အခန်း ၈၃၁
Vol. 56 Ch. 831
အခန်း (၈၃၁) - အစွမ်းကုန် တိုက်ခိုက်မှု၊ မြားနှစ်စင်းဖြင့် မိစ္ဆာ အရှင်သခင်ကြီး နှစ်ပါးကို သတ်ဖြတ်ခြင်း (အပိုင်း - ၂)
ထိုစဉ်…
“ဂျုန်း”
သားရဲဒီရေလှိုင်းကြီးထဲတွင် မိုးကြိုးပစ်သံ တစ်ချက် ရုတ်တရက် ပေါ်ထွက်လာပြီးနောက် နားကန်းမတတ် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာကာ ၎င်း၏ရှေ့ရှိ အဆင့် (၂) နှင့် အဆင့် (၃) သတ်ဖြတ်ခြင်း ဝင်္ကပါ ဒါဇင်ပေါင်းများစွာကို ဖျက်ဆီးပစ်လိုက်သည်။
ထိုမိုးကြိုးသည် တစ်ဆက်တည်းဖြစ်နေသော သတ်ဖြတ်ခြင်း ဝင်္ကပါများကို ဖြတ်သန်းသွားပြီး ထျန်းပေါင် ဈေးကွက် အပြင်ဘက်ရှိ ကာကွယ်ရေး ဝင်္ကပါအလွှာကို ရိုက်ခတ်သွားကာ မိုးထိအောင် မြင့်မားလှသော လှိုင်းတံပိုးကြီးများ ထွက်ပေါ်လာစေပြီး ဝင်္ကပါအလွှာကို ပြိုကျလုနီးပါး ဖြစ်သွားစေသည်။
ထျန်းပေါင်တောင် မှ မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး အချို့နှင့် အကြီးအကဲများ၏ မျက်နှာများ ဖြူရော်သွားကြ၏။
"လီထျန်း မျိုးနွယ်စုက မိစ္ဆာ အရှင်သခင်ကြီးပါလား..."
"ဝုန်း..."
အင်အားကြီးမားသော လီထျန်း မိစ္ဆာများ ပို၍ပို၍ ထွက်ပေါ်လာသည်နှင့်အမျှ မိစ္ဆာသားရဲများ၏ ဝင်ရောက်တိုက်ခိုက်မှုကို ဟန့်တားထားသော ဝင်္ကပါများသည် လျင်မြန်စွာ ရှင်းလင်းဖယ်ရှားခံလိုက်ရပြီး အဆုံးအစမရှိသော မိစ္ဆာသားရဲများက ထျန်းပေါင်တောင် ဈေးကွက် ၏ ကာကွယ်ရေး ဝင်္ကပါအလွှာဆီသို့ အပြေးအလွှား ချဉ်းကပ်လာကြတော့သည်။
ဈေးကွက် အတွင်းတွင် စုယွီသည် ရွှေရောင် ပုစဉ်းရင်ကွဲ မျက်လုံးအား အသက်ဝင်စေ၍ ဤမြင်ကွင်းကို စောင့်ကြည့်နေခဲ့သည်။ သားရဲကောင်များ ပို၍ပို၍ များပြားလာကာ ဝင်္ကပါအလွှာကို တိုက်ခိုက်နေကြပြီး အတွင်းဘက်ရှိ လူသား ကျင့်ကြံသူများသည် ၎င်းတို့ကို သုတ်သင်ရန် ရဲရင့်စွာ ကြိုးပမ်းနေကြသော်လည်း နောက်ဆုံးတွင် တိုးပွားလာသော မိစ္ဆာအရေအတွက်ကို မထိန်းချုပ်နိုင်တော့သည်ကို မြင်တွေ့လိုက်ရသည်။
ထို့အပြင် ဧရာမ မိစ္ဆာသားရဲကြီးများနှင့်အတူ လီထျန်း မိစ္ဆာမျိုးနွယ်စု ရောက်ရှိလာခြင်းက အပြင်ဘက်ရှိ ဝင်္ကပါများ ပြိုကျရန် အချိန်ပိုင်းမျှသာ လိုတော့ကြောင်း ညွှန်ပြနေ၏။
"ဒီအတိုင်းဆိုရင် နာရီဝက်တောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး..."
စုယွီက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။
ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာသားရဲ ဒီရေလှိုင်းကြီး စတင်ရာ နေရာဆီသို့ သူ ကြည့်လိုက်၏။
"လီထျန်း မိစ္ဆာမျိုးနွယ်စု..."
လီထျန်း မိစ္ဆာမျိုးနွယ်စု ၏ ပထမဆုံး မိစ္ဆာ အရှင်သခင်ကြီးက လူသားမျိုးနွယ်စုမှ သန်မာသော အမျိုးသားတစ်ဦးအဖြစ် အသွင်ပြောင်းထားသော်လည်း ၎င်း၏ ခေါင်းပေါ်တွင် ထူးခြားသည့် ခရမ်းရောင် ချိုတစ်ချောင်း ပါရှိသည်ကို စုယွီ မြင်လိုက်ရသည်။ ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်မှာ ကိုးပေခန့် မြင့်မားပြီး တောင်ငယ်လေး တစ်လုံးနှင့်ပင် တူနေ၏။
၎င်းက သားရဲသားရေ ဘောင်းဘီကို ဝတ်ဆင်ထားပြီး ခါးအထက် ဗလာကျင်းနေသည်။ သံမဏိကဲ့သို့ မာကျောသော ကြွက်သားများ လှစ်ဟထားပြီး တစ်ကိုယ်လုံးမှ တောရိုင်းဆန်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။
ထို့အပြင် ဤ လီထျန်း မိစ္ဆာမျိုးနွယ်စု မှ မိစ္ဆာ အရှင်သခင်ကြီးသည် မိုးကြိုးများ ဖြာထွက်နေသော ခရမ်းရောင် ပုဆိန်ကြီး တစ်လက်ကို ကိုင်ဆောင်ထားလေသည်။
ခရမ်းရောင် ပုဆိန်ကြီး၏ အငွေ့အသက်ကို အာရုံခံမိပြီး စုယွီ အံ့အားသင့်သွား၏။
"အလယ်အလတ်အဆင့် မှော်လက်နက် တစ်ပါးလား..."
ဤ လီထျန်း မိစ္ဆာ အရှင်သခင်ကြီး ၏ အငွေ့အသက်မှာ အဆင့် (၅) အဆင့်နိမ့်သာ ရှိပုံပေါ်၏။ ဝိညာဉ်ခွဲထွက်အဆင့် ပထမအလွှာ သို့မဟုတ် ဒုတိယအလွှာနှင့်သာ ညီမျှသော်လည်း ၎င်းက အတော်လေး အထင်ကြီးစရာကောင်းသော အလယ်အလတ်အဆင့် မှော်လက်နက် တစ်ပါးကို ပိုင်ဆိုင်ထားပါသလား။
လီထျန်း မိစ္ဆာ အရှင်သခင်ကြီး ကို အကြိမ်အနည်းငယ် ထပ်မံ အကဲခတ်ပြီးနောက် စုယွီက အတွင်းပိုင်းသို့ ဆက်လက် ကြည့်ရှုလိုက်သည်။
ထို့နောက် သူသည် လီထျန်း မိစ္ဆာများ၏ အရေအတွက်ကို ရေတွက်လိုက်၏။
လီထျန်း မိစ္ဆာမျိုးနွယ်စု ၏ အရွယ်အစားမှာ ကြီးမားပုံမပေါ်ပေ။ အားနည်းသော မိစ္ဆာ အချို့ ပါဝင်သော်လည်း စုယွီက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ထျန်းပေါင်တောင် သို့ ရောက်ရှိလာသော လီထျန်း မိစ္ဆာများ၏ အရေအတွက်မှာ တစ်ရာပင် မပြည့်ကြောင်း တွေ့လိုက်ရသည်။
သူတို့၏ ခွန်အားကတော့ အမှန်တကယ်ပင် ကြီးမားလှသည်။ မိစ္ဆာ အရှင်သခင်ကြီး ဆယ့်လေးပါး ကို မြင်တွေ့ခဲ့ရပြီး ကျန်သည့်သူများအားလုံးမှာလည်း မိစ္ဆာမျိုးနွယ်စု ၏ စတုတ္ထအဆင့်နှင့်အထက် မိစ္ဆာများသာ ဖြစ်ကြသည်။
လီထျန်း မိစ္ဆာမျိုးနွယ်စု က ဦးဆောင်လာသော သားရဲဒီရေလှိုင်းကြီးထဲတွင် အခြားသော မိစ္ဆာမျိုးနွယ်စုများ၏ အရိပ်အယောင်များကိုလည်း တွေ့မြင်ရလေသည်။
ခြုံပြောရလျှင် ဤ ထျန်းပေါင်တောင် ကို ဝင်ရောက်တိုက်ခိုက်မှုတွင် မိစ္ဆာ အရှင်သခင်ကြီး အပါး နှစ်ဆယ်ကျော် ပါဝင်နေသည်။
မိစ္ဆာသားရဲများ၏ အရေအတွက်ကို သေချာ မသိရသေးသော်လည်း သန်းနှင့်ချီ၍ ရှိနေမည်မှာ သေချာလှ၏။
ထျန်းပေါင်တောင် ဈေးကွက် အပြင်ဘက်ရှိ ကာကွယ်ရေးမှာ စုယွီ မျှော်လင့်ထားသည်ထက် ပို၍ မြန်ဆန်စွာ ကျိုးပေါက်သွားခဲ့သည်။ ဤသို့ မကျိုးပေါက်ခင်တွင် ထျန်းပေါင်တောင် မှ သူများသည် အပြင်ဘက် ကာကွယ်ရေးမှ ကျင့်ကြံသူများနှင့် တပည့်များကို ဈေးကွက်အတွင်းသို့ အလျင်အမြန် ခေါ်ဆောင်သွားခဲ့ကြ၏။
"ဝှီး..."
အလွှာပေါင်း များစွာ ရှိသော အဆင့် (၅) ကာကွယ်ရေး ဝင်္ကပါ အလွှာများ အသက်ဝင်လာပြီး ထျန်းပေါင်တောင် ဈေးကွက် တစ်ခုလုံးကို တောက်ပသော အလင်းတန်း ကာကွယ်ရေးအလွှာ တစ်ခုဖြင့် လွှမ်းခြုံထားလိုက်လေသည်။
အပြင်ဘက်တွင်မူ...
မိစ္ဆာသားရဲ အုပ်စုကြီးများနှင့် မိစ္ဆာများသည် ထျန်းပေါင်တောင် ဈေးကွက် ကို တိုက်ရိုက် မတိုက်ခိုက်ဘဲ ဈေးကွက် ပတ်လည်တွင် စိုက်ပျိုးထားသော ဝိညာဉ်အပင်များကို ဖျက်ဆီးကာ အကုန်လုံးကို ဝါးမျိုစားသောက်နေကြသည်ကို စုယွီ မြင်တွေ့လိုက်ရသည်။
ဝိညာဉ်စိုက်ခင်း တစ်ခုပြီးတစ်ခုသည် သူတို့၏ အရိုင်းဆန်လှသော မိစ္ဆာစွမ်းအင်များကြောင့် ဖျက်ဆီးခံလိုက်ရ၏။
ဤသည်မှာ ထျန်းပေါင်တောင် ၏ ဝိညာဉ်ကြောများ၏ အခြေခံအုတ်မြစ်ကို တိုက်ခိုက်ခြင်း ဖြစ်သည်။
ထျန်းပေါင်တောင် အနေဖြင့် အားစိုက်ထုတ်မှုနှင့် အချိန်အချို့ ယူ၍ ဝိညာဉ်စိုက်ခင်းများကို ပြန်လည် ထူထောင်နိုင်သော်လည်း ထိုအချိန်မှာ ဆယ်စုနှစ်များစွာ ၊ ရာစုနှစ်များစွာ ကြာမြင့်နိုင်သည်။
မိစ္ဆာများ ဤသို့ ပြုမူနေသည်ကို စောင့်ကြည့်ရင်း စုယွီ၏ မျက်ခုံးတန်းများ တဖြည်းဖြည်း တွန့်ကွေးလာပြီး သူ၏ မျက်နှာအမူအရာမှာ ပို၍ သုန်မှုန်လာခဲ့၏။
'သူတို့က လူသားမျိုးနွယ်စုရဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို ဖျက်ဆီးဖို့ ရည်ရွယ်နေတာလား...'
ယခုအခါ စုယွီသည် ဤမိစ္ဆာသားရဲ ဒီရေလှိုင်းကြီး ရောက်ရှိလာခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ခန့်မှန်းချက် အချို့ ရှိလာပြီ ဖြစ်သည်။
သူတို့က လူသားမျိုးနွယ်စုနှင့် သေခန်းရှင်ခန်း တိုက်ပွဲဆင်နွှဲရန် လာရောက်ခြင်း မဟုတ်နိုင်ပေ။
မည်သို့ပင်ဆိုစေ လူသားမျိုးနွယ်စု၏ ကျင့်ကြံခြင်း နေရာများကို မြောက်များစွာသော နှစ်ပေါင်းများစွာကတည်းက တည်ထောင်ခဲ့ပြီး များပြားလှသော အင်အားကြီး ပုဂ္ဂိုလ်များနှင့် လျှို့ဝှက်အင်အားများ ရှိနေသဖြင့် ၎င်းတို့မှာ မိစ္ဆာမျိုးနွယ်စုများ အလွယ်တကူ ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးနိုင်သော အရာများ မဟုတ်ချေ။
လူသားမျိုးနွယ်စု၏ နယ်မြေများကို ဤသို့ ဝင်ရောက်တိုက်ခိုက်ခြင်းက မိစ္ဆာများအတွက်လည်း ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်စေနိုင်၏။
ဒါဆိုရင် သူတို့ ဒီတစ်ခေါက် လာရတဲ့ ရည်ရွယ်ချက်က ဘာဖြစ်နိုင်မလဲ။
ထျန်းပေါင် ဈေးကွက် အပြင်ဘက်တွင် ဧက သန်းနှင့် ချီသော ဝိညာဉ်စိုက်ခင်းများ ရှိပြီး မြောက်များစွာသော ကျင့်ကြံခြင်း အရင်းအမြစ်များ စိုက်ပျိုးထားသည်။ ဤအခိုက်အတန့်တွင် ဤမိစ္ဆာသားရဲများနှင့် မိစ္ဆာများသည် အရာအားလုံးကို ဖျက်ဆီးပြီး ဝါးမျိုစားသောက်နေကြသည်ကို သူ စောင့်ကြည့်နေမိ၏။
ဈေးကွက် အတွင်းတွင် ကျင့်ကြံသူများ၏ မျက်လုံးများ နီရဲလာပြီး သူတို့၏ ရင်တွင်းမှ အကြောက်တရားများ ပျောက်ကွယ်သွားကာ ထိန်းချုပ်မရသော ဒေါသနှင့် နာကြည်းမှုများဖြင့် အစားထိုး ဝင်ရောက်လာလေသည်။
"ကျက်သရေမရှိတဲ့ မိစ္ဆာမျိုးနွယ်စုတွေ... အဲဒါ ငါ့တစ်သက်လုံး စုဆောင်းထားတာတွေကွ... ငါက ထျန်းပေါင် ဈေးကွက် မှာ အငှားလယ်သမား ဖြစ်လာတာ နှစ်ရာချီနေပြီ... ဟုတ်တယ်... နှစ်ရာချီနေပြီ... နေမထွက်ခင် အိပ်ရာကထပြီး ခွေးတွေအိပ်မှ အိပ်ရတာ... ငါ့ရဲ့ ကြီးမားတဲ့ အားထုတ်မှုတွေကြောင့် ဝိညာဉ်စိုက်ခင်း ဧက သုံးဆယ်ကို စုဆောင်းနိုင်ခဲ့တာ... အခုတော့ အကုန် ပျက်စီးသွားပြီ..."
"အား... ငါ့ရဲ့ ဝိညာဉ်ဆေးမြစ်တွေ ရင့်မှည့်တော့မှာ... အဲဒါ ငါ့ရဲ့ မင်္ဂလာဆောင်အတွက် စုဆောင်းထားတာတွေ... ဒီအပင်တွေကို စိုက်ပျိုးဖို့အတွက် ငါက ဈေးကွက်ကနေ ဝိညာဉ်ကျောက်တုံး တွေ အများကြီး အကြွေးယူထားရတာ... ငါ ဘာလုပ်ရတော့မလဲ..."
"အကုန်လုံး ပျောက်ကွယ်သွားပြီပဲ... ဟားဟား... ဟားဟား... ငါ သေရမယ်ဆိုရင်တောင်... မိစ္ဆာ အကောင်နည်းနည်းလောက်ကို အတူတူ ခေါ်သွားမယ်..."
ကျင့်ကြံခြင်း လမ်းစဉ်သို့ ဝင်ရောက်လာပြီးနောက်တွင်ပင် လူသားမျိုးနွယ်စု ၏ မြေယာအပေါ် တွယ်တာမှုက ပြောင်းလဲမသွားခဲ့ချေ။
အပြင်ဘက်တွင် မိစ္ဆာများက ဝိညာဉ်အပင်များနှင့် ဝိညာဉ်စိုက်ခင်းများကို ဖျက်ဆီးနေသည်ကို မြင်တွေ့လိုက်ရသဖြင့် ဈေးကွက် အတွင်းရှိ ကျင့်ကြံသူ အများစုမှာ မျက်လုံးများ သွေးရောင်လွှမ်းသွားကြသည်။
ကျင့်ကြံခြင်း ကမ္ဘာ မှ ဤအဆင့်နိမ့် ကျင့်ကြံသူများကို ကြည့်ရင်း စုယွီ တိတ်တဆိတ် သက်ပြင်း ချလိုက်မိ၏။
ယခုအခါ အပြင်ဘက်ရှိ ဝိညာဉ်အပင်များနှင့် အခြား အရင်းအမြစ်များကို ဖျက်ဆီးနေသော မိစ္ဆာများသည် အခက်အခဲများ၏ အစမျှသာ ဖြစ်နိုင်သည်။
လူသားမျိုးနွယ်စုက ၎င်းတို့ကို ယခု တွန်းလှန်နိုင်ခဲ့လျှင်ပင် လာမည့် ဆယ်စုနှစ် ၊ ရာစုနှစ်များစွာအတွင်း ကျင့်ကြံခြင်း ကမ္ဘာ ၏ ချန်းကျိုး နယ်မြေ တွင် ကျင့်ကြံခြင်း အရင်းအမြစ်များ ရှားပါးသွားနိုင်ဖွယ် ရှိသည်ကို ကြိုတင်မြင်တွေ့နေရသည်။
မည်သို့ပင်ဆိုစေကာမူ ထျန်းပေါင်တောင် မှ ထိုအကြီးအကဲ ပြောခဲ့သကဲ့သို့ မိစ္ဆာသားရဲ ဒီရေလှိုင်းများ၏ တိုက်ခိုက်မှုကို သူတို့၏ ထျန်းပေါင်တောင် တစ်ခုတည်းကသာ ခံနေရခြင်း မဟုတ်ချေ။
ယခုအခါ ၎င်းမှာ ဤအဆင့်နိမ့် ကျင့်ကြံသူများအတွက် အခက်အခဲများ၏ အစမျှသာ။