အခန်း ၈၃၅
Vol. 56 Ch. 835
အခန်း (၈၃၅) - မီးဖီးနစ် ကောင်းကင်လေး၏ တားဆီးမှု၊ တာ့ချန်သို့ ပြန်လည်ရောက်ရှိခြင်း (အပိုင်း - ၂)
စုယွီက သူ့ကို အေးစက်စက် တစ်ချက် ကြည့်လိုက်ပြီး လက်ကို နောက်ပစ်ကာ လေးနက်စွာ ဆိုလိုက်၏။
"ထျန်းဖုန်း နန်းတော်ရဲ့ ဆက်ခံသူပဲ... ငါ့ကို ဟော့လွမ်လို့ ခေါ်နိုင်တယ်"
ထျန်းဖုန်း နန်းတော်၏ ဆက်ခံသူ ဟုတ်လား။ ဟွမ်ကျွင်းပေါင်၊ အကြီးအကဲ ချူလုံနှင့် ဈေးကွက်အတွင်းရှိ ထျန်းပေါင်တောင်မှ လူများအားလုံး မျက်နှာ ကွက်ခနဲ ပျက်သွားကြသည်။ သူတို့ မျက်လုံးများထဲတွင် အံ့အားသင့်ဟန်များ ရိပ်ခနဲ ထင်ဟပ်သွား၏။
သို့သော် စုယွီ ပစ်ခတ်လိုက်သော မြားများကို ပြန်လည် တွေးတောမိလိုက်ချိန်တွင် ထိုမြားများမှာ မီးဖီးနစ်ငှက်စစ်စစ်၏ စွမ်းအားမျိုး မဟုတ်ကြောင်း သတိထားမိလိုက်ကြသည်။ ထျန်းဖုန်း နန်းတော်၏ ရှေးဟောင်း အမွေအနှစ်ကို မီးဖီးနစ်ငှက်ကသာ ဆက်ခံနိုင်သည် မဟုတ်ပေ။ ဤလူသည် ရှေးဟောင်း ထျန်းဖုန်း နန်းတော်၏ အမွေအနှစ်များကို လက်ခံရရှိထားသူ အစစ်အမှန် ဖြစ်နိုင်သည်။ သို့သော်ငြားလည်း... ဟော့လွမ်တဲ့လား။
'ဟော့လွမ်လား... အရိပ်နီလား... ဘယ်ဟာက သူ့ရဲ့ တကယ့် နာမည်ရင်းလဲ...'
ဟွမ်ကျွင်းပေါင်နှင့် အကြီးအကဲ ချူလုံတို့မှာ အတွေးနက်သွားကြသည်။ ယခုအခါ သူတို့၏ ရင်ထဲတွင် စုယွီအပေါ် ကြောက်ရွံ့မှုနှင့် လေးစားမှု အရိပ်အယောင်များ ကိန်းဝပ်နေလေပြီ။
လီထျန်း မိစ္ဆာမျိုးနွယ်စုမှ မိစ္ဆာ အရှင်သခင်ကြီးက ထျန်းပေါင်တောင်မှ အရှင်သခင်ကြီးများဘက်သို့ အကြည့်လွှဲလိုက်၏။ သူ၏ မျက်လုံးများထဲတွင် ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
"ဒီကောင့်ကို သတ်လိုက်စမ်း... အဲဒီလိုဆိုရင် ငါတို့ လီထျန်း မိစ္ဆာမျိုးနွယ်စု ချက်ချင်း ဆုတ်ခွာပေးမယ်... မဟုတ်ရင်တော့ ငါတို့ လီထျန်း မိစ္ဆာမျိုးနွယ်စုက မင်းတို့ ထျန်းပေါင်တောင် လူသားမျိုးနွယ်စုကို အမြစ်ပြတ် ချေမှုန်းပစ်မယ်"
စုယွီ မျက်လုံးများ မှေးကျဉ်းသွား၏။
'ဒီ လီထျန်း မိစ္ဆာမျိုးနွယ်စုက မိစ္ဆာ အရှင်သခင်ကြီးကလည်း ဒီအကြောင်းကို သိနေတာလား...'
သူက အကြီးအကဲ ချူလုံ၊ ဟွမ်ကျွင်းပေါင်နှင့် အခြားသူများဆီသို့ ဖြည်းညင်းစွာ အကြည့်ရောက်ရှိသွားသည်။
အကြီးအကဲ ချူလုံနှင့် ဟွမ်ကျွင်းပေါင်တို့၏ မျက်နှာများ ကွက်ခနဲ ပျက်သွား၏။ သူတို့ နှုတ်ခမ်းများ လှုပ်ရွကာ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ထျန်းပေါင်တောင်ရှိရာ အရပ်မှ အလွန် ဩဇာတိက္ကမ ပြည့်ဝသည့် အသံ တစ်ခု ထွက်ပေါ်လာလေသည်။
"ဟမ့်... လီထျန်း မိစ္ဆာမျိုးနွယ်စု... ဒီနေရာက ချန်းကျိုး နယ်မြေကွ... ငါတို့ ထျန်းပေါင်တောင်ရဲ့ ပိုင်နက်ပဲ... မင်းတို့လောက် အင်အားလေးနဲ့များ ငါတို့ ထျန်းပေါင်တောင်ကို အမိန့်လာပေးရဲတယ်ပေါ့... မင်းတို့ကိုယ်မင်းတို့ ဘာများ မှတ်နေသလဲ... ထျန်းပေါင်တောင်က တပည့်တွေ အားလုံး နားထောင်ကြ... ရှေ့ကို တက်... အကုန် သတ်စမ်း"
ထိုအသံ ပဲ့တင်ထပ်သွားသည်နှင့် တပြိုင်နက် ထျန်းပေါင်တောင်ဘက်မှ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီးများ၏ ကိုယ်ပွားများ တစ်ပါးပြီးတစ်ပါး ထွက်ပေါ်လာကြသည်။ ထျန်းပေါင် ဈေးကွက်ဆီသို့ ဦးဆောင် ချီတက်လာကြ၏။
သူတို့၏ နောက်တွင်တော့ သင်္ဘောပျံများ၊ ဝိညာဉ်လှေပျံများ လှိုင်းလုံးကြီးများအလား တသီတတန်းကြီး လိုက်ပါလာကြသည်။ ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးလွှမ်းသွားသော စီးတော်ယာဉ်များ၊ မှော်လက်နက်များနှင့် မှော်လက်နက်များကလည်း ဝေဝေဆာဆာ ပါဝင်လာတော့၏။
အခြေအနေမှာ ရှင်းလင်းသွားလေပြီ။ ထျန်းပေါင်တောင်သည် လီထျန်း မိစ္ဆာမျိုးနွယ်စုအား အင်အားအပြည့်ဖြင့် တိုက်ခိုက်ရန် အမှန်တကယ် ဆုံးဖြတ်လိုက်ခြင်းပင်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချီများ ပြန်လည်ဖြည့်တင်းနေဆဲ ဖြစ်သော စုယွီ၏ မျက်နှာထက်ဝယ် အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွားသည်။
' မိစ္ဆာ အရှင်သခင်ကြီး သုံးပါးကို အသေအလဲ ဒဏ်ရာရစေခဲ့တဲ့ ငါ့ရဲ့ မြားသုံးစင်းကပဲ ထျန်းပေါင်တောင်ကို ဒီလောက် သတ္တိတွေ ပေးလိုက်တာလား...'
မည်သို့ပင်ဖြစ်စေ မိစ္ဆာမျိုးနွယ်စု၏ ရက်စက်ကြမ်းကြုတ်သော သားရဲဒီရေလှိုင်းကြီးကို ကြောက်ရွံ့ပုန်းအောင်းမနေဘဲ အင်အားအပြည့်ဖြင့် ထွက်၍ တိုက်ခိုက်ရန် ထျန်းပေါင်တောင်၏ ဆုံးဖြတ်ချက်က လီထျန်း မိစ္ဆာမျိုးနွယ်စုအား အငိုက်မိသွားစေသည်မှာ ယုံမှားဖွယ် မရှိပေ။ တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် မိစ္ဆာ အရှင်သခင်ကြီး တစ်ပါးချင်းစီ၏ မျက်နှာများမှာ အလွန် ကြည့်ရဆိုးသွားတော့သည်။
နဂိုမူလကမူ သူတို့သည် ပြိုင်ဘက်ကင်းသလောက်ပင်။ ကြောက်မက်ဖွယ် မိစ္ဆာသားရဲ ဒီရေလှိုင်းကြီးနှင့်အတူ လူသားမျိုးနွယ်စု၏ နယ်မြေများကို တံမြက်လှည်းသလို ရှင်းလင်းကာ ထျန်းပေါင် ဈေးကွက်ဆီသို့ တည့်တည့်မတ်မတ် ချင်းနင်း ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်၏။ ထိုသို့သော အရှိန်အဟုန်ကြောင့် ခန့်ညားထည်ဝါလှသော ထျန်းပေါင်တောင်ပင် သူတို့၏ ထက်ရှလှသော အဟုန်ကို ယာယီ ရှောင်တိမ်းရန်မှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ပေ။
သေချာစဉ်းစားကြည့်လျှင် သူတို့သာ ထိပ်တိုက် ရင်ဆိုင်ကြမည် ဆိုပါက ရလဒ်က မည်သို့ ဖြစ်လာမည်ကို မည်သူ သိနိုင်ပါမည်နည်း။ အကယ်၍ ရှုံးနိမ့်သွားပါက ထျန်းပေါင်တောင်သည် သေချာပေါက် ပျက်စီးသွားလိမ့်မည်။ အနိုင်ရလျှင်ပင် ထျန်းပေါင်တောင်ဘက်မှ အထိနာပေလိမ့်မည်။ မိစ္ဆာမျိုးနွယ်စု ဆုတ်ခွာသွားပြီးနောက် အခြားသော အင်အားစုများက ထျန်းပေါင်တောင်ကို ဝါးမြို သိမ်းပိုက်ရန် စောင့်ဆိုင်းနေကြပေလိမ့်မည်။
အကောင်းဆုံး ရွေးချယ်မှုမှာ ရန်သူ၏ ထက်ရှလှသော အဟုန်ကို ယာယီ ရှောင်တိမ်းကာ စနစ်တကျ အကွက်ချ ကြံစည်ရန်ပင်။ လီထျန်း မိစ္ဆာမျိုးနွယ်စုနှင့် ကြောက်မက်ဖွယ် မိစ္ဆာသားရဲ ဒီရေလှိုင်းကြီးကို တဖြည်းဖြည်းချင်း အင်အားချည့်နဲ့အောင် လုပ်ပြီး ဒီရေလှိုင်းများ ဆုတ်ခွာသွားမည့် အချိန်ကို စောင့်ဆိုင်းရမည်။ ဤနည်းဖြင့်သာ ထျန်းပေါင်တောင်သည် ဆုံးရှုံးမှုများနှင့် အန္တရာယ်များကို အနည်းဆုံးအဖြစ် လျှော့ချနိုင်မည်။
သို့ဖြစ်သော်ငြားလည်း စုယွီ ပေါ်လာပြီး မြားသုံးစင်းဖြင့် မိစ္ဆာ အရှင်သခင်ကြီး သုံးပါးကို ပစ်ချလိုက်သည့် အချိန်မှစ၍ အရာအားလုံး ပြောင်းလဲသွားခဲ့လေပြီ။ မြားတစ်စင်းစီ၏ အရှိန်အဟုန်မှာ တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
မိစ္ဆာ အရှင်သခင်ကြီး အုပ်စုမှာ သိသိသာသာပင် ကြောက်ရွံ့လာကြ၏။ ထို့ကြောင့်ပင် သူတို့သည် ထျန်းပေါင် ဈေးကွက်ကို ဆက်လက် မတိုက်ခိုက်တော့ဘဲ စုယွီ၏ မြားများကို ရင်ဆိုင်ရန် အတူတကွ စုရုံးနေကြခြင်း ဖြစ်သည်။
စုယွီ၏ မြားများက သူတို့ကို တားဆီးထားနိုင်ခဲ့သဖြင့် လူသားမျိုးနွယ်စုအတွက် ပြန်လည် ချေပ တိုက်ခိုက်ရန် အခွင့်အရေး ကောင်းကြီး ပေါ်ပေါက်လာတော့၏။
"သတ်ကြ..."
ထျန်းပေါင်တောင်မှ အရှင်သခင်ကြီးများသည် ကြီးမားလှသော ချီများကို သုံးကာ ဟင်းလင်းပြင်ကို ဖြတ်ကျော်လျက် ထျန်းပေါင် ဈေးကွက်ဆီသို့ တစ်ပါးပြီးတစ်ပါး ဆင်းသက်လာကြသည်။ ကိုယ်ပိုင် ခန္ဓာကိုယ်များရော ကိုယ်ပွားများပါ ရောက်ရှိလာကြရာ တိုက်ခိုက်ရေး စွမ်းအားအရ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး အပါး (၃၀) နီးပါးခန့် ရှိနေလေသည်။
ဝိညာဉ်ခွဲထွက်အဆင့် အထွတ်အထိပ် ပညာရှင်ကြီး နှစ်ပါး၏ ဦးဆောင်မှုအောက်တွင် သူတို့သည် ထျန်းပေါင် ဈေးကွက်၏ အကာအကွယ်ကို တိုက်ရိုက် ထိုးဖောက် ဝင်ရောက်ကာ မိစ္ဆာ အရှင်သခင်ကြီးများနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်ကြတော့သည်။
လူသားမျိုးနွယ်စုမှ အရှင်သခင်ကြီးများနှင့် မတူသည်မှာ မိစ္ဆာ အရှင်သခင်ကြီးများတွင် ဝိညာဉ်ခွဲထွက်အဆင့် ကိုယ်ပွား မရှိကြပေ။ သို့သော် သူတို့၏ ခန္ဓာကိုယ်များနှင့် မူလဝိညာဉ်များမှာ အလွန် အစွမ်းထက်ကြ၏။ နတ်ဘုရားသိုင်းကွက်များနှင့် တန်းတူနီးပါး ရှိသော စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။
ပုံမှန်အားဖြင့် ဆိုလျှင် လူသားမျိုးနွယ်စုမှ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး တစ်ပါးသည် မိစ္ဆာ အရှင်သခင်ကြီး တစ်ပါးကို ရင်ဆိုင်ရန် ကိုယ်ပိုင် ခန္ဓာနှင့် ကိုယ်ပွား ပေါင်းစပ်ရန် လိုအပ်သည်။ အရှင်သခင်ကြီးများ အကြား စွမ်းအား နှိုင်းယှဉ်မှုတွင် ထျန်းပေါင်တောင်က သိသိသာသာ အရေးနိမ့်နေဆဲပင်။
စုယွီ၏ ချီများ အနည်းငယ် ပြန်လည် ပြည့်ဖြိုးလာပြီးနောက် မီးဖီးနစ် ကောင်းကင်လေး.. စုယွီ၏ လက်ထဲတွင် နောက်တစ်ကြိမ် ထွက်ပေါ်လာချိန်၌ အပြင်ဘက်ရှိ မိစ္ဆာ အရှင်သခင်ကြီးများ၏ ခန္ဓာကိုယ်များ အားလုံး တဆတ်ဆတ် တုန်ယင်သွားကြ၏။
ထိုအခိုက် လီထျန်း မိစ္ဆာမျိုးနွယ်စုမှ အထွတ်အထိပ် မိစ္ဆာ အရှင်သခင်ကြီးက အသံကုန် ဟိန်းဟောက်လိုက်သည်။
"လူသား... မင်း အတင့်ရဲလှချည်လား"
“ဝှီး…”
စုယွီက အားကုန်သုံးကာ နောက်ထပ် မြားတစ်စင်းကို ထပ်မံ ပစ်လွှတ်လိုက်ပြန်သည်။
ဝိညာဉ်ခွဲထွက်အဆင့် (၆) လွှာ ထျန်းပေါင်တောင် အရှင်သခင်ကြီး တစ်ပါး၏ ဖိနှိပ်မှုကို ခံနေရသော ပဉ္စမအဆင့် အလယ်အလတ် မိစ္ဆာ အရှင်သခင်ကြီး တစ်ပါးသည် မီးဖီးနစ် ကောင်းကင်လေး၏ တိုက်ခိုက်မှုကို ရုတ်တရက် ခံလိုက်ရ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ အကာအကွယ်များ အားလုံး အပေါက်ဖောက်ခံလိုက်ရသည်။
မြားက သူ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားချိန်တွင် သေလောက်သည့် ဒဏ်ရာမှ လွတ်ကင်းအောင် သည်းကြီးမည်းကြီး ကြိုးစား ရှောင်တိမ်းလိုက်နိုင်သော်လည်း နောက်တစ်စက္ကန့်မှာပင် ဝိညာဉ်ခွဲထွက်အဆင့် (၆) လွှာ ထျန်းပေါင်တောင် အရှင်သခင်ကြီးက မှော်မန္တန်များနှင့် မှော်လက်နက်များကို အသုံးပြု၍ သူ့အပေါ်သို့ ဆင်းသက်လာတော့သည်။
'ဝုန်း...'
ပဉ္စမအဆင့် အလယ်အလတ် မိစ္ဆာ အရှင်သခင်ကြီး တစ်ပါးသည် ကောင်းကင်ယံမှ ကြယ်ကြွေသကဲ့သို့ မြေပြင်ပေါ်သို့ ဝုန်းခနဲ ပစ်ကျသွားလေ၏။ သွေးများက မိုးရွာချသကဲ့သို့ စီးကျနေသည်။
စုယွီ၏ အသံက ခပ်တိုးတိုး ပဲ့တင်ထပ်သွားသည်။
"နောက်တစ်ယောက်က ဘယ်သူများ ဖြစ်မလဲ..."
‘ကျက်သရေမရှိလိုက်တာ။ ဒီကောင်က အရမ်း အန္တရာယ်များလွန်းတယ်’
ထိပ်တန်း အဆင့်မြင့် ပဉ္စမအဆင့် မိစ္ဆာ အရှင်သခင်ကြီး အနည်းငယ်မှလွဲ၍ ကျန်သူများအားလုံး တုန်ယင်သွားကြ၏။ စုယွီအပေါ် ထားရှိသော သူတို့၏ ကြောက်ရွံ့မှုများမှာ အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။
ဤလူသားမျိုးနွယ်စု၏ အကာအကွယ် ဝင်္ကပါထဲတွင် ပုန်းအောင်းနေသေးသရွေ့ သူ့ကို အရင်ဆုံး အပိုင်းပိုင်း ဆွဲဖြဲပစ်ဖို့ ကြိုးစားလျှင်ပင် မဖြစ်နိုင်ချေ။
ဆန့်ကျင်ဘက် အနေဖြင့် ယခုအခါ လူသားမျိုးနွယ်စုမှ အရှင်သခင်ကြီးများ၏ ချုပ်နှောင်မှုကို ခံနေရသဖြင့် တစ်ဖက်လူက သူတို့ကို တစ်ယောက်ချင်းစီ ရွေးချယ် ပစ်မှတ်ထားနိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤသည်မှာ တကယ့်ကို တိကျသေချာသော အမဲလိုက် သတ်ဖြတ်ခြင်းပင် ဖြစ်တော့သည်။
အချိန် သိပ်မကြာလိုက်ပေ။ စုယွီက သူ၏ ချီနှင့် ဝိညာဉ်စွမ်းအားများကို ဆက်လက် ပြန်လည် ဖြည့်တင်းနေစဉ်မှာပင် အပြင်ဘက်ရှိ မိစ္ဆာ အရှင်သခင်ကြီးများသည် ထျန်းပေါင်တောင်မှ အရှင်သခင်ကြီးများကို သည်းကြီးမည်းကြီး ပြန်လည် ချေပ တိုက်ခိုက်ပြီးနောက် လှည့်၍ ထွက်ပြေးရန် ပြင်ကြတော့၏။
သို့သော် အခွင့်အရေးကောင်းကြီး ရရှိနေပြီ ဖြစ်သော ထျန်းပေါင်တောင်မှ အရှင်သခင်ကြီးများက သူတို့ကို ဘယ်သောအခါမျှ လွယ်လွယ်ကူကူ အလွတ်ပေးမည်နည်း။
ထျန်းပေါင် ဈေးကွက်အတွင်း၌ အကြီးအကဲ ချူလုံနှင့် အခြားသူများ၏ ကိုယ်ပွားများသည် စတင် သတ်ဖြတ်နေကြပြီ ဖြစ်သည်။