အခန်း ၈၃၈
Vol. 56 Ch. 838
အခန်း (၈၃၈) - အင်မော်တယ် တစ်သောင်း နန်းတော် ၏ အဖြစ်အပျက်များ.. ယွီခယ်အာ ကွယ်လွန်ခြင်း
မြေကမ္ဘာအင်မော်တယ်စံအိမ်၏ အဓိကဂိတ်တံခါး မဟာခန်းမဆောင်ကြီး။
ထိုအချိန်၌ အင်မော်တယ် တစ်သောင်း နန်းတော် ၏ နန်းတော်သခင် ကျင်းဟုန်က တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့၏ အစည်းအဝေးကို ခေါ်ယူလိုက်၏။
အကြီးအကဲအဖွဲ့မှ အဖွဲ့ဝင်များ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် သူက ထိပ်ဆုံးနေရာတွင် ထိုင်နေသော ဖန်ရှောင်ကို ခပ်အေးအေး စိုက်ကြည့်လိုက်ပြီး လေးနက်စွာ ဆိုလိုက်သည်။
"တူမလေးဖန်... အခုဆိုရင် ငါတို့ တာ့ချန်ကျင့်ကြံခြင်း ကမ္ဘာက အရေးကြီးတဲ့ အလှည့်အပြောင်းကို ရောက်နေပြီ"
"တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ ဒီအစည်းအဝေးကို ငါ ခေါ်ယူရတဲ့ အကြောင်းရင်းက ငါတို့ တာ့ချန်ကျင့်ကြံခြင်း ကမ္ဘာ အမြန်ဆုံး ပြန်လည်ငြိမ်းချမ်းလာဖို့အတွက်ပဲ"
"ဒါကြောင့် မြေကမ္ဘာအင်မော်တယ်စံအိမ်ကနေ အဲဒီ အဆင့် (၆) နတ်ဘုရားရုပ်တုကြီးကို ထုတ်ယူဖို့ မဲခွဲဆုံးဖြတ်ကြရအောင်... ပြီးရင်တော့ ကြမ်းတမ်းလှတဲ့ မိစ္ဆာဒီရေလှိုင်းကြီးကို အစွမ်းကုန် နှိမ်နင်းပြီး တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ အမြန်ဆုံး ငြိမ်းချမ်းရေးရအောင် ကူညီပေးရမယ်"
(အဆင့် (၆) နတ်ဘုရားရုပ်တုကြီး- ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီး)
ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့မှ အခြားသော အကြီးအကဲအဖွဲ့ အဖွဲ့ဝင်များ၏ မျက်နှာအမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။
မြေကမ္ဘာအင်မော်တယ်စံအိမ်မှ ဧရာမနတ်ဘုရားရုပ်တုကြီးကို ထုတ်ယူကာ တာ့ချန်ကျင့်ကြံခြင်း ကမ္ဘာ၏ မိစ္ဆာဒီရေလှိုင်း ကပ်ဘေးကို ဖြေရှင်းရန် မဲခွဲဆုံးဖြတ်မည်တဲ့လား။
'အင်မော်တယ် တစ်သောင်း နန်းတော် က တကယ်ကို အကွက်ချ ကြံစည်တတ်တာပဲ...'
သို့ဖြစ်သော်ငြားလည်း ဤအဆိုပြုချက်က အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော် ကဲ့သို့သော အခြား အင်အားစုများကို အမှန်တကယ်ပင် ဆွဲဆောင်နိုင်ခဲ့၏။ အကြောင်းမူကား ဤကိစ္စသည် မြေကမ္ဘာအင်မော်တယ်စံအိမ်နှင့်သာ သက်ဆိုင်ပြီး မြေကမ္ဘာအင်မော်တယ်စံအိမ်ဘက်မှ ရုပ်တုကြီးကို အသုံးပြုကာ မိစ္ဆာများကို နှိမ်နင်းရန်သာ လိုအပ်သောကြောင့်ပင်။
မိစ္ဆာဒီရေလှိုင်းကြီးကို အဆုံးသတ်ကာ ဤခြိမ်းခြောက်မှုအောက်မှ လွတ်မြောက်လိုဇော ပြင်းပြနေသော အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်မှ လေးစားရသော ခေါင်းဆောင်တစ်ဦးက ဖန်ရှောင်ဘက်သို့ လှည့်ကာ ဖိအားပေးလိုက်သည်။
"စံအိမ်သခင်ဖန်... ဒီကိစ္စက သေချာ စဉ်းစားသင့်တယ်လို့ ကျုပ် ထင်တယ်"
"အခုဆို မိစ္ဆာဒီရေလှိုင်းကြီးက တဖြည်းဖြည်းနဲ့ ပိုပြီး ကြောက်စရာကောင်းလာပြီ... ကျုပ်တို့တောင် မခံနိုင်တော့တဲ့ အခြေအနေကို ရောက်နေပြီ"
"ဒီအတိုင်း ဆက်ပြီး အချိန်ဆွဲနေမယ်ဆိုရင် မိစ္ဆာဒီရေလှိုင်းကြီးက တာ့ချန်ကျင့်ကြံခြင်း ကမ္ဘာ တစ်ခုလုံးကို တိုက်စားသွားလိမ့်မယ်... ဒါဆိုရင် ကျုပ်တို့အားလုံးအတွက် ကပ်ဘေးကြီး ဆိုက်ပြီပဲ... ဘယ်သူမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
"ဒါ့ထက်စာရင် ကျုပ်တို့ လျှို့ဝှက်ထားတဲ့ ဝှက်ဖဲတချို့ကို ထုတ်သုံးပြီး ဒီမိစ္ဆာဒီရေလှိုင်းကြီးကို တစ်ခါတည်း အပြတ်ရှင်းလိုက်တာ ပိုမကောင်းဘူးလား"
လီဟော့နန်းတော်၊ ယွီလုံနန်းတော်နှင့် အခြားသော အင်မော်တယ်ဂိုဏ်း အင်အားစုများမှ ခေါင်းဆောင်များသည် စကားတစ်ခွန်းမျှ မဟကြသော်လည်း သူတို့အားလုံး၏ အကြည့်များက ဖန်ရှောင်ထံသို့ စူးစိုက်ကျရောက်လာ၏။ လေးလံလှသော ဖိအားကြီးတစ်ခုက သူမ အပေါ်သို့ ဖုံးလွှမ်းကျဆင်းလာတော့သည်။
မြေကမ္ဘာအင်မော်တယ်စံအိမ်တွင် ထိုရုပ်တုကြီး ပေါ်ထွက်လာပြီးနောက်ပိုင်း၌ ဤအင်အားစုများသည် အင်မော်တယ် တစ်သောင်း နန်းတော် နှင့် ပိုမို နီးကပ်လာခဲ့ကြသည်။
ထို့ပြင် မြေကမ္ဘာအင်မော်တယ်စံအိမ်နှင့်လည်း တတ်နိုင်သမျှ အလှမ်းဝေးဝေး နေခဲ့ကြ၏။
ဤနည်းအားဖြင့်သာ တာ့ချန်ကျင့်ကြံခြင်း ကမ္ဘာအတွင်းရှိ အင်အားချိန်ခွင်လျှာကို ထိန်းသိမ်းထားနိုင်မည် ဖြစ်ပြီး မြေကမ္ဘာအင်မော်တယ်စံအိမ် တစ်ခုတည်းက လောကကို အုပ်စိုး လွှမ်းမိုးသွားခြင်းမှ တားဆီးနိုင်မည် ဖြစ်သည်။
ယခုအခါတွင်မူ အင်မော်တယ် တစ်သောင်း နန်းတော် ၏ အဆိုပြုချက်က သူတို့၏ ဆန္ဒများနှင့် တစ်ထပ်တည်း ကျနေခဲ့လေပြီ။
အကယ်၍ မြေကမ္ဘာအင်မော်တယ်စံအိမ်ကသာ ထိုရုပ်တုကြီးကို အသုံးပြုလိုက်မည်ဆိုလျှင် မိစ္ဆာဒီရေလှိုင်း ပြဿနာကို ဖြေရှင်းရန် သိပ်ပြီး ခက်ခဲမည် မဟုတ်ပေ။
အင်မော်တယ် တစ်သောင်း နန်းတော် က အဘယ်ကြောင့် ဤကဲ့သို့ အဆိုပြုရသနည်း ၊ သူတို့တွင် အခြား မသမာသော နောက်ကွယ်က ရည်ရွယ်ချက်များ ရှိနေသလား ဆိုသည်က သူတို့ ထည့်သွင်းစဉ်းစားရမည့် ကိစ္စရပ်များ မဟုတ်။
သူတို့ သိထားရန် လိုအပ်သည်မှာ ဤအဆိုပြုချက်က သူတို့အတွက် အကျိုးအမြတ် ရှိမရှိ ဆိုသည်ကိုသာ။
မကြာသေးမီ ကာလများအတွင်း နန်းတော်သခင် ကျင်းဟုန် ကဲ့သို့သော လူများနှင့် မကြာခဏ ထိပ်တိုက်ရင်ဆိုင်ခဲ့ရသော ဖန်ရှောင်က သူတို့၏ တိုက်ခိုက်မှုများကို လုံးဝ အလောတကြီး မရှိသလို ထိတ်လန့်တုန်လှုပ်ခြင်းလည်း အလျဉ်းမရှိဘဲ တည်ငြိမ်စွာ ရင်ဆိုင်လိုက်သည်။
သူမက ကျင်းဟုန်ကို တစ်ချက် အကဲခတ်လိုက်ပြီး အေးအေးဆေးဆေး ပြန်လည် တုံ့ပြန်လိုက်၏။
"နန်းတော်သခင်ကျင်းဟုန်ရဲ့ အဆိုပြုချက်က မဆီလျော်တာတော့ မဟုတ်ပါဘူး... ဒါပေမဲ့ အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ အဆိုပြုချက် စည်းမျဉ်းတွေနဲ့တော့ မကိုက်ညီဘူး"
"ဒါကြောင့် အသက်မဝင်ဘူး"
"ဒါပေါ့လေ... ကျွန်မတို့ တာ့ချန်ကျင့်ကြံခြင်း ကမ္ဘာ အမြန်ဆုံး ပြန်ပြီး ငြိမ်းချမ်းလာဖို့အတွက် ဒီကိစ္စကို ကျွန်မရဲ့ ဆရာသခင်ကြီးဆီ တင်ပြပေးပါ့မယ်... ဆရာသခင်ကြီးနဲ့ အခြားသော လေးစားရတဲ့ အကြီးအကဲကြီးတွေ တိုင်ပင်ဆွေးနွေးနိုင်ဖို့ပေါ့"
"တစ်စုံတစ်ရာ ဆုံးဖြတ်ချက် ထွက်လာရင်တော့ နန်းတော်သခင်ကျင်းဟုန်ဆီ လူလွှတ်ပြီး အကြောင်းကြားပေးပါ့မယ်... အဲဒီတော့ သည်းခံပြီး အေးအေးဆေးဆေးပဲ စောင့်နေပေးပါ"
နန်းတော်သခင် ကျင်းဟုန်၏ မျက်လုံးများ မှေးကျဉ်းသွား၏။ သူ၏ခန္ဓာကိုယ်မှ အထွတ်အထိပ်အဆင့် အရှင်သခင်ကြီး တစ်ပါး၏ ကြီးမားလှသော အရှိန်အဝါ ပေါက်ကွဲထွက်ပေါ်လာပြီး ဖန်ရှောင်အပေါ်သို့ နည်းနည်းမျှ တွန့်ဆုတ်ခြင်း မရှိဘဲ ဖိချလိုက်တော့သည်။
"ဝုန်း"
သို့သော်လည်း နောက်တစ်စက္ကန့်မှာပင် နန်းတော်သခင် ကျင်းဟုန်၏ မျက်နှာ ကွက်ခနဲ ပျက်သွားလေသည်။
ကြောက်မက်ဖွယ် ချီစွမ်းအင်လှိုင်းကြီး တစ်ခုက သူ့အပေါ်သို့ ကျဆင်းလာခဲ့ရာ တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညှင်းများပင် ချက်ချင်း ထောင်းခနဲ ထသွားရတော့၏။
တာအို သခင်ကြီး။
တာအိုသခင်ကြီး ဟုန်ယွဲ့၏ ချီစွမ်းအင် ရှိနေကြောင်းကို ရိပ်မိသွားသည်နှင့် နန်းတော်သခင် ကျင်းဟုန်က သူ၏ အင်မော်တယ် စွမ်းအားများကို ချက်ချင်း ပြန်လည် ရုပ်သိမ်းလိုက်ရသည်။ သူ၏ ဟန်ပန်မှာ သိသိသာသာ ငြိမ်ကျသွားသော်လည်း ရင်တွင်း၌မူ ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်နေခဲ့လေပြီ။
‘... ချီးပဲ...'
အကယ်၍ တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ကသာ သူတို့၏ အင်မော်တယ် တစ်သောင်း နန်းတော် ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့မည်ဆိုလျှင် ဤကဲ့သို့သော အစည်းအဝေးမျိုးကို အင်မော်တယ် တစ်သောင်း နန်းတော် ၌သာ ကျင်းပခဲ့မည်မှာ အသေအချာပင်။
ယခုမူကား မြေကမ္ဘာအင်မော်တယ်စံအိမ်၌ ဖြစ်နေ၏။ သူ၏ ကိုယ်ပိုင်နယ်မြေ မဟုတ်သောကြောင့် အတော်လေး အရေးနိမ့်နေရသည်။
သို့ဖြစ်သော်ငြားလည်း မြေကမ္ဘာအင်မော်တယ်စံအိမ်အပေါ် ဖိအားပေးရန် ရည်ရွယ်ချက်ကိုတော့ သူ လုံးဝ လက်မလွှတ်သေးချေ။
နန်းတော်သခင် ကျင်းဟုန်က အေးစက်စက် နှာမှုတ်လိုက်ပြီး ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
"တာ့ချန်ကျင့်ကြံခြင်း ကမ္ဘာရဲ့ လက်ရှိ အခြေအနေကို ကြည့်ရသလောက် မင်းတို့ မြေကမ္ဘာအင်မော်တယ်စံအိမ်က ဘာမှလည်း လုပ်မနေဘူး... ဒီတော့ တာ့ချန်ကျင့်ကြံခြင်း ကမ္ဘာ ငြိမ်းချမ်းတဲ့ ကျင့်ကြံခြင်း ပတ်ဝန်းကျင် တစ်ခု ဖြစ်လာအောင် ဘယ်လို ဦးဆောင်သွားဖို့ စီစဉ်ထားသလဲ"
"စံအိမ်သခင်ဖန်... မင်း အဲဒီနေရာမှာ ထိုင်ပြီး အာဏာကို ဆုပ်ကိုင်ထားချင်ရင်တော့ ပေးဆပ်ရမယ့် တန်ဖိုးဆိုတာ ရှိတယ်ကွ"
"အခု မင်းတို့ မြေကမ္ဘာအင်မော်တယ်စံအိမ်မှာ ရွေးချယ်စရာ နှစ်လမ်းပဲ ရှိတယ်... အဲဒီရုပ်တုကြီးကို ထုတ်ယူပြီး တာ့ချန်ကို ဒီကပ်ဘေးကနေ လွတ်မြောက်အောင် ဦးဆောင်မလား... ဒါမှမဟုတ် ကျုပ်တို့ အင်မော်တယ် တစ်သောင်း နန်းတော် က တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ကနေ နုတ်ထွက်ရမလားပဲ"
ထိုစကားများကို ကြားသောအခါ ဖန်ရှောင်က တဟင်းဟင်း ရယ်မောလိုက်ပြီး တုံ့ပြန်လိုက်၏။
"ကျွန်မ သိထားသလောက်ဆိုရင်တော့ ချန်းကျိုး နယ်မြေက ကပ်ဘေးက ရှင်တို့ အင်မော်တယ် တစ်သောင်း နန်းတော် ဖန်တီးလိုက်တဲ့ ပြဿနာများ ဖြစ်နေမလားပဲ"
"ရှင်တို့ နန်းတော်က ရွှမ်ကွေ့ ပင်လယ် မျိုးနွယ်စုကို မျက်စိမကျခဲ့ဘူးဆိုရင် မိစ္ဆာတွေကလည်း ရှေးဟောင်း ဝိညာဉ် အပျက်အစီး နယ်မြေ ပြိုင်ပွဲဆိုတာကို ဖန်တီးခဲ့မှာ မဟုတ်ဘူး... အဲဒီကနေတစ်ဆင့် အခုလို ကျပ်တည်းတဲ့ အခြေအနေမျိုးကို ရောက်လာခဲ့တာပဲ"
"ကိုယ့်ဘာသာ ဖန်တီးခဲ့တဲ့ ကပ်ဘေးကြောင့် တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ကနေ နုတ်ထွက်မယ်လို့ ရှင်က ခြိမ်းခြောက်နေတာလား"
ဖန်ရှောင်က နန်းတော်သခင် ကျင်းဟုန်အား မမှိတ်မသုန် ကြည့်ကာ လေးနက်စွာ ဆိုလိုက်သည်။
"နန်းတော်သခင်ကျင်းဟုန်... သေချာ စဉ်းစားသင့်တယ်နော်... အကယ်၍ ရှင်သာ တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ကနေ နုတ်ထွက်သွားရင် ရှင်တို့ အင်မော်တယ် တစ်သောင်း နန်းတော် တစ်ခုတည်းကပဲ မိစ္ဆာတွေရယ်၊ သမုဒ္ဒရာ မျိုးနွယ်စုက ရွှမ်ကွေ့ မျိုးနွယ်စုရယ်ကို ရင်ဆိုင်ရလိမ့်မယ်"
"အဲဒီအချိန်ကျရင် ရှင်တို့ နန်းတော် ရှင်ရှင် သေသေ တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့နဲ့ ဘာမှ သက်ဆိုင်တော့မှာ မဟုတ်ဘူး"
ပြောပြောဆိုဆိုဖြင့် ဖန်ရှောင်က အကြီးအကဲအဖွဲ့မှ အခြား အဖွဲ့ဝင်များဘက်သို့ လှည့်ကြည့်ကာ မေးလိုက်၏။
"အကယ်၍ အင်မော်တယ် တစ်သောင်း နန်းတော် က တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ကနေ နုတ်ထွက်ချင်တယ် ဆိုရင်ရော... သူတို့နဲ့ ပူးပေါင်းပြီး မိစ္ဆာတွေနဲ့ ပင်လယ် မျိုးနွယ်စုကို ကိုယ့်ဘာသာ သီးသန့် ရင်ဆိုင်ချင်တဲ့သူများ ရှိသေးလား"
လီဟော့နန်းတော်မှ နန်းတော်သခင်က အလျင်အမြန်ပင် ဝင်ရောက် ဖျန်ဖြေပေးလိုက်သည်။
"စံအိမ်သခင်ဖန်... နန်းတော်သခင်ကျင်းဟုန်က ဒေါသထွက်ပြီး စကားလွန်သွားတာပါ... ကျုပ်တို့ ဆက်ပြီး ဆွေးနွေးကြတာပေါ့ဗျာ... အလောတကြီး လုပ်ဖို့ မလိုပါဘူး"
သို့ရာတွင် အင်မော်တယ် တစ်သောင်း နန်းတော် မှ နန်းတော်သခင် ကျင်းဟုန်ကမူ ဖန်ရှောင်အား အေးစက်စွာ စိုက်ကြည့်လိုက်ပြီး ငေါက်ငမ်းလိုက်သည်။
"မင်းတို့ မြေကမ္ဘာအင်မော်တယ်စံအိမ်က တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ကို အုပ်ချုပ်ဖို့ လုံးဝ အရည်အချင်း မရှိဘူး"
ယွီလုံနန်းတော်မှ နန်းတော်သခင်ကလည်း ဆက်တိုက် ဝင်ရောက် ဖျန်ဖြေပေးနေလေသည်။
"နန်းတော်သခင်ကျင်းဟုန်... စကားတွေကို နည်းနည်း ပြန်ရုပ်သိမ်းပေးပါဗျာ... အဲဒီအစား မိစ္ဆာဒီရေလှိုင်းကြီးကို ဘယ်လို ဖြေရှင်းမလဲဆိုတာကိုပဲ ဆွေးနွေးကြတာပေါ့”