← Chapters

အခန်း ၈၃၂

Vol. 56 Ch. 832

အခန်း ၈၃၂

Vol. 56 Ch. 832

အခန်း (၈၃၂) - အစွမ်းကုန် တိုက်ခိုက်မှု၊ မြားနှစ်စင်းဖြင့် မိစ္ဆာ အရှင်သခင်ကြီး နှစ်ပါးကို သတ်ဖြတ်ခြင်း (အပိုင်း - ၃)

နောင်အနာဂတ်တွင် သူတို့၏ ကျင့်ကြံခြင်းလမ်းစဉ်သည် ယခင်ကထက် များစွာ ပိုမို ခက်ခဲကြမ်းတမ်းလာမည်မှာ ယုံမှားဖွယ်မရှိပေ။

ထိုအခိုက်အတန့်၌ စုယွီက ဈေးကွက်၏ နောက်ဘက်သို့ အကြည့်ပို့လွှတ်လိုက်သည်။ ထျန်းပေါင်တောင်မှ သာမန်တပည့်များသည် ထျန်းပေါင်တောင် အင်မော်တယ်ဂိုဏ်းကို ကာကွယ်ရန် ထျန်းပေါင် ဈေးကွက်မှ တိတ်တဆိတ် ဆုတ်ခွာသွားကြသည်ကို သူ တွေ့လိုက်ရ၏။

နောက်ဆုံးတွင်တော့ ထျန်းပေါင် ဈေးကွက်ထဲ၌ မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး (၂၀) ပါးနှင့် ဝိညာဉ်ခွဲထွက်အဆင့် အကြီးအကဲ (၅) ပါးသာ ကျန်ရစ်တော့သည်။

ထို ဝိညာဉ်ခွဲထွက်အဆင့် အကြီးအကဲ (၅) ပါးကို စုယွီ သေချာ အကဲခတ်ကြည့်လိုက်ရာ သူတို့အားလုံးမှာ ကိုယ်ပွားများသာ ဖြစ်ကြောင်း နားလည်လိုက်လေ၏။

ထျန်းပေါင်တောင်၏ လုပ်ရပ်များနှင့် ပတ်သက်၍မူ စုယွီ ဘာမှ ဝင်ရောက်ပြောဆိုရန် အကြောင်းမရှိတော့ပေ။ သူနှင့် ထျန်းပေါင်တောင်ကြားတွင် ထူးခြားသော ပတ်သက်ဆက်နွှယ်မှုမျိုး မရှိပါလေ။ မိစ္ဆာမျိုးနွယ်စု၏ ရပ်တန့်မရသော တိုက်ခိုက်မှု ဒီရေလှိုင်းကြီးနှင့် ရင်ဆိုင်ရချိန်တွင် ထျန်းပေါင်တောင်ဘက်မှ ယခုကဲ့သို့ ဆုတ်ခွာသွားခြင်းမှာ ထူးဆန်းသော ကိစ္စတော့ မဟုတ်ပါချေ။

အကယ်၍ အပြစ်တင်ရမည် ဆိုလျှင်လည်း ထိုအဆင့်နိမ့် ကျင့်ကြံသူများသည် သူတို့၏ ကိုယ်ပိုင် ကျင့်ကြံခြင်းစွမ်းအား အားနည်းလွန်းမှုကိုသာ အပြစ်တင်နိုင်ပေလိမ့်မည်။

ထျန်းပေါင်တောင်မှ အကြီးအကဲ (၅) ပါးကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ ယခင်က တစ်ကြိမ် ဆုံတွေ့ဖူးသော အကြီးအကဲ ချူလုံမှလွဲ၍ ကျန်သည့် (၄) ပါးကို အဘိုးအိုတစ်ဦးက ဦးဆောင်ထား၏။ ထိုအဘိုးအိုထံမှ အလွန် သန်မာသော အငွေ့အသက်များ ဖြာထွက်နေပြီး နှောင်းပိုင်း ဝိညာဉ်ခွဲထွက်အဆင့် သို့ပင် ရောက်ရှိနေလေပြီ။ အကြီးအကဲ ချူလုံ အပါအဝင် တစ်ပါးမှာ အလယ်အလတ် ဝိညာဉ်ခွဲထွက်အဆင့် ဖြစ်၍ ကျန် (၃) ပါးမှာမူ ကနဦးအဆင့်များသာ ဖြစ်ကြသည်။

ဤအင်အားသည် အပြင်ဘက်ရှိ လီထျန်း မိစ္ဆာမျိုးနွယ်စု၏ မိစ္ဆာဒီရေလှိုင်းကြီးနှင့် နှိုင်းယှဉ်လျှင် လုံးဝ (လုံးဝ) ယှဉ်နိုင်စွမ်း မရှိပါချေ။

ထျန်းပေါင် ကုန်သွယ်ရေး၏ တတိယထပ်တွင် ဖြစ်၏။

အကြီးအကဲ ချူလုံသည် ဟွမ်ကျွင်းပေါင်၏ ဘေးတွင် ရပ်နေသည်။ ဟွမ်ကျွင်းပေါင် မျက်မှောင် အနည်းငယ် ကြုတ်သွားသည်ကို မြင်သောအခါ သူက စကားဆိုလိုက်၏။

"မင်း မသွားသေးဘူးလား... ဈေးကွက်ရဲ့ ကာကွယ်ရေး ဝင်္ကပါသာ ကျိုးပေါက်သွားခဲ့ရင် မင်းကို စောင့်ရှောက်ပေးဖို့ ငါတို့အတွက် ခက်ခဲသွားလိမ့်မယ်နော်"

ဟွမ်ကျွင်းပေါင်က ခေါင်းခါယမ်းလိုက်ပြီး ပြန်လည် တုံ့ပြန်လိုက်သည်။

"ဒီလောက်လေးကိုတောင် ကြောက်နေမယ်ဆိုရင် ထျန်းပေါင်တောင်ရဲ့ ဆက်ခံသူ ဖြစ်လာဖို့ ကျွန်တော့်မှာ ဘာအရည်အချင်း ရှိတော့မှာလဲ... မိစ္ဆာမျိုးနွယ်စုရဲ့ သားရဲဒီရေလှိုင်း သေးသေးလေး တစ်ခုပါပဲ... ဒီလောက်နဲ့တော့ ကျွန်တော့်ကို ကြောက်ပြေးအောင် မလုပ်နိုင်ပါဘူး"

ဟွမ်ကျွင်းပေါင်၏ စကားများကို ကြားသောအခါ အကြီးအကဲ ချူလုံ၏ မျက်လုံးများထဲတွင် ချီးကျူးလေးစားသည့် အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားပြီး ခေါင်းကို ဖြည်းညင်းစွာ ညိတ်ပြလိုက်လေသည်။

ထိုစဉ် ရုတ်တရက် ဟွမ်ကျွင်းပေါင်က မေးမြန်းလာ၏။

"ဒါနဲ့လေ... စီနီယာ အရိပ်နီက ထွက်သွားပြီလား"

အကြီးအကဲ ချူလုံက ယခင်က စုယွီ နေထိုင်ခဲ့သော ဂူစံအိမ်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ဂူစံအိမ်၏ အမိုးပေါ်တွင် မလှုပ်မယှက် ရပ်နေသော စုယွီ၏ ပုံရိပ်ကို သူ အလွယ်တကူပင် မြင်တွေ့လိုက်ရသည်။

"မသွားသေးဘူး"

သို့သော်လည်း သူက ခေါင်းခါယမ်းလိုက်ပြီး ဆက်ပြောလိုက်၏။

"အဲဒီအတွက် စိတ်မပူပါနဲ့... ငါတို့ ဈေးကွက်ကို မထိန်းထားနိုင်တော့ဘူး ဆိုရင် အရိပ်နီက ငါတို့နောက်ကနေ အင်မော်တယ်ဂိုဏ်းဆီ လိုက်လာလို့ ရတာပဲလေ"

"ငါတို့ အင်မော်တယ်ဂိုဏ်းဆီ ပြန်ရောက်သွားတာနဲ့ လီထျန်း မိစ္ဆာမျိုးနွယ်စု ဘယ်လောက်ပဲ သောင်းကျန်းနေပါစေ ငါတို့ကို ထိနိုင်မှာ မဟုတ်တော့ဘူး"

တဆင့်စကားဖြင့် ဆိုရလျှင် ထျန်းပေါင် ဈေးကွက်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန် သူတို့ကိုယ်သူတို့ ယုံကြည်မှု ကင်းမဲ့နေကြခြင်း ဖြစ်သည်။

သူတို့ ဤနေရာတွင် ဆက်လက် ကျန်ရစ်နေရသည့် အကြောင်းရင်းမှာ ဈေးကွက်၏ ပိုင်ဆိုင်မှုများနှင့် အရင်းအမြစ်များကို စွန့်လွှတ်ရန် တွန့်ဆုတ်နေခြင်းကြောင့် သက်သက် မဟုတ်ပေ။ ဤနေရာကို အခွင့်ကောင်းယူ၍ မိစ္ဆာဒီရေလှိုင်းကြီးကို ခေတ္တမျှ ချုံခိုတိုက်ခိုက်ကာ အင်အားလျော့ပါးသွားစေရန် မျှော်လင့်နေခြင်းကြောင့်လည်း ဖြစ်သည်။

ဤသို့ပြုလုပ်ခြင်းဖြင့် မိစ္ဆာသားရဲ ဒီရေလှိုင်းကြီးသည် ထျန်းပေါင်တောင် အင်မော်တယ်ဂိုဏ်းဆီသို့ ရိုက်ခတ်လာသောအခါ သူတို့အပေါ် သက်ရောက်မည့် ဖိအားများ အလွန်အမင်း လျော့ကျသွားမည်ပင်။

မိစ္ဆာမျိုးနွယ်စုသည် အပြင်ဘက်ရှိ ဝိညာဉ်စိုက်ခင်းများနှင့် ဝိညာဉ်အပင်များကို ရက်အတော်ကြာအောင် ရက်စက်စွာ ဖျက်ဆီးပစ်ခဲ့ကြသည်။

ထျန်းပေါင် ဈေးကွက်ရှိ ဝိညာဉ်စိုက်ခင်းများ၏ အခြေခံအုတ်မြစ်များကို လုံးဝ (လုံးဝ) ဖျက်ဆီးပစ်ပြီးနောက် လီထျန်း မိစ္ဆာမျိုးနွယ်စုသည် သူတို့၏ မိစ္ဆာသားရဲ ဒီရေလှိုင်းကြီးကို နောက်တစ်ကြိမ် ပြန်လည်စုစည်းလိုက်ကြ၏။ ထို့နောက် ထျန်းပေါင် ဈေးကွက်ဆီသို့ ရူးသွပ်စွာ ချင်းနင်းဝင်ရောက်လာကြတော့သည်။

"ဝုန်း..."

"ဂရား..."

"ဝေါင်း..."

မိစ္ဆာသားရဲများ၏ နားကန်းမတတ် ဟိန်းဟောက်သံကြီးများသည် ကောင်းကင်ယံအနှံ့ ပဲ့တင်ထပ်သွား၏။ အမည်းရောင် မိစ္ဆာသားရဲ အုပ်စုကြီးများနှင့်အတူ အဆုံးအစမရှိသော ရက်စက်ကြမ်းကြုတ်သည့် သားရဲဒီရေလှိုင်းကြီးသည် ထျန်းပေါင် ဈေးကွက်၏ ကြီးမားခမ်းနားလှသော ကာကွယ်ရေး ဝင်္ကပါအလွှာနှင့် ပြင်းထန်စွာ ဝင်ရောက်တိုက်မိသွားတော့သည်။ ဒါက ၎င်းတို့၏ ပထမဆုံး အကြိမ် အပြင်းအထန် ထိတိုက်မိခြင်းပင် ဖြစ်၏။

မျက်စိကျိန်းမတတ် တောက်ပသော အလင်းတိုင်ကြီးများ အသက်ဝင်လာပြီး သတ်ဖြတ်ခြင်း ဝင်္ကပါများလည်း အပြည့်အဝ ပွင့်ထွက်လာလေသည်။

ကာကွယ်ရေး ဝင်္ကပါအလွှာကို ဝင်တိုက်မိသော မိစ္ဆာသားရဲများသည် သတ်ဖြတ်ခြင်း ဝင်္ကပါ၏ စွမ်းအားကြောင့် တစ်ကောင်ပြီးတစ်ကောင် အသားစများအဖြစ် ပြတ်တောက်သွားကြ၏။ ထို့နောက် သွေးမြူခိုးများအဖြစ် ပြောင်းလဲကာ မြေပြင်ပေါ်သို့ ပစ်ကျသွားကြသည်။

"ဟမ့်"

လီထျန်း မိစ္ဆာမျိုးနွယ်စုမှ မိစ္ဆာ အရှင်သခင်ကြီးတစ်ပါးက လှောင်ပြောင်ကဲ့ရဲ့လိုက်သည်။

"လူသားမျိုးနွယ်စုက အကြီးအကဲတွေ... မင်းတို့က အဲဒီ အခွံကြီးရဲ့နောက်မှာ ပုန်းအောင်းပြီး သတ္တိကြောင်တဲ့ ကောင်တွေလို အသက်ရှင်ဖို့ပဲ သိတာလား"

ထိုအသံကြီးသည် ဈေးကွက်အတွင်းရှိ လူတိုင်း၏ နားထဲတွင် တဝီဝီ မြည်ဟိန်းသွားစေသည်။ သို့သော် ထျန်းပေါင်တောင်မှ အကြီးအကဲများသည် နည်းနည်းမျှ ဂရုမစိုက်ကြပေ။ သူတို့၏ စွမ်းအားအားလုံးကို စုစည်းကာ ဈေးကွက်၏ ဝင်္ကပါကို လှုံ့ဆော်၍ မိစ္ဆာသားရဲ ဒီရေလှိုင်းကြီးကို တန်ပြန်ခုခံရန်သာ အာရုံစိုက်နေကြသည်။

ထျန်းပေါင် ဈေးကွက်မှ မိုင်တစ်ထောင်ခန့် အကွာအဝေးရှိ ထျန်းပေါင်တောင် အင်မော်တယ်ဂိုဏ်း အတွင်းတွင် ဆံပင်ဖြူ အကြီးအကဲတစ်ပါး ထွက်ပေါ်လာလေ၏။

သူသည် အင်မော်တယ်ဂိုဏ်း၏ အပြင်ဘက်ရှိ ခရမ်းရောင် နွား သို့မဟုတ် ချီလင်တစ်ကောင်နှင့် ဆင်တူသော သားရဲ အသေးလေး တစ်ကောင်ကို လှမ်းကြည့်လိုက်ပြီး တိတ်တဆိတ် သက်ပြင်းချလိုက်၏။

ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် အကြီးအကဲ၏ ပုံရိပ်သည် လေဟာနယ်ထဲသို့ တိုးဝင်ကာ ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။

သူနှင့်အတူ အပြင်ဘက်ရှိ သားရဲငယ်လေးသည်လည်း လေဟာနယ်ထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့၏။

ဤသည်မှာ ပကတိ ဟင်းလင်းပြင် အဆင့် တာအိုသခင်ကြီး တစ်ပါးနှင့် မိစ္ဆာအရှင်သခင် တစ်ပါးတို့အကြား ကြီးမားလှသော တိုက်ပွဲကြီးတစ်ခု စတင်ခြင်းကို အချက်ပြလိုက်ခြင်းပင်။

တိုက်ပွဲဖြစ်ပွားရာ နေရာမှ မိုင်တစ်ထောင် အကွာအဝေးတွင် ရှိနေသော စုယွီသည် ရင်ထဲ၌ ကိန်းဝပ်နေသော အန္တရာယ်၏ အငွေ့အသက်များ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။ ထိုအခိုက်အတန့်၌ အနည်းငယ် တောင့်တင်းနေသော သူ၏ ခန္ဓာကိုယ်သည်လည်း သိသိသာသာ ပြေလျော့သွားတော့၏။

စုယွီက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

"မိစ္ဆာအရှင်သခင်လား... ပျောက်သွားပြီပဲ"

သူက ကြွက်သားများကို ပြေလျော့စေရန် အချိန်ခေတ္တမျှ ယူလိုက်သည်။ သားရဲဒီရေလှိုင်းကြီး စတင်ချိန်မှစ၍ ယခုမှသာ သူ၏ ခန္ဓာကိုယ်ကို စတင် လှုပ်ရှားနိုင်တော့သည်။ သူသည် ဂူစံအိမ်အမိုးပေါ်မှ ခုန်ဆင်းလိုက်ပြီး ဈေးကွက်၏ မြေပြင်ပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်လိုက်လေသည်။

မိစ္ဆာအရှင်သခင်၏ ခြိမ်းခြောက်မှု မရှိတော့သဖြင့် ဘာကိုများ ကြောက်ရွံ့နေစရာ လိုတော့မည်နည်း။

စုယွီ၏ အတွေးများ လှုပ်ရှားသွားသည်နှင့်အမျှ ခရမ်းပြာရောင် မီးတောက်များဖြင့် ရစ်ပတ်နေသော လေးတစ်လက်သည် သူ၏ လက်ထဲတွင် ထွက်ပေါ်လာ၏။ ခရမ်းပြာရောင် မီးတောက်များ၏ လောင်ကျွမ်းမှုအောက်တွင် ကောင်းကင်နှင့် မြေကြီး၏ လေဟာနယ်သည်ပင် အနည်းငယ် တုန်ခါသွားရတော့သည်။

ကြောက်မက်ဖွယ်ကောင်းသော အပူလှိုင်းကြီးတစ်ခု ထျန်းပေါင် ဈေးကွက် တစ်ခုလုံးသို့ ချက်ချင်းပင် ပျံ့နှံ့သွားလေသည်။

မလှမ်းမကမ်းရှိ ထျန်းပေါင် ကုန်သွယ်ရေး တွင် စုဝေးနေကြသော ဝိညာဉ်ခွဲထွက်အဆင့် အကြီးအကဲ (၅) ပါး၊ ဟွမ်ကျွင်းပေါင်နှင့် ထျန်းပေါင်တောင်မှ အခြားသော မူလဝိညာဉ်အဆင့် အရှင်သခင်ကြီးများ အားလုံး မျက်နှာ ကွက်ခနဲ ပျက်သွားကြသည်။ သူတို့၏ ဆံပင်များ ထောင်ထသွားပြီး လေထုထဲသို့ စိမ့်ဝင်လာသော ပူပြင်းလှသည့် လေပူကြီးကြောင့် သူတို့၏ ခန္ဓာကိုယ်များပင် လောင်ကျွမ်းသွားတော့မည့်အလား ပူလောင်သော ခြိမ်းခြောက်မှုကြီးကို ခံစားလိုက်ကြရသည်။

သူတို့အားလုံး ပြင်းထန်သော အပူလှိုင်းကြီး ထွက်ပေါ်လာရာ အရပ်ဆီသို့ ပြိုင်တူ လှည့်ကြည့်လိုက်ကြ၏။

အဆုံးအစမရှိသော ခရမ်းပြာရောင် မီးတောက်များကြားတွင် အသက်ဝင်နေသည့် မီးဖီးနစ်ငှက်ကြီး တစ်ကောင် အကောင်အထည် ပေါ်လာသည်ကို သူတို့ မြင်တွေ့လိုက်ကြရသည်။

မီးဖီးနစ်ငှက်ကြီးသည် ကောင်းကင်ယံသို့ ထိုးပျံတက်သွားသည်။

၎င်း၏ စူးရှလှသော အော်ဟစ်သံကြီးက အပြင်ဘက်ရှိ မိစ္ဆာသားရဲ ဒီရေလှိုင်းကြီး၏ ဟိန်းဟောက်သံများကိုပင် ဖုံးလွှမ်းသွားတော့၏။

"ရွှီး..."

ဟွမ်ကျွင်းပေါင်၏ မျက်လုံးများ အထိတ်တလန့်ဖြင့် ပြူးကျယ်သွားပြီး အကြီးအကဲ ချူလုံ၏ ရင်ထဲတွင်လည်း ပြင်းထန်စွာ တုန်လှုပ်သွားသည်။

ကြောက်ရွံ့မှုကြောင့် သူတို့ကို တဆတ်ဆတ် တုန်ယင်သွားစေလောက်သည့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ဖြာထွက်နေပြီး လေးကို ဆွဲငင်နေသော ထိုပုံရိပ်ကို သူတို့ စိုက်ကြည့်နေမိကြသည်။

သူတို့ မျက်စိရှေ့မှ မြင်ကွင်းကို ယုံကြည်ရန်ပင် ခက်ခဲနေကြ၏။

"အ‌ဆောင်လက်ဖွဲ့ဆရာ အရိပ်နီ ပါလား…”

All Chapters