← Chapters

အခန်း ၈၃၄

Vol. 56 Ch. 834

အခန်း ၈၃၄

Vol. 56 Ch. 834

အခန်း (၈၃၄) - မီးဖီးနစ် ကောင်းကင်လေး၏ တားဆီးမှု၊ တာ့ချန်သို့ ပြန်လည်ရောက်ရှိခြင်း

“ဘုန်း”

ထျန်းပေါင် ဈေးကွက်ရှိ အခြားသော ကျင့်ကြံသူများအားလုံး ထိတ်လန့်အံ့ဩသွားကြ၏။ ကာကွယ်ရေး ဝင်္ကပါ အပြင်ဘက်ရှိ မိစ္ဆာ အရှင်သခင်ကြီးမှာ မြားတစ်စင်း၏ အရှိန်အဟုန်ကြောင့် ပစ်လွင့်ထွက်သွားသည်ကို မျက်ဝါးထင်ထင် မြင်လိုက်ကြရသည်။ သူတို့ကို တုန်လှုပ်ချောက်ခြားစေခဲ့သော ထိုကြောက်မက်ဖွယ် အရှိန်အဝါများမှာ နွေဦးနှင်းပမာ ချက်ချင်းပင် အရည်ပျော်ကျသွားလေပြီ။ သားရဲ၏ စွမ်းအင်များလည်း လျင်မြန်စွာ ထိုးကျသွားတော့၏။

နောက်ထပ် မြားတစ်စင်းဖြင့် နောက်ထပ် မိစ္ဆာ အရှင်သခင်ကြီး တစ်ပါးကို သတ်ဖြတ်လိုက်ပြန်ပြီ။

"ဘယ်က စီနီယာများလဲ... လေးနဲ့ မြားကို သုံးပြီးတော့များ..."

ဓားပျံများကိုသာ ကျင့်ကြံသူများအတွက် အကောင်းဆုံး မှော်လက်နက်ဟု အခိုင်အမာ ယုံကြည်ထားသော ကျင့်ကြံသူတစ်ဦး၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။

ထိုမြားနှစ်စင်း၏ တိုက်ခိုက်မှုကို မြင်တွေ့ပြီးနောက် သူ၏ ယုံကြည်ချက်များပင် တုန်လှုပ်ပြိုကျသွားရ၏။

'လေးတွေက ဒီလောက်တောင် အစွမ်းထက်တာလား... အနီးကပ် တိုက်ခိုက်စရာ မလိုဘဲ မိစ္ဆာ အရှင်သခင်ကြီးကို အဝေးကနေတောင် အလွယ်တကူ ပစ်ချနိုင်တာလား...'

ဤမြင်ကွင်းမှာ တကယ်ပင် မနာလိုဖွယ် ကောင်းလှသည်။

"နှစ်ချက်တည်း... မြားနှစ်စင်းနဲ့ မိစ္ဆာ အရှင်သခင်ကြီး နှစ်ပါးကို သတ်လိုက်တာ... တကယ့်ကို အစွမ်းထက်လွန်းတယ်... ဒီလူက ဘယ်အဆင့်ထိ ကျင့်ကြံထားတာလဲ..."

ထျန်းပေါင်တောင်မှ မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး တစ်ပါးက တုန်ရီနေသော အသံဖြင့် ဆိုလိုက်၏။

သို့သော်လည်း သူ၏ ကျင့်ကြံခြင်းမှာမူ မူလဝိညာဉ်အဆင့် (၈) လွှာအထိ ရောက်ရှိနေပြီ ဖြစ်၏။ စုယွီထက်ပင် ပို၍ မြင့်မားနေသေးသည်။

သို့သော် ဤအချိန်တွင် 'အရိပ်နီ' ၏ ပုံရိပ်ကို မြင်လိုက်ရပြီး အပြင်ဘက်ရှိ ပစ်ချခံလိုက်ရသော မိစ္ဆာ အရှင်သခင်ကြီးများကို ကြည့်လိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ယင်နေမိ၏။

'စီနီယာ အရိပ်နီရဲ့ စွမ်းအားက တကယ်ကို ကြောက်ခမန်းလိလိပဲ...'

ထို့အပြင် လေးနှင့် မြားဟူသည်မှာ သိုင်းလောကတွင် အလွန် ရှားပါးလှသော လက်နက်များ ဖြစ်ကြသည်။ ၎င်းတို့မှာ ပုံမှန်အားဖြင့် လုံးဝ ပေါ်မလာတတ်ပေ။ ထို့ကြောင့် သူတို့သည် လေးနှင့် မြား မှော်လက်နက်များကို သိပ်ပြီး အာရုံမစိုက်ခဲ့ကြချေ။

သို့သော် ယခုအချိန်၌ လေးနှင့်မြားကို အသုံးပြုကာ မိစ္ဆာ အရှင်သခင်ကြီး တစ်ပါးအား စုယွီ သတ်ဖြတ်လိုက်သည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသောအခါ ဤကျင့်ကြံသူများ၏ အမြင်များအားလုံး ပြောင်းလဲသွားကြသည်။ သူတို့၏ ရင်ထဲတွင် လေးနှင့် မြားအပေါ် ကြောက်ရွံ့ လေးစားမှု အရိပ်အယောင်များ ကိန်းဝပ်လာတော့၏။

"ဝေါင်း..."

"ဂါး..."

"ကျက်သရေမရှိတဲ့ လူသားမျိုးနွယ်စု.. အပိုင်းပိုင်း အစစ ဖြစ်အောင် လုပ်ပစ်မယ်..."

လီထျန်း မိစ္ဆာမျိုးနွယ်စုမှ မိစ္ဆာ အရှင်သခင်ကြီးများမှာ အမျက်ဒေါသဖြင့် ရူးသွပ်နေကြလေပြီ။ အဘယ်ကြောင့်ဆိုသော် စုယွီက သူတို့၏ မိစ္ဆာ အရှင်သခင်ကြီးများကိုသာ ရွေးချယ် ပစ်ခတ်နေခြင်း ဖြစ်သောကြောင့်ပင်။ ဤသည်ကို သူတို့ လုံးဝ လက်မခံနိုင်ကြပေ။ အခြား မိစ္ဆာမျိုးနွယ်စုများမှ အဆင့်နိမ့် သားရဲများကို ပစ်လျှင် တော်သေး၏။

"ဝုန်း..."

မိစ္ဆာ အရှင်သခင်ကြီးများနှင့် အဆင့် (၄) မိစ္ဆာသားရဲ အုပ်စုများမှာ ရူးသွပ်စွာဖြင့် ထျန်းပေါင် ဈေးကွက်၏ ကာကွယ်ရေး ဝင်္ကပါကို အားကုန် ဝင်တိုက်လာကြ၏။ သို့သော် ထျန်းပေါင်တောင်၏ နှစ်ပေါင်းများစွာ တည်ဆောက်ထားသော အခြေခံအုတ်မြစ်များမှာ ရိုးရိုးရှင်းရှင်းတော့ မဟုတ်ချေ။

အဆင့် (၅) အဆင့်မြင့် ကာကွယ်ရေး ဝင်္ကပါများမှာ ဝိညာဉ်ကြောများ၏ စွမ်းအားဖြင့် အသက်ဝင်နေသည်။ မိစ္ဆာမျိုးနွယ်စု၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများက ကာကွယ်ရေး ဝင်္ကပါများ၏ စွမ်းအားကို ယာယီ စားသုံးသွားနိုင်သော်ငြားလည်း...

အချိန်တိုအတွင်း ထျန်းပေါင် ဈေးကွက်၏ ကာကွယ်ရေးကို ဖောက်ထွင်းရန်မှာ စိတ်ကူးယဉ် အိပ်မက်သက်သက်သာ။

စုယွီက လေးကို နောက်တစ်ကြိမ် အားကုန် ဆွဲလိုက်၏။ သူ၏ နတ်ဘုရား စွမ်းအားများမှာ ကြီးစိုးလွှမ်းမိုးနေပြီး သူ၏ စိတ်ထဲရှိ ဝိညာဉ်စွမ်းအားမှာ တောင်ပံ လေးဖက် ရွှေပုစဉ်း အဖြစ် ပြောင်းလဲသွား၏။ ဤအချိန်တွင် သူ၏ အရှိန်နှုန်းမှာ ဝိညာဉ်ခွဲထွက်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော အရှင်သခင်ကြီးများထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေတော့သည်။

ဝိညာဉ်စွမ်းအားများ .. သူ၏ လက်ထဲရှိ မီးဖီးနစ် ကောင်းကင်လေးထဲသို့ ရူးသွပ်စွာ စီးဝင်သွားသည်။

ကောင်းကင်အင်မော်တယ် ခန္ဓာကိုယ်သန့်စင် ကျင့်စဉ်၏ ကြယ်မြေပုံများမှာလည်း အလွှာအလိုက် ထွက်ပေါ်လာတော့၏။

အဆုံးအစမရှိသော အမြင့်ဆုံး ကောင်းကင်ယံထက်၌ ကောင်းကင်ကြယ်တာရာ အလင်းတိုင်တစ်ခု ဆင်းသက်လာသည်။ ကြယ်ပင်လယ်ကြီး၏ စွမ်းအားများဖြင့် ကြယ်မြေပုံများထဲသို့ လွှမ်းခြုံစီးဝင်သွားကာ တစ်ဖက်တွင် စုယွီ၏ ကိုယ်ပိုင်စွမ်းအားကို ပြန်လည် ဖြည့်တင်းပေးသလို အခြားတစ်ဖက်တွင်လည်း သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်စေလေသည်။

တစ်ချိန်တည်းမှာပင် ကန်းကျင်း ကောင်းကင် ဓားကျင့်စဉ်မှာ စတင် အလုပ်လုပ်သွားပြီး စုယွီ၏ ခန္ဓာကိုယ်ကို အလယ်အဆင့် မှော်လက်နက်ကဲ့သို့ တောင့်တင်းခိုင်မာသွားစေ၏။

အဆင့်မြင့် မှော်လက်နက် မီးဖီးနစ် ကောင်းကင်လေး၏ ပြန်လည် ကန်ထွက်သော စွမ်းအားလှိုင်းများပင် အချိန်တိုအတွင်း စုယွီ၏ ခန္ဓာကိုယ်ကို နည်းနည်းလေးမျှ မထိခိုက်နိုင်တော့ပေ။

ယခုတစ်ကြိမ်တွင် စုယွီက သူ၏ ချီ (၃၀) ရာခိုင်နှုန်းကျော် ထုတ်သုံးလိုက်သည်။

သူက ရွှေရောင်ပုစဉ်းရင်ကွဲ မျက်လုံးအား သုံးကာ နောက်ထပ် မိစ္ဆာ အရှင်သခင်ကြီး တစ်ပါး၏ မိစ္ဆာအမြုတေကို ပိတ်လှောင်လိုက်၏။

"ရွှီး..."

မီးဖီးနစ် ကောင်းကင်လေးမှ မြားကို လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် မီးဖီးနစ်၏ စူးရှသော အော်မြည်သံနှင့်အတူ မြားမှာ တောက်ပသော မီးတောက်များ ရစ်လွှမ်း၏။ မီးမြားက ကောင်းကင်နှင့် မြေကြီးကို ပဲ့တင်ထပ်စေလျက် ဟင်းလင်းပြင်ကို ခွင်းကာ ပျောက်ကွယ်သွားတော့သည်။

အဖြစ်အပျက်က မျက်တောင် တစ်ခတ်မျှသာ။

"ဖျတ်..."

ထျန်းပေါင် ဈေးကွက် အပြင်ဘက်တွင် ကျန်း (၄၀) နီးပါး ကြီးမားသော လီထျန်း မိစ္ဆာမျိုးနွယ်စု မိစ္ဆာ အရှင်သခင်ကြီး၏ ခန္ဓာကိုယ်မှာ ဝရုန်းသုန်းကား ပစ်လွင့်ထွက်သွားသည်။ ချီဖြင့် မီးဖီးနစ်အဖြစ် ပြောင်းလဲသွားသော မြားတစ်စင်းက ဟင်းလင်းပြင်ကို ထိုးဖောက်ကာ သူ့ကို ဝင်တိုက်လိုက်ခြင်း ဖြစ်၏။

ဝိညာဉ်ခွဲထွက်အဆင့် (၄) လွှာနှင့် ညီမျှသော ဤ မိစ္ဆာ အရှင်သခင်ကြီးသည် ကာကွယ်ရေး အလွှာများကို ကြိုတင် ပြင်ဆင်ထားပြီး အလယ်အဆင့် မှော်လက်နက်နှင့် ညီမျှသော လက်နက်တစ်ခုကို အသုံးပြု၍ သူ၏ အရှေ့ဘက်ကို ကာကွယ်ထားသော်လည်း စုယွီ၏ မီးဖီးနစ် ကောင်းကင်လေးကိုမူ မခံနိုင်သေးပေ။

"အုန်း..."

မိစ္ဆာ အရှင်သခင်ကြီး၏ အသက်သွေးကြော မိစ္ဆာလက်နက်မှာ ပစ်လွင့်ထွက်သွားပြီး မီးဖီးနစ်၏ ဘဝကိုးခု နတ်ဘုရားစွမ်းအားက သူ့အပေါ်သို့ ကျရောက်သွားတော့သည်။

"ဒုတ်..."

ဖော်ပြ၍မရအောင် ကြောက်မက်ဖွယ်ကောင်းသော မီးတောက်စွမ်းအားများဖြင့် ပြည့်နှက်နေသော မြားက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွား၏။ မြောက်များစွာသော သွေးနှင့် အသားများကို ချက်ချင်းပင် အမှုန့်ဖြစ်အောင် လောင်ကျွမ်းစေပြီး သူ၏ နှလုံးသားကို ဖျက်ဆီးပစ်လိုက်သည်။ မီးဖီးနစ်ငှက်က သူ၏ မိစ္ဆာအမြုတေကို ဝါးမြိုသွားလေပြီ။

"ဝုန်း..."

ဤ မိစ္ဆာ အရှင်သခင်ကြီးမှာ မိုင်ပေါင်းများစွာ ပစ်လွင့်ထွက်သွားကာ တောင်များကို ထိုးဖောက်သွားသည်။ သွေးများ ဝေါ့ခနဲ အန်ချလိုက်ရပြီး ချက်ချင်းပင် ကမ္ဘာမြေကို ဝါးမြိုမည့် ကြောက်မက်ဖွယ် မီးတောက်များအဖြစ် လောင်ကျွမ်းသွားတော့၏။

မြေပြင်ထဲ နက်ရှိုင်းစွာ စိုက်ဝင်သွားချိန်တွင် သူ အသက်ငင်နေလေပြီ။ သူ၏ မိစ္ဆာအမြုတေမှာလည်း အကြီးအကျယ် ပျက်စီးသွားတော့သည်။

၎င်းက တတိယမြောက် မိစ္ဆာ အရှင်သခင်ကြီးပင် ဖြစ်၏။

စုယွီက မီးဖီးနစ် ကောင်းကင်လေးကို သိမ်းလိုက်သည်။ လက်ကို ဝှေ့ယမ်းကာ အဆင့် (၅) အဆင့်မြင့် နတ်ဘုရား ဝိညာဉ်အရည် အစက် တစ်ရာခန့်ကို ခေါ်ယူလိုက်ပြီး မဆိုင်းမတွ သောက်သုံးလိုက်၏။ ထို့နောက် ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို တိတ်တဆိတ် လှည့်ပတ်ကာ ချီစွမ်းအား ပြန်လည် ဖြည့်တင်းလိုက်လေသည်။

အံ့ဩဖွယ်ကောင်းသော ဝိညာဉ်ကုသရေး ရတနာတစ်ခု ဖြစ်သည့် ကောင်းကင်ခြင်ဆီ ဝိညာဉ်အရည် တစ်စက်လည်း ပါရှိသည်။ ၎င်းကိုပါ အလွန်အကျွံ ဝါးမြိုလိုက်ပြီး သူ၏ ဝိညာဉ်စွမ်းအားကို ပြန်လည် ရယူလိုက်၏။

ဈေးကွက် အပြင်ဘက်တွင် ရပ်တန့်နေသော မိစ္ဆာ အရှင်သခင်ကြီးများကို သူ အေးစက်စက် ကြည့်နေလိုက်သည်။

မိစ္ဆာ အရှင်သခင်ကြီး အုပ်စုမှာ ပြင်းထန်သော ဒေါသများဖြင့် ဆူပွက်နေကြသည်။ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာချီများက သူတို့၏ ခန္ဓာကိုယ်များမှ ထွက်ပေါ်နေ၏။ သူတို့၏ အကြည့်များက စုယွီ့ထံတွင် စူးစိုက်နေပြီး အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။ စုယွီ၏ အသားကို စား၊ သွေးကို သောက်ကာ အပိုင်းပိုင်း အစစ ဆွဲဖြဲပစ်ချင်နေကြလေသည်။

သို့သော်… စုယွီ၏ အေးစက်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် အသံက ကောင်းကင်နှင့် မြေကြီးအနှံ့ ပဲ့တင်ထပ်သွား၏။

"ဆက်လုပ်ကြဦးလေ... ခင်ဗျားတို့ ဒီဈေးကွက်ရဲ့ ကြီးမားတဲ့ ဝင်္ကပါကို အရင် ဖျက်ဆီးမလား၊ ဒါမှမဟုတ် ကျုပ်က ခင်ဗျားတို့ကို တစ်ယောက်ချင်းစီ အမဲလိုက် သတ်ဖြတ်မလား ဆိုတာ ကြည့်လိုက်ကြရအောင်..."

အပြင်ဘက်ရှိ မိစ္ဆာ အရှင်သခင်ကြီး အုပ်စုမှာ တိတ်ဆိတ်သွားကြ၏။

"..."

နဂိုက ရက်စက်ကြမ်းကြုတ်ကာ ရူးသွပ်နေသော မိစ္ဆာသားရဲ ဒီရေလှိုင်းကြီးသည်ပင် ဤအချိန်တွင် ထိုရက်စက်မှုကြောင့် ဖိနှိပ်ခံလိုက်ရသည့်အလား ဆူညံသံများ တဖြည်းဖြည်း မှေးမှိန်သွားသည်။ သားရဲတိုင်း၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုနှင့် လေးစားမှု အရိပ်အယောင်များကို ထင်ရှားစွာ မြင်တွေ့ရလေ၏။

အပြင်ဘက်တွင် လီထျန်း မိစ္ဆာမျိုးနွယ်စုမှ အထွတ်အထိပ် မိစ္ဆာ အရှင်သခင်ကြီး တစ်ပါးသည် စုယွီကို မမှိတ်မသုန် စိုက်ကြည့်နေသည်။ သူ၏ မျက်လုံးများမှာ ဒေါသနှင့် ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် ပြည့်နှက်နေပြီး အသက်ပြင်းပြင်း ရှူကာ သွားများကို ကျိတ်ထားလေ၏။

အတန်ကြာပြီးနောက် သူ၏ ဒေါသကို ဖိနှိပ်လိုက်နိုင်ပြီး အသံနှိမ့်ကာ မေးလိုက်သည်။

"လူသားမျိုးနွယ်... မင်းနာမည် ဘယ်သူလဲ…”

All Chapters