အခန်း ၈၃၆
Vol. 56 Ch. 836
အခန်း (၈၃၆) - မီးဖီးနစ် ကောင်းကင်လေး၏ တားဆီးမှု၊ တာ့ချန်သို့ ပြန်လည်ရောက်ရှိခြင်း (အပိုင်း - ၃)
"သတ်ကြ…”
ထျန်းပေါင်တောင်၏ ဂိုဏ်းချုပ်လေး ဟွမ်ကျွင်းပေါင်က အေးစက်စက် အမိန့်ပေးလိုက်၏။ ဈေးကွက်အတွင်းရှိ ကျင့်ကြံသူများ အားလုံးကို ဦးဆောင်ကာ ကြမ်းတမ်းလှသော မိစ္ဆာသားရဲ ဒီရေလှိုင်းကြီးနှင့် ထိပ်တိုက် ရင်ဆိုင်ရန် အဟုန်ပြင်းစွာ ထွက်ခွာသွားကြတော့သည်။
ထျန်းပေါင်တောင်မှ ဆင်းသက်လာသော စစ်သင်္ဘောကြီးများ၊ ဝိညာဉ်လှေပျံများ၊ သားရဲစီးတော်ယာဉ်များ၊ မှော်လက်နက်များနှင့်အတူ ထျန်းပေါင်တောင် နယ်မြေမှ ကျင့်ကြံသူများသည် တန်ပြန်တိုက်ခိုက်မှုကို တရားဝင် စတင်လိုက်ကြပြီ ဖြစ်၏။
မိစ္ဆာမျိုးနွယ်စုမှ မိစ္ဆာ အရှင်သခင်ကြီးများ အသီးသီး ဆုတ်ခွာသွားကြပြီးနောက် ကျန်ရစ်ခဲ့သော မိစ္ဆာသားရဲ ဒီရေလှိုင်းကြီးမှာ အရေအတွက် များပြားကာ ကြမ်းတမ်းနေဆဲ ဖြစ်သော်လည်း ကြီးမားသော အန္တရာယ် မပေးနိုင်တော့ပေ။
စုယွီကမူ သူ၏ ချီနှင့် အခြားသော စွမ်းအားများကို တိတ်ဆိတ်စွာ ပြန်လည် ဖြည့်တင်းနေဆဲပင်။
ထျန်းပေါင်တောင်က လူသားမျိုးနွယ်စု ကျင့်ကြံသူများကို ဦးဆောင်ကာ တိုက်ခိုက်နေသည်ကို မြင်သောအခါ စုယွီက မီးဖီးနစ် ကောင်းကင်လေးကို သိုလှောင်လက်စွပ်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်၏။ ထို့နောက် သူ၏ ပုံရိပ်က လင်းလက်သွားပြီး ထျန်းပေါင် ဈေးကွက်အတွင်းမှ ပျောက်ကွယ်သွားတော့သည်။
ထျန်းပေါင်တောင်၏ မိစ္ဆာသားရဲ ဒီရေလှိုင်းကြီးနှင့် တိုက်ပွဲမှာ တစ်လပင် မပြည့်လိုက်ဘဲ အဆုံးသတ်သွားခဲ့လေသည်။
လီထျန်း မိစ္ဆာမျိုးနွယ်စု အပါအဝင် မိစ္ဆာသားရဲ ဒီရေလှိုင်းကြီး ချန်းကျိုး နယ်မြေမှ ထွက်ပြေးသွားပြီးနောက် ထျန်းပေါင်တောင် နယ်မြေ တစ်ခုလုံး ပြန်လည် တည်ငြိမ်သွား၏။
ထို့နောက်တွင်တော့ လူတိုင်းက စစ်တလင်းကို တဖြည်းဖြည်း ရှင်းလင်းကြပြီး မိစ္ဆာသားရဲများထံမှ ကုန်ကြမ်းပစ္စည်းများကို ရိတ်သိမ်းကြတော့သည်။
ဤပစ္စည်းများက ထျန်းပေါင်တောင်၏ ဆုံးရှုံးမှုများကို အပြည့်အဝ အစားမထိုးပေးနိုင်သော်ငြားလည်း နောက်ဆုံးတွင် 'အဆောင်လက်ဖွဲ့ဆရာ အရိပ်နီ' ၏ ဦးဆောင်မှုအောက်၌ မိစ္ဆာမျိုးနွယ်စုအား အောင်မြင်စွာ တန်ပြန် တိုက်ခိုက်နိုင်ခဲ့ကြသည်။
ဆုံးရှုံးမှုများကို အနည်းဆုံးအထိ လျှော့ချနိုင်ခဲ့၏။
သို့သော်ငြားလည်း...
ထျန်းပေါင်တောင်မှ လူများ ဈေးကွက်သို့ ပြန်လည် ရောက်ရှိလာချိန်တွင် 'အဆောင်လက်ဖွဲ့ဆရာ အရိပ်နီ' မှာ ထွက်ခွာသွားပြီ ဖြစ်ကြောင်း တွေ့လိုက်ကြရသည်။
သူက ဒီအတိုင်း ထွက်သွားခြင်း မဟုတ်ဘဲ သူ လေးဖြင့် ပစ်ချခဲ့သော မိစ္ဆာ အရှင်သခင်ကြီး လေးပါး၏ ပျက်စီးနေသော ခန္ဓာကိုယ်များကိုပါ ယူဆောင်သွားခဲ့ခြင်းပင်။
ထျန်းပေါင်တောင် အင်မော်တယ် ဂိတ်တံခါး၏ ခန်းမဆောင်ကြီး အတွင်း၌ ဖြစ်၏။
ထျန်းပေါင်တောင်၏ ဘိုးဘေးကြီး ဖြစ်သော ဟင်းလင်းပြင် အရှင်သခင်၏ ဦးဆောင်မှုအောက်တွင် ဂိုဏ်းချုပ်လေး ဟွမ်ကျွင်းပေါင် အပါအဝင် ထျန်းပေါင်တောင်မှ လေးစားရသော ပုဂ္ဂိုလ်များ အားလုံး စုရုံးနေကြသည်။ ဟွမ်ကျွင်းပေါင်မှာ ထောင့်တစ်နေရာတွင် ရိုသေစွာ ရပ်နေ၏။
ဆံပင်ဖြူ အကြီးအကဲက မျက်မှောင်ကြုတ်ကာ ဟွမ်ကျွင်းပေါင်ကို ကြည့်၍ မေးလိုက်သည်။
"ဒီ အဆောင်လက်ဖွဲ့ဆရာ အရိပ်နီ ဆိုတာ ဘယ်သူလဲ... ငါ ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ..."
ဟွမ်ကျွင်းပေါင်က ရိုသေစွာ ဦးညွှတ်လျက် ပြန်ဖြေလိုက်၏။
"ဘိုးဘေးကြီး... အဆောင်လက်ဖွဲ့ဆရာ အရိပ်နီ ဆိုတာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကမှ ချန်ကု အင်မော်တယ် မြို့တော်မှာ ပေါ်လာခဲ့တဲ့သူပါ... သူက လေလံပွဲမှာ ပဉ္စမအဆင့် ကုန်ကြမ်းပစ္စည်း တချို့ကို အကြိမ်အနည်းငယ် လာအရောင်းအဝယ် လုပ်ခဲ့လို့သာ ကျွန်တော်တို့ သူနဲ့ အဆက်အသွယ် ရခဲ့တာပါ..."
"လီထျန်း မိစ္ဆာမျိုးနွယ်စုဆီက မိစ္ဆာသားရဲ ဒီရေလှိုင်းကြီး လာမယ်ဆိုတာ ကျွန်တော်တို့ ကြိုသိထားခဲ့ပေမဲ့ စီနီယာ အရိပ်နီကို အဆောင်ဆွဲဖို့ ဖိတ်ခေါ်ထားတဲ့ အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ကြီး ဒီရေလှိုင်းကြီး ရောက်လာမယ်လို့တော့ လုံးဝ မထင်ထားခဲ့မိဘူး..."
"စီနီယာ အရိပ်နီ ရှိနေတာ တကယ်ကို ကံကောင်းသွားတာပါ... သူ လှုပ်ရှားလိုက်တာနဲ့ မြားလေးစင်းတည်းကို သုံးပြီး မိစ္ဆာ အရှင်သခင်ကြီး လေးပါးကို အသေအလဲ ဒဏ်ရာရသွားစေခဲ့တယ်... အဲဒါကြောင့် ကျန်တဲ့ မိစ္ဆာမျိုးနွယ်စုတွေ သွေးပျက်သွားပြီး ကျွန်တော်တို့ တန်ပြန်တိုက်ခိုက်ဖို့ အခွင့်အရေး ရသွားခဲ့တာပါ..."
ထိုစဉ် အကြီးအကဲ ချူလုံက ဝင်ပြောလိုက်သည်။
"အဆောင်လက်ဖွဲ့ဆရာ အရိပ်နီရဲ့ ကျင့်ကြံခြင်းက နည်းနည်း ထူးဆန်းတယ်... ကျွန်တော်တို့ သူ့ကို အကဲခတ်လို့ မရဘူး... ဒါပေမဲ့ သူ ထုတ်လွှတ်နေတဲ့ ကြောက်မက်ဖွယ် စွမ်းအား... ပိုမှန်အောင် ပြောရရင် နတ်ဘုရား စွမ်းအားတွေက ဝိညာဉ်ခွဲထွက်အဆင့် အထွတ်အထိပ် ပညာရှင်တွေထက်တောင် ပိုပြီး ကြောက်စရာ ကောင်းနေတယ်..."
"ဒါ့အပြင် သူ့လက်ထဲက လေးပုံစံ မှော်လက်နက်ကလည်း အဆင့်မြင့် မှော်လက်နက် တစ်ခုပဲ... အဲဒါကြောင့် သူက မြားလေးစင်းနဲ့ မိစ္ဆာ အရှင်သခင်ကြီး လေးပါးကို အသေအလဲ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တာ မဆန်းပါဘူး..."
"အဲဒီလောက်တောင် ထူးဆန်းသလား..."
ဆံပင်ဖြူ အကြီးအကဲက အတန်ကြာ စဉ်းစားနေပြီးနောက် ဆက်ပြောလိုက်၏။
"ဒီလူရဲ့ အချက်အလက်တွေကို ထပ်ပြီး စုံစမ်းကြည့်ဦး... ပြီးတော့ သူနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရအောင် အစွမ်းကုန် ကြိုးစားကြ..."
"ဒီတစ်ခါ မိစ္ဆာသားရဲ ဒီရေလှိုင်းကြီး ကိစ္စအတွက် သူ့ကို ကျေးဇူးတင်ရမယ် ဆိုတာကိုလည်း သေချာ မှတ်ထားကြ..."
ဤအချိန်တွင် ဖြစ်၏။
'အဆောင်လက်ဖွဲ့ဆရာ အရိပ်နီ' ၏ ဂုဏ်သတင်းကျော်ဇောမှုသည် ထျန်းပေါင်တောင် နယ်မြေ တစ်ခုလုံးကို ကျော်လွန်၍ ချန်ကု အင်မော်တယ် မြို့တော်ရှိ အခြားသော နေရာများအထိ ပျံ့နှံ့နေလေပြီ။
အဆောင်သခင် တစ်ယောက်တည်းက မြားလေးစင်းနှင့် မိစ္ဆာ အရှင်သခင်ကြီး လေးပါးကို ပစ်ချ သတ်ဖြတ်နိုင်ခဲ့သည်တဲ့လား။
ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုးက ချန်ကု အင်မော်တယ် မြို့တော်၏ ဒဏ္ဍာရီ တစ်ခု ဖြစ်လာရန် လုံလောက်နေသည်။
တစ်ချိန်တည်းမှာပင်။
ထျန်းပေါင်တောင်၏ မိစ္ဆာသားရဲ ဒီရေလှိုင်းကြီး အဆုံးမသတ်သေးမီမှာပင် စုယွီက ချန်ကု အင်မော်တယ် မြို့တော်သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်၏။ သူ၏ တာအို ရုပ်သေးကို လင်းလုံ အဆောင်လက်ဖွဲ့ စံအိမ်ထဲမှ ထွက်ခွာခွင့် မပြုခဲ့ပေ။
ထိုအစား သူ၏ ကိုယ်ပိုင် ခန္ဓာကိုယ်သည် ဂူစံအိမ်သို့ ပြန်သွားကာ သားရဲစီးတော်ယာဉ် နှစ်ကောင် ဖြစ်သည့် သမုဒ္ဒရာ လွှမ်းမိုး လိပ်ကြီးနှင့် ထိုက်ရွှီတို့ကို ခေါ်ဆောင်သွားလေသည်။ ထို့နောက် စိတ်အာရုံလှည့်စားမှု ကျောက်တုံးများနှင့် အခင်းအကျင်း အသီးသီးကို သိမ်းဆည်းလိုက်၏။
ထို့နောက် စုယွီသည် ချန်ကု အင်မော်တယ် မြို့တော်မှ တိတ်တဆိတ် ပျောက်ကွယ်သွားတော့သည်။
မြို့ပြင်ရှိ နေရာရွှေ့ပြောင်း အခင်းအကျင်းဆီသို့ ဦးတည်သွားရင်း ယွင်ချန်း လက်စွပ်အတွင်းရှိ မိစ္ဆာ အရှင်သခင်ကြီး လေးပါး၏ ရုပ်အလောင်းများအား လမ်းလျှောက်ရင်း ကြည့်လိုက်သည်။ ထို မိစ္ဆာ အရှင်သခင်ကြီး လေးပါးစလုံးမှာ သူ၏ မြားများကြောင့် အသေအလဲ ဒဏ်ရာရသွားခဲ့ကြခြင်း ဖြစ်၏။ သူတို့၏ ရုပ်ခန္ဓာများမှာ အသုံးမဝင်တော့သလို မူလဝိညာဉ်များမှာလည်း ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သဖြင့် ခန္ဓာကိုယ်ကို စွန့်လွှတ်ကာ ဝိညာဉ်ဖြင့်သာ ထွက်ပြေးရန် ရွေးချယ်ခဲ့ကြရသည်။
မိစ္ဆာ အရှင်သခင်ကြီး တစ်ပါးကို အမှန်တကယ် သတ်ဖြတ်ရန်မှာ လက်တွေ့တွင်တော့ မလွယ်ကူလှပါချေ။
သို့သော် သူတို့၏ ခန္ဓာကိုယ်များကို ရရှိလိုက်ခြင်းကပင် စုယွီ၏ ရည်ရွယ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးပြီး ဖြစ်သည်။
'ဒီကုန်ကြမ်းတွေက ပဉ္စမအဆင့် ရုပ်သေး ငါးရုပ်ကို သွန်းလုပ်ဖို့ လုံလောက်တယ်...'
စုယွီ၏ မျက်လုံးများထဲတွင် အလင်းတန်းများ ရိပ်ခနဲ ထင်ဟပ်သွားပြီး မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလေသည်။
အဓိက ကုန်ကြမ်းများကို ရရှိသွားပြီ ဖြစ်ရာ ကျန်သည့် အရာများကို စုဆောင်းရန် သိပ်မခက်ခဲတော့ပေ။
ပြန်ရောက်သည်နှင့် ကောင်းကင် ရုပ်သေး မှတ်တမ်း၏ အမွေအနှစ်များကို လေ့လာပြီး မည်သည့် ရုပ်သေးက သင့်တော်မည်ကို ရွေးချယ်ရပေမည်။
မြို့ပြင်ရှိ နေရာရွှေ့ပြောင်း အခင်းအကျင်းဆီသို့ သွားရာလမ်းတွင် စုယွီသည် အခြား ကျင့်ကြံသူများထံမှ အကြောင်းအရာ များစွာကို ကြားသိခဲ့ရ၏။ ထျန်းပေါင်တောင်၏ မိစ္ဆာသားရဲ ဒီရေလှိုင်းကြီး အကြောင်းသာမက ချန်ကု အင်မော်တယ် မြို့တော် တစ်ဝိုက်ရှိ မိစ္ဆာသားရဲ ဒီရေလှိုင်းများ ကျရောက်နေသော အခြား နေရာ လေးခု အကြောင်းကိုပါ သိလိုက်ရသည်။
ထို့အပြင် တာ့ယန် အင်မော်တယ် မင်းဆက်နှင့် ကောင်းကင် နတ်ဘုရား ဓားဂိုဏ်း ကဲ့သို့သော နေရာများတွင်လည်း မိစ္ဆာသားရဲ ဒီရေလှိုင်းများ ကျရောက်နေကြောင်း သိလိုက်ရ၏။
'ငါ မြန်မြန် ပြန်မှ ဖြစ်မယ်...'
စုယွီ ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လိုက်သည်။ ထို့နောက် လူသူကင်းမဲ့သော နေရာတစ်ခုသို့ ရောက်ချိန်တွင် ဟင်းလင်းပြင် တာအို စွမ်းအားကို တိုက်ရိုက် အသုံးပြုကာ မြို့ပြင်ရှိ နေရာရွှေ့ပြောင်း အခင်းအကျင်း အနီးသို့ ရွှေ့ပြောင်းသွားလေသည်။
တာ့ချန်သို့ ပြန်မရောက်မီ သူသည် ကျင့်ကြံခြင်း နယ်မြေ အမျိုးမျိုးကို ဖြတ်ကျော်ရဦးမည် ဖြစ်၏။
အချိန်ကာလများ လျင်မြန်စွာ ကုန်ဆုံးသွားပြီးနောက် (၃) နှစ်တာ အချိန် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။
စုယွီ၏ တာအို ရုပ်သေးသည် ထုံးစံအတိုင်း လင်းလုံ အဆောင်လက်ဖွဲ့ စံအိမ်တွင် နေထိုင်ကာ မိစ္ဆာသားရဲ ဒီရေလှိုင်းကြီးနှင့် ပတ်သက်သော သတင်းများကို စုဆောင်းနေဆဲပင်။ ဤအချိန်တွင် တုန်လှုပ်ချောက်ခြားဖွယ် သတင်းတစ်ပုဒ်က ချန်ကု အင်မော်တယ် မြို့တော် တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။
စုယွီက အဆောင်ဆွဲသည့် အခန်းထဲမှ ထွက်လာချိန်တွင် အဆောင်လက်ဖွဲ့ဆရာ ထူနှင့် အဆောင်လက်ဖွဲ့ဆရာ ယွီတို့က နားနေခန်း အတွင်း၌ ဤကိစ္စကို ဆွေးနွေးနေကြသည်။
"အင်မော်တယ် ဝိညာဉ်တွေရဲ့ ရှေးဟောင်း နယ်မြေထဲမှာ မိစ္ဆာမျိုးနွယ်စုရဲ့ ပါရမီရှင် လူငယ် အများအပြား သေဆုံးသွားကြပြီတဲ့... လူသားတွေ ကြားမှာ ပုန်းအောင်းနေတဲ့ မိစ္ဆာအရှင်သခင် တစ်ပါးက ရှေးဟောင်း နယ်မြေထဲ ဝင်သွားပြီး မိစ္ဆာမျိုးနွယ်စုရဲ့ ပါရမီရှင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတယ်လို့ ကောလဟာလတွေ ထွက်နေတယ်..."
အဆောင်လက်ဖွဲ့ဆရာ ထူက အံ့ဩတကြီး ပြောလိုက်သည်။
"အင်အားကြီးမားတဲ့ လုံမင် မိစ္ဆာမျိုးနွယ်စုကြီးက အရမ်းကို ဒေါသထွက်သွားပြီး အင်မော်တယ် ဝိညာဉ်တွေရဲ့ ရှေးဟောင်း နယ်မြေ အပြင်ဘက်မှာ ရှိတဲ့ လူသား အင်အားစုတွေနဲ့ ချက်ချင်း ထိပ်တိုက် တွေ့ကြတာပေါ့... အဲဒီမှာ လူသား ပါရမီရှင် အများအပြားလည်း မြေစာပင် ဖြစ်ပြီး သေကုန်ကြပြီတဲ့..."
"ရှေ့ဆက် ဖြစ်လာမယ့် အခြေအနေတွေကို မှန်းကြည့်ရရင် ချန်းကျိုး နယ်မြေထဲမှာ လူသားမျိုးနွယ်စုနဲ့ မိစ္ဆာမျိုးနွယ်စုတွေ ကြား စစ်ပွဲကြီးတစ်ခု ဖြစ်လာနိုင်ချေ အများကြီး ရှိနေတယ်..."
အဆောင်လက်ဖွဲ့ဆရာ ယွီ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ထင်ဟပ်သွားပြီး ဆက်ပြောလိုက်၏။
"မကြာသေးခင်က အခြေအနေတွေက တော်တော် ရှုပ်ထွေးနေခဲ့ပြီ... လုံမင် မျိုးနွယ်စုကြီးကသာ တကယ် လှုပ်ရှားလာရင်တော့ ကပ်ဘေးကြီး ဆိုက်တော့မှာ အသေအချာပဲ…”