← Chapters

အခန်း ၈၂၇

Vol. 56 Ch. 827

အခန်း ၈၂၇

Vol. 56 Ch. 827

အခန်း (၈၂၇) - မိစ္ဆာ အရှင်သခင်ကြီး၊ မိစ္ဆာမျိုးနွယ်စု၏ ဝင်ရောက်တိုက်ခိုက်မှု (အပိုင်း - ၂)

ဤအချက်ကပင် သေးငယ်သော ရန်ငြိုးလေးတစ်ခုကိုတောင် လက်စားချေတတ်သည့် စုယွီ၏ ရပ်တည်ချက်ကို ပြသနေသည်။ သို့သော် သူသည် အကြောင်းမဲ့ သတ်ဖြတ်ခြင်းမျိုးကိုမူ မပြုလုပ်တတ်ချေ။ တကယ်တမ်းဆိုရလျှင် လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း သူ လှုပ်ရှားခဲ့သည်မှာ ခပ်ရှားရှားပင်။

သို့ဖြစ်သော်ငြားလည်း တစ်ကြိမ်တစ်ခါ ရန်စခံရပြီဆိုလျှင်တော့ ထိုက်တန်သော တန်ဖိုးတစ်ခုကို ပြန်လည်ပေးဆပ်ရမည့် နေ့တစ်နေ့ ရောက်လာမည်သာ ဖြစ်၏။

ထျန်းလန် မှော်လက်နက် ခန်းမဆောင်မှ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး ဟူရှောက်နှင့် ပတ်သက်၍မူ သူတို့နှစ်ယောက်သည် တစ်ခါမျှပင် မဆုံဖူးခဲ့သလို မည်သည့် ကတောက်ကဆမျိုးမှလည်း မရှိခဲ့ပေ။

သို့သော် သူတို့နှစ်ဦးစလုံး ချီသန့်စင်အိုး၏ အပိုင်းအစများကို အသီးသီး ရရှိခဲ့သည့် အချိန်ကစ၍ သူတို့၏ ကံကြမ္မာမှာ အဆုံးအဖြတ် ပေးခံလိုက်ရပြီ ဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်ကတော့ မလွဲမသွေ ကျဆုံးရမည်ပင်။

ဤသည်က ကျင့်ကြံခြင်း ကမ္ဘာ၏ နိယာမတစ်ခုပင် ဖြစ်တော့သည်။

ထို့ကြောင့် စုယွီက ကုန်းစွန်းဟုန်ရှန်းအား မျှားခေါ်ရန် ဦးဆောင် လှုပ်ရှားခဲ့၏။ ဟူရှောင်က ကုန်းစွန်းဟုန်ရှန်းအပေါ် လက်စွမ်းပြပြီးချိန်တွင် ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး ဟူရှောင်ကို အဆုံးသတ်ပေးလိုက်ပြီး အပိုင်းအစကို လုယူခဲ့ခြင်း ဖြစ်သည်။

သူက ရတနာကို ရယူခဲ့ပြီး အခြေအနေအားလုံးထဲမှ အလွယ်တကူ ရုန်းထွက်သွားခဲ့လေသည်။

ကုန်းစွန်း မိသားစုနှင့် ထျန်းလန် မှော်လက်နက် ခန်းမဆောင်တို့ ဘာဆက်ဖြစ်မလဲ ဆိုသည်ကမူ... သူ၏ စဉ်းစားတွေးတောမှု နယ်ပယ်ထဲတွင် မရှိတော့ပေ။

ဤကဲ့သို့သော ရလဒ်မျိုးက ဟူရှောင် သူ၏နောက်သို့ ခြေရာခံလိုက်လာပြီးမှ အမြဲတမ်း ခံစစ်အနေအထားဖြင့် တုံ့ပြန်နေရမည့် အခြေအနေထက်တော့ အသေအချာကို ပိုကောင်းနေသည်။

လူတစ်ယောက်က အခြားသူများ၏ အကွက်ချ ကြံစည်မှုကို အမြဲတမ်း ခံနေရပြီး ခံစစ်အနေအထားဖြင့်သာ သည်းခံ တုံ့ပြန်နေလို့ မရဘူး မဟုတ်ပါလား။

ထျန်းလန် မှော်လက်နက် ခန်းမဆောင်နှင့် ကုန်းစွန်း မိသားစုတို့ကြားမှ ပြဿနာများကို မည်သို့ ဖြေရှင်းလိုက်သည် ဆိုခြင်းအား စုယွီ ဂရုမစိုက်ခဲ့ပေ။ သူသိသည်မှာ ထိုနေ့ညက ကုန်းစွန်း မိသားစုမှ အရှင်သခင်ကြီး တစ်ပါးက ဒေါသတကြီး ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ချန်ကု အင်မော်တယ်မြို့တော် ဆင်ခြေဖုံးရှိ ထျန်းလန် မှော်လက်နက် ခန်းမဆောင်၏ အခြေစိုက်စခန်းဆိုင်ကို ဖျက်ဆီးပစ်ခဲ့ကြောင်း သာ ဖြစ်သည်။

သို့သော် ထိုအခြေစိုက်စခန်းကို ထျန်းလန် မှော်လက်နက် ခန်းမဆောင်မှ လဝက်ပင် မကြာသော အချိန်အတွင်း ပြန်လည် တည်ဆောက်ခဲ့ပြီးနောက် ကုန်းစွန်း မိသားစုထံမှ မည်သည့် လှုပ်ရှားမှုကိုမျှ မကြားရတော့ပေ။

သို့သော်လည်း စုယွီ ချန်ကု အင်မော်တယ်မြို့တော်တွင် ရှိနေစဉ် ကုန်းစွန်း မိသားစုမှ မျိုးဆက်သစ် လူငယ်အချို့ အပြင်ထွက် ခရီးသွားလာကြရာ၌ လန်ကူ ကျင့်ကြံခြင်း ကမ္ဘာ မှ လူများ၊ အထူးသဖြင့် ထျန်းလန် မှော်လက်နက် ခန်းမဆောင်မှ လူများနှင့် မကြာခဏ ပြဿနာတက်ကြကြောင်းကို ရံဖန်ရံခါ ကြားသိနေရလေသည်။

ကုန်းစွန်း မိသားစုနှင့် လန်ကူ ကျင့်ကြံခြင်း ကမ္ဘာမှ လူများကြား ပြင်ပတွင် ပွတ်တိုက်မှု ဖြစ်နိုင်ခြေမှာ သိသိသာသာကို မြင့်တက်လာခဲ့၏။

တာအိုဆရာ ရှုဟိုင်သည် တစ်ချိန်က လန်ကူ ကျင့်ကြံခြင်း ကမ္ဘာသို့ လေ့ကျင့်ရန် သွားရောက်ခဲ့ဖူးပြီး ထိုနေရာရှိ ကျင့်ကြံသူများ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရကာ သေလုနီးပါး ဖြစ်ခဲ့ရသည်။ သူ ပြန်ရောက်လာချိန်တွင် ထိုနေရာရှိ လူများသည် အလွန်တရာ ဒေါသကြီးကြပြီး ပေါင်းသင်းဆက်ဆံရန် ခက်ခဲကြောင်း မှတ်ချက်ပြုခဲ့ဖူး၏။

ယခုအခါ ချန်ကု အင်မော်တယ်မြို့တော် အပြင်ဘက်၌ ကုန်းစွန်း မိသားစုကို ထျန်းလန် မှော်လက်နက် ခန်းမဆောင်မှ လူများက အကြိမ်ကြိမ် ပြဿနာရှာနေကြသည်ကို တွေ့ရသဖြင့် လန်ကူ ကျင့်ကြံခြင်း ကမ္ဘာမှ လူများ၏ အလွန် ဒေါသကြီးတတ်သော သဘာဝကို စုယွီ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရတော့သည်။

ကုန်းစွန်းဟုန်ရှန်း ကျဆုံးသွားပြီးနောက် လင်းလုံ အဆောင်လက်ဖွဲ့စံအိမ်သည်လည်း မေ့လျော့ခံလိုက်ရသည့်အလား ပျောက်ကွယ်သွားခဲ့သည်။

ကုန်းစွန်း မိသားစုထံမှ မည်သူတစ်ဦးတစ်ယောက်မျှ ပြန်လည် ဦးဆောင်ရန် ရောက်မလာတော့ပေ။

ရှေးဟောင်း ဝိညာဉ်အပျက်အစီး နယ်မြေ ပြိုင်ပွဲအပြီး (၇) နှစ်မြောက်နှစ်တွင် ဖြစ်သည်။ စုယွီ သူ၏ ဂူစံအိမ်အတွင်း၌ တံခါးပိတ် ကျင့်ကြံနေစဉ် သူ၏ မျက်ခုံးများ ရုတ်တရက် တွန့်ကွေးသွားခဲ့၏။ သူ၏ ပတ်ဝန်းကျင်တွင် စုစည်းနေသော သဘာဝ၏ သိပ်သည်းလှသည့် ဝိညာဉ်စွမ်းအင်များ ဖြည်းညင်းစွာ ပစ်လွင့်ထွက်သွားပြီး တည်ငြိမ်သွားချိန်တွင် သူ၏ ကျင့်စဉ် လည်ပတ်မှုကို ရပ်တန့်လိုက်လေသည်။

သူ၏ လက်တစ်ချက် လှုပ်ရှားလိုက်သည်နှင့် ကုန်သွယ်ရေး တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။ သူ၏ နတ်ဘုရားအာရုံဖြင့် အတွင်းသို့ စူးစမ်းလိုက်ချိန်တွင် ရိုသေလေးစားမှု အပြည့်ပါသော အသံတစ်သံက အောက်ပါ သတင်းစကားကို ပေးပို့လာတော့၏။

"စီနီယာ အရိပ်နီ... နောက်ထပ် (၇) ရက်နေရင် ထျန်းပေါင် ဈေးကွက်မှာ လေလံပွဲတစ်ခု ကျင်းပမှာပါ... စီနီယာ ရှာဖွေနေတဲ့ အဆင့် (၅) အဆင့်နိမ့် မီးသဘာဝ မိစ္ဆာအမြုတေကို အဲဒီမှာ ရနိုင်ပါလိမ့်မယ်... စီနီယာများ ပါဝင်ဖို့ စိတ်ဝင်စားပါသလား"

တံဆိပ်ပြားကို တစ်ချက် ဝေ့ကြည့်လိုက်ရာ ၎င်းမှာ ချန်ကု အင်မော်တယ်မြို့တော် နယ်မြေအတွင်းရှိ အဓိက ကုန်သွယ်ရေး အင်အားစုကြီးတစ်ခု ဖြစ်သော ထျန်းပေါင် ကုန်သွယ်ရေးအသင်းထံမှ ဖြစ်နေသည်။

ထျန်းပေါင် ကုန်သွယ်ရေးအသင်း၏ နောက်ကွယ်တွင် ထျန်းပေါင်ဂိုဏ်း ဟုခေါ်သော အင်အားစုတစ်ခုက ကျောထောက်နောက်ခံ ပြုပေးထားခြင်း ဖြစ်၏။

ကောလဟာလများအရ ထျန်းပေါင်ဂိုဏ်းတွင် ပကတိ ဟင်းလင်းပြင် တာအိုသခင်ကြီး တစ်ပါး စံမြန်းနေပြီး ၎င်း၏ အင်အားမှာ အနီးနား ပတ်ဝန်းကျင် ဒေသများတွင် ထိပ်တန်း ဆယ်ဂိုဏ်းစာရင်းဝင်နိုင်လောက်သည်အထိ အင်အားကြီးမားသည်ဟု ဂုဏ်သတင်း ကျော်ဇော၏။

၎င်းတို့၏ အင်မော်တယ်ဂိုဏ်း နယ်မြေသည် ချန်ကု အင်မော်တယ်မြို့တော်နှင့် မိုင်ပေါင်း သောင်းချီ ကွာဝေးလေသည်။

"ပါမယ်လေ"

စုယွီက တွေဝေတုံ့ဆိုင်းမနေဘဲ ချက်ချင်းပင် သဘောတူလိုက်သည်။

အဆင့် (၅) အဆင့်နိမ့် မိစ္ဆာအမြုတေသည် တစ်ချိန်လုံး သူ၏ ရုပ်သေးအတွက် ရှာဖွေနေခဲ့ရသော အဓိက အရေးပါသည့် ပစ္စည်းတစ်ခု ဖြစ်သည်။ သတင်းအချက်အလက်က ဤမျှ မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

စုယွီ၏ မျက်နှာပေါ်တွင် ဝမ်းသာပီတိ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ ဤမိစ္ဆာအမြုတေကိုသာ ရရှိမည်ဆိုပါက အဆင့် (၅) အဆင့်နိမ့် တာအိုရုပ်သေး တစ်ရုပ် ပိုင်ဆိုင်ဖို့ဆိုသည်မှာ ဝေးကွာလွန်းသော အိပ်မက်တစ်ခု မဟုတ်တော့ပေ။

သူသည် ချန်ကု အင်မော်တယ်မြို့တော်၏ မြေပုံကို ဖြန့်ကျက်ကြည့်လိုက်သည်။

ထျန်းပေါင် ဈေးကွက် ဆိုသည်မှာ ချန်ကု အင်မော်တယ်မြို့တော် အတွင်း၌ ရှိနေခြင်း မဟုတ်ဘဲ မြို့တော်နှင့် မိုင်ပေါင်း တစ်သောင်းတစ်ထောင်ခန့် ကွာဝေးသော ဝိညာဉ်တောင်တန်း တစ်ခုပေါ်တွင် တည်ရှိနေခြင်း ဖြစ်ပြီး အနီးအနားတွင် ထျန်းပေါင် အင်မော်တယ်ဂိုဏ်းကြီးလည်း ရှိနေသည်။

အဆင့် (၅) မှော်ပစ္စည်းများ၊ အထူးသဖြင့် မိစ္ဆာအမြုတေ ကဲ့သို့သော ရတနာများသည် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများဖြင့် အရောင်းအဝယ် ပြုလုပ်ရလေ့ရှိပြီး သို့မဟုတ်ပါက တန်ဖိုးတူညီသော ရတနာများဖြင့်သာ ဖလှယ်လေ့ ရှိကြသည်။

စုယွီ သူ၏ ယွင်ချန် လက်စွပ်ကို တစ်ချက် ဝေ့ကြည့်လိုက်၏။ ၎င်းထဲတွင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး (၈၀၀၀) ကျော်နှင့် အခြားသော ပစ္စည်းများစွာ ရှိနေသေးသော်လည်း အရောင်းအဝယ် ပြုလုပ်ရန် သင့်လျော်သော တစ်ခုတည်းသော ရတနာများမှာ အဆင့် (၅) အဆင့်နိမ့် အဆောင်လက်ဖွဲ့ အနည်းငယ်သာ ရှိလေသည်။

သူသည် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားလိုက်ပြီး ထျန်းပေါင် ကုန်သွယ်ရေးအသင်းမှ ကြီးမှူးကျင်းပသော လေလံပွဲ စတင်ခါနီးအချိန်မှသာ အဆင့် (၅) အဆင့်နိမ့် မိစ္ဆာအမြုတေကို လေလံဆွဲရန် ထျန်းပေါင် ဈေးကွက်သို့ ထွက်ခွာသွားတော့သည်။

...

ထိုအခိုက်အတန့်၌...

ချန်ကု အင်မော်တယ်မြို့တော်၏ အလယ်ဗဟိုရှိ အလွန်တရာ ကြီးကျယ်ခမ်းနားလှသော အင်မော်တယ် နန်းတော်ကြီးတစ်ခု အတွင်း

လူရိပ်အချို့ စုဝေးရောက်ရှိနေကြသည်။ သူတို့၏ ပတ်ဝန်းကျင်၌ ဟင်းလင်းပြင် တစ်ခုလုံး ဖောက်ထွင်းလွှမ်းမိုးနိုင်သော အဆုံးမဲ့ အင်မော်တယ် အရှိန်အဝါကြီးများ ပြည့်နှက်နေ၏။

ရွှေရောင် ခြယ်သ ထားသော အနက်ရောင်ဝတ်ရုံ ဆင်မြန်းထားသည့် အမျိုးသားတစ်ဦးက ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလာသည်။

"မိစ္ဆာမျိုးနွယ်စုတွေ ထပ်ပြီး မငြိမ်မသက် ဖြစ်လာပြန်ပြီ...ကောင်းကင်နတ်ဘုရား

ဓားဂိုဏ်း နယ်မြေဘက်မှာ၊ အနောက်ဘက် နယ်စပ်ကနေ ဟင်းလင်းပြင် လမ်းကြောင်းတွေကို ဖြတ်ပြီး မိစ္ဆာသားရဲဒီရေလှိုင်း သုံးကြိမ်တောင် ထွက်ပေါ်လာခဲ့ပြီ"

"ပင်လယ်ဒေသ ဘက်မှာ ဆိုရင်လည်း ရွှမ်လိပ် ပင်လယ်မျိုးနွယ်စု တစ်ခုတည်း လှုပ်ရှားနေတာ မဟုတ်ဘူး... ချောက်နက်ငါးမန်း မျိုးနွယ်စု၊ ဝိညာဉ်မျို မြွေတစ္ဆေ မျိုးနွယ်စုနဲ့ အိုးလင် နဂါးနန်းတော် ဆီကနေပါ လှုပ်ခတ်မှုတွေ ရှိနေတယ်... အိုးလင် ပင်လယ်ဒေသက အင်မော်တယ် ဂိုဏ်းကြီးအချို့ကတောင် ဘာတွေ ဖြစ်ပျက်နေလဲဆိုတာ ငါတို့ဆီ ဆက်သွယ်ပြီး မေးမြန်းနေကြပြီ"

သူက ဆက်လက် ပြောဆိုလိုက်၏။

"လက်ရှိ အခြေအနေအရ ကြည့်ရမယ်ဆိုရင်တော့၊ တာ့ယန် အင်မော်တယ် မင်းဆက် နဲ့ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ နှစ်ခုစလုံးရဲ့ နယ်မြေတွေမှာ မိစ္ဆာ ဒီရေလှိုင်းတွေ ပေါက်ကွဲ ထွက်လာဖို့ သိပ်မလိုတော့ဘူး"

သူက ကောက်ချက်ချလိုက်သည်။

အခြား အမျိုးသားတစ်ဦးက မျက်မှောင်ကြုတ်လျက် ဝင်ပြောလာသည်။

"မိစ္ဆာမျိုးနွယ်စုတွေထဲက လုံမင် မျိုးနွယ်စုက ရှေးဟောင်း ဝိညာဉ် အပျက်အစီး နယ်မြေထဲမှာ ငါတို့ လူသားမျိုးနွယ်စုက ပါရမီရှင်တွေကို ဝိုင်းဝန်း ချေမှုန်းဖို့ ရည်ရွယ်ထားရုံတင် မကဘူး... ဒီ ပင်လယ်မျိုးနွယ်စု ကိစ္စကို အခွင့်ကောင်းယူပြီး ချန်းကျိုး နယ်မြေမှာ ငါတို့ လူသားမျိုးနွယ်စုနဲ့ တိုက်ရိုက် ရင်ဆိုင်တိုက်ခိုက်ချင်နေပုံ ရတယ်"

ထိုသတင်းကို ကြားရသော် အခြား အမျိုးသားတစ်ဦးက စုံစမ်းမေးမြန်းလိုက်၏။

"ရွှမ်ဟွမ် ရှေးဟောင်းနယ်မြေ ဘက်ကကော ဘယ်လိုရှိလဲ"

ရွှေရောင် ဇာခြယ်ထားသော အနက်ရောင်ဝတ်ရုံနှင့် အမျိုးသားက လှောင်ပြောင်လိုက်သည်။

"ဘာပြောစရာ ရှိသေးလို့လဲ... ဘိုးဘေးကြီး ပျောက်ကွယ်သွားကတည်းက ရွှမ်ဟွမ် ရှေးဟောင်းနယ်မြေက ငါတို့ ချန်ကု အင်မော်တယ်မြို့တော်ကို ဘယ်တုန်းကများ ဂရုစိုက်ခဲ့ဖူးလို့လဲ"

"အင်မော်တယ် အပျက်အစီး နယ်မြေထဲက မဟာ အင်မော်တယ်ဂိုဏ်းကြီး သုံးခုဖြစ်တဲ့ လူသားတွေရဲ့ အထွတ်အမြတ် အင်မော်တယ်ဂိုဏ်း နယ်မြေ သုံးခုက အခုဆို အင်မော်တယ်တွေရဲ့ ခြေရာတွေကိုပဲ လိုက်လံ ရှာဖွေနေကြတော့တာ"

လူအုပ်ကြီးကြားတွင် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့၏။

ထို့နောက် အနီရောင် ဝတ်ရုံ ဆင်မြန်းထားသော အမျိုးသား တစ်ဦးက အသံထွက်လာသည်။

"ချန်ကု အင်မော်တယ်မြို့တော်ရဲ့ အခြေခံအုတ်မြစ်နဲ့ဆိုရင် ဒီ သာမန် မိစ္ဆာမျိုးနွယ်စု သေးသေးမွှားမွှားလေးတွေက ခြိမ်းခြောက်မှု တစ်ခု ဖြစ်မလာနိုင်ပါဘူး... ဒီတစ်ခါ မိစ္ဆာမျိုးနွယ်စုတွေ ဘယ်လောက်အထိ အတင့်ရဲလာမလဲ ဆိုတာကို ငါတို့ စောင့်ကြည့်ကြတာပေါ့"

အချိန် သိပ်မကြာလိုက်ချေ။ ထို ပုဂ္ဂိုလ်ကြီးများသည် ထောက်လှမ်းရေး သတင်းအချက်အလက် အချို့ကို ရရှိလိုက်ကြပြီးနောက် သူတို့၏ မျက်မှောင်များ တစ်ဖန် တွန့်ကွေးသွားကြပြန်၏။

အကြောင်းမူကား…တာ့ယန် အင်မော်တယ် မင်းဆက် ၌ မိစ္ဆာဟင်းလင်းပြင် လမ်းကြောင်း ငါးခု ပွင့်လာခဲ့ပြီ ဖြစ်ကာ အဆုံးအစ မဲ့ မိစ္ဆာသားရဲ ဒီရေလှိုင်းကြီးများက အင်ပါယာတစ်ခုလုံးအပေါ်သို့ အဟုန်ပြင်းစွာ ရိုက်ခတ် ဝင်ရောက်လာခဲ့လေပြီ။

All Chapters