အခန်း ၈၃၀
Vol. 56 Ch. 830
အခန်း (၈၃၀) - အစွမ်းကုန် တိုက်ခိုက်မှု၊ မြားနှစ်စင်းဖြင့် မိစ္ဆာ အရှင်သခင်ကြီး နှစ်ပါးကို သတ်ဖြတ်ခြင်း
"ဒီတစ်ခေါက် ငါတို့ ထျန်းပေါင်တောင် ဆီကို ဦးတည်လာနေတဲ့ မိစ္ဆာမျိုးနွယ်စုက ရှေးဟောင်း မိစ္ဆာမျိုးနွယ်စုရဲ့ သွေးမျိုးဆက်ဖြစ်တဲ့ လီထျန်း မျိုးနွယ် လို့ ခေါ်တယ်... သူ့ရဲ့ ခန္ဓာကိုယ်က နွားကြီးတစ်ကောင်နဲ့ တူပြီး ခေါင်းက ရှေးဟောင်း ချီလင်နဲ့ ဆင်တူတယ်... ခြေလက်တွေကတော့ ဆင်ကြီးတွေနဲ့ တူပေမယ့် မိုးကြိုးစွမ်းအားတွေကို အသုံးပြုနိုင်တဲ့အတွက် ရင်ဆိုင်ဖို့ အတော်လေး ခက်ခဲတယ်..."
"လီထျန်း မိစ္ဆာမျိုးနွယ်စုရဲ့ အင်အားက မသေးလှဘူး... သူတို့အထဲမှာ မိစ္ဆာ အရှင်သခင်ကြီးတွေလည်း ပါဝင်တယ်... အကယ်၍ သူတို့ရဲ့ မိစ္ဆာ အရှင်သခင်ကြီးတွေက ငါတို့ ထျန်းပေါင်တောင် ကို လာရောက် တိုက်ခိုက်ခဲ့မယ် ဆိုရင်တော့ ငါတို့ ထျန်းပေါင်တောင် ကို ပြန်ဆုတ်ပြီး ကာကွယ်ရကောင်း ကာကွယ်ရနိုင်တယ်..."
အကြီးအကဲ ချူလုံ က တွေးတွေးဆဆဖြင့် ပြောလာသည်။
စုယွီ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ ဤစကားများ၏ အဓိပ္ပာယ်မှာ အလွန် ရှင်းလင်းလှသည်။ ထျန်းပေါင်တောင် သည် ထျန်းပေါင် ဈေးကွက် ကို စွန့်လွှတ်ရန် စဉ်းစားနေပြီ ဖြစ်သည်။
အကယ်၍ ထျန်းပေါင်တောင် ကသာ ထျန်းပေါင် ဈေးကွက် ကို စွန့်လွှတ်ခဲ့မည် ဆိုပါက ထျန်းပေါင် ဈေးကွက် နှင့် အနီးတစ်ဝိုက်ရှိ လူသား ကျင့်ကြံသူများနှင့် သာမန်သေမျိုးများသည် မိစ္ဆာမျိုးနွယ်စု၏ ဝင်ရောက်တိုက်ခိုက်မှုအောက်တွင် သေချာပေါက် သေဆုံးကြရပေတော့မည်။
အကြီးအကဲ ချူလုံ က စုယွီကို ကြည့်ကာ ပြောလာသည်။
"တာအိုရောင်းရင်း အရိပ်နီ... အချိန်တန်ရင် ငါတို့နဲ့အတူ ထျန်းပေါင်တောင် ကို ပြန်ဆုတ်လို့ ရပါတယ်..."
"ထျန်းပေါင်တောင် ရဲ့ အခြေခံအုတ်မြစ်နဲ့ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ အင်အားတွေကြောင့် သွေးဆာနေတဲ့ လီထျန်း မိစ္ဆာမျိုးနွယ်စုတောင် ထျန်းပေါင်တောင် ရဲ့ အင်မော်တယ်ဂိုဏ်း ကို ဖောက်ဝင်နိုင်မှာ မဟုတ်ပါဘူး..."
အလျင်စလို ထွက်ခွာသွားသော အကြီးအကဲ ချူလုံ ကို ကြည့်ရင်း စုယွီ မျက်မှောင်ကြုတ်လိုက်မိသည်။
သူသည် မကြာမီကမှ ထျန်းပေါင်တောင် မှ ရေးဆွဲပေးရန် တောင်းဆိုထားသော အဆင့် (၅) အဆင့်နိမ့် အဆောင်လက်ဖွဲ့ အခု (၅၀) အောက် အနည်းငယ်သာ အကြီးအကဲ ချူလုံ ထံသို့ ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး အများစုမှာ မြေဓာတ်သဘာဝ ကာကွယ်ရေး အဆောင်လက်ဖွဲ့များ ဖြစ်လေသည်။
တစ်လကျော်ကျော်လေးသာ ကြာသေးသည် မဟုတ်ပါလား။
စုယွီ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် နားလည်သွားတော့သည်။
'ထျန်းပေါင်တောင် က ဒါကို ကြိုတင် မျှော်လင့်ထားခဲ့တာ ကြာပြီပဲ...'
မြေဓာတ်သဘာဝ ကာကွယ်ရေး အလွှာများသည် မိုးကြိုးစွမ်းအားများကို လျှပ်ကာနိုင်စွမ်း ရှိသောကြောင့် မိုးကြိုးစွမ်းအားများကို ခုခံရန် အကောင်းဆုံး ကာကွယ်ရေး ဖြစ်သည်။
ထျန်းပေါင်တောင် မှ သူ့ကို အဆင့် (၅) အဆောင်လက်ဖွဲ့များ အလျင်စလို ရေးဆွဲခိုင်းခြင်းသည် လာမည့် လီထျန်း မိစ္ဆာမျိုးနွယ်စု ကို ခုခံရန် ကြိုတင်ပြင်ဆင်မှုတစ်ခု ဖြစ်သည်မှာ သိသာထင်ရှားလှ၏။
အကြီးအကဲ ချူလုံ ယခုလေးတင် ပြောသွားခဲ့သည့် စကားများကို တွေးမိပြီး စုယွီ၏ မျက်လုံးများ တစ်ဖန် ပြောင်းလဲသွားပြန်သည်။ အကယ်၍ မိစ္ဆာမျိုးနွယ်စုကသာ ချန်းကျိုး နယ်မြေ တစ်ခုလုံးကို ဝင်ရောက် တိုက်ခိုက်နေမည် ဆိုပါက တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ တစ်ခုလုံးလည်း ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရပြီ မဟုတ်ပါလား။
'ငါ အမြန်ဆုံး ပြန်သွားဖို့ လိုပြီ...'
စုယွီက သူ၏ စိတ်ထဲတွင် တွေးလိုက်သည်။
"ဝုန်း... ဝုန်း... ဝုန်း..."
စုယွီ သူ၏ ဂူစံအိမ်အတွင်းမှ ထွက်လာချိန်တွင် အဝေးမှနေ၍ မြေကြီး တုန်ခါသွားသည့် အသံများကို ခပ်သဲ့သဲ့ ကြားလိုက်ရသဖြင့် သူ အာရုံခံလိုက်မိသည်။ ခေတ္တမျှ ခံစားကြည့်ပြီးနောက်...
'မိစ္ဆာမျိုးနွယ်စုရဲ့ တိုက်ခိုက်မှုက ထျန်းပေါင် ဈေးကွက် ကနေ မိုင် ငါးရာတောင် မဝေးတော့ပါလား...'
ဤအခိုက်အတန့်တွင် ထျန်းပေါင် ဈေးကွက် အနီးတစ်ဝိုက်ရှိ မြောက်များစွာသော ရွာများနှင့် မြို့ငယ်လေးများမှာ ကစဉ့်ကလျား ဖြစ်နေကြလေပြီ။
အချို့သော ကျင့်ကြံသူများသည် ဈေးကွက်၏ အကာအကွယ်ကို ရယူရန် ထျန်းပေါင် ဈေးကွက် ဆီသို့ ရူးသွပ်စွာ ထွက်ပြေးနေကြ၏။
သာမန်သေမျိုးများ အပါအဝင် အချို့ကမူ မြေအောက်တွင် ပုန်းအောင်းနေကြလေသည်။
အပြင်ဘက်တွင် မိစ္ဆာသားရဲများ၏ ဝင်ရောက်တိုက်ခိုက်လာမှုကို အာရုံခံမိချိန်တွင် ထွက်ပေါ်လာသော မိုးကြိုးပစ်သံများကြောင့် မြောက်များစွာသော လူများမှာ အထိတ်တလန့် ဖြစ်သွားကြပြီး မြေကြီး တုန်ခါနေသည့် ခံစားချက်နှင့်အတူ အမှောင်ထုဖုံးလွှမ်းကာ ပိတ်လှောင်နေသော ပတ်ဝန်းကျင်ကြောင့် အသက်ရှူကျပ်သကဲ့သို့ ခံစားနေကြရသည်။
ထျန်းပေါင် ဈေးကွက် ကို မပိတ်ရသေးသဖြင့် ပြင်ပမှ ကျင့်ကြံသူများသည် ဈေးကွက်အတွင်း ခိုလှုံရန် ဆက်လက် စီးဝင်နေကြဆဲ ဖြစ်၏။
သာမန်သေမျိုးများပင်လျှင် ဈေးကွက်အတွင်းသို့ ဝင်ရောက်နိုင်သည်။
စုယွီက သူ၏ ဂူစံအိမ် ခေါင်မိုးပေါ်တွင် တိတ်ဆိတ်စွာ ရပ်နေရင်း ဤမြင်ကွင်းကို စောင့်ကြည့်နေလေသည်။
ကံကောင်းထောက်မစွာဖြင့်...
ထျန်းပေါင်တောင် သည် ထျန်းပေါင် ဈေးကွက် ကို တိုက်ရိုက် စွန့်လွှတ်လိုက်ခြင်း မဟုတ်ချေ။ ယခုအချိန်တွင် ထျန်းပေါင်တောင် ၏ မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး အကြီးအကဲများ ထွက်ပေါ်လာပြီး သားရဲဒီရေလှိုင်းကို ခုခံရန် ဈေးကွက်အတွင်းရှိ ကျင့်ကြံသူများ အားလုံးကို အဖွဲ့တစ်ခု ဖွဲ့စည်းရန် စုစည်းနေကြ၏။
ဆေးဆရာများနှင့် အဆောင်လက်ဖွဲ့ ဆရာများသည် ဆေးလုံးများနှင့် အဆောင်လက်ဖွဲ့များကို အမြောက်အမြား စတင် ပြင်ဆင်နေကြသည်။
ဝင်္ကပါဆရာများနှင့် သားရဲထိန်းကျောင်းသူများသည် မိစ္ဆာမျိုးနွယ်စု၏ ဝင်ရောက်တိုက်ခိုက်မှုကို ခုခံကာကွယ်ရန် နောက်ဆုံးအဆင့် ပြင်ဆင်မှုများကို ပြုလုပ်နေကြ၏။
ဈေးကွက် အပြင်ဘက်ရှိ ကွင်းပြင်များတွင် သတ်ဖြတ်ခြင်း ဝင်္ကပါများနှင့် ချုပ်နှောင်ခြင်း ဝင်္ကပါများကို ခင်းကျင်းထားလေသည်။
ဈေးကွက် အတွင်းတွင်လည်း ယဉ်ပါး သားရဲအမျိုးမျိုး ထွက်ပေါ်လာကြသည်။
မျက်စိဖြင့် မမြင်ရသော ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော အငွေ့အသက်များက ဈေးကွက်တစ်ခုလုံးကို လွှမ်းခြုံထားပြီး လူတိုင်း၏ ရင်ထဲတွင် ကြီးမားလှသော အင်မော်တယ်တောင်ကြီး ဖိပိနေသကဲ့သို့ ခံစားနေကြရသည်။
ဤအချိန်တွင် စုယွီက ထျန်းပေါင် ဈေးကွက် မှ ထွက်ခွာရန် ရည်ရွယ်ချက် မရှိခဲ့ချေ။ သူသည် ဈေးကွက်အတွင်း မိစ္ဆာမျိုးနွယ်စု၏ ဝင်ရောက်တိုက်ခိုက်မှု စတင်ခြင်းကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးသေးဘဲ ယခုကြုံတွေ့ရချိန်တွင် သူလည်း သူ၏ ခွန်အားကို တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီနိုင်သည်။
အကယ်၍ သူတို့ တောင့်မခံနိုင်တော့ပါက မိစ္ဆာမျိုးနွယ်စု၏ တိုက်ခိုက်မှုမှ ဆုတ်ခွာပြီး ချန်ကု အင်မော်တယ်မြို့တော် သို့ ပြန်သွားမည်သာ ဖြစ်၏။
သူသာ ထွက်ပြေးရန် ရွေးချယ်မည်ဆိုပါက မိစ္ဆာ အရှင်သခင်ကြီး တစ်ပါးပင်လျှင် သူ့ကို တားဆီးနိုင်မည် မဟုတ်ချေ။
စုယွီ၏ မျက်လုံးများတွင် နတ်ဘုရားအလင်းတန်း တစ်ချက် လင်းလက်သွားပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ဟင်းလင်းပြင်ကို ဖောက်ထွင်းမြင်နိုင်ကာ ထျန်းပေါင် ဈေးကွက် ၏ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
တောင်တန်းများပေါ်မှနေ၍ ထျန်းပေါင် ဈေးကွက် ပတ်လည်ရှိ ဝိညာဉ်စိုက်ခင်းများဆီသို့ တည့်တည့် ဦးတည်ပြေးဝင်လာနေသော အမည်းရောင် မိစ္ဆာသားရဲ ဒီရေလှိုင်းကြီးကို သူ မြင်တွေ့လိုက်ရသည်။ ဤမိစ္ဆာသားရဲများသည် အရွယ်အစားနှင့် ပုံသဏ္ဍာန် မျိုးစုံရှိကြပြီး သူတို့၏ အရှိန်အဝါများမှာ သိပ်ပြီး အားမကောင်းလှချေ။
၎င်းတို့သည် အမြောက်စာ မိစ္ဆာသားရဲ အမျိုးအစားများသာ ဖြစ်သော်လည်း ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုကြီးတစ်ခုအဖြစ် စုစည်းလိုက်သောအခါ ထျန်းပေါင် ဈေးကွက် ၏ ကာကွယ်ရေး ဝင်္ကပါများဆီသို့ အပြေးအလွှား ချင်းနင်းဝင်ရောက်လာသည့် အဖျက်စွမ်းအား ကြီးမားလှသည့် ဖိအားများ ဖြစ်လာ၏။ လူသား ကျင့်ကြံသူ အများအပြားအား မျက်နှာများ ဖြူရော်သွားစေပြီး အထိတ်တလန့် ဖြစ်သွားစေသည်။
သို့သော်လည်း ကာကွယ်ရေး ဝင်္ကပါများ အတွင်းရှိ အတွေ့အကြုံရင့် မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး အချို့မှာမူ တည်ငြိမ်နေကြဆဲပင်။ ၎င်းမှာ မိစ္ဆာမျိုးနွယ်စု၏ တိုက်ခိုက်မှု တစ်ခုမျှသာ ဖြစ်သည် ထျန်းပေါင်တောင် ၏ အင်မော်တယ်ဂိုဏ်း သည် ယခင်ကလည်း ထိုသို့သော အရာများကို ရင်ဆိုင်ခဲ့ဖူးလေသည်။
"မထိတ်လန့်ကြနဲ့..."
"ဒါတွေက အမြောက်စာ သားရဲတွေ သက်သက်ပဲ... သူတို့ကို အရင်ဆုံး ရှင်းပစ်ဖို့ ဝင်္ကပါတွေကို သုံးကြမယ်... ကာကွယ်ရေး ဝင်္ကပါ အလွှာကို အဖောက်ထွင်းမခံစေနဲ့..."
"ဝင်္ကပါတွေ တောင့်မခံနိုင်တော့တဲ့ အခါကျမှ သူတို့ကို ပြန်တွန်းထုတ်ဖို့ ငါတို့ ကိုယ်တိုင် ဝင်တိုက်ကြမယ်..."
"အဲဒါမှ အဆင်မပြေသေးဘူး ဆိုရင် ဈေးကွက် အနက်ပိုင်းကို ထပ်ဆုတ်ကြမယ်... ဘာမှ ကြောက်စရာ မလိုဘူး..."
"အသင့်ပြင်ထား... တိုက်..."
"ဝုန်း..."
ထျန်းပေါင်တောင် ၏ မူလဝိညာဉ်အဆင့် အရှင်သခင်ကြီးများ၏ ကျယ်လောင်သော အော်ဟစ်သံများနှင့်အတူ ထျန်းပေါင် ဈေးကွက် ၏ အပြင်ဘက်သို့ ချဉ်းကပ်လာသော အမည်းရောင် မိစ္ဆာသားရဲ ဒီရေလှိုင်းကြီးသည် ကာကွယ်ရေး ဝင်္ကပါ အလွှာကိုပင် မတိုက်မိသေးခင် အပြင်ဘက်ရှိ ကောင်းကင်သို့ ထိုးတက်သွားသော အလင်းတိုင်ကြီးများ တစ်ဆက်တည်း ပေါက်ကွဲထွက်ပေါ်လာတော့၏။
သတ်ဖြတ်ခြင်း ဝင်္ကပါများစွာသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အသက်ဝင်လာ၏။ သတ်ဖြတ်လိုသော အရှိန်အဝါနှင့် မျက်စိကျိန်းမတတ် အင်မော်တယ် အလင်းတန်းများ ဖြာထွက်နေလေသည်။
သတ်ဖြတ်ခြင်း ဝင်္ကပါများ အတွင်းသို့ ပြေးဝင်လာသော အဆင့်နိမ့် မိစ္ဆာသားရဲများသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အမြောက်အမြား အငွေ့ပျံ သွားကြတော့၏။
သူတို့သည် သွေးမြူခိုးများနှင့် အလောင်းကောင်များအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်သို့ ပစ်လွင့်သွားပြီး သူတို့၏ အကြွင်းအကျန်များက မြေပြင်ပေါ်သို့ ပြန်လည် ကျဆင်းလာခဲ့သည်။
သို့သော် ရှေ့တန်းမှ သားရဲများ သေဆုံးသွားချိန်တွင် ထျန်းပေါင် ဈေးကွက် ဆီသို့ ဆက်လက် အပြေးအလွှား ချင်းနင်းဝင်ရောက်လာနေသော အဆုံးအစ မရှိသည့် မိစ္ဆာသားရဲ လှိုင်းတံပိုးကြီးများ ရှိနေဆဲပင်။