အခန်း ၈၂၉
Vol. 56 Ch. 829
အခန်း (၈၂၉) - မိစ္ဆာ အရှင်သခင်ကြီး၊ မိစ္ဆာမျိုးနွယ်စု၏ ဝင်ရောက်တိုက်ခိုက်မှု (အပိုင်း - ၄)
"တာအိုရောင်းရင်းတို့... ထျန်းပေါင် ကုန်သွယ်ရေးအသင်းရဲ့ လေလံပွဲကနေ ကြိုဆိုပါတယ်ခင်ဗျာ"
ဆယ့်ငါးမိနစ်ခန့် စောင့်ဆိုင်းပြီးနောက် မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး ဆယ်ပါးအောက်သာ ရောက်လာခဲ့သည်။ ထိုအချိန်တွင် ညင်သာသော အပြုံးတစ်ခုကို ဆင်မြန်းထားသည့် ရုပ်ရည်သန့်သန့် လူရွယ်တစ်ဦးက အောက်ဘက် လေလံစင်မြင့်က လာခဲ့သည့်အလား ထွက်ပေါ်လာ၏။
သူက သူ့ကိုယ်သူ လက်ရှိ ထျန်းပေါင်ဂိုဏ်း၏ ဂိုဏ်းချုပ်လေး ဖြစ်ကြောင်း မိတ်ဆက်လိုက်၏။ ကြည့်ရသည်မှာ လူရွယ်လေးဟု ထင်ရသော်လည်း အသက် ခြောက်ရာပင် မကျော်လောက်သေးဘဲ သူ၏ ကျင့်ကြံဆင့်မှာမူ မူလဝိညာဉ်အဆင့် နဝမအလွှာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
လေလံပွဲက မြန်ဆန်ချောမွေ့စွာ စတင်သွားခဲ့၏။ စုယွီသည် အဆင့် (၅) အဆင့်နိမ့် မိစ္ဆာအမြုတေ တစ်ခုကို လေလံဆွဲရာတွင် ယှဉ်ပြိုင်ခဲ့သည့်အပြင် အဆင့် (၅) အဆင့်နိမ့် ဝိညာဉ်သစ်သား တစ်ပိုင်းနှင့် အဆင့် (၅) အဆင့်နိမ့် မိစ္ဆာသားရဲ သွေးအဆီအနှစ် နှစ်ပိုင်းကိုပါ လေလံဆွဲယူခဲ့သည်။
သူ ငွေပေးချေပြီး လေလံပစ္စည်းများကို ယူဆောင်ရန် ပြင်လိုက်ချိန်တွင် မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး တစ်ပါးက သူ့ထံသို့ ရိုသေစွာ ချဉ်းကပ်လာပြီး ပြောလိုက်သည်။
"အကြီးအကဲ အရိပ်နီ... ကျွန်တော်တို့ရဲ့ ဂိုဏ်းချုပ်လေးက အကြီးအကဲကို ဖိတ်ကြားခိုင်းလိုက်လို့ပါ..."
စုယွီ အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး မေးလိုက်၏။
"ဘာကိစ္စများ ရှိလို့လဲ..."
မူလဝိညာဉ်အဆင့် အရှင်သခင်ကြီးက ခေါင်းခါပြလိုက်သည်။
"အသေးစိတ်ကိုတော့ ကျွန်တော်လည်း သေချာ မသိပါဘူး... အကြီးအကဲ ကျွန်တော်နဲ့အတူ လိုက်ခဲ့ပြီး ဂိုဏ်းချုပ်လေးကို တိုက်ရိုက် မေးမြန်းကြည့်ပါလား"
စုယွီက အတွင်းစိတ်ထဲ၌ ထိတ်လန့်သွားပြီး အနည်းငယ် သတိထားလိုက်မိသည်။
သူသည် ထျန်းပေါင်ဂိုဏ်း နှင့် မည်သည့် ပတ်သက်မှုမှ မရှိခဲ့ဘဲ ချန်ကု အင်မော်တယ်မြို့တော် တွင် အဆင့် (၅) ပစ္စည်း အချို့ကိုသာ အရောင်းအဝယ် ပြုလုပ်ခဲ့ဖူးခြင်း ဖြစ်သည်။
ထျန်းပေါင် ၏ ဂိုဏ်းချုပ်လေးက သူ့ကို ဘာကြောင့်များ တွေ့ချင်ရပါသနည်း။
အတန်ကြာ စဉ်းစားပြီးနောက် စုယွီက ပြန်ပြောလိုက်၏။
"လမ်းပြပါ..."
ထျန်းပေါင် ကုန်သွယ်ရေးအသင်း၏ တတိယထပ်ရှိ သီးသန့်အခန်း တစ်ခန်းထဲသို့ စုယွီ ရောက်ရှိသွားသည်နှင့် လေလံပွဲကို ဦးဆောင်ကျင်းပခဲ့သည့် ဂိုဏ်းချုပ်လေးက သူ့ကို တွေ့ဆုံရန် အလွန် တက်ကြွစွာဖြင့် ထွက်လာခဲ့ပြီး ပြောလိုက်သည်။
"အကြီးအကဲ အရိပ်နီ... အခုလို ရုတ်တရက် ဖိတ်ကြားလိုက်ရတဲ့အတွက် တောင်းပန်ပါတယ်... ခွင့်လွှတ်ပေးပါ..."
ထိုသူ၏ အမည်မှာ ဟွမ်ကျွင်းပေါင် ဖြစ်၏။ သူ့ကိုယ်သူ မိတ်ဆက်ပြီးနောက် စုယွီကို အတူတကွ ထိုင်ရန် နွေးထွေးစွာ ဖိတ်ခေါ်လိုက်လေသည်။
ဟွမ်ကျွင်းပေါင် က လိုရင်းကိုသာ တိုက်ရိုက် ပြောလိုက်သည်။
"အကြီးအကဲ... ထျန်းပေါင် ကုန်သွယ်ရေးအသင်းမှာ အဆင့် (၅) အဆောင်လက်ဖွဲ့တွေအတွက် ပစ္စည်းတွေကို ခင်ဗျား အကြိမ်ကြိမ် အရောင်းအဝယ် လုပ်ခဲ့တာဆိုတော့... သေချာပေါက် ခင်ဗျားက ထူးခြားတဲ့ အဆင့် (၅) အဆောင်လက်ဖွဲ့ ဆရာတစ်ယောက် ဖြစ်ရမယ်..."
"အခုလို အကြီးအကဲကို ဖိတ်ခေါ်ရတဲ့ ရည်ရွယ်ချက်က... အဆင့် (၅) အဆောင်လက်ဖွဲ့ အချို့ကို အရောင်းအဝယ် လုပ်ချင်လို့ပါ... ဒါမှမဟုတ် အကြီးအကဲကို အဆင့် (၅) အဆောင်လက်ဖွဲ့တွေ ရေးဆွဲပေးဖို့ တောင်းဆိုချင်လို့ပါ... ပစ္စည်းတွေကို ကျွန်တော်တို့ ထျန်းပေါင် ကုန်သွယ်ရေးအသင်းက ထောက်ပံ့ပေးမှာပါ... အကြီးအကဲက အသုံးပြုတဲ့ ပစ္စည်း ၃ စုံမှာ ၁ စုံစာပဲ ပြန်ပေးဖို့ လိုပါတယ်..."
"အခကြေးငွေ အတွက်ကတော့... အကြီးအကဲ ဘာပဲ တောင်းဆိုတောင်းဆို ကျွန်တော်တို့ ပေးပါ့မယ်..."
စုယွီက အတွင်းစိတ်ထဲ၌ အံ့အားသင့်သွား၏။ 'သြော်... သူတို့က ငါ့ကို အဆင့် (၅) အဆောင်လက်ဖွဲ့တွေ ရေးဆွဲပေးစေချင်တာကိုး...'
သူက အတန်ကြာအောင် စဉ်းစားနေခဲ့ပြီး ထျန်းပေါင် ကုန်သွယ်ရေးအသင်း၏ ဖိတ်ကြားချက်ကို မငြင်းပယ်ခဲ့ပေ။
သူသည် ယခုအခါ လေ့ကျင့်ရန်အတွက် အဆင့် (၅) အဆောင်လက်ဖွဲ့ ပစ္စည်း အမြောက်အမြား လိုအပ်နေပြီး သူကိုယ်တိုင်၏ အဆင့် (၅) အဆောင်လက်ဖွဲ့ သိုလှောင်မှုကိုလည်း ပြန်လည် ဖြည့်တင်းရန် လိုအပ်နေသည်။
ထို့ကြောင့် သူက အခကြေးငွေကို အဆင့် (၅) အဆင့်နိမ့် အဆောင်လက်ဖွဲ့ ပစ္စည်းများဖြင့် အစားထိုးပေးရန် အဆိုပြုခဲ့သည်။ သူရေးဆွဲပေးမည့် အဆင့် (၅) အဆင့်နိမ့် အဆောင်လက်ဖွဲ့ တစ်စုံအတွက်၊ ထျန်းပေါင် ကုန်သွယ်ရေးအသင်းက ပစ္စည်း (၃) စုံ ထောက်ပံ့ပေးရမည်ဖြစ်ပြီး အခကြေးငွေအဖြစ် နောက်ထပ် ပစ္စည်း (၂) စုံ ထပ်ပေါင်းပေးရမည် ဖြစ်သည်။
သို့သော် ထျန်းပေါင် ကုန်သွယ်ရေးအသင်းတွင် ကိုယ်ပိုင် စည်းကမ်းချက် တစ်ခုတော့ ရှိလေသည်။ သူသည် အဆောင်လက်ဖွဲ့များကို အသင်းအတွင်း၌သာ ရေးဆွဲရမည်ဖြစ်ပြီး ပစ္စည်းများကို အပြင်သို့ သယ်ဆောင်သွားခွင့် မရှိပေ။
စုယွီက ခေတ္တမျှ စဉ်းစားပြီးနောက် ၎င်းတို့၏ စည်းကမ်းချက်များကို သဘောတူလိုက်၏။
သူ လေလံဆွဲခဲ့သော အဆင့် (၅) အဆင့်နိမ့် မိစ္ဆာအမြုတေ အပါအဝင် ပစ္စည်းအချို့ကို ဟွမ်ကျွင်းပေါင် ထံမှ ရယူခဲ့ပြီး အရောင်းအဝယ် ကိစ္စများ ပြီးစီးသွားခဲ့လေသည်။
ဟွမ်ကျွင်းပေါင် ၏ စီစဉ်ပေးမှုဖြင့် စုယွီသည် ထျန်းပေါင် ဈေးကွက် မြို့တော်၏ အလယ်ဗဟိုရှိ အဆင့် (၄) ဂူစံအိမ် တစ်ခုအတွင်း နေရာ ရလာခဲ့၏။ ထိုနေ့မှာပင် ဟွမ်ကျွင်းပေါင် က လူတစ်ယောက်ကို အဆင့် (၅) အဆင့်နိမ့် အဆောင်လက်ဖွဲ့ ပစ္စည်း အစုံတစ်ရာ ပို့ဆောင်ပေးရန် အမိန့်ပေးခဲ့ကာ ထူးခြားသော အလုပ်လုပ်နိုင်စွမ်းကို ပြသခဲ့၏။
"ငါ့ရဲ့ ခန္ဓာကိုယ်အစစ်က ဒီမှာ အဆောင်လက်ဖွဲ့တွေ ရေးဆွဲနေတဲ့ အချိန်မှာ... ချန်ကု အင်မော်တယ်မြို့တော် က အဆောင်လက်ဖွဲ့ စံအိမ်ကို တာအိုရုပ်သေး ပြန်သွားရင် လုံလောက်ပါတယ်..."
စုယွီက အေးအေးဆေးဆေး ကျန်ရစ်ခဲ့ပြီး တာအိုရုပ်သေးကမူ တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့သည်။
ထိုနောက်ပိုင်း အချိန်များတွင် စုယွီသည် ထျန်းပေါင် ကုန်သွယ်ရေးအသင်းက လိုအပ်နေသော အမည်စာရင်းအတိုင်း အဆင့် (၅) အဆင့်နိမ့် အဆောင်လက်ဖွဲ့များကို တစ်ခုပြီးတစ်ခု စတင် ရေးဆွဲလေတော့သည်။
ယနေ့ခေတ်တွင် စုယွီက ပုံမှန် အဆင့် (၅) အဆင့်နိမ့် အဆောင်လက်ဖွဲ့များကို ရေးဆွဲရာ၌ အောင်မြင်မှုနှုန်းမှာ ရာခိုင်နှုန်း လေးဆယ်အောက်သာ ရှိသည်။
အစပိုင်းတွင် စုယွီသည် အမှန်တကယ်ပင် အကျိုးအမြတ် အနည်းငယ်သာ ရရှိခဲ့ပြီး ပစ္စည်း ၂ စုံသာ ချန်ထားနိုင်ခဲ့၏။
သို့သော် သူက အဆောင်လက်ဖွဲ့များကို ပိုမို ရေးဆွဲလာလေလေ၊ အမျိုးမျိုးသော အဆင့် (၅) အဆင့်နိမ့် အဆောင်လက်ဖွဲ့များ၏ ကျွမ်းကျင်မှုက တဖြည်းဖြည်း စုဆောင်းမိလာပြီး ထျန်းပေါင် ကုန်သွယ်ရေးအသင်းအတွက် အဆင့် (၅) အဆင့်နိမ့် အဆောင်လက်ဖွဲ့များ ရေးဆွဲပေးခြင်း၏ အကျိုးအမြတ်များကလည်း ကြီးမားလာလေသည်။
သို့သော် စုယွီ ထျန်းပေါင် ဈေးကွက် မြို့တော်သို့ ရောက်ရှိပြီး တစ်လကျော် အကြာတွင် သတင်းတစ်ခုက မြို့တော် တစ်ခုလုံးသို့ ရုတ်တရက် ပျံ့နှံ့သွားခဲ့လေသည်။
"မိစ္ဆာမျိုးနွယ်စုတွေက စစ်ပွဲကြီးတစ်ခု စတင်ဖို့ ရည်ရွယ်နေကြတယ်... တောင်ဘက် မိုင် နှစ်သောင်းကျော် အကွာမှာ မိစ္ဆာမျိုးနွယ်စုရဲ့ ဟင်းလင်းပြင် လမ်းကြောင်း တစ်ခု ပေါ်လာပြီး... မရေမတွက်နိုင်တဲ့ မိစ္ဆာတွေနဲ့ မိစ္ဆာသားရဲတွေ ဆင်းသက်လာကြပြီ... သွေးဆာနေတဲ့ ဒီရေလှိုင်းကြီးက ထျန်းပေါင် ဈေးကွက် မြို့တော်ဆီကို လှိမ့်ဝင်လာနေပြီ..."
ထျန်းပေါင် ကုန်သွယ်ရေးအသင်းမှ တစ်စုံတစ်ယောက်က အဆင့် (၅) အဆင့်နိမ့် အဆောင်လက်ဖွဲ့များကို လာရောက် သိမ်းဆည်းချိန်တွင်မှ စုယွီသည် ဂူစံအိမ်ထဲတွင် အဆောင်လက်ဖွဲ့များ ရေးဆွဲရင်း တံခါးပိတ် ကျင့်ကြံနေခဲ့ပြီး မိစ္ဆာမျိုးနွယ်စု၏ ဟင်းလင်းပြင် လမ်းကြောင်းနှင့် ဝင်ရောက်လာမည့် သားရဲဒီရေလှိုင်းအကြောင်းကို သိရှိသွားခဲ့သည်။
ထိုအချိန်တွင် မိစ္ဆာမျိုးနွယ်စု၏ သားရဲဒီရေလှိုင်းမှာ ထျန်းပေါင် နှင့် မိုင် တစ်ထောင်ပင် မကွာတော့ပေ။
သူ့ရှေ့တွင် ရပ်နေသော ထျန်းပေါင် မှ ဝိညာဉ်ခွဲထွက်အဆင့် အကြီးအကဲ ချူလုံ ကို ကြည့်ကာ စုယွီ၏ မျက်မှောင်များ အနည်းငယ် တွန့်ကွေးသွားပြီး မေးလိုက်သည်။
"တာအိုရောင်းရင်း... အပြင်ဘက်မှာ အခြေအနေက ဘယ်လိုရှိလဲ... မိစ္ဆာမျိုးနွယ်စုထဲက ဘယ်အုပ်စုက တိုက်ခိုက်နေတာလဲ..."
"ပြီးတော့... မိစ္ဆာမျိုးနွယ်စုရဲ့ သားရဲဒီရေလှိုင်းကို ထျန်းပေါင်တောင် နယ်မြေကပဲ ကြုံတွေ့နေရတာလား... ဒါမှမဟုတ် အခြား နေရာတွေရော ပါသေးလား..."
အဆင့် (၅) အဆောင်လက်ဖွဲ့ဆရာ တစ်ယောက်ဖြစ်သည့် စုယွီ၏ အဆင့်အတန်းကြောင့် ထျန်းပေါင် မှ ချူလုံ က သူ့ကို အနည်းငယ် တွန့်ဆုတ်နေသော်လည်း ကောင်းမွန်စွာ ဆက်ဆံလေသည်။
ချူလုံ က ခေါင်းခါလိုက်ပြီး ပြောလာသည်။
"ချန်းကျိုး နယ်မြေ တစ်ခုလုံးကို သက်ရောက်သွားတာ ဖြစ်နိုင်တယ်…”