အခန်း ၃၄၀
Vol. 34 Ch. 340
အခန်း (၃၄၀) အကိုင်းသုံးခက်၊ အရွက်ကိုးရွက် ကျောက်ကပ်အားတိုးမြက်
"မင်းက တကယ့်ကို သစ္စာရှိပြီး ဖြောင့်မတ်တဲ့ လူငယ်လေးပဲ... တောကြောင်ရိုင်းကိုတောင် ဒီလောက်အလေးထား ဆက်ဆံနိုင်တာကို ကြည့်ရင် အဘိုးကျန်းတစ်ယောက် မှားယွင်းပြီး မတွေးမိခဲ့ဘူးဆိုတာ သိသာလှပြီ..."
အဘိုးကျန်းသည် ချီးကျူးစကားဆိုရင်း လီလန်၏ ပခုံးကို သူ၏ လက်ဖဝါးကြီးဖြင့် ပုတ်လိုက်၏။ စကားဆုံးသည်နှင့် တစ်ပြိုင်နက် အဘိုးအိုသည် ကျန်းဝေ့ကော်နှင့် ကျောက်လျူတို့ဘက်သို့ လှည့်ကာ...
"ဝေ့ကော်... မင်းနဲ့ ကျောက်လျူတို့ ပြန်တော့..."
"ဗျာ..."
ကျန်းဝေ့ကော်မှာ အံ့ဩတကြီး ဖြစ်သွား၏။
*သူတို့ တောင်ပေါ်ကို အတူတူ လိုက်သွားဖို့ မဟုတ်ဘူးလား... ဘာကြောင့် သူ့ကို ကျန်နေခဲ့ခိုင်းရတာလဲ…*
"အဘိုး... ကျွန်တော်လည်း လိုက်ချင်တယ်..."
"ဒီကောင်စုတ်... မင်းက ငါတို့ကျန်းမိသားစုမှာ တစ်ဦးတည်းသော မျိုးဆက်ပဲ... မင်းသာ တစ်ခုခု ဖြစ်သွားရင် မင်းအဖေကို ငါ ဘယ်လို မျက်နှာပြရမလဲ..."
"အဘိုးရယ်..."
ကျန်းဝေ့ကော်သည် စိတ်မကောင်းဖြစ်သွားကာ မျက်နှာပျက်ယောင်းသွား၏။ အဘိုးဖြစ်သူက မျက်လုံးကို မှေး၍ ပြုံးလိုက်ပြီး..
"လိုက်ချင်ရင် ရတယ်... ဒါပေမဲ့ မင်းသာ ကျင်းလေးရာရှိတဲ့ တောဝက်တစ်ကောင်ကို အမဲလိုက်နိုင်ရင် ငါ ခွင့်ပြုပေးမယ်... မင်းရဲ့ အစ်ကိုလီလန်ဆိုရင် ကျင်းခြောက်ရာရှိတဲ့ တောဝက်အိုကြီးကိုတောင် အမဲလိုက်နိုင်သေးတာပဲ... ကျင်းလေးရာဆိုတာ လိုအပ်ချက် များနေလို့လား..."
ကျန်းဝေ့ကော်သည် စကားမပြောနိုင်တော့ဘဲ ငြိမ်ကျသွား၏။ သူသည် လီလန်ကို အကူအညီတောင်းသည့် ပုံစံဖြင့် ငေးကြည့်လိုက်သော်လည်း လီလန်မှာ လက်ကို မြှောက်ကာသာ ပြလိုက်၏။ အဘိုးကြီးက ဆုံးဖြတ်ပြီးပြီ ဖြစ်သည့်အတွက် လီလန်မှာလည်း ဘာမှ တတ်နိုင်မည်မဟုတ်ပေ။
"ကျောက်လျူ... ဒီတစ်ခေါက် တောင်တက်တာက အန္တရာယ်များတယ်... မင်းလည်း ပြန်တော့... အိမ်မှာ ကြက်တွေကို အစာကျွေးဖို့ မေ့နဲ့ဦး..."
အဘိုးကျောက်ထျဲ့ကျွင်းကလည်း သူ၏ မြေးဖြစ်သူ ကျောက်လျူကို မှာကြားလိုက်၏။ ကျောက်လျူမှာ အဘိုးစကားကို နားထောင်သူ ဖြစ်သည့်အတွက် ခေါင်းညိတ်ကာ လှည့်ပြန်သွား၏။ သူသည် နောက်ကို တစ်ချက်မျှ ပြန်မကြည့်တော့ဘဲ သူ၏ သေနတ်ကို ကိုင်ကာ တောင်အောက်သို့ ဆင်းသွားလေပြီ။ ကျန်းဝေ့ကော်လည်း သက်ပြင်းချကာ ခေါင်းငိုက်စိုက်ဖြင့် ကျောက်လျူနောက်မှ တွဲလောင်းကျစွာ လိုက်သွားတော့၏။
လီလန်သည် သူတို့နှစ်ယောက်ကိုကြည့်ရင်း အတွင်းစိတ်ထဲမှ ခေါင်းခါလိုက်၏။ အဖွဲ့ခေါင်းဆောင်ကျန်းနှင့် ကျောက်ထျဲ့ကျွင်းတို့ အဘိုးအိုနှစ်ဦးမှာ မြေးဖြစ်သူတို့ကို အလွန်အမင်း ချစ်မြတ်နိုးကာ ဘေးအန္တရာယ်မှ ကင်းဝေးစေချင်ကြသည်မှာ အမှန်ပင်။
သို့သော်လည်း အိမ်တွင်းပန်းပင်များမှာ လေပြင်းနှင့် မိုးစက်ကို ခံနိုင်ရည် မရှိတတ်ကြပေ။ အလွန်အကျွံ ချစ်မြတ်နိုးခြင်းကသာ ဘာမှ လုပ်ကိုင်စားသောက်တတ်ခြင်းမရှိသည့် ငကြောက်များကိုသာ မွေးထုတ်ပေးတတ်ကြ၏။
ဒုက္ခကို ခံနိုင်ရည်ရှိသည့် အချိန်တွင် ခံနိုင်ရည် ရှိရမည်သာဖြစ်၏။ ခါးသီးသော ဒုက္ခများကို ကျော်ဖြတ်မှသာ လူထက် လူသာနိုင်မည် ဖြစ်သည်။ ကြာပန်းပွင့်တို့သည် အေးစက်သော ဆောင်းရာသီကို ဖြတ်ကျော်မှသာ မွှေးပျံ့လာနိုင်သလို ဓားသွားကောင်း တစ်ချောင်းသည်လည်း အချိန်ကြာမြင့်စွာ သွေးခြင်းဖြင့်သာ ထက်မြက်လာနိုင်၏။ သို့သော်လည်း ဤအရာမှာ အဘိုးအိုနှစ်ဦး၏ ဆုံးဖြတ်ချက်သာဖြစ်ပြီး လီလန်မှာ ပြင်ပလူ ဖြစ်သည့်အတွက် ဝင်ရောက်စွက်ဖက်ရန် မသင့်တော်ပေ။
"လီကလေး... မင်း ငါတို့ကို ရယ်နေမှာပေါ့... ဝေ့ကော်က ငယ်သေးတာပါ... ဝက်ဝံနက်တောင်ကို သွားတာက အန္တရာယ်များလွန်းလို့ အဘိုးအိုဖြစ်တဲ့ ငါပဲ လိုက်သွားပါ့မယ်..."
ကျန်းတာပေါင်က ရှက်ရွံ့စွာ ပြုံးရင်း ပြောလိုက်၏။ သူလည်း မြေးကို အလွန်အကျွံ ချစ်လွန်းခြင်းမှာ မကောင်းကြောင်း သိသော်လည်း မြေးဖြစ်သူက တစ်ဦးတည်းသာ ရှိသည် မဟုတ်ပါလော။ ပုံမှန်ဆိုလျှင် ဆူငေါက်ခြင်း သို့မဟုတ် ရိုက်နှက်ခြင်းတို့ကို လုပ်နိုင်သော်လည်း အရေးကြီးသည့် အချိန်တွင် သူက ရှေ့ထွက်၍ ကာကွယ်ပေးရမည်သာဖြစ်၏။
"အဘိုးကျန်းရယ်... မပြောပါနဲ့..."
လီလန်သည် လက်ကို မြန်မြန် လှုပ်ရှားကာ တားလိုက်၏။ ထိုအချိန်တွင် ရှေ့ဘက်မှ ကျယ်လောင်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာ၏။ တောကြောင်ရိုင်းအမမှာ လီလန်တို့ အုပ်စုကို စောင့်ရသည်မှာ စိတ်မရှည် ဖြစ်လာဟန်တူ၏။
"အဘိုးကျန်း... အဘိုးကျောက်... မြန်မြန် လိုက်သွားကြစို့..."
လီလန်သည် အမဲလိုက်ခွေးနှစ်ကောင်ဖြစ်သော ဟေးလုံနှင့် ပိုင်လုံတို့ကို ဦးဆောင်ကာ တောကြောင်ရိုင်းအမဆီသို့ လျင်မြန်စွာ လျှောက်သွားလိုက်၏။ ကျန်းတာပေါင်နှင့် ကျောက်ထျဲ့ကျွင်းတို့လည်း တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အမြန်ပင် လိုက်သွားကြ၏။ အဘိုးအိုနှစ်ဦးမှာ အသက်ခြောက်ဆယ် ကျော်နေပြီ ဖြစ်သော်လည်း ခြေထောက်တို့မှာ အလွန် သန်မာကြ၏။ သူတို့သည် တစ်နာရီမျှပင် မနားဘဲ တက်လာသော်လည်း အမောတောင် မဖောက်ကြသေးပေ။ ထိုအရာက လီလန်ကို အံ့ဩစေ၏။
မကြာမီတွင် နောက်ထပ် တစ်နာရီခန့် တက်လိုက်ကြပြန်၏။
"အိုး... အိုမင်းခြင်းကိုတော့ ဘယ်သူမှ မလွန်ဆန်နိုင်ပါဘူး..."
ကျန်းတာပေါင်သည် နားရန် နေရာရှာလိုက်၏။ တောင်ပေါ်လမ်းတွင် တစ်နာရီခန့် လမ်းလျှောက်ခြင်းမှာ သူ၏ အစွမ်းအစပင်ဖြစ်၏။ ကျောက်ထျဲ့ကျွင်းလည်း ထိုနည်းလည်းကောင်းပင်ဖြစ်ပြီး ဘေးတွင် ရပ်ကာ သေနတ်ကို မှီ၍ အမောတကြီး အသက်ရှူနေ၏။
"ဒါဆိုရင် ခဏလောက် နားကြစို့..."
လီလန်ကမူ ပုံမှန်အတိုင်းပင် တည်ငြိမ်နေပြီး အသက်ရှူနှုန်းမှာလည်း မပြောင်းလဲပေ။ သူသည် တောကြောင်ရိုင်းအမကို နှုတ်ဆက်လိုက်ရာ ထိုတိရစ္ဆာန်မှာလည်း ရပ်တန့်၍ နားနေလိုက်၏။
"လူငယ်တွေရဲ့ ခြေထောက်ကမှ တကယ်သန်မာပြီး ခံနိုင်ရည် ရှိကြတာပဲ..."
ကျန်းတာပေါင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ လီလန်မှာ ပြုံးရုံသာ ပြုံးနိုင်ပြီး သူ၏ မျက်လုံးတို့ကမူ ဟေးရှားကျိတောင်၏ ပတ်ဝန်းကျင်ကို အကဲခတ်လျက်ရှိ၏။ သားရဲတိရစ္ဆာန်များ၏ ရုတ်တရက် တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် ဖြစ်၏။
"ဟင်..."
ထိုအချိန်တွင် လီလန်၏ မျက်လုံးတို့မှာ ကျဉ်းမြောင်းသွား၏။
"ကျောက်ကပ်အားတိုးမြက်..."
လီလန်၏ မျက်လုံးတို့မှာ တောက်ပလာပြီး သူ၏ ဘယ်ဘက်ရှိ အစိမ်းရောင် အပင်တစ်ခုဆီသို့ အမြန် လျှောက်သွားလိုက်၏။ ထိုအပင်မှာ အကိုင်းအခက် သုံးခုပါရှိပြီး တစ်ခုစီတွင် အရွက်သုံးရွက်စီရှိ၏။ ကြီးမား၍ ချွန်ထက်ကာ အစွန်းများတွင် ဆူးငယ်လေးများပါရှိပြီး အကြောများမှာ ထင်ရှားစွာ မြင်နေရ၏။
လီလန် အပင်တစ်ခုဆီသို့ လျှောက်သွားသည်ကို မြင်သောအခါ ကျန်းတာပေါင်နှင့် ကျောက်ထျဲ့ကျွင်းတို့က သူ့ကို ကြည့်လိုက်၏။ အပင်၏ ပုံစံကို ရှင်းလင်းစွာ မြင်လိုက်ရသည့်အခါ ကျန်းတာပေါင်က တခစ်ခစ် ရယ်လိုက်၏။
"မင်းက ကံကောင်းတဲ့ လူငယ်လေးပဲ... တကယ်ကို ရတနာတစ်ခုကို ရှာတွေ့သွားတာပဲ... လီ... မင်း ဒီအရာကို အရင်က တစ်ခါမှ မတွေ့ဖူးဘူး မဟုတ်လား..."
အဘိုးကျန်းက ပြုံး၍ စနောက်လိုက်၏။
"ဟုတ်ကဲ့..."
လီလန်က ခေါင်းခါလိုက်၏။ သူသည် ထိုသို့ ပြုလုပ်ခြင်းမှာ ရည်ရွယ်ချက်ရှိရှိပင် ဖြစ်၏။ သူသည် "တရုတ်တိုင်းရင်းဆေးဆရာ" အလုပ်အကိုင် ကတ်ပြားကို စုပ်ယူပြီး ဆေးပညာ အတွေ့အကြုံများစွာ ရှိသော ဆရာသခင် ဖြစ်လာပြီးပြီ ဖြစ်သည့်အတွက် သူ့ရှေ့မှ ဆေးမြစ်ကို မသိဘဲ ရှိနိုင်မည်နည်း။ ကြည့်စရာပင် မလိုဘဲ အနံ့ခံရုံဖြင့်ပင် ဤအရာမှာ ကျောက်ကပ်အားတိုးမြက် (Epimedium) ဖြစ်ကြောင်း သူ သိရှိပြီး ဖြစ်၏။ လီလန် မသိဟု ထင်သည့်အတွက် အဘိုးကျန်းက ပြုံး၍ ရှင်းပြလိုက်၏။
"ဒီအရာကို ကျောက်ကပ်အားတိုးမြက်လို့ ခေါ်တယ်... ဒါက တရုတ်ဆေးမြစ်တစ်ခုပဲ... ဒီအရာကို ဆိတ်အဆီနဲ့ ကြော်ပြီး ရေနဲ့ စိမ်သောက်မယ်ဆိုရင် တစ်ညလုံး အော်ဟစ်နေရမယ်လို့ ငါ အာမခံတယ်... ဒီအရာကို သောက်ရင် ကုတင်တွေတောင် ကျိုးပဲ့သွားလိမ့်မယ်... မင်းရဲ့ မိန်းမတောင် ခံနိုင်မှာ မဟုတ်ဘူး..."
အဘိုးကျန်းက လီလန်ကို ပြုံး၍ ကြည့်လိုက်၏။
"ဒါပေမဲ့ လီ... မင်းက ငယ်သေးပြီး ခန္ဓာကိုယ်လည်း သန်မာတဲ့အတွက် ဒီအရာကို မလိုသေးပါဘူး... မင်းအတွက် မလိုပေမဲ့ စုဆောင်းပြီး ငွေရအောင် ရောင်းလို့ ရပါတယ်... ဒီအရာကို လာဝယ်တဲ့ အထူးပြု ဆေးမြစ်ကုန်သည်တွေ ရှိပါတယ်..."
ကျောက်ကပ်အားတိုးမြက်မှာ ကျောက်ကပ်ကို အားဖြည့်ကာ အစွမ်းသတ္တိကို မြှင့်တင်ပေးပြီး အရိုးနှင့် ကြွက်သားများကို သန်မာစေကာ လေထု၏ စိုစွတ်မှုကို ဖယ်ရှားပေး၏။ လီလန်သည် ကျန်းချင်းလုံ၏ ဆေးမြစ်စာရင်းတွင် ဤဆေးမြစ် ပါဝင်ကြောင်းကို မှတ်မိနေ၏။
"အဘိုးကျန်း ပြောတဲ့ ဆေးမြစ်ကုန်သည်က ချင်းလုံဂိုဏ်းက ဖြစ်ဖို့ များတယ်..."
ချင်းလုံဂိုဏ်းမှာ ပိုင်ရှန်းမြို့နယ်၏ ဒေသခံ အာဏာပိုင် ဖြစ်ပြီး ဤဒေသ၏ ဆေးမြစ်စီးပွားရေးကို လက်ဝါးကြီးအုပ်ထား၏။ ထို့ကြောင့် ရွှမ်းရွှေရွာသို့ လာရောက် ဝယ်ယူသူများမှာ ချင်းလုံဂိုဏ်းမှသာ ဖြစ်ရပေမည်။ အမှားအယွင်း မရှိနိုင်ပါ...
"ကျွန်တော် ယူလိုက်မယ်..."
လီလန်သည် ထိုင်ချလိုက်ပြီး ထိုကျောက်ကပ်အားတိုးမြက် အပင်ကို အမြစ်ပါမကျန် တူးဖော်လိုက်၏။ ဤတရုတ်ဆေးမြစ်၏ အရွက်နှင့် ပင်စည်တို့မှာ ဆေးအဖြစ် အသုံးပြုနိုင်ပြီး တစ်ကိုယ်လုံးမှာ ရတနာပင် ဖြစ်၏။
"နောက်ထပ် ရှိသေးမလား မသိဘူး..."
ဤကျောက်ကပ်အားတိုးမြက်ကို သိမ်းလိုက်ပြီးနောက် လီလန်သည် ပတ်ဝန်းကျင်ကို ရှာဖွေလိုက်ရာ နောက်ထပ် ခုနစ်ပင် ရှစ်ပင်ခန့်ကို ထပ်မံ တွေ့ရှိလိုက်၏။ သူသည် ချက်ချင်းပင် ဝမ်းသာသွားကာ ထိုအပင်များကို အမြစ်ပါမကျန် အမြန် တူးဖော်လိုက်၏။ ဆေးမြစ်တူးခြင်းမှာ မခက်ခဲပေ။ တောင်တက်ရာတွင် ပေါက်တူး မယူလာသော်လည်း လီလန်သည် အမဲလိုက်ဓားကို ယူဆောင်လာသည့်အတွက် ထိုဓားကို ပေါက်တူးသဖွယ် အသုံးပြုကာ တူးဖော်လိုက်၏။
"အို... ကျောက်ကပ်အားတိုးမြက်က ဒီလောက်တောင် များနေတာလား... မင်း ကံကောင်းလိုက်တာ လူငယ်လေးရယ်..."
လီလန် တူးဖော်နေသည်ကို မြင်သောအခါ အဘိုး ကျောက်ထျဲ့ကျွင်းက အော်ပြောလိုက်၏။ သူလည်း စိတ်လှုပ်ရှားကာ ပတ်ဝန်းကျင်ကို မျက်လုံးကစား၍ ကျန်ရှိနေသော ဆေးမြစ်များကို ရှာဖွေလိုက်သော်လည်း ဘာမှ မတွေ့ရှိရတော့ပေ။ ဤတောအုပ်ရှိ ကျောက်ကပ်အားတိုးမြက် အားလုံးကို လီလန်က တူးဖော်ပြီး ဖြစ်၏။
"အို... လူငယ်လေးရယ်... ဘာလို့ အကုန် တူးလိုက်တာလဲ... အဘိုးကျောက်အတွက် မချန်ပေးခဲ့ဘူးနော်..."
လီလန်က ပြုံး၍ ပြောလိုက်၏။
"ဒီတရုတ်ဆေးမြစ်တွေက အကုန် ငွေတွေပါပဲ အဘိုးရယ်... လက်နှေးရင် ဘာမှ ရမှာ မဟုတ်ဘူး…”