရှင်မင်းကြီး နားလည်ပေးတော်မူပါ..."
‘သစ္စာရှိရှိ တိုင်းပြည်ကို ကျေးဇူးဆပ်ချင်တယ်၊ ရင်ထဲက ရှိတာကို တည့်တည့်မတ်မတ် ထုတ်ပြောတာလား။’
ကျင်းဘုရင်မင်းမြတ်၏ လည်ပင်းသားများ တဖြည်းဖြည်း နီရဲလာပြီး စွန်းရှန်းအား လက် ဝှေ့ယမ်းပြလိုက်သည်။
"ရှင်းကျန်းခရိုင်မှာ တွေ့ကြုံခဲ့ရတာတွေကို ကိုယ်တော် လုံလောက်အောင် သိရှိပြီးသွားပြီ၊ အရာရှိမင်းတွေက မင်းကို ချီးကျူးစကားတွေ အများကြီး ဆိုကြတယ်။ လာ... မင်း ရှေ့ကို တိုးလာခဲ့စမ်း"
ဆုပေးတော့မှာလား။
စွန်းရှန်း၏ စိတ်နှလုံးများ မြန်ဆန်စွာ ခုန်ပေါက်လာပြီး ရှေ့သို့ တိုးသွားကာ ခေါင်းမော့၍ ကျင်းဘုရင်မင်းမြတ် အား လှမ်းကြည့်လိုက်၏။
ခြေလှမ်းများ မရပ်တန့်ရသေးခင်မှာပင် ရုတ်တရက် အပြောင်းအလဲ ကြီးကြီးမားမား ပေါ်ပေါက်လာခဲ့သည်။
ကျင်းဘုရင်မင်းမြတ်၏ ညာဘက်လက်က အမြင့်သို့ မြှောက်တက်သွားပြီး အားရပါးရ ရိုက်ချလိုက်သည်ကို မြင်တွေ့လိုက်ရ၏။
"ဖြန်း"
စွန်းရှန်း၏ မျက်လုံးထဲတွင် ရွှေကြယ်လေးများ လွင့်ပျံသွားပြီး ချက်ချင်း လွင့်မျောသွားကာ မြေပေါ်သို့ ဘုန်းကနဲ ပြုတ်ကျသွားတော့သည်။
ဤတစ်ချက်က အားပါလွန်းရာ စွန်းရှန်း၏ ပါးစပ်နှင့် နှာခေါင်းမှ သွေးများ စိမ့်ထွက်လာပြီး ဦးနှောက်ထဲ၌ တဝီဝီ မြည်ဟည်းသွား၏။
အမတ်များအားလုံးသည်လည်း အကြီးအကျယ် အံ့အားသင့်သွားကြသည်။